မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆာလံကျမ်းအပိုင်းနှစ်မှ ပေါ်လွင်ချက်များ

ဆာလံကျမ်းအပိုင်းနှစ်မှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏

ဆာလံကျမ်း​အပိုင်း​နှစ်​မှ ပေါ်လွင်​ချက်​များ

ယေဟောဝါ​၏​ကျေးကျွန်​များ​ဖြစ်သော ကျွန်ုပ်​တို့သည် စုံစမ်း​နှောင့်ယှက်မှု​နှင့် စမ်းသပ်မှု​များ ကြုံတွေ့​ရမည်ကို သိထားကြသည်။ ‘ယေရှု​ခရစ်​၏​တရားတော်​နှင့်​အညီ ဘုရားသခင်​ဝတ်၌​မွေ့လျော်​၍​နေခြင်း​ငှာ အလိုရှိ​သော​သူအပေါင်း​တို့သည် ညှဉ်းဆဲခြင်း​ကို ခံရ​ကြလိမ့်မည်’ ဟု​တမန်​တော်​ပေါလု​ရေးခဲ့​၏။ (၂ တိမောသေ ၃:၁၂) စုံစမ်း​နှောင့်ယှက်မှု​နှင့် ညှဉ်းပန်း​နှိပ်စက်မှု​တို့ကို ခံရပ်​နိုင်​ရန် အဘယ်အရာက ကူညီ​ပေး​မည်​နည်း။ ထိုသို့​ခံရပ်​ခြင်း​ဖြင့် ဘုရားသခင်​အပေါ် သမာဓိ​စောင့်သိကြောင်း ဖော်ပြ​ကြသည်။

ယင်း​အကူအညီကို ဆာလံကျမ်း​ငါး​ပိုင်း​မှ ဒုတိယ​ပိုင်း​တွင် ဖော်ပြ​ထား​၏။ ကျွန်ုပ်​တို့သည် စမ်းသပ်မှု​များ​ကို အောင်မြင်စွာ​ခံရပ်​လိုလျှင် ယေဟောဝါ​အား အကြွင်းမဲ့​ကိုး​စား၍ ကယ်လွှတ်​ခံရ​ရန် ကိုယ်တော်​အား စောင့်ဆိုင်း​ရမည်​ဖြစ်​ကြောင်း ဆာလံ ၄၂ မှ ၇၂ တွင် ဖော်ပြ​ထား​သည်။ ကျွန်ုပ်​တို့အတွက် အလွန်​အဖိုးထိုက်​သော သင်ခန်းစာ​ပေ​တည်း။ သမ္မာကျမ်းစာ​မှ ကျန်​အပိုင်း​များ​နည်းတူ ဆာလံ​အပိုင်း​နှစ်​တွင်​ပါ​သော အကြောင်းအရာ​သည် ယနေ့​အထိ​ပင် “အသက်ရှင်​၍ တန်ခိုး​နှင့်​ပြုပြင်​တတ်၏။”—ဟေဗြဲ ၄:၁၂

ယေဟောဝါ​သည် ကျွန်ုပ်​တို့၏ ‘ခိုလှုံရာ​နှင့်​ခွန်အား’

(ဆာလံ ၄၂:၁–၅၀:၂၃)

လေဝိ​သား​တစ်ဦး ပြည်နှင်ခံ​ဘဝ​ရောက်နေ​သည်။ သူသည် ယေဟောဝါ​အား​ဝတ်ပြု​ရန် သန့်ရှင်း​ရာ​ဌာန​သို့ မသွား​နိုင်​သည့်​အတွက် ဝမ်းနည်း​လျက် မိမိကိုယ်ကို ဤသို့​နှစ်သိမ့်​သည်– “အို ငါ့​ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် ညှိုးငယ်​သနည်း။ ငါ့​အထဲမှာ အဘယ်ကြောင့် မငြိမ်မဝပ်​ရှိ​သနည်း။ ဘုရားသခင်​ကို မျှော်လင့်​လျက်​နေလော့။” (ဆာလံ ၄၂:၅၊ ၁၁; ၄၃:၅) ထပ်တလဲလဲ​ပါ​သော ဤ​ကျမ်းပိုဒ်​သည် ဆာလံ ၄၂ နှင့် ၄၃ မှ လင်္ကာ ၃ ပိုဒ်​ကို ကဗျာ​တစ်ပုဒ်​ဖြစ်စေ​သည်။ ဆာလံ ၄၄ သည် ဟေဇကိ​မင်း​လက်ထက် အာရှုရိတပ်​၏ ခြိမ်းခြောက်​ကျူးကျော်မှု​ကြောင့် သောကရောက်​နေသည့် ယုဒ​လူမျိုး​အတွက် အသနားခံချက်​ဖြစ်သည်။

