မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သက်ကြီးရွယ်အိုများ လျစ်လျူရှု နှိပ်စက်ခံနေရ

သက်ကြီးရွယ်အိုများ လျစ်လျူရှု နှိပ်စက်ခံနေရ

သက်ကြီးရွယ်အို​များ လျစ်လျူရှု နှိပ်စက်​ခံ​နေရ

ကင်း​လှည့်​နေစဉ် ကျောချမ်း​စ​ရာ​မြင်ကွင်း​ကြောင့် ညစောင့်​သည် လန့်ဖျပ်​သွား​၏။ ဇိမ်​ခံ​တိုက်ခန်းတွဲ​တစ်ခု​ရှေ့တွင် ရှစ်​လွှာ​မှ ခုန်ချ​ခဲ့​ကြသော သက်ကြီးရွယ်အို​မောင်နှံ​တစ်စုံ​၏ အလောင်းကို ရုတ်တရက် တွေ့​လိုက်ရ​သည်။ သူတို့​ကိုယ်ကို သတ်​သေ​ပုံ​မှာ ထိတ်လန့်စရာ​ကောင်း​သကဲ့သို့ သူတို့​သတ်​သေရ​သည့် အကြောင်းရင်း​မှာ ပို​၍​တုန်လှုပ်​ချောက်ချား​စ​ရာ​ကောင်း​၏။ လင်ယောက်ျား​ဖြစ်သူ​၏ အင်္ကျီ​အိတ်ကပ်​ထဲ​မှ ဤ​စာတိုလေး တွေ့ရ​၏– “ကျွန်တော်​တို့သည် သား​နှင့်​ချွေး​မတို့​၏ မတော်မတရား​ပြုမူ​ဆက်ဆံမှု​ကို တစ်ချိန်​လုံး ခံ​နေကြ​ရသော​ကြောင့် မိမိတို့​ကိုယ်ကို အဆုံးစီရင်​ရခြင်း​ဖြစ်ပါ​သည်။”

အကြောင်းစုံ​မှာ ထူးခြား​ပေမည်။ သို့သော် ထိုသို့​ပြု​ရသည့်​အကြောင်းရင်း​သည် သာမန်​ကိစ္စ​ဖြစ်​နေ၍ ဝမ်းနည်းစရာပင်။ အမှန်စင်စစ် သက်ကြီးရွယ်အို​များ​ကို မတော်မတရား​ပြုမူ​ဆက်ဆံခြင်း​သည် ကမ္ဘာ့​ဒေသ​အားလုံးနီးပါး​တွင် ဖြစ်ပျက်​နေ​၏။ အောက်ပါ​တို့ကို သုံးသပ်ကြည့်​ပါ–

• ကနေဒါ​နိုင်ငံသား သက်ကြီးရွယ်အို ၄ ရာခိုင်နှုန်း​က မိသားစု​မှ​တစ်ဦး​တစ်ယောက်​၏ မတော်မတရား​ပြုမူ​ဆက်ဆံခြင်း သို့​မဟုတ် ခေါင်းပုံဖြတ်​ခြင်း​တို့ကို ခံ​နေရ​သည်​ဟု တိုင်ကြား​ကြောင်း လေ့လာမှု​တစ်ခု​က ဖော်ပြ​ထား​သည်။ သို့သော် သက်ကြီးရွယ်အို​အများ​သည် မိမိတို့၏​ဖြစ်အင်​ကို ထုတ်ဖော်​ပြော​ရန် အလွန်​ရှက်ကြောက်​ကြသည်။ အမှန်​အားဖြင့် ၁၀ ရာခိုင်နှုန်း​နီးပါး​ရှိ​နိုင်​သည်​ဟု သုတေသီ​များ​က​ဆို​၏။

• “သားသမီး​များ​၏ ငြိုငြင်​မှု​ခံ​နေရ​သော ဇ​ရာ​အို​မိဘများ​အရေအတွက် တိုးများ​လာ​နေသည့် အိန္ဒိယ​နိုင်ငံ​သည် အပြင်ပန်း​အားဖြင့် မိသားစု​နှောင်ကြိုး​ခိုင်မြဲ​ပုံ​ရှိသော်လည်း တစ်စ​တစ်စ​ပြိုလဲ​ပျက်စီး​လျက်​ရှိသည်” ဟု အင်​ဒီ​ယား​ထူ​ဒေး မဂ္ဂဇင်းက​ဆို​၏။

• နောက်ဆုံး​ခန့် မှန်း​ချက်​များ​အရ “အသက် ၆၅ နှစ် သို့​မဟုတ် ထို့​ထက်​ကြီးသော အမေရိကန်​နိုင်ငံသား ၁ သန်း​နှင့် ၂ သန်း​ကြား​သည် သူတို့​မှီခို​အားကိုး​နေရသူ​၏ ခေါင်းပုံဖြတ်​ခြင်း၊ အနာတရ​ဖြစ်စေ​ခြင်း သို့​မဟုတ် အခြား​တစ်နည်း​နည်းဖြင့် မတော်မတရား​ပြုမူ​ဆက်ဆံခြင်း​ကို ခံ​ခဲ့​ကြ​ရသည်” ဟု သက်ကြီးရွယ်အို​များ​အား မတရား​ပြုမူခြင်း​ဆိုင်ရာ အမျိုးသား​ဗဟို​ဌာန​က ဆို​၏။ ကယ်လီဖိုးနီးယား​ပြည်နယ် စဲန်ဒ​ယေး​ဂိုး​မြို့မှ လက်ထောင်​ခရိုင်​အကျိုးဆောင်​ရှေ့နေ​တစ်ဦး​က သက်ကြီးရွယ်အို​များ​အား မတော်မတရား​ပြုမူ​ဆက်ဆံခြင်း​သည် “ယနေ့ ဥပဒေ​အရ​အရေးယူ​ခြင်း​ခံ​နေရ​သော စိုးရိမ်ဖွယ်​အကောင်းဆုံး ပြဿနာ​တစ်ခု​ဖြစ်နေ​သည်” ဟု​ဆို​၏။ “၎င်း​ပြဿနာ​သည် လာ​မည့်​နှစ်​အနည်းငယ်​တွင် တိုးများ​လာ​မည်​ဟု ကျွန်ုပ်​မြင်​သည်” ဟု​သူ​ထပ်လောင်း​ပြော​သည်။

