မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ထိုစပျစ်နွယ်ပင်ကို အကြည့်အရှုကြွလာတော်မူပါ”

“ထိုစပျစ်နွယ်ပင်ကို အကြည့်အရှုကြွလာတော်မူပါ”

“ထို​စပျစ်​နွယ်ပင်​ကို အကြည့်​အ​ရှု​ကြွလာ​တော်​မူ​ပါ”

သူလျှို ၁၂ ဦး​သည် ကတိထားရာပြည်​၏ နယ်မြေ​များ​ကို သွားရောက်​စူးစမ်း​ခဲ့​ကြသည်။ ထို​ပြည်သား​များ​အကြောင်း စုံစမ်း​ရန်​နှင့် ပြည်​ထွက်ကုန်​အချို့​ကို​ပါ ယူ​ခဲ့​ရန် သူတို့ကို မောရှေ မှာကြား​သည်။ အထူးသဖြင့် အဘယ်​ထွက်ကုန်​က သူတို့​စိတ်အာရုံ​ကို ဖမ်းစား​ခဲ့​သနည်း။ ဟေဗြုန်​မြို့​နှင့်​မ​နီး​မ​ဝေး​အရပ်​တွင် စပျစ်​သီး​အ​လုံး​ကြီး​များ​သီး​နေသော စပျစ်​ခြံ​တစ်ခြံ​ကို သူတို့​တွေ့ခဲ့​ကြသည်။ စပျစ်​ခိုင်​တစ်​ခိုင်​ကို သူလျှို​နှစ်ဦး​ထမ်း​ရသည့်​အထိ​ပင်​ဖြစ်သည်။ သူလျှို​များသည် အလွန်​သဘောကျ​သွား​ရာ ထို​ဖြစ်ထွန်း​သော​နေရာကို “ဧ​ရှ​ကော​လ​ချိုင့်” သို့​မဟုတ် “စပျစ်​သီး​ပြွတ်” ဟု​အမည်ပေး​ခဲ့​သည်။—တောလည်ရာ ၁၃:၂၁-၂၄

၁၉ ရာစု​အတွင်း ပါလက်စတိုင်း​သို့ လည်ပတ်​ခဲ့​သူ​တစ်ဦး ဤသို့​ဖော်ပြ​သည်– “ဧ​ရှ​ကော​လ သို့​မဟုတ် စပျစ်​သီး​ချိုင့်​သည် . . . ယနေ့​တိုင် စပျစ်​နွယ်ပင်​များ​ဖြင့် ဖုံးလွှမ်း​နေပြီး စပျစ်​သီး​များ​မှာလည်း ပါလက်စတိုင်း​တွင် အကောင်းဆုံး​နှင့် အကြီးဆုံး​ဖြစ်သည်။” ဧ​ရှ​ကော​လ​မှ စပျစ်​သီး​များသည် အကောင်းဆုံး​ဖြစ်သော်လည်း ကျမ်းစာ​ခေတ်​ရှိ ပါလက်စတိုင်း​၏ ဒေသ​အများစု​တွင်​လည်း စပျစ်​သီး​ကောင်း​များ ထွက်​ရှိသည်။ အီဂျစ်​မှတ်တမ်းများ​အရ ဖာရော​ဘုရင်​များသည် ခါ​နာ​န်​ပြည်​မှ ဝိုင်​များ​ကို တင်သွင်း​ကြသည်။

သမ္မာကျမ်းစာ​၏ သဘာဝ​သမိုင်း​စာအုပ်​က “[ပါလက်စတိုင်း] ၏ ကျောက်​ထူထပ်​သော တောင်တန်း​များ​တွင် ကျောက်​အနည်းငယ်​နှင့်​သဲ ရော​နေသော​မြေ​ဆီ​ရှိ​ခြင်း၊ နေ​ရောင်ခြည် တိုက်ရိုက်​ရရှိ​ခြင်း၊ နွေ​ရာသီ အပူချိန်​နှင့် ဆောင်း​မိုး​များ လျင်မြန်​စွာ​စီးဆင်း​သွားခြင်း​တို့​ကြောင့် စပျစ်​ပင်​စိုက်​ပျိုး​ရန် အကောင်းဆုံး​ဒေသ​ဖြစ်သည်” ဟု​ဖော်ပြ​သည်။ ဟေရှာယ​က မြေဆီလွှာ​ကောင်းသော အချို့​ဒေသ​များ​တွင် စပျစ်​နွယ်ပင်​တစ်ထောင်​အထိ​ရှိကြောင်း ဖော်ပြ​ထား​သည်။—ဟေရှာယ ၇:၂၃

