‘ကိုယ်တော်၏တရားတော်ကို အကျွန်ုပ်အလွန်နှစ်သက်ပေစွ!’
‘ကိုယ်တော်၏တရားတော်ကို အကျွန်ုပ်အလွန်နှစ်သက်ပေစွ!’
‘ကိုယ်တော်၏တရားတော်ကို အကျွန်ုပ်အလွန်နှစ်သက်ပေစွ! တစ်နေ့လုံး ဆင်ခြင်ရာဖြစ်ပါ၏။’—ဆာလံ ၁၁၉:၉၇၊ သမ္မာ။
၁၊ ၂။ (က) ဆာလံ ၁၁၉ ကိုရေးစပ်ရန် မှုတ်သွင်းခံရသူသည် အဘယ်အခြေအနေနှင့် ကြုံခဲ့ရသနည်း။ (ခ) သူမည်သို့တုံ့ပြန်ခဲ့သနည်း၊ ထိုသို့ အဘယ်ကြောင့်တုံ့ပြန်သနည်း။
ဆာလံ ၁၁၉ ကိုရေးစပ်သူသည် ပြင်းထန်သောစုံစမ်းနှောင့်ယှက်မှုကို ကြုံခဲ့ရ၏။ ဘုရားသခင့်တရားတော်ကို အလေးမထားသော ရောင့်တက်သည့်ရန်သူများက သူ့ကို ပြက်ရယ်ပြုကာ အသရေဖျက်ခဲ့ကြသည်။ မင်းညီမင်းသားများကမူ သူ့တစ်ဖက်၌တိုင်ပင်ကာ သူ့ကို နှိပ်စက်ညှဉ်းပန်းခဲ့ကြ၏။ လူဆိုးများက ဝိုင်းထားသဖြင့် သူအသက်အန္တရာယ် ကြုံနေရသည်။ ဤအရာအားလုံးကြောင့် သူ့ခမျာ “ဝမ်းနည်းခြင်းအားဖြင့်” အိပ်မပျော်နိုင်ဖြစ်ခဲ့ရလေသည်။ (ဆာလံ ၁၁၉:၉၊ ၂၃၊ ၂၈၊ ၅၁၊ ၆၁၊ ၆၉၊ ၈၅၊ ၈၇၊ ၁၆၁) ဆာလံဆရာသည် ယင်းတို့ကို ရင်ဆိုင်ရသော်လည်း ‘ကိုယ်တော်၏တရားတော်ကို အကျွန်ုပ်အလွန်နှစ်သက်ပေစွ! တစ်နေ့လုံး ဆင်ခြင်ရာဖြစ်ပါ၏’ ဟူ၍ တေးသီကျူးခဲ့သည်။—ဆာလံ ၁၁၉:၉၇၊ သမ္မာ။
၂ ဘုရားသခင့်တရားတော်သည် ဆာလံဆရာအတွက် နှစ်သိမ့်မှု အဘယ်သို့ဖြစ်နိုင်သနည်း။ ယေဟောဝါသည် မိမိကို စိတ်ဝင်စားတော်မူကြောင်း သူယုံကြည်စိတ်ချထားရာ ယင်းက သူ့ကို အားတက်စေခဲ့သည်။ ဆာလံဆရာသည် ဘုရားသခင့်တရားတော်မှ မေတ္တာပါသော ပြင်ဆင်ပေးချက်များကို သိကျွမ်းထားရာ ဆန့်ကျင်သူများထံမှ အတိုက်အခံများကြုံရလင့်ကစား ပျော်ရွှင်ခဲ့၏။ ယေဟောဝါသည် မိမိကို ကျေးဇူးပြုတော်မူကြောင်း သူအသိအမှတ်ပြုသည်။ ထို့ပြင် ဆာလံဆရာသည် ဘုရားသခင့်တရားတော်၏ လမ်းညွှန်မှုကို လက်တွေ့ကျင့်သုံးရာ မိမိရန်သူများထက် သာ၍ပညာရှိပြီး မိမိအသက်ကိုပင် ကာကွယ်စောင့်ရှောက်နိုင်ခဲ့သည်။ သူသည် တရားတော်ကို နာခံလိုက်လျှောက်သဖြင့် စိတ်ငြိမ်သက်မှုရပြီး ကိုယ်ကိုယ်ကိုသိသောစိတ် ကြည်လင်ခဲ့၏။—ဆာလံ ၁၁၉:၁၊ ၉၊ ၆၅၊ ၉၃၊ ၉၈၊ ၁၆၅။
၃။ ယနေ့ ဘုရားသခင့်စံနှုန်းများနှင့်အညီ အသက်ရှင်ခြင်းသည် ခရစ်ယာန်များအတွက် စိန်ခေါ်ချက် အဘယ်ကြောင့်ဖြစ်သနည်း။
၃ ယနေ့ ဘုရားသခင့်ကျေးကျွန်အချို့လည်း ပြင်းထန်သော ယုံကြည်ခြင်းစမ်းသပ်မှုများကို ကြုံနေရ၏။ ကျွန်ုပ်တို့သည် ဆာလံဆရာကဲ့သို့ သေရေးရှင်ရေးကာလကို ရင်ဆိုင်ရချင်မှရင်ဆိုင်ရမည်ဖြစ်သော်လည်း “ခဲယဉ်းသောကာလ” တွင် အသက်ရှင်နေကြရသည်။ ဝိညာဉ်ရေးစံနှုန်းများကို နှစ်သက်မြတ်နိုးခြင်းမရှိသူများ၊ ကိုယ်ကျိုးနှင့် ရုပ်ပစ္စည်းကို အဓိကထားကြသူများ၊ မာနထောင်လွှားပြီး မခန့်လေးစားပြုလိုသူများစွာနှင့် ကျွန်ုပ်တို့ နေ့စဉ်ထိတွေ့ဆက်ဆံနေကြရ၏။ (၂ တိမောသေ ၃:၁-၅) ခရစ်ယာန်လူငယ်များသည် မိမိတို့၏ကျင့်ဝတ်သမာဓိစမ်းသပ်မှုများကို အမြဲရင်ဆိုင်နေကြရသည်။ ယင်းသို့သောအခြေအနေမျိုးတွင် ယေဟောဝါကိုချစ်သည့်စိတ်နှင့် မှန်ရာကိုမြတ်နိုးသည့်စိတ်တို့ကို ထိန်းသိမ်းရန် အခက်တွေ့နိုင်ပါသည်။ ကျွန်ုပ်တို့ကိုယ်ကို မည်သို့ကာကွယ်နိုင်ကြသနည်း။
