မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အဦးမှစ၍ အဆုံးတိုင်အောင်” ယေဟောဝါဖော်ပြ

“အဦးမှစ၍ အဆုံးတိုင်အောင်” ယေဟောဝါဖော်ပြ

“အ​ဦး​မှ​စ၍ အဆုံးတိုင်အောင်” ယေဟောဝါ​ဖော်ပြ

‘အ​ဦး​မှ​စ၍ အဆုံးတိုင်အောင်​လည်းကောင်း၊ ရှေး​ကာလ​မှ​စ၍ မဖြစ်သေး​သော​အမှုအရာ​တို့ကို​လည်းကောင်း​ဖော်ပြ​တော်​မူ​သော​အရှင်ဖြစ်​၏။’—ဟေရှာယ ၄၆:၁၀

၁၊ ၂။ ဗာဗုလုန်​ကျရှုံး​ခြင်း​နှင့်​ဆက်စပ်​သည့် အဖြစ်အပျက်​များနှင့်​စပ်လျဉ်း၍ အဘယ်အရာက ထူးခြား​သနည်း။ ယင်း​အချက်​က ယေဟောဝါ​အကြောင်း အဘယ်အရာ​ဖော်ပြ​သနည်း။

ညအမှောင်​ထု​တွင် ရန်သူ​စစ်သား​များသည် ခိုင်ခံ့​သော​ဗာဗုလုန်​မြို့ကြီး​သို့ ဦးတည်​၍ ဥဖရတ်​မြစ်​ကြမ်းပြင်​အတိုင်း တိတ်တဆိတ် ချီတက်​လာ​နေကြ​သည်။ မြို့​ဝင်ပေါက်​အနီး​သို့ ရောက်လာသော​အခါ သူတို့ အံ့အားသင့်​သွား​ကြသည်။ ဗာဗုလုန်​တံတိုင်း​ရှိ ဧရာမ​တံခါးရွက်​နှစ်​ရွက်​သည် ပွင့်​လျက်​သား​ရှိ၏။ သို့​နှင့် မြစ်​ကြမ်းပြင်​မှ​တက်​၍ မြို့ထဲ​သို့ ဝင်​သွား​ကြသည်။ ထို​မြို့​သည် လျှပ်​တစ်​ပြ​က် ကျဆုံးသွား​လေ​၏။ သူတို့​ခေါင်းဆောင်​ကုရု​သည် ထို​တိုင်းပြည်​ကို ချက်ချင်း​သိမ်းပိုက်​ပြီး နောက်ပိုင်း​တွင် ဣသရေလ​သုံ့ပန်းများ​ကို လွှတ်​ရန် အမိန့်ထုတ်​ပြန်​လိုက်​သည်။ ထောင်နှင့်ချီ​သော​ပြည်နှင်ဒဏ်​ခံရ​သူများ​သည် ဇာတိမြေ​သို့ ပြန်သွား​ပြီး ယေရုရှလင်​မြို့တွင် ယေဟောဝါ​၏​ဝတ်ပြုရေးကို ပြန်လည်​ထူထောင်​ကြသည်။—၂ ရာဇဝင်ချုပ် ၃၆:၂၂၊ ၂၃; ဧဇရ ၁:၁-၄

ဘီစီ ၅၃၉-၅၃၇ ခုနှစ်​က အဆိုပါ​အဖြစ်အပျက်​များ မှန်ကန်ကြောင်း သမိုင်း​ပညာရှင်​များ ယခု ထောက်ခံကြ​သည်။ ထူးခြား​သည်​မှာ ထို​အဖြစ်အပျက်​များ​ကို အနှစ် ၂၀၀ ခန့်​ကတည်းက ကြိုသိ​ထားခြင်း​ဖြစ်၏။ ယေဟောဝါ​သည် ဗာဗုလုန်​ကျရှုံး​ခြင်း​အကြောင်းကို မိမိ၏​ပရောဖက်​ဟေရှာယ​အား ထို​မျှ​ကြာရှည်​စွာ ကြိုတင်​ဖော်ပြ​စေ​ခဲ့​သည်။ (ဟေရှာယ ၄၄:၂၄–၄၅:၇) ဗာဗုလုန်​ကျရှုံး​ခြင်း​နှင့်​ဆက်စပ်​သည့် အခြေအနေ​များ​ကို​သာမက အနိုင်ယူ​သိမ်းပိုက်​မည့် ခေါင်းဆောင်​၏​အမည်​ကို​ပါ ဘုရားသခင် ဖော်ပြ​ခဲ့​သည်။ * ထို​အချိန်​က မိမိ၏​သက်သေ​များ​ဖြစ်သော ဣသရေလလူ​တို့ကို ယေဟောဝါ ဤသို့​မိန့်ဆို​၏– ‘ရှေး​ကာလ​၌​ဖြစ်​ဖူး​သော အမှုအရာ​တို့ကို အောက်မေ့​ကြလော့။ ငါသည် ဘုရားသခင်​ဖြစ်၏။ ငါ​မှတစ်ပါး အခြားသော​ဘုရားသခင်​မရှိ။ အ​ဦး​မှ​စ၍ အဆုံးတိုင်အောင်​လည်းကောင်း၊ ရှေး​ကာလ​မှ​စ၍ မဖြစ်သေး​သော​အမှုအရာ​တို့ကို​လည်းကောင်း ဖော်ပြ’ တော်​မူ​သော​အရှင်ဖြစ်​၏။ (ဟေရှာယ ၄၆:၉၊ ၁၀က) ယေဟောဝါ​သည် ဖြစ်ပျက်​လာ​မည့်​အရာ​ကို ကြိုသိ​နိုင်​တော်​မူ​သော ဘုရားသခင်​ဖြစ်​တော်​မူ​၏။

