သင်၌ “လွတ်လပ်စွာပြောဆိုခွင့်”ရှိသလော
သင်၌ “လွတ်လပ်စွာပြောဆိုခွင့်”ရှိသလော
သမ္မာကျမ်းစာတွင် ဖော်ပြထားသော ‘လွတ်လပ်စွာပြောဆိုခွင့်’ ကို နိုင်ငံပေါင်း ၂၃၅ နိုင်ငံမှ လူခြောက်သန်းကျော် ရရှိထားကြသည်။ ကမ္ဘာသစ်ဘာသာပြန်သမ္မာကျမ်းစာ၏ ခရစ်ယာန်ဂရိကျမ်းစောင်များတွင် ယင်းအသုံးအနှုန်း ၁၆ ကြိမ်ပါရှိ၏။ (ဖိလိပ္ပိ ၁:၂၀; ၁ တိမောသေ ၃:၁၃; ဟေဗြဲ ၃:၆; ၁ ယောဟန် ၃:၂၁) ‘လွတ်လပ်စွာပြောဆိုခွင့်’ ဟူသည် အဘယ်နည်း။ ယင်းကို မည်သို့ရနိုင်မည်နည်း။ ယင်းသည် အဘယ်ပြောဆိုဆက်သွယ်မှုမျိုးတွင် အဟန့်အတားမရှိ ပြောဆိုစေမည်နည်း။
ဗိုင်း၏ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းစကားလုံးများ ရှင်းလင်းချက်အဘိဓာန်အရ ‘လွတ်လပ်စွာပြောဆိုခွင့်’ ဟူသော ဂရိဝေါဟာရကို “လွတ်လပ်စွာပြောဆိုခြင်း၊ ပွင့်လင်းစွာပြောဆိုခြင်း၊ . . . အကြောက်အလန့်မရှိ ရဲရဲရင့်ရင့်ပြောဆိုခြင်း” ဟုဖော်ပြထားရာ “ယုံကြည်စိတ်ချမှုရှိခြင်း၊ သတ္တိရှိခြင်း၊ ရဲရင့်ခြင်းတို့ နှင့်ဆက်စပ်နေ၍ စကားပြောဆိုခြင်းကိုသာ အမြဲမရည်ညွှန်းချေ။” သို့ရာတွင် လွတ်လပ်စွာပြောဆိုခြင်းကို တဲ့တိုးပြောဆိုခြင်း သို့မဟုတ် အပြောအဆိုရိုင်းစိုင်းခြင်းနှင့် မရောထွေးသင့်ပေ။ အကြောင်းမှာ သမ္မာကျမ်းစာက “သင်တို့စကားသည် . . . အစဉ်မပြတ် တင့်တယ်လျောက်ပတ်ပါစေ” ဟုဖော်ပြ၍ဖြစ်၏။ (ကောလောသဲ ၄:၆) လွတ်လပ်စွာပြောဆိုခွင့်တွင် လိမ္မာပါးနပ်မှုပါဝင်သည်၊ တစ်ချိန်တည်းတွင် စိတ်ထိခိုက်စရာအခြေအနေများကြောင့် သို့မဟုတ် လူကိုကြောက်သောကြောင့် မပြောရဲမဆိုရဲဖြစ်မည်မဟုတ်ပေ။
လွတ်လပ်စွာပြောဆိုခွင့်သည် ကျွန်ုပ်တို့၏ မွေးရာပါ ရပိုင်ခွင့်လော။ ဧဖက်မြို့ရှိ ခရစ်ယာန်များထံ တမန်တော်ပေါလုရေးခဲ့သော ဤစကားများကို သုံးသပ်ကြည့်ပါ– “စစ်၍မကုန်နိုင်သောခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်းဆိုင်ရာ ဝမ်းမြောက်ဖွယ်သတင်းတရားကို လူမျိုးခြားတို့အား ဟောပြောခြင်းငှာလည်းကောင်း၊ . . . သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ထိုကျေးဇူးတော်ကို ပေးတော်မူပြီ။” ထို့နောက် ပေါလု ဤသို့ဆက်ဆို၏– ယေရှုခရစ်ကို “ယုံကြည်ခြင်းအားဖြင့် ငါတို့သည်စိတ်ချလျက် ရဲရင့်သောစိတ် [“လွတ်လပ်စွာပြောဆိုခွင့်၊” ကဘ] နှင့်တိုးဝင်၍ အသနားတော်ရခံသောအခွင့်ကို ရကြပြီ။” (ဧဖက် ၃:၈-၁၂) ထို့ကြောင့် လွတ်လပ်စွာပြောဆိုခွင့်သည် မွေးရာပါ ရပိုင်ခွင့်ဖြစ်မည့်အစား ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိခြင်းကြောင့် ရလာသည့် အခွင့်ထူးဖြစ်၏။ ယင်းကို မည်သို့ရရှိနိုင်ပြီး ကျွန်ုပ်တို့၏ ဟောပြောခြင်း၊ သွန်သင်ခြင်း၊ ဆုတောင်းခြင်းတို့တွင် မည်သို့ကျင့်သုံးနိုင်ကြောင်း ကြည့်ကြစို့။
အဘယ်အရာက ရဲရင့်စွာဟောပြောစေသနည်း
လွတ်လပ်စွာပြောဆိုခွင့်ကို ကျင့်သုံးသော အကြီးမြတ်ဆုံးစံနမူ နာရှင်မှာ ယေရှုခရစ်ဖြစ်သည်။ ကိုယ်တော်၏စိတ်ထက်သန်မှုက ဟောပြောရန် အခွင့်အရေးများကို ရှာယူစေသည်။ ယေရှု အနားယူချိန်တွင်ဖြစ်စေ၊ တစ်ဦးဦး၏အိမ်တွင် စားသောက်သည့်အခါ၌ဖြစ်စေ၊ လမ်းလျှောက်သည့်အခါတွင်ဖြစ်စေ၊ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောရန် အခွင့်အရေးကို လက်မလွှတ်ခဲ့ချေ။ ကဲ့ရဲ့ခံရခြင်း၊ ဗြောင်ဆန့်ကျင်ခံရခြင်းတို့က ယေရှုအား နှုတ်ဆိတ်မသွားစေပါ။ ယင်းအစား ထိုခေတ်က ဝတ်ပြုရေးခေါင်းဆောင်များ၏ အမှားများကို ရဲရင့်စွာဖော်ထုတ်တော်မူသည်။ (မဿဲ ၂၃:၁၃-၃၆) ကိုယ်တော်သည် ဖမ်းဆီးခံရချိန်၊ ရုံးတင်စစ်ဆေးခံရချိန်တွင်ပင် မကြောက်မရွံ့ ပြောဆိုခဲ့သည်။—ယောဟန် ၁၈:၆၊ ၁၉၊ ၂၀၊ ၃၇။
ယေရှု၏တမန်တော်များလည်း ရဲရင့်ခြင်းသတ္တိရှိကြသည်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့၌ ပေတရုသည် လူ ၃၀၀၀ ကျော်ရှေ့တွင် လွတ်လပ်စွာပြောဆိုခဲ့၏။ အံ့ဩစရာမှာ မကြာသေးမီအချိန်က အစေအပါမိန်းမတစ်ယောက် သူ့ကို မှတ်မိသွားသောအခါ ကြောက်ဒူးတုန်ခဲ့သည်။ (မာကု ၁၄:၆၆-၇၁; တမန်တော် ၂:၁၄၊ ၂၉၊ ၄၁) ဝတ်ပြုရေးခေါင်းဆောင်များရှေ့ ခေါ်သွင်းခံရသည့်အခါ ပေတရုနှင့်ယောဟန်တို့သည် သူရဲဘောမကြောင်ခဲ့ပေ။ သူတို့သည် မတွန့်ဆုတ်ဘဲ ထမြောက်ခဲ့သော ယေရှုခရစ်အကြောင်း ရဲရင့်စွာသက်သေခံသည်။ အမှန်မှာ၊ ပေတရုနှင့်ယောဟန်တို့၏ ရဲရင့်ခြင်းသတ္တိကြောင့် သူတို့သည် ယေရှုနှင့်အတူရှိခဲ့ကြောင်း ဝတ်ပြုရေးခေါင်းဆောင်များ သိမှတ်သွားကြသည်။ (တမန်တော် ၄:၅-၁၃) အဘယ်အရာက သူတို့ကို သတ္တိရှိရှိပြောဆိုစေသနည်း။
