မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ယေဟောဝါသည် စစ်မှုကိုပိုင်တော်မူ၏’

‘ယေဟောဝါသည် စစ်မှုကိုပိုင်တော်မူ၏’

“လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်​သင့်​ပါ​၏”

‘ယေဟောဝါ​သည် စစ်မှု​ကို​ပိုင်တော်မူ​၏’

ရန်ဘက်​စစ်တပ်​နှစ်​တပ်​သည် တောင်ကြား​တစ်ခု​၏  တစ်ဖက်တစ်ချက်​မှ မျက်နှာ​ချင်း​ဆိုင်​လျက်​ရှိသည်။ ဣသရေလလူ​တို့သည် ဖိလိတ္တိ​စစ်သူရဲကြီး ဂေါလျတ်​၏​စော်ကားမှု​ခံ​နေရ​ပြီး ကြောက်ရွံ့​တုန်လှုပ်​နေကြ​သည်​မှာ ရက်ပေါင်း ၄၀ ရှိနေပြီ။—၁ ဓမ္မ​ရာဇဝင် ၁၇:၁-၄၊ ၁၆

ဂေါလျတ်​သည် ဣသရေလလူ​တို့ကို ဤသို့​အော်ဟစ်​၍ စိန်ခေါ်​လိုက်​သည်– “လူတစ်ယောက်ကို ရွေးကောက်​၍ ငါ​နှင့်​တိုက်ခြင်း​ငှာ လာပါစေ။ သူသည် ငါ့ကို​တိုက်၍ သတ်​နိုင်​လျှင် ငါ​တို့ သည် သင်တို့၏​ကျွန်ခံ​မည်။ သို့​မဟုတ် ထို​သူကို ငါ​နိုင်​၍​သတ်​လျှင် သင်တို့ သည် ငါ​တို့ ၏​ကျွန်ခံ​၍ ငါ​တို့​အမှုကို ဆောင်ရွက်​ရ​ကြ​မည်။ . . . ဣသရေလ​ဗိုလ်ခြေ​တို့ ကို ယနေ့ ငါ​ကြိမ်း​ပ​၏။ လူ​ချင်း​တိုက်​စေခြင်း​ငှာ လူတစ်ယောက်ကို ပေး​ကြလော့။”—၁ ဓမ္မ​ရာဇဝင် ၁၇:၈-၁၀

ရှေး​အချိန်​က စစ်တပ်​တစ်တပ်လုံး​ကိုယ်စား တစ်ဦးချင်း​ထွက်​တိုက်​လေ့​ရှိသည်။ ထို့နောက် အနိုင်​ရသူ​၏​တပ်ဖွဲ့​က အောင်ပွဲခံ​လေ​တော့​သည်။ သို့သော် ယခု ဣသရေလလူ​တို့ကို စိန်ခေါ်​နေ​သူသည် သာမန်​စစ်သား​တစ်ဦး မဟုတ်​ချေ။ သူသည် မိုက်​ရိုင်း၊ ထွားကျိုင်း​သည့် ရန်သူကြီး​တစ်ဦး​ဖြစ်၏။ သို့သော် ယေဟောဝါ​လူမျိုး၏​တပ်​ကို ဂေါလျတ် မထီမဲ့မြင်​ပြုခြင်း​က သူ့​သေတွင်း သူ​တူး​လိုက်ခြင်း​ပင်​ဖြစ်သည်။

ဤ​မည်​ကား စစ်ပွဲ​တစ် ပွဲ​မျှ​မဟုတ်ပါ။ ယေဟောဝါ​နှင့် ဖိလိတ္တိ​လူ​တို့​နတ်​ဘုရား​များ​၏ ယှဉ်ပြိုင်​ပွဲ​ဖြစ်သည်။ ဣသရေလ​ရှင်ဘုရင်​ရှောလုသည် မိမိ၏​စစ်တပ်​ကို ရဲရင့်စွာ​ဦးဆောင်​ပြီး ဘုရားသခင့်​ရန်သူ​တို့ကို တိုက်​မည့်​အစား ကြောက်​ဒူး​တုန်​လျက်​ရှိ​နေသည်။—၁ ဓမ္မ​ရာဇဝင် ၁၇:၁၁