၃။ ယခု အဘယ်​မေးခွန်းများ​၏ အဖြေ​များ​ကို သုံးသပ်ကြ​မည်​နည်း။

ဘုရားသခင်​သည် အနာဂတ်​အကြောင်း မည်မျှ​သိရှိ​ထား​သနည်း။ ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ ပြုလုပ်​မည့်​အရာ​ကို ယေဟောဝါ ကြိုသိ​သလော။ ကျွန်ုပ်​တို့၏​အနာဂတ်​ကို တင်ကြို​ပြဋ္ဌာန်း​ထား​သလော။ ဤ​ဆောင်းပါး​နှင့် နောက်​ဆောင်းပါး​တွင် အဆိုပါ​မေးခွန်းများ​အပြင် ယင်း​တို့​နှင့်​ဆက်စပ်​သည့် မေးခွန်းများ​၏ ကျမ်းစာ​အဖြေ​များ​ကို ကျွန်ုပ်​တို့ သုံးသပ်ကြ​မည်။

ပရောဖက်ပြု​ရှင် ယေဟောဝါ​ဘုရားသခင်

၄။ သမ္မာကျမ်းစာ​တွင် မှတ်တမ်း​တင်ထား​သည့် ပရောဖက်ပြုချက်​များ​၏ ရင်းမြစ်​ကား မည်သူ​နည်း။

အနာဂတ်​ကို ကြိုသိ​နိုင်သော ယေဟောဝါ​သည် ကျမ်းစာ​ခေတ်​က မိမိ​ကျေးကျွန်​များ​အား ပရောဖက်ပြုချက်​များစွာကို မှတ်တမ်းတင်​စေ​ခဲ့​သည်။ ထို့ကြောင့် ယေဟောဝါ​သည် အဘယ်အရာကို ပြုလုပ်​ရန် ရည်ရွယ်​ထား​ကြောင်း ကျွန်ုပ်​တို့ ကြိုတင်​သိရှိ​ခွင့်​ရ​ကြသည်။ ယေဟောဝါ ဤသို့​မိန့်ဆို​၏– “အရင်​ဟော​သော​အရာ​တို့သည် ဖြစ်​ကြပြီ။ အသစ်​သော​အရာ​တို့ကို ယခု ငါ​ဟော​၏။ မ​ပေါ်လာ​မီ သင်တို့အား ငါ​ပြ​နှင့်​၏။” (ဟေရှာယ ၄၂:၉) ဘုရားသခင်​၏​လူတို့သည် အခွင့်ထူး​လိုက်​လေ​ခြင်း။

၅။ ယေဟောဝါ​လုပ်ဆောင်​မည့်​အရာ​ကို ကြိုသိ​ရှိ​ခြင်း​နှင့်​ဒွန်​တွဲ၍ အဘယ်​တာဝန်​လိုက်ပါ​လာ​သနည်း။

ပရောဖက်​အာမုတ်​က ကျွန်ုပ်​တို့ကို ဤသို့​စိတ်ချ​စေ​သည်– ‘အရှင်​ထာဝရ​ဘုရားသခင်​သည် မိမိ​ကျွန်​ပရောဖက်​တို့အား မဖော်​မပြ​ဘဲ အဘယ်​အမှုကို​မျှ စီရင်​တော်​မ​မူ။’ ယင်း​သို့​ကြိုတင်​သိရှိ​မှု​နှင့်အတူ တာဝန်​ပါ ဒွန်တွဲ​လိုက်ပါ​လာ​၏။ အာမုတ် ဆက်​အသုံးပြု​လိုက်​သည့် ထိမိ​ပိုင်နိုင်​သော ဤဥပမာ​ကို သတိပြုပါ– “ခြင်္သေ့​ဟောက်​သောအခါ အဘယ်သူမျှ မကြောက်​မ​လန့်​ဘဲ နေ​လိမ့်​မည်​နည်း။” ခြင်္သေ့​ဟောက်သံ​ကြောင့် အနီး​ပတ်ဝန်းကျင်​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့ ချက်ချင်း​တုံ့ပြန်​တတ်​သည့်​အလား အာမုတ်​ကဲ့သို့​ပင် အခြား​ပရောဖက်​များသည်​လည်း ယေဟောဝါ​၏​မိန့်တော်မူချက်​များ​ကို ချက်ချင်း​ကြေညာ​ခဲ့​ကြသည်။ ‘အရှင်​ထာဝရ​ဘုရားသခင် မိန့်တော်မူသော​အခါ အဘယ်သူ​သည် ပရောဖက်မ​ပြု​ဘဲ​နေ​လိမ့်​မည်​နည်း။’—အာမုတ် ၃:၇၊ ၈

ယေဟောဝါ​၏ “စကား” တော်​ဧကန်​အမှန် ‘ပြည့်စုံ​မည်’

၆။ ဗာဗုလုန်​ကျရှုံး​ခြင်း​နှင့်​စပ်လျဉ်း၍ ယေဟောဝါ​၏ “အကြံ” သည် အဘယ်​နည်းဖြင့် ဖြစ်မြောက်​ခဲ့​သနည်း။