ယေရှုသည် မိမိတမန်တော်များကို ဤသို့ကတိပြုခဲ့၏– “သင်တို့ ကိုအပ်နှံသောအခါ အဘယ်သို့ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုခဏခြင်းတွင် သင်တို့သည် ရကြလိမ့်မည်။ အကြောင်းမူကား၊ သင်တို့အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။” (မဿဲ ၁၀:၁၉၊ ၂၀) သန့်ရှင်းသောဝိညာဉ်တော်က ပေတရုနှင့်အခြားသူတို့ကို ရှက်ကြောက်ခြင်းမရှိ လွတ်လပ်စွာပြောဆိုစေသည်။ ထိုအစွမ်းထက်တန်ခိုးသည် ကျွန်ုပ်တို့ကိုလည်း အလားတူ ကူညီပေးနိုင်သည်။
ထို့ပြင် ယေရှုသည် နောက်လိုက်များအား တပည့်ဖြစ်စေခြင်းတာဝန် အပ်နှင်းခဲ့သည်။ ကိုယ်တော်သည် “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို” ရထားသောကြောင့် ယင်းတာဝန်အပ်နှင်းခြင်းသည် သင့်လျော်၏။ ထို့ပြင် ကိုယ်တော်သည် ‘သူတို့နှင့်အတူ ရှိတော်မူသည်။’ (မဿဲ ၂၈:၁၈-၂၀) ယေရှု၏ ထောက်မမှုရရှိမည်ဖြစ်ကြောင်း ကနဦးတပည့်များ သိထားသောကြောင့် ဟောပြောခြင်းကို ကြိုးစားပိတ်ပင်သည့် အာဏာပိုင်များကို သူတို့ ရင်ဆိုင်ဝံ့ကြသည်။ (တမန်တော် ၄:၁၈-၂၀; ၅:၂၈၊ ၂၉) ထိုသို့သိရှိထားခြင်းက ကျွန်ုပ်တို့ကို အလားတူဖြစ်စေနိုင်သည်။
ဤသို့ရဲရင့်ရသော အခြားအကြောင်းတစ်ခုကို ပေါလုဖော်ပြရာတွင် “ထိမ်ဝှက်ခြင်းအလျှင်းမရှိ။ အတည့်အလင်းဟောပြောခြင်း၊ [“လွတ်လပ်စွာပြောဆိုခွင့်”၊ ကဘ]” ကို မျှော်လင့်ခြင်းနှင့် ဆက်စပ်ထားသည်။ (၂ ကောရိန္သု ၃:၁၂; ဖိလိပ္ပိ ၁:၂၀) မျှော်လင့်ခြင်းသတင်းသည် မျိုသိပ်မထားနိုင်လောက်အောင် အလွန်ကောင်းမွန်သဖြင့် ခရစ်ယာန်များသည် အခြားသူတို့ကို ပြောပြကြရသည်။ ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် လွတ်လပ်စွာပြောဆိုစေသော အကြောင်းရင်းတစ်ရပ် အမှန်ဖြစ်သည်။—ဟေဗြဲ ၃:၆။
ရဲရင့်စွာဟောပြောခြင်း
ကျွန်ုပ်တို့သည် ခက်ခဲသောအခြေအနေများတွင်ပင် မည်သို့ ရဲရင့်စွာဟောပြောနိုင်မည်နည်း။ တမန်တော်ပေါလု၏ဥပမာကို သုံးသပ်ကြည့်ပါ။ သူသည် ရောမတွင် အကျဉ်းချခံနေရစဉ် ‘သူ၏နှုတ်ကို ရဲရင့်စွာဖွင့်လှစ်ခြင်းအခွင့်ရှိမည်အကြောင်း၊ ရဲရင့်စွာဟောပြောမည်အကြောင်း’ ဆုတောင်းပေးကြရန် ယုံကြည်ခြင်းတူသူများကို