‘စပျစ်​ပင်​နှင့်​ပြည့်စုံသော​ပြည်’

ဣသရေလ​လူမျိုး​သည် “စပျစ်​ပင်၊ သင်္ဘောသဖန်း​ပင်၊ သလဲ​ပင်​နှင့်​ပြည့်စုံသော​ပြည်” ကို အမွေခံ​ရမည်​ဖြစ်​ကြောင်း မောရှေ​ပြော​ခဲ့​သည်။ (တရားဟောရာ ၈:၈) သမ္မာကျမ်းစာ​အပင်များ​ဆိုင်ရာ ဘေ​ကာ​စွယ်စုံ​ကျမ်း​အရ “ပြန်လည်​တူးဖော်​ခဲ့​သော မြေနေရာ​အများစု​တွင် စပျစ်​စေ့​များ​ကို တွေ့ရှိ​ခဲ့​သည့်​အထိ ရှေးခေတ်​ပါလက်စတိုင်း​တွင် စပျစ်​ပင် အလွန်​ပေါများ​သည်။” ကတိထားရာပြည်​မှ စပျစ်​ပင်​များသည် အလွန်​ဖြစ်ထွန်း​ရာ နေဗုခဒ်နေဇာ​၏​တပ်​များ ယုဒပြည်​ကို​ဖျက်ဆီး​သည့် ဘီစီ ၆၀၇ ခုနှစ်​အတွင်း​၌​ပင် ထို​ပြည်​တွင် ကျန်​ခဲ့​သူများ​သည် “များစွာသော​စပျစ်​ရည်​နှင့် နွေ​ကာလ​အသီးကို” သိမ်းယူ​ခဲ့​ကြသည်။—ယေရမိ ၄၀:၁၂; ၅၂:၁၆

ဣသရေလ​ဥယျာဉ်ရှင်​များသည် ဝိုင်​များစွာ​ထုတ်လုပ်​နိုင်​ရန် သူတို့၏​စပျစ်​ခြံ​များ​ကို ကောင်းစွာ​ဂရုစိုက်​စောင့်ရှောက်​ကြသည်။ ဟေရှာယကျမ်း​စောင်​တွင် ဣသရေလ​ဥယျာဉ်စောင့်​တစ်ဦး​သည် “အကောင်းဆုံး​သော​စပျစ်​နွယ်ပင်​တို့ကို” မစိုက်​မီ တောင်စောင်း​ရှိ​မြေ​နေရာကို ထွန်ယက်​ပုံ​နှင့် ကျောက်ခဲ​များ​ရှင်းလင်းပုံ​တို့ကို ဖော်ပြ​ထား​သည်။ ထို့နောက် သူသည် တူးထုတ်​လိုက်​သော​ကျောက်တုံး​များ​ဖြင့် ကျောက်​တံတိုင်း​တစ်ခု ဆောက်​ပေမည်။ ယင်း​တံတိုင်း​သည် စပျစ်​ခြံ​အတွင်း​ကျွဲ​နွား​အုပ်​များ ဝင်ရောက်​ဖျက်ဆီးခြင်း​အပြင် မြေခွေး​များ၊ တော​ဝက်​များနှင့် သူခိုး​များ​၏​ရန်​မှ​လည်း အကာအကွယ်​ဖြစ်စေ​မည်။ သူသည် စပျစ်​သီး​နယ်ရာကျင်း​တစ်ခု​တူးပြီး စပျစ်​ပင်​များ အထူး​အကာအကွယ်​လိုအပ်​သည့် စပျစ်​သီး​ဆွတ်ခူး​ချိန်​အတွင်း နား​နေနိုင်​သည့် အေးမြ​သော​နားနေဆောင်​အဖြစ် လင့်​စင်​ငယ်​တစ်ခု​ကိုလည်း ဆောက်​ခဲ့​ပေမည်။ ယင်း​တို့အားလုံး​ပြုလုပ်​ပြီး​နောက် အကောင်းဆုံး စပျစ်​သီး​များ​ကို ဆွတ်ခူး​ရန် သူ​မျှော်လင့်​ပေမည်။—ဟေရှာယ ၅:၁၊ ၂ *