တော်ဝင်​မင်္ဂလာဆောင်​တေးသီချင်း​ဖြစ်သော ဆာလံ ၄၅ သည် မေရှိယ​ဘုရင်​နှင့်​ဆိုင်​သည့် ပရောဖက်ပြုချက်​ဖြစ်၏။ နောက်​ဆာလံ ၃ ပုဒ်​က ယေဟောဝါ​သည် “ခိုလှုံရာ​ဖြစ်၍ ခွန်​အားပေး” သော​အရှင်၊ “မြေကြီး​တစ်ပြင်လုံး​ကို​အစိုးရ​သော မဟာ​မင်းကြီး” ဖြစ်သည်ဟု ပုံဖော်​ထား​သည်။ (ဆာလံ ၄၆:၁; ၄၇:၂; ၄၈:၃) “မိမိ​ညီအစ်ကို​ကို အဘယ်သူမျှ အလျှင်း​မရွေး​နိုင်” ကြောင်း ဆာလံ ၄၉ က ထိထိမိမိ​ဖော်ပြ​ထား​သည်။ (ဆာလံ ၄၉:၇) ဆာလံ​ဒုတိယ​ပိုင်း​မှ ပထမ​ရှစ်​ပုဒ်​ကို ကောရ​သားများ​စပ်ဆို​ပြီး ကိုးပုဒ်​မြောက်​ဖြစ်သော ဆာလံ ၅၀ ကို အာသပ်​စပ်ဆို​ခဲ့​သည်​ဟု ဆို​၏။

ကျမ်းစာ​မေးခွန်းများ​အဖြေ–

၄၄:၁၉—“မြေခွေး​နေရာ​အရပ်” ကား အဘယ်နည်း။ မြေခွေး​စာ​ဖြစ်သွား​သော လူသေများ​ရှိရာ စစ်​မြေပြင်​ကို ဆာလံဆရာ ရည်ညွှန်း​နေခြင်း​ဖြစ်​နိုင်၏။

၄၅:၁၃၊ ၁၄က—“ရှင်ဘုရင်​ထံ​သို့​ဆောင်​ခဲ့​ရ” သော “ရှင်ဘုရင်​၏​သမီးတော်”  ကား​မည်သူ​နည်း။ သူသည် ‘ထာဝရ​ဘုရင်’  ယေဟောဝါ​ဘုရားသခင်​၏​သမီးတော် ဖြစ်သည်။ (ဗျာ. ၁၅:၃) ထို​သမီးတော်​သည် ၁၄၄,၀၀၀ ခရစ်ယာန်​များနှင့် ဖွဲ့စည်းထား​သော ဘုန်းထင်ရှား​သည့်​အသင်းတော်ကို ပုံဆောင်​ပြီး ဝိညာဉ်​တော်​ဖွား​သားသမီး​အဖြစ် သူတို့ကို ယေဟောဝါ မွေးစား​ခဲ့​သည်။ (ရောမ ၈:၁၆) “မိမိ​ခင်ပွန်း​ဖို့​တန်ဆာဆင်​သော မင်္ဂလာဆောင်​သတို့သမီး​ကဲ့သို့ ပြင်ဆင်” ထား​သည့် ယေဟောဝါ​၏ “သမီးတော်” ကို သတို့သား​ဖြစ်သူ မေရှိယ​ဘုရင်​ထံ ပို့ဆောင်​ကြ​မည်​ဖြစ်၏။—ဗျာ. ၂၁:၂

၄၅:၁၄ခ၊ ၁၅—“အပျိုတော်​များ” ကား မည်​သူ့ကို ပုံဆောင်​သနည်း။ သူတို့သည် ဝိညာဉ်​တော်​ဖွား​အကြွင်းအကျန်​နှင့် ပူးပေါင်း​ကူညီ​ပေး​နေသော စစ်မှန်​သည့်​ဝတ်ပြုသူ ‘လူအုပ်ကြီး’ ဖြစ်၏။ ကြီးစွာ​သော​ဆင်းရဲခြင်း​အထဲက ထွက်မြောက်​လာ​ကြ​သည့်​အတွက် ကောင်းကင်​တွင် မေရှိယ​ဘုရင်​၏ မင်္ဂလာဆောင်​ပွဲ​ပြီး​သောအခါ ဤ​သူတို့သည် မြေကြီးပေါ်​တွင် ရှိနေကြ​သူများ​ဖြစ်၏။ (ဗျာ. ၇:၉၊ ၁၃၊ ၁၄) ထို​အခါသမယ​တွင် သူတို့သည် “ဝမ်းမြောက်​ရွှင်လန်း” နေကြ​လိမ့်​မည်။