ယေဟောဝါ​ကို ကိုးစား​သော လူငယ်​တစ်ဦး

ဤသို့​ဖြစ်နေ​စဉ် လူငယ်​တစ်ဦး​သည် ရှောလု​စစ်တပ်​တွင် စစ်မှုထမ်း​နေသော သူ၏​အစ်ကို​တို့​ထံ ရောက်လာ​၏။ ထို​လူငယ်​၏​အမည်​မှာ ဒါဝိဒ်​ဖြစ်​ပြီး သူသည် ဣသရေလ​မင်းလျာ​ဖြစ်သည်။ ဂေါလျတ်​၏​စကား​ကို သူ​ကြား​သောအခါ ဤသို့​မေးလိုက်​သည်– “အသက်ရှင်​တော်​မူ​သော ဘုရားသခင်​၏ ဗိုလ်ခြေ​တို့ကို ကြိမ်း​ပ​ရမည်​အကြောင်း အရေဖျားလှီး​ခြင်း​ကို​မခံ​သော ထို​ဖိလိတ္တိ​လူသည် အဘယ်​သို့​သော​သူ​ဖြစ်သနည်း။” (၁ ဓမ္မ​ရာဇဝင် ၁၇:၂၆) ဒါဝိဒ်​၏​အမြင်​တွင် ဂေါလျတ်​သည် ဖိလိတ္တိ​လူ​တို့​နှင့် ၎င်း​တို့ ၏​နတ်​ဘုရား​များ​၏ ကိုယ်စားလှယ်​မျှ​ဖြစ်သည်။ ထို​အခါ သူသည် ထွက်​သင့်​ထွက်​ထိုက်​သော​ဒေါသ​ဖြင့် ယေဟောဝါ​နှင့် ဣသရေလလူ​တို့ ဘက် ရပ်တည်​ပြီး ဤ​အယူမှား​လူ့​ဘီလူးကြီး​ကို တိုက်ခိုက်​လို​၏။ သို့သော် ဘုရင်​ရှောလု​က ဒါဝိဒ်​ကို ‘သင်သည် ထို​ဖိလိတ္တိ​လူကို သွား​၍​မတိုက်နိုင်။ သင်သည် ငယ်ရွယ်​သေး​၏’ ဟု​ဆို​သည်။—၁ ဓမ္မ​ရာဇဝင် ၁၇:၃၃

ရှောလု​နှင့်​ဒါဝိဒ်​တို့၏ ရှုမြင်ပုံ​ချင်း ကွာခြား​လိုက်​လေ​စွ။ ကြမ်းကြုတ်​သော​လူ့​ဘီလူးကြီး​ကို တိုက်ခိုက်​လို​သည့် ဒါဝိဒ်​ကို သိုးကျောင်းသား​ကလေး​အဖြစ်​သာ ရှောလု​ရှုမြင်​၏။ ဒါဝိဒ်​မှာ​မူ ဂေါလျတ်​ကို အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင် ယေဟောဝါ​အား အန်တု​နေ​သူ​အဖြစ် ရှုမြင်​သည်။ ဘုရားသခင်​သည် မိမိ​နာမတော်​နှင့် လူမျိုးတော်​အား ကဲ့ရဲ့​ရှုတ်ချမှု​ကို အရေးမယူ​ဘဲ​နေ​တော်​မူ​မည်​မဟုတ်​ဟု ဒါဝိဒ်​ယုံကြည်​စိတ်ချ​၍ သတ္တိ​ရှိ​ခြင်း​ဖြစ်သည်။ ဂေါလျတ်​သည် မိမိ​ခွန်အား​ကို အားကိုး​သော်လည်း ဒါဝိဒ်​မှာ​မူ ထို​အခြေအနေ​ကို ယေဟောဝါ​၏​ရှု ထောင့်​မှ​ကြည့်​၍ ကိုယ်တော်​အား ယုံ ကြည်​ကိုးစား​၏။

‘ယေဟောဝါ​၏ နာမတော်​ပါ​လျက်​သင်​ရှိရာသို့ လာ​၏’

ဒါဝိဒ်​၏​ယုံကြည်ခြင်း​သည် ခြေမြစ်​ခိုင်လုံ​လှ​၏။ တစ်ချိန်က ဘုရားသခင်​သည် သူ၏​သိုးများ​ကို ဝက်ဝံ​နှင့် ခြင်္သေ့​ရန်​မှ ကယ်နုတ်​ဖို့​ကူညီ​ပေး​ခဲ့​ကြောင်း​မှတ်မိ​၏။ ယခု​အခါလည်း ဤ​ကြောက်မက်​ဖွယ်​ကောင်းသော ဖိလိတ္တိ​ရန်သူကြီး​နှင့် တိုက်ခိုက်​ချိန်​တွင် မိမိကို ယေဟောဝါ​ကူညီ​ပေး​မည်​ဟု ဤ​သိုး​ကျောင်းသား​လေး ယုံကြည်​စိတ်ချ​၏။ (၁ ဓမ္မ​ရာဇဝင် ၁၇:၃၄-၃၇) သို့​ဖြစ်၍ ဒါဝိဒ်​သည် လောက်​လွှဲ​တစ်လက်၊ ကျောက်ခဲ​ငါး​လုံး​နှင့်​သာ ဂေါလျတ်​ကို​တိုက်​ရန် ထွက်သွား​လေ​သည်။