မှာကြားခဲ့သည်။ (ဧဖက် ၆:၂၀) ထိုဆုတောင်းချက်များကို ဘုရားသခင် နားညောင်းခဲ့သလော။ နားညောင်းပါသည်။ ပေါလုသည် အကျဉ်းကျနေစဉ် “အဘယ်သူမျှမမြစ်တားဘဲ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို အတည့်အလင်းဟောပြော” ခဲ့သည်။—တမန်တော် ၂၈:၃၀၊ ၃၁။
အလုပ်တွင်၊ ကျောင်းတွင်၊ ခရီးသွားစဉ်တွင် သက်သေခံရန် အခွင့်အရေးရှာယူခြင်းက ကျွန်ုပ်တို့၌ ရဲရင့်ခြင်းသတ္တိ မည်မျှရှိကြောင်း ပေါ်လွင်စေသည်။ ရှက်ခြင်း၊ အခြားသူများ၏တုံ့ပြန်မှုကို စိုးရိမ်ခြင်း၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိခြင်းတို့က ကျွန်ုပ်တို့ကို နှုတ်ဆိတ်နေစေပေမည်။ ဤတွင်လည်း တမန်တော်ပေါလုသည် စံနမူနာကောင်း တင်ပြခဲ့၏။ “ဘုရားသခင်ကိုအမှီပြု၍ ကြီးစွာသောတိုက်လှန်ခြင်းနှင့်တကွ ဘုရားသခင်၏ဧဝံဂေလိတရားကို သင်တို့အား ရဲရင့်စွာဟောပြောကြ၏” ဟုသူရေးသည်။ (၁ သက်သာလောနိတ် ၂:၂) ပေါလုသည် ယေဟောဝါအား ကိုးစားခြင်းကြောင့်သာ မိမိဘာသာမတတ်နိုင်ရာကို လုပ်ဆောင်နိုင်ခဲ့သည်။
ရှယ်ရီအမည်ရှိ အမျိုးသမီးတစ်ဦးသည် အလွတ်သဘောသက်သေခံရန် အခွင့်အရေးရသည့်အခါ ဆုတောင်းခြင်းဖြင့် သတ္တိရှိရှိဟောပြောနိုင်ခဲ့သည်။ တစ်နေ့တွင် ကိစ္စတစ်ခုမှ မိမိခင်ပွန်းပြန်အလာကို စောင့်နေစဉ် အလားတူစောင့်နေသော အမျိုးသမီးတစ်ဦးအား သူသတိပြုမိ၏။ “သူ့ကိုသက်သေခံချင်ပေမဲ့ မဝံ့မရဲဖြစ်နေတဲ့အတွက် သတ္တိရှိဖို့ ယေဟောဝါကို ဆုတောင်းလိုက်တယ်။” ရှယ်ရီသည် ထိုအမျိုးသမီးထံသွားနေစဉ် နှစ်ခြင်းအသင်း၏ပါစတာတစ်ဦး ရောက်လာသည်။ အမှန်မှာ ဓမ္မဆရာတစ်ဦးနှင့် ထိပ်တိုက်တွေ့ရလိမ့်မည်ဟု သူမထင်မှတ်ခဲ့ချေ။ သို့ နှင့် ထပ်မံဆုတောင်းပြီးနောက် သက်သေခံနိုင်ခဲ့သည်။ ထိုအမျိုးသမီးကို မဂ္ဂဇင်းဝေငှကာ ပြန်လည်ပတ်ရန် စီစဉ်နိုင်လေသည်။ ထို့ကြောင့် အခွင့်အရေးရတိုင်း သက်သေခံသည့်အခါ ယေဟောဝါအား ကိုးစားမည်ဆိုလျှင် ရဲရင့်စွာပြောဆိုနိုင်မည်ဟု စိတ်ချပါ။
သွန်သင်ရာတွင်
