သက်ကြီးရွယ်အိုများကို ဘုရားသခင်ဂရုစိုက်
သက်ကြီးရွယ်အိုများကို ဘုရားသခင်ဂရုစိုက်
ယနေ့ နေရာအနှံ့တွင် သက်ကြီးရွယ်အိုများအား မတော်မတရားပြုမူဆက်ဆံနေကြခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ။ ဘုရားသခင်ကိုမကြောက်သည့် ဤ ‘နောက်ဆုံးသောကာလ’ တွင် လူတို့သည် “ကိုယ်ကိုကိုယ်ချစ်သောသူ၊ . . . ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ” များဖြစ်ကြလိမ့်မည်ဟု ကြာမြင့်စွာကတည်းက သမ္မာကျမ်းစာကြိုဟောထားသည်။ (၂ တိမောသေ ၃:၁-၃) “ပကတိကြင်နာစုံမက်ခြင်း” ဟုဘာသာပြန်ဆိုထားသော ဂရိစကားလုံးတွင် မိသားစုအတွင်း တွေ့ရလေ့ရှိသော မေတ္တာလည်းပါဝင်နိုင်သည်။ အဆိုပါချစ်ခင်စုံမက်ခြင်းသည် သမ္မာကျမ်းစာ ပရောဖက်ပြုထားသည့်အတိုင်းပင် ယနေ့ သိသိသာသာ ကင်းမဲ့လျက်ရှိသည်။
သက်ကြီးရွယ်အိုများကို နှိပ်စက်ကလူပြုကြသူတို့နှင့် လားလားမျှမတူဘဲ ယေဟောဝါဘုရားသခင်သည် အသက်အရွယ်ကြီးရင့်လာသူတို့ကို အလွန်တန်ဖိုးထားပြီး ဂရုစိုက်စောင့်ရှောက်တော်မူ၏။ သမ္မာကျမ်းစာတွင် ယင်းကို မည်သို့ဖော်ပြထားကြောင်း သုံးသပ်ကြည့်ပါ။
‘မုဆိုးမတို့၏တရားသူကြီး’
သက်ကြီးရွယ်အိုများကို ယေဟောဝါဘုရားသခင် ဂရုစိုက်တော်မူကြောင်း ဟေဗြဲကျမ်းစာစောင်များက ဖော်ပြထားသည်။ သာဓကအနေနှင့် ဆာလံ ၆၈:၅ တွင် ဒါဝိဒ်က ဘုရားသခင်အား ‘မုဆိုးမတို့၏တရားသူကြီး’ ဟုခေါ်ဆိုထားသည်။ မုဆိုးမအများမှာ အသက်ကြီးရင့်သူများဖြစ်ကြသည်။ * ‘တရားသူကြီး’ ဟူသော စကားလုံးကို အခြားဘာသာပြန်ကျမ်းများတွင် “ခုခံပေးသူ၊” “ကာကွယ်ပေးသူ” နှင့် “တိုက်လှန်ထောက်ခံသူ” ဟုပြန်ဆိုထားသည်။ မုဆိုးမများကို ယေဟောဝါကာကွယ် စောင့်ရှောက်ကြောင်း ထင်ရှား၏။ အမှန်မှာ သူတို့ကိုနှိပ်စက်လျှင် ကိုယ်တော်ပြင်းစွာအမျက်ထွက်သည်ဟုပင် သမ္မာကျမ်းစာကဆို၏။ (ထွက်မြောက်ရာ ၂၂:၂၂-၂၄) ဘုရားသခင်နှင့် ကိုယ်တော့်ကျေးကျွန်များသည် မုဆိုးမများအပြင် တည်ကြည်သော သက်ကြီးရွယ်အိုမှန်သမျှကို အလွန်တန်ဖိုးထားမြတ်နိုးကြသည်။ “ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျှင် ဘုန်းကြီးသောသရဖူဖြစ်၏” ဟူသော နယပုံပြင် ၁၆:၃၁ ပါဖော်ပြချက်က ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်လူမျိုးတော်၏အမြင်ကို သိရှိစေသည်။