၄။ ဆာလံဆရာသည် ဘုရားသခင့်တရားတော်ကို တန်ဖိုးထားလေးမြတ်ကြောင်း မည်သို့ဖော်ပြခဲ့သနည်း။ ခရစ်ယာန်များလည်း အလားတူလေးမြတ်မှုကို ဖော်ပြသင့်သလော။
၄ ဖိစီးမှုများကို ဆာလံဆရာခံရပ်နိုင်ရန် ကူညီပေးသည့်အရာတစ်ခုမှာ ဘုရားသခင့်တရားတော်ကို ထက်ထက်သန်သန် တွေးတောဆင်ခြင်ရန် အချိန်ပေးခြင်းဖြစ်သည်။ သို့ဖြင့် သူသည် ဘုရားသခင့်တရားတော်ကို နှစ်သက်မြတ်နိုးလာခဲ့၏။ ဆာလံ ၁၁၉ ၏အခန်းငယ်တိုင်းလိုလိုသည် ယေဟောဝါ၏တရားတော်ဆိုင်ရာ အင်္ဂါရပ်တစ်မျိုးမျိုးကို ဖော်ပြထားသည်။ * ယနေ့ ခရစ်ယာန်များသည် ရှေးဣသရေလလူမျိုးအား ဘုရားသခင်ပေးခဲ့သည့် မောရှေပညတ်အောက်တွင် မရှိကြပါ။ (ကောလောသဲ ၂:၁၄) သို့သော် ထိုပညတ်တရားပါ မူများကမူ အရေးပါဆဲဖြစ်သည်။ အဆိုပါမူများသည် ဆာလံဆရာအတွက် စိတ်သက်သာရာဖြစ်ခဲ့သည့်နည်းတူ မျက်မှောက်ခေတ်တွင် ဘဝအခက်အခဲများ ကြုံတွေ့နေရသည့် ဘုရားသခင့်ကျေးကျွန်များအတွက်လည်း စိတ်သက်သာရာဖြစ်နိုင်ပါသည်။
၅။ မောရှေပညတ်၏ အဘယ်ကဏ္ဍများကို ကျွန်ုပ်တို့သုံးသပ်ကြမည်နည်း။
၅ ဥပုသ်နေ့အစီအစဉ်၊ ကောက်သင်းကောက်ခြင်းအစီအစဉ်နှင့် လောဘလွန်ကျူးခြင်းကို တားမြစ်သည့်ပညတ်တည်းဟူသော မောရှေပညတ်၏ကဏ္ဍသုံးရပ်မှ အဘယ်အားပေးတိုက်တွန်းမှုကို ကျွန်ုပ်တို့ရရှိနိုင်ကြောင်း သုံးသပ်ကြည့်ကြစို့။ ကျွန်ုပ်တို့ခေတ်ရှိ စိန်ခေါ်ချက်များကို ရင်ဆိုင်နိုင်ရန် ပညတ်တရားကအခြေခံသည့် မူများကို နားလည်သဘောပေါက်ထားဖို့ အရေးကြီးကြောင်း ကဏ္ဍတစ်ခုစီတွင် တွေ့ရပါလိမ့်မည်။
ကျွန်ုပ်တို့၏ ဝိညာဉ်ရေးလိုအပ်မှုကို ဖြည့်ဆည်းပေးခြင်း
၆။လူသားအားလုံးတွင် အဘယ်အခြေခံလိုအပ်ချက်များ ရှိကြသနည်း။
၆ လူသားတို့သည် လိုအပ်ချက်အချို့ဖြင့် ဖန်ဆင်းခံထားရသည်။ ဥပမာ၊ လူတစ်ဦးသည် ကျန်းမာရေးကောင်းနေရန် အစာရေစာနှင့် နေထိုင်စရာ မရှိမဖြစ်လိုအပ်၏။ သို့သော် လူသားတို့သည် ‘ဝိညာဉ်ရေးလိုအပ်ချက်’ ကိုလည်း ဂရုစိုက်ရပေမည်။ ယင်းကို ဂရုမစိုက်ပါက အမှန်တကယ် ပျော်ရွှင်နိုင်မည်မဟုတ်ချေ။ (မဿဲ ၅:၃၊ ကဘ) ဤမွေးရာပါလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းသည် အဓိကကျသည်ဟု ယေဟောဝါယူမှတ်တော်မူသည့်အတွက် ဝိညာဉ်ရေးရာများကို အာရုံစိုက်နိုင်ရန် ရက်သတ္တတစ်ပတ်လျှင် တစ်ရက် ပုံမှန်လုပ်ငန်းဆောင်တာများ ရပ်ဆိုင်းထားကြဖို့ မိမိလူမျိုးအား မိန့်မှာတော်မူခဲ့၏။