၄၅:၁၆—ရှင်ဘုရင်​၏​အဘ​များသည် အဘယ်​နည်းဖြင့် သားများ ဖြစ်လာ​သနည်း။ ယေရှု မြေကြီးပေါ်​ဖွားမြင်​လာ​သည့်​အခါ ကိုယ်တော်၌ မြေကြီးသား အဘ​များ​ရှိခဲ့​၏။ ကိုယ်တော်​၏ အနှစ်​တစ်ထောင်​အုပ်စိုးချိန်​အတွင်း သူတို့ကို သေ​ရာ​မှ ရှင်ပြန်ထမြောက်​စေခြင်း​ဖြင့် ထို​အဘ​များသည် ကိုယ်တော်​၏​သားများ ဖြစ်လာ​ကြ​မည်။ သူတို့​အနက် အချို့​သည် “မြေကြီး​တစ်ပြင်လုံး​တွင် မင်းသား” အဖြစ် ခန့်အပ်​ခံရ​ကြလိမ့်မည်။

၅၀:၂—ယေရုရှလင်​မြို့ကို “အသရေ​တင့်တယ်ခြင်း​ပြည့်စုံ​ရာ” ဟု​အဘယ်ကြောင့်​ခေါ်​သနည်း။ ထိုသို့​ခေါ်​ရခြင်း​မှာ မြို့​၏​အင်္ဂါရပ်​ကြောင့် မဟုတ်ပေ။ ယေဟောဝါ​သည် ယေရုရှလင်​မြို့တွင် ဝတ်ပြုရာ​အိမ်တော်​တည်ရှိ​စေ​၍ ကိုယ်တော်​၏ ခန့်အပ်​ခံ​ဘုရင်​များ နန်း​စိုက်​ရာ​မြို့တော်​ဖြစ်စေ​ခြင်း​ကြောင့် ထို​မြို့တော်​သည် ခန့်ညား​ထည်ဝါ​ကာ အလွန်​နှစ်​လို့​ဖွယ်​ကောင်း​ရခြင်း​ဖြစ်၏။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ–

၄၂:၁-၃ခြောက်သွေ့​သော​ဒေသ​ရှိ သမင်​ဒ​ရ​ယ်​သည် ရေငတ်​သည့်​နည်းတူ လေဝိ​သား​သည် ယေဟောဝါ​ကို အလွန်​တောင့်တ​နေ​၏။ သူသည် ယေဟောဝါ​အား ဝတ်ပြု​ရန် သန့်ရှင်း​ရာ​ဌာန​သို့ မ​ရောက်​နိုင်​သည့်​အတွက် အလွန်​ဝမ်းနည်း​နေရ​ကား ‘သူ၏​မျက်ရည်​သည် နေ့​ည​မပြတ် သူ၏​စားစရာ​ဖြစ်’ ၍ ခံတွင်း​ပျက်​နေသည်။ ကျွန်ုပ်​တို့​လည်း ယုံကြည်မှု​တူ​သူ​ချင်း​တို့​နှင့်အတူ ယေဟောဝါ​အား ဝတ်ပြု​နေရ​ခြင်း​ကို အလွန်​တန်ဖိုး​မထားသင့်​ပေ​လော။

၄၂:၄၊ ၅၊ ၁၁; ၄၃:၃-၅ကျွန်ုပ်​တို့​မလွန်ဆန်​နိုင်သော အကြောင်း​တစ်ခုခု​ကြောင့် ခရစ်ယာန်​အသင်းတော်​နှင့် ခေတ္တ​ဝေးကွာ​နေရ​လျှင်​ပင် တစ်ချိန်က​ပေါင်းသင်း​ခဲ့​၍ ရရှိသော​ရွှင်လန်းမှုများ​ကို အမှတ်ရနေ​ခြင်း​ဖြင့် ကျွန်ုပ်​တို့အား​ယူ​နိုင်​သည်။ တစ်ကိုယ်တည်း​ဖြစ်နေ​ရခြင်း​ကြောင့် အစပိုင်း​တွင် အလွန်​အားငယ်​နေ​မည်​ဖြစ်သော်လည်း ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​ခိုလှုံရာ​ဖြစ်​ပြီး စိတ်သက်သာ​မှု​ရ​ရန် ကိုယ်တော်​ကို​စောင့်မျှော်​နေရ​မည်​ဖြစ်​ကြောင်း သတိရ​ပေမည်။

၄၆:၁-၃အဘယ်​ဘေးဆိုး​ပင် ကြုံတွေ့​ရ​ပါစေ၊ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏ ခိုလှုံရာ​နှင့် ခွန်အား​ဖြစ်​တော်​မူ​ကြောင်း အမြဲ​စိတ်ချ​ရမည်။

၅၀:၁၆-၁၉လိမ်လည်​လှည့်​စား၍ ဆိုးယုတ်​သော​အကျင့်ကို ကျင့်​သော​သူ မည်သူ​မဆို​သည် ဘုရားသခင်​အား ကိုယ်စား​ပြုသူ မဖြစ်ထိုက်​ပေ။

