မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အသက်ရှင်မည်အကြောင်း အသက်ကို ရွေးယူလော့’

‘အသက်ရှင်မည်အကြောင်း အသက်ကို ရွေးယူလော့’

‘အသက်ရှင်​မည်​အကြောင်း အသက်ကို ရွေးယူ​လော့’

‘အသက်ရှင်ခြင်း သေခြင်း ကောင်းချီး​ပေးခြင်း ကျိန်ခြင်း​တို့ကို သင့်​ရှေ့၌ ငါ​ထား​သည်။ . . . အသက်ရှင်​မည်​အကြောင်း . . . အသက်​တရားကို ရွေးယူ​လော့။’—တရားဟောရာ ၃၀:၁၉၊ ၂၀

၁၊ ၂။ လူသည် ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့်​အညီ အဘယ်​နည်းများဖြင့် ဖန်ဆင်း​ခံရ​သနည်း။

“ငါ​တို့​ပုံသဏ္ဌာန်​နှင့် တညီ​တသဏ္ဌာန်တည်း လူကို ဖန်ဆင်း​ကြ​စို့။” ဘုရားသခင်​၏​အဆိုပါ​မိန့်ဆိုချက်​ကို သမ္မာကျမ်းစာ​၏​ပထမ​ဆုံး​အခန်းကြီး​တွင် မှတ်တမ်း​တင်ထား​သည်။ သို့နှင့် “ဘုရားသခင်​သည် မိမိ​ပုံသဏ္ဌာန်​နှင့်​အညီ လူကို​ဖန်ဆင်း​တော်​မူ​၏” ဟု ကမ္ဘာဦး ၁:၂၆၊ ၂၇ က​ဖော်ပြ​သည်။ သို့ဖြစ်၍ ကနဦး​လူသား​သည် ကမ္ဘာ​ပေါ်​ရှိ အခြား​သတ္တဝါ​အားလုံး​နှင့် မတူ​ခြင်း​ဖြစ်သည်။ သူသည် ဖန်ဆင်း​ရှင်​နှင့်​တူ​ပြီး ကျိုးကြောင်း​ဆင်ခြင်​ရာ​တွင်​လည်းကောင်း ချစ်ခြင်း တရား​မျှတခြင်း ဉာဏ်ပညာ​နှင့် တန်ခိုး​တို့ကို ဖော်ပြ​ရာ​တွင်​လည်းကောင်း ဘုရားသခင်​၏​စိတ်သဘော​တော်​ကို ထင်ဟပ်ပြ​နိုင်​သည်။ မိမိကို​အကျိုးပြု​ပြီး ကောင်းကင်​ခမည်းတော်​၏​အလိုတော်နှင့်​တွေ့​နိုင်​မည့် ဆုံးဖြတ်ချက်​များ​ချ​နိုင်​ရန် ကိုယ်ကို​ကိုယ်​သိသောစိတ်​လည်း သူ့​တွင်​ရှိ၏။ (ရောမ ၂:၁၅) အချုပ်​ဆို​ရ​လျှင် အာဒံ​တွင် လွတ်လပ်​စွာ​လုပ်ပိုင်ခွင့်​ရှိသည်။ ယေဟောဝါ​သည် မိမိ၏​လက်ရာ မြေကြီးသား​၏​တည်ဆောက်​ပုံ​နှင့်​စပ်လျဉ်း၍ “အလွန်​ကောင်း​သည်” ဟု​မိန့်ဆိုခဲ့​၏။—ကမ္ဘာဦး ၁:၃၁; ဆာလံ ၉၅:၆

အာဒံ​၏​သားစဉ်မြေးဆက်​များ​ဖြစ်​ကြသော ကျွန်ုပ်​တို့သည်​လည်း ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့်​အညီ ဖန်ဆင်း​ခံရ​သည်။ သို့သော် ကျွန်ုပ်​တို့​တွင် အမှန်ပင် ရွေးချယ်ခွင့်​ရှိသလော။ ရှိပါ​သည်။ ယေဟောဝါ​သည် အဘယ်အရာ​ဖြစ်ပျက်​လာ​မည်​ကို ကြိုသိ​ရှိ​နိုင်​သော်လည်း ကျွန်ုပ်​တို့​တစ်ဦးစီ၏​လုပ်ရပ်များနှင့် နောက်ဆုံး​ရလဒ်ကို တင်ကူး​သတ်မှတ်​ထားခြင်း​မရှိ​ချေ။ ကိုယ်တော်​၏​မြေကြီး​သားသမီး​များ​ကို ဘယ်တော့​မျှ တင်ကူး​သတ်မှတ်​ထား​မည်​မဟုတ်​ချေ။ ဆုံးဖြတ်ချက်​အမှန်​ချ​နိုင်​ရန် လွတ်လပ်​စွာ​လုပ်ပိုင်ခွင့်​ကို အသုံးပြုခြင်း​၏ အရေးပါမှု​ကို နားလည်​ဖို့ ဣသရေလ​လူမျိုး​မှ ဦးစွာ သင်ခန်းစာယူကြ​စို့။—ရောမ ၁၅:၄

ဣသရေလလူ​တို့ လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့်​ရှိ

၃။ ပညတ်တော်​ဆယ်ပါး​၏ ပထမ​ပညတ်​ကား အဘယ်နည်း။ သစ္စာရှိ​ဣသရေလလူ​တို့သည် ၎င်း​ပညတ်​ကို နာခံ​ရန် မည်သို့​ရွေးချယ်​ခဲ့​ကြ​သနည်း။

