မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျန်းမာရေးချို့တဲ့မှုများကြား ပျော်ရွှင်စွာ အမှုဆောင်ခြင်း

ကျန်းမာရေးချို့တဲ့မှုများကြား ပျော်ရွှင်စွာ အမှုဆောင်ခြင်း

ဘဝ​အတ္ထုပ္ပတ္တိ

ကျန်းမာ​ရေး​ချို့တဲ့မှု​များ​ကြား ပျော်ရွှင်စွာ အမှုဆောင်ခြင်း

ဗာနဗ​ပ်စ် စ​ပက်​စ်​စီ​ယို​တ​စ္စ ပြောပြ​သည်

၁၉၉၀ ပြည့်နှစ်၊ ကျွန်တော် အသက် ၆၈ နှစ်မှာ ကြွက်သား​တွေ လုံးဝ​မ​လှုပ်ရှား​နိုင်​တော့​ဘူး။ဒါတောင် ဆိုက်ပရပ်စ်​ကျွန်း​မှာ အချိန်ပြည့်​ဧဝံဂေလိ​ဟောပြောသူ​အဖြစ် ပျော်ရွှင်စွာ​အမှုဆောင်ခဲ့​တာ အခု​ဆို ၁၅ နှစ်လောက်​ရှိနေပြီ။ ကျန်းမာ​ရေး​ချို့တဲ့မှု​တွေ​ကြား​က ယေဟောဝါ​ရဲ့​အမှုတော်မှာ တက်တက်ကြွကြွ ဆက်​ပါဝင်​နေဖို့​ဘယ်အရာ​က ကျွန်တော့်​ကို ခွန်​အားပေးခဲ့​သလဲ။

ယောက်ျားလေး,လေးယောက်​နဲ့ မိန်းကလေး​ငါး​ယောက်၊ စုစုပေါင်း  ကလေး​ကိုးယောက်​ရှိတဲ့  မိသားစု​ထဲမှာ ကျွန်တော်​မွေးဖွား​လာခဲ့တယ်၊  အချိန်​က​တော့  ၁၉၂၂၊ အောက်တိုဘာ​လ​ပေါ့။ ဆိုက်ပရပ်စ်​ကျွန်း​ပေါ်​က ဆီ​လို​ဖာ​ဂူး​ရွာမှာ ကျွန်တော်​တို့ နေထိုင်ကြ​တယ်။ ကျွန်တော့်​မိဘတွေက အတော်အသင့်​ချမ်းသာ​ကြ​ပေမဲ့ ဒီလောက်​ကြီး​တဲ့​မိသားစုကို ရှာဖွေ​ကျွေးမွေး​ဖို့ လယ်​မြေ​တွေ​မှာ ပင်ပင်ပန်းပန်း​အလုပ်လုပ်​ခဲ့​ရတယ်။

ကျွန်တော့်​အဖေ အန်​တို​န​စ္စ​က စာပေ​လေ့လာ​လိုက်စားသူ၊ စူးစမ်း​ချင်စိတ်​ရှိသူ​ဖြစ်တယ်။ ကျွန်တော့်​ကို​မွေး​ပြီး သိပ်​မကြာခင်​မှာ ရွာ​က​ကျောင်း​ဆရာ​ဆီ အဖေ သွားလည်​တုန်း ကျမ်းစာ​ကျောင်းသား​တွေ​လို့​ခေါ်​တဲ့ ယေဟောဝါသက်သေ​တွေ ထုတ်ဝေ​ထား​တဲ့ လူများ​အတွက်​တရားတော် ဝေစာ​ကို သတိပြုမိတယ်။ အဲ့​ဒါကို​အဖေ​ဖတ်​ပြီး အထဲမှာ​ပါ​တဲ့​အကြောင်း​တွေ​ကို စိတ်ဝင်စား​သွားတယ်။ ဒီလိုနဲ့​ပဲ အဖေနဲ့ အဖေ့​သူငယ်ချင်း အန်​ဒ​ရီး​ယပ်စ် ခရစ္စတူး​တို့​က ကျွန်း​ပေါ်မှာ ယေဟောဝါသက်သေ​တွေ​နဲ့ ဦးဆုံး​ပေါင်းသင်း​တဲ့​သူတွေ​ဖြစ်လာ​တယ်။

ဆန့်ကျင်မှု​ကြား တိုးပွား

အချိန်တန်​တော့ ယေဟောဝါသက်သေ​တွေ​ဆီက သမ္မာကျမ်းစာ​အခြေပြု စာပေ​တွေ​ကို အဖေ​တို့​နှစ်ယောက် ပို​ရရှိ​လာကြတယ်။ မကြာခင် သိရှိလာတဲ့ ကျမ်းစာ​အမှန်တရား​တွေ​အကြောင်း ရွာသား​တွေ​ကို ပြောပြ​ဖို့ အဖေနဲ့​အန်​ဒ​ရီး​ယပ်စ်​တို့ လှုံ့ဆော်​ခံ​ခဲ့​ရတယ်။ ယေဟောဝါ​သက်သေတွေကို အန္တရာယ်​ရှိသူတွေ​လို့ ယူဆတဲ့ ဂရိသြသဒေါက်စ်​ဘုန်းကြီး​နဲ့ တခြား​လူတွေက အဖေ​တို့​ရဲ့ ဟောပြောခြင်း​လုပ်ငန်း​ကို အကြီးအကျယ်​ဆန့်ကျင်​ကြတယ်။