မှန်ပါသည်၊ မုဆိုးမအချို့မှာ သက်ကြီးရွယ်အိုမဟုတ်ကြပါ။ ငယ်ရွယ်သောမုဆိုးမများကိုလည်း ဘုရားသခင်ဂရုစိုက်တော်မူကြောင်း ဝတ်ပြုရာ ၂၂:၁၃ က ဖော်ပြသည်။
သက်ကြီးရွယ်အိုများအား ရိုသေလေးစားခြင်းသည် ဣသရေလလူမျိုးကို ယေဟောဝါပေးခဲ့သော ပညတ်တရားတွင် အခြေခံကျသော အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။ ‘ဆံပင်ဖြူသောသူရှေ့မှာထရမည်။ အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားသခင်ဖြစ်၏’ ဟုဣသရေလလူမျိုးကို မိန့်မှာထားသည်။ (ဝတ်ပြုရာ ၁၉:၃၂) ထို့ကြောင့် ဣသရေလနိုင်ငံတွင် လူကြီးသူမကိုလေးစားခြင်းသည် ယေဟောဝါဘုရားသခင်နှင့် ဆက်ဆံရေးကောင်းသည့် အမှတ်အသားဖြစ်သည်။ အသက်ကြီးရင့်သူကို နှိပ်စက်သူသည် ဘုရားသခင်အား မိမိချစ်သည်ဟု မဆိုနိုင်ပေ။
ခရစ်ယာန်များသည် မောရှေပညတ်အောက် မရှိတော့ချေ။ သို့သော် သူတို့၏အပြုအမူနှင့် သဘောထားအပေါ် ဩဇာသက်ရောက်သော “ခရစ်တော်၏တရား” အောက်၌ ရှိကြသည်။ ထိုတွင် မိဘများနှင့် သက်ကြီးရွယ်အိုများအား မေတ္တာနှင့် စိတ်ဝင်စားမှုပြခြင်းပါဝင်သည်။ (ဂလာတိ ၆:၂; ဧဖက် ၆:၁-၃; ၁ တိမောသေ ၅:၁-၃) ခရစ်ယာန်များသည် မိန့်မှာခံရသောကြောင့်သာမဟုတ်ဘဲ နှလုံးထဲမှ လှုံ့ဆော်ခံရသောကြောင့် မေတ္တာပြကြသည်။ တမန်တော်ပေတရုက “စိတ်နှလုံးပါလျက် အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့” ဟုတိုက်တွန်းခဲ့သည်။—၁ ပေတရု ၁:၂၃၊ သမ္မာ။
သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်သင့်သော အကြောင်းရင်းနောက်တစ်ခုကို ယေရှုတပည့်ယာကုပ်က ဤသို့ရေးသားဖော်ပြခဲ့သည်– ‘ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့် ရှင်းသော ဝတ်ဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့သည် ဆင်းရဲခံရသောအခါ သူတို့ကိုကြည့်ရှု ပြုစုခြင်း၊ ကိုယ်တိုင်လည်း လောကအညစ်အကြေးနှင့် ကင်းစင်အံ့သောငှာ စောင့်ရှောက်ခြင်းပေတည်း။’ (ယာကုပ် ၁:၂၇) ယာကုပ်၏စကားသည် အမှန်ပင် ချက်ကျသည်။ ထိုချစ်ခင်စရာကောင်းသူတို့ကို ယေဟောဝါ မည်မျှအရေးပေးကြောင်း ကျွန်ုပ်တို့အား ဂရုပြုစေသည်။