‘ငါသည် သင့်ကို ကျွန်ခံ​နေရာ အဲဂုတ္တု​ပြည်​မှ ကယ်နုတ်​ဆောင်ယူ​ခဲ့​ပြီး​သော သင်၏​ဘုရားသခင် ယေဟောဝါ​ဖြစ်၏’ ဟု​ဣသရေလလူ​တို့ကို ယေဟောဝါ​မိန့်ဆိုခဲ့သည်။ (တရားဟောရာ ၅:၆) ဘီစီ ၁၅၁၃ ခုနှစ်​တွင် ဣသရေလ​လူမျိုး​သည် အီဂျစ်​ကျွန်​သ​ပေါက်​အဖြစ်​မှ အံ့ဖွယ်​နည်းဖြင့် ကယ်နုတ်​ခံ​ခဲ့​ရသော​ကြောင့် အဆိုပါ​စကား​များ​ကို သံသယ​ဖြစ်စရာ​အကြောင်း​မရှိ​ချေ။ ပညတ်တော်​ဆယ်ပါး​၏ ပထမ​ပညတ်​တွင် ပြောရေးဆိုခွင့်​ရှိသူ မောရှေ​မှ​တစ်ဆင့် ယေဟောဝါ​က ‘ငါ​မှတစ်ပါး အခြားသော​ဘုရားသခင်​ကို မကိုးကွယ်​နှင့်’ ဟု​မိန့်ဆိုခဲ့​၏။ (ထွက်မြောက်ရာ ၂၀:၁၊) ထို​အချိန်​က ဣသရေလ​လူမျိုး​သည် ၎င်း​ပညတ်​ကို နာခံ​ရန် ရွေးချယ်​ခဲ့​ကြသည်။ သို့ဖြင့် သူတို့သည် ယေဟောဝါ​အား စိတ်လို​ကိုယ်​လျောက် အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြု​ခဲ့​ကြ​၏။—ထွက်မြောက်ရာ ၂၀:၅; တောလည်ရာ ၂၅:၁၁

၄။ (က) မောရှေ​သည် ဣသရေလ​လူမျိုး​ကို အဘယ်​ရွေးချယ်မှု​ပြု​ရန် ဖော်ပြ​ခဲ့​သနည်း။ (ခ) ယနေ့ ကျွန်ုပ်​တို့ အဘယ်​ရွေးချယ်မှု​ပြု​ကြ​ရမည်​နည်း။

နောက်​နှစ်ပေါင်း ၄၀ ခန့်အကြာ​တွင် ဣသရေလလူ​မျိုးဆက် နောက်​တစ်ဆက်​အား သူတို့​ရွေးချယ်​ပြုလုပ်​ရမည့်​အမှု​အကြောင်း မောရှေ အတိအလင်း​သတိပေး​ခဲ့​သည်။ “အသက်ရှင်ခြင်း သေခြင်း ကောင်းချီး​ပေးခြင်း ကျိန်ခြင်း​တို့ကို သင့်​ရှေ့၌ ငါ​ထား​သည်​ဟု သင့်တစ်ဖက်​၌ ကောင်းကင်​မြေကြီးကို ငါ​တိုင်တည်​၏။ သို့​ဖြစ်၍ သင်​နှင့်​သင့်​အမျိုးအနွယ်​သည် အသက်ရှင်​မည်​အကြောင်း . . . အသက်​တရားကို ရွေးယူ​လော့” ဟု​ပြောဆို​ခဲ့​သည်။ (တရားဟောရာ ၃၀:၁၉၊ ၂၀) ထို​နည်းတူ ယနေ့လည်း ကျွန်ုပ်​တို့ ရွေးချယ်​ပြုမူ​နိုင်​သည်။ ထာဝရ​အသက်ကိုရှုမျှော်၍ ယေဟောဝါ​အား သစ္စာရှိ​စွာ​ဝတ်ပြု​ရန် သို့​မဟုတ် ကိုယ်တော်​၏​စကား​ကို​နားမထောင်ခြင်း ဆိုးကျိုး​များ​ခံစားရ​ရန် ရွေးချယ်​နိုင်​ကြသည်။ ရွေးချယ်မှု​မတူ​သော လူ​နှစ်မျိုး​နှစ်​စား​၏ ပုံ​နမူနာကို သုံးသပ်ကြည့်​ပါ။

၅၊ ၆။ ယောရှု​သည် အဘယ်အရာ​ရွေးချယ်​ခဲ့​သနည်း။ အဘယ်​အကျိုး​ရလဒ်​ရရှိခဲ့​သနည်း။

ဘီစီ ၁၄၇၃ ခုနှစ်​တွင် ယောရှု​သည် ဣသရေလလူ​တို့ကို ကတိထားရာပြည်​သို့ ဦးဆောင်​၍​ခေါ်သွား​သည်။ သူ​မသေမီ ဣသရေလလူ​မျိုး​တစ်မျိုးလုံး​ကို ဤသို့​ပြတ်ပြတ်သားသား​တိုက်တွန်း​ခဲ့​သည်– ‘ထာဝရ​ဘုရားသခင်​အား ဝတ်မပြု​ကောင်း​ဟု သင်တို့​ထင်​လျှင် မြစ်​ကြီး​တစ်ဖက်၌ ဘိုးဘေး​တို့​ဝတ်ပြု​သော​နတ်​ဘုရား သင်တို့​နေရာ အာမောရိ​ပြည်သား​တို့၏​နတ်​ဘုရား​များ​တွင် အဘယ်​မည်​သော​နတ်​ဘုရား​တို့အား ဝတ်ပြု​မည်​အရာ​ကို ယနေ့ ရွေး​ကြလော့။’ ထို့နောက် သူ၏​မိသားစု​နှင့်​ပတ်သက်​၍ သူက ‘ငါ​နှင့်​ငါ့​အိမ်သား​ဖြစ်​လျှင် ယေဟောဝါ​ကို​သာ ဝတ်ပြု​မည်’ ဟု​ဆို​သည်။—ယောရှု ၂၄:၁၅