ဒါပေမဲ့ ရွာသား​အတော်များများ​က​တော့ အဲ့ဒီ​ကျမ်းစာ​ဟောပြောသူ​နှစ်ယောက်ကို မလေးစား​ဘဲ​မနေ​နိုင်ဘူး။ အဖေက ကြင်နာ​ပြီး​ရက်ရောတဲ့​အတွက် လူသိ​များတယ်။ ဆင်းရဲ​တဲ့​မိသားစု​တွေ​ကို မကြာခဏ ကူညီ​ပေးလေ့​ရှိတယ်။ တစ်ခါ​တ​လေ ည​ကြီး​မိုးချုပ် အိမ်ကနေ တိတ်တိတ်လေး​ထွက်သွား​ပြီး ဆင်းရဲ​တဲ့​မိသားစု​တွေ​ရဲ့​အိမ်ရှေ့မှာ ဂျုံ​တို့၊ ပေါင်မုန့်​တို့ သွား​ထား​ပေး​တတ်တယ်။ ဒီလို ကိုယ်ကျိုး​မ​ရှာ​တဲ့​ခရစ်ယာန်​အမူအကျင့်​ကြောင့် အဖေ​တို့​နှစ်ယောက်​ရဲ့ သတင်း​စကား​က ပို​ပြီး​နှစ်သက်စရာ​ဖြစ်လာ​တယ်။—မဿဲ ၅:၁၆

ရလဒ်အနေနဲ့ ကျမ်းစာ​သတင်းတရားကို လူ​တစ်ဒါဇင်​လောက် စိတ်ဝင်တစား​လက်ခံခဲ့​ကြတယ်။ အမှန်တရားကို သူတို့​နားလည်​လာတာ​နဲ့​အမျှ သမ္မာကျမ်းစာ​ကို အုပ်စု​လိုက်လေ့​လာဖို့ အိမ်တွေမှာ​စုဝေး​ရမယ်ဆိုတာ သိလာတယ်။ ၁၉၃၄ ခုနှစ်​လောက်​မှာ ဆိုက်ပရပ်စ်​ကို ဂရိ​နိုင်ငံ​က အချိန်ပြည့်​အမှုဆောင် နီ​ကော​စ် မယ်​သာ​အဲ​က​စ် ရောက်လာ​ပြီး ဆီ​လို​ဖာ​ဂူး​ရွာ​က အုပ်စု​လေး​နဲ့ တွေ့ဆုံ​ခဲ့​တယ်။ ညီအစ်ကို​မယ်​သာ​အဲ​က​စ်​ဟာ အုပ်စု​လေး​ကို စနစ်တကျ​ဖွဲ့စည်း​စီစဉ်​ပေး​ပြီး ကျမ်းစာ​ကို ပို​ပြီး​နားလည်​နိုင်အောင် ဇွဲရှိ​ရှိ၊ စိတ်ရှည်ရှည်​နဲ့ ကူညီ​ပေး​ခဲ့​တယ်။ အဲ့ဒီ​အုပ်စု​လေး​ဟာ ဆိုက်ပရပ်စ်​ကျွန်း​မှာ ယေဟောဝါသက်သေ​တွေ​ရဲ့ ပထမ​ဆုံး​အသင်းတော်​ဖြစ်လာ​တယ်။

ခရစ်ယာန်​လုပ်ငန်း​တိုးတက်လာ​ပြီး ကျမ်းစာ​အမှန်တရားကို လူတွေ​ပို​လက်ခံ​လာတာ​နဲ့​အမျှ အစည်းအဝေးတွေ​ကျင်းပ​ဖို့ အတည်တကျ​နေရာတစ်ခု​လိုအပ်​တယ်လို့ ညီအစ်ကို​တွေ ယူဆကြတယ်။ ကျွန်တော့်​အစ်ကို​အကြီးဆုံး ဂျော့ဂျ်​နဲ့ သူ့​ဇနီး အယ်​လ​နီ​တို့​က ကျီ​အဖြစ် သူတို့​အသုံးပြုတဲ့​အခန်း​ကို ပေး​ကြတယ်။ သူတို့​အိမ်နဲ့​ကပ်လျက် အဲ့ဒီ​နေရာ​လေး​ကို ပြန်​ပြုပြင်​လိုက်​တော့ အစည်းအဝေး​ကျင်းပ​ဖို့ သင့်တော်​တဲ့​နေရာ ဖြစ်လာ​တယ်။ ဒီလိုနဲ့ ကျွန်း​ပေါ်မှာ ပထမ​ဆုံး ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ကို ပိုင်ဆိုင်​လာ​ရတဲ့​အတွက် သူတို့ သိပ်​ကျေးဇူး​တင်​ခဲ့​ကြတယ်။ ဒါက နောက်ထပ်​တိုးပွား​လာ​ဦး​မယ်​ဆိုတာ သက်သေပြ​လိုက်တာပဲ!