၅၀:၂၀သူတစ်ပါး​၏​အပြစ်​အနာအဆာ​များ​ကို ဖော်ထုတ်​နေ​မည့်​အစား ယင်း​တို့ကို ဗွေ​မယူ​သင့်​ပေ။—ကောလောသဲ ၃:၁၃

“ငါ့​ဝိညာဉ်​သည် ဘုရားသခင်​ရှေ့မှာ ငြိမ်​ဝပ်​စွာ​နေ”

(ဆာလံ ၅၁:၁–၇၁:၂၄)

ဤ​အပိုင်း​သည် ဗေသရှေဘ​နှင့် ဒါဝိဒ်​မှားယွင်း​ပြီး​နောက်ပိုင်း ယေဟောဝါ​ထံ သူ​လှိုက်လှိုက်လှဲလှဲ​တောင်း​ခဲ့​သော ဆုတောင်းချက်​ဖြင့် အစချီ​သည်။ ဆာလံ ၅၂ မှ ၅၇ သည် မိမိတို့​ဝန်ကို ယေဟောဝါ​၌​ချထား​ပြီး ကယ်တင်ခြင်း​ရ​ရန် ကိုယ်တော်​အား စောင့်မျှော်​နေ​သူများကို ကယ်လွှတ်​တော်​မူ​မည်​ဖြစ်​ကြောင်း ဖော်ပြ​သည်။ ဒါဝိဒ်​သည် စိတ်သောက​ရောက်​တိုင်း ယေဟောဝါ​အား မှီခို​အားထား​ခဲ့​ကြောင်း ဆာလံ ၅၈-၆၄ က​ဖော်ပြ​၏။ သူ​ဤသို့​သီဆို​ခဲ့​သည်– “အကယ်စင်စစ် ငါ့​ဝိညာဉ်​သည် ဘုရားသခင်​ရှေ့မှာ ငြိမ်​ဝပ်​စွာ​နေတတ်​၏။ ငါ​မျှော်လင့်ခြင်း​အကြောင်း​သည် အထံတော်​က သက်ရောက်​ရ၏။”—ဆာလံ ၆၂:၅

ကျွန်ုပ်​တို့ကို​ကယ်နုတ်​မည့်​အရှင်​နှင့် ရင်းနှီးခြင်းက ကိုယ်တော့် “နာမတော်​၏​ဂုဏ်​ကို သီချင်းဆို” စေ​သည်။ (ဆာလံ ၆၆:၂) ဆာလံ ၆၅ တွင် ယေဟောဝါ​အား ရက်ရော​စွာ​ပြုစု​စီရင်​သော​အရှင်​အဖြစ် ချီးမွမ်း​ထား​သည်။ ဆာလံ ၆၇ နှင့် ၆၈ တွင် ကယ်တင်​နိုင်သော​ဘုရားသခင်​အဖြစ်၊ ဆာလံ ၇၀ နှင့် ၇၁ တွင် ကယ်နုတ်ရှင်​အဖြစ် ဖော်ပြ​ထား​သည်။

ကျမ်းစာ​မေးခွန်းများ​အဖြေ–

၅၁:၁၂—မည်သူ​၏ “စေတနာ​စိတ်” ဖြင့် ထောက်မမှု​ရ​ရန် ဒါဝိဒ်​တောင်းဆို​နေခြင်း​ဖြစ်သနည်း။ ယင်းက ယေဟောဝါ​ဘုရားသခင်​၏ အကူအညီ​ပေး​လို​သော စိတ်​စေတနာ သို့​မဟုတ် ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ရည်ညွှန်း​နေခြင်း​မဟုတ်ဘဲ ဒါဝိဒ်​၏​စိတ်ဆန္ဒ​ကို​ပင် ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ မှန်ရာကို​လုပ်ဆောင်​လို​စိတ် သွင်း​ပေး​ပါ​ရန် ဘုရားသခင်​အား တောင်းဆို​နေခြင်း​ဖြစ်၏။

၅၃:၁—ဘုရားသခင်​မရှိ​ဟု ထင်​သော​သူသည် မည်သို့ “မိုက်​သော​သူ” ဖြစ်သနည်း။ ဤ​တွင်​ဖော်ပြ​သော​မိုက်မဲခြင်း​သည် ဉာဏ်​တုံး​ခြင်း​ကို မဆိုလို​ပါ။ အဆိုပါ​လူစားမျိုး​သည် ကျင့်ဝတ်​ဆိုင်ရာ​အသိတရား​မဲ့​သူ​ဖြစ်​ကြောင်း ဆာလံ ၅၃:၁-၄ တွင် ဖော်ပြ​ထားသော ကိုယ်ကျင့်တရား​ပျက်ပြား​ခြင်း​၏ အကျိုးဆက်များ​ကို​ထောက်၍ သိရှိ​နိုင်​သည်။