စပျစ်​သီး​အထွက်တိုး​ရန် ဥယျာဉ်ရှင်​များသည် စပျစ်​ပင်ကို မှန်မှန်​ကိုင်း​ဖြတ်​ပေး​ပြီး ပေါင်း​သင်ပေး​ကာ မြေ​ဆွပေး​သည်။ နွေဦး​မိုး​ကြောင့် စိုစွတ်​မှု​အလုံအလောက်​မရရှိ​ပါ​က နွေ​ကာလ​အတွင်း စပျစ်​ခြံ​ကို ရေလောင်း​ပေး​မည်။—ဟေရှာယ ၅:၆; ၁၈:၅;  ၂၇:၂-၄

စပျစ်​သီး​ဆွတ်ခူး​ချိန်​ဖြစ်သည့် နွေ​ရာသီ​အကုန်ပိုင်း​သည် အလွန်​ပျော်ရွှင်ဖွယ်​အခါသမယ​ပင်။ (ဟေရှာယ ၁၆:၁၀) ထို့​ကြောင့် ဆာလံကျမ်း​အခန်းကြီး​သုံးခု​တွင် “ဂိတ္တစ်” ဟူသော​စကားစု​ပါ​သည့် ခေါင်းစီး​ကို​တွေ့ရ​သည်။ (ဆာလံ ၈; ဆာလံ ၈၁ နှင့် ဆာလံ ၈၄က​ဘ) အဓိပ္ပာယ်​အသေအချာ​မသိ​ရသော အဆိုပါ​ဂီတ​အသုံးအနှုန်း​ကို စက်ပ်တွားဂျင့်​ကျမ်း​တွင် “စပျစ်​သီး​နယ်ရာကျင်း​များ” ဟု​ပြန်ဆို​ထားပြီး ဣသရေလလူ​များသည် စပျစ်​သီး​ဆွတ်ခူး​ချိန်​တွင် ဤ​ဆာလံ​သီချင်းများ​ကို သီဆို​ခဲ့​ဖွယ်​ရှိကြောင်း ယင်းက ဖော်ပြ​သည်။ စပျစ်​သီး​များ​ကို အဓိက​အားဖြင့် ဝိုင်​လုပ်ရန်​ဖြစ်သော်လည်း ဣသရေလလူ​များသည် လတ်ဆတ်​သော​စပျစ်​သီး​များ​ကို​စား​ကြ​သည့်​အပြင် အခြောက်လှန်း​ကာ မုန့်​အဖြစ်​လည်း လုပ်​စား​ခဲ့​ကြ​ပေမည်။—၁ ဓမ္မ​ရာဇဝင် ၂၅:၁၈; ၂ ဓမ္မ​ရာဇဝင် ၁၆:၁