အမှန်တရားကို ကိုယ်ပိုင်​ဖြစ်စေ​ခြင်း

၁၉၃၈ ခုနှစ်၊ ကျွန်တော့်​အသက် ၁၆ နှစ်မှာ လက်သမား​လုပ်ဖို့ ဆုံးဖြတ်​ခဲ့​တယ်။ ဒါ​ကြောင့် အဖေက ကျွန်တော့်​ကို ဆိုက်ပရပ်စ်​ကျွန်း​ရဲ့​မြို့တော်  နီ​ကို​စီ​ယာ​ကို  ပို့​ခဲ့​တယ်။ ဒါ့အပြင် ရှေ့ရေး​ကို​ကြို​စဉ်းစား​ပြီး နီ​ကော​စ် မယ်​သာ​အဲ​က​စ်​နဲ့​အတူ​နေဖို့ စီစဉ်​ပေး​တယ်။ အဲ့ဒီ​တည်ကြည်​တဲ့​ညီအစ်ကို​ရဲ့ ဇွဲ​ထက်သန်မှု​နဲ့ ဧည့်ဝတ်​ကျေပွန်​မှု​တို့​ကြောင့် ကျွန်း​ပေါ်​က လူ​အတော်များများ​က သူ့ကို​အမှတ်​ရ​နေတုန်းပဲ။ သူ့ရဲ့​ထင်ရှား​လှတဲ့ စိတ်အား​ထက်သန်မှု​နဲ့ မြဲမြံ​တဲ့​သတ္တိ​က အဲ့ဒီ​အစောပိုင်း​နှစ်​တစ်လျှောက် ဆိုက်ပရပ်စ်​မှာ​ရှိတဲ့ ခရစ်ယာန်​တိုင်း လိုအပ်​တဲ့​အရည်အသွေးတွေ​ဖြစ်တယ်။

ညီအစ်ကို​မယ်​သာ​အဲ​က​စ်​က အခြေခံ​ကျမ်းစာ​အသိပညာ​ရဖို့​နဲ့ ဝိညာဉ်​ရေး​တိုးတက်​ဖို့ ကျွန်တော့်​ကို အများကြီး​ကူညီ​ပေး​ခဲ့​တယ်။ သူနဲ့အတူ​နေခဲ့​ချိန်မှာ သူ့​အိမ်မှာ​ကျင်းပ​တဲ့ အစည်းအဝေး​အားလုံး​ကို ကျွန်တော်​တက်​ခဲ့​တယ်။ ယေဟောဝါ​ကို ပို​ပြီး​ချစ်​မြတ်နိုး​လာတယ်လို့ ပထမ​ဆုံး​အကြိမ် ကျွန်တော်​ခံစား​ခဲ့​ရတယ်။ အဲဒီ​နောက်ပိုင်း ဘုရားသခင်​နဲ့ ဆက်ဆံ​ရေး​ပို​ကောင်း​လာတယ်။ လ​နည်းနည်း​ကြာ​တော့ လယ်ကွင်း​လုပ်ငန်းမှာ ပါဝင်​လို့​ရမလား​ဆိုပြီး ညီအစ်ကို​မယ်​သာ​အဲ​က​စ်​ကို ခွင့်​တောင်း​ခဲ့​တယ်။ အဲ့​ဒါက ၁၉၃၉ ခုနှစ်​မှာ။

အချိန်​နည်းနည်း​ကြာ​တော့ မိသားစု​ဆီ​လည်ပတ်​ဖို့ အိမ်ပြန်​ခဲ့​တယ်။ အဖေနဲ့​အတူ​ခဏ​နေရ​လို့ အမှန်တရား​နဲ့ ဘဝ​အဓိပ္ပာယ်​ကို ရှာတွေ့ပြီ​ဆို​တဲ့ ကျွန်တော့်​ယုံကြည်​စိတ်ချမှု ပို​ခိုင်မာ​လာတယ်။ ၁၉၃၉ ခုနှစ်၊ စက်တင်ဘာ​လမှာ ဒုတိယ​ကမ္ဘာ​စစ် စ​ပါ​လေ​ရော။ ကျွန်တော့်​အရွယ်​လူငယ်တွေ စစ်​ထဲ​ဝင်​ခဲ့​ကြ​ပေမဲ့ ကျွန်တော်​က​တော့ ကျမ်းစာ​လမ်းညွှန်ချက်​အတိုင်း ကြားနေ​ဖို့ ဆုံးဖြတ်​ခဲ့​တယ်။ (ဟေရှာယ ၂:၄; ယောဟန် ၁၅:၁၉) အဲ့ဒီ​နှစ်မှာ​ပဲ ကျွန်တော့်​ကိုယ်ကို ယေဟောဝါ​ဆီ အပ်နှံ​ပြီး ၁၉၄၀ ပြည့်နှစ်​မှာ နှစ်ခြင်း​ခံ​ခဲ့​တယ်။ လူကို​ကြောက်စရာ​မလို​တော့​ဘူးလို့ ပထမ​ဆုံး​အကြိမ်​ခံစား​ခဲ့​ရတယ်။

