မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ယေရှု​က နိကောဒင်​အား “ကောင်းကင်ဘုံ​က​ဆင်းသက် . . . သော လူသား​မှတစ်ပါး အဘယ်သူမျှ ကောင်းကင်ဘုံ​သို့ မ​တက်​ပြီ” ဟု​မိန့်ဆို​ရာ​တွင် အဘယ်အရာကို ဆိုလို​သနည်း။—ယောဟန် ၃:၁၃

ထို​စဉ်​က ယေရှုသည် မြေကြီးပေါ်​ရှိနေပြီး ကောင်းကင်​သို့ ပြန်၍​မ​တက်ကြွ​သေး​ပေ။ သို့ရာတွင် ယေရှု​အကြောင်း ကျွန်ုပ်​တို့ သိရှိ​ထား​ရာ​နှင့် ကိုယ်တော့်​စကား​၏ ရှေ့နောက်​အဆက်အစပ်​များ​က ဆိုလိုရင်း​ကို သဘောပေါက်​စေနိုင်​သည်။

ယင်း​မတိုင်မီ​က ယေရှုသည် ဝိညာဉ်ဘုံ​တွင် ခမည်းတော်​နှင့်အတူ နေထိုင်ခဲ့​သည်၊ သို့သော် ဘုရားသခင်​သည် သတ်မှတ်​ထားချိန်​တွင် သားတော်​၏​အသက်ကို မာရိ​၏​သား​အိမ်ထဲ ပြောင်းရွှေ့​ပေး​ကာ လူသား​တစ်ဦး​အဖြစ် မွေးဖွား​လာ​စေခြင်း​ဖြင့် ယေရှုသည် “ကောင်းကင်ဘုံ​က ဆင်းသက်” တော်​မူ​၏။ (လုကာ ၁:၃၀-၃၅; ဂလာတိ ၄:၄၊ ၅; ဟေဗြဲ ၂:၉၊ ၁၄၊ ၁၅၊ ၁၇) သေဆုံး​ပြီး​နောက် ယေရှုသည် ဝိညာဉ်​သား​တစ်ဦး​အဖြစ် ရှင်ပြန်ထမြောက်​မည်​ဖြစ်​ကာ ယေဟောဝါ​ထံ​တော်​သို့ ပြန်ရောက်​ရှိသွား​ပေမည်။ ထို့​ကြောင့် ယေရှု​အသတ်မခံရမီ​လေး​တွင် ဤသို့​ဆုတောင်း​နိုင်​ခဲ့​ခြင်း​ဖြစ်၏– “အို​အဘ၊ ဤ​ကမ္ဘာ​မတည်မရှိ​မီ အထံတော်​၌ အကျွန်ုပ်​ခံစား​သော​ဘုန်း​အသရေ​နှင့် . . . အကျွန်ုပ်​ကို အထံတော်​၌ ချီးမြှောက်​တော်​မူ​ပါ။”—ယောဟန် ၁၇:၅; ရောမ ၆:၄၊ ၉; ဟေဗြဲ ၉:၂၄; ၁ ပေတရု ၃:၁၈

ဣသရေလ​နိုင်ငံ​တွင် ဖာရိရှဲ​နှင့် ဆရာ​တစ်ဦး​ဖြစ်သူ နိကောဒင်ကို ယေရှု​စကားပြော​ဆို​ချိန်​၌ ကိုယ်တော်​သည် ကောင်းကင်​သို့ ပြန်​မ​တက်ကြွ​သေး​ချေ။ သေဆုံး​၍ ကောင်းကင်​ဝိညာဉ်ဘုံ​သို့ တက်​သွားသော မည်သည့်​လူသား​မျှ မရှိ​သေး​ပါ။ နှစ်ခြင်း​ဆရာ​ယောဟန်​သည် ဘုရားသခင်​၏ ပြိုင်ဘက်​ကင်း​သော ပရောဖက်​တစ်ပါး​ဖြစ်သော်လည်း “ကောင်းကင်​နိုင်ငံတော်​တွင် အငယ်ဆုံး​သော​သူသည် ထို​သူ​ထက် သာ၍​ကြီးမြတ်​၏” ဟု​ယေရှု​ကိုယ်တိုင် မိန့်ဆိုခဲ့သည်။ (မဿဲ ၁၁:၁၁) ထို့​ပြင် သစ္စာ​ရှိသော​ဘုရင် ဒါဝိဒ်​ပင် သေဆုံး​ပြီး​နောက် သင်္ချိုင်း​တွင်​ရှိနေဆဲ​ဖြစ်​ကြောင်း၊ သူသည် ကောင်းကင်​သို့​မ​တက်​ကြောင်း တမန်​တော်​ပေတရု ရှင်းပြ​ခဲ့​၏။ (တမန်​တော် ၂:၂၉၊ ၃၄သမ္မာ) ယေရှု​မတိုင်မီ​သေဆုံး​ခဲ့​ကြသော ဒါဝိဒ်၊ နှစ်ခြင်း​ဆရာ​ယောဟန်​နှင့် သစ္စာရှိ​အမျိုးသား​တို့သည် ကောင်းကင်​သို့​မ​တက်​ရသည့် အကြောင်းရင်း​ရှိ၏။ ယေရှုသည် လူ​တို့အား ကောင်းကင်​အသက်တာ​သို့ ရှင်ပြန်ထမြောက်​စေနိုင်​သည့်​အခွင့်အလမ်း မ​ဖွင့်ပေး​မီ သူတို့​သေဆုံး​ခဲ့​ကြသည်။ ယေရှုသည် ရှေ့ဆောင်​၍​ဝင်​သော​သူ​ဖြစ်​ကာ ကောင်းကင်​သို့​ရောက်​နိုင်​မည့် “အသက်​လမ်းသစ်​တွင် . . . ဝင်​ရသော​အခွင့်” ကို ဖွင့်​တော်​မူ​သည်​ဟု တမန်​တော်​ပေါလု​ရေးခဲ့​သည်။—ဟေဗြဲ ၆:၁၉၊ ၂၀; ၉:၂၄; ၁၀:၁၉၊ ၂၀

