မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ကိုယ်တော်၏ သတိပေးနှိုးဆော်ချက်တို့သည် အကျွန်ုပ်နှစ်သက်ရာဖြစ်ပါ၏’

‘ကိုယ်တော်၏ သတိပေးနှိုးဆော်ချက်တို့သည် အကျွန်ုပ်နှစ်သက်ရာဖြစ်ပါ၏’

‘ကိုယ်တော်​၏ သတိပေး​နှိုးဆော်ချက်​တို့သည် အကျွန်ုပ်​နှစ်သက်ရာ​ဖြစ်ပါ​၏’

‘ကျမ်းစာ​၌ အထက်​က​ရေးထားသမျှ​သည် ငါ​တို့ကို ဆုံးမ​သွန်သင်​ရန် ရေးထား​သတည်း။’—ရောမ ၁၅:၄

၁။ ယေဟောဝါ​သည် ကျွန်ုပ်​တို့အတွက် သတိပေး​နှိုးဆော်ချက်​များ​ကို မည်သို့​ပြင်ဆင်​ပေး​တော်​မူ​သနည်း၊ ယင်း​တို့ကို ကျွန်ုပ်​တို့ အဘယ်ကြောင့်​လိုအပ်​သနည်း။

ယေဟောဝါ​သည် ဤ​ခဲယဉ်း​ကျပ်တည်း​သည့်​ကာလ​၏ ဖိစီးမှုများ​ကို မိမိလူ​မျိုး​တော် ကိုင်တွယ်​ဖြေရှင်း​နိုင်​စေရန် သတိပေး​နှိုးဆော်ချက်​များ ပြင်ဆင်​ပေး​တော်​မူ​၏။ အဆိုပါ​သတိပေး​နှိုးဆော်ချက်​အချို့​သည် ကိုယ်ပိုင်​ကျမ်းစာ​ဖတ်ရှု​နေစဉ် ပေါ်လာ​ပြီး အချို့​မှာ ခရစ်ယာန်​အစည်းအဝေး​များ​တွင်​ကြား​ရသည့် အချက်အလက်​များ သို့​မဟုတ် မှတ်ချက်များ​အားဖြင့်​ဖြစ်သည်။ ထို​အခါသမယ​များ​တွင် ကျွန်ုပ်​တို့​ဖတ်ရှု​ရာ သို့​မဟုတ် ကြားသိ​ရာ​အများစု​သည် ကျွန်ုပ်​တို့အတွက် အသစ်အဆန်း​မဟုတ်​ချေ။ အလားတူ​အချက်အလက်​များ​ကို ယခင်​က ကျွန်ုပ်​တို့ ဆင်ခြင်​သုံးသပ်​ခဲ့​ကြ​ပြီး​ဖြစ်​ပေမည်။ သို့သော် ကျွန်ုပ်​တို့သည် မေ့လျော့​တတ်ကြ​သူများ​ဖြစ်​ရာ ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​များ၊ တရားတော်​များ၊ လမ်းညွှန်ချက်များ​နှင့်​စပ်လျဉ်း၍ အမြဲမပြတ် သတိပေး​ခံ​နေရ​ဖို့​လို​သည်။ ဘုရားသခင့်​သတိပေး​နှိုးဆော်ချက်​များ​ကို ကျွန်ုပ်​တို့ တန်ဖိုး​ထား​လေးမြတ်​သင့်​၏။ ၎င်းတို့သည် ဘုရားသခင့်​အလိုတော်နှင့်​အညီ အသက်ရှင်​သင့်​သည့်​အကြောင်း​များ​ကို အာရုံပြု​နိုင်​ရန် ကျွန်ုပ်​တို့ကို အားပေး​သည်။ သို့​ဖြစ်၍ ဆာလံဆရာ​က ယေဟောဝါ​ထံ ဤသို့​တေးသီကျူး​ခဲ့​သည်– ‘ကိုယ်တော်​၏ သတိပေး​နှိုးဆော်ချက်​တို့သည် အကျွန်ုပ်​နှစ်သက်ရာ​ဖြစ်ပါ​၏။’—ဆာလံ ၁၁၉:၂၄က​ဘ။

၂၊ ၃။ (က) ယေဟောဝါ​သည် ကျမ်းစာ​ဇာတ်ကောင်​များ​၏ ဘဝ​ဖြစ်ရပ်မှန်​မှတ်တမ်းများ​ကို ကျွန်ုပ်​တို့​ခေတ်​အထိ အဘယ်ကြောင့် ထား​ရှိ​တော်​မူ​သနည်း။ (ခ) ဤ​ဆောင်းပါး​တွင် အဘယ်​ကျမ်းစာ​မှတ်တမ်းများ​ကို ဆွေးနွေး​သုံးသပ်​မည်​နည်း။