၁၉၄၈  ခုနှစ်​မှာ  အက်ဖ်​ပ​ရာ​ပီ​ယာ​နဲ့​လက်ထပ်ခဲ့​တယ်။ သားသမီး​လေးယောက် ထွန်းကား​ခဲ့​တယ်။ ကလေး​တွေ​ကို ‘ယေဟောဝါ​ရဲ့ ပဲ့ပြင်​ဆုံးမခြင်း​နဲ့ စိတ်သဘော​တော်​နဲ့​အညီ’ ပြုစု​ပျိုးထောင်​ပေး​နိုင်​ဖို့ အလုပ်​ကြိုးစား​လုပ်ရမယ်​ဆိုတာ ကျွန်တော်​တို့​သိလာတယ်။ (ဧဖက် ၆:၄) သူတို့လေးတွေ ယေဟောဝါ​ကို နက်နက်ရှိုင်းရှိုင်း​ချစ်​ဖို့၊ ကိုယ်တော့်​ပညတ်​နဲ့​မူတွေကို လေးစား​တတ်​ဖို့ ကျွန်တော်​တို့​အဓိက​ထား​ဆုတောင်း​ပြီး ကြိုးစား​အားထုတ်ခဲ့တယ်။

ကျန်းမာ​ရေး​ပြဿနာ​များ​က စိန်ခေါ်ချက်

၁၉၆၄ ခုနှစ်၊ ကျွန်တော့်​အသက် ၄၂ နှစ်မှာ ညာဘက်​လက်နဲ့​ခြေထောက် ထုံ​ကျင်​တာ​ကို ခံစား​ခဲ့​ရတယ်။ တဖြည်းဖြည်း​နဲ့ ဘယ်ဘက်​ကို​ကူး​လာတယ်။ တစ်ကိုယ်လုံး​မ​လှုပ်ရှား​နိုင်အောင်​ဖြစ်စေ​မယ့် ကု​လို့​မရတဲ့ ကြွက်သား​ကျုံ့​ရောဂါ​ဖြစ်နေပြီ​ဆိုတာ သိခဲ့ရတယ်။ အဲ့ဒီ​သတင်း​ကြောင့် ကျွန်တော် အရမ်း​တုန်လှုပ်​သွားတယ်။ အဖြစ်အပျက်​တွေ​က လုံးဝ​မျှော်လင့်​မထား​ဘဲ မြန်ဆန်​လိုက်တာ! ‘ငါ့​ကျ​မှ ဘာကြောင့်​ဒီလို​ဖြစ်​ရတာလဲ၊ ငါ  ဘာများ​လုပ်ခဲ့လို့​လဲ’ ဆိုပြီး​တွေး​ရင်း ဒေါသ​အရမ်း​ထွက်​ခဲ့​တယ်။ တဖြည်းဖြည်း​နဲ့ ရောဂါ​ဖြစ်​စ​ကလို တုန်လှုပ်​မှု​တွေ​မရှိတော့​ပေမဲ့ စိုးရိမ်မှု​နဲ့ မသေချာ​မရေရာမှု​တွေ​က ကျွန်တော့်​ကို လွှမ်းမိုး​လာ​ပြန်​တယ်။ ကျွန်တော့်​စိတ်​ထဲမှာ မေးစရာတွေ တ​သီ​တ​တန်း​ကြီး​ပေါ်လာ​တော့​တယ်။ ကျွန်တော့်​တစ်ကိုယ်လုံး လှုပ်ရှား​လို့​မရတော့ဘဲ တခြား​သူတွေကို လုံးဝ​မှီခို​အားထား​ရတော့​မှာ​လား။ အဲ့​ဒါကို ဘယ်လို​ရင်ဆိုင်​ဖြေရှင်း​မလဲ။ ကျွန်တော့် ဇနီး​နဲ့​သားသမီး​လေးယောက်ကို ရှာကျွေး​နိုင်​ပါ့​မလား။ အဲ့ဒီ​အတွေး​တွေ​နဲ့ စိုးရိမ်​နေတယ်။

