မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

ကိုယ်လက်​နှီးနှော​ခြင်း​ပုံစံ​အချို့​သည် လူတစ်ဦးကို ‘မ​စင်​မ​ကြယ်’ ဖြစ်စေ​သည်​ဟု မောရှေ​ပညတ်​က အဘယ်ကြောင့် ရှုမြင်​သနည်း။

ဘုရားသခင်​သည် လူသား​မျိုးနွယ် ပွား​များ​စေရန်​နှင့် အိမ်ထောင်သည်​မောင်နှံ​များ ပျော်ရွှင်မှု​ရစေ​ရန် လိင်ကို ဖန်ဆင်း​ပေး​တော်​မူ​ခဲ့​သည်။ (ကမ္ဘာဦး ၁:၂၈; သု. ၅:၁၅-၁၈) သို့သော် သု​က်​ရည်​ထွက်​ခြင်း၊ ဥတု​ရောက်​ခြင်း​နှင့် မီးဖွား​ခြင်း​တို့​ကြောင့် မ​စင်​မ​ကြယ်​ဖြစ်​ခြင်း​နှင့်​ပတ်သက်​သည့် စည်းမျဉ်း​များ​ကို  ဝတ်ပြုရာ အခန်းကြီး ၁၂ နှင့် ဝတ်ပြုရာ ၁၅ တွင် အသေးစိတ်​ဖော်ပြ​ထား​သည်ကို တွေ့ရသည်။ (ဝတ်ပြုရာ ၁၂:၁-၆; ၁၅:၁၆-၂၄) ရှေး​ဣသရေလ​လူမျိုး​ကို​ပေး​ခဲ့​သည့် ယင်း​ကဲ့သို့​သော​ပညတ်​များသည် ကျန်းမာ​သော​ဘဝ​ပုံစံ​နှင့် မြင့်မားသော ကိုယ်ကျင့်တရား​စံနှုန်း​များ​ကို မြှင့်တင်​ပေး​ကာ သွေးသည် မြင့်မြတ်​ကြောင်း၊ အပြစ်​များ​ကို​ဖြေ​ရန် လိုအပ်ကြောင်း အလေးအနက်​ဖော်ပြ​သည်။

အခြား​အရာများ​အပြင် ကိုယ်လက်​နှီးနှော​ခြင်း​နှင့်​ပတ်သက်သော မောရှေ​ပညတ်​၏ တောင်းဆိုချက်​များ​က ဣသရေလ​လူမျိုး၏ အထွေထွေ​ကျန်းမာ​ရေး​ကို တိုးတက်​ကောင်းမွန်​စေ​သည်။ “ဓမ္မတာ​လာနေစဉ် ကိုယ်လက်​နှီးနှော​ခြင်း​ကို တားမြစ်​သည့်​ပညတ်​သည် အချို့​သော လိင်ဆိုင်ရာ​ကူးစက်​ရောဂါ​များ​ကို ထိရောက်​စွာ ကာကွယ်​ပေး​သည့်​အပြင် . . . သား​အိမ်​ခေါင်း​ကင်ဆာ တဖြည်းဖြည်း​ဖြစ်ပေါ်​လာ​မှု​ကိုလည်း တားဆီး​ပေး​သည်” ဟု သမ္မာကျမ်းစာ​နှင့် ခေတ်​သစ်​ဆေးပညာ စာအုပ်​က ဆို​သည်။ ထိုသို့သော​ပညတ်​များသည် ဘုရားသခင့်​လူမျိုးတော်ကို သူတို့​မသိသော​ရောဂါ​များ သို့​မဟုတ် ဖော်​ပင်မ​ဖော်ထုတ်​နိုင်​သည့်​ရောဂါ​များ​မှ ကာကွယ်​ပေး​ခဲ့​သည်။ တိုးပွား​ကြွယ်ဝ​စေမည်​ဟူသော ဘုရားသခင့်​ကတိတော်​ရထား​သည့် လူမျိုး​သည် လိင်ဆိုင်ရာ​သန့်ရှင်း​မှု​ကြောင့် လူဦးရေ ပို​ပွား​များ​လာ၍ ချမ်းသာ​ကြွယ်ဝ​လာ​သည်။ (ကမ္ဘာဦး ၁၅:၅; ၂၂:၁၇) ထိုသို့​သော​ပညတ်​များ​က ဘုရားသခင့်​လူမျိုးတော်​၏ စိတ်ပိုင်း​ဆိုင်ရာ​ကျန်းမာ​ရေး​ကိုလည်း ကာကွယ်​ပေး​သည်။ အဆိုပါ​ပညတ်​များ​ကို နာခံခြင်း​ဖြင့် ခင်ပွန်း​သည်​များနှင့်​ဇနီးသည်​များသည် လိင်ဆန္ဒ​များ​ကို ချုပ်တည်း​တတ်လာ​ကြသည်။