အစောပိုင်း​တွင် ယေဟောဝါ​က အားယူ၍ ရဲရင့်ခြင်း​ရှိ​လော့​ဟု ယောရှု​ကို အားပေးခဲ့​ပြီး ဘုရားသခင်​၏​ပညတ်တော်​ကို လိုက်လျှောက်ခြင်း​လမ်း​မှ သွေဖည်​မသွား​ရန် မိန့်မှာ​ခဲ့​သည်။ ယောရှု​သည် ပညတ္တိကျမ်း​စာ​ကို နေ့​ည​မပြတ်​ဖတ်ရွတ်​ခြင်း​အားဖြင့် အကြံ​ထမြောက်​မည်​ဖြစ်သည်။ (ယောရှု ၁:၇၊ ၈) ထို​အတိုင်း​လည်း ဖြစ်ပျက်​ခဲ့​၏။ ယောရှု​၏​ရွေးချယ်မှု​က ကောင်းချီး​များ ခံစားရ​ရန် ဖြစ်စေ​ခဲ့​သည်။ ‘ထာဝရ​ဘုရားသခင်​သည် ဣသရေလ​အမျိုး​အဖို့ မိန့်တော်မူသော ကောင်းကျိုး​တစ်စုံ​တစ်ပါး​မျှ​မ​လျော့ ရှိသမျှ​တို့သည် ပြည့်စုံ​ကြ​၏’ ဟု ယောရှု​ဖော်ပြ​ခဲ့​သည်။—ယောရှု ၂၁:၄၅

၇။ ဟေရှာယ​ခေတ်​က ဣသရေလလူ​အချို့​သည် အဘယ်​ရွေးချယ်မှု​ကို ပြု​ခဲ့​ကြ​သနည်း။ ရလဒ်​ကား အဘယ်နည်း။

နောက်​အနှစ် ၇၀၀ ခန့်​ကြာ​သောအခါ ၎င်းနှင့်​ခြားနား​သည့်​အခြေအနေ​မျိုးကို ဣသရေလ​ပြည်​တွင် တွေ့ရှိ​ခဲ့​ရ၏။ ယင်းကို သုံးသပ်ကြည့်​ပါ။ ထို​အချိန်၌ ဣသရေလလူ​တို့သည် အယူမှား​ဓလေ့​ထုံးစံ​များ​ကို လိုက်လျှောက်​နေကြ၏။ ဥပမာ နှစ်​၏​နောက်ဆုံး​နေ့ရက်​တွင် အရသာ​စုံလင်​လှ​သော အစားအစာ​နှင့် ဝိုင်​ချို​တို့ကို လူ​တို့ ဝိုင်းဖွဲ့​စားသောက်​လေ့​ရှိကြသည်။ ၎င်း​သည် မိသားစု​မိတ်​ဆုံ​စားပွဲ​မျှ​သာ​မဟုတ်ဘဲ အယူမှား​နတ်​ဘုရား​နှစ်ပါး​ကို ဂုဏ်ပြု​သည့် ဘာသာရေး​အခမ်းအနား​တစ်ခု​ဖြစ်သည်။ အဆိုပါ​သစ္စာမဲ့မှု​အပေါ် ဘုရားသခင်​၏​အမြင်ကို ပရောဖက်​ဟေရှာယ​က ဤသို့​မှတ်တမ်းတင်​ခဲ့​သည်– ‘သင်တို့​မူ​ကား ထာဝရ​ဘုရားသခင်​ကို စွန့်ပစ်​သော​သူ ငါ​၏​သန့်ရှင်းသော​တောင်​ကို မေ့လျော့​သော​သူ ဂါ​ဒ​နတ်​ဘုရား​ရှေ့မှာ စားပွဲ​ကို​ခင်း​၍ မေ​နိ​နတ်​ဘုရား​အား သွန်းလောင်း​ရာ​ပူဇော်ရာ​ယဇ်ကို ပြင်​သော​သူ​ဖြစ်​ကြ​၏။’ တစ်နှစ်​တာ​၏​သီးနှံ​ဖြစ်ထွန်း​မှု​သည် ယေဟောဝါ​၏​ကောင်းချီး​ကြောင့်​မဟုတ်ဘဲ ‘ဂါ​ဒ​နတ်​ဘုရား’ နှင့် ‘မေ​နိ​နတ်​ဘုရား’ တို့၏ မျက်နှာသာ​ကြောင့်​ဖြစ်သည်ဟု သူတို့​ယူမှတ်​ကြသည်။ အမှန်​မှာ သူတို့၏​ပုန်ကန်မှု​လမ်းစဉ်​နှင့် လမ်းမှား​ကို တမင်တကာ ရွေးချယ်မှု​တို့​ကြောင့် ဆိုးကျိုး​များ ခံစား​ခဲ့​ကြ​ရ၏။ “သင်တို့ကို ငါ​ရေတွက်​၍ ဓား​၌​အပ်​မည်။ ရှိသမျှ​တို့သည် အသေ​သတ်​ခြင်း​ကို​ခံရ​အောင် ဦးချ​ရ​ကြလိမ့်မည်။ အကြောင်း​မူ​ကား သင်တို့သည် ငါ​ခေါ်​သောအခါ မထူး​ကြ။ ငါ​ပြော​သောအခါ နားမထောင်​ကြ။ ငါ့​မျက်မှောက်​၌ မကောင်းသော​အကျင့်ကို​ကျင့်​ကြ​၏။ ငါ​မနှစ်သက်​သော​အရာ​ကို ရွေးယူ​ကြ​၏။” (ဟေရှာယ ၆၅:၁၁၊ ၁၂) သူတို့၏​ပညာ​မဲ့​သော​ရွေးချယ်မှု​ကြောင့် ဖျက်ဆီး​ခံ​ကြ​ရ၏။ ဂါ​ဒ​ဘုရား​နှင့် မေ​နိ​နတ်​ဘုရား​တို့သည် သူတို့ကို မကာကွယ်​ပေး​နိုင်​ခဲ့​ကြ​ချေ။

မှန်ကန်​စွာ​ရွေးချယ်ခြင်း

၈။ တရားဟောရာ ၃၀:၂၀ အရ မှန်ကန်​စွာ​ရွေးချယ်ခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။