၇၊ ၈။ (က) ဘုရားသခင်သည် ဥပုသ်နေ့နှင့် အခြားနေ့များကို မည်သို့ ခြားနားစေတော်မူသနည်း။ (ခ) ဥပုသ်နေ့၏ရည်ရွယ်ချက်ကား အဘယ်နည်း။
၇ ဥပုသ်နေ့အစီအစဉ်က ဝိညာဉ်ရေးရာများလိုက်စားခြင်း၏ အရေးကြီးမှုကို ပေါ်လွင်စေသည်။ သမ္မာကျမ်းစာတွင် ဦးဆုံးဖော်ပြထားသော “ဥပုသ်” ဟူသည့် စကားလုံးသည် တောကန္တာရ၌ မန္နမုန့်ကျွေးသည့်အစီအစဉ်နှင့် ဆက်စပ်နေသည်။ ဣသရေလလူမျိုးသည် ခြောက်ရက်ပတ်လုံး ဤအံ့ဖွယ်မုန့်ကို စုသိမ်းဖို့ မိန့်မှာခံခဲ့ရ၏။ ခုနစ်ရက်မြောက်သောနေ့၌ ကျွေးမွေးမည့်အစီအစဉ် ရှိမည်မဟုတ်သောကြောင့် ခြောက်ရက်မြောက်သောနေ့တွင် “နှစ်ရက်အတွက်မုန့်ကို” စုသိမ်းကြရသည်။ ခုနစ်ရက်မြောက်သောနေ့သည် ‘ထာဝရဘုရားသခင်ရှေ့၌ သန့်ရှင်းသောဥပုသ်နေ့’ ဖြစ်ရာ ထိုနေ့တွင် လူတိုင်း မိမိနေရာ၌ နေသင့်သည်။ (ထွက်မြောက်ရာ ၁၆:၁၃-၃၀) ပညတ်တော်ဆယ်ပါးအနက် တစ်ပါးက ဥပုသ်နေ့တွင် လုံးဝအလုပ်မလုပ်ရဟု ပညတ်ထား၏။ အဆိုပါနေ့သည် သန့်ရှင်းသောနေ့ဖြစ်၏။ ယင်းကို မလိုက်လျှောက်သူသည် အသေသတ်ခြင်းကိုခံခဲ့ရ၏။—ထွက်မြောက်ရာ ၂၀:၈-၁၁; တောလည်ရာ ၁၅:၃၂-၃၆။
၈ ဥပုသ်ပညတ်က ယေဟောဝါသည် မိမိလူမျိုး၏ ကာယရေးနှင့် ဝိညာဉ်ရေးကောင်းကျိုးနှစ်တန်စလုံးကို ဂရုစိုက်ပေးကြောင်း ဖော်ပြသည်။ “ဥပုသ်နေ့သည် လူအဖို့ဖြစ်၏” ဟု ယေရှုမိန့်ဆိုခဲ့သည်။ (မာကု ၂:၂၇) ဥပုသ်နေ့သည် ဣသရေလလူမျိုးအား အနားယူခွင့်ရစေသည်သာမက ၎င်းတို့၏ဖန်ဆင်းရှင်ထံ ချဉ်းကပ်ခွင့်နှင့်အတူ ကိုယ်တော်အား ချစ်မြတ်နိုးကြောင်းဖော်ပြခွင့်ပါ ရရှိစေသည်။ (တရားဟောရာ ၅:၁၂) အဆိုပါနေ့သည် ဝိညာဉ်ရေးအကျိုးစီးပွားအတွက် အကြွင်းမဲ့ရည်စူးထားသောနေ့ဖြစ်၏။ ထိုတွင် မိသားစုလိုက်ဝတ်ပြုကိုးကွယ်ခြင်း၊ ဆုတောင်းခြင်းနှင့် ဘုရားသခင့်တရားတော်ကို တွေးတောဆင်ခြင်ခြင်းတို့ ပါဝင်သည်။ အဆိုပါအစီအစဉ်က ဣသရေလလူမျိုးအား ၎င်းတို့၏အချိန်နှင့်ခွန်အားကို ရုပ်ပစ္စည်းလိုက်စားမှုများတွင် လုံးလုံးနစ်မြှုပ်ထားခြင်းမှ ကာကွယ်ပေး၏။ ယေဟောဝါနှင့်ဆက်ဆံရေးသည် သူတို့၏အသက်တာတွင် အရေးအကြီးဆုံးအရာဖြစ်ကြောင်း ဥပုသ်နေ့က သတိရစေသည်။ “ ‘လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်’ ကျမ်းစာလာသည်” ဟုဆိုခြင်းဖြင့် မပြောင်းလဲသည့်ထိုမူကို ယေရှုထပ်မိန့်ဆိုခဲ့သည်။—မဿဲ ၄:၄။
၉။ ဥပုသ်နေ့အစီအစဉ်က ခရစ်ယာန်များကို အဘယ်သင်ခန်းစာပေးသနည်း။