• န​ယူးဇီ​လ​န်​နိုင်ငံ၊ ကဲ​န်​တာ​ဘာ​ရီ​မြို့တွင် သက်ကြီးရွယ်အို​များသည် မိသားစု​မှ တစ်ဦး​တစ်ယောက်​၏ အထူးသဖြင့် မူးယစ်​ဆေး၊ အရက်စွဲနေ​သော သို့​မဟုတ် လောင်းကစား​တတ်​သည့်​ပြဿနာ​ရှိနေ​သူတို့၏​ပစ်မှတ်​များ ဖြစ်နေ​သည့်​အတွက် တိုး၍​စိုးရိမ်​နေကြ​သည်။ ကဲ​န်​တာ​ဘာ​ရီ​မြို့တွင် သက်ကြီးရွယ်အို​များ​အား မတရား​ပြုမူ ခြင်း တိုင်ကြား​ချက်​အရေအတွက်​သည် ၂၀၀၂ ခုနှစ်​တွင် ၆၅ မှု​ရှိခဲ့​၏။ ၂၀၀၃ ခုနှစ်​တွင်​မူ ၁၀၇ မှု​သို့ သိသိသာသာ တိုးများ​လာ​သည်။ ထိုသို့​ပြုမူ​ဆက်ဆံခြင်း​ကို တားဆီး​ကာကွယ်​ရန် ဖွဲ့စည်းထား​သော အေဂျင်စီ​တစ်ခု​၏​အမှုဆောင်​လူ ကြီး​က ၎င်း​အရေအတွက်​သည် အမှန်တကယ်​ခံရ​သူ အရေအတွက်​နှင့်​နှိုင်းယှဉ်လျှင် “ရေခဲ​ကျွန်း​မျော​၏​ထိပ်ဖျား” ကဲ့သို့ မဆိုစလောက်​သာ​ဖြစ်သည်ဟု​ဆို​၏။

• “မတရား​ပြုမူ​ဆက်ဆံခံရသူ သက်ကြီးရွယ်အို​များ​ကို မတော်မတရား​ပြု​ခံ​နေရ​သောက​လေး​များ သို့​မဟုတ် အခြားသော အိမ်တွင်း​အကြမ်းဖက်မှု​ခံ​နေရသူ​များ​ထက် ပို​၍​ဂရုစိုက်​ပေး​ဖို့​လိုအပ်​နေကြောင်း” ဂျပန်​တရားရေး​ဝန်ထမ်း​များ​အဖွဲ့ချုပ်​က အကြံပြု​သည်​ဟု ဂျပန်​တိုင်းမ်​က​ဆို​၏။ အဘယ်ကြောင့်​နည်း။ အကြောင်းရင်း​တစ်ခု​မှာ “ကလေး​ကို သို့​မဟုတ် အိမ်ထောင်ဖက်​ကို မတရား​ပြုမူ​ဆက်ဆံခြင်း​နှင့်​စာ​လျှင် သက်ကြီးရွယ်အို​များ မတရား​ပြုမူ​ဆက်ဆံ​ခံ​နေရ​ခြင်း​ကို တော်​တော်​နှင့် မသိနိုင်​သောကြောင့်​ဖြစ်သည်။ အကြောင်း​မှာ သားသမီး​များ​က အကြမ်း​ပ​တမ်း​ပြုမူ​သောအခါ မိမိတို့​တာဝန်​မကင်း​ဟု သက်ကြီးရွယ်အို​များ ယူဆကြ​သောကြောင့်၊ အစိုးရ​နှင့် ဒေသခံ​အုပ်ချုပ်ရေးမှူး​များ​က အဆိုပါ​ပြဿနာ​ကို ထိထိရောက်ရောက် ကိုင်တွယ်​ခြင်း​မရှိသော​ကြောင့်​ဖြစ်သည်။”

ကမ္ဘာ​တစ်ဝန်း​တွင်​ဖြစ်ပျက်​နေသော အဆိုပါ​နမူနာ​ဖြစ်ရပ်​များ​က ဤသို့​မေးခွန်း​ပေါ်​စေ​သည်– လျစ်လျူ ရှု နှိပ်စက်​ခံ​နေရ​သော သက်ကြီးရွယ်အို​များ အဘယ်ကြောင့်​ဤမျှ များ​ရသနည်း။ ထူးခြား​ကောင်းမွန်​လာ​စ​ရာ​အကြောင်း ရှိပါ​သလော။ သက်ကြီးရွယ်အို​များ​အတွက် အဘယ်​နှစ်သိမ့်မှု​ရှိ​သနည်း။