မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျော်ရွှင်မှုကို သင် အမှန်တကယ်တွေ့ရှိနိုင်

ပျော်ရွှင်မှုကို သင် အမှန်တကယ်တွေ့ရှိနိုင်

ပျော်ရွှင်မှု​ကို သင် အမှန်တကယ်​တွေ့ရှိ​နိုင်

စစ်မှန်​ပြီး တည်မြဲသော ပျော်ရွှင်မှု​ကို တွေ့​နိုင်​ခဲ​သည်။ အထူးသဖြင့် လူများစွာ​သည် လွဲမှား​သော​နေရာများ​မှ ပျော်ရွှင်မှု​တွေ့ရှိ​ရန် မ​နား​မနေ ကြိုးစား​နေကြ​သောကြောင့်​ဖြစ်သည်။ ယုံကြည်​စိတ်ချ​ရပြီး မှန်ကန်သော​ရင်းမြစ်​များ​သို့ လမ်းညွှန်​ပေး​နိုင်​သည့် အရည်အချင်း​ရှိ မိတ်ဆွေ​တစ်ဦး​သာ​ရှိလျှင် စစ်မှန်သော​ပျော်ရွှင်မှု​ကို တွေ့ရှိ​နိုင်​မည်​ပင်!

သမ္မာကျမ်းစာ​သည် လိုအပ်​နေသော ထို​လမ်းညွှန်မှု​၏ ရင်းမြစ်​ဖြစ်သည်။ ယင်း​၏​ကျမ်းစောင်​တစ်စောင်​ဖြစ်သော ဆာလံကျမ်း​ကို​သာ စဉ်းစား​ကြည့်​ပါ။ ယင်း​ကျမ်းစောင်​သည် ယေဟောဝါ​ဘုရားသခင်​အား ချီးမွမ်း​ထားသော သီချင်း​အ​ပုဒ်​ပေါင်း ၁၅၀ ကို​စုစည်း​ထား​သည့် စာစောင်​ဖြစ်​ပြီး တစ်ဝက်​ခန့်​ကို ရှေး​ဣသရေလ​လူမျိုး ဘုရင်​ဒါဝိဒ်က စပ်ဆို​ခဲ့​သည်။ သို့သော် စာရေးသူ​ကို​သိရှိခြင်း​ထက် လူသား​တို့၏ အကြီးမြတ်ဆုံး​မိတ်ဆွေ ယေဟောဝါ​၏ မှုတ်သွင်းမှု​အောက်တွင် ရေးသားခဲ့​ကြောင်း သိရှိခြင်းက ပို​အရေးကြီး​သည်။ ထို့​ကြောင့် ယင်း​တွင် ကျွန်ုပ်​တို့၏​ကောင်းကျိုး​အတွက် မြင့်မြတ်​သော​လမ်းညွှန်မှု​ပါဝင်​ပြီး ပျော်ရွှင်မှု​တွေ့ရှိ​ရန် လမ်းညွှန်​ပေး​နိုင်​ကြောင်း ယုံကြည်​စိတ်ချ​နိုင်​သည်။

ပျော်ရွှင်မှု​ကို ဘုရားသခင်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​မှ ရရှိနိုင်​ကြောင်း ဆာလံကျမ်း​ရေးသူ​များ ယုံကြည်​စိတ်ချ​ခဲ့​သည်။ ဆာလံဆရာ​တစ်ဦး ဤသို့​ရေးသားခဲ့​သည်– ‘ထာဝရ​ဘုရားသခင်​ကို​ကြောက်ရွံ့ . . . သော​သူသည် မင်္ဂလာ​ရှိ [“ပျော်ရွှင်၊” က​ဘ] ၏။’ (ဆာလံ ၁၁၂:၁) မည်သည့်​လူသား​ဆက်ဆံ​ရေး၊ မည်သည့်​ပစ္စည်းဥစ္စာ၊ မည်သည့်​ပြီးမြောက်​အောင်မြင်မှု​က​မျှ ‘ယေဟောဝါ​၏​လူမျိုး’ ပိုင်ဆိုင်​ထားသော ပျော်ရွှင်မှု​မျိုးကို မပေးနိုင်​ချေ။ (ဆာလံ ၁၄၄:၁၅က​ဘ) မျက်မှောက်ခေတ် ဘုရားသခင့်​ကျေးကျွန်​များစွာ​၏ အသက်တာ​က ယင်း​၏​မှန်ကန်မှု​ကို သက်သေထူ​သည်။

အသက် ၄၀ ကျော်​စ​အရွယ် ဇူ​ဇား​နား​သည် ပုံသက်သေ​တစ်ဦး​ဖြစ်သည်။ * ဂျာမနီ​မှ ထို​အမျိုးသမီး ဤသို့​ပြော​ခဲ့​သည်– “ဒီနေ့ လူ​တော်​တော်​များများ​က တူညီ​တဲ့​ပန်းတိုင် ဒါမှ​မဟုတ် တူညီ​တဲ့​စိတ်ဝင်စားမှု​ကို လိုက်စားဖို့ အုပ်စု​တစ်ခုခု​နဲ့ ပေါင်း​ကြတယ်။ ဒါပေမဲ့ အုပ်စု​မှာ​ရှိတဲ့ လူ​ယောက်စီ​ယောက်​တိုင်း​ကို မိတ်ဆွေ​လို့​သတ်မှတ်​တဲ့​သူ​ရှားတယ်။ ယေဟောဝါ​လူမျိုး​တွေ​ကျ​တော့ အဲလို​မဟုတ်ဘူး။ ယေဟောဝါ​ကို​ချစ်တဲ့​မေတ္တာက တစ်ဦး​ကို​တစ်ဦး​ချစ်​စေတယ်။ ဘယ်မှာ​ပဲ​ရှိနေ​နေ ဘုရားသခင့်​လူမျိုးတော်​အလယ်မှာ​နေရ​တာ သက်သောင့်သက်သာ​ရှိတယ်။ အဲဒီ​စည်းလုံးမှု​က ကျွန်မ​တို့​ရဲ့​အသက်တာကို အများကြီး​ကြွယ်ဝ​စေတယ်။ လူတန်းစား​နဲ့​နောက်ခံ​တွေ​လုံးဝ​မတူ၊ လူမျိုး​ပေါင်း​စုံ​ကွဲပြား​နေတဲ့ လူတွေ​ထဲမှာ ကိုယ့်​မိတ်ဆွေ​တွေ​ရှိတယ်လို့ တခြား​ဘယ်သူ​ပြော​နိုင်​မှာ​လဲ။ ယေဟောဝါ​ရဲ့​လူမျိုး​ဖြစ်​လို့ ပျော်ရွှင်​တယ်​ဆိုတာ​ကို ကျွန်မ စိတ်နှလုံး​အကြွင်းမဲ့ ပြော​နိုင်တယ်။”

ပျော်ရွှင်မှု​တွေ့ရှိ​ရန် ယေဟောဝါ​နှင့်​ဆက်ဆံ​ရေး​ရှိ​ခြင်း​က အရေးပါ​ကြောင်း စကော့တလန်​နိုင်ငံ​ဖွား မာ​ရီ​လည်း သိမြင်ခဲ့​သည်။ “ကျမ်းစာ​အမှန်တရား​မသိ​ခင်​က သရဲ​ကား