ကျွန်တော့်​ဘဝရဲ့ ဒီ​အခက်ခဲဆုံး​အချိန်​မှာ ယေဟောဝါ​ဆီ​ဆုတောင်း​ပြီး စိုးရိမ်​ပူပန်မှု​အားလုံး​ကို တကယ့်​စိတ်ရင်းမှန်​နဲ့​ရင်ဖွင့်​ဖို့ အရင်ကထက်​ပို​လိုအပ်​တယ်လို့ ခံစား​ခဲ့​ရတယ်။ အဲဒါ​ကြောင့် နေ့ရောညပါ မျက်ရည်ကျ​ပြီး ဆုတောင်း​ခဲ့​တယ်။ မကြာခင် စိတ်သက်သာရာ​ရတယ်လို့ ခံစား​ရတယ်။ ဖိလိပ္ပိ ၄:၆၊ ၇ မှာ “အဘယ်​အမှုကို​မျှ စိုးရိမ်ခြင်း​မရှိဘဲ အရာရာ၌ ကျေးဇူးတော်​ကို ချီးမွမ်း​ခြင်း​နှင့်​တကွ ဆုတောင်း . . . သော​အားဖြင့် သင်တို့​တောင်းပန်​လို​သော​အရာများ​တို့ကို ဘုရားသခင်​အား ကြားလျှောက်​ကြလော့။ ထို​သို့ပြုလျှင် အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည် ယေရှု​ခရစ်​အားဖြင့် သင်တို့၏​စိတ်နှလုံး​တို့ကို စောင့်မ​လိမ့်​မည်” ဆို​တဲ့ နှစ်သိမ့်​စကား​တွေ​က တကယ်​မှန်ကန်​ခဲ့​တယ်။

ကြွက်သား​များ မ​လှုပ်ရှား​နိုင်​ခြင်း​ကို​ရင်ဆိုင်​ဖြေရှင်း

ကျွန်တော့်​အခြေအနေ​က ပို​ပို​ဆိုး​လာတယ်။ အခြေအနေ​သစ်​နဲ့​အညီ ပြုပြင်​ပြောင်းလဲမှု​တွေ အမြန်​လုပ်ရမယ်​ဆိုတာ ကျွန်တော် နားလည်တယ်။ လက်သမား မ​လုပ်နိုင်​တော့​တဲ့​အတွက် ကျွန်တော့်​ကျန်းမာ​ရေး​အခြေအနေ​နဲ့ ကိုက်ညီ​ပြီး မိသားစုကို​ထောက်ပံ့​နိုင်​မယ့် ကာယ​ခွန်အား သိပ်​မစိုက်​ထုတ်ရ​တဲ့ အလုပ်​မျိုး​ရှာ​ဖို့ ဆုံးဖြတ်​လိုက်တယ်။ ပထမ​တော့ ဗန်ကား​လေး​နဲ့ ရေခဲမုန့်​ရော​င်း​ခဲ့​တယ်။ ဘီးတပ်​ကုလားထိုင်​ပေါ်​ထိုင်​ဖို့ လို​လာတဲ့​အချိန်အထိ ခြောက်​နှစ်လောက် အဲ့ဒီ​အလုပ်​လုပ်ခဲ့တယ်။ အဲ့ဒီ​နောက် ကျွန်တော်​လုပ်နိုင်​မယ့် တခြား​ပေါ့ပါး​တဲ့​အလုပ်​အမျိုးမျိုးကို ပြောင်း​လုပ်ခဲ့တယ်။

၁၉၉၀ ပြည့်နှစ်​မှာ ဘယ်​ဝမ်းစာရှာ​အလုပ်ကို​မှ မ​လုပ်နိုင်​တော့​တဲ့​အထိ ကျန်းမာ​ရေး​အခြေအနေ ဆုတ်ယုတ်​လာတယ်။ အခုတော့ ကျန်းမာ​တဲ့​လူတစ်ယောက် ပုံမှန်​လုပ်နေကျ​အလုပ်တွေကို လုပ်နိုင်ဖို့​တောင် တခြား​သူတွေကို​ပဲ အားကိုး​နေ​ရတယ်။ အိပ်ရာ​ဆီ​သွားဖို့၊ ဆေးကြော​သန့်စင်​ဖို့၊ အဝတ်​ဝတ်ဖို့ တခြား​သူတွေရဲ့ အကူအညီ​လိုအပ်​တယ်။ ခရစ်ယာန်​အစည်းအဝေးတွေ​တက်​ဖို့ ကျွန်တော့်​ဘီးတပ်​ကုလားထိုင်​ကို ကား​ရှိတဲ့​နေရာဆီ​တွန်း​သွားပေး​ရတယ်၊ ကား​ပေါ်​ကို တင်​ပေး​ရတယ်။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ရောက်တော့ ကျွန်တော့်​ကို ကား​ပေါ်​က​ချ၊ ဘီးတပ်​ကုလားထိုင်​ပေါ် တင်​ပေး​ပြီး အထဲ​ကို တွန်း​သွားပေး​ရတယ်။ အစည်းအဝေး​ချိန်​တစ်လျှောက် ခြေထောက်​တွေ​နွေး​နေဖို့ ကျွန်တော့်​ဘေးမှာ လျှပ်စစ်​အပူ​ပေး​စက်​ထား​ပေး​ရတယ်။