လိင်​ကိစ္စ​များ​ကြောင့် မ​စင်​မ​ကြယ်​ဖြစ်​ရသည့်​ပုံစံ​များ​တွင် အဓိက​ပါဝင်​ပတ်သက်​ရာ​မှာ သွေးဆင်း​ခြင်း​ဖြစ်၏။ သွေး​နှင့်​ပတ်သက်သော ယေဟောဝါ​၏​ပညတ်​သည် ဣသရေလ​လူမျိုး၏​စိတ်ထဲ​တွင် သွေး​၏​မြင့်မြတ်မှု​ကို​သာမက ယဇ်​ပူဇော်​ခြင်း​နှင့် အပြစ်ဖြေ​ခြင်း​ပါဝင်​သည့် ယေဟောဝါ​၏​ဝတ်ပြုရေးတွင် သွေး​၏​အဓိက​အခန်းကဏ္ဍကို​ပါ စွဲမှတ်စေ​သည်။—ဝတ်ပြုရာ ၁၇:၁၁; တရားဟောရာ ၁၂:၂၃၊ ၂၄၊ ၂၇

ယင်း​ကိစ္စ​နှင့်​စပ်လျဉ်း၍ ပညတ်တရား​တွင် အသေးစိတ်​ဖော်ပြ​ထားခြင်း​က လူ့​မစုံလင်မှု​ကြောင့်​ဖြစ်​ကြောင်း ထင်ရှား​သည်။ အာဒံ​နှင့်​ဧဝ​တို့ အပြစ်ပြုပြီး​နောက် စုံလင်သော​သားသမီး​များ မမွေးဖွား​နိုင်​တော့​ကြောင်း၊ သူတို့၏​သားမြေး​အားလုံး​သည် အပြစ်​ကြောင့် မစုံလင်မှု​နှင့်​သေခြင်းကို အမွေခံ​ရမည်​ဖြစ်​ကြောင်း ဣသရေလလူ​တို့ သိရှိ​ခဲ့​ကြ​၏။ (ရောမ ၅:၁၂) ယင်းကြောင့် အစ​ပထမ​တွင် အိမ်ထောင်​အစီအစဉ်​အားဖြင့် စုံလင်သော​အသက်ကို လက်ဆင့်ကမ်း​ရန် မျိုးပွား​အင်္ဂါများ​ကို ပုံစံ​ပြု​ထား​သော်လည်း မိဘများသည် မစုံလင်​သော၊ အပြစ်ရှိ​သော​အသက်ကို​သာ လက်ဆင့်ကမ်း​နိုင်​တော့​သည်။

သို့ဖြင့် သန့်ရှင်း​စင်ကြယ်​ရန် လိုက်လျှောက်​ရမည့် ပညတ်တရား​ပါ​စည်းမျဉ်း​များသည် ဣသရေလ​လူမျိုး​အား သူတို့​အမွေ​ရရှိ​ထား​သည့် အပြစ်ကို​သာမက အပြစ်​များ​ကို​ဖုံးအုပ်​ရန်​နှင့် လူသားများ​ပြန်​စုံလင်​လာရန် ရွေးနုတ်ဖိုး​လိုအပ်​သည်ကို​ပါ သတိပေး​ပေမည်။ သူတို့​ပူဇော်​ကြသော တိရစ္ဆာန်​ယဇ်များ​က ယင်း​တို့ကို မဖြစ်​မြောက်​စေပါ။ (ဟေဗြဲ ၁၀:၃၊ ၄) မောရှေ​ပညတ်​၏​ရည်ရွယ်​ချက်​မှာ သူတို့ကို ခရစ်တော်​ထံ​ပို့​ဆောင်ပေး​ရန်​နှင့် ယေရှု၏​စုံလင်သော လူသား​ယဇ်​ဖြင့်​သာ စစ်မှန်သော​ခွင့်လွှတ်​မှု​ရရှိနိုင်​ပြီး တည်ကြည်သူ​များ​အတွက် ထာဝရ​အသက်​လမ်းပွင့်​စေ​သည်ကို နားလည်​သဘောပေါက်​စေရန်​ဖြစ်သည်။—ဂလာတိ ၃:၂၄; ဟေဗြဲ ၉:၁၃၊ ၁၄