လွတ်လပ်စွာပြောဆိုခွင့်သည် သွန်သင်ခြင်းနှင့် ဆက်စပ်နေ၏။ အသင်းတော်တွင် “သင်းထောက်အမှုကို ကောင်းစွာရွက်ဆောင်သောသူတို့” နှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆို၏– “[သူတို့သည်] မိမိတို့အဖို့ ကောင်းသောအရာကိုလည်းကောင်း၊ ယေရှုခရစ်၏ယုံကြည်ခြင်း၌ ရဲရင့်ခြင်းသတ္တိ [“လွတ်လပ်စွာပြောဆိုခွင့်၊” ကဘ] ကိုလည်းကောင်း အမြတ်ရကြ၏။” (၁ တိမောသေ ၃:၁၃) သူတို့သည် အခြားသူတို့ကို သွန်သင်ပေးသည့်အတိုင်း မိမိတို့ကိုယ်တိုင်ကျင့်ခြင်းအားဖြင့် လွတ်လပ်စွာပြောဆိုနိုင်ကြ၏။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် အသင်းတော်ကို ကာကွယ်ပေးရုံမက ခိုင်ခံ့မြဲမြံစေသည်။
ကျွန်ုပ်တို့လည်း ဤနည်းဖြင့် လွတ်လပ်စွာပြောဆိုနိုင်ကြပါက ကျွန်ုပ်တို့၏သွန်သင်ချက်သည် ပိုမိုထိရောက်ပြီး လိုက်နာလိုစိတ် ပိုရှိစေမည်။ ပုံသက်သေမကောင်းသည့်အတွက် အခြားသူတို့အား စိတ်အနှောင့်အယှက်ဖြစ်စေမည့်အစား အပြောနှင့်အလုပ်ညီကြောင်း ဖော်ပြခြင်းအားဖြင့် သူတို့ကို အားရှိစေပါ။ ဝိညာဉ်ရေးကောင်းသူများသည် လွတ်လပ်စွာပြောဆိုကြသည့်အတွက် ပြဿနာမကြီးထွားမီ မိမိညီအစ်ကိုအား “သူ၏နေရာ၌ တည်မြဲတည်စေ” နိုင်ပေမည်။ (ဂလာတိ ၆:၁) ပုံသက်သေမကောင်းသူတစ်ဦးမူ အခြားသူတို့ကို သွန်သင်ရဲမည်မဟုတ်ပေ။ ထို့အတွက် လိုအပ်သလိုမသွန်သင်မိသောကြောင့် အခြေအနေ ဆိုးရွားသွားစေနိုင်သည်။
ကျွန်ုပ်တို့ ရဲရင့်စွာပြောဆိုသည်ဟုဆိုရာတွင် အပြစ်ရှာဝေဖန်ခြင်း၊ တထစ်ချပြောဆိုခြင်း၊ တစ်ယူသန်ဖြစ်ခြင်း မဟုတ်ပေ။ ပေါလုသည် ဖိလေမုန်ကို “မေတ္တာအားဖြင့်” တိုက်တွန်းခဲ့၏။ (ဖိလေမုန် ၈၊ ၉) တမန်တော်၏တိုက်တွန်းချက်ကို သူကောင်းစွာနာခံခဲ့ပုံရသည်။ မှန်ပါသည်၊ အကြီးအကဲတစ်ဦး အကြံဉာဏ်ပေးသည့်အခါ မေတ္တာ၏စေ့ဆော်မှုဖြင့် ဖြစ်သင့်သည်။
လွတ်လပ်စွာပြောဆိုခွင့်သည် သွန်သင်ရာတွင်သာမက အခြားအချိန်များတွင်လည်း အရေးပါ၏။ ပေါလုက ကောရိန္သုအသင်းတော်သို့ ဤသို့စာရေးသည်– “သင်တို့ကြောင့် အလွန်ရဲရင့်ခြင်းရှိ၏။ သင်တို့ကြောင့် အလွန်ဝါကြွားခြင်းရှိရ၏။” (၂ ကောရိန္သု ၇:၄) ပေါလုသည် ညီအစ်ကို၊ ညီအစ်မများကို ချီးမွမ်းသင့်ပါက ချီးမွမ်းပေးရန် မတွန့်ဆုတ်ခဲ့ချေ။ ယုံကြည်ခြင်းတူသူများ၏ ချွတ်
ယွင်းချက်များကို သိလျက်ပင် ၎င်းတို့၏ကောင်းကွက်ကိုရှာကြည့်ရန် မေတ္တာက သူ့အား လှုံ့ဆော်ပေးသည်။ ယနေ့လည်း ခရစ်ယာန်အသင်းတော်တွင် အကြီးအကဲများသည် ညီအစ်ကို၊ ညီအစ်မများကို ချီးမွမ်းပေးသောအခါ အားပေးတည်ဆောက်မှုဖြစ်စေသည်။