မောရှေ​သည် အသက်ကို ရွေးချယ်​ရန် ဣသရေလ​လူမျိုး​ကို တိုက်တွန်း​စဉ်​က သူတို့​လှမ်း​သင့်​သည့် ခြေလှမ်း​သုံး​လှမ်း​ကို ဤသို့​ဖော်ပြ​ခဲ့​သည်– ‘သင်၏​ဘုရားသခင် ယေဟောဝါ​ကို​ချစ်၍ စကားတော်​ကို နားထောင်ပြီး ဆည်းကပ်​မှီဝဲ​ရမည်။’ (တရားဟောရာ ၃၀:၂၀) မှန်ကန်​စွာ​ရွေးချယ်​နိုင်​ရန် အချက်​တစ်ချက်စီ​ကို ဆန်းစစ်​ကြည့်​ကြ​စို့။

၉။ ယေဟောဝါ​ကို ချစ်​ကြောင်း မည်သို့​ဖော်ပြ​နိုင်​သနည်း။

ကျွန်ုပ်​တို့၏​ဘုရားသခင် ယေဟောဝါ​ကို ချစ်ခြင်း​ဖြင့်– ယေဟောဝါ​ကို ကျွန်ုပ်​တို့ ချစ်​ကြသော​ကြောင့် ကိုယ်တော့်​အား ဝတ်ပြု​ကိုးကွယ်​ရန် ရွေးချယ်​ကြ​ခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့သည် ဣသရေလ​ခေတ်​က သတိပေး​ပုံ​နမူနာ​များ​ကို အလေးဂရုပြု​ပြီး ကိုယ်ကျင့်တရား​ပျက်ပြား​စေသည့် သွေးဆောင်မှု​အားလုံး​ကို ငြင်းပယ်​ကာ ဤ​လောက​၏​ရုပ်ပစ္စည်း​လိုက်စားမှု​ထောင်ချောက်​ထဲ သက်ဆင်း​မိ​စေနိုင်​သည့် ဘဝ​ပုံစံ​များ​ကို ရှောင်ရှား​ကြ​၏။ (၁ ကောရိန္သု ၁၀:၁၁; ၁ တိမောသေ ၆:၆-၁၀) ယေဟောဝါ​ကို ဆည်းကပ်​မှီဝဲ​ပြီး ကိုယ်တော်​၏​စည်းမျဉ်း​ဥပဒေ​များ​ကိုလည်း စောင့်ထိန်း​ကြသည်။ (ယောရှု ၂၃:၈; ဆာလံ ၁၁၉:၅၊) ကတိထားရာပြည်​ထဲ ဣသရေလလူ​တို့​မဝင်​မီ မောရှေ​က သူတို့ကို ဤသို့​တိုက်တွန်း​ခဲ့​သည်– ‘သင်တို့သည် သွား​၍​ဝင်စား​သော​ပြည်​၌ ကျင့်​စ​ရာ​ဖို့ ငါ​၏​ဘုရားသခင် ယေဟောဝါ​မှာ​ထား​တော်​မူ​သည်​အတိုင်း စီရင်ထုံး​ဖွဲ့​တော်​မူ​ချက်​တို့ကို သင်တို့အား ငါ​သွန်သင်​ပြီ။ သို့​ဖြစ်၍ ထို​ပညတ်တရား​တို့ကို ကျင့်​စောင့်​ကြလော့။ သို့ပြုလျှင် ထို​ပညတ်တရား​ရှိသမျှ​တို့ကို ကြား​ရသော​လူမျိုးများ​ရှေ့မှာ သင်တို့၏​ဉာဏ်ပညာ​သည် ထင်ရှား​လိမ့်​မည်။’ (တရားဟောရာ ၄:၅၊ ၆) ကျွန်ုပ်​တို့၏​ဘဝတွင် ယေဟောဝါ​၏​အလိုတော်ကို ရှေးဦး​ထားခြင်း​ဖြင့် ယေဟောဝါ​အား​ချစ်​ကြောင်း ဖော်ပြ​ရမည့်​အချိန်​သည် ယခု​အချိန်​ပင်​ဖြစ်၏။ ထိုသို့​ပြု​ရန် ကျွန်ုပ်​တို့ ရွေးချယ်​ကြ​မည်​ဆိုလျှင် ဧကန်​မုချ ကောင်းချီး​ခံစား​ကြ​ရမည်။—မဿဲ ၆:၃၃

၁၀-၁၂။ နောဧ​ခေတ်​က အဖြစ်အပျက်​များ​ကို သုံးသပ်ကြည့်​ခြင်း​အားဖြင့် အဘယ်​သင်ခန်းစာများ ရရှိကြ​သနည်း။

၁၀ ဘုရားသခင်​၏​စကားတော်​ကို နားထောင်ခြင်း​ဖြင့်– နောဧ​သည် “ဖြောင့်မတ်ခြင်း​တရားကို ဟော​သော” သူ​ဖြစ်၏။ (၂ ပေတရု ၂:၅) ရေလွှမ်းမိုးခြင်း​မတိုင်မီ​က လောကသား​များသည် အာရုံ​ပျံ့လွင့်​နေပြီး နောဧ​၏​သတိပေး​ချက်​များ​ကို သတိမမူ​ခဲ့​ကြ​ချေ။ ရလဒ်​ကား​အဘယ်နည်း။ ‘ရေလွှမ်းမိုးခြင်း​ရောက်​သဖြင့် လူ​ခပ်သိမ်း​တို့သည် သုတ်သင်​ပယ်ရှင်း​ခံ​ခဲ့​ရ၏။’ “လူသား​ကြွလာ” ချိန် ကျွန်ုပ်​တို့​ခေတ်တွင်​လည်း ထို​နည်းတူ​ဖြစ်ပျက်​လိမ့်​မည်​ဟု ယေရှု သတိပေး​ခဲ့​သည်။ နောဧ​ခေတ်​က အဖြစ်အပျက်​သည် ယနေ့ ဘုရားသခင်​၏​သတင်းတရားကို အရေးမစိုက်​ကြ​သူများ​အတွက် ပြင်းထန်သော​သတိပေး​ချက်​ဖြစ်သည်။—မဿဲ ၂၄:၃၉