လူငယ်​ဒါဝိဒ်​သည် ယေဟောဝါ​ပေး​သည့် ခွန်အား​ဖြင့် မဖြစ်​နိုင်​ပုံ​ပေါက်​သော ဤ​အမှုကို ပြု​လေ​တော့​သည်။ ဖိလိတ္တိ​လူကို သတ္တိရှိရှိ ဤသို့ ပြောလိုက်​သည်– ‘သင်သည် ဓား၊ လှံ၊ ကိ​ဒုန်​ပါ​လျက် ငါ့​ထံ​သို့​လာ​၏။ ငါသည် သင်​ကြိမ်း​ပ​သော ဣသရေလ​ဗိုလ်ခြေ​တို့၏​ဘုရားသခင်၊ ကောင်းကင်​ဗိုလ်ခြေ​အရှင် ယေဟောဝါ​၏​နာမတော်​ပါ​လျက် သင်​ရှိရာသို့​လာ​၏။ ယေဟောဝါ​သည် သင့်ကို ငါ့​လက်၌ ယနေ့​အပ်​တော်​မူ​သဖြင့် . . . ဣသရေလ​အမျိုး​၌ ဘုရားသခင်​ရှိ​တော်​မူ​သည်ကို မြေကြီးသား​အပေါင်းတို့သည် သိရ​ကြလိမ့်မည်။ ယေဟောဝါ​သည် ဓား၊ လှံ​အားဖြင့် ကယ်တင်​တော်​မ​မူ​ကြောင်းကို ဤ​ပရိသတ်အပေါင်း​တို့သည် သိရ​ကြလိမ့်မည်။ အကြောင်း​မူ​ကား ယေဟောဝါ​သည် စစ်မှု​ကို​ပိုင်တော်မူ​၏။’—၁ ဓမ္မ​ရာဇဝင် ၁၇:၄၅-၄၇

ရလဒ်​ကား​အဘယ်နည်း။  မှုတ်သွင်းခံ​မှတ်တမ်းက ဤသို့​ဆို​သည်– “ဒါဝိဒ်​သည် လောက်​လွှဲ​နှင့်​ကျောက်​တစ်လုံး​အားဖြင့် နိုင်​လျက် ထိခိုက်​၍​သတ်​လေ​၏။ ထို​အခါ ဒါဝိဒ်​သည် ဓား​မပါ။” (၁ ဓမ္မ​ရာဇဝင် ၁၇:၅၀၊ ၅၁) သူ့​လက်ထဲ​တွင် ဓား​မပါ​သော်လည်း ယေဟောဝါ​ဘုရားသခင်​၏ အား​ကြီးသော​ထောက်မမှု သူ၌​ရှိသည်။ *

ထို​ယှဉ်ပြိုင်​ပွဲ​တွင် ယေဟောဝါ​ကို ဒါဝိဒ် အားကိုး​လိုက်ခြင်း​သည် မှန်ကန်ကြောင်း ထင်ရှား​သည်။ လူကို ကြောက်ရွံ့​ခြင်း​နှင့် ယေဟောဝါ​၏​ကယ်တင်ခြင်း​တန်ခိုးတော်​ကို အားကိုးခြင်း​အကြောင်းကိစ္စ​ပေါ်​လာ၍ တစ်ခု​မဟုတ်​တစ်ခု ရွေး​ရမည်​ဆိုလျှင် ဤသို့​ရွေးချယ်​ပြုလုပ်​ရမည်​မှာ ရှင်းနေပါသည်– “လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်​သင့်​ပါ​၏။” (တမန်​တော် ၅:၂၉) ထို့​ပြင် ခက်ခဲ​သော​အခြေအနေ​များ​ကို ယေဟောဝါ​ဘုရားသခင်​၏​ရှုထောင့်​မှ ကြည့်မြင်​ကြသောအခါ စိုးရိမ်​စ​ရာ​ပြဿနာ​များ​ကို​ပင် ကျွန်ုပ်​တို့​မျှမျှတတ​ရှုမြင်​နိုင်​ကြ​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ယေဟောဝါသက်သေ​များ​၏ ၂၀၀၆ ပြက္ခဒိန်၊ မေ/ဇွန်​ကို​ရှု။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ဂေါလျတ်​သည် မည်မျှ​ထွားကျိုင်း​သနည်း

၁ ဓမ္မ​ရာဇဝင် ၁၇:၄-၇ ပါ​မှတ်တမ်းအရ ဂေါလျတ်​၏​အရပ်အမောင်း​မှာ ခြောက်​တောင်​ကျော်​ဖြစ်သည်။ သို့ဖြင့် ကိုးပေ​ကျော်​မည်။ ထို​ဖိလိတ္တိ​လူ​၏​ကြေးဝါ​ချ​ပ်​အင်္ကျီ​က သူ၏​ကိုယ်လုံးကိုယ်ပေါက်​နှင့် ခွန်အား​ကို ဖော်ပြ​သည်။ ထို​ချ​ပ်​အင်္ကျီ​၏​အလေးချိန်​မှာ ၁၂၆ ပေါင်​ရှိ၏။ သူ၏​လှံ​ရိုး​သည် ရက်မ​နှင့်​တူ​ပြီး လှံ​သွားမှာ ၁၅ ပေါင်​ခန့်​လေး​၏။ စဉ်းစား​ကြည့်​ပါ၊ ဂေါလျတ်​၏​ချပ်ဝတ်တန်ဆာ​ပင်​လျှင် ဒါဝိဒ်​၏​ကိုယ်​အလေးချိန်​ထက် ပို​လေး​နေ​ပုံ​ရှိသည်။