သမ္မာကျမ်းစာ​သည် လွန်ခဲ့သော​ရာစုနှစ်​ပေါင်း​များစွာက ရေးသားခဲ့​သည့်​စာအုပ်​ဖြစ်သော်လည်း အလွန်​တန်ခိုး​ပါ​သည်။ (ဟေဗြဲ ၄:၁၂) ယင်းသည် ကျမ်းစာ​ဇာတ်ကောင်​များ​၏ ဘဝ​ဖြစ်ရပ်မှန်များ​ကို ဖော်​ပြပေး​၏။ သမ္မာကျမ်းစာ​ခေတ်​မှ​စ၍ ဓလေ့​ထုံးတမ်းများ​နှင့် ရှုထောင့်​များသည် အပြောင်း​လဲ​ကြီး​ပြောင်းလဲ​ခဲ့​သော်လည်း ကျွန်ုပ်​တို့​ရင်ဆိုင်​ကြ​ရသည့် ပြဿနာ​များ​မှာ ထို​ခေတ်​ကလူ​တို့ ရင်ဆိုင်​ကြုံတွေ့​ခဲ့​ရာ​များနှင့် အများအားဖြင့် တူ​ကြသည်။ သမ္မာကျမ်းစာ​တွင် ကျွန်ုပ်​တို့​အကျိုးအတွက် ဖော်ပြ​ထား​သည့် အဖြစ်အပျက်​များ​မှာ ယေဟောဝါ​ကို ချစ်​မြတ်နိုး​ပြီး ဆိုးဝါး​သည့်​အခြေအနေ​များ​ကြား​မှ ကိုယ်တော်​၏​အမှုတော်ကို သစ္စာရှိ​ရှိ​ထမ်းဆောင်​ခဲ့​ကြ​သူတို့၏ ဖြစ်ရပ်မှန်​ဇာတ်လမ်း​များ​ဖြစ်​ရာ ကျွန်ုပ်​တို့၏​စိတ်နှလုံး​ကို ထိမိ​စေ​သည်။ အချို့​မှတ်တမ်းများ​က​မူ ဘုရားသခင်​မုန်းတီး​တော်​မူ​သည့် အမူအကျင့်ကို ဖော်​ပြပေး​သည်။ ယေဟောဝါ​သည် မိမိလူ​မျိုး​တော်​၏ ဘဝ​ဖြစ်ရပ်မှန် အကောင်းအဆိုး​ဟူ​သမျှ​ကို သတိပေး​နှိုးဆော်ချက်​များ​အဖြစ် ကျမ်းစာ​၌ ထည့်သွင်း​ဖော်ပြ​ထား​တော်​မူ​သည်။ တမန်​တော်​ပေါလု ဤသို့​ရေးသားခဲ့​သည့်​အတိုင်း​ပင်​ဖြစ်၏– ‘ငါ​တို့သည် ကျမ်းစာ​၌​ပါ​သော သည်းခံခြင်း၊ သက်သာခြင်း​အကြောင်း​များ​ကို အမှီပြု၍ မျှော်လင့်​ရသော​အခွင့်​ရှိစေ​ခြင်း​ငှာ ကျမ်းစာ​၌ အထက်​က​ရေးထားသမျှ​သည် ငါ​တို့ကို ဆုံးမ​သွန်သင်​ရန် ရေးထား​သတည်း။’—ရောမ ၁၅:၄

ရှောလု​ကို ဒါဝိဒ်​ဆက်ဆံပုံ၊ အာနနိ​နှင့် ရှဖိရေ​တို့၏​မှတ်တမ်း၊ ပေါတိဖာ​၏​မယား​နှင့် ယောသပ်​ကျင့်ကြံ​ပြုမူပုံ​ဟူသော ကျမ်းစာ​မှတ်တမ်း​သုံးခုကို အာရုံစိုက်​ကြပါစို့။ ယင်း​ဖြစ်ရပ်မှန်​တစ်ခုစီ​က ကျွန်ုပ်​တို့အား အဖိုးတန်​သင်ခန်းစာများ ပေး​သည်။

ဘုရားသခင့်​အစီအစဉ်များ​အပေါ်​သစ္စာ​စောင့်သိ​ခြင်း

၄၊ ၅။ (က) ရှောလုမင်း​နှင့် ဒါဝိဒ်​တို့​စပ်ကြား အဘယ်​အခြေအနေ​ရှိခဲ့​သနည်း။ (ခ) ရှောလု​၏​ရန်ငြိုး​ကို ဒါဝိဒ် မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

ဘုရင်​ရှောလုသည် ယေဟောဝါ​အပေါ် သစ္စာမဲ့​ခဲ့​သဖြင့် ကိုယ်တော်​၏​လူမျိုးအပေါ် မ​အုပ်စိုးထိုက်​တော့​ချေ။ ထို့​ကြောင့် သူ့ကို​ပယ်ရှား​ကာ ဒါဝိဒ်​အား ဣသရေလ​မင်းလောင်း​အဖြစ်​ခန့်အပ်​ရန် ပရောဖက်​ရှမွေလ​ကို ဘုရားသခင်​ညွှန်ကြား​တော်​မူ​ခဲ့​သည်။ စစ်သူရဲ​တစ်ဦး​အနေ​ဖြင့် ဒါဝိဒ်​သည် ထူးခြား​ပြောင်မြောက်​သော​စွမ်းရည်​ကို ဖော်ပြ​ခဲ့​သဖြင့် လူအများ​၏​ချီးမွမ်း​ခြင်း​ကို​ခံရသော​အခါ ရှောလု​က သူ့ကို ပြိုင်ဘက်​တစ်ဦး​အဖြစ် ရှုမြင်​လေ​တော့​သည်။ ရှောလုသည် ဒါဝိဒ်​ကို​သတ်​ရန် အကြိမ်ကြိမ်​ကြိုးစား​ခဲ့​၏။ ယေဟောဝါ​သည် ဒါဝိဒ်​နှင့်အတူ​ရှိသောကြောင့် သူ​အသက်​အန္တရာယ်​ကြုံ​ရ​တိုင်း လွတ်မြောက်​ခဲ့​သည်။—၁ ဓမ္မ​ရာဇဝင် ၁၈:၆-၁၂၊ ၂၅; ၁၉:၁၀၊ ၁၁