တစ်ကိုယ်လုံး​မ​လှုပ်​နိုင်​တော့​ပေမဲ့ အစည်းအဝေး​အားလုံး​ကို မှန်မှန်​တက်တယ်။ အဲ့ဒီ​နေရာမှာ ယေဟောဝါ​သွန်သင်ပေး​နေတယ်​ဆိုတာ ကျွန်တော် သဘောပေါက်​တယ်၊ ဒါ့အပြင် ဝိညာဉ်​ရေး​ညီအစ်ကို​ညီအစ်မ​တွေ​နဲ့​အတူ​ရှိနေတာ​က တကယ့်ကို​လုံခြုံ​ပြီး အားရှိစေတယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဝိညာဉ်​ရေး​ရင့်ကျက်တဲ့ ယုံကြည်သူချင်းတွေရဲ့ မှန်မှန်​လည်ပတ်မှု​တွေ​က အမြဲ​ထောက်ကူ​ပေး​တယ်။ “အကျွန်ုပ်​ခွက်ဖလား​သည် လျှံ​လျက်​ရှိပါ၏” လို့​ပြော​ခဲ့​တဲ့ ဆာလံဆရာ​ဒါဝိဒ်လို ကျွန်တော် တကယ်​ခံစား​ရတယ်။—ဆာလံ ၂၃:၅

အဲ့ဒီ​နှစ်တွေ​တစ်လျှောက်​လုံး​မှာ ကျွန်တော့်​ရဲ့ ချစ်​ဇနီး​က သိပ်​ကောင်း​တဲ့​အထောက်အမ​ပါ​ပဲ။ သားသမီးတွေလည်း စိတ်ရောကိုယ်ပါ​ကူညီ​ပေး​ကြတယ်။ ကျွန်တော့်​ရဲ့​နေ့စဉ်​လိုအပ်ရာ​တွေ​ကို သူတို့​ကူညီ​ဖြည့်ဆည်း​ပေး​ခဲ့​တာ နှစ်ပေါင်း​များစွာ​ရှိပြီ။ ဒီလိုလုပ်​ဆောင်ပေး​ရတာ သူတို့​အတွက် မလွယ်​လှ​ဘူး။ တစ်နှစ်​ပြီး​တစ်နှစ်​ကုန်​သွား​လေ ကျွန်တော့်​ကို ပြုစု​စောင့်ရှောက်​ဖို့ ပို​ခက်​လာ​လေ​ပဲ။ စိတ်ရှည်​ပြီး အနစ်နာခံ​တဲ့​နေရာမှာ သူတို့က တကယ်​စံပြ​ပဲ၊ သူတို့ကို ယေဟောဝါ ဆက်​ကောင်းချီး​ပေး​ပါစေ​လို့ ကျွန်တော် ဆုတောင်းပေး​တယ်။

ယေဟောဝါ​ရဲ့​ကျေးကျွန်​တွေ​ကို ထောက်​မပေးဖို့ ကိုယ်တော်​ရဲ့ ကောင်းမွန်​လှတဲ့ နောက်ထပ်​ပြင်ဆင်​ပေး​ချက်​တစ်ခု​က​တော့ ဆုတောင်းခြင်း​ဖြစ်တယ်။ (ဆာလံ ၆၅:၂) ကျွန်တော်​ရဲ့ လှိုက်လှိုက်လှဲလှဲ​ဆုတောင်းချက်​တွေ​ကို နားညောင်း​တဲ့​အနေ​နဲ့ ဒီ​နှစ်တွေ​တစ်လျှောက် ယုံကြည်ခြင်း​မှာ​ဆက်​မြဲ​နေနိုင်​ဖို့ ယေဟောဝါ ခွန်​အားပေးခဲ့တယ်။ အထူးသဖြင့် ကျွန်တော် စိတ်ပျက်​အားငယ်​နေချိန်မှာ ဆုတောင်းခြင်း​က သက်သာမှု​ပေး​ပြီး ဆက်​ပျော်ရွှင်​နေ​အောင် ကူညီ​ပေး​တယ်။ ယေဟောဝါ​နဲ့ အမြဲ​ဆက်သွယ်​နေခြင်း​က ကျွန်တော့်​ကို လန်းဆန်း​စေပြီး ဆက်ခံ​ရပ်​မယ်​ဆို​တဲ့ သန္နိ​ဋ္ဌာန်​ကို အားသစ်လောင်း​ပေး​တယ်။ ကိုယ်တော့်​ကျေးကျွန်​တွေ​ရဲ့​ဆုတောင်းချက်​တွေ​ကို ယေဟောဝါ​နားညောင်း​ပြီး သူတို့​လိုအပ်​တဲ့ စိတ်​ငြိမ်သက်မှု​ကို​ပေး​တယ်​ဆိုတာ ကျွန်တော် လုံးဝ​ယုံကြည်​စိတ်ချ​တယ်။—ဆာလံ ၅၁:၁၇; ၁ ပေတရု ၅:၇