ဣသရေလ စပျစ်​နွယ်ပင်

သမ္မာကျမ်းစာ​တွင် ဘုရားသခင့်​လူမျိုးတော်ကို စပျစ်​နွယ်ပင်​အဖြစ် မကြာခဏ​ဖော်ပြ​ပြီး ဣသရေလ​လူမျိုး​အတွက် စပျစ်​ပင်​၏ အရေးပါပုံကို​ထောက်​လျှင် ယင်းသည် သင့်တော်​သော ဥပစာ​ဖြစ်သည်။ ဆာလံကျမ်း အခန်းကြီး ၈၀ တွင် အာသ​သည် ဣသရေလ​လူမျိုး​ကို ခါ​နာ​န်​ပြည်​တွင် ယေဟောဝါ​စိုက်​ပျိုး​ခဲ့​သော စပျစ်​ပင်​အဖြစ် ပုံခိုင်း​ခဲ့​သည်။ စပျစ်​ပင်​ဖြစ်သည့် ဣသရေလလူ​များသည် ထို​ပြည်​တွင် အမြစ်တွယ်​ပြီး ကြီးထွား​လာနိုင်​ရန် မြေ​ကို​ရှင်းလင်း​ခဲ့​သည်။ သို့သော် နှစ်များ​ကုန်လွန်​သွား​သည်​နှင့် ယင်း​၏ အကာအကွယ်​ပေး​သည့်​တံတိုင်း​များ ပြိုလဲ​ကုန်သည်။ လူမျိုးတော်သည် ယေဟောဝါ​ကို မကိုးစား​တော့​သောကြောင့် သူတို့ကို ကိုယ်တော် မကာကွယ်​ပေး​တော့​ချေ။ စပျစ်​ဥယျာဉ်​ကို ဝင်ရောက်​ဖျက်ဆီး​သည့် တော​ဝက်​ကဲ့သို့​သော ရန်သူ​နိုင်ငံ​များသည် ဣသရေလလူ​များ​၏  ပစ္စည်းဥစ္စာ​များ​ကို လုယူ​သိမ်းပိုက်​ခဲ့​ကြသည်။ ဣသရေလလူ​များ​၏ ယခင်​က​ရှိ ခဲ့​သော ဂုဏ်​ကျက်သရေ ပြန်​ရ​ရန် ယေဟောဝါ ကူညီ​ပေး​ပါ​ဟု အာသ​ဆုတောင်း​ခဲ့​သည်။ “ထို​စပျစ်​နွယ်ပင်​ကို အကြည့်​အ​ရှု​ကြွလာ​တော်​မူ​ပါ” ဟု သူ​အသနားခံ​ခဲ့​သည်။—ဆာလံ ၈၀:၈-၁၅

ဟေရှာယ​သည် “ဣသရေလ​အမျိုးသား​တို့” ကို “တော​သီး” များ​သာ​သီး​သော စပျစ်​ဥယျာဉ်​နှင့်​ခိုင်းနှိုင်း​ခဲ့​သည်။ (ဟေရှာယ ၅:၂၊သမ္မာ) တော​သီး​များသည် စိုက်​ပျိုး​သည့်​စပျစ်​သီး​ထက် အလွန်​သေးငယ်​ပြီး အစေ့များ​၍ အသား​နည်း​သည်။ တော​သီး​များ​ကို စား၍​လည်း​မရ၊ ဝိုင်​လုပ်​၍​လည်း​မရ​ပေ။ ထို့​ကြောင့် ယင်းသည် ဖြောင့်မတ်မှု​အသီး​အစား မတရားမှု​အသီးများ​သာ သီးပွင့်​သော ဖောက်ပြန်​သည့်​လူမျိုး​အတွက် ဆီလျော်​သော​ပုံခိုင်း​ချက်​ဖြစ်သည်။ ဤ​အသုံးမဝင်​သော​အသီးသီးခြင်း​မှာ စပျစ်​ဥယျာဉ်​စိုက်​ပျိုး​သူ၏​အမှား​ကြောင့်​မဟုတ်ပါ။ လူမျိုးတော် သီးပွင့်​နိုင်​ရန် ယေဟောဝါ​ပြု​လုပ်ပေး​နိုင်​သည့်​အရာအားလုံးကို ပြု​လုပ်ပေး​တော်​မူ​ခဲ့​သည်။ “ငါ့​စပျစ်​ဥယျာဉ်​၌ ငါ​ကျေးဇူးပြု​နိုင်​လျက် မပြု​သေး​သော​အရာ တစ်စုံတစ်ခု​ရှိသလော” ဟု​ကိုယ်တော်​မေးခဲ့သည်။—ဟေရှာယ ၅:၄