၁၁ ဘုရားသခင်​၏​မျက်မှောက်ခေတ်​ကျေးကျွန်​များ ကြေညာ​နေသော ဘုရားသခင့်​သတိပေး​ချက်​များ​ကို ကဲ့ရဲ့​လှောင်ပြောင်​သူများ​သည် ထို​သတိပေး​ချက်​များ​ကို အရေးမစိုက်​လျှင် အဘယ်​ရလဒ်​ဖြစ်ပေါ်​လာ​မည်​ကို သိထားသင့်​သည်။ ထိုသို့​ကဲ့ရဲ့​လှောင်ပြောင်​သူများ​နှင့်​စပ်လျဉ်း၍ တမန်​တော်​ပေတရု​က ဤသို့​ဆို​သည်– ‘ရှေး​ကာလ​၌ မိုးကောင်းကင်ကို​လည်းကောင်း ရေ​ထဲ​က​ထွက်၍ ရေ​ဖြင့်​တည်​သော​မြေကြီးကို​လည်းကောင်း ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​သည် ဖြစ်စေ​တော်​မူ​ကြောင်း​နှင့် ဖြစ်​ဖူး​သော​လောကဓာတ်​ကို ထိုသို့​အားဖြင့် ရေ​နှင့်​လွှမ်း​မြှုပ်​၍ ဖျက်ဆီး​ကြောင်းကို ထို​သူတို့သည် မှတ်မိ​ချင်​သော​စိတ်​မရှိကြ။ ယခု​ရှိသော​မိုးကောင်းကင်​နှင့် မြေကြီး​မူ​ကား တရား​ဆုံး​ဖြတ်၍ မကောင်းသော​သူတို့ကို ဖျက်ဆီး​သော​နေ့ရက်​တိုင်အောင် ထို​နှုတ်မြွက်​စကားတော်​အားဖြင့် သိုထား​လျက်​ရှိ၍ မီးရှို့ခြင်း​အဖို့​အလို​ငှာ နေရစ်​သတည်း။’—၂ ပေတရု ၃:၃-၇

၁၂ နောဧ​နှင့် သူ၏​မိသားစု​သည် ထို​သူများ​နှင့်​ခြားနား​စွာ ရွေးချယ်​ခဲ့​ကြသည်။ ‘နောဧ​သည် မမြင်​သေး​သော​အမှုအရာ​တို့ကို ဖော်ပြ​သော အနာဂတ်​မိန့်မြွက်ချက်​များ​ကို ခံရ​ပြီး​မှ ယုံကြည်ခြင်း​အားဖြင့် ကြောက်ရွံ့​သော​စိတ်​ရှိ၍ သင်္ဘော​ကို​တည်​လေ​၏။’ သတိပေး​ချက်​ကို နောဧ​အလေးဂရုပြု​ခဲ့​သောကြောင့် သူ၏​မိသားစု​သည် ကယ်တင်ခြင်း​ရရှိခဲ့​၏။ (ဟေဗြဲ ၁၁:၇) ကျွန်ုပ်​တို့​လည်း ဘုရားသခင်​၏​စကား​ကို အလျင်အမြန်​ကြားနာ​ပြီး ဂရုစိုက်​လိုက်လျှောက်​ကြ​စို့​လေ။—ယာကုပ် ၁:၁၉၊ ၂၂-၂၅

၁၃၊ ၁၄။ (က) ‘ယေဟောဝါ​အား ဆည်းကပ်​မှီဝဲ’ ရန်​အဘယ်ကြောင့် အရေးကြီး​သနည်း။ (ခ) ‘ကျွန်ုပ်​တို့၏​အိုးထိန်းရှင်’ ယေဟောဝါ​၏​ပုံသွင်းမှု​ကို မည်သို့​ခံယူ​သင့်​သနည်း။

၁၃ ယေဟောဝါ​အား ဆည်းကပ်​မှီဝဲခြင်း​ဖြင့်– ‘အသက်ရှင်​စေ​မည့် အသက်​တရားကို ရွေးယူ’ ရန်​ကျွန်ုပ်​တို့သည် ယေဟောဝါ​ကို ချစ်​ပြီး စကားတော်​ကို နားထောင်​ရမည်​သာမက ‘ယေဟောဝါ​အား ဆည်းကပ်​မှီဝဲ’ ကာ ကိုယ်တော်​၏​အလိုတော်ကို တ​စိုက်​မတ်​မတ်​လုပ်ဆောင်​ရမည်။ “သင်တို့သည် တည်ကြည်သော​အားဖြင့် ကယ်တင်ခြင်း​သို့​ရောက်​ကြလော့” ဟု​ယေရှု​မိန့်ဆိုခဲ့သည်။ (လုကာ ၂၁:၁၉) ယင်း​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့၏​ရွေးချယ်မှု​သည် ကျွန်ုပ်​တို့၏​နှလုံး​အခြေအနေ​ကို ဖော်ပြ​သည်။ “အစဉ်မပြတ်​ကြောက်ရွံ့​သော​သူသည် မင်္ဂလာ​ရှိ၏။ မိမိ​စိတ်နှလုံး​ကို ခိုင်မာ​စေသော​သူ​မူ​ကား ဘေးဥပဒ်​နှင့်​တွေ့​လိမ့်​မည်” ဟု နယပုံပြင် ၂၈:၁၄ က​ဖော်ပြ​သည်။ ရှေး​အီဂျစ်​ရှင်ဘုရင်​ဖာရော​သည် ယင်း​၏​သာဓက​တစ်ခု​ဖြစ်သည်။ အီဂျစ်​ပြည်​တွင် ကပ်ဘေး​ဆယ်ပါး တစ်ခု​ပြီး​တစ်ခု ကျရောက်​စဉ် ဖာရော​သည် ဘုရားသခင်​ကို ကြောက်ရွံ့