အဲ့​ဒါတွေ​ထက် ဘုရားသခင့်​သားတော် ယေရှုခရစ်ရဲ့​နိုင်ငံတော်​အုပ်ချုပ်မှု​အောက် ပရဒိသု​မှာ​နေထိုင်ခွင့်​ရသူ​အားလုံး​ကို ကိုယ်တော် အပြီးသတ်​ကုစား​ပေး​မယ်​ဆိုတာ သတိရ​တိုင်း ပြန်​အားရှိ​လာတယ်။ အဲဒီ​အံ့ချီးဖွယ်​မျှော်လင့်ချက်ကို တွေးမိ​လေ​တိုင်း ဝမ်းသာ​မျက်ရည်ကျခဲ့​ရတာ အကြိမ်ကြိမ်​ပါ​ပဲ။—ဆာလံ ၃၇:၁၁၊ ၂၉; လုကာ ၂၃:၄၃; ဗျာ. ၂၁:၃၊ ၄

အချိန်ပြည့်​အမှုဆောင်​အဖြစ်​ထမ်းဆောင်ခြင်း

၁၉၉၁ ခုနှစ်​လောက်​မှာ ကျွန်တော့်​အခြေအနေ​ကို ဆန်းစစ်​ပြီး​တဲ့​နောက် တန်ဖိုး​ရှိ​လှတဲ့ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောခြင်း​လုပ်ငန်းမှာ အလုပ်​များနေ​တာ​က ကိုယ့်​ကိုယ်ကို​သနား​တဲ့​အဖြစ်မျိုး​ကို ရှောင်​ဖို့ အကောင်းဆုံးနည်းဖြစ်​တယ်​ဆိုတာ  ကျွန်တော် နားလည်ခဲ့​တယ်။ အဲ့ဒီ​နှစ်မှာ​ပဲ အချိန်ပြည့်​အမှုဆောင်​အနေ​နဲ့ ထမ်းဆောင်​ခဲ့​တယ်။

ကျွန်တော်​က  မသန်စွမ်း​သူ​တစ်ယောက်​ဆိုတော့  အများအားဖြင့် စာရေး​ပြီး​ပဲ သက်သေခံ​တယ်။ ဒါပေမဲ့ စာရေး​တာ ကျွန်တော့်​အတွက် မလွယ်ကူ​ဘူး၊ အတော်​အားစိုက်ထုတ်​ရတယ်။ ကျွန်တော့်​လက်တွေ​က ကြွက်သား​ကျုံ့​ရောဂါဒဏ်​ကြောင့် ဘောပင်ကို​မြဲ​အောင် မကိုင်​နိုင်ဘူး။  ဒါပေမဲ့  ဇွဲ​မလျှော့​တာ၊ ဆုတောင်း​တာ​တွေ​ကြောင့် အခု​ဆို ၁၅ နှစ်​ကျော်​ကျော် စာရေး​သက်သေ​ခံနိုင်​ခဲ့ပြီ။ ဒါ့အပြင် ဖုန်း​ဆက်​ပြီး​တော့​လည်း သက်သေခံ​တယ်။ အိမ်​လာလည်တဲ့ ဆွေမျိုး​တွေ၊ မိတ်ဆွေတွေနဲ့ အိမ်နီးချင်းတွေကို ကမ္ဘာသစ် မျှော်လင့်ချက်​အကြောင်း ပြောပြ​နိုင်​တဲ့ အခွင့်အရေး တစ်ခါ​မှ လက်လွတ်​မခံ​ဘူး။

ဒါ​ကြောင့် အားရှိစရာ​တွေ့ ကြုံ​မှု​တွေ အများကြီး​ရရှိခဲ့တယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်​က ကျွန်တော်​နဲ့​ကျမ်းစာ​ဖတ်​ခဲ့​တဲ့ မြေး​တစ်ယောက် ဝိညာဉ်​ရေး​မှာ​တိုးတက်လာ​ပြီး ကျမ်းစာ​အမှန်တရားကို လေးမြတ်မှု​တင်ပြ​လို့ အရမ်း​ဝမ်းသာ​ခဲ့​ရတယ်။ သူ့ရဲ့ ကျမ်းစာ​နဲ့​လေ့ကျင့်​ထား​တဲ့ ကိုယ်ကိုကိုယ်သိစိတ်​ကြောင့် ခရစ်ယာန်​ကြားနေ​မှု​ကိစ္စ​မှာ သူ​သမာဓိ​တည်ကြည်​ခဲ့​တယ်။

ကျွန်တော် စာရေး​ပြီး​သက်သေခံ​လိုက်တဲ့​သူတွေက ကျမ်းစာ​အကြောင်း​ပို​သိချင်​လို့ ဆက်သွယ်​လာတဲ့အခါ ကျွန်တော်​သိပ်​စိတ်​ချမ်းသာ​တာ​ပဲ။ တချို့​ဆိုရင် ကျမ်းစာ,စာပေ​တွေ​ကို မကြာမကြာ တောင်း​ကြတယ်။ ဥပမာ၊ အမျိုးသမီး​တစ်ယောက်​က သူ့​ခင်ပွန်း​ဆီ ကျွန်တော် အားပေးစာ​ရေး​တဲ့​အတွက် ကျေးဇူး​တင်​ကြောင်း ဖုန်း​ဆက်​ပြော​တယ်။ စာ​ထဲမှာ​ပါ​တဲ့​အကြောင်း​တွေ​ကို သူ​သိပ်​စိတ်ဝင်စား​တယ်။ အဲ့​ဒါ​ကြောင့် သူတို့​ဇနီး​မောင်နှံ​နဲ့ ကျွန်တော့်​အိမ်မှာ ကျမ်းစာ​အကြောင်း အတော်​ဆွေးနွေး​ဖြစ်​ခဲ့​တယ်။