ဒါဝိဒ်​သည် နှစ်​အတော်ကြာ ထွက်ပြေး​တိမ်းရှောင်​နေခဲ့ရ​၏။ ဒါဝိဒ်​သည် ရှောလု​ကို​သတ်​ရန် အခွင့်အရေး​ပေါ်လာ​သည့်​အခါ သူ၏​လူတို့က ယေဟောဝါ​သည် ရန်သူကို သူ့​လက်ထဲ​အပ်နှင်း​သည်​ဟု​ဆို​ကာ သတ်​ဖို့​တိုက်တွန်း​ခဲ့​ကြသည်။ သို့သော် ဒါဝိဒ်က ငြင်းဆန်​ခဲ့​၏။ ယေဟောဝါ​အပေါ် သစ္စာ​စောင့်သိ​ခြင်း​နှင့် ဘုရားသခင့်​လူမျိုး၏ ခန့်အပ်​ခံ​ဘုရင်​ဖြစ်သော ရှောလု​၏​ရာထူးကို လေးစားခြင်း​တို့​က သူ့ကို ယင်း​သို့​ငြင်းဆန်​စေ​ခဲ့​သည်။ ယေဟောဝါ​သည် ရှောလု​ကို ဣသရေလ​ဘုရင်​အဖြစ် ခန့်အပ်​တော်​မူ​ခဲ့​သည်မဟုတ်​ပေ​လော။ သို့​ဖြစ်၍ အချိန်တန်လျှင် ရှောလု​ကို ယေဟောဝါ​ဖယ်ရှားပစ်​ပါ​လိမ့်​မည်။ ကြားဝင်​လုပ်ဆောင်ခြင်း​သည် မိမိ၏​အလုပ်​မဟုတ်​ကြောင်း ဒါဝိဒ်​ဆင်ခြင်​ခဲ့​၏။ ဒါဝိဒ်​သည် ရှောလု​၏​ရန်ငြိုး​ပြေစေ​ရန် အတတ်နိုင်ဆုံး ကြိုးစား​လုပ်ဆောင်​ပြီး​နောက် ဤသို့​ကောက်ချက်​ချ​လိုက်​၏– ‘ထာဝရ​ဘုရားသခင်​သည် သူ့ကို ဒဏ်ခတ်​တော်​မူ​မည်။ သို့​မဟုတ် သူ​သေ​ချိန်​ရောက်​လိမ့်​မည်။ သို့​မဟုတ် စစ်တိုက်​ရာ​၌ အသက်ဆုံး​လိမ့်​မည်။ ထာဝရ​ဘုရားသခင်​ခန့်အပ်​ထား​သူကို ငါ​မထိခိုက်​မည်​အကြောင်း ထာဝရ​ဘုရားသခင် ဆီးတား​တော်​မူ​ပါစေ​သော။’—၁ ဓမ္မ​ရာဇဝင် ၂၄:၃-၁၅; ၂၆:၇-၂၀

၆။ ဒါဝိဒ်​နှင့် ရှောလု​တို့၏​ဇာတ်လမ်း​သည် ကျွန်ုပ်​တို့အတွက် စိတ်ဝင်စားစရာ အဘယ်ကြောင့်​ဖြစ်သနည်း။

ဤ​မှတ်တမ်း​တွင် အရေးပါသည့် သင်ခန်းစာ​တစ်ရပ် ပါရှိ​၏။ ခရစ်ယာန်​အသင်းတော်တွင် အဘယ်ကြောင့် ပြဿနာ​အချို့ ပေါ်ပေါက်​ရ​ကြောင်း သင်​တွေးဖူး​ပါသလော။ တစ်ဦး​တစ်ယောက်​၏​အပြုအမူက မ​လျော်​ကန်​ဘဲ ဖြစ်နေ​နိုင်​သည်။ သူ၏​အမူအကျင့်​က အမှား​ကြီး​မဟုတ်သော်လည်း ယင်းကြောင့် သင်​စိတ်​အနှောင့်အယှက်​ဖြစ်နေ​သည်။ သင်​မည်သို့ တုံ့ပြန်​သင့်​သနည်း။ သင်သည် အဆိုပါ​ခရစ်ယာန်​ညီအစ်ကို​၏​အကျိုးကို​လိုလား​ကာ ယေဟောဝါ​အပေါ် သစ္စာစောင့်သိ​လို​သောကြောင့် ပြန်လည်​သင့်မြတ်​လို​သည့် ရည်ရွယ်ချက်​ဖြင့် သူ့ကို ကြင်နာ​စွာ ချဉ်းကပ်​စကားပြော​ရန်  ဆုံးဖြတ်​ပေမည်။  သို့သော် ပြဿနာ​ဆက်​ရှိနေသေး​လျှင်​ကော အသို့နည်း။ အတတ်နိုင်ဆုံး သင်​လုပ်ဆောင်​ပြီး​နောက် ယင်း​ကိစ္စ​ကို ယေဟောဝါ​၏​လက်တော်​၌ အပ်​လို​ပေမည်။ ဒါဝိဒ် ထို​အတိုင်း ပြုခဲ့​သည်။

၇။ ကျွန်ုပ်​တို့သည် မတရားမှု သို့​မဟုတ် စိတ်​စွန်းကွက်​မှု​ကို တွေ့ ကြုံ​ခံစားရ​လျှင် ဒါဝိဒ်​ကို​တုပ​သည့်​အနေ​ဖြင့် မည်သို့​တုံ့ပြန်​သင့်​သနည်း။