မိမိ၏​ပရောဖက်​ဟေရှာယ​မှ​တစ်ဆင့် ယေဟောဝါ​က “ငါ့​အကြံ​တည်​လိမ့်​မည်။ ငါ့​အလိုရှိ​သမျှ​ကို ငါ​ပြည့်စုံ​စေမည်” ဟု​မိန့်ဆိုခဲ့သည်။ (ဟေရှာယ ၄၆:၁၀ခ) ဗာဗုလုန်​နှင့်​ပတ်သက်​၍ ဘုရားသခင်​၏ “အကြံ” ဖြစ်သည့် ကိုယ်တော့်​အလိုတော် သို့မဟုတ် ရည်ရွယ်ချက်မှာ ပါရှား​ပြည်​မှ ကုရု​ကို ခေါ်ထုတ်​ပြီး ဗာဗုလုန်​ကို ဝင်ရောက်​သိမ်းပိုက်​စေရန်​ဖြစ်သည်။ ယေဟောဝါ​သည် ထို​ရည်ရွယ်​ချက်​ကို ကြာမြင့်စွာ​ကတည်းက တင်ကြို​မိန့်ဆိုခဲ့​၏။ ဖော်ပြ​ခဲ့​သည့်​အတိုင်း ဘီစီ ၅၃၉ ခုနှစ်​တွင် ထိုသို့​ပင်​ဖြစ်ပျက်​ခဲ့​သည်။

၇။ ယေဟောဝါ​၏ “စကား” တော် အမြဲ​ပြည့်စုံ​သည်ကို အဘယ်ကြောင့် ယုံကြည်​စိတ်ချ​နိုင်​သနည်း။

ဗာဗုလုန်​ပြည်​ကို ကုရု​မ​သိမ်းပိုက်​မီ လေး​ရာစု​နီးပါး​က ယုဒ​ရှင်ဘုရင်​ယောရှဖတ်​သည်  အမ္မုန်​နှင့်​မောဘ တပ်​ပေါင်းစု​နှင့် ရင်ဆိုင်ခဲ့​ရသည်။ ထို​အခါ သူသည် ယုံကြည်​စိတ်ချ​စွာ ဤသို့​ဆုတောင်း​ခဲ့​သည်–  ‘ဘိုးဘေး​တို့၏​ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်​သည် ကောင်းကင်ဘုံ​၏​အရှင် ဘုရားသခင်​ဖြစ်​တော်​မူ​သည်မဟုတ်​လော။ တစ်ပါး​အမျိုးသား​နေရာ တိုင်းနိုင်ငံ​ရှိသမျှ​တို့ကို အစိုးရ​တော်​မူ​သည်မဟုတ်​လော။ အဘယ်သူမျှ မ​ဆီးတား​နိုင်အောင် ခွန်အား​တန်ခိုး​ကြီး​တော်​မူ​သည်မဟုတ်​လော။’ (၂ ရာဇဝင်ချုပ် ၂၀:၆) ဟေရှာယ​သည် ထို​နည်းတူ​ယုံကြည်​စိတ်ချကြောင်း ဤသို့​ဖော်ပြ​ခဲ့​သည်– ‘ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရားသခင်​၏​အကြံတော်​ကို အဘယ်သူ​ဖျက်​လိမ့်​မည်​နည်း။ ဆန့်​တော်​မူ​သော​လက်တော်ကို အဘယ်သူ​လှန်​လိမ့်​မည်​နည်း။’ (ဟေရှာယ ၁၄:၂၇) ဗာဗုလုန်​ရှင်ဘုရင် နေဗုခဒ်နေဇာ ရူးသွပ်​ပြီး​နောက် ပြန်ကောင်း​လာချိန်​တွင် ဤသို့​နှိမ့်ချစွာ အသိအမှတ်ပြု​ခဲ့​သည်– “[ဘုရားသခင်​၏] လက်တော်ကို အဘယ်သူမျှ မ​ဆီးတား​နိုင်။ အဘယ်​သို့​ပြု​သနည်း​ဟု ကိုယ်တော်​ကို ဆိုနိုင်​သော​သူ​မရှိ။” (ဒံယေလ ၄:၃၅) မှန်​ပါ​၏၊ မိမိ၏​လူ​တို့ကို ယေဟောဝါ ဤသို့​အာမခံ​သည်– “ငါ​၏ . . . စကား​သည် . . . အကျိုးမရှိ​ဘဲ ငါ့​ထံ​သို့​မပြန်​ရ။ ငါ့​အလိုကို ပြည့်စုံ​စေမည်။ ငါ​စေခိုင်း​သော​အမှု၌ အောင်​လိမ့်​မည်။” (ဟေရှာယ ၅၅:၁၁) ယေဟောဝါ​၏ “စကား” တော်​သည် အမြဲ​ပင်​ပြည့်စုံ​လာ​မည်​ကို ကျွန်ုပ်​တို့ လုံးလုံးလျားလျား ယုံကြည်​စိတ်ချ​နိုင်​ကြသည်။ ဘုရားသခင်​၏​ရည်ရွယ်တော်မူချက်​သည် ဧကန်​အမှန် ပြည့်စုံ​လာ​လိမ့်​မည်။

ဘုရားသခင်​၏ “ထာဝရ​အကြံတော်”