တောက်ပ​သော မျှော်လင့်ချက်

နှစ်တွေ​တစ်လျှောက် ဒီ​ဒေသမှာ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​အရေအတွက် တိုးများ​လာတာ  တွေ့မြင်ခဲ့​ရတယ်။ ကျွန်တော့်​အစ်ကို ဂျော့ဂျ်​ရဲ့​အိမ်ဘေး​က ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​လေး​ကို အကြိမ်ကြိမ် တိုးချဲ့​ပြုပြင်​ခဲ့​ရတယ်။ အဲဒီ​လှပတဲ့​ဝတ်ပြုရာ​နေရာကို ယေဟောဝါသက်သေ​တွေ​ရဲ့ အသင်းတော်​နှစ်ခု​က အသုံးပြုကြတယ်။

၁၉၄၃ ခုနှစ်​မှာ အသက် ၅၂ နှစ်​ရှိတဲ့ အဖေ​ဆုံးပါး​ခဲ့​တယ်။ ဒါပေမဲ့ တကယ့်​ဝိညာဉ်​ရေး​အမွေအနှစ်​ကို သူ​ချန်​ထားရစ်​ခဲ့​တယ်။ အဖေ့​သားသမီး​ရှစ်ယောက်​က အမှန်တရားကို​လက်ခံ​ပြီး ယေဟောဝါ​ကို ဝတ်ပြု​နေကြ​ဆဲ​ပဲ။ အဖေ့​ဇာတိ ဆီ​လို​ဖာ​ဂူး​ရွာ​ရဲ့  အနီးအနား​က​ရွာ​တွေ​မှာ  အခု​ဆို အသင်းတော်​သုံးခု​ရှိနေပြီး ဘုရားသခင်​နိုင်ငံတော်​ကြေညာသူ​ပေါင်း ၂၃၀ ရှိတယ်။

ကျွန်တော် ပျော်ရွှင်​နေတာ အဲ့ဒီ​ရလဒ်ကောင်းတွေ​ကြောင့်​ပါ​ပဲ။ အခု ကျွန်တော်​အသက် ၈၃ နှစ်မှာ ဆာလံဆရာ​ရဲ့ ဒီ​စကား​တွေ​ကို ယုံကြည်​စိတ်ချမှု​နဲ့ ပြော​နိုင်ပြီ– ‘ခြင်္သေ့​တို့သည် ဆင်းရဲ​၍ ငတ်မွတ်​ခြင်း​ကို ခံရ​သော်လည်း ထာဝရ​ဘုရားသခင်​ကို ရှာ​သော​သူတို့၌ ကောင်းသော​အရာ​တစ်စုံတစ်ခု​မျှ မလို​ရာ။’ (ဆာလံ ၃၄:၁၀) ဟေရှာယ ၃၅:၆ မှာ​မှတ်တမ်း​တင်ထား​တဲ့ “ခြေဆွံ့​သော​သူတို့သည် ဒ​ရ​ယ်​ကဲ့သို့​ခုန်​ကြလိမ့်မည်” ဆို​တဲ့ ပရောဖက်ပြုချက်​ပြည့်စုံ​လာမယ့်​အချိန်ကို ကျွန်တော်​စိတ်အား​ထက်သန်​စွာ စောင့်မျှော်​နေပါတယ်။ ကျန်းမာ​ရေး​ချို့တဲ့​ပေမဲ့ အဲ့ဒီ​အချိန်​ထိ ယေဟောဝါ​ကို ပျော်ပျော်ရွှင်ရွှင်​ဆက်​ဝတ်ပြု​သွားဖို့ ကျွန်တော် သန္နိ​ဋ္ဌာန်​ချထား​တယ်။

[စာမျက်နှာ ၁၇ ပါ မြေပုံ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

တူရကီ

ဆီးရီးယား

လက်ဘနွန်

ဆိုက်ပရပ်စ်

နီ​ကို​စီ​ယာ

ဆီ​လို​ဖာ​ဂူး

မြေထဲပင်လယ်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဆီ​လို​ဖာ​ဂူး​ရွာ​မှ ယနေ့​အထိ​အသုံးပြု​နေသော ပထမ​ဆုံး​ဘုရားသခင့်​နိုင်ငံတော်​ခန်းမ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

၁၉၄၆ နှင့် ယနေ့​တွင် အက်ဖ်​ပ​ရာ​ပီ​ယာ​နှင့်အတူ

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဖုန်း​ဖြင့်​သက်သေခံခြင်း၊စာရေး​သက်သေခံခြင်း​ကို​ကျွန်တော် နှစ်သက်