မည့်​အစား နှလုံး​ခိုင်မာ​လာ​ခဲ့​သည်။ ယေဟောဝါ​သည် မာန​ကြီးသော​ရှင်ဘုရင် ဖာရော​ကို မနာခံ​သည့်​လမ်းစဉ်​သို့ မ​တွန်းပို့​ဘဲ ရွေးချယ်ခွင့်​ပေး​ခဲ့​သည်။ မည်သို့​ဆို​စေ ယေဟောဝါ​၏​အလိုတော် ပြီးပြည့်စုံ​ခဲ့​ကြောင်း ဖာရော​နှင့်​ပတ်သက်​၍ ကိုယ်တော်​၏​ရှုမြင်ပုံကို တမန်​တော်​ပေါလု ဤသို့​ဖော်ပြ​၏– “ငါ့​တန်ခိုး​ကို သင်၌ ငါ​ပြ​ခြင်း​ငှာ​လည်းကောင်း ငါ့​နာမကို မြေကြီး​တစ်ပြင်လုံး​တွင် ကျော်စော​စေခြင်း​ငှာ​လည်းကောင်း သင့်ကို ချီးမြှောက်​ခဲ့ပြီ။”—ရောမ ၉:၁၇

၁၄ ဖာရော​လက်အောက်​မှ ဣသရေလ​လူမျိုး လွတ်မြောက်​လာပြီး နှစ်ပေါင်း​များစွာ​အကြာတွင် ပရောဖက်​ဟေရှာယ​က ဤသို့​ပြောဆို​ခဲ့​သည်– ‘အို​ထာဝရ​ဘုရားသခင် ကိုယ်တော်​သည် အကျွန်ုပ်​တို့​အဘ​ဖြစ်​တော်​မူ​၏။ အကျွန်ုပ်​တို့သည် အိုး​မြေ​ဖြစ်ပါ​၏။ ကိုယ်တော်​သည် အကျွန်ုပ်​တို့၏​အိုးထိန်း​ဖြစ်​တော်​မူ​၏။ အကျွန်ုပ်​တို့​ရှိသမျှသည် လက်တော်​နှင့် ဖန်ဆင်း​သော​အရာ​ဖြစ်ပါ​၏။’ (ဟေရှာယ ၆၄:၈) ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​ကို ကိုယ်ပိုင်​လေ့လာမှု​ပြုပြီး လက်တွေ့​ကျင့်သုံး​ခြင်း​အားဖြင့် ယေဟောဝါ​၏​ပုံသွင်းမှု​ကို ခံယူ​သောအခါ လူသစ်​ကို တဖြည်းဖြည်း ယူတင်​ဝတ်ဆင်​လာ​ကြ​၏။ ထို​အခါ ကျွန်ုပ်​တို့သည် ပို​၍​သိမ်မွေ့​ပျော့ပျောင်း​လာ​ရာ ကိုယ်တော်​အား သစ္စာရှိ​စွာ ဆည်းကပ်​မှီဝဲ​ရန် သာ၍​လွယ်ကူ​လာ​သည်။ ထိုသို့​ဆည်းကပ်​ရခြင်း​မှာ ယေဟောဝါ​၏​မျက်နှာသာတော် ရ​လို​သောကြောင့်​ဖြစ်သည်။—ဧဖက် ၄:၂၃၊ ၂၄; ကောလောသဲ ၃:၈-၁၀

‘ထို​အရာ​တို့ကို သွန်သင်​ကြ​ရမည်’

၁၅။ တရားဟောရာ ၄:၉ အရ မောရှေ​သည် ဣသရေလ​လူမျိုး ထမ်းဆောင်​ရမည့် အဘယ်​တာဝန်​နှစ်မျိုး​နှစ်​စား​အကြောင်း သတိပေး​ခဲ့​သနည်း။

၁၅ မောရှေ​သည် ကတိထားရာပြည်​ထဲ​ဝင်ရန် စုဝေး​နေသော ဣသရေလ​လူမျိုး​ကို ဤသို့​ပြောဆို​ခဲ့​သည်– “ကိုယ်တိုင်​မြင်​သော​အမှုအရာ​တို့ကို မမေ့​မ​လျော့။ နောက်​တစ်သက်လုံး နှလုံး​သွင်း​နိုင်​မည်​အကြောင်း ကိုယ်ကို​ကိုယ်​သတိပြု​ကြလော့။ ကိုယ်​စိတ်နှလုံး​ကို ကြိုး​စား၍ စောင့်ရှောက်​ကြလော့။ ထို​အရာ​တို့ကို သားမြေး​တို့အား​လည်း သွန်သင်​ကြလော့။” (တရားဟောရာ ၄:၉) သူတို့​အမွေခံ​ရတော့​မည့် ထို​ပြည်​တွင် ယေဟောဝါ​၏​ကောင်းချီး ခံစား​ရပြီး ကြီးပွား​ရန် သူတို့၏​ဘုရားသခင် ယေဟောဝါ​၏​ရှေ့မှောက်တော်​တွင် ထမ်းဆောင်​ရမည့်​တာဝန် နှစ်မျိုး​နှစ်​စား​ရှိသည်။ သူတို့​တွေ့မြင်ခဲ့​သော ယေဟောဝါ​၏​အံ့ဖွယ်အမှု​များ​ကို အမြဲ​သတိရ​နေပြီး နောင်​လာ​နောက်​သားများ​ကို သွန်သင်ပေး​ကြ​ရမည်​ဖြစ်သည်။ ယနေ့ ဘုရားသခင့်​လူမျိုး​အနေ​နှင့် ကျွန်ုပ်​တို့သည် ‘အသက်ရှင်​ရန် အသက်​တရားကို ရွေးချယ်’ လိုလျှင် ထို​နည်းတူ​ပြုလုပ်​ကြ​ရမည်။ ကျွန်ုပ်​တို့​အကျိုးအတွက် ယေဟောဝါ​ပြု​လုပ်ပေးခဲ့​သည့် အဘယ်အရာ​များ​ကို တွေ့မြင်ခဲ့​ကြပြီ​နည်း။

၁၆၊ ၁၇။ (က) ဂိလဒ်​ကျောင်းဆင်း ခရစ်ယာန်​သာသနာပြု​များသည် ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​တွင် အဘယ်အရာ​များ ပြီးမြောက်​စေ​ခဲ့​ကြ​သနည်း။ (ခ) မဆုတ်မနစ်​ဇွဲရှိ​ကြ​သည့် မည်သူ​တို့ကို သင်​သိ​သနည်း။

