မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမာဓိရှိစွာ လျှောက်လှမ်းခြင်းမှရသည့် ရွှင်လန်းမှုများ

သမာဓိရှိစွာ လျှောက်လှမ်းခြင်းမှရသည့် ရွှင်လန်းမှုများ

သမာဓိ​ရှိ​စွာ လျှောက်လှမ်းခြင်း​မှ​ရသည့် ရွှင်လန်းမှုများ

‘ထာဝရ​ဘုရားသခင်​၏​ကောင်းချီး​မင်္ဂလာ​သည် စည်းစိမ်​ကို​ဖြစ်စေ​တတ်၏။ ထို​စည်းစိမ်​နှင့်​လည်း​ဝမ်းနည်းခြင်း​အကြောင်းကို ရောနှော​တော်​မ​မူ။’—သု. ၁၀:၂၂

၁၊ ၂။ အနာဂတ်​ကို အဘယ်ကြောင့် အလွန်အမင်း​အာရုံမစိုက်​သင့်​သနည်း။

“အနာဂတ်​ကို အာရုံစိုက်လွန်း​ခြင်း . . . က ကျွန်ုပ်​တို့၏​လက်ရှိ​အခြေအနေ​ကို ပျော်မွေ့နိုင်​ရန် အတားအဆီး​ဖြစ်စေ​သည်” ဟု အမေရိကန် အတွေးအခေါ်​ပညာရှင်​တစ်ဦး​က ဆို​သည်။ ယင်းသည် လူကြီး​ဘဝ​အခွင့်အရေး​များ​ကို အာရုံစိုက်လွန်း​၍ ကလေး​ဘဝ​ကုန်ဆုံး​သွား​ချိန်​အထိ ကလေး​ဘဝ၏ ကောင်းကျိုး​များ​ကို မမြင်​တော့​သော ကလေး​များ​အတွက် မှန်ကန်​သည်။

ယေဟောဝါ​အား ဝတ်ပြုသူ​များ​ပင် တစ်ခါတစ်ရံ ထိုသို့​တွေးခေါ်​တတ်ကြ​သည်။ အဘယ်အရာ ဖြစ်လာ​နိုင်​သည်ကို သုံးသပ်ကြည့်​ပါ။ မြေကြီးပေါ်​တွင် ပရဒိသု​ဖြစ်ပေါ်​စေမည်​ဟူ​သည့် ဘုရားသခင့်​ကတိတော် ပြည့်စုံ​လာ​မည့်​အချိန်ကို ကျွန်ုပ်​တို့ တောင့်တ​ကြသည်။ ဖျားနာခြင်း၊ အိုမင်း​ခြင်း၊ နာကျင်ခြင်း​နှင့် ဆင်းရဲ​ခက်ခဲ​ခြင်း​တို့ လွတ်ကင်း​သည့် အသက်တာကို စိတ်​ထက်သန်​စွာ စောင့်မျှော်​နေကြ​သည်။ ထို​အရာများ​ကို မျှော်လင့်ခြင်းသည် ကောင်း​သော်လည်း လောလောဆယ်​ခံစား​နေရ​သည့် ဝိညာဉ်​ရေး​ကောင်းချီး​များ​ကို မမြင်နိုင်​တော့​သည်​အထိ အနာဂတ်​တွင်​ရမည့် ရုပ်ပိုင်းဆိုင်ရာ​ကောင်းချီး​များ​ကို​သာ အာရုံစိုက်လွန်း​ပါ​က အဘယ်အရာ​ဖြစ်လာ​မည်​နည်း။ အလွန်​ဝမ်းနည်းစရာပင်! ကျွန်ုပ်​တို့ မျှော်လင့်​သော​အရာ​သည် ထင်ထား​သည်ထက် ပို​၍​ဖင့်နွှဲ​သောကြောင့် လွယ်​လင့်​တကူ စိတ်ဓာတ်ကျ​လာနိုင်​ပြီး စိတ်နှလုံး​ပူပန်​လာနိုင်​သည်။ (သု. ၁၃:၁၂) ဘဝ​ပြဿနာ​များနှင့် အခက်အခဲ​များသည် ကျွန်ုပ်​တို့ကို စိတ်ပျက်​အားလျော့ခြင်း သို့​မဟုတ် ကိုယ့်​ကိုယ်ကို​သနားခြင်း ကျော့ကွင်း​ထဲ ကျရောက်​သွား​စေနိုင်​သည်။ ကျွန်ုပ်​တို့သည် ခက်ခဲ​သော​အခြေအနေ​များ​ကို ရင်ဆိုင်​ဖြေရှင်း​မည့်​အစား ညည်းညူ​သည့်​သဘောထားများ ဝင်လာ​နိုင်​သည်။ ကျွန်ုပ်​တို့​ခံစား​နေရ​သည့် လောလောဆယ်​ကောင်းချီး​များ​ကို ကျေးဇူး​တင်​စိတ်ဖြင့် တွေးတော​ဆင်ခြင်​လျှင် ယင်း​တို့အားလုံး​ကို ရှောင်ရှား​နိုင်​သည်။

၃။ ဤ​ဆောင်းပါး​တွင် အဘယ်​အကြောင်းကို ကျွန်ုပ်​တို့ အာရုံစိုက်​သုံးသပ်​မည်​နည်း။

နယပုံပြင် ၁၀:၂၂ တွင် ‘ထာဝရ​ဘုရားသခင်​၏ ကောင်းချီး​မင်္ဂလာ​သည် စည်းစိမ်​ကို​ဖြစ်စေ​တတ်၏။ ထို​စည်းစိမ်​နှင့်​လည်း ဝမ်းနည်းခြင်း​အကြောင်းကို ရောနှော​တော်​မ​မူ’ ဟု​ဖော်ပြ​ထား​သည်။ ယေဟောဝါ​၏ မျက်မှောက်ခေတ်​ကျေးကျွန်​များ ခံစား​နေရ​သည့် ဝိညာဉ်​ရေး​ကြွယ်ဝမှု အခြေအနေ​သည် ဝမ်းမြောက်​ဖွယ်​ကောင်းချီး​တစ်ခု မဟုတ်ပေ​လော။ ကျွန်ုပ်​တို့၏ ဝိညာဉ်​ရေး​ကြွယ်ဝမှု ကဏ္ဍ​အချို့​ကို သုံးသပ်​ပြီး ကျွန်ုပ်​တို့​တစ်ဦးစီ​အတွက် အဘယ်​အဓိပ္ပာယ်​ရှိကြောင်း ကြည့်​ကြ​စို့။ သမာဓိ​ရှိ​စွာ​လျှောက်လှမ်း​သည့် ဖြောင့်မတ်​သော​သူ​အပေါ် ယေဟောဝါ သွန်းလောင်း​သည့် ကောင်းချီး​များ​အကြောင်း အချိန်​ယူ​သုံးသပ်ခြင်းက ကျွန်ုပ်​တို့၏ ကောင်းကင်​ခမည်းတော်​ကို ရွှင်လန်းစွာ ဆက်​ဝတ်ပြု​သွား​ဟူသော ကျွန်ုပ်​တို့၏​သန္နိ​ဋ္ဌာန်​ကို အမှန်ပင်​ခိုင်မာ​စေပါ​လိမ့်​မည်။—သု. ၂၀:၇က​ဘ