ခရစ်ယာန်တိုင်းသည် ထိရောက်စွာသွန်သင်ပေးနိုင်ကြရန် လွတ်လပ်စွာပြောဆိုခွင့်ရှိဖို့လိုသည်။ အစောပိုင်းတွင်ဖော်ပြခဲ့သော ရှယ်ရီသည် သားသမီးများအား ကျောင်းတွင်သက်သေခံစေလိုသည်။ သို့သော် သူဤသို့ဝန်ခံ၏– “ကျွန်မ ငယ်ငယ်ကတည်းက သက်သေခံဖြစ်ခဲ့ပေမဲ့ ကျောင်းမှာသက်သေခံခဲတယ်။ အလွတ်သဘောလည်း သက်သေခံလေ့မရှိဘူး။ ဒါနဲ့ ‘ငါဟာ ငါ့ကလေးတွေအတွက် ဘာပုံသက်သေကောင်းတော့မှာလဲ’ လို့ ကိုယ့်ကိုယ်ကိုဆုံးမမိတယ်။” ထို့နောက် ရှယ်ရီသည် အလွတ်သဘောသက်သေခံရန် ကြိုးစား၏။
ကျွန်ုပ်တို့ကို အခြားသူများ အကဲခတ်နေကြသည်။ ကျွန်ုပ်တို့သွန်သင်သည့်အတိုင်း မကျင့်ပါက ချက်ချင်းမြင်သည်။ ထို့ကြောင့် လွတ်လပ်စွာပြောဆိုနိုင်ရန် အပြောနှင့်အလုပ် ကိုက်ညီအောင် ကြိုးစားကြပါစို့။
ဆုတောင်းရာတွင်
ယေဟောဝါထံဆုတောင်းရာတွင် လွတ်လပ်စွာပြောဆိုဖို့ အလွန်အရေးကြီးသည်။ ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ယေဟောဝါနားညောင်းကာ ဖြေကြားပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစွာဖြင့် အတားအဆီးမရှိ လွတ်လပ်စွာ ရင်ဖွင့်ဆုတောင်းနိုင်သည်။ ဤနည်းဖြင့် ကျွန်ုပ်တို့၏ကောင်းကင်ဖခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိနိုင်သည်။ ကျွန်ုပ်တို့သည် ပါမွှားမျှသာဖြစ်သည်ဟု တွေးထင်ပြီး ယေဟောဝါထံချဉ်းကပ်ရန် ဘယ်သောအခါမျှ တွန့်ဆုတ်မနေသင့်ပေ။ ကျွန်ုပ်တို့၏အားနည်းချက် သို့ မဟုတ် အမှားတစ်ခုခုကြောင့် အပြစ်ရှိသည်ဟုယူမှတ်၍ ဘုရားသခင်အား ရင်ဖွင့်ဆုတောင်းရန် မဝံ့မရဲဖြစ်နေလျှင်ကော။ ထိုသို့ဖြစ်နေလျှင် စကြဝဠာပိုင်သအုပ်စိုးရှင်ထံ လွတ်လပ်စွာချဉ်းကပ်နိုင်မည်လော။
ယဇ်ပုရောဟိတ်မင်းအဖြစ် ယေရှု ချီးမြှင့်ခံရခြင်းက ယုံကြည်စိတ်ချမှုအပြည့်ဖြင့် ဆုတောင်းရန် အကြောင်းရင်းတစ်ရပ်ဖြစ်၏။ ဟေဗြဲ ၄:၁၅၊ ၁၆ တွင် ဤသို့ဖတ်ရသည်– ‘ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲမှုများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။ ထို့ကြောင့် ငါတို့သည် သနား ခြင်း ကရုဏာကိုလည်းကောင်း၊ တော်လျော်သော မစခြင်းကျေးဇူးတော်ကိုလည်းကောင်း ခံရမည်အကြောင်း ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။’ ယေရှု၏သေခြင်းနှင့် ကိုယ်တော်၏ယဇ်ပုရောဟိတ်မင်း အခွင့်အရာသည် ဤမျှပင် အကျိုးကြီးလှ၏။