၈။ ဘုရားသခင်​၏ “ထာဝရ​အကြံတော်” ကား​အဘယ်နည်း။

ဧဖက်​ခရစ်ယာန်​များ​ထံ ရေး​လိုက်​သော​စာ​တွင် တမန်​တော်​ပေါလု​က ဘုရားသခင်​၌ “ထာဝရ​အကြံတော်​ရှိသည်” ဟု​ဖော်ပြ​ထား​သည်။ (ဧဖက် ၃:၁၁) ဘုရားသခင်​သည် မိမိ​မည်သို့​ပြုလုပ်​မည်​ကို အသေးစိတ်​အစီအစဉ်​ဆွဲ​ရန် မလို​အပ်သော​ကြောင့် ယင်းသည် လုပ်ငန်း​အစီအစဉ်​တစ်ခု​ကို မဆိုလို​ပေ။ ယင်းအစား၊ လူသား​နှင့် ကမ္ဘာ​မြေ​အတွက် ယေဟောဝါ​၏​မူလ​ရည်ရွယ်ချက်ကို အကောင်အထည်ဖော်​ရန် ကိုယ်တော်​၏​ဆုံးဖြတ်ချက်​ကို ရည်ညွှန်းခြင်း​ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၈) ကိုယ်တော်​၏​ရည်ရွယ်ချက် ဧကန်​အမှန်​ဖြစ်လာ​ခြင်း​ကို သဘောပေါက်​နိုင်​ရန် သမ္မာကျမ်းစာ​တွင် မှတ်တမ်း​တင်ထားသော ပထမဦးဆုံး ပရောဖက်ပြုချက်​ကို သုံးသပ်ကြည့်​ပါ။

၉။ ကမ္ဘာဦး ၃:၁၅ သည် ဘုရားသခင်​၏​ရည်ရွယ်ချက်​နှင့် မည်သို့​ဆက်စပ်​နေသနည်း။

ကမ္ဘာဦး ၃:၁၅ ပါ ကတိတော်​အရ အာဒံ​နှင့်​ဧဝ​တို့ အပြစ်ပြု​ပြီး​သည်​နှင့် ယေဟောဝါ​သည် မိမိ၏​ပုံဆောင်​မိန်းမ​မှ မျိုးနွယ်တော် သို့​မဟုတ် သားတော် မွေးဖွား​စေရန် ဆုံးဖြတ်​လိုက်​၏။ မိမိ၏​မိန်းမ​နှင့် စာတန်​စပ်ကြား၊ သူတို့၏​မျိုးနွယ်များ​စပ်ကြား ရန်ငြိုး​ရှိလာ​ကြ​မည်​ကိုလည်း ကြိုမြင်​တော်​မူ​သည်။ ယေဟောဝါ​သည် မိန်းမမျိုးနွယ်​၏​ဖနောင့်​ကို ကြိတ်​ခွင့်ပြု​မည်​ဖြစ်သော်လည်း မိမိ​သတ်မှတ်​ထားသော​အချိန်တွင် ထို​မျိုးနွယ်​သည် မြွေ​တည်း​ဟူသော စာတန်​၏​ခေါင်း​ကို ကြိတ်​လိမ့်​မည်။ ထို​အတွင်း ရွေးချယ်​ထားသော ဆွေစဉ်မျိုးဆက်​မှ ကတိထားရာ​မေရှိယ ယေရှု​ပေါ်ထွန်း​သည့်​အထိ ယေဟောဝါ​၏​ရည်ရွယ်ချက် တဖြည်းဖြည်း အကောင်အထည်​ပေါ်လာ​သည်။—လုကာ ၃:၁၅၊ ၂၃-၃၈; ဂလာတိ ၄:၄၊ ၅

ယေဟောဝါ တင်ကြို​စီမံ​ထား​ရာ

၁၀။ အာဒံ​နှင့်​ဧဝ​တို့ အပြစ်ပြု​ရန် အစ​ကတည်းက ယေဟောဝါ တင်ကြို​စီမံ​ထား​သလော။ ရှင်းပြပါ။

၁၀ ဘုရားသခင့်​ရည်ရွယ်ချက်တွင် ယေရှု၏​အခန်းကဏ္ဍနှင့်​ပတ်သက်​၍ တမန်​တော်​ပေတရု​က ဤသို့​ရေးသားခဲ့​သည်– “ခရစ်တော်​ကို ဤ​ကမ္ဘာ​မတည်မရှိ​မီ ကြိုတင်​မှတ်သား​၍​ထား​တော်​မူ​နှင့်​သော်လည်း . . . သင်တို့​အဖို့ ဤ​နောက်ဆုံးသော​ကာလ​၌ ထင်ရှား​တော်​မူ​၏။” (၁ ပေတရု ၁:၂၀သမ္မာ) အာဒံ​နှင့်​ဧဝ​တို့ အပြစ်ပြု​လိမ့်​မည်၊ ၎င်းနောက် ယေရှု​ခရစ်​၏​ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ် လိုအပ်​လာ​လိမ့်​မည်​ဟု အစ​ကတည်းက ယေဟောဝါ တင်ကြို​စီမံ​ထား​သလော။ မစီမံ​ထား​ပါ။ ‘တည်ရှိ’ ဟု​ပြန်ဆို​သော ဂရိ​စကားလုံး​၏​စာသား​အတိုင်း အဓိပ္ပာယ်​မှာ “မျိုးနွယ်တော်​ပေါ်ထွက်​ခြင်း” ဖြစ်သည်။ အာဒံ​နှင့်​ဧဝ​တို့ အပြစ်​မပြု​မီ​က​ပင် “မျိုးနွယ်တော် ပေါ်ထွက်” သလော။ တစ်နည်း​အားဖြင့် ကိုယ်ဝန်ဆောင်​ခြင်း​ရှိခဲ့​သလော။ မရှိပါ။ အာဒံ​နှင့်​ဧဝ​တို့သည် နာခံမှု​မရှိသော​လုပ်ရပ်​ကို ပြုပြီး​နောက်​မှ​သာ သားဖွား​ခဲ့​၏။ (ကမ္ဘာဦး ၄:၁) ထို့​ကြောင့် ယေဟောဝါ​အား အာဒံ​နှင့်​ဧဝ​တို့ ဖီဆန်​ပြီး သားသမီး​မ​ထွန်းကား​မီ “အမျိုးအနွယ်” ပေါ်ထွန်း​ရန် ကိုယ်တော် တင်ကြို​စီမံ​ခဲ့​ခြင်း​ဖြစ်သည်။ ယေရှု၏​သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း​တို့​ကြောင့် မေတ္တာပါ ရွေးနုတ်ဖိုး​အစီအစဉ် ဖြစ်မြောက်​လာ​၏။ ယင်း​ဖြင့် အမွေ​ရထား​သော​အပြစ်​နှင့် စာတန်​၏​ကြိုးပမ်းမှု​အားလုံး ပယ်ဖျက်​ခံရ​လိမ့်​မည်။—မဿဲ ၂၀:၂၈; ဟေဗြဲ ၂:၁၄၊ ၁၅; ၁ ယောဟန် ၃:၈