ယခု​ပင် ‘စည်းစိမ်​ကို​ဖြစ်စေ​တတ်သော ကောင်းချီး​များ’

၄၊ ၅။ အဘယ်​ကျမ်းစာ​သွန်သင်ချက်​ကို သင်​အထူး​နှစ်ခြိုက်​သနည်း။ အဘယ်ကြောင့်​နည်း။

သမ္မာကျမ်းစာ သွန်သင်ချက်​များနှင့်​ပတ်သက်သော တိကျ​မှန်ကန်​သည့် အသိပညာ​ရှိ​ခြင်း။ ခရစ်ယာန်ဘောင်​ဘာသာရေး​များသည် များသောအားဖြင့် ကျမ်းစာ​ကို ယုံကြည်​သည်​ဟု ဆို​ကြသည်။ သို့သော် ယင်း​၏​သွန်သင်ချက်​များ​ကို​မူ လက်မခံကြ​ပါ။ ဘာသာတူ​သူ အဖွဲ့ဝင်​များ​ပင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာ​နှင့်​ပတ်သက်​သည့် အမြင်​သဘောထားများ ကွဲပြား​တတ်ကြ​သည်။ ယေဟောဝါ​ကျေးကျွန်​များ​၏​အခြေအနေ​နှင့် ကွာခြား​လိုက်​လေ​ခြင်း! ကျွန်ုပ်​တို့၏ နိုင်ငံ၊ ယဉ်ကျေးမှု၊ လူမျိုးစု​နောက်ခံ​မည်သို့​ပင်​ရှိပါစေ ကျွန်ုပ်​တို့သည် အမည်​နာမ​ဖြင့်​သိ​သော ဘုရားသခင်​ကို ကိုးကွယ်​ကြသည်။ ကိုယ်တော်​သည် လျှို့ဝှက်​နက်နဲ​သည့် သုံးပါး​ပေါင်း​တစ်ဆူ​ဘုရား​တစ်ပါး​မဟုတ်ပေ။ (တရားဟောရာ ၆:၄; ဆာလံ ၈၃:၁၈; မာကု ၁၂:၂၉) ဘုရားသခင်​၏ စကြဝဠာ​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​နှင့်​ပတ်သက်​သည့် အဓိက​အရေးကိစ္စ​သည် မကြာမီ ဖြေရှင်း​ခံ​ရတော့မည်​ဖြစ်​ကြောင်း၊ ကိုယ်တော်​အား သမာဓိ​စောင့်သိ​ခြင်း​ဖြင့် ကျွန်ုပ်​တို့​တစ်ဦးစီ​သည် ထို​အရေးကိစ္စ​တွင် ပါဝင်​နေကြောင်း​လည်း ကျွန်ုပ်​တို့​သိ​ကြသည်။ သေခြင်းနှင့်​ပတ်သက်​သည့် အမှန်တရားကို ကျွန်ုပ်​တို့​သိ​ပြီး လူသားများ​ကို ငရဲ​တွင်​ညှဉ်းပန်း​သည် သို့​မဟုတ် ငရဲကလေး​သို့​ပို့​သည်​ဟု ဆို​ကြ​သည့်​ဘုရားသခင်​ကို ကြောက်လန့်​ခြင်း​မှ လွတ်ကင်း​ကြသည်။—ဒေ. ၉:၅၊ ၁၀

ထို့​ပြင် ကျွန်ုပ်​တို့သည် ယုတ္တိမရှိ​သော ဆင့်ကဲဖြစ်စဉ်​ကြောင့် ဖြစ်တည်​လာ​ခြင်း​မဟုတ်​ကြောင်း သိရခြင်းက အလွန်​ဝမ်းသာစရာ​ပင်! ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို ကိုယ်တော်​၏​ပုံသဏ္ဌာန်​တော်​နှင့်​အညီ ဖန်ဆင်း​ခဲ့​ခြင်း​ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၆; မာလခိ ၂:၁၀) ဆာလံဆရာ​က သူ၏​ဘုရားသခင်​နှင့်​ပတ်သက်​၍ ဤသို့​သီဆို​ခဲ့​သည်– “အကျွန်ုပ်သည် ကြောက်မက်​ဖွယ်​သော​လက္ခဏာ၊ ထူးဆန်းသော​လက္ခဏာ​တို့​နှင့် ပြည့်စုံ​သည်​ဖြစ်၍ ကိုယ်တော်​ကို ချီးမွမ်း​ပါ​မည်။ ပြုပြင်​တော်​မူ​သော​အမှုတို့​သည် အံ့သြဖွယ်​ဖြစ်​ကြောင်းကို အကျွန်ုပ်၏​စိတ်​ဝိညာဉ်​သည် အမှန်​သိပါ​၏။”—ဆာလံ ၁၃၉:၁၄

၆၊ ၇။ သင့်​အသက်တာတွင်​ဖြစ်စေ၊ သင်​သိ​သည့်​အခြားသူများ​၏ အသက်တာတွင်​ဖြစ်စေ အဘယ်​ပြောင်းလဲမှု​များ​က ကောင်းချီး​တစ်ခု ဖြစ်​ခဲ့ပြီ​နည်း။