၅၈:၃-၅—မတရားသော​သူသည် အဘယ်​နည်းဖြင့် မြွေ​နှင့်​တူ​သနည်း။ သူတို့​ပြော​သော​မုသာ​စကား​သည် မြွေ​ဆိပ်​နှင့်​တူ​ပြီး အပြော​ခံရ​သူတို့၏​နာမည်​ကောင်း​ကို ပျက်စီး​စေ​သည်။ ‘မိမိ​နား​ကို​ပိတ်​သော’ မြွေ​ဆိုး​နည်းတူ မတရားသော​သူသည် လမ်းပြမှု​ကို မခံယူ​လို၊ ဆုံးမ​စကား​ကို နားမထောင်​လို​ကြ​ချေ။

၅၈:၇—မတရားသော​သူတို့သည် အဘယ်​နည်းဖြင့် “စီးသောရေ​ကဲ့သို့ ကွယ်ပျောက်​ကြ” မည်​နည်း။ ဒါဝိဒ်​သည် ကတိထားရာပြည်​၏​ချိုင့်ဝှမ်း​အချို့​ရှိ ရေ​ကို စဉ်းစား​နေခြင်း​ဖြစ်​နိုင်​သည်။ ရေလွှမ်းမိုး​ဘေး ရုတ်တရက်​ကျရောက်​သောအခါ ထို​ချိုင့်ဝှမ်း​တွင် ရေ​ကြီး​လာ​မည်​ဖြစ်သော်လည်း တစ်ခဏချင်း​၌ ရေ​ပြန်​ကျ​သွားပေ​မည်။ ဤ​တွင် ဒါဝိဒ်က မတရားသော​သူတို့ အလျင်အမြန်​ပျက်စီး​ရေး​အတွက် ဆုတောင်း​နေခြင်း​ဖြစ်၏။

၆၈:၁၃—ချိုးငှက်​အတောင်​သည် ငွေ​နှင့် မည်သို့ မွမ်းမံ​ပြီး အမွေး​သည် နီ​သော​ရွှေ​နှင့် မည်သို့​မွမ်းမံ​သနည်း။ မီးခိုး​ပြာ​ရော​င်​ချိုးငှက်​အချို့​၏ အမွေးအတောင်​သည် အရောင်​ပြေး​ပြီး ရွှေရောင်​နေ​ခြည်​အောက်တွင် သတ္တု​ရော​င်​လက်​နေသည်။ ဒါဝိဒ်​သည် တိုက်ပွဲ​မှ​ပြန်လာ​ကြသော အောင်ပွဲခံ​ဣသရေလ​စစ်သည်​များ​ကို အရှိန်အဟုန်​နှင့်​ပျံသန်း​နေသော အရောင်​တောက်ပ​သည့် ချိုးငှက်​နှင့် ခိုင်းနှိုင်း​နေခြင်း​ဖြစ်ဖွယ်​ရှိ၏။ ကျမ်း​ပညာရှင်​အချို့​၏​အဆို​အရ ဤ​ဖော်ပြချက်​သည် လက်​ရ​ပစ္စည်း​ကဲ့သို့ စစ်​အောင်​ခြင်း အထိမ်းအမှတ်​တစ်ခု​လည်း​ဖြစ်​နိုင်၏။ မည်သို့​ဆို​စေ၊ ယေဟောဝါ​သည် မိမိ​လူမျိုးတော်ကို အောင်ပွဲ​များ​ခံစေ​ခဲ့​ကြောင်း ဒါဝိဒ်​ရည်ညွှန်း​နေခြင်း​ဖြစ်၏။

၆၈:၁၈—‘လူ့​အသွင် ဆုလာဘ်များ’ ကား မည်သူ​တို့​နည်း။ ဤ​သူတို့သည် ကတိထားရာပြည်​ကို​သိမ်းပိုက်ချိန်​က ဖမ်းဆီး​လာ​ခဲ့​သော သုံ့ပန်းများ​ထဲ​မှ အမျိုးသားများ​ဖြစ်၏။ နောက်ပိုင်း​တွင် ထို​သူတို့သည် လေဝိ​သားတို့​ကို​ကူညီ​ကြ​ရသည်။—ဧဇရ ၈:၂၀

၆၈:၃၀—“ကျူတော​သားရဲ​ကို ဆုံးမ” ရန် တောင်းဆိုခြင်း​က အဘယ်​အဓိပ္ပာယ်​နည်း။ ယေဟောဝါ​လူမျိုးတော်​၏​ရန်သူများ​ကို တောသား​ရဲ​နှင့်​ခိုင်းနှိုင်း​ပြီး ထို​သူတို့ကို​ပြစ်တင်​ဆုံးမ​ရန် သို့​မဟုတ် သူတို့၏​ဘေးပြု​နိုင်စွမ်း​ကို​တားဆီး​ပေး​ရန် ဘုရားသခင်​အား ဒါဝိဒ် တောင်းပန်​နေခြင်း​ဖြစ်၏။