လူမှုရေး​မမျှတ​မှု သို့​မဟုတ် ဘာသာရေး​စိတ်​စွန်းကွက်​မှု​ဆိုင်ရာ ပြဿနာ​များ​ကို သင်​ကြုံ​ကောင်း​ကြုံနေ​ရမည်။ ဤ​အချိန်တွင်​လည်း သင်​ဘာမျှ​မတတ်နိုင်​ဘဲ ဖြစ်နေ​မည်။ ယင်း​သို့​သော​အခြေအနေ​ကို ခံရပ်​ဖို့ အလွန်​အခက်တွေ့​နိုင်​သော်လည်း မတရားမှုကို ဒါဝိဒ်​တုံ့ပြန်​ခဲ့​ပုံ​က ကျွန်ုပ်​တို့အား သင်ခန်းစာပေး​ပါ​သည်။ ဒါဝိဒ်​၏​ဆာလံ​သီချင်းများ​မှာ ရှောလု​၏​လက်​မှ ဘုရားသခင်​ကယ်လွှတ်​ပါ​ရန် ထက်သန်​သည့် ဆုတောင်းချက်​များ​ဖြစ်​ရုံ​မျှ​မ​က ယေဟောဝါ​အပေါ် သစ္စာစောင့်သိ​ပြီး ဘုရားသခင့်​နာမတော် ဘုန်း​ထင်ရှားစေ​ရေး​ကို သူ​စိတ်ဝင်စား​ကြောင်း ထိမိ​သည့် ဖော်ပြချက်​လည်း​ဖြစ်သည်။ (ဆာလံ ၁၈:၁-၆၊ ၂၅-၂၇၊ ၃၀-၃၂၊ ၄၈-၅၀; ၅၇:၁-၁၁) ဒါဝိဒ်​သည် ရှောလု​၏​မလို​တ​မာ​ဆက်ဆံမှု​ကို နှစ်ပေါင်း​များစွာ ခံ​ခဲ့​ရ​သော်လည်း ယေဟောဝါ​အပေါ် ဆက်၍​သစ္စာ​စောင့်သိ​ခဲ့​သည်။ ကျွန်ုပ်​တို့​လည်း မတရားမှုများ​ကြုံ​ရ​ပါစေ၊ အခြားသူများ အဘယ်အရာ​ပင် လုပ်ဆောင်နေ​ပါစေ ယေဟောဝါ​နှင့် ကိုယ်တော့်​အဖွဲ့အစည်း​အပေါ် ဆက်၍​သစ္စာရှိ​သင့်​ပေ​သည်။ အခြေအနေ​ကို ယေဟောဝါ​ကောင်းစွာ​သိကြောင်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်​ကြသည်။—ဆာလံ ၈၆:၂

၈။ ယေဟောဝါ​အပေါ် မိမိတို့၏​သစ္စာစောင့်သိမှု စမ်းသပ်ခံ​ရသောအခါ မိုဇမ်ဘစ်​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။

စမ်းသပ်​ရာ​ကာလ​၌ ယေဟောဝါ​ကို သစ္စာရှိ​ရှိ စွဲကပ်​ကြ​သူ​အချို့​တွင် မိုဇမ်ဘစ်​နိုင်ငံ​ရှိ ခရစ်ယာန်​များသည် မျက်မှောက်ခေတ်​ပုံ​နမူနာ​တစ်ရပ်​ဖြစ်သည်။ ၁၉၈၄ ခုနှစ်​တွင် တော်လှန်ရေး​လှုပ်ရှားမှု​အဖွဲ့​တစ်ဖွဲ့​မှ လက်နက်ကိုင်​တပ်သား​များသည် ညီအစ်ကို​များနေ​ထိုင်​ရာ ကျေးရွာ​များ​သို့ ကြိမ်ဖန်​များစွာ ဝင်ရောက်​ကာ လုယက်​သတ်​ဖြတ်၍ နေအိမ်များ​ကို မီးရှို့ ကြသည်။ အဆိုပါ​ခရစ်ယာန်စစ်​များသည် မိမိတို့​ကိုယ်ကို မကာကွယ်​နိုင်​သည့်​အခြေအနေ​၌​ရောက်နေ​ဟန်​ရှိသည်။ အဆိုပါ​ဒေသ​တွင် နေထိုင်သူ​တို့သည် စစ်ရေး​လှုပ်ရှားမှု​တွင်​ပါဝင်​ရန် သို့​မဟုတ် အဆိုပါ​လှုပ်ရှားမှု​ကို တစ်နည်း​နည်းဖြင့် ထောက်ပံ့​ရန် အတင်းအကျပ်​ပြု​ခံ​ခဲ့​ကြ​ရသည်။ ယေဟောဝါသက်သေ​များ​က​မူ အဆိုပါ​လှုပ်ရှားမှု​တွင်​ပါဝင်ခြင်း​သည် မိမိတို့၏ ခရစ်ယာန်​ကြားနေ​ရပ်တည်ချက်​နှင့် မအပ်စပ်​ဟု ယူမှတ်​ခဲ့​ကြ​၏။ မပါဝင်ဖို့ သူတို့​ငြင်းဆန်​ခဲ့​ကြသောအခါ သူတို့ကို ဒေါသ​ထွက်ကြ​သည်။ က​သောင်း က​နင်း​နိုင်​သည့် ထို​ကာလ​တွင်  သက်သေခံ​အ​ယောက် ၃၀ ထက်​မနည်း အသတ်ခံ​လိုက်ရ​သော်လည်း အဆိုပါ​အသက်​အန္တရာယ်​ခြိမ်းခြောက်​မှု​က ဘုရားသခင့်​လူမျိုး၏ သစ္စာစောင့်သိမှုကို မချိုးဖျက်​နိုင်​ခဲ့​ချေ။ * သူတို့သည် ဒါဝိဒ်​နည်းတူ မတရားမှုများ​ကို​ခံရပ်​ခဲ့​ကြ​ရာ နောက်ဆုံး​တွင် အောင်ပွဲ​ဆင်​ခဲ့​ကြ​လေ​သည်။

သတိပေး​ပုံ​နမူနာ​တစ်ရပ်

၉၊ ၁၀။ (က) ကျမ်းစာ​ပုံ​နမူနာ​အချို့​မှ ကျွန်ုပ်​တို့ မည်သို့​အကျိုး​ရယူ​နိုင်​သနည်း။ (ခ) အာနနိ​နှင့် ရှဖိရေ​တို့၏​လုပ်ရပ်​မည်သို့​မှား​သနည်း။

ကျမ်းစာ​ပါ​ပုဂ္ဂိုလ်​အချို့​သည် ရှောင်ကြဉ်​ရမည့် အမူအကျင့်​နှင့်​ပတ်သက်​သည့် သတိပေး​ပုံ​နမူနာ​များ​ကို တင်ပြ​ခဲ့​ကြသည်။ အမှန်​မှာ ကျမ်းစာ​တွင် ဘုရားသခင့်​ကျေးကျွန်​များ​၌​ပင် အမှား​ပြု​၍ ဆိုးကျိုး​ခံစား​လိုက်ရ​သူတို့၏​မှတ်တမ်းများ ပါရှိ​သည်။ (၂ ကောရိန္သု ၁၀:၁၁) ထိုသို့​သော​မှတ်တမ်း​တစ်ခု​မှာ ပထမ​ရာစု​တွင် ယေ​ရုရှ​လင်​မြို့ရှိ ခရစ်ယာန်​အသင်းတော်​သားများ​ဖြစ်​ကြသော အာနနိ​နှင့် ရှဖိရေ​၏​မှတ်တမ်း​ဖြစ်သည်။