အန္တရာယ်​ရှိသည့် အလေ့အထ​နှင့် အကျင့်အကြံ​များ​မှ လွတ်ကင်း​ခြင်း။ ဆေးလိပ်​သောက်​ခြင်း၊ သေ​သောက်ကြူး​ခြင်း​နှင့် လိင်​ကိစ္စ​ရှုပ်​ပွေ​ခြင်း​တို့၏​အန္တရာယ်များ​အကြောင်း သတင်း​မီဒီယာ​များ​တွင် အကြီးအကျယ်​သတိပေး​သော်လည်း ယင်း​တို့ကို မလိုက်နာ​သည်​က များသည်။ သို့သော် ဘုရားသခင်​သည် အဆိုပါ​အကျင့်​များ​ကို ပြစ်တင်​ထား​ကြောင်း၊ ယင်း​တို့ကို​ပြုကျင့်​ပါ​က ကိုယ်တော်​စိတ်ထိခိုက်​ကြောင်း စိတ်ရင်းမှန်​သူ​တစ်ဦး သိရှိ​သောအခါ မည်သို့​ဖြစ်လာ​သနည်း။ သူ၏​ဘဝတွင် ထို​အကျင့်​တို့ကို ရပ်​တန်း​က​ရပ်​ရန် လှုံ့ဆော်​ခံရ​သည်။ (ဟေရှာယ ၆၃:၁၀; ၁ ကောရိန္သု ၆:၉၊ ၁၀; ၂ ကောရိန္သု ၇:၁; ဧဖက် ၄:၃၀) သူသည် ဘုရားသခင်​၏​စိတ်တော်နှင့်​တွေ့​ရန် အဓိက​ကြိုးစား​နေခြင်း​ဖြစ်သော်လည်း ထပ်ဆင့်​အကျိုးကျေးဇူးများ​ဖြစ်သည့် ကျန်းမာ​ရေး​ကောင်းခြင်း​နှင့် စိတ်​ငြိမ်သက်ခြင်း​တို့ကို​ပါ ခံစားရ​သည်။

လူများစွာ​အတွက် အကျင့်ဆိုး​များ​ကို စွန့်လွှတ်​ရန် အလွန်​ခက်ခဲ​သည်။ သို့​တိုင် သောင်း​နှင့်​ချီ​သော​သူများ​သည် နှစ်စဉ် ထိုသို့ပြုလုပ်​လျက်​ရှိသည်။ သူတို့သည် ယေဟောဝါ​ထံ အပ်နှံ​ပြီး ရေ​တွင်​နှစ်ခြင်း​ခံ​ခြင်း​ဖြင့် ဘုရားသခင် မနှစ်သက်​သော​အကျင့်​များ​ကို မိမိတို့​ဘဝ​မှ ထုတ်ပစ်​လိုက်ပြီ​ဖြစ်​ကြောင်း လူသိရှင်ကြား​ကြေညာ​ကြသည်။ ယင်းသည် ကျွန်ုပ်​တို့အားလုံး​အတွက် အလွန်​အားရှိစရာ​ပင်! အပြစ်​ရှိ၍ ထိခိုက်​နစ်နာ​စေသော​အကျင့်အကြံ​များ​၏ ကျွန်​ဖြစ်​ခြင်း​မှ လွတ်ကင်း​နေ​ရန် ကျွန်ုပ်​တို့၏​သန္နိ​ဋ္ဌာန် ပို​ခိုင်မာ​လာ​သည်။

၈။ အဘယ်​ကျမ်းစာ​အခြေပြု​သွန်သင်ချက်​က ပျော်ရွှင်သော​မိသားစု​ဘဝ​အတွက် အထောက်အကူ​ပြု​သနည်း။

ပျော်ရွှင်ဖွယ်​မိသားစု​ဘဝကို ပိုင်ဆိုင်​နိုင်​ခြင်း။ နိုင်ငံ​များစွာ​တွင် မိသားစု​နှောင်ကြိုး​မှာ ချည့်နဲ့​လျက်​ရှိသည်။ အိမ်ထောင်​များစွာ​သည် ကွာရှင်း​ခြင်း​ဖြင့် အဆုံးသတ်​နေကြ​ပြီး အပြစ်မဲ့​ကလေး​များ​ကို စိတ်​အနာတရ​ဖြစ်​ကျန်​နေ​စေ​ကြသည်။ ဥရောပ​နိုင်ငံ​အချို့​တွင် ကြင်ဖော်​မဲ့​မိဘ​ရှိ​မိသားစု​များသည် အိမ်ထောင်စု​အားလုံး​၏ ၂၀ ရာခိုင်နှုန်း​နီးပါး​ရှိလာ​သည်။ ယေဟောဝါ​သည် မိသားစု​ဘဝ​နှင့်​ပတ်သက်​၍ သမာဓိ​ရှိ​စွာ​လျှောက်လှမ်း​နိုင်​ရန် ကျွန်ုပ်​တို့ကို မည်သို့​ထောက်ကူ​ပေး​လျက်​ရှိ​သနည်း။ ကျေးဇူးပြု​၍ ဧဖက် ၅:၂၂–၆:၄ ကို​ဖတ်​ပြီး ဘုရားသခင့်​နှုတ်မြွက်တော်​က ခင်ပွန်း​များ၊ ဇနီး​များနှင့် သားသမီး​များ​ကို ပေး​ထား​သည့် ကောင်းမွန်​လှ​သော​သွန်သင်ချက်ကို မှတ်သားပါ။ ထို​အချက်​နှင့် သမ္မာကျမ်းစာ​၏​အခြား​နေရာများ​တွင် ဖော်ပြ​ထားသော သွန်သင်ချက်​များ​ကို လက်တွေ့​ကျင့်သုံး​ခြင်း​က အိမ်ထောင်​နှောင်ကြိုး​ကို အမှန်​ခိုင်မြဲ​စေပြီး သားသမီး​များ​ကို ကောင်းစွာ​ပြုစု​ပျိုးထောင်​နိုင်​ရန် မိဘများ​ကို ကူညီ​ပေး​ကာ ပျော်ရွှင်သော​မိသားစု​ဘဝ တည်ဆောက်​ရန် အထောက်အကူ​ပြု​သည်။ ယင်းသည် ဝမ်းမြောက်​ဖွယ်​ကောင်းချီး​တစ်ရပ် မဟုတ်ပေ​လော။

၉၊ ၁၀။ အနာဂတ်​ကို ကျွန်ုပ်​တို့​ရှုမြင်ပုံသည် လောက​မှ​လူများ​နှင့် မည်သို့​ခြားနား​သနည်း။