၆၉:၂၃—‘ရန်သူ​တို့၏​ခါး​သည် တုန်​ပါစေ’ ဟု​ဆို​ခြင်း​က အဘယ်နည်း။ ခါး​ကြွက်သား​များ​ကို​အသုံးပြု၍ အလေး​အပင်များ မ,တင်​ခြင်း အစ​ရှိသည့် အားစိုက်​ရသော​အလုပ်များ​ကို ပြီးမြောက်​စေနိုင်​သည်။ ခါး​မ​ခိုင်​ခြင်း​က ခွန်အား​မရှိခြင်း​ဖြစ်၏။ ဒါဝိဒ်က သူ၏​ရန်သူများ ခွန်အား​ပျောက်ဆုံး​ပါစေ​ဟု​ဆုတောင်း​၏။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ–

၅၁:၁-၄၊ ၁၇အပြစ်​ကျူးလွန်​မိ​ခြင်း​ကြောင့် ယေဟောဝါ​နှင့်​စိမ်းကား​သွား​စ​ရာ မလိုပါ။ ကျွန်ုပ်​တို့​နောင်တ​ရ​ပါ​က ကိုယ်တော်​၏​ကရုဏာ​ခံစားရ​မည်​ဖြစ်​ဟု စိတ်ချ​နိုင်​သည်။

၅၁:၅၊ ၇-၁၀ကျွန်ုပ်​တို့​အပြစ်​ကျူးလွန်​မိ​ပါ​က အမွေခံ​ထားသော​အပြစ်ကို​ထောက်ပြ​၍ ခွင့်လွှတ်​တော်​မူ​ရန် ယေဟောဝါ​ထံ အသနားခံ​နိုင်​သည်။ ထို့​ပြင် ကျွန်ုပ်​တို့အား သန့်ရှင်း​စေရန်၊ အခြေအနေ​ပြန်လည်​ကောင်းမွန်​လာ​စေရန်၊ ကျွန်ုပ်​တို့​နှလုံးသား​မှ အပြစ်ပြု​လို​စိတ်​ကို ဖယ်ရှား​ပေး​ပါ​ရန်၊ မြဲမြံ​တည်ကြည်သော​စိတ်ဓာတ်​ရှိစေရန် ဆုတောင်း​သင့်​သည်။

၅၁:၁၈ဒါဝိဒ်​၏​အပြစ်​များ​ကြောင့် လူမျိုးတစ်မျိုး​လုံး အကျိုး​နည်း​ကြ​ရတော့မည်​ဖြစ်သည်။ ထို့​ကြောင့် ဇိအုန်​အပေါ် ဘုရားသခင်​စေတနာ​ထား​ရန် သူ​ဆုတောင်း​ခဲ့​သည်။ ကျွန်ုပ်​တို့​လည်း ကြီး​လေး​သော​အပြစ် ကျူးလွန်​မိ​လျှင် ယေဟောဝါ​၏​နာမတော် ရှုတ်ချ​ခံရ​ပြီး အသင်းတော်​နာမည်​ပျက်​စေ​သည်။ သို့​အတွက် ကျွန်ုပ်​တို့​ကြောင့် နာမည်​ပျက်​ရှိ​မည်​ဆိုလျှင် ပြုပြင်ပေး​ပါ​ရန် ဆုတောင်း​ဖို့ လို​သည်။

၅၂:၈ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​စကား​ကို နားထောင်ခြင်း၊ ကိုယ်တော်​၏​ဆုံးမ​စကား​ကို လိုလိုလားလား​လက်ခံခြင်း​ဖြင့် ယေဟောဝါ​ထံ​ချဉ်းကပ်​ကာ ကိုယ်တော့်​လုပ်ငန်းတော်တွင် သီးပွင့်​ဖြစ်ထွန်း​နေပါက “ဘုရားသခင်​၏​အိမ်တော်၌ စိမ်းလန်း​သော​သံလွင်ပင်​ကဲ့သို့” ဖြစ်​နိုင်​ကြသည်။—ဟေဗြဲ ၁၂:၅၊ ၆

၅၅:၄၊ ၅၊ ၁၂-၁၄၊ ၁၆-၁၈ဒါဝိဒ်​သည် သားတော်​အဗရှလုံ​၏ ပူးပေါင်း​ကြံစည်​မှု​နှင့် အကြံပေး​သူ​အဟိသောဖေလ​၏ သစ္စာဖောက်​မှု​တို့​ကြောင့် အကြီးအကျယ်​စိတ်ထိခိုက်​ခဲ့​သည်။ သို့သော် သူသည် ယေဟောဝါ​အပေါ် ဆက်၍​ကိုးစား​မြဲ​ကိုးစား​၏။ ကျွန်ုပ်​တို့​လည်း စိတ်ထိခိုက်​စ​ရာ​များ​ကြောင့် ဘုရားသခင်​အပေါ် ယုံကြည်​ကိုးစားမှု လျော့​မသွား​သင့်​ပေ။