ဣသရေလ စပျစ်​နွယ်ပင်​သည် အသီး​မ​သီး​သောကြောင့် ယေဟောဝါ​သည် လူမျိုးတော်​ပတ်လည်​၌ ကာရံ​ထားသော​တံတိုင်း​ကို ဖျက်ဆီး​ပစ်​မည်​ဟု သူတို့ကို သတိပေး​ခဲ့​သည်။ ကိုယ်တော်​၏ ပုံဆောင်​စပျစ်​နွယ်ပင်​ကို မည်သည့်​အခါ​မျှ အကိုင်း​ဖြတ်​ခြင်း သို့​မဟုတ် ပေါင်း​သင်​ခြင်း ပြု​လုပ်ပေး​တော့​မည်​မဟုတ်ပါ။ အသီးများ​မှီခို​အားထား​သော နွေဦး​မိုးလည်း ရွာ​တော့​မည်​မဟုတ်၊ စပျစ်​ခြံ​တစ်ခွင် ဆူးပင်​များနှင့် ပေါင်းပင်​များ​သာ လွှမ်းခြုံ​နေ​ပေ​တော့​မည်။—ဟေရှာယ ၅:၅၊ ၆

ဣသရေလ​လူမျိုး၏ ဖောက်ပြန်မှု​ကြောင့် ပကတိ​စပျစ်​ခြံ​များ​ပင် ညှိုးနွမ်း​ပျက်စီး​မည်​အကြောင်း မောရှေ ကြိုပြော​ခဲ့​သည်။ “စပျစ်​ဥယျာဉ်​တို့ကို​စိုက်​၍​ပြုစု​သော်လည်း ပိုး​များ​ကိုက်စား​သောကြောင့် ကိုယ်တိုင်​စပျစ်​သီး​ကို မ​ဆွတ်​ရ။ စပျစ်​ရည်​ကိုလည်း မ​သောက်​ရ။” (တရားဟောရာ ၂၈:၃၉) ပိုးကောင်​တစ်ကောင်​သည် ပင်စည်​အတွင်း​ဝင်ရောက်​ပြီး အတွင်း​ကို​လှိုက်စား​လိုက်ပါ​က စပျစ်​နွယ်ပင်​တစ်ပင်​သည် ရက်​အနည်းငယ်​အတွင်း သေသွား​နိုင်​သည်။—ဟေရှာယ ၂၄:၇

“မှန်သော​စပျစ်​နွယ်ပင်”

ဇာတိ​ဣသရေလလူ​များ​ကို  စပျစ်​နွယ်ပင်​နှင့် ယေဟောဝါ ခိုင်းနှိုင်း​သကဲ့သို့ ယေရှုလည်း အလားတူ​ခိုင်းနှိုင်း​ခဲ့​သည်။ ယေရှုသည် နောက်ဆုံး​ညစာ​စားပွဲ​တွင် တပည့်​များ​အား “ငါသည် မှန်သော​စပျစ်​နွယ်ပင်​ဖြစ်၏။ ငါ့​ခမည်းတော်​သည်လည်း ဥယျာဉ်စောင့်​ဖြစ်​တော်​မူ​၏” ဟု​မိန့်တော်မူ​ခဲ့​သည်။ (ယောဟန် ၁၅:၁) ယေရှုသည် တပည့်တော်​များ​ကို စပျစ်​ပင်​အခက်များ​နှင့် ခိုင်းနှိုင်း​ခဲ့​သည်။ ပကတိ​စပျစ်​ပင်​အခက်များ​သည် သန်မာ​အားကောင်း​နေ​ရန် အဓိက​ပင်စည်​ကို မှီခို​ရသည့်​နည်းတူ ခရစ်တော်​၏​တပည့်​များသည်​လည်း ကိုယ်တော်၌​တည်​နေရ​မည်။ “ငါ​နှင့်​ကွာ​လျှင်​သင်တို့သည် အဘယ်​အမှုကို​မျှ မတတ်နိုင်​ကြ” ဟု ယေရှု​ဆို​ခဲ့​သည်။ (ယောဟန် ၁၅:၅) ဥယျာဉ်ရှင်​များသည် စပျစ်​သီး​ဆွတ်ခူး​ရ​ရန် စပျစ်​ခြံစိုက်​ပျိုး​ကြ​သကဲ့သို့ ယေဟောဝါ​သည် မိမိလူ​မျိုး​တော်​ထံ​မှ ဝိညာဉ်​ရေး​အသီးများ​သီးပွင့်​ရန် မျှော်လင့်​တော်​မူ​သည်။ ယင်း​အသီးများ​သီးပွင့်​ခြင်း​က စပျစ်​ဥယျာဉ်ရှင်​ဘုရားသခင်​၏ အလိုတော်နှင့်​တွေ့​ပြီး ဘုန်း​ထင်ရှားစေ​သည်။—ယောဟန် ၁၅:၈