ကမ္ဘာ့​ပြဿနာ​များ မကြာမီ ပြေ​ရှင်း​တော့​မည်​ကို ယုံကြည်​စိတ်ချမှု​ရှိ​ခြင်း။ သိပ္ပံ​နှင့်​နည်း​ပညာ​ဆိုင်ရာ ကျွမ်းကျင်​မှုများ​နှင့် အချို့​သော​ခေါင်းဆောင်​များ​၏ စိတ်ရင်းမှန်​သော​ကြိုးပမ်းမှု​များ​ရှိနေ​လျက်​နှင့် လက်ရှိ​အသက်တာ​ရှိ ကြီး​လေး​သော​ပြဿနာ​များ​ကို မဖြေရှင်း​နိုင်​သေး​ပေ။ ကမ္ဘာ့​စီးပွားရေး​ဖိုရမ်​ကို တည်ထောင်​ခဲ့​သူ က​လော့​စ် ရွှပ်ဘ်​က “ကမ္ဘာကြီး​ရင်ဆိုင်​နေရ​သော ပြဿနာ​များ​အရေအတွက်​သည် တိုးများ​လာ​လျက်​ရှိပြီး ယင်း​တို့ကို ဖြေရှင်းရန် ရရှိသည့်​အချိန်​မှာ​မူ နည်း​သည်ထက်​နည်းလာ​နေသည်” ဟု မကြာသေးမီ​က မှတ်ချက်ချ​ခဲ့​သည်။ “နိုင်ငံ​အားလုံး​ကို ထိခိုက်​နေသည့် အန္တရာယ်များ​ဖြစ်သော အကြမ်းဖက်မှု၊ ဝန်းကျင်​ပျက်ပြားမှု​နှင့် စီးပွားရေး​မတည်ငြိမ်မှု” တို့​အကြောင်း သူ​ပြော​ခဲ့​သည်။ ရွှပ်ဘ်​က ဤသို့​နိဂုံး​ချုပ်​ခဲ့​သည်– “ကမ္ဘာကြီး​ရင်ဆိုင်​နေရ​သော အဖြစ်မှန်​များ​အတွက် လူတို့သည် ယခင်​က​ထက် ယခု​ပို​၍ ပူးပေါင်း​ဆောင်ရွက်ရန်​နှင့် အလျင်အမြန် ဆုံးဖြတ်​လုပ်ကိုင်​ရန် လိုအပ်​နေသည်။” ၂၁ ရာစု​သည် ရှေ့သို့​ရွေ့လျား​နေသည်​နှင့်​အမျှ လူသား​တို့၏ အနာဂတ် ခြုံငုံ​အလားအလာ​မှာ စိတ်ပျက်ဖွယ်​ဖြစ်​နေဆဲ​ပင်။

၁၀ ယေဟောဝါ​သည် လူတို့၏​ပြဿနာ​အားလုံး​ကို ဖြေရှင်း​နိုင်​သည့် ဘုရားသခင့်​မေရှိယနိုင်ငံတော်​အစီအစဉ်ကို ဖွဲ့စည်း​တည်ထောင်​တော်​မူ​ခဲ့​ကြောင်း သိရ​သည်​မှာ အလွန်​စိတ်​ချမ်းသာ​စ​ရာ​ပင်။ ယင်း​အားဖြင့် စစ်မှန်သော​ဘုရားသခင်​သည် “စစ်မှု​ကို​ငြိမ်း​စေတော်မူ” မည်​ဖြစ်​ပြီး ငြိမ်သက်ခြင်း “ချမ်းသာ​များပြား” စေတော်မူ​လိမ့်​မည်။ (ဆာလံ ၄၆:၉; ၇၂:၇) ခန့်အပ်​ခံ​ဘုရင်​ယေရှု​ခရစ်​သည် ‘နွမ်းပါး​သူ၊ ခိုကိုးရာ​မရှိသော​သူနှင့် ဆင်းရဲသူ​ကို ညှဉ်းဆဲခြင်း​နှင့် ကြမ်းကြုတ်ခြင်း​၏​လက်​မှ ရွေးနုတ်​တော်​မူ’ လိမ့်​မည်။ (ဆာလံ ၇၂:၁၂-၁၄သမ္မာ) မေရှိယနိုင်ငံတော်​အုပ်စိုးမှု​အောက်တွင် အစာ​ရှားပါးမှု​များ ရှိတော့မည်​မဟုတ်ပေ။ (ဆာလံ ၇၂:၁၆) ယေဟောဝါ​သည် “[ကျွန်ုပ်] တို့၏​မျက်စိ​၌ မျက်ရည်​ရှိသမျှ​တို့ကို သုတ်တော်မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ။” (ဗျာ. ၂၁:၄) ထို​ဘုရားသခင့်​နိုင်ငံတော်​သည်  ကောင်းကင်​တွင်​တည်ထောင်​ပြီး​ဖြစ်​ကာ မကြာမီ ကမ္ဘာ​ပေါ်​ရှိ​ပြဿနာ​အားလုံး​ကို ဖြေရှင်းရန် လိုအပ်သော​အရေးယူ​ဆောင်ရွက်မှု​များ ပြုလုပ်​တော်​မူ​မည်။—ဒံယေလ ၂:၄၄၊ ၄၅; ဗျာ. ၁၁:၁၅

၁၁၊ ၁၂။ (က) သာယာမှု​နောက်လိုက်ခြင်း​က တည်မြဲသော​ပျော်ရွှင်မှု ရရှိစေ​သလော။ ရှင်းပြပါ။ (ခ) အဘယ်အရာက စစ်မှန်သော​ပျော်ရွှင်မှု ရရှိစေ​သနည်း။