၉ ဘုရားသခင့်လူမျိုးသည် ပကတိ ၂၄ နာရီ ဥပုသ်စောင့်ဖို့မလိုတော့ပေ။ သို့သော် ဥပုသ်နေ့အစီအစဉ်သည် သမိုင်းဆိုင်ရာစိတ်ဝင်စားဖွယ် အဖြစ်အပျက်တစ်ခုမျှသာ မဟုတ်ချေ။ (ကောလောသဲ ၂:၁၆) ကျွန်ုပ်တို့လည်း ဝိညာဉ်ရေးရာများကို ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း ယင်းက သတိပေးသည်မဟုတ်ပေလော။ ရုပ်ပစ္စည်းတပ်မက်စွဲလမ်းခြင်းနှင့် အပန်းဖြေခြင်းတို့သည် ဝိညာဉ်ရေးရာများထက် အလေးမသာစေရပါ။ (ဟေဗြဲ ၄:၉၊ ၁၀) ထို့ ကြောင့် ကျွန်ုပ်တို့ကိုယ်ကို ဤသို့မေးနိုင်ပါသည်– “ငါ့ရဲ့ဘဝမှာ ဘယ်အရာကို ရှေ့တန်းတင်နေသလဲ။ ကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်း၊ ခရစ်ယာန်အစည်းအဝေးများတက်ခြင်းနဲ့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းတွေကို ဦးစားထားနေသလား။ ဒါမှမဟုတ် အဲ့ဒီနေရာတွေမှာ တခြားစိတ်ဝင်စားစရာတွေနဲ့ အစားထိုးနေသလား။” ကျွန်ုပ်တို့၏အသက်တာတွင် ဝိညာဉ်ရေးရာများကို ရှေးဦးထားမည်ဆိုပါက ဘဝလိုအပ်ရာများ ချို့တဲ့မည်မဟုတ်ကြောင်း ယေဟောဝါအာမခံတော်မူသည်။—မဿဲ ၆: ၂၄-၃၃။
၁၀။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာများအတွက် အချိန်ပေးခြင်းဖြင့် အဘယ်အကျိုးကျေးဇူး ရရှိနိုင်သနည်း။
၁၀ အချိန်များစွာအကုန်ခံ၍ ကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများလေ့လာခြင်း၊ ယင်းတို့၌ပါရှိသော သတင်းတရားကို နက်နက်နဲနဲ တွေးတောဆင်ခြင်ခြင်းတို့က ကျွန်ုပ်တို့အား ယေဟောဝါ၏အပါးတော်သို့ သာ၍ချဉ်းကပ်စေနိုင်သည်။ (ယာကုပ် ၄:၈) လွန်ခဲ့သောအနှစ် ၄၀ ခန့်မှစ၍ ကျမ်းစာပုံမှန်ဖတ်ရှုရန် အချိန်ဖယ်ထားခဲ့သည့်ဆူဇန်က သူထိုသို့ဖတ်ခါစ၌ စိတ်ဝင်စားဖို့မကောင်းကြောင်း ဝန်ခံ၏။ ယင်းသည် သူ့အတွက် ဝန်ထုပ်ဖြစ်ခဲ့သည်။ သို့သော် ကျမ်းစာကို သူဖတ်ရှုလေလေ ပို၍နှစ်သက်စရာကောင်းလာလေလေဖြစ်သည်။ ယခုအချိန်တွင် အကြောင်းတစ်ခုခုကြောင့် ကိုယ်ပိုင်လေ့လာမှုမပြုနိုင်သောအခါ သူစိတ်ပျက် ဝမ်းနည်းမိသည်။ “ကျမ်းစာလေ့လာခြင်းက ယေဟောဝါကို ဖခင်တစ်ယောက်လို သိကျွမ်းဖို့ ကျွန်မကို ကူညီပေးခဲ့တယ်။ ကိုယ်တော့်ကို ကျွန်မယုံကြည်ကိုးစားနိုင်တယ်၊ အားထားနိုင်တယ်၊ လွတ်လွတ်လပ်လပ် ဆုတောင်းပြီး ကိုယ်တော့်အနားကို ချဉ်းကပ်နိုင်တယ်။ ယေဟောဝါဟာ မိမိရဲ့ကျေးကျွန်တွေကို အရမ်းချစ်မြတ်နိုးတာ၊ ကျွန်မကို တစ်ယောက်ချင်းအနေနဲ့ စိတ်ဝင်စားတာ၊ ကျွန်မအတွက် ကိုယ်တော်လုပ်ဆောင်ပေးခဲ့တာတွေကို မြင်တွေ့ရတော့ အရမ်းစိတ်စွဲမှတ်သွားတယ်” ဟုသူပြောပြသည်။ ကျွန်ုပ်တို့လည်း မိမိတို့၏ဝိညာဉ်ရေးလိုအပ်ချက်များကို မှန်မှန်ဂရုစိုက်ပေးမည်ဆိုလျှင် များစွာရွှင်လန်းဝမ်းမြောက်နိုင်ပါသည်။
ကောက်သင်းကောက်ခြင်းဆိုင်ရာ ဘုရားသခင့်ပညတ်
၁၁။ ကောက်သင်းကောက်ခြင်းအစီအစဉ် မည်သို့ရှိသနည်း။