ပကတိ​စပျစ်​ပင်​တစ်ပင် အသီးသီးခြင်း​မှာ ပေါင်း​သင်ပေးခြင်း​နှင့် ကိုင်း​ဖြတ်​ပေးခြင်း​ပေါ် မူတည်ပြီး ထို​ဖြစ်​စဉ်​နှစ်ခုလုံး​ကို ယေရှု ရည်ညွှန်းခဲ့​သည်။ ဥယျာဉ်စောင့်​တစ်ဦး​သည် အသီး​အများဆုံး​ရရှိရန် တစ်နှစ်​လျှင်​နှစ်ကြိမ် ကိုင်း​ဖြတ်​ပေး​ပေမည်၊ ဆောင်း​ရာသီ​အတွင်း အကိုင်းအခက်​များစွာကို ဖြတ်​ပေး​ရ​ပေမည်။ ဥယျာဉ်ရှင်​သည် ယခင်​နှစ်​မှ​အခက်​အများစုကို ခုတ်ပစ်​သည်။ ပင်စည်​မှ ပင်မ​အခက်​သုံး​လေး​ခက်​ကို ချန်​ထား​ပေမည်။ ယင်း​အခက်များ​တွင် အတက်​တစ်​တက်​နှစ်​တက်​ရှိသည်။ ယခင်​နှစ်​မှ အတက်​များ​နည်းတူ ထို​အတက်​လေး​များသည် လာ​မည့်​နွေ​ရာသီ​အတွင်း အသီးသီး​သော အကိုင်းအခက်​များ​ဖြစ်လာ​ပေမည်။ ဥယျာဉ်စောင့်​သည် ဖြတ်​ထားသော​အကိုင်းများ​ကို နောက်ဆုံး​၌ မီးရှို့​ပစ်လိုက်​သည်။

ထို​အကိုင်း​ဖြတ်​ခြင်း​အကြောင်း ယေရှု​ဤသို့​ဖော်ပြ​သည်– “ငါ​၌​မတည်​သော​သူသည် သွေ့ခြောက်​သော​အခက်​ကဲ့သို့ ပြင်​သို့​ပစ်လိုက်​ခြင်း​ကို​ခံရ​၏။ ထိုသို့​သော​အခက်များ​ကို လူတို့သည် စုသိမ်း​၍ မီး​ထဲ​သို့​ချ​လိုက်​ကြ​သဖြင့် မီးလောင်ခြင်း​သို့​ရောက်​ကြ​၏။” (ယောဟန် ၁၅:၆) စပျစ်​ပင်​တွင် အကိုင်းအခက်​များ မရှိတော့​သလော​က်​ဖြစ်သော်လည်း နွေဦး​ရာသီ​တွင် အကိုင်းများ​ကို ထပ်မံ​ရွေးချယ်​ဖြတ်​ခြင်း ပြုလုပ်​ကြသည်။