၁၁ အဘယ်အရာက  စစ်မှန်သော​ပျော်ရွှင်မှု​ရရှိစေ​ကြောင်း သိရှိခြင်း။ စစ်မှန်သော​ပျော်ရွှင်မှု​ကို အဘယ်အရာက အမှန်တကယ် ရရှိစေ​သနည်း။ စိတ်​ပညာရှင်​တစ်ဦး​က ပျော်ရွှင်မှု​တွင် သာယာမှု၊ ပါဝင်​ပတ်သက်မှု (အလုပ်​နှင့် မိသားစု​အရေးကိစ္စ​ကဲ့သို့​သော တာဝန်​များ​တွင် ပါဝင်​လုပ်ဆောင်ခြင်း)၊ ရည်ရွယ်ချက် (ကိုယ်ကျိုး​ထက် သူတစ်ပါး​အကျိုးအတွက် အဓိက​ထား​လုပ်ဆောင်ခြင်း) ဟူသော အပိုင်း​သုံး​ပိုင်း​ပါဝင်​သည်​ဟု​ဆို​သည်။ ထို​သုံးခု​ထဲ​တွင် သာယာမှု​ကို အရေးမပါ​ဆုံး​စာရင်း​တွင်​ထည့်​ပြီး သူ​ဤသို့​ဆို​သည်– “ယင်းသည် မှတ်သားဖွယ်​ပင်။ အကြောင်း​မှာ လူများစွာ​သည် ဘဝတွင် သာယာမှု​ကို အဓိက​ထား​ကြသော​ကြောင့်​ဖြစ်သည်။” ထို​ကိစ္စ​နှင့်​ပတ်သက်​သည့် သမ္မာကျမ်းစာ​ရှုထောင့်​ကား အဘယ်နည်း။

၁၂ ရှေး​ဣသရေလ​ရှင်ဘုရင် ရှောလမုန်က ဤသို့​ဆို​သည်– ‘ငါသည် ကိုယ်​စိတ်နှလုံး​ထဲမှာ​ပြော​သည်​ကား “လာ​ပါ။ ရွှင်လန်းခြင်း​အားဖြင့် သင့်ကို​ငါ​စုံစမ်း​မည်။ သို့ဖြစ်၍ ကာ​မ​ဂုဏ်​၌​ပျော်မွေ့လော့” ဟု​ဆို​ရာ​တွင် ထို​အမှုအရာ​သည်လည်း အချည်းနှီး​ဖြစ်​လေ​၏။ ရယ်မော​ခြင်း​ကို “သင်သည်​အရူး​ဖြစ်၏” ဟူ၍လည်း​ကောင်း၊ ရွှင်လန်းခြင်း​ကို “အဘယ်ကြောင့် ဤသို့​ပြု​သနည်း” ဟူ၍လည်း​ကောင်း ငါ​ဆို​ရ၏။’ (ဒေ. ၂:၁၊ ၂) သမ္မာကျမ်းစာ​က သာယာမှု​မှ​ရသော ပျော်ရွှင်မှု​မှာ ခဏ​သာ​တည်​သည်​ဟု​ဆို​သည်။ အလုပ်​တွင် ပါဝင်​လုပ်ဆောင်မှု​နှင့်​ပတ်သက်​၍​ကော။ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​သည် ကျွန်ုပ်​တို့ ပါဝင်​လုပ်ဆောင်​နိုင်​သည့် အဓိပ္ပာယ်​အရှိဆုံး​အလုပ်​ဖြစ်သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) သမ္မာကျမ်းစာ​တွင်​ပါရှိ​သည့် အသက်ကယ်​သတင်းကို အခြားသူများ​အား ဝေမျှခြင်း​ဖြင့် ကျွန်ုပ်​တို့သည် မိမိ​ကိုယ်တိုင်​နှင့် နားထောင်သူ​တို့ကို​ပါ ကယ်တင်​နိုင်​သည့်​လုပ်ငန်း​တွင် ပါဝင်​နေကြ​သည်။ (၁ တိမောသေ ၄:၁၆) “ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်” များ​အနေ​နှင့် ‘ခံယူ​ခြင်း​အရာ​ထက် ပေးကမ်း​ခြင်း​အရာ​သည် ပို​၍​ပျော်ရွှင်မှု​ရှိ’ ကြောင်း ကျွန်ုပ်​တို့​တွေ့ကြုံ​ခံစားရ​သည်။ (၁ ကောရိန္သု ၃:၉သမ္မာ; တမန်​တော် ၂၀:၃၅သမ္မာ) ယင်း​အလုပ်​သည် ကျွန်ုပ်​တို့၏​ဘဝကို ပို​အဓိပ္ပာယ်​ရှိစေပြီး ဖန်ဆင်း​ရှင်​အား ကဲ့ရဲ့​သူ စာတန်​ကို ချေပ​နိုင်​စေ​သည်။ (သု. ၂၇:၁၁) ဘုရားသခင်​ဝတ်၌​မွေ့လျော်​ခြင်း​သည် စစ်မှန်​ပြီး​တည်မြဲသော ပျော်ရွှင်မှု​ရရှိစေ​ကြောင်း ယေဟောဝါ အမှန်တကယ်​ပြသ​တော်​မူ​ခဲ့ပြီ။—၁ တိမောသေ ၄:၈

၁၃။ (က) သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​သည် အဘယ်​နည်းဖြင့် ကျွန်ုပ်​တို့ကို ရွှင်လန်း​ဝမ်းမြောက်​စေသည့် ကောင်းချီး​တစ်ရပ်​ဖြစ်သနည်း။ (ခ) သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​မှ သင်​မည်သို့​အကျိုး​ရခဲ့​ပြီ​နည်း။