၁၀ အေဒီ ၃၃ ပင်တေကုတ္တေပွဲ​ပြီး​နောက်၊ တမန်​တော်​များနှင့်​ပေါင်းသင်း​ရန် ယေရုရှလင်​မြို့တွင် ကျန်ရစ်​ခဲ့​ကြသော ယုံကြည်​ခါ​စ​လူသစ်​များသည် ရုပ်ပိုင်းဆိုင်ရာ​ထောက်မမှု လိုအပ်​လာ​ခဲ့​သည်။ အသင်းတော်​သား​အချို့​သည် မိမိတို့​ပိုင်ဆိုင်ရာ​များ​ကို ရောင်းချခြင်း​ဖြင့် လိုအပ်​နေ​သူ​မှန်သမျှကို ကူညီ​ပေး​ခဲ့​ကြသည်။ (တမန်​တော် ၂:၄၁-၄၅) အာနနိ​နှင့် ရှဖိရေ​လည်း လယ်ကွက်​တစ်​ကွက်​ကို ရောင်းချ​ပြီး ရော​င်း​ရ​ငွေ​မှ အချို့​အဝ​က်​ကို တမန်​တော်​များ​ထံ ယူဆောင်​လာ​ကာ ယင်းသည် သူတို့​ရရှိ​သည့် ရော​င်း​ရ​ငွေ​အားလုံး​ဖြစ်​ကြောင်း​ဆို​လေ​၏။ သူတို့​ပေး​လို​သရွေ့ ပေး​နိုင်​ကြသည်။ သို့သော်လည်း အာနနိ​နှင့် ရှဖိရေ​တို့သည် သဘောထား​မမှန်​သည့်​အပြင် မရိုးမသား​ပြုမူ​ခဲ့​ကြသည်။ သူတို့သည် အထင်ကြီး​ခံ​လို​ပြီး အမှန်တကယ်​လှူ​သည်ထက် ပို​လှူဒါန်း​ပုံဖမ်း​ခဲ့​ကြသည်။ သန့်ရှင်းသော​ဝိညာဉ်​တော်​၏ လှုံ့ဆော်ပေး​မှု​ကြောင့် တမန်​တော်​ပေတရု​သည် သူတို့၏​မရိုးသားမှု​နှင့် အရေခြုံမှု​ကို ဖော်ထုတ်​လိုက်​ရာ သူတို့သည် ယေဟောဝါ​၏​ဒဏ်ခတ်​မှု​ကြောင့် သေဆုံး​သွား​ကြ​၏။—တမန်​တော် ၅:၁-၁၀

၁၁၊ ၁၂။ (က) ရိုးသားခြင်း​နှင့်​ပတ်သက်သော သတိပေး​နှိုးဆော်ချက်​အချို့​ကား အဘယ်နည်း။ (ခ) ရိုးသားခြင်းက အဘယ်​အကျိုးကျေးဇူးများ ရရှိစေ​သနည်း။

၁၁ ကျွန်ုပ်​တို့သည် လူ​အထင်ကြီး​ခံရ​ရန် မရိုးမသား​ပြုမူ​ဖို့ သွေးဆောင်​ခံရ​လျှင် အာနနိ​နှင့် ရှဖိရေ​တို့၏​ဖြစ်ရပ်​က လေးနက်​သည့် သတိပေး​ပုံ​နမူနာ​တစ်ရပ် ဖြစ်ပါစေ။ ကျွန်ုပ်​တို့သည် လူလူချင်းကို လှည့်​စား၍​ရနိုင်​သော်လည်း ယေဟောဝါ​ကို​မူ​ကား လှည့်​စား၍​မရနိုင်​ချေ။ (ဟေဗြဲ ၄:၁၃) မဖြောင့်မတ်​မှုမရှိ​တော့​မည့် ကမ္ဘာ​ပေါ်​တွင် လိမ်လည်​သူများ​အတွက် နေစရာ​ရှိ​မည်​မဟုတ်သောကြောင့် ကျွန်ုပ်​တို့​အချင်းချင်း တစ်ဦး​အပေါ်​တစ်ဦး ရိုးသား​ဖို့ သမ္မာကျမ်းစာ​က ထပ်ခါတလဲ​လဲ တိုက်တွန်း​ပါ​သည်။ (သု. ၁၄:၂; ဗျာ. ၂၁:၈; ၂၂:၁၅) ထိုသို့​ဖြစ်​ရသည့်​အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိထားသင့်​၏။ မုသာ​မှန်သမျှကို အားပေး​အား​မြှောက်​ပြုသူ​မှာ စာတန်​ဖြစ်နေ​သောကြောင့်​ပင်။—ယောဟန် ၈:၄၄

၁၂ ရိုးရိုးသားသား အသက်ရှင်​နေထိုင်ခြင်း​သည် အကျိုးကျေးဇူး​များစွာ ရရှိစေ​သည်။ ယင်း​တို့​မှာ ကြည်လင်​သည့် ကိုယ်ကို​ကိုယ်​သိသောစိတ်​နှင့် အခြား​သူတို့၏ ယုံကြည်​ကိုးစားမှု​ကို ရရှိ​ခြင်း​မှ ခံစားရ​သည့် အားရ​ကျေနပ်မှု​တို့​ဖြစ်သည်။ ကိစ္စရပ်​အတော်များများ​တွင် ခရစ်ယာန်​များသည် ရိုးသား​ကြ​သည့်​အတွက် အလုပ်အကိုင်​ရရှိ​ကြသည် သို့​မဟုတ် အလုပ်​မြဲ​ခဲ့​ကြသည်။ သို့သော် အရေးအပါဆုံး အကျိုးကျေးဇူး​မှာ ရိုးသားခြင်း​သည် အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​နှင့် မိတ်ဆွေ​ဖြစ်ခွင့်​ရခြင်း​ပင်​ဖြစ်သည်။—ဆာလံ ၁၅: ၁၊ ၂