“ငါ​၌​အသီး​မ​သီး​သော​အခက်​ရှိသမျှ​တို့ကို ခုတ်ပစ်​တော်​မူ​၏” ဟု​ယေရှု​ဆို​သည်။ (ယောဟန် ၁၅:၂) ယင်းသည် ကိုင်း​အသစ်များ အတန်​အရာ​ထွက်​ပြီး စပျစ်​သီး​ခိုင်​သေး​သေး​များ​သီး​ပြီး​နောက်ပိုင်း အကိုင်း​ဖြတ်​ခြင်း​ကို ရည်ညွှန်းခြင်း​ဖြစ်ပုံရ​သည်။ ဥယျာဉ်စောင့်​သည် မည်သည့်​အကိုင်း​က အသီးသီး​ပြီး မည်သည့်​အကိုင်း​က မ​သီး​ကြောင်း အသေအချာ​စစ်ဆေး​ကြည့်​သည်။ အသီး​မ​သီး​သော​အခက်​တို့ကို​ချန်​ထား​ပါ​က ပင်စည်​မှ အာဟာရ​နှင့်​ရေ​ကို စုပ်ယူ​နေဆဲ​ဖြစ်​ပေမည်။ ထို့​ကြောင့် ဥယျာဉ်ရှင်​သည် အသီး,သီး​သော​အခက်များ​သာ ပင်စည်​မှ အာဟာရ,ရစေ​ရန် ထို​အသီး​မ​သီး​သော​အခက်များ​ကို ဖြတ်ပစ်​သည်။

ယေရှုသည် နောက်ဆုံး သုတ်သင်​ရှင်းလင်း​သည့်​ဖြစ်​စဉ်​အကြောင်း ပြော​ခဲ့​သည်။ “အသီးသီး​သော​အခက်​ရှိသမျှ​တို့ကို သာ၍​သီး​စေခြင်း​ငှာ သုတ်သင်​ရှင်းလင်း​တော်​မူ​၏” ဟု​ကိုယ်တော်​ရှင်းပြသည်။ (ယောဟန် ၁၅:၂) အသီး​မ​သီး​သော​အခက်များ​ကို ဖြတ်​ပြီး​သည်​နှင့် ဥယျာဉ်စောင့်​သည် အသီး,သီး​သော​အခက်​တစ်​ခက်​စီ​ကို အသေအချာ​စစ်ဆေး​ကြည့်​သည်။ အသီးသီး​သော​အခက်​၏​အောက်ခြေ​နား​တွင် ဖယ်ရှား​ဖို့​လို​သည့် အတက်​အသစ်​လေး​များ​ကို သူ​တွေ့​သည်။ ယင်း​အတိုင်း​ဆက်​ထား​လိုက်ပါ​က စပျစ်​သီး​ကို အဓိက​စိုစွတ်​စေသည့် အပင်​ရည်​များ​ကို သူတို့က စုပ်ယူ​ပစ်​ပေမည်။ ထို့​အတူ စပျစ်​သီး​ငယ်​များ နေ​ရောင်ခြည်​ကောင်းစွာ​ရရှိစေရန် အရွက်​ကြီး​အချို့​ကိုလည်း ဖြတ်ပစ်ဖို့​လို​ပေမည်။ ယင်း​တို့အားလုံး​သည် အသီးသီး​သော​အခက်များ အပြွတ်​လိုက်​သီး​စေရန် လိုအပ်သော​အဆင့်များ​ဖြစ်သည်။