၁၃ အရေးပါ​ပြီး ထိရောက်​မှု​ရှိသည့် လေ့ကျင့်ရေး​အစီအစဉ်​ရှိ​ခြင်း။ ဂေ​ရ်​ဟာ့ထ်​သည် ယေဟောဝါသက်သေ​များ​၏​အသင်းတော်​တစ်ခု​တွင် အကြီးအကဲ​တစ်ဦး​အဖြစ် အမှုဆောင်​နေသည်။ သူ၏​လူငယ်​ဘဝ​အကြောင်း ဤသို့​ပြန်​ပြော​သည်– “လူငယ်​တစ်ယောက်​အနေ​နဲ့ စကားပြော​တဲ့​အခါ အခက်အခဲ​အများကြီး​ရှိခဲ့တယ်။ စိတ်ဖိစီး​လာပြီ​ဆိုရင် သဲသဲကွဲကွဲ​မပြော​နိုင်​တော့​တဲ့​အပြင် ထ​စ်​ထ​စ်ငေါ့​ငေါ့​လည်း​ဖြစ်လာ​တယ်။ ဒါ​ကြောင့် ကိုယ့်​ကိုယ်ကို နိမ့်ကျ​သိ​မ်ဖျင်း​တယ်လို့​ခံစား​ရပြီး စိတ်ဓာတ်ကျ​လာတယ်။ ကျွန်တော့်​မိဘတွေက စကားပြော​ပြုပြင်​လေ့ကျင့်ပေး​တဲ့​သင်တန်းတက်​ဖို့ စီစဉ်​ပေး​ပေမဲ့ အရာ​မထင်​ပါ​ဘူး။ ကျွန်တော့်​ပြဿနာ​က ခန္ဓာပိုင်း​ဆိုင်ရာ​မဟုတ်ဘဲ စိတ်ပိုင်း​ဆိုင်ရာ​ပြဿနာ​ဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါ​ရဲ့ အံ့ဖွယ်​ပြင်ဆင်​ပေး​ချက်​တစ်ခု​ဖြစ်​တဲ့ သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​ရှိတယ်။ အဲ့ဒီ​ကျောင်းတက်​လိုက်လို့ ကျွန်တော်​သတ္တိ​ရှိ​လာတယ်။ သိရှိ​လာတာ​တွေ​ကို လက်တွေ့​ကျင့်သုံး​ဖို့ အစွမ်းကုန်​ကြိုးစား​တယ်။ အဲ့​ဒါက တကယ်​ထိရောက်​မှု​ရှိတယ်။ စကား​ကို ရှင်းရှင်းလင်းလင်း ပြော​နိုင်​လာတယ်၊ စိတ်ဓာတ်​လည်း​မကျ​တော့​ဘူး၊ ဓမ္မ​အမှုမှာ​လည်း ပို​ရဲ​လာတယ်။ အခု​ဆို လူထု​ဟောပြောချက်​တွေ​တောင် ပေး​နေတယ်။ ဒီ​ကျောင်း​က ကျွန်တော့်​ဘဝ​အရည်အသွေးကို တိုးတက်စေ​တဲ့​အတွက် ယေဟောဝါ​ကို သိပ်​ကျေးဇူး​တင်​တယ်။” ယေဟောဝါ​၏​လုပ်ငန်းတော်​ကို ထမ်းဆောင်​နိုင်​ရန် ကိုယ်တော်​လေ့ကျင့်ပေး​မှု​ကြောင့် မ​ရွှင်လန်း​သင့်​ပေ​လော။

၁၄၊ ၁၅။ စိတ်သောက​ရောက်နေ​ချိန်​များ​တွင် အဘယ်​အကူအညီကို အသင့်​ရရှိနိုင်​သနည်း။ ဥပမာ​ပေး​ပါ။

၁၄ ယေဟောဝါ​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိခြင်း​နှင့် အပြည်ပြည်ဆိုင်ရာ ညီအစ်ကို​အသင်းအပင်း​၏ ထောက်မမှု​ရရှိ​ခြင်း။ ဂျာမနီ​နိုင်ငံ​တွင်​နေထိုင်​သော ကာ​ထ​ရီ​န်​သည် အရှေ့တောင်​အာရှ​တွင် ဖြစ်သွား​သည့် ပြင်းထန်သော​ငလျင်​နှင့် ဆူနာမီ​၏​ဆိုးကျိုး​များ​ကို ကြား​ရသော​ကြောင့် အလွန်​ထိတ်လန့်​တုန်လှုပ်​ခဲ့​သည်။ ယင်း​သို့ဖြစ်​ချိန်​တွင် သမီး​ဖြစ်သူ​သည် ထိုင်း​နိုင်ငံ​သို့ လည်ပတ်​ရောက်ရှိ​နေသည်။ သမီး​အသက်ရှင်နေ​ဆဲ​လော သို့​မဟုတ် ထိခိုက်​ဒဏ်ရာ​ရသူ၊ သေဆုံး​သူများ​တွင် ပါဝင်​သလော​ဟူသည်​ကို ၃၂ နာရီ​တိုင် သတင်း​မရရှိ​ခဲ့​ပါ။ နောက်ဆုံး သမီး​ဖြစ်သူ အန္တရာယ်ကင်း​ကြောင်း ဖုန်း​ဆက်​ပြော​ခံရသော​အခါ​မှ အလွန်​စိတ်သက်သာရာ​ရခဲ့​သည်။

၁၅ စိုးရိမ်စိတ်​ဖိစီး​သည့် ထို​အချိန်​များ​တစ်လျှောက် ကာ​ထ​ရီ​န်​ကို အဘယ်အရာက ထောက်ကူ​ပေး​ခဲ့​သနည်း။ သူ​ဤသို့​ရေးခဲ့​သည်– “အဲ့ဒီ​အချိန်​တစ်လျှောက်​လုံး​နီးပါး ယေဟောဝါ​ဆီ ကျွန်မ ဆုတောင်း​ခဲ့​တယ်။ အဲ့​ဒါက ကျွန်မ​ကို ဘယ်လောက်တောင် ခွန်အား​နဲ့​စိတ်​ငြိမ်သက်မှု​ပေး​တယ်​ဆိုတာ ခဏ​ခဏ​သတိပြုမိတယ်။ အဲ့ဒီ​အပြင် ချစ်ခင်​စ​ရာ​ကောင်း​တဲ့ ဝိညာဉ်​ရေး​ညီအစ်ကို​တွေ ကျွန်မ​ဆီ​ရောက်လာ​ပြီး အားပေးခဲ့​ကြတယ်။” (ဖိလိပ္ပိ ၄:၆၊ ၇) ယေဟောဝါ​ထံ​ဆုတောင်းခြင်း​နှင့် ဝိညာဉ်​ရေး​ညီအစ်ကို​များ​၏​နှစ်သိမ့်မှု​သာ မရှိဘဲ ဤ​စိတ်သောက​ရောက်ချိန်​တစ်လျှောက်​လုံး​ကို ဖြတ်သန်း​ရမည်​ဆိုပါ​က သူ၏​အခြေအနေ မည်မျှ​ဆိုး​လိုက်​မည်​ဖြစ်​ခြင်း! ယေဟောဝါ​နှင့် ကိုယ်တော့်​သားတော်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​အပြင် ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​နှင့် နီးကပ်​သော​ပေါင်းသင်းမှု​က တု​နှိုင်း​မမီ​သော ကောင်းချီး​တစ်ရပ်​ဖြစ်သည်။ ယင်းသည် အလွန်​အဖိုးတန်​သောကြောင့် ပေါ့ပေါ့တန်တန်​သဘော​မထားသင့်​ပေ။