၁၁ လူမျိုးတော်၏ကောင်းကျိုးကို ဘုရားသခင်ဂရုစိုက်ကြောင်း ဖော်ပြသော မောရှေပညတ်၏ ဒုတိယကဏ္ဍမှာ ကောက်သင်းကောက်ပိုင်ခွင့်ဖြစ်သည်။ ဣသရေလလယ်သမားတစ်ဦးသည် လယ်၌ အသီးအနှံများကို ဆွတ်ခူးသောအခါ ကျန်ခဲ့သည့်အသီးအနှံများကို ဆင်းရဲနွမ်းပါးသောသူတို့အား လိုက်ကောက်ခွင့်ပေးရမည်ဟု ယေဟောဝါ မိန့်မှာတော်မူခဲ့၏။ လယ်သမားများသည် မိမိတို့၏လယ်ကွက်အစွန်းအနားများမှ အသီးအနှံများကို အကုန်အစင် မရိတ်သိမ်းရ၊ စပျစ် သို့မဟုတ် သံလွင်သီးအကျန်များကိုလည်း ပြန်မစုသိမ်းရချေ။ လယ်ကွင်းများတွင် အမှုမဲ့အမှတ်မဲ့ ကျန်ရစ်ခဲ့သည့် ကောက်လှိုင်းများကိုလည်း ပြန်မသိမ်းယူရချေ။ ယင်းသည် ဆင်းရဲသားများ၊ တိုင်းတစ်ပါးသားများ၊ မိဘမဲ့များနှင့် မုဆိုးမများအတွက် မေတ္တာပါသည့် အစီအစဉ်ဖြစ်ပေသည်။ ကောက်သင်းကောက်ခြင်းသည် ပင်ပန်းသည့်အလုပ်ဖြစ်သည်မှန်သော်လည်း ထိုသို့ပြုခြင်းဖြင့် သူတို့သည် တောင်းစားရသည့်အဖြစ်ကို ရှောင်နိုင်ကြသည်။—ဝတ်ပြုရာ ၁၉:၉၊ ၁၀; တရားဟောရာ ၂၄:၁၉-၂၂; ဆာလံ ၃၇:၂၅။
၁၂။ ကောက်သင်းကောက်ခြင်းအစီအစဉ်က လယ်သမားများအား အဘယ်အခွင့်အရေး ရရှိစေသနည်း။
၁၂ ကောက်သင်းကောက်ခြင်းဆိုင်ရာပညတ်က ချို့ငဲ့သူများအတွက် အသီးအနှံ မည်မျှချန်ထားပေးရမည်ဟု မသတ်မှတ်ထားချေ။ လယ်ကွက်အနားတစ်လျှောက်ရှိ မရိတ်သိမ်းရသေးသည့် ကောက်ပင်များ နည်းနည်းချန်မည်၊ များများချန်မည်ကို လယ်သမားများကသာ ဆုံးဖြတ်ရမည်ဖြစ်သည်။ ဤနည်းဖြင့် ကောက်သင်းကောက်ခြင်းအစီအစဉ်က ရက်ရောရန် သွန်သင်ပေး၏။ ‘နွမ်းပါးသူကို သနားသောသူမူကား မိမိဖန်ဆင်းရှင်ကို ဂုဏ်တင်ရာရောက်’ သောကြောင့် လယ်သမားတို့သည် စပါးသီးနှံကိုဖြစ်ထွန်းစေသောအရှင်အား ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြခွင့်ရကြသည်။ (သု. ၁၄:၃၁၊ ကဘ) ထိုသို့လုပ်ဆောင်ခဲ့သူတစ်ဦးမှာ ဗောဇဖြစ်၏။ သူ၏လယ်ကွက်များတွင် ကောက်သင်းလာကောက်သူ မုဆိုးမရုသ ကောက်သင်းများများရရန် သူစီစဉ်ပေးခဲ့သည်။ ဗောဇ၏ရက်ရောမှုကြောင့် သူ့အား ယေဟောဝါ အလျှံပယ်ဆုချတော်မူခဲ့သည်။—ရုသ ၂:၁၅၊ ၁၆; ၄:၂၁၊ ၂၂; သု. ၁၉:၁၇။
၁၃။ ကောက်သင်းကောက်ခြင်းဆိုင်ရာ ရှေးပညတ်က ကျွန်ုပ်တို့အား အဘယ်အရာသင်ပေးသနည်း။
၁၃ ကောက်သင်းကောက်ခြင်းဆိုင်ရာ ပညတ်တရား၏အခြေခံမူမှာ ပြောင်းလဲခြင်းမရှိပေ။ ယေဟောဝါသည် မိမိကျေးကျွန်များအား ချို့တဲ့နေသူတို့အပေါ် အထူးသဖြင့် ရက်ရောမှုပြရန် မျှော်လင့်တော်မူ၏။ ကျွန်ုပ်တို့သည် ရက်ရောမှုပြလေလေ ကောင်းချီးများစွာ ရလေလေဖြစ်မည်။ ယေရှုက “သူတစ်ပါးအား ပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အား ပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတစ်ပါးအားပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်” ဟုမိန့်ဆိုခဲ့သည်။—လုကာ ၆:၃၈။
၁၄၊ ၁၅။ ကျွန်ုပ်တို့သည် ရက်ရောကြောင်း မည်သို့ပြသနိုင်ကြသနည်း။ ကျွန်ုပ်တို့ကိုယ်တိုင်ရော ကူညီပေးခံရသူတို့ပါ အဘယ်အကျိုးကျေးဇူးများ ခံစားရနိုင်သနည်း။