၁၁။ ယေဟောဝါ​သည် မိမိ၏​ရည်ရွယ်တော်မူချက် အကောင်အထည်​ပေါ်​စေရန် အဘယ်​ဖြစ်​စဉ်​ကို တင်ကြို​စီမံ​ထား​သနည်း။

၁၁ ဘုရားသခင်​သည် မိမိ၏​ရည်ရွယ်တော်မူချက် အကောင်အထည်​ပေါ်​စေရန် အခြား​ဖြစ်​စဉ်​တစ်ခု​ကိုလည်း တင်ကြို​စီမံ​ထား​သည်။ ဧဖက်​မြို့သား​များ​ထံ ပေါလု ရေးခဲ့​သော​စာ​တွင် ယင်းကို ဤသို့​ဖော်ပြ​ထား​၏– ဘုရားသခင်​သည် “ကောင်းကင်ပေါ်၊ မြေကြီး​ပေါ်မှာ​ရှိရှိသမျှ​တို့ကို​ပေါင်း​၍ ခရစ်တော်​၌ ချုပ်​ချာ​စေတော်မူ​လိမ့်​သတည်း။” ထို့နောက် ပေါလု​သည် ‘ကောင်းကင်ပေါ်​ရှိ’ အရာများ​ဖြစ်သည့် ခရစ်တော်​နှင့်​တွဲဖက်​အမွေခံရန် ရွေးချယ်ခံ​ရသူများကို ရည်ညွှန်း​၍ ဤသို့​ဆို​၏– “မိမိ​စေတနာ​၏​အလိုတော်​သို့​လိုက်၍ အလုံးစုံ​တို့ကို စီရင်​ပြုပြင်​တော်​မူ​တတ်သော​သူ၏ ကြံစည်ခြင်း​ရှိသည်​အတိုင်း ရှေး​မ​ဆွ​က ခွဲခန့်​မှတ်သား​တော်​မူ​သည်။” (ဧဖက် ၁:၁၀၊ ၁၁) မှန်ပါသည်၊ ဘုရားသခင့်​မိန်းမ​၏​အမျိုးအနွယ်​တွင် အရေအတွက်​ကန့်သတ်​ထား​သူများ​ဖြင့် ဖွဲ့စည်းထား​သည့် ဒုတိယ​အပိုင်း​ရှိ​ရန်​နှင့် ဤ​သူတို့သည် ရွေးနုတ်ဖိုး​အကျိုးကျေးဇူးများ​ကို ခရစ်တော်​နှင့်အတူ​တွဲ၍ ဝေမျှပေး​ကြ​ရန် ယေဟောဝါ တင်ကြို​စီမံ​ထား​တော်​မူ​သည်။ (ရောမ ၈:၂၈-၃၀) တမန်​တော်​ပေတရု​က ထို​သူတို့ကို “သန့်ရှင်းသော​လူမျိုး” ဟု​ရည်ညွှန်း​ဖော်ပြ​၏။ (၁ ပေတရု ၂:၉) တမန်​တော်​ယောဟန်​သည် ခရစ်တော်​နှင့်​တွဲဖက်​အမွေခံ​မည့်​သူများ​၏ အရေအတွက်​မှာ ၁၄၄,၀၀၀ ဖြစ်​မည်​ဟု အဆင်းအာရုံ​တစ်ခု​တွင် ကြားသိ​ခွင့်​ရခဲ့​သည်။ (ဗျာ. ၇:၄-၈; ၁၄:၁၊ ၃) သူတို့သည် ရှင်ဘုရင်​ဖြစ်သော ခရစ်တော်​နှင့်အတူ “[ဘုရားသခင်​၏] ဘုန်းတော်​ကို ချီးမွမ်း” ကြ​၏။—ဧဖက် ၁:၁၂-၁၄