၅၅:၂၂ထမ်းရွက်​ရသော​ဝန်ကို ယေဟောဝါ​အပေါ် မည်သို့​ချထား​နိုင်​မည်​နည်း။ အောက်ပါ​တို့ကို လုပ်ဆောင်​နိုင်​သည်– (၁) ကျွန်ုပ်​တို့၏​စိုးရိမ်မှု​များ​ကို ဆုတောင်း၍​ရင်ဖွင့်​ခြင်း၊ (၂)  လမ်းညွှန်မှု​နှင့် ထောက်မမှု​ရ​ရန် သမ္မာကျမ်းစာ​နှင့် ကိုယ်တော့်​အဖွဲ့အစည်း​ကို အားထားခြင်း၊ (၃) အခြေအနေ​ကောင်းမွန်​လာ​စေရန် အတတ်နိုင်ဆုံး​လုပ်ဆောင်ခြင်း​တို့​ဖြစ်၏။—သု. ၃:၅၊ ၆; ၁၁:၁၄; ၁၅:၂၂; ဖိလိပ္ပိ ၄:၆၊ ၇

၅၆:၈ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​အခြေအနေ​ကို​သာမက ယင်းကြောင့်​ခံရ​သော​စိတ်ဒုက္ခ​ကို​ပါ သိတော်မူ​သည်။

၆၂:၁၁ယေဟောဝါ​သည် အဘယ်​ပြင်ပ​တန်ခိုး​စွမ်းအင်​ကို​မျှ မှီခို​အားထားစရာ မလို​ပေ။ ကိုယ်တော်တိုင်​သည် တန်ခိုး​၏​ရင်းမြစ်​ဖြစ်​တော်​မူ​သည်။ ‘ဘုရားသခင်​၌ တန်ခိုးတော်​ရှိ၏။’

၆၃:၃ဘုရားသခင်​၏ “ကရုဏာတော်​သည် အသက်​ထက်​သာ၍​ကောင်း” ပေ​၏။ အကြောင်း​မှာ ကိုယ်တော်​၏​ကရုဏာ​သာ မခံစား​ရ​လျှင် ဘဝတွင် အဓိပ္ပာယ်​မရှိပေ။ ထို့​ကြောင့် ယေဟောဝါ​နှင့်​မိတ်ဆွေဖွဲ့​ထားခြင်း​ကား ပညာရှိရာ​ရောက်​သည်။

၆၃:၅တိတ်ဆိတ်​၍ အနှောင့်အယှက်​ကင်း​သော ည​အချိန်​သည် တွေးတော​ဆင်ခြင်​ရန် အကောင်းဆုံး​အချိန်​ဖြစ်၏။

၆၄:၂-၄သူ​တစ်ဖက်သားကို​ထိခိုက်​သော အတင်းအဖျင်း​သည် အပြစ်မဲ့​သူ၏​နာမည်​ကောင်း​ကို ပျက်စီး​စေ​သည်။ ထိုသို့​သော​အတင်းအဖျင်း​စကား​ကို လုံးဝ​နားမထောင်​သင့်၊ သတင်း​မ​ဖြန့်​သင့်​ပေ။

၆၉:၄တစ်ခါတစ်ရံ ကျွန်ုပ်​တို့​တွင် အမှား​မရှိ​ဟု​ယူဆ​သည့်​တိုင် သင့်မြတ်မှု​ရှိ​ရေး​အတွက် တောင်းပန်​လိုက်ခြင်း​ဖြင့် “ပြန်ပေး” ပါ​က ပညာရှိရာ​ရောက်​သည်။

၇၀:၁-၅ကျွန်ုပ်​တို့ အရေးတကြီး​အကူအညီ​တောင်းခံ​သောအခါ ယေဟောဝါ နားညောင်း​တော်​မူ​၏။ (၁ သက်သာလောနိတ် ၅:၁၇; ယာကုပ် ၁:၁၃; ၂ ပေတရု ၂:၉) ဘုရားသခင်​သည် စမ်းသပ်မှု​တစ်ခု​ကို ခွင့်ပြု​သော်လည်း တစ်ချိန်တည်း​တွင် ယင်းကို ကိုင်တွယ်​ဖြေရှင်း​တတ်​ရန် ဉာဏ်​ပညာပေး​မည်။ ခံနိုင်ရည်​ရှိ​ရန် ခွန်အား​လည်း ပေး​တော်​မူ​မည်။ ကိုယ်တော်​သည် ကျွန်ုပ်​တို့​မခံရပ်​နိုင်သော စုံစမ်း​နှောင့်ယှက်မှု​များ​ကို ခွင့်ပြု​တော်​မ​မူ​ပေ။—၁ ကောရိန္သု ၁၀:၁၃; ဟေဗြဲ ၁၀:၃၆; ယာကုပ် ၁:၅-၈