၁၆ ကျွန်ုပ်​တို့၏​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​အပေါ် ယေဟောဝါ ကောင်းချီး​ပေး​နေ​ပုံ​ကို တွေ့မြင်​ရသည့်​အခါ ကျွန်ုပ်​တို့ ဝမ်းသာ​ပီတိ​ဖြစ်​ကြသည်။ ၁၉၄၃ ခုနှစ်​တွင် ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာ​ကျောင်း ဖွင့်ပြီး​ကတည်းက ခရစ်ယာန်​သာသနာပြု​များသည် နိုင်ငံ​များစွာ​တွင် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​ကို ဦးစီး​ဦးဆောင်​ခဲ့​ကြသည်။ ဤ​ကျောင်း​မှ ကျောင်းသား​ဟောင်း​များသည် ယခု အသက်အရွယ်​အိုမင်း​နေကြ​ပြီး ကျန်းမာ​ရေး​ချို့တဲ့​နေကြ​သော်လည်း ယနေ့​ထိ​တိုင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို စိတ်​ထက်သန်​စွာ ဟောပြောနေကြ​ဆဲ​ပင်။ ပုံသက်သေ​ကောင်း​သူ​တစ်ဦး​မှာ ၁၉၄၄ ခုနှစ်​က ဂိလဒ်​ကျောင်းဆင်း​ဖြစ်သူ မေရီ အို​လ်​ဆင်​ဖြစ်သည်။ သူသည် ဦးဆုံး ယူ​ရု​ဂွေး​နိုင်ငံ ထို့နောက် ကိုလံဘီယာ ယခု ပွာတီရီကို​အစ​ရှိသော နိုင်ငံ​များ​တွင် ခရစ်ယာန်​သာသနာပြု​ခဲ့​သည်။ ညီအစ်မ​အို​လ်​ဆင်​သည် ဇ​ရာ​ထောင်း​မှု​ကြောင့် အကန့်အသတ်​သာ​လုပ်ဆောင်​နိုင်​သော်လည်း ဟောပြောခြင်း​အပေါ် သူ၏​စိတ်​ထက်သန်မှု မ​လျော့နည်း​သေး​ချေ။ စပိန်​ဘာသာ​စကား တတ်​ထား​သည့်​အတွက် ဒေသခံ​ကြေညာသူ​များနှင့်​အတူ လယ်ကွင်း​ဓမ္မ​မှု​တွင် အပတ်စဉ်​ပါဝင်​ရန် အချိန်ဇယား​ဆွဲ​ထား​၏။

၁၇ ၁၉၄၇ ခုနှစ်​က ဂိလဒ်​ကျောင်းဆင်း​ခဲ့​သူ ယခု မုဆိုးမ​ဖြစ်နေ​ရှာ​သော နန်စီ ပေါ်​တာ​သည် ဗဟားမားစ်​ကျွန်းစု​တွင် အမှုဆောင်​နေဆဲ​ရှိသည်။ သူသည်​လည်း ဟောပြောခြင်း​လုပ်ငန်း​တွင် အလုပ်များ​နေသော ခရစ်ယာန်​သာသနာပြု​တစ်ဦး​ဖြစ်သည်။ ညီအစ်မ​ပေါ်​တာ​က “အခြားသူ​တွေ​ကို ကျမ်းစာ​အမှန်တရား​သင်ပေး​ရတာ အရမ်းပျော်​စ​ရာ​ကောင်းတယ်။ အဲ့ဒီ​ဝိညာဉ်​ရေး​လုပ်ရိုးလုပ်စဉ်​ကြောင့် ကျွန်မ​ဘဝဟာ စည်းစနစ်​ရှိပြီး တည်ငြိမ်​နေတာ” ဟု​သူ၏​ဘဝ​အတ္ထုပ္ပတ္တိ​တွင် ဖော်ပြ​ခဲ့​သည်။ * ညီအစ်မ​ပေါ်​တာ​နှင့် တခြား​သစ္စာရှိ​ကျေးကျွန်​များသည် သူတို့၏ အတိတ်ကို ပြန်ပြောင်း​ကြည့်​လိုက်​လျှင် ယေဟောဝါ ပြု​လုပ်ပေးခဲ့​သမျှ​ကို သူတို့​မမေ့နိုင်​ကြ​ချေ။ ကျွန်ုပ်​တို့​ကော အသို့နည်း။ ကျွန်ုပ်​တို့​အရပ်ဒေသ​တွင် ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​အပေါ် ယေဟောဝါ ကောင်းချီး​ပေး​ခဲ့​ပုံ​ကို ကျေးဇူး​တင်​လေးမြတ်​ကြ​သလော။—ဆာလံ ၆၈:၁၁

၁၈။ ခရစ်ယာန်​သာသနာပြု​များ​၏ ဘဝ​အတ္ထုပ္ပတ္တိ​များ​ကို ဖတ်ရှုခြင်း​မှ အဘယ်​သင်ခန်းစာ​ရရှိနိုင်​သနည်း။

၁၈ အဆိုပါ​သက်တမ်းကြာ​အမှုဆောင်​များ ထမ်းဆောင်​ခဲ့​သမျှ​နှင့် ထမ်းဆောင်​နေဆဲ​ရှိ အရာများ​ကို ကျွန်ုပ်​တို့ အလွန်​အားရ​ကြသည်။ သူတို့၏​ဘဝ​အတ္ထုပ္ပတ္တိ​များ​က ကျွန်ုပ်​တို့ကို အားရှိစေ​သည်။ အကြောင်း​မှာ အဆိုပါ​သစ္စာရှိ​သူများ​အတွက် ယေဟောဝါ ပြု​လုပ်ပေးခဲ့​ရာ​များ​ကို ကျွန်ုပ်​တို့​သိရှိ​ရသောအခါ ယေဟောဝါ​၏​အမှုတော်ကို ထမ်းဆောင်​ချင်စိတ် ပို​ခိုင်မာ​လာ​စေသော​ကြောင့်​ဖြစ်သည်။ ကင်းမျှော်စင်​တွင်​ပါ​သည့် ဤ​အားရှိစရာ​မှတ်တမ်းများ​ကို မှန်မှန်​ဖတ်ရှု​ပြီး တွေးတော​ဆင်ခြင်​ဖူး​သလော။