သို့ဖြစ်၍ သက်ကြီးရွယ်အိုများကို မနှိပ်စက်ရုံမျှနှင့် မပြီးသေးချေ။ သူတို့အတွက် အကျိုးရှိမည့်အရာများ လုပ်ဆောင်ပေးခြင်းဖြင့် သူတို့ကို အမှန်စိတ်ဝင်စားကြောင်း တင်ပြကြရမည်။ (စာမျက်နှာ ၆-၇ မှ “လက်တွေ့ကျမေတ္တာ” လေးထောင့်ကွက်ကိုရှု။) “အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏” ဟုယာကုပ်ရေးသားခဲ့သည်။—ယာကုပ် ၂:၂၆။
“ဆင်းရဲခံရသောအခါ” နှစ်သိမ့်ပေး
ယာကုပ်၏စကားမှသိရသည့် နောက်ထပ်အချက်တစ်ချက်ရှိသေးသည်။ မုဆိုးမများ “ဆင်းရဲခံရသောအခါ” ကြည့် ရှု ပြုစုပေးဖို့ ခရစ်ယာန်များကို ယာကုပ်မှာကြားခဲ့ကြောင်း သတိပြုပါ။ “ဆင်းရဲ” ဟုဘာသာပြန်ဆိုထားသော ဂရိစကားလုံးသည် အခြေခံအားဖြင့် ဘဝပေးအခြေအနေများကြောင့် ကိုယ်စိတ်ဆင်းရဲမှုကို ဆိုလိုသည်။ သက်ကြီးရွယ်အိုများစွာတို့သည် ကိုယ်စိတ်ဆင်းရဲစရာများ ကြုံတွေ့နေကြရမည်မှာ သေချာသည်။ အချို့မှာ အထီးကျန်ဖြစ်နေကြသည်။ အခြားသူတို့မူ ဇရာဖိစီးမှုကြောင့် အကန့်အသတ်ဖြင့်သာ စွမ်းဆောင်နိုင်သည့်အတွက် စိတ်ဓာတ်ကျနေကြသည်။ ဘုရားသခင်အား တက်ကြွစွာအမှုဆောင်နေသူများပင်လျှင် စိတ်အားငယ်နိုင်သည်။ အနှစ်လေးဆယ်ကျော် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတစ်ဦးအဖြစ် အမှုထမ်းဆောင်ခဲ့၍ ထိုနှစ်များအနက် အနှစ်သုံးဆယ် အထူးအချိန်ပြည့်လုပ်ငန်းတွင် ပါဝင်ခဲ့သူ ဂျွန် * ကို သုံးသပ်ကြည့်ပါ။ ယခု အသက် ၈၀ ကျော်ပြီဖြစ်သောဂျွန်က တစ်ခါတစ်ရံ စိတ်ပျက်အားလျော့မိသည်ဟု ဆို၏။ “နောက်ကြောင်းကို ပြန်ပြောင်းစဉ်းစားလိုက်ရင် ကျွန်တော့်အမှားတွေ မနည်းဘူး။ တကယ်တော့ အဲဒီလောက် မမှားသင့်ဘူးလို့ စဉ်းစားနေမိတယ်” ဟုသူပြောပြသည်။
ယေဟောဝါသည် စုံလင်သောပုဂ္ဂိုလ်ဖြစ်သော်လည်း ကျွန်ုပ်တို့ထံမှ ပြီးပြည့်စုံလင်မှုကို အတင်းအကျပ်မတောင်းဆိုကြောင်း ထိုသို့သောသူများ သိသည့်အခါ နှစ်သိမ့်မှုရနိုင်ကြသည်။ ကျွန်ုပ်တို့၏အမှားများကို ကိုယ်တော်သိမြင်တော်မူသော်လည်း သမ္မာကျမ်းစာက ‘အိုယေဟောဝါဘုရားသခင် ကိုယ်တော်သည် အပြစ်များကိုမှတ်တော်မူလျှင် အဘယ်သူခံရပ်နိုင်ပါမည်နည်း’ ဟုဆို၏။ (ဆာလံ ၁၃၀:၃) ကိုယ်တော်သည် ကျွန်ုပ်တို့၏အမှားများကို ကျော်လွန်ပြီး နှလုံးထဲ၌ရှိသောအရာကို သိမြင်တော်မူသည်။ ယင်းကို မည်သို့သိရသနည်း။