“များစွာသော အသီးကို​သီး” နေလော့

“မှန်သော​စပျစ်​နွယ်ပင်” ၏​ပုံဆောင်​အခက်များ​သည် ဘိသိက်ခံ​ခရစ်ယာန်​များ​ကို ပုံဆောင်​သော်လည်း “အခြားသိုး” များလည်း မိမိတို့​ကိုယ်ကို ခရစ်တော်​၏ အသီး,သီး​သော​တပည့်​များ​အဖြစ် သက်သေထူ​ရမည်။ (ယောဟန် ၁၀:၁၆) သူတို့လည်း “များစွာသော​အသီးကို” သီး​နိုင်​ပြီး ကောင်းကင်​ခမည်းတော်​၏​ဘုန်းတော်​ကို ထင်ရှားစေ​နိုင်​သည်။ (ယောဟန် ၁၅:၅၊) ယေရှု၏ မှန်သော​စပျစ်​နွယ်ပင်​ပုံ​ဥပမာ​က ကယ်တင်ခြင်း​ရ​ရေး​သည် ခရစ်တော်​၌ ကျွန်ုပ်​တို့​တည်​နေခြင်း​နှင့် ဝိညာဉ်​ရေး​အသီး​ကောင်း​များ သီးပွင့်​နေခြင်း​အပေါ်​မူတည်​ကြောင်း ကျွန်ုပ်​တို့ကို သတိပေး​သည်။ ယေရှု​က “ငါသည် ငါ့​ခမည်းတော်​၏ ပညတ်​တို့ကို​စောင့်ရှောက်​၍ ခမည်းတော်​၏​မေတ္တာ​၌​တည်​နေ​သကဲ့သို့ သင်တို့သည် ငါ့​ပညတ်​တို့ကို​စောင့်ရှောက်​လျှင် ငါ့​မေတ္တာ​၌​တည်​နေကြ​လိမ့်​မည်” ဟု​ဆို​ခဲ့​သည်။—ယောဟန် ၁၅:၁၀

ဇာခရိ​လက်ထက်​၌ သစ္စာရှိ​ဣသရေလ​အကြွင်းအကျန်​ကို ဘုရားသခင် ဤသို့​ကတိပေး​ခဲ့​သည်– “မျိုးစေ့ကို ငြိမ်​ဝပ်​စွာ​ကြဲ​ရ​လိမ့်​မည်။ စပျစ်​ပင်​သည် အသီးကို​လည်းကောင်း၊ မြေ​သည် မိမိ​စီးပွား​ကိုလည်း​ကောင်း . . . ပေး​ရ​လိမ့်​မည်။” (ဇာခရိ ၈:၁၂) ခရစ်တော်​၏ အနှစ်​တစ်ထောင်​အုပ်ချုပ်မှု​အတွင်း ဘုရားသခင့်​လူမျိုးတော်​ခံစားရ​မည့် ငြိမ်သက်ခြင်း​ကို ဖော်ပြ​ရန်​လည်း စပျစ်​နွယ်ပင်​ကို အသုံးပြု​သည်။ မိက္ခာ ဤသို့​ပရောဖက်ပြု​ခဲ့​သည်– ‘လူအပေါင်း​တို့သည် ကိုယ်ပိုင်​သော စပျစ်​ပင်၊ ကိုယ်ပိုင်​သော​သင်္ဘောသဖန်း​ပင်​အောက်မှာ ထိုင်​ကြလိမ့်မည်။ ကြောက်​စေသော​သူ တစ်ယောက်မျှ​မရှိ​ရ။ ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရားသခင်​၏ နှုတ်​တော်​ထွက်​အမိန့်တော်​ရှိ၏။’—မိက္ခာ ၄:၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဂျူ​ဒေးယ​ကား​စွယ်စုံ​ကျမ်း​အရ ဣသရေလ​ဥယျာဉ်ရှင်​များသည် ဟေရှာယ ၅:၂ တွင် ဖော်ပြ​ထားသော စပျစ်​ပင်​မျိုး​ဖြစ်ပုံရ​သည့် စော​ရက်​ဟု​သိထား​သော ခရမ်းရင့်​ရော​င်​စပျစ်​သီး​များ​သီး​သည့် စပျစ်​ပင်​မျိုးကို ပို​နှစ်သက်​ကြသည်။ ထို​စပျစ်​သီး​များ​ဖြင့် အနီရောင်​ဝိုင်​ချို​ကို ထုတ်လုပ်​သည်။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

မကြာသေးမီ​က​ညှိုးနွမ်း​သွားသော​စပျစ်​နွယ်ပင်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဆောင်း​ရာသီ​ကိုင်း​ဖြတ်​ခြင်း

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဖြတ်ပစ်​လိုက်​သော​အခက်များ​ကို​မီးရှို့ခြင်း