၁၄ တမန်တော်ပေါလုက “ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြ” ရန် ကျွန်ုပ်တို့ကို အကြံပေးတိုက်တွန်းခဲ့သည်။ (ဂလာတိ ၆:၁၀) ထို့ကြောင့် ခရစ်ယာန်ချင်းတို့သည် ယုံကြည်ခြင်းစမ်းသပ်ခံရတိုင်း ဝိညာဉ်ရေးအကူအညီရရှိရန် ကျွန်ုပ်တို့ စိတ်ဝင်စားပေးဖို့လိုသည်။ သို့သော် သူတို့ကို လက်တွေ့ကျကျ ကူညီပေးဖို့လည်း လိုအပ်ပါသလော။ ဥပမာအနေနှင့် ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ ခေါ်သွားပေးရန် သို့မဟုတ် ဈေးဝယ်ပေးရန်လိုသလော။ အားပေးမှုဖြစ်စေသည့် လည်ပတ်မှု သို့မဟုတ် အကူအညီကို တန်ဖိုးထားတတ်သော သက်ကြီးရွယ်အို၊ ဖျားနာသူ သို့မဟုတ် အိမ်တွင်းအောင်းနေရသူတစ်ဦးဦး သင့်အသင်းတော်၌ရှိသလော။ ယင်းသို့သောလိုအပ်ရာများကို အကင်းပါးပါးသိမြင်ရန် ကျွန်ုပ်တို့အားထုတ်ကြမည်ဆိုလျှင် လိုအပ်နေသူတစ်ဦး၏ ဆုတောင်းချက်များကို ဖြေကြားဖို့ ကျွန်ုပ်တို့ကို ယေဟောဝါအသုံးပြုကောင်းပြုနိုင်သည်။ တစ်ဦးကိုတစ်ဦး ဂရုစိုက်ပေးခြင်းသည် ခရစ်ယာန်တာဝန်တစ်ရပ်ဖြစ်သော်လည်း ထိုသို့လုပ်ဆောင်ခြင်းက ကူညီပေးသူကိုလည်း အကျိုးရှိစေသည်။ ဝတ်ပြုမှုတူသူချင်းများအပေါ် မေတ္တာစစ်တင်ပြခြင်းက များစွာရွှင်လန်းဝမ်းမြောက်စေသည့်အပြင် ယေဟောဝါ၏နှစ်သက်လက်ခံမှုကို ရရှိသည်ဟူသော ကျေနပ်အားရမှုကိုပါဖြစ်စေသည်။—သု. ၁၅:၂၉။
၁၅ ကိုယ်ကျိုးမငဲ့သည့်သဘောထားကို ခရစ်ယာန်များဖော်ပြသည့် အရေးပါသော နောက်နည်းတစ်နည်းမှာ ဘုရားသခင့်ရည်ရွယ်ချက်များအကြောင်း ဟောပြောရန် မိမိတို့၏အချိန်နှင့်ခွန်အားကို အသုံးပြုခြင်းဖြစ်သည်။ (မဿဲ ၂၈:၁၉၊ ၂၀) လူတစ်ဦးကို ယေဟောဝါထံအပ်နှံသည့်အထိ ကူညီပေးလိုက်ရ၍ ရွှင်လန်းဝမ်းမြောက်ခဲ့ရသူ မည်သူမဆို ယေရှုမိန့်ဆိုခဲ့သည့် ဤစကားများ မှန်ကန်ကြောင်း သိရှိခံစားကြရသည်– ‘အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍ပျော်ရွှင်စေ၏။’—တမန်တော် ၂၀:၃၅။
လောဘလွန်ကျူးခြင်းကို သတိနှင့်ရှောင်
၁၆၊ ၁၇။ ဆယ်ပါးမြောက်ပညတ်က အဘယ်အရာကို တားမြစ်သနည်း၊ အဘယ်ကြောင့်နည်း။
၁၆ ဣသရေလလူမျိုးအား ဘုရားသခင်ပေးခဲ့သော ပညတ်တရားမှ ကျွန်ုပ်တို့သုံးသပ်ကြမည့် တတိယကဏ္ဍမှာ လောဘလွန်ကျူးခြင်းကို တားမြစ်သည့် ဆယ်ပါးမြောက်ပညတ်တော်ဖြစ်သည်။ အဆိုပါပညတ်က ဤသို့ဆို၏– “ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏မယား၊ သူ၏ကျွန်ယောက်ျား၊ မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။” (ထွက်မြောက်ရာ ၂၀:၁၇) မည်သည့်လူသားတစ်ဦးတစ်ယောက်မျှ လူ့နှလုံးကို ထိုးဖောက်သိမြင်နိုင်စွမ်းမရှိသောကြောင့် ယင်းသို့သောပညတ်ကို မပြဋ္ဌာန်းနိုင်ကြချေ။ သို့သော် အဆိုပါပညတ်က ပညတ်တရားကို လူ့တရားဥပဒေထက် ပို၍အဆင့်မြင့်စေခဲ့၏။ ယင်းက လူ့အတွင်းသဘောကို သိမြင်နိုင်သောအရှင် ယေဟောဝါထံ မိမိတို့ တိုက်ရိုက်စာရင်းရှင်းရမည်ကို ဣသရေလလူတစ်ဦးစီအား သိရှိစေသည်။ (၁ ဓမ္မရာဇဝင် ၁၆:၇) ထို့ပြင် ဤပညတ်သည် တရားနှင့်မညီသည့်လုပ်ရပ်များစွာ၏ အရင်းခံအကြောင်းကိုလည်း သိရှိစေ၏။—ယာကုပ် ၁:၁၄။