၁၂။ ၁၄၄,၀၀၀ မှ​တစ်ဦးစီ​ကို တင်ကြို​ခွဲခန့်​မထား​ကြောင်း မည်သို့​သိရ​သနည်း။

၁၂ ၁၄၄,၀၀၀ ကို​တင်ကြို​ခန့်ခွဲ​ထားခြင်း​ကြောင့် ဘုရားသခင်​အား သစ္စာရှိ​စွာ ဝတ်ပြု​ရန် လူ​အချို့​ကို တင်ကြို​သတ်မှတ်​ထား​သည်​ဟု မဆိုလို​ပါ။ အမှန်​မှာ၊ ခရစ်ယာန်​ဂရိ​ကျမ်း​စာစောင်​များ​တွင်​ပါရှိ​သည့် ဆုံးမ​စကား​သည် အထူးသဖြင့် ဝိညာဉ်​တော်​ဖွား​များ​အတွက်​ဖြစ်သည်။ သူတို့ သမာဓိ​စောင့်ထိန်း​ကာ ကောင်းကင်​ခေါ်တော်မူ​ခြင်း​နှင့်​ထိုက်တန်​ရန် လမ်းညွှန်​ပေး​ပြီး ခွန်အား​ရှိစေဖို့​ဖြစ်သည်။ (ဖိလိပ္ပိ ၂:၁၂; ၂ သက်သာလောနိတ် ၁:၅၊ ၁၁၊ ၁၂; ၂ ပေတရု ၁:၁၀၊ ၁၁) ၁၄၄,၀၀၀ သည် ယေဟောဝါ​၏​အလိုတော် ဆောင်ရွက်ရန် အရည်အချင်း​ပြည့်​လိမ့်​မည်​ကို ကိုယ်တော် တင်ကြို​သိရှိ​တော်​မူ​သည်။ ထို​ဖိတ်ခေါ်​ခံရ​သူတို့ နောက်ဆုံး​တွင် မည်သူ​မည်ဝါ​ဖြစ်​မည်​ဆို​သည်​မှာ မည်သို့ အသက်ရှင်​နေထိုင်​မည်​နှင့်​ပတ်သက်​၍ သူတို့​တစ်ဦးစီ၏​ရွေးချယ်မှု​ပေါ် မူတည်​သည်။—မဿဲ ၂၄:၁၃

ယေဟောဝါ တင်ကြို​သိရှိရာ

၁၃၊ ၁၄။ ယေဟောဝါ​သည် မိမိ၏​တင်ကြို​သိမြင်နိုင်စွမ်း​ကို အဘယ်အရာ​နှင့်​အညီ အသုံးပြု​သနည်း။ အဘယ်ကြောင့်​နည်း။

၁၃ ယေဟောဝါ​သည် ရည်ရွယ်ချက်​ရှိသော ပရောဖက်ပြု​ရှင်​ဖြစ်​သဖြင့် မိမိ၏​တင်ကြို​သိမြင်နိုင်စွမ်း​ကို မည်သို့​အသုံးပြု​သနည်း။ ဦးဆုံး​အနေ​ဖြင့် ဘုရားသခင်​၏​နည်းလမ်းတော်​အားလုံး​သည် ဖြောင့်မတ်​မှန်ကန်​၍ မေတ္တာပါ​ကြောင်း ကျွန်ုပ်​တို့ သိထားကြသည်။ အေဒီ​ပထမ​ရာစု​တွင် ဟေဗြဲ​ခရစ်ယာန်​များ​ထံ တမန်​တော်​ပေါလု စာရေး​စဉ်​က ‘ဘုရားသခင်​အား မုသာ​မ​သုံး​စေနိုင်​သော​အရာ​ဖြစ်သည့် မဖောက်ပြန်​မပြောင်းလဲ​နိုင်သော​အရာ​နှစ်ပါး’ မှာ ဘုရားသခင်​၏​ကတိတော်​နှင့် ကျိန်ဆို​ခြင်း​တို့​ဖြစ်​ကြောင်း အခိုင်အမာ​ပြောဆို​ခဲ့​သည်။ (ဟေဗြဲ ၆:၁၇၊ ၁၈) တပည့်​ဖြစ်သူ တိတု​ထံ ပေါလု​ရေး​သည့်​စာ​တွင်​လည်း ဘုရားသခင်​သည် “မုသာ​နှင့်​ကင်းစင်” ကြောင်း ဖော်ပြ​ခဲ့​သည်။—တိတု ၁:၁

၁၄ ထို့​ပြင် ယေဟောဝါ​သည် အတိုင်းအဆမဲ့​တန်ခိုးရှင်​ဖြစ်သော်လည်း ဘယ်​သောအခါ​မျှ မတရား​သဖြင့် ပြု​တော်​မ​မူ​ချေ။ ယေဟောဝါ​သည် ‘သစ္စာစောင့်​သော​ဘုရားသခင်၊ အပြစ်ကင်း​လွတ်​၍ ဟုတ်မှန်​ဖြောင့်မတ်​သော ဘုရားသခင်​ဖြစ်​တော်​မူ’ ကြောင်း မောရှေ​ဖော်ပြ​ခဲ့​သည်။ (တရားဟောရာ ၃၂:၄) ယေဟောဝါ ပြု​တော်​မူသမျှ​သည် ကိုယ်တော်​၏ အံ့ဖွယ်​ကိုယ်​ရည်​ကိုယ်​သွေးတော်​နှင့် ကိုက်ညီ​၏။ ကိုယ်တော်​၏​လုပ်ရပ်များ​သည် ကိုယ်တော်​၏​အဓိက​အရည်အသွေးများ​ဖြစ်သော ချစ်ခြင်း၊ ဉာဏ်ပညာ၊ တရား​မျှတခြင်း၊ တန်ခိုးတော်​တို့​နှင့် တညီတည်း​ဖြစ်သည်။