ကိုယ်ကျင့်တရား​စင်ကြယ်​နေခြင်း

၁၃။ ယောသပ် အဘယ်​အခြေအနေ​တွင် ရောက်​ခဲ့​သနည်း၊ သူ​မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

၁၃ ဘိုးဘေး​ယာကုပ်​၏​သား ယောသပ်​သည် အသက် ၁၇ နှစ်အရွယ်​တွင် ကျွန်​အဖြစ်​ရောင်းစား​ခံ​လိုက်ရ​၏။ သူသည် အီဂျစ်​နန်းတွင်း​အရာရှိ ပေါတိဖာ​၏​အိမ်​တွင် နေထိုင်​စဉ် သခင့်​မယား​၏ အာရုံစိုက်မှု​ကို ခံ​နေရ​ကြောင်း တဖြည်းဖြည်း​ရိပ်မိ​လာ​၏။ အဆိုပါ​အမျိုးသမီး​သည် ငယ်ရွယ်​ချောမော​သည့် ယောသပ်​နှင့် လိင်ဆက်ဆံ​လို​သဖြင့် “ငါ​နှင့်အတူ​အိပ်​ပါ” ဟူ၍ ယောသပ်​ကို နေ့စဉ်​ရက်​ဆက် တိုက်တွန်း​သွေးဆောင်​ခဲ့​သည်။ ယောသပ်​သည် မိသားစု​နှင့်​ဝေး​နေပြီး သူ့ကို မည်သူမျှ​မသိ​သည့် တိုင်းပြည်​တွင် ရောက်နေ​သောကြောင့် ဤ​အမျိုးသမီးနှင့် လိင်​ဖောက်ပြန်​လျှင် မည်သူမျှ​သိမည်​မဟုတ်​ချေ။ သို့​တ​စေ ပေါတိဖာ​၏​မယား​က ယောသပ်​ကို ဆွဲ​လား​ရမ်း​လား​လုပ်သော​အခါ သူ​ထွက်ပြေး​ခဲ့​၏။—ကမ္ဘာဦး ၃၇:၂၊ ၁၈-၂၈; ၃၉:၁-၁၂

၁၄၊ ၁၅။ (က) ယောသပ်​၏​ဇာတ်လမ်း​သည် ကျွန်ုပ်​တို့အတွက် အဘယ်ကြောင့် စိတ်ဝင်စားစရာ​ဖြစ်သနည်း။ (ခ) ဘုရားသခင့်​သတိပေး​နှိုးဆော်ချက်​များ​ကို လိုက်နာခြင်း​သည် ခရစ်ယာန်​အမျိုးသမီး​တစ်ဦး​အတွက် အဘယ်ကြောင့် ကျေးဇူး​တင်စရာ​ဖြစ်​ခဲ့​သနည်း။

၁၄ ယောသပ်​သည် ဘုရားသခင်​အား​ကြောက်ရွံ့​သည့် မိသားစုတွင် ကြီးပြင်း​လာ​သူ​ဖြစ်​ရာ အိမ်ထောင်သည်​မဟုတ်​သူများ လိင်ဆက်ဆံခြင်း​သည် မှား​ကြောင်း သူသိ​ရှိ​ထား​၏။ “အပြစ်ကြီး​သော​ဤ​အမှုကို ကျွန်တော်​ပြု​၍ ဘုရားသခင်​ကို အဘယ်​သို့​ပြစ်မှား​နိုင်​သနည်း” ဟူ၍ သူ​မေးခဲ့သည်။ ဧဒင်ဥယျာဉ်​တွင် လူသားများ​အတွက် ဘုရားသခင်​ချမှတ်​ခဲ့​သည့် စံနှုန်း​ဖြစ်သော တစ်​လင်​တစ်​မယား​စနစ်​ကို သူသိ​ရှိ​ထားခြင်း​ကြောင့် ထိုသို့​ဆုံးဖြတ်​နိုင်​ခြင်း​ဖြစ်​ပေမည်။ (ကမ္ဘာဦး ၂:၂၄) ယနေ့ ဘုရားသခင့်​လူမျိုး​သည် ထို​အခြေအနေ​အပေါ် ယောသပ်​တုံ့ပြန်​ပုံ​ကို ဆင်ခြင်​သုံးသပ်ကြ​ခြင်း​ဖြင့် အကျိုး​ရရှိနိုင်​ပါ​သည်။ လိင်ဆက်ဆံမှု​နှင့်​ပတ်သက်​၍ လွတ်လပ်​လွန်း​သည့်​အမြင်​ရှိသော ဒေသ​အချို့​၌ အကျင့်​ယိုယွင်းမှု​တွင်​ပါဝင်​ရန် ငြင်းဆန်​ကြ​သူ လူငယ်​လူရွယ်​များ​ကို ရွယ်တူချင်း​များ​က ပြောင်လှောင်​သရော်​ကြသည်။ အိမ်ထောင်ရေး​ဖောက်ပြန်​ကြ​ခြင်း​မှာလည်း အဆန်း​မဟုတ်​တော့​ချေ။ ထို့​ကြောင့် ယောသပ်​၏​ဖြစ်ရပ်​သည် ကျွန်ုပ်​တို့အတွက် အခန့်သင့်​သတိပေး​နှိုးဆော်ချက်​ဖြစ်၏။ ဘုရားသခင့်​စံနှုန်း​တွင် မတရားမေထုန်​နှင့် သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​တို့သည် အပြစ်​များ​ဖြစ်​နေဆဲ​ပင်။ (ဟေဗြဲ ၁၃:၄) တရား​မဝင်​လိင်ဆက်ဆံ​ရန် ဖိအား​ပေး​မှု​ကို မလွန်ဆန်​နိုင်​ခဲ့​ကြ​သူများစွာ​က ထိုသို့​မပြု​ရန် ခိုင်လုံ​သော​အကြောင်းရင်း​ရှိကြောင်း သဘောတူ​ကြသည်။ မလိုလား​အပ်သော​ဆိုးကျိုး​များ​တွင် အရှက်တကွဲ​ဖြစ်​ခြင်း၊ ကိုယ်ကိုကိုယ်သိစိတ် မကြည်လင်​ခြင်း၊ မနာလို​ဝန်​တို​ခြင်း၊ ကိုယ်ဝန်​ရခြင်း​နှင့် လိင်ဆိုင်ရာ​ကူးစက်​ရောဂါ​များ ပါဝင်​ပေမည်။ သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့အား သတိပေး​ထား​သည့်​အတိုင်း မတရားမေထုန်​ကျူးလွန်​သူ​တစ်ဦး​သည် “မိမိကိုယ်ကို​ပင် ပြစ်မှား” ၏။—၁ ကောရိန္သု ၅:၉-၁၂; ၆:၁၈; သု. ၆:၂၃-၂၉၊ ၃၂