ယေဟောဝါအား နာခံလိုစိတ်ပြင်းပြမည်ဆိုလျှင် ကျွန်ုပ်တို့၏ဆုတောင်းသံကို နားညောင်းတော်မူမည်ဟု ယုံကြည်စိတ်ချပါလေ။ တမန်တော်ယောဟန် ဤသို့ရေးခဲ့သည်– “ချစ်သူတို့၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်လျှင် ဘုရားသခင့်ရှေ့တော်၌ ရဲရင့်ရသောအခွင့်ရှိကြ၏။ ငါတို့သည် ပညတ်တော်တို့ကိုစောင့်ရှောက်၍ နှစ်သက်တော်မူသော အကျင့်တို့ကို ကျင့်သောကြောင့် ဆုတောင်းသမျှတို့ကို ဘုရားသခင့်ထံတော်မှ ရကြ၏။”—၁ ယောဟန် ၃:၂၁၊ ၂၂။
ယေဟောဝါထံ အတားအဆီးမရှိ လွတ်လပ်စွာ ဆုတောင်းချဉ်းကပ်ခြင်းဟူသည် ကိုယ်တော်ထံ အရာရာ ရင်ဖွင့်ပြောဆိုနိုင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့တွင် စိုးရိမ်ပူပန်စရာ၊ စိတ်ထင့်စရာများရှိမည်ဆိုလျှင် ယေဟောဝါထံ ချထားပါ။ စိတ်ရင်းမှန်ဖြင့်ဆုတောင်းပါက ကိုယ်တော် အမှန်နားညောင်းတော်မူမည်။ ကြီးလေးသောအပြစ် ကျူးလွန်မိလျှင်ပင် စစ်မှန်သောနောင်တရပါက ထိုအပြစ်ကြောင့် လွတ်လပ်စွာရင်ဖွင့်ဆုတောင်းရန် မဝံ့မရဲမဖြစ်သင့်ပေ။
လွတ်လပ်စွာပြောဆိုခွင့်သည် မခံစားထိုက်သောဆုကျေးဇူးဖြစ်ပြီး အမှန်ပင်အဖိုးထိုက်၏။ လွတ်လပ်စွာပြောဆိုခွင့်ရှိခြင်းကြောင့် ဟောပြောသွန်သင်ရာတွင် ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေနိုင်သည်။ ဆုတောင်းရာတွင်လည်း ကိုယ်တော်ထံ ပို ၍ရင်းရင်းနှီးနှီး ချဉ်းကပ်နိုင်သည်။ ထို့ကြောင့် ကြီးစွာသောအကျိုးဖြစ်သော ထာဝရအသက်ရစေမည့် လွတ်လပ်စွာပြောဆိုခွင့်ကို မစွန့်ကြစို့နှင့်။—ဟေဗြဲ ၁၀:၃၅။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
တမန်တော်ပေါလုသည်ရဲရင့်စွာပြောဆိုခဲ့
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ထိရောက်သောသွန်သင်မှုဖြစ်ရန် လွတ်လပ်စွာပြောဆိုခွင့်ရှိဖို့လို
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဆုတောင်းရာတွင် လွတ်လပ်စွာပြောဆိုရန် အရေးကြီး