၁၇ လောဘလွန်ကျူးခြင်းကိုတားမြစ်သည့် အဆိုပါပညတ်က ရုပ်ပစ္စည်းတပ်မက်ခြင်း၊ လိုဘကြီးခြင်းနှင့် ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်ခြင်းတို့ကိုရှောင်ရန် ဘုရားသခင့်လူမျိုးကို တိုက်တွန်းသည်။ ထို့ပြင် သူတစ်ပါးပစ္စည်းခိုးရန်၊ အကျင့်ယိုယွင်းရန် သွေးဆောင်ခံရခြင်းမှ သူတို့ကို ကာကွယ်ပေးခဲ့သည်။ ရုပ်ပစ္စည်းကြွယ်ဝသော ကျွန်ုပ်တို့အားကျနေသူများ သို့မဟုတ် တစ်နည်းနည်းဖြင့် ကျွန်ုပ်တို့ထက် ပိုအောင်မြင်ဟန်ရှိသူများ အမြဲရှိပေမည်။ အဆိုပါအခြေအနေမျိုးတွင် ကျွန်ုပ်တို့၏အတွေးအခေါ်ကို မထိန်းချုပ်ပါက ပျော်ရွှင်မှုပျောက်ဆုံးနိုင်ပြီး အခြားသူများကို မနာလိုဝန်တိုဖြစ်လာနိုင်သည်။ သမ္မာကျမ်းစာက လောဘလွန်ကျူးခြင်းသည် “စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိ” သည့်အခြေအနေကို ဖော်ပြခြင်းဖြစ်သည်ဟုဆို၏။ ကျွန်ုပ်တို့တွင် လောဘလွန်ကျူးသည့်စိတ်မရှိလျှင် မည်မျှကောင်းလိုက်မည်ဖြစ်ခြင်း။—ရောမ ၁:၂၈-၃၀၊ ခေတ်သုံး။
၁၈။ ယနေ့လောကတွင် အဘယ်စိတ်ဓာတ် ပျံ့နှံ့နေပြီး ယင်းက အဘယ်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သနည်း။
၁၈ ယနေ့ လောကတွင် ရုပ်ပစ္စည်းတပ်မက်မှုနှင့် အပြိုင်အဆိုင်စိတ်ဓာတ်ကို အားပေးအားမြှောက်ပြုသည့်စိတ်ထား ပျံ့နှံ့နေ၏။ စီးပွားရေးလုပ်ငန်းများသည် ကြော်ငြာများမှတစ်ဆင့် ကုန်ပစ္စည်းအသစ်များရယူလိုစိတ်ကို နှိုးဆွပေးပြီး ယင်းတို့ကို မရရှိပါက ကျွန်ုပ်တို့ ပျော်ရွှင်မည်မဟုတ်ဟူသော အတွေးအခေါ်ကို ဖြန့်ချိပေးလေ့ရှိသည်။ ယင်းသည် ယေဟောဝါ၏တရားတော် ပြစ်တင်ရှုတ်ချထားသည့်စိတ်ဓာတ် အမှန်ပင်ဖြစ်၏။ ယင်းနှင့်ဆက်စပ်နေသည့် စိတ်ဓာတ်တစ်မျိုးမှာ လောကတွင် မည်သည့်နည်းဖြင့်မဆို ထွန်းပေါက်အောင်မြင်လိုပြီး ဥစ္စာဓနစုဆောင်းလိုသည့်စိတ်ဓာတ်ဖြစ်သည်။ တမန်တော်ပေါလုက ဤသို့သတိပေးခဲ့သည်– “ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။ အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင် ထိုးကြပြီ။”—၁ တိမောသေ ၆:၉၊ ၁၀။
၁၉၊ ၂၀။ (က) ယေဟောဝါ၏တရားတော်ကို နှစ်သက်မြတ်နိုးသူအတွက် အဘယ်အရာများသည် အမှန်အဖိုးထိုက်သနည်း။ (ခ) နောက်ဆောင်းပါး၏ အကြောင်းအရာကား အဘယ်အရာဖြစ်မည်နည်း။