၁၅ ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်သော တစ်ကိုယ်ရေ​ညီအစ်မ ဂျဲ​နီ *တွင် ဘုရားသခင့်​သတိပေး​နှိုးဆော်ချက်​များ​အတွက် ကျေးဇူး​တင်စရာ​အကြောင်း​ရှိ၏။ အလုပ်ခွင်​တွင် ရုပ်ရည်​ချောမော​သော လုပ်ဖော်ဆောင်ဖက်​တစ်ဦး​က သူ့ကို ချစ်​ကြိုက်​ကြောင်း​ပြ​၏။ ဂျဲ​နီ​က မတုံ့ပြန်​သောအခါ သူသည် ချစ်​ကြိုက်​သည့်​အမူအရာ​ကို တိုး၍​ပြ​လာ​သည်။ “ဆန့်ကျင်ဘက်​လိင်​ရှင်​တစ်ယောက်​က ကိုယ့်ကို စိတ်ဝင်စား​တဲ့​အခါ ဂုဏ်ယူ​တတ်ကြ​တဲ့​အတွက် ကိုယ်ကျင့်တရား​စင်ကြယ်​နေဖို့ ကျွန်မ အတော်​ကို​ကြိုးစား​အားထုတ်​ခဲ့​ရတယ်” ဟု သူ​ဝန်ခံ​သည်။ သို့သော် အဆိုပါ​အမျိုးသား​သည် သူနှင့်​လိင်ဆက်ဆံ​ခဲ့​သည့် အမျိုးသမီးများ​စာရင်း​တွင် မိမိကို​ထည့်သွင်း​ဖို့ ကြိုးစား​နေခြင်း​သာ​ဖြစ်​ကြောင်း ဂျဲ​နီ​သိရှိ​သွား​သည်။ မတွန်းလှန်​နိုင်​တော့​ဟု သူ​ခံစားရ​သည့်​အခါ ယေဟောဝါ​အပေါ် သစ္စာ​စောင့်သိ​ဖို့ ကူညီ​ပေး​ပါ​ရန် အသနားခံ​ခဲ့​၏။ သမ္မာကျမ်းစာ​နှင့် ခရစ်ယာန်​စာပေ​များ​တွင် ရှာဖွေ​လေ့လာ​သည့်​အခါ သူသိ​ရှိခဲ့​ရာ​များသည် သတိ​နှင့်​နေ​ရန် လှုံ့ဆော်ပေး​သည့် သတိပေး​ချက်​များနှင့်​တူ​ကြောင်း ဂျဲ​နီ​တွေ့ရှိ​ခဲ့​သည်။ အဆိုပါ​သတိပေး​ချက်​များ​အနက်​တစ်ခု​မှာ ယောသပ်​နှင့် ပေါတိဖာ​မယား​၏​ဇာတ်လမ်း​ဖြစ်သည်။ “ယေဟောဝါ​ကို ကျွန်မ​ဘယ်လောက်​ချစ်​ကြောင်း ကိုယ့်​ကိုယ်ကို သတိပေး​နေသရွေ့ ဒီ​မကောင်းမှု​ကြီး​ကို ကျူးလွန်​ပြီး ကိုယ်တော့်​ကို ပြစ်မှား​မိ​မှာ​ကို စိုးရိမ်​စ​ရာ​မလိုဘူး” ဟု သူက​ဆို​သည်။

ဘုရားသခင့်​သတိပေး​နှိုးဆော်ချက်​များ​ကို လိုက်နာ​လော့

၁၆။ သမ္မာ​ကျမ်းစာ​ပါ​ပုဂ္ဂိုလ်​များ​၏ ဘဝ​အသက်တာ​များ​အကြောင်း ပြန်လည်​သုံးသပ်​ပြီး စဉ်းစား​ဆင်ခြင်ခြင်း​မှ ကျွန်ုပ်​တို့ မည်သို့​အကျိုး​ရနိုင်​ကြ​သနည်း။