ကိုယ်တိုင် မစုံလင်၍ မှားယွင်းခဲ့သူ ဒါဝိဒ်သည် ဆာလံ ၁၃၉:၁-၃ တွင် မှတ်တမ်းတင်ထားသော ဤစကားများကိုရေးဖွဲ့ရန် ဘုရားသခင့်ဝိညာဉ်တော် မှုတ်သွင်းခြင်းကိုခံခဲ့ရသည်– ‘အိုယေဟောဝါဘုရားသခင် ကိုယ်တော်သည် အကျွန်ုပ်ကိုစစ်ကြော၍ သိတော်မူ၏။ အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကိုသိတော်မူ၏။ အကျွန်ုပ်အကြံအစည်တို့ကို အဝေးကပင်နားလည်တော်မူ၏။ အကျွန်ုပ်သွားသောလမ်းကိုလည်းကောင်း၊ အိပ်ရာကိုလည်းကောင်း စစ်ဆေး၍ အကျွန်ုပ်ကျင့်သောအကျင့်အလုံးစုံတို့ကို ကျွမ်းတော်မူ၏။” ဤတွင် “စစ်ဆေး” ဟူသော ဝေါဟာရ၏ဆိုလိုရင်းမှာ “စစ်ထုတ်” ခြင်းဖြစ်သည်။ လယ်သမားတစ်ဦး စပါးလှေ့ရာတွင် စပါးခွံမှ စပါးစေ့များကို ရွေးထုတ်သကဲ့သို့ဖြစ်သည်။ ဘုရားသခင့်မှုတ်သွင်းခြင်းခံရသော ဒါဝိဒ်က ယေဟောဝါသည် ကျွန်ုပ်တို့ပြုသောကောင်းမှုများကို စစ်ထုတ်ပြီး မှတ်ထားတော်မူကြောင်း စိတ်ချစေသည်။
သနားကြင်နာတတ်သော ကောင်းကင်ခမည်းတော်သည် ကိုယ်တော့်အပေါ် ကျွန်ုပ်တို့ တည်ကြည်နေသရွေ့ ကျွန်ုပ်တို့၏ကောင်းမှုများကို သတိရအောက်မေ့ပြီး ရင်ဝယ်ပိုက်ထားတော်မူ၏။ အမှန်မှာ ကျွန်ုပ်တို့၏လုပ်ဆောင်မှုနှင့် နာမတော်ကိုထောက်၍ပြသော ကျွန်ုပ်တို့၏မေတ္တာကို မေ့လျော့လျှင် မဖြောင့်မတ်သောလုပ်ရပ်အဖြစ် ကိုယ်တော်ရှုမြင်မည်ဟု သမ္မာကျမ်းစာကဆို၏။—ဟေဗြဲ ၆:၁၀။
“ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ”
ဇရာထောင်းခြင်းသည် လူသားတို့အတွက် ဘုရားသခင်ရည်ရွယ်ထားရာမဟုတ်ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ကျွန်ုပ်တို့၏ ကနဦးမိဘများဖြစ်သော ပထမလူယောက်ျားနှင့် လူမိန်းမတို့သည် ဖန်ဆင်းရှင်အား ပုန်ကန်ပြီးနောက်မှသာ ဇရာထောင်းခြင်းသည် လူ့သဘာဝဖြစ်လာခဲ့သည်။ (ကမ္ဘာဦး ၃:၁၇-၁၉; ရောမ ၅:၁၂) ယင်းသို့ ထာဝစဉ်ဆက်ဖြစ်သွားမည်မဟုတ်ပါ။