၁၅၊ ၁၆။ ယေဟောဝါ​သည် ဧဒင်ဥယျာဉ်​တွင် အာဒံ​ကို အဘယ်​ရွေးချယ်စရာ​များ ချ​ပြ​ထား​သနည်း။

၁၅ ယင်း​တို့သည် ဧဒင်ဥယျာဉ်​တွင် ဖြစ်ပျက်​ခဲ့​သမျှ​နှင့် မည်သို့​သက်ဆိုင်​ကြောင်း သုံးသပ်ကြည့်​ပါ။ ယေဟောဝါ​သည် မေတ္တာရှင်​ဖခင်​တစ်ဦး​အနေ​နှင့် လူသားများ​လိုအပ်သမျှ​ကို ပေးသနား​ထား​တော်​မူ​သည်။ အာဒံ​အား စဉ်းစား​နိုင်​ရန်၊ ဆင်ခြင်​သုံးသပ်​နိုင်​ရန်​နှင့် ကောက်ချက်​ချ​နိုင်​ရန်​အစွမ်း​သတ္တိ ပေး​ထား​သည်။ ပင်ကို​အသိစိတ်​ဖြင့် အသက်ရှင်​လှုပ်ရှား​လေ့​ရှိသော တိရစ္ဆာန်​များနှင့်​မတူဘဲ အာဒံ​တွင် ရွေးချယ်​နိုင်စွမ်း​ရှိ၏။ ထို့​ကြောင့် အာဒံ​ကို​ဖန်ဆင်း​ပြီး​နောက် ဘုရားသခင်​သည် ကောင်းကင်​ပလ္လင်​ပေါ်​မှ “မိမိ​ဖန်ဆင်း​သမျှ​သော​အရာ​တို့ကို ကြည့်ရှု​လျှင် အလွန်​ကောင်း​သည်ကို မြင်တော်မူ” ၏။—ကမ္ဘာဦး ၁:၂၆-၃၁; ၂ ပေတရု ၂:၁၂

၁၆ ယေဟောဝါ​သည် “ကောင်း​မကောင်း​ကို သိကျွမ်းရာ​အပင်” ၏​အသီးကို​မစား​ရန် အာဒံ​ကို ပညတ်​ပေး​သောအခါ သူ​အဘယ်အရာ​ပြုလုပ်​ရန် ဆုံးဖြတ်​နိုင်​ဖို့ လိုအပ်​သည့်​ညွှန်ကြားချက်​ပါ ပေး​ခဲ့​သည်။ တားမြစ်​ထားသော​အပင်​၏​အသီး​မှ​လွဲ​၍ “ဥယျာဉ်​၌​ရှိသမျှ​သော​အပင်​တို့၏​အသီး” ကို​စား​ခွင့်ပြု​သည်။ ထို​တားမြစ်​ထားသော​အသီးကို​စား​လျှင် သေ​မည်​ဟု သတိပေး​ခဲ့​၏။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) အာဒံ့​အပြု​အမူ​၏ အကျိုးဆက်များ​ကိုလည်း ဖော်ပြ​တော်​မူ​သည်။ ယခု အာဒံ အဘယ်အရာ​ပြုလုပ်​မည်​နည်း။

၁၇။ ယေဟောဝါ​သည် မိမိ၏​တင်ကြို​သိနိုင်စွမ်း​ကို စိစစ်​အသုံးပြု​သည်​ဟု အဘယ်ကြောင့် ဆိုနိုင်​သနည်း။

၁၇ ယေဟောဝါ​တွင် အရာခပ်သိမ်း​ကို တင်ကြို​သိနိုင်စွမ်း​ရှိသော်လည်း ယင်းကို​အသုံးပြုပြီး အာဒံ​နှင့်​ဧဝ​တို့ အဘယ်အရာ​ပြုလုပ်​မည်​ကို ကြို​မကြည့်​လို​ခဲ့​ပါ။ ထို့​ကြောင့် ဤ​တွင်​မေးစရာ​မှာ အနာဂတ်​ကို ယေဟောဝါ ကြိုသိ​နိုင်​သည်၊ မသိနိုင်​သည့်​ကိစ္စ​မဟုတ်ဘဲ ကြိုသိ​လို​စိတ်​ရှိမရှိ​ဖြစ်သည်။ ထို့​ပြင် ယေဟောဝါ​သည် မေတ္တာရှင်​ဖြစ်​တော်​မူ​သောကြောင့် ပုန်ကန်မှု​နှင့် ယင်းကြောင့်​ဖြစ်ပေါ်​လာ​မည့် ဝမ်းနည်းဖွယ်​ဆိုးကျိုး​များ​ကို တမင်တကာ ရက်ရက်စက်စက် တင်ကြို​စီမံ​လိမ့်​မည်​မဟုတ်​ကြောင်း သေချာ​သည်။ (မဿဲ ၇:၁၁; ၁ ယောဟန် ၄:၈) သို့​ဖြစ်၍ ယေဟောဝါ​သည် မိမိ၏​တင်ကြို​သိနိုင်စွမ်း​ကို စိစစ်​အသုံးပြု​တော်​မူ​၏။

၁၈။ ယေဟောဝါ​သည် မိမိ၏​တင်ကြို​သိမြင်နိုင်စွမ်း​ကို စိစစ်​အသုံးပြုခြင်းက တစ်စုံတစ်ခု​လို​နေ၍ အဘယ်ကြောင့်​မဟုတ်​သနည်း။