၁၆ ယေဟောဝါ​သည် သမ္မာကျမ်းစာ​တွင် ကျွန်ုပ်​တို့အတွက် မှတ်တမ်း​အချို့ ထား​ရှိ​ပေး​ရသည့်​အကြောင်းရင်းကို သိ​နားလည်​ရန်​ကြိုးစား​ခြင်း​ဖြင့် ကိုယ်တော်​၏​စံနှုန်း​များ​ကို ကျွန်ုပ်​တို့အားလုံး တိုး၍​တန်ဖိုး​ထား​လေးမြတ်​နိုင်​ကြ​ပါ​သည်။ ယင်း​တို့​က အဘယ်အရာ သွန်သင်ပေး​သနည်း။ ကျမ်းစာ​ဇာတ်ကောင်​များ​၏ အဘယ်​အရည်အသွေးများ သို့​မဟုတ် အဘယ်​သဘောထားများကို ကျွန်ုပ်​တို့​တုပ​ဖို့ သို့​မဟုတ် ရှောင်ကြဉ်​ဖို့​လို​သနည်း။ သမ္မာကျမ်းစာ​တွင် ရာ​နှင့်​ချီ​သော​ပုဂ္ဂိုလ်​တို့၏​အကြောင်းကို ဖော်​ပြပေး​ထား​သည်။ ဘုရားသခင့်​သွန်သင်ချက်​ကို နှစ်သက်​မြတ်နိုးသူ​အားလုံး​သည် ယေဟောဝါ အသေအချာ ထိန်းသိမ်း​ပေး​ထား​တော်​မူ​သည့် ပုံ​နမူနာ​များ​မှ ရရှိနိုင်သော သင်ခန်းစာများ​အပါအဝင် အသက်ပေး​ဉာဏ်ပညာ​ကို တောင့်တ​သည့်​စိတ် မွေးမြူခြင်း​မှ အကျိုး​ရရှိနိုင်​ကြ​ပါ​သည်။ ကျွန်ုပ်​တို့ သင်ခန်းစာ​တစ်ခုခု​ယူ​နိုင်​သည့် ယင်း​သို့​သော​ပုဂ္ဂိုလ်​တို့၏ ဇာတ်လမ်း​များ​ကို ဤ​မဂ္ဂဇင်း​တွင် မကြာခဏ ဖော်​ပြပေး​သည်။ အဆိုပါ​ဆောင်းပါး​များ​ကို အချိန်​ယူ၍ ပြန်လည်​သုံးသပ်ကြည့်​ပါ​လေ။

၁၇။ ယေဟောဝါ​၏​သတိပေး​နှိုးဆော်ချက်​များ​ကို သင်​မည်သို့​သဘောထား​သနည်း၊ အဘယ်ကြောင့်​နည်း။

၁၇ ယေဟောဝါ​၏​အလိုတော်​ဆောင်ရန် အားထုတ်​ကြ​သူတို့ကို မေတ္တာပါ​စွာ ကိုယ်တော်​စိတ်ဝင်စား​တော်​မူ​သည့်​အတွက် ကျွန်ုပ်​တို့ အလွန်​ကျေးဇူး​တင်​နိုင်​ကြသည်။ ကျမ်းစာ​ပါ အမျိုးသား၊ အမျိုးသမီးများ​သည် စုံလင်​သူများ​မဟုတ်သကဲ့သို့ ကျွန်ုပ်​တို့​လည်း မစုံလင်​ကြ​ချေ။ သို့ရာတွင် သူတို့၏​လုပ်ရပ်များ​အကြောင်း မှတ်တမ်းတင်​ထားခြင်း​က ကျွန်ုပ်​တို့အတွက် အလွန်​တန်ဖိုး​ရှိသည်။ ယေဟောဝါ​၏ သတိပေး​နှိုးဆော်ချက်​များ​ကို လိုက်နာခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် ကြီး​လေး​သော​အမှား​များ​မပြုမိ​ရန် ရှောင်ကြဉ်​နိုင်​ကြသည်။ ဖြောင့်မတ်ခြင်း​တရား​အတိုင်း လိုက်လျှောက်​ခဲ့​ကြ​သူတို့၏ ပုံ​နမူနာ​ကောင်း​များ​ကိုလည်း ကျွန်ုပ်​တို့ အတုယူ​နိုင်​ကြသည်။ ထိုသို့​ပြု​ကြ​မည်​ဆိုလျှင် ဆာလံဆရာ​နည်းတူ ဤသို့​ကျူးဧ​နိုင်​ကြ​ပါ​လိမ့်​မည်– ‘ယေဟောဝါ​၏ သတိပေး​နှိုးဆော်ချက်​တို့ကို​စောင့်​၍ ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သော​သူတို့သည် ပျော်ရွှင်​ကြ​၏။ . . . ကိုယ်တော်​၏​သတိပေး​နှိုးဆော်ချက်​တို့ကို အကျွန်ုပ်​ဝိညာဉ်​သည် စောင့်ပါ​၏။ အလွန်​နှစ်သက်ပါ​၏။’—ဆာလံ ၁၁၉:၂၊ ၁၆၇က​ဘ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 15 နာမည်​ပြောင်း​ထား​သည်။

သင်​မည်သို့ဖြေဆို​မည်​နည်း

• ရှောလု​အပေါ်​ထား​ရှိသည့် ဒါဝိဒ်​၏​စိတ်သဘော​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

• အာနနိ​နှင့် ရှဖိရေ​တို့၏​မှတ်တမ်းက ကျွန်ုပ်​တို့ကို​အဘယ်အရာ​သင်ပေး​သနည်း။

• ယောသပ်​၏ ဖြစ်ရပ်မှန်​ဇာတ်လမ်း​သည် မျက်မှောက်ခေတ်​အတွက် အဘယ်ကြောင့် အထူး​စိတ်ဝင်စားစရာ​ဖြစ်သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

နာမည်​ပြောင်း​ထား​သည်။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ရှောလု​ကို​သတ်​ရန် ဒါဝိဒ်​အဘယ်ကြောင့် ငြင်းဆို​သနည်း

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

အာနနိ​နှင့် ရှဖိရေ​တို့ ၏​မှတ်တမ်း​မှ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာ​ရသနည်း

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ယောသပ်​သည် လိင်​ဖောက်ပြားမှု​ကို အဘယ်ကြောင့် ငြင်းဆန်​နိုင်​ခဲ့​သနည်း