၁၉။ ခရစ်ယာန်​မိဘများသည် ကင်းမျှော်စင်​တွင် ဖော်ပြ​ထားသော ဘဝ​အတ္ထုပ္ပတ္တိ​များ​ကို မည်သို့​ကောင်းစွာ​အသုံးချ​နိုင်​သနည်း။

၁၉ မိမိတို့​အတွက် ယေဟောဝါ​ပြု​လုပ်ပေးခဲ့​သမျှ​ကို မမေ့လျော့​ဘဲ တစ်သက်လုံး နှလုံး​သွင်းထား​ရန် ဣသရေလလူ​တို့ကို မောရှေ သတိပေး​သည်။ ထို့နောက် ဤသို့​ထပ်ဆင့်​ပြောဆို​သည်– “ထို​အရာ​တို့ကို သားမြေး​တို့အား​လည်း သွန်သင်​ကြလော့။” (တရားဟောရာ ၄:၉) ဘဝ​အတ္ထုပ္ပတ္တိ​များသည် အထူး​စိတ်ဝင်စားစရာ​ကောင်း​၏။ လူငယ်များသည် စံနမူနာ​ကောင်း​သူများ​အကြောင်း သိထားဖို့​လိုအပ်​သည်။ တစ်ကိုယ်ရေ​ညီအစ်မ​များသည် ကင်းမျှော်စင်​တွင် ဖော်ပြ​ထားသော သစ္စာ​ရှိပြီး ပုံသက်သေ​ကောင်း​သည့် သက်ကြီး​အို​ရွယ်​ညီအစ်မ​များ​၏ ဘဝ​အတ္ထုပ္ပတ္တိ​များ​မှ သင်ခန်းစာယူ​နိုင်​ကြသည်။ မိမိတို့၏​ဇာတိမြေ​ရှိ ဘာသာ​ခြား​စကားပြော​ရပ်ကွက်တွင် အမှုဆောင်ခွင့်​ရသော ညီအစ်ကို ညီအစ်မ​များသည် သတင်းကောင်း​ဟောပြောခြင်း​လုပ်ငန်း​တွင် အလုပ်များ​နေကြ​သည်။ ခရစ်ယာန်​မိဘတို့ သင်တို့၏​သားသမီး​များ​အား အချိန်ပြည့်​လုပ်ငန်းတော်တွင် ပါဝင်လိုစိတ်​ရှိလာ​စေရန် သစ္စာရှိ​ဂိလဒ်​ကျောင်းဆင်း​များနှင့် အခြားသူများ​၏ တွေ့ကြုံမှု​တို့ကို ပြောပြ​ပါ​လေ။

၂၀။ “အသက်​တရားကို ရွေးယူ” ရန် အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။

၂၀ သို့​ဖြစ်၍ ကျွန်ုပ်​တို့​တစ်ဦးစီ​သည် “အသက်​တရားကို” မည်သို့ “ရွေးချယ်” နိုင်​ကြ​သနည်း။ ယေဟောဝါ​အား ကျွန်ုပ်​တို့​ချစ်​ကြောင်း ဖော်ပြ​ရန် အလွန်​ထူးမြတ်​သော ဆုကျေးဇူး​ဖြစ်သည့် လွတ်လပ်​စွာ​လုပ်ပိုင်ခွင့်​ကို အသုံးပြုခြင်း​အားဖြင့်​ဖြစ်သည်။ ထို့​ပြင် ကိုယ်တော်​၏​အမှုတော်​ဆောင်​ခွင့် ရရှိ​ထား​သရွေ့​ကာလပတ်လုံး အမှုတော်တွင် အတတ်နိုင်ဆုံး​ပါဝင်ခြင်း​အားဖြင့်​ဖြစ်သည်။ အကြောင်း​မှာ မောရှေ​ဆို​သည့်​အတိုင်း ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို “အသက်ရှင်ခြင်း​အကျိုး အသက်တာ​ရှည်​ခြင်း​အကျိုးကို ပေး​တော်​မူ​သော” ကြောင့်​ဖြစ်၏။—တရားဟောရာ ၃၀:၁၉၊ ၂၀

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 17 ၂၀၀၁ ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၃-၇ တွင်​​ဖော်ပြ​ထားသော “ကြေကွဲဖွယ်​ဆုံးရှုံးမှု​ကြား ရွှင်လန်း​ပြီး ကျေးဇူး​တင်” ဆောင်းပါး​ကို​ရှု။

[လေ့လာ​ရန်​မေးခွန်းများ]

သင်​မှတ်မိ​သလော

• ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​သည့် ရွေးချယ်မှု​မတူ​သော ပုံ​နမူနာ​များ​မှ အဘယ်​သင်ခန်းစာ ရရှိခဲ့ကြ​သနည်း။

• ကျွန်ုပ်​တို့သည် “အသက်​တရားကို ရွေးယူ” ရန် အဘယ်​ခြေလှမ်း​များ လှမ်း​ရမည်​နည်း။

• အဘယ်​တာဝန်​နှစ်မျိုး​နှစ်​စား​ကို ကျွန်ုပ်​တို့

ထမ်းဆောင်​ကြ​ရန် တိုက်တွန်း​ထား​သနည်း။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

“အသက်ရှင်ခြင်း သေခြင်း . . . တို့ကို သင့်​ရှေ့၌ ငါ​ထား​သည်”

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

နောဧ​နှင့် သူ၏​မိသားစု​သည် ဘုရားသခင်​၏​စကား​ကို​နားထောင်​သောကြောင့် ကယ်တင်ခြင်း​ရရှိခဲ့

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

မေရီ အို​လ်​ဆင်

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

နန်စီ ပေါ်​တာ