၇၁:၅၊ ၁၇ဒါဝိဒ်​သည် ဖိလိတ္တိ​လူ့​ဘီလူးကြီး ဂေါလျတ်​နှင့် ရင်ဆိုင်​တိုက်ခိုက်​ချိန်​မတိုင်မီ ငယ်​စဉ်​က​ပင် ယေဟောဝါ​အား ကိုးစားခြင်း​ဖြင့် ရဲစွမ်းသတ္တိနှင့်​ခွန်အား မွေးမြူ​ခဲ့​သည်။ (၁ ဓမ္မ​ရာဇဝင် ၁၇:၃၄-၃၇) လူငယ်များသည် မိမိတို့​လုပ်ဆောင်လေသမျှ​တွင် ယေဟောဝါ​အား ကိုးစား​သင့်​သည်။

“မြေကြီး​တစ်ပြင်လုံး​သည် ဘုန်းတော်​နှင့်​ပြည့်​ပါစေ​သတည်း”

ဆာလံ​ဒုတိယ​ပိုင်း​၏ နောက်ဆုံး​သီချင်း​ဖြစ်သော ဆာလံ ၇၂ သည် ရှောလမုန်​၏​အုပ်စိုးမှု​အကြောင်း​ဖြစ်​ပြီး မေရှိယ​အုပ်စိုးချိန်​တွင် တည်ရှိ​မည့်​အခြေအနေ​များ​ကို ကြိုတင်​ပုံဖော်​သည်။ ထို​တွင်​ပုံဖော်​ထား​သည့် ငြိမ်သက်မှု​ရှိ​ခြင်း၊ ဖိနှိပ်မှု​နှင့်​ကြမ်းတမ်းမှု​တို့ အဆုံးတိုင်​ခြင်း၊ မြေကြီးပေါ် စပါး​အလျှံပယ်​ပေါများ​ခြင်း​တို့သည် အလွန်​ကောင်းမွန်​လိုက်​လေ​ခြင်း။ ထို​အရာများ​အပြင် ဘုရားသခင့်​နိုင်ငံတော်​ကောင်းချီး​များ​ကို ခံစားရ​မည့်​သူတို့တွင် ကျွန်ုပ်​တို့​လည်း ပါဝင်​မည်​လော။ ဆာလံဆရာ​ကဲ့သို့ ယေဟောဝါ​အား  စောင့်မျှော်​ကာ ကိုယ်တော်​ကို ကျွန်ုပ်​တို့၏ ခိုလှုံရာ​နှင့် ခွန်အား  ဖြစ်စေ​ကြ​မည်​ဆိုလျှင် ယင်း​ကောင်းချီး​များ​ကို ခံစား​နိုင်​ပါ​မည်။

ဒါဝိဒ်​၏​ဆုတောင်းချက်​များ ဤသို့​အပြီးသတ်​သည်– “အံ့ဖွယ်သော​အမှုတို့​ကို တစ်ပါး​တည်း​သာ​စီရင်တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်၊ ဣသရေလ​အမျိုး​၏​ဘုရားသခင်​သည် မင်္ဂလာ​ရှိ​တော်​မူ​စေ​သတည်း။ ဘုန်းကြီး​သော​နာမတော်​သည်လည်း အစဉ်အမြဲ မင်္ဂလာ​ရှိ​တော်​မူ​စေ​သတည်း။ မြေကြီး​တစ်ပြင်လုံး​သည် ဘုန်းတော်​နှင့်​ပြည့်​ပါစေ​သတည်း။ အာမင်​နှင့်​အာမင်။” (ဆာလံ ၇၂:၁၈-၂၀) ကျွန်ုပ်​တို့​လည်း ယေဟောဝါ​အား လှိုက်လှိုက်လှဲလှဲ​ကောင်းချီး​ပေး၍  ကိုယ်တော်​၏​ဘုန်းကြီး​သော​နာမတော်​ကို ချီးမွမ်း​ကြ​စို့​လေ။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

“ရှင်ဘုရင်​၏​သမီးတော်” သည်​မည်​သူ့ကို​ပုံဆောင်​ကြောင်း သင်​သိ​သလော

[စာမျက်နှာ ၁၀၊ ၁၁ ပါ ရုပ်ပုံ]

ယေရုရှလင်​မြို့ကို “အသရေ​တင့်တယ်ခြင်း​ပြည့်စုံ​ရာ” ဟု အဘ​ယ့်​ကြောင့်​ခေါ်​ရ​ကြောင်း သင်​သိပါသလော