၁၆။ ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်​၏ အကျိုးကျေးဇူး​ကို​ဖော်ပြ​သော တွေ့ကြုံမှု​တစ်ခု​ကို ဖော်ပြ​ပါ။

၁၆ ချစ်​မြတ်နိုး​ရသော သေလွန်သူ​တို့​နှင့် ပြန်လည်​ဆုံဆည်း​နိုင်​သည့် မျှော်လင့်ချက်​ရှိ​ခြင်း။ (ယောဟန် ၅:၂၈၊ ၂၉) မာ​တီး​ယပ်စ်​အမည်​ရှိသော လူငယ်​တစ်ဦး​သည် ယေဟောဝါသက်သေ​တစ်ဦး​အဖြစ် ကြီးပြင်း​လာ​ခဲ့​သည်။ သို့သော် သူ​ခံစားရ​သည့်​ကောင်းချီး​များ​ကို လေးမြတ်မှု​မရှိခြင်း​ကြောင့် ဆယ်ကျော်သက်​အရွယ်​တွင် ခရစ်ယာန်​အသင်းတော်​နှင့် တဖြည်းဖြည်း​ဝေးကွာ​သွားခဲ့သည်။ သူ ယခု ဤသို့​ရေး​သည်– “ကျွန်တော့်​အဖေနဲ့ တစ်ခါ​မှ လေးလေးနက်နက် စကား​မပြောဖူး​ဘူး။ နှစ်တွေ​တစ်လျှောက် ကိစ္စ​တော်​တော်​များများ​မှာ ကျွန်တော်​တို့ သဘောထား​မ​တိုက်ဆိုင်​ဘူး။ ဒါတောင် ကျွန်တော့်​ဘဝကို အဖေက အမြဲတမ်း​အကောင်းဆုံး​ဖြစ်စေချင်​တယ်။ အဖေ ကျွန်တော့်​ကို​သိပ်​ချစ်​မှန်း အဲ့ဒီ​တုန်း​က ကျွန်တော်​အသိအမှတ်​မပြု​ခဲ့​ဘူး။ ဒီလိုနဲ့ ၁၉၉၆ ခုနှစ်​မှာ​ပေါ့။ အဖေ​ဘေးနား​မှာ​ထိုင်၊ သူ့​လက်ကို​ကိုင်​ပြီး ရှိုက်ကြီးတငင်​ငို​ရင်း ကျွန်တော်​လုပ်ခဲ့တာ​တွေ​အားလုံး​အတွက် အရမ်း​စိတ်မကောင်း​ဖြစ်တယ်​ဆိုတာ​နဲ့ အဖေ့ကို သိပ်​ချစ်တယ်​ဆိုတာ​ကို ပြောပြ​ခဲ့​တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အဖေ​နေမကောင်း​ဖြစ်​ပြီး သတိလစ်​နေလို့ ကျွန်တော်​ပြော​တာတွေကို သူ​မကြား​တော့​ဘူး။ မကြာ​ပါ​ဘူး၊ အဖေ ဆုံးသွား​ရှာတယ်။ အဖေ ထမြောက်​လာချိန်​မှာ ကျွန်တော်​ရှိနေမယ်​ဆိုရင် အရင်က ကျွန်တော်​လုပ်ခဲ့တာ​တွေ​အတွက် ပြန်ပေး​ဆပ်​နိုင်​မှာ။ ပြီး​တော့ အခု​ဆိုရင် ကျွန်တော်​ဟာ အကြီးအကဲ​တစ်ယောက်​အဖြစ် အမှုဆောင်​နေပြီး ကျွန်တော်​တို့​ဇနီး​မောင်နှံဟာ ရှေ့ဆောင်​တွေ​အဖြစ်​အမှုဆောင်ဖို့ အခွင့်ထူး​ရရှိ​ထား​တယ်​ဆိုတာ အဖေ​သိ​ရင် သိပ်​ပျော်​မှာ သေချာတယ်။” ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်​သည် ကျွန်ုပ်​တို့အတွက် တကယ့်​ကောင်းချီး​တစ်ရပ်​ပင်!

“ထို​စည်းစိမ်​နှင့်​လည်း ဝမ်းနည်းခြင်း​အကြောင်းကို​ရောနှော​တော်​မ​မူ”

၁၇။ ယေဟောဝါ​၏​ကောင်းချီး​များ​ကို ဆင်ခြင်​သုံးသပ်ခြင်းက ကျွန်ုပ်​တို့ကို အဘယ်အရာ​ပြုလုပ်​စေ​သနည်း။

၁၇ ကောင်းကင်​ခမည်းတော်​နှင့်​ပတ်သက်​၍ ယေရှု ဤသို့​မိန့်ဆိုခဲ့သည်– “ကောင်းသော​သူ မကောင်းသော​သူတို့​အပေါ်​၌ ကိုယ်တော်​၏​နေကို ထွက်​စေတော်မူ​၏။ ဖြောင့်မတ်​သော​သူ မဖြောင့်မတ်​သော​သူတို့​အပေါ်​၌ မိုး​ကို​ရွာ​စေတော်မူ​၏။” (မဿဲ ၅:၄၅) ယေဟောဝါ​ဘုရားသခင်​သည် မဖြောင့်မတ်​သော​သူများ​နှင့် မကောင်းသော​သူများကို​ပင် ကောင်းချီး​ပေး​သည်​ဆိုလျှင် သမာဓိ​ရှိသည့်​လမ်းစဉ်တွင် လျှောက်လှမ်း​နေ​သူများကို သာ၍​ပေး​တော်​မူ​မည်​မဟုတ်လော! ဆာလံ ၈၄:၁၁ တွင် “ထာဝရ​အရှင်​ဘုရားသခင်​သည် . . . ဖြောင့်မတ်​စွာ​ကျင့်​သော​သူတို့အား ကောင်းသော​အရာ​ကို​ငြင်း​တော်​မ​မူ” ဟု​ဖော်ပြ​ထား​သည်။ ကိုယ်တော်​ကို ချစ်သော​သူတို့​အတွက် ကိုယ်တော်​ပြသ​သော အထူး​ဂရုစိုက်​မှု​နှင့် စိုးရိမ်မကင်း​ဖြစ်မှု​တို့ကို ဆင်ခြင်​သုံးသပ်​သောအခါ ကျွန်ုပ်​တို့၏​နှလုံးသား​သည် ကျေးဇူး​တင်​လေးမြတ်မှု၊ ဝမ်းသာ​ရွှင်လန်းမှု​တို့​ဖြင့် ပြည့်နေ​ပေ​သည်။