၁၈ ယေဟောဝါ​သည် မိမိ၏​တင်ကြို​သိနိုင်စွမ်း​ကို စိစစ်​အသုံးပြု​ရခြင်း​က တစ်စုံတစ်ခု လို​နေ၍​လော။ မဟုတ်ပါ။ ယေဟောဝါ​သည် “ကျောက်” ဖြစ်​ပြီး ကိုယ်တော်​၏ “အမှုတော်​သည် စုံလင်” ၏​ဟု မောရှေ ဖော်ပြ​ခဲ့​သည်။ လူသည် အပြစ်ပြု​လုပ်​၍ ယင်း​၏​ဆိုးကျိုး​များ​ခံရ​ခြင်း​မှာ ကိုယ်တော့်​ကြောင့် မဟုတ်​ချေ။ ယနေ့ ကျွန်ုပ်​တို့အားလုံး ခံစား​နေကြ​ရသည့် ဆိုးကျိုး​များသည် အာဒံ​၏​မနာခံမှုကြောင့်​ဖြစ်သည်။ တမန်​တော်​ပေါလု​က “အပြစ်​တရားသည် တစ်ယောက်​သော​သူအား​ဖြင့် ဤ​လောက​သို့​ဝင်၍ အပြစ်​တရား​အားဖြင့် သေခြင်း​တရားဝင်​သည်​နှင့်​အညီ လူအပေါင်း​တို့သည် အပြစ်ရှိ​သောကြောင့် သေခြင်း​သို့​ရောက်​ရ​ကြ​၏” ဟူ၍ ရှင်းပြ​ခဲ့​သည်။—တရားဟောရာ ၃၂:၄၊ ၅သမ္မာ; ရောမ ၅:၁၂; ယေရမိ ၁၀:၂၃

၁၉။ နောက်​ဆောင်းပါး​တွင် အဘယ်​မေးခွန်းများကို သုံးသပ်ကြ​မည်​နည်း။

၁၉ ဆွေးနွေး​ခဲ့​ပြီး​သည့်​အထိ မတရားသော​အမှုကို ယေဟောဝါ မပြု​ကြောင်း သိရှိ​ခဲ့​ရပြီ။ (ဆာလံ ၃၃:၅) ယင်းအစား ယေဟောဝါ​၏​စွမ်းရည်​များ၊ ကိုယ်ကျင့်တရား​အရည်အသွေးများနှင့်  စံနှုန်း​များသည်  ကိုယ်တော်​၏​ရည်ရွယ်ချက်ကို​ဖြစ်မြောက်အောင်​မြင်​စေ​သည်။ (ရောမ ၈:၂၈) ပရောဖက်ပြု​ရှင် ယေဟောဝါ​ဘုရားသခင်​သည် “အ​ဦး​မှ​စ၍ အဆုံးတိုင်အောင်​လည်းကောင်း၊ ရှေး​ကာလ​မှ​စ၍ မဖြစ်သေး​သော​အမှုအရာ​တို့ကို​လည်းကောင်း ဖော်ပြ” တော်​မူ​၏။ (ဟေရှာယ ၄၆:၉၊ ၁၀) ကိုယ်တော်​သည် ကြိုတင်​သိမြင်နိုင်စွမ်း​ကို စိစစ်​အသုံးပြု​ကြောင်းကို​လည်း ကျွန်ုပ်​တို့ သိရှိ​ခဲ့​ကြ​ရပြီ။ ယင်းက ကျွန်ုပ်​တို့​နှင့် မည်သို့သက်ဆိုင်​သနည်း။ ကျွန်ုပ်​တို့၏​ဆုံးဖြတ်ချက်​များသည် ဘုရားသခင်​၏​မေတ္တာပါ​ရည်ရွယ်ချက်​နှင့် ကိုက်ညီ​မညီ မည်သို့​သေချာ​သိနိုင်​သနည်း။ ထိုသို့​ပြုခြင်း​ဖြင့် အဘယ်​ကောင်းချီး​များ​ကို ခံစား​ကြ​ရမည်​နည်း။ ဤ​မေးခွန်းများကို နောက်​ဆောင်းပါး​တွင် သုံးသပ်ကြ​ပါ​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သော လူ​ခပ်သိမ်း​အတွက်​စာအုပ်​တစ်အုပ် ဘရိုရှာ စာမျက်နှာ ၂၈ ကို​ရှု။

သင်​ရှင်းပြ​နိုင်​သလော

• ဘုရားသခင်​၏ “စကား” တော်​အမြဲ “ပြည့်စုံ” လာ​သည်ကို အဘယ်​ရှေး​ပုံ​နမူနာ​များ​က ဖော်ပြ​သနည်း။

• ယေဟောဝါ​သည် မိမိ၏ “ထာဝရ​အကြံတော်” နှင့်​စပ်လျဉ်း၍ အဘယ်အရာကို တင်ကြို​စီမံခန့်ခွဲ​ခဲ့​သနည်း။

• ယေဟောဝါ​သည် မိမိ၏​တင်ကြို​သိမြင်နိုင်စွမ်း​ကို အဘယ်​နည်းဖြင့်​အသုံးပြု​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

ယောရှဖတ်​သည် ယေဟောဝါ​ကို​ယုံကြည်​ကိုးစား​ခဲ့

ယေရှု သေ​ပြီး ရှင်ပြန်ထမြောက်​မည်​အကြောင်း ဘုရားသခင် တင်ကြို​မိန့်ဆိုခဲ့

အာဒံ​နှင့်​ဧဝ​တို့ ပြုလုပ်​မည့်​အရာ​ကို ယေဟောဝါ တင်ကြို​စီမံခန့်ခွဲ​ထား​သလော