အထက်တွင်ဖော်ပြထားသည့်အတိုင်း သက်ကြီးရွယ်အိုများအား နှိပ်စက်ခြင်းအပါအဝင် ယနေ့ကြုံတွေ့နေရသော အခြေအနေဆိုးများက ဤအစီအစဉ်စနစ်၏ ‘နောက်ဆုံးသောကာလ’ တွင် ကျွန်ုပ်တို့အသက်ရှင်နေကြောင်း သက်သေထူသည်။ (၂ တိမောသေ ၃:၁) ဘုရားသခင်၏ရည်ရွယ်ချက်မှာ ဇရာဖိစီးမှုနှင့် သေခြင်းအပါအဝင် အပြစ်၏အကျိုးဆက်များကို ဖယ်ရှားပစ်ရန်ဖြစ်သည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာ. ၂၁:၄။
ဘုရားသခင့်ကမ္ဘာသစ်တွင် နာခြင်းအိုခြင်းတို့သည် ရှေးဖြစ်ဖူးသောအရာများ ဖြစ်သွားလိမ့်မည်။ သက်ကြီးရွယ်အိုများအား နှိပ်စက်ခြင်းလည်း ထိုနည်းအတိုင်းပင်ဖြစ်မည်။ (မိက္ခာ ၄:၄) ဘုရားသခင့်မှတ်ဉာဏ်ထဲရှိ သေလွန်သူများပင် မြေကြီးပရဒိသုပေါ် ထာဝစဉ်အသက်ရှင်ခွင့်ရနိုင်ရန် အသက်ပြန်ရှင်လာကြပါလိမ့်မည်။ (ယောဟန် ၅:၂၈၊ ၂၉) ထိုအခါ ယေဟောဝါဘုရားသခင်သည် သက်ကြီးရွယ်အိုများကိုသာမက ကိုယ်တော့်စကား နားထောင်သူအားလုံးကို ဂရုစိုက်တော်မူကြောင်း တစ်ခါနှင့်မျှမတူအောင် သိသာထင်ရှားလာပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 5 ဒေါ်ကာသည် ဆင်းရဲနွမ်းပါးသောမုဆိုးမများကို ကြည့်ရှုပြုစုခဲ့သည်။—တမန်တော် ၉:၃၆-၃၉
^ အပိုဒ်၊ 12 အမည်ရင်းမဟုတ်ပါ။
[စာမျက်နှာ ၆၊ ၇ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
လက်တွေ့ကျ မေတ္တာ
ယေဟောဝါသက်သေ အသင်းတော်အကြီးအကဲများသည် သက်ကြီးရွယ်အိုများအား ဂရုစိုက်ကြည့်ရှုရာတွင် ဦးဆောင်ဦးရွက်ပြု ကြသည်။ “ဘုရားသခင်၏သိုးတော်စုကို . . . ကြည့်ရှုအုပ်ထိန်းကြလော့” ဟူသော တမန်တော်ပေတရု၏တိုက်တွန်းချက်ကို သူတို့အလေးအနက်ထားကြသည်။ (၁ ပေတရု ၅:၂) ဘုရားသခင့်သိုးတော်စုကို ကြည့်ရှုအုပ်ထိန်းရာတွင် သက်ကြီးရွယ်အိုများအား လက်တွေ့ကျကျ ကြည့်ရှုပြုစုခြင်းပါဝင်သည်။ ထိုတွင် အဘယ်အရာများ ပါဝင်နိုင်သနည်း။
သက်ကြီးရွယ်အိုတစ်ဦး၏လိုအပ်ရာများကို ကောင်းစွာသိထားရန် စိတ်ရှည်ရမည့်အပြင် သူတို့ထံမကြာမကြာ အလည်သွားပြီး စကားလက်ဆုံပြောဆိုဖို့လည်း လိုပေမည်။ ဈေးဝယ်ခြမ်းရန်၊ သန့်ရှင်းရေးလုပ်ရန်၊ ခရစ်ယာန်အစည်းအဝေးများသို့ ကြိုပို့ရန်၊ သမ္မာကျမ်းစာနှင့် ခရစ်ယာန်စာပေစာတမ်းများကို ဖတ်ပြရန်နှင့် အခြားကိစ္စများကို ပြုလုပ်ပေးဖို့ လိုကောင်းလိုပေမည်။ ဖြစ်နိုင်သည့်အခါတိုင်း လက်တွေ့ကျ၍ ယုံကြည်စိတ်ချနိုင်သော အစီအစဉ်များကိုရေးဆွဲပြီး အကောင်အထည်ဖော်သင့်သည်။ *