ယေရှုသည် သေဆုံး​ခြင်း၊ ရှင်ပြန်ထမြောက်ခြင်း မရှိ​သေး​သောကြောင့် နိကောဒင်​အား “ကောင်းကင်ဘုံ​က​ဆင်းသက် . . . သော လူသား​မှတစ်ပါး အဘယ်သူမျှ ကောင်းကင်ဘုံ​သို့ မ​တက်​ပြီ” ဟု မိန့်ဆို​ရာ​တွင် အဘယ်အရာကို ဆိုလို​နေသနည်း။ (ယောဟန် ၃:၁၃) နိကောဒင်​နှင့် ယေရှု​ဆွေးနွေး​နေသည့် အကြောင်းအရာကို သုံးသပ်ကြည့်​ပါ။

ထို​ဂျူး​အရာရှိ​သည် ည​အချိန်တွင် ယေရှု​ထံ​ရောက်လာသော​အခါ ကိုယ်တော်​က “ဒုတိယ​မွေးခြင်း​ကို မခံ​သော​သူ​မည်​သည်​ကား ဘုရားသခင်​၏​နိုင်ငံတော်​ကို မမြင်​ရ​ဟု ငါ​အမှန်အကန်​ဆို​သည်” ဟု​မိ​န့် ဆို​လေ​၏။ (ယောဟန် ၃:၃) ထို​အခါ နိကောဒင်​က ‘ဒါ​ဘယ်လို​ဖြစ်​နိုင်​မှာ​လဲ။ လူတစ်ယောက်က ဘယ်လို​လုပ်ပြီး ဒုတိယ​အကြိမ် ပြန်​မွေးဖွား​နိုင်​မှာ​လဲ’ ဟု​တုံ့ ပြန်​ခဲ့​သည်။ ဘုရားသခင့်​နိုင်ငံတော်​သို့ ဝင်ရောက်ခြင်း​နှင့်​ပတ်သက်​သည့် မြင့်မြတ်​သော​ထို​သွန်သင်ချက်​ကို သူ​သဘောမပေါက်​ခဲ့​ချေ။ သို့​ဆိုလျှင် ယင်း​အကြောင်းကို သူ​သင်ယူ​နိုင်​မည့် နည်းလမ်း​ရှိသလော။ ရှိပါ​သည်၊ သို့သော် လူ့​ရှုထောင့်​မှ မဟုတ်ပေ၊ အကြောင်း​မှာ အဘယ်​လူသား​မျှ ကောင်းကင်​သို့ မ​တက်​ရ​သေး​သောကြောင့် ဘုရားသခင့်​နိုင်ငံတော်​သို့ ဝင်ရောက်ခြင်း​နှင့်​စပ်လျဉ်း၍ လူ​တို့ အဘယ်အရာမျှ သွန်သင်၊ ရှင်းပြ​နိုင်​မည် မဟုတ်ပေ။ ယေရှု​တစ်ပါး​တည်း​သာ ရှင်း​ပြပေး​နိုင်​သည်။ ကိုယ်တော်​သည် ကောင်းကင်​မှ​ဆင်းသက်လာ​သူ​ဖြစ်၍ ယင်း​အကြောင်းကို သွန်သင်​နိုင်​သည့် အရည်အချင်း​ပြည့်မီ​သောကြောင့် နိကောဒင်​နှင့် အခြား​သူတို့ကို သင်ကြား​ပေး​နိုင်​ခဲ့​ခြင်း​ဖြစ်၏။

သို့​ဖြစ်၍ အထက်ပါ​ကျမ်းချက်​မှ​ပေါ်လာ​သော မေးခွန်း​က သမ္မာကျမ်းစာ​လေ့လာခြင်း​နှင့်​စပ်လျဉ်း၍ တန်ဖိုး​ရှိသော​အချက်​တစ်ချက်​ကို ဖော်ပြ​သည်။ ကျမ်း​တစ်​ပိုဒ်​သည် နားလည်​ရ​ခက်ခဲ​ဟန်​ရှိသောကြောင့် စိတ်​အနှောင့်အယှက်​မဖြစ်​သင့်​ပေ။ ကျမ်းချက်​တစ်ချက်​၏​အဆိုကို သဘောပေါက်​ရန် ထို​ကျမ်းချက်​ကို အခြား​ကျမ်းပိုဒ်​များနှင့် တိုက်၍​စစ်ဆေး​ရမည်။ သဘောချင်း​ကိုက်ညီ​နေရ​မည်။ ထို့​ပြင် နောက်ခံ​အခြေအနေ သို့​မဟုတ် ဆွေးနွေး​သည့်​အကြောင်းအရာက နားလည်​ရ​ခက်​သည့်​ကျမ်းချက်​၏ အကျိုးသင့်အကြောင်းသင့်​ဖြစ်သော၊ ဆင်ခြင်တုံ​တရား​နှင့်​ညီသော အဓိပ္ပာယ်​ကို ရရှိရန် ထောက်ကူ​လေ့​ရှိသည်။