၁၈။ (က) ယေဟောဝါ​သည် ကိုယ်တော်​၏​ကောင်းချီး​နှင့် ဝမ်းနည်းခြင်း​ကို ရောနှော​တော်​မ​မူ​ကြောင်း မည်သို့​ပြော​နိုင်​သနည်း။ (ခ) ဘုရားသခင်​အပေါ် တည်ကြည်သူ​များစွာ​သည် အဘယ်ကြောင့် ဆင်းရဲ​ခက်ခဲ​မှုများ​ခံစား​ကြ​ရသနည်း။

၁၈ ယေဟောဝါ​၏​လူမျိုး​ကို ဝိညာဉ်​ရေး​အရ ကြွယ်ဝ​စေ​သည်​မှာ ‘ကိုယ်တော်​၏​ကောင်းချီး​မင်္ဂလာ’ ပင်​ဖြစ်သည်။ ယင်း​နှင့် “ဝမ်းနည်းခြင်း​အကြောင်းကို ရောနှော​တော်” မူ​မည်​မဟုတ်​ကြောင်းကို​လည်း ကျွန်ုပ်​တို့ ယုံကြည်​စိတ်ချ​သည်။ (သု. ၁၀:၂၂) သို့​ဆိုလျှင် ဘုရားသခင်​သည် ကိုယ်တော်​အပေါ် တည်ကြည်သူ​များ​ကို အလွန်​နာကျင်​ကြေကွဲ​စေသည့် စမ်းသပ်မှု​များနှင့် ခက်ခဲ​မှုများ​ကို အဘယ်ကြောင့် ကျရောက်​ခွင့်ပြု​ထား​သနည်း။ ကျွန်ုပ်​တို့သည် ခက်ခဲ​မှုများ​နှင့်​ဆင်းရဲခြင်း​ဝေဒနာ ခံစား​နေရ​ခြင်း​မှာ အောက်ပါ အကြောင်းရင်း​သုံးခု​ကြောင့်​ဖြစ်သည်။ (၁) ကျွန်ုပ်​တို့​ကိုယ်တိုင်​၏ အပြစ်ပြု​လို​သည့်​ဆန္ဒ။ (ကမ္ဘာဦး ၆:၅; ၈:၂၁; ယာကုပ် ၁:၁၄၊ ၁၅) (၂) စာတန်​နှင့်​သူ၏​နတ်ဆိုး​များ။ (ဧဖက် ၆:၁၁၊ ၁၂) (၃) ဆိုးသွမ်း​သည့်​လောက။ (ယောဟန် ၁၅:၁၉) ယေဟောဝါ​သည် မကောင်းသော​အရာများ​ကို ကျွန်ုပ်​တို့​အပေါ် ကျရောက်​ခွင့်ပြု​သော်လည်း ယင်း​တို့ကို ကိုယ်တော်​ဖြစ်ပေါ်​စေ​သည်မဟုတ်။ အမှန်​မှာ “ကောင်းမြတ်​စုံလင်သော ဆုကျေးဇူး​ရှိသမျှ​တို့သည် အလင်း​တို့၏​အဘ​ထံ​တော်​က သက်ရောက်​သည်​ဖြစ်၍ အထက်​အရပ်မှ​လာ​ကြ​၏။” (ယာကုပ် ၁:၁၇) ယေဟောဝါ​သည် ကိုယ်တော်​၏​ကောင်းချီး​များ​တွင် ဝမ်းနည်းခြင်း​ကို ရောနှော​တော်​မ​မူ​ပါ။

၁၉။ သမာဓိ​ရှိ​စွာ​လျှောက်လှမ်း​သူတို့​အတွက် အဘယ်အရာ​များ စောင့်ကြို​နေသနည်း။

၁၉ ဝိညာဉ်​ရေး​ကြွယ်ဝမှု​ခံစား​ရခြင်း​တွင် ဘုရားသခင်​ထံ​ချဉ်းကပ်​ခြင်း အမြဲ​ပါဝင်​သည်။ ကျွန်ုပ်​တို့သည် ကိုယ်တော်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ကို ပြုစု​ပျိုးထောင်​နေပါက ထာဝရ​အသက်​ဖြစ်သည့် “မှန်သော​အသက်ကို ဝင်စား​လို​သော​ငှာ၊ နောင်​ဘဝ​၌​ကောင်းသော​ဘဏ္ဍာ​ကို မိမိတို့​အဖို့ ဆည်းပူး” နေရာကျ​သည်။ (၁ တိမောသေ ၆:၁၂၊ ၁၇-၁၉) ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​အနာဂတ်​ကမ္ဘာသစ်​တွင် ဝိညာဉ်​ရေး​ကောင်းချီး​များ​အပြင် ရုပ်ပိုင်းဆိုင်ရာ​ကောင်းချီး​များ​ကို​ပါ ခံစား​ကြ​ရမည်​ဖြစ်သည်။ ထို​အချိန်တွင် ‘ယေဟောဝါ​၏​စကားတော်​ကို နားထောင်’ သူအား​လုံး မှန်သော​အသက် ရရှိကြ​ပေမည်။ (တရားဟောရာ ၂၈:၂) ထို့​ကြောင့် ခိုင်မာ​သော​စိတ်ပိုင်းဖြတ်​ချက်​ဖြင့် ဝမ်းမြောက်​ရွှင်လန်း​လျက် သမာဓိ​ရှိ​စွာ ဆက်လျှောက်​လှမ်း​ကြပါစို့။

သင်​အဘယ်အရာ သိရှိ​ခဲ့​သနည်း

• အနာဂတ်​ကို အာရုံစိုက်လွန်း​ခြင်း​က အဘယ်ကြောင့် ပညာ​မဲ့​ရာ​ကျ​သနည်း။

• အဘယ်​ကောင်းချီး​များ​ကို ကျွန်ုပ်​တို့ ယခု​ခံစား​နေရ​သနည်း။

• ဘုရားသခင်​အပေါ် တည်ကြည်သော​ကျေးကျွန်​များသည် အဘယ်ကြောင့် ဆင်းရဲ​ခက်ခဲ​မှုများ ခံစား​ကြ​ရသနည်း။

[လေ့လာ​ရန်​မေးခွန်းများ]