၁၉ ဘုရားသခင့်တရားတော်ကို နှစ်သက်မြတ်နိုးသူတို့သည် ရုပ်ပစ္စည်းတပ်မက်ခြင်း၏ အန္တရာယ်များကိုသိရှိကြပြီး ယင်းမှ ကာကွယ်ခံကြရသည်။ ဥပမာ၊ ဆာလံဆရာက ယေဟောဝါထံ ဤသို့ဆုတောင်းခဲ့၏– “အကျွန်ုပ်စိတ်နှလုံးကို လောဘဘက်သို့မဟုတ် သက်သေခံတော်မူချက် [“သတိပေးနှိုးဆော်ချက်၊” ကဘ] တို့ဘက်သို့ ဆွဲတော်မူပါ။ . . . နှုတ်တော်ထွက်တရားတော်သည် ရွှေငွေ အထောင်အသောင်းထက်မက အကျွန်ုပ်၌သာ၍ကောင်းပါ၏။” (ဆာလံ ၁၁၉:၃၆၊ ၇၂) ဤစကားများ မှန်ကန်ကြောင်း လက်ခံယုံကြည်ခြင်းက ရုပ်ပစ္စည်းတပ်မက်မှု၊ လိုဘကြီးမှုနှင့် ကိုယ့်ဘဝကိုယ်မရောင့်ရဲနိုင်မှုအစရှိသည့် ထောင်ချောက်များကို ရှောင်ကြဉ်နိုင်ရန် လိုအပ်သောဟန်ချက်ညီမှုကို ဆက်ရှိစေပါလိမ့်မည်။ ကြီးစွာသောအကျိုးကျေးဇူးကို ရရှိစေနိုင်သည့်သော့ချက်မှာ ရုပ်ပစ္စည်းများစုဆောင်းခြင်းမဟုတ်ဘဲ ‘ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း’ ဖြစ်ပေသည်။—၁ တိမောသေ ၆:၆။
၂၀ ရှေးဣသရေလလူမျိုးအား ယေဟောဝါပေးခဲ့သည့် ပညတ်တရား၏အခြေခံမူများသည် မောရှေခေတ်တွင် တန်ဖိုးရှိခဲ့သကဲ့သို့ ဤခဲယဉ်းသောကာလတွင်လည်း တန်ဖိုးရှိနေဆဲပင်။ ကျွန်ုပ်တို့၏ဘဝတွင် ယင်းမူများကို တိုး၍ လက်တွေ့ကျင့်သုံးလာသည်နှင့်အမျှ ပို၍သဘောပေါက်လာမည်ဖြစ်ပြီး ယင်းတို့ကို ကျွန်ုပ်တို့ ပို၍မြတ်နိုးလာလေလေ ပို၍ပျော်ရွှင်လေလေဖြစ်မည်။ ပညတ်တရားသည် ကျွန်ုပ်တို့အတွက် အဖိုးထိုက်သင်ခန်းစာများ ဖော်ပြပေးကာ ယင်းတို့သည် ရှင်းလင်းပြတ်သားသည့် သတိပေးနှိုးဆော်ချက်များဖြစ်ကြောင်း ကျမ်းစာဇာတ်ကောင်များ၏ ဘဝတွေ့ ကြုံမှုများက ဖော်ပြသည်။ အဆိုပါဘဝတွေ့ ကြုံမှုအချို့ကို နောက်ဆောင်းပါးတွင် သုံးသပ်ပါမည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 အခန်းငယ် ၁၇၆ ခုရှိ ဤဆာလံကျမ်းတွင် အခန်းငယ် ၄ ခုမှလွဲ၍ ကျန်အခန်းအားလုံးက ယေဟောဝါ၏ပညတ်၊ စီရင်တော်မူချက်၊ တရားတော်၊ ဥပဒေသ၊ အထုံးအဖွဲ့၊ သတိပေးနှိုးဆော်ချက်၊ မိန့်မှာချက်၊ စည်းမျဉ်း၊ နည်းလမ်း သို့မဟုတ် စကားတော် တစ်ခုခုကို ဖော်ပြသည်။
သင်မည်သို့ဖြေဆိုမည်နည်း
• ဆာလံ ၁၁၉ ကိုရေးစပ်သူသည် ယေဟောဝါ၏တရားတော်ကို အဘယ်ကြောင့် မြတ်နိုးခဲ့သနည်း။
• ခရစ်ယာန်များသည် ဥပုသ်နေ့အစီအစဉ်မှ အဘယ်အရာ သင်ယူနိုင်ကြသနည်း။
• ကောက်သင်းကောက်ခြင်းဆိုင်ရာပညတ်သည် အဘယ်နည်းဖြင့် ယနေ့အထိ အရေးပါဆဲဖြစ်သနည်း။
• လောဘလွန်ကျူးခြင်းကို တားမြစ်သည့်ပညတ်က ကျွန်ုပ်တို့ ကို မည်သို့ ကာကွယ်ပေးသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ဥပုသ်ပညတ်က အဘယ်အရာကို အလေးပေးဖော်ပြသနည်း
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကောက်သင်းကောက်ခြင်းဆိုင်ရာ ပညတ်ကကျွန်ုပ်တို့ကို အဘယ်အရာသင်ပေးသနည်း