သို့သော် အသင်းတော်မှ သက်ကြီးရွယ်အို ညီအစ်ကို၊ ညီအစ်မတစ်ဦးသည် အလွန်ဘေးကျပ်နံကျပ်ဖြစ်နေပြီး ငွေကြေးအကူအညီလိုအပ်နေလျှင်ကော မည်သို့နည်း။ ဦးဆုံးအနေနှင့် အကူအညီပေးနိုင်မည့် သားသမီး သို့မဟုတ် ဆွေမျိုးရှိမရှိ စုံစမ်းကြည့်လျှင် ကောင်းမည်။ ဤသို့ပြုခြင်းသည် ၁ တိမောသေ ၅:၄ ပါ ဤဖော်ပြချက်နှင့်အညီဖြစ်၏– ‘သားမြေးရှိသောမုဆိုးမဖြစ်လျှင်၊ ထိုသားမြေးတို့သည် ရှေ့ဦးစွာ ဘုရားသခင်ဝတ်ကိုရည်မှတ်လျက်၊ မိမိအိမ်ကိုပြုစု၍ မိဘဘိုးဘွား၌ကျေးဇူးဆပ်ခြင်းငှာသင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏။’ထိုသက်ကြီးရွယ်အိုအနေဖြင့် အစိုးရထောက်ပံ့ငွေ ရနိုင်မနိုင် စုံစမ်းရာတွင် အကူအညီလိုကောင်းလိုပေမည်။ အသင်းတော်မှအချို့သူတို့က စုံစမ်းပေးနိုင်ကြပေမည်။ ထိုသို့သောထောက်ပံ့ကူညီမှု တစ်ခုမျှမရနိုင်လျှင် ထိုသက်ကြီးရွယ်အိုသည် အသင်းတော်၏အကူအညီ ရထိုက်မထိုက် အကြီးအကဲများက ဆုံးဖြတ်နိုင်ကြသည်။ ပထမရာစုအသင်းတော်တွင် ထိုသို့ပြုခဲ့ဖူးရာ တမန်တော်ပေါလုက သူ၏လုပ်ဖော်ဆောင်ဖက် တိမောသေထံ ဤသို့ရေးသားခဲ့သည်– “မုဆိုးမသည် အသက်ခြောက်ဆယ်မပြည့်လျှင်၊ စာရင်းအင်းမဝင်စေနှင့်။ လင်တစ်ယောက်တည်းရှိဖူးသောသူ၊ ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကိုကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ကိုပြုခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကိုလုပ်ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစားအားထုတ်ခြင်းကိုပြုဖူးသောသူဖြစ်လျှင်၊ စာရင်းအင်းဝင်စေ။”—၁ တိမောသေ ၅:၉၊ ၁၀။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 26 ထပ်ဆင့်သုံးသပ်ဖို့ ၁၉၈၈၊ ဇွန် ၁၊ ကင်းမျှော်စင် ပါ “သက်ကြီးရွယ်အိုများအကျိုးကို ဂရုပြုခြင်း” ဆောင်းပါးကိုရှု။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ဒေါ်ကာသည် ဆင်းရဲနွမ်းပါးသောမုဆိုးမများကို ကြည့်ရှုပြုစုခဲ့သည်။—တမန်တော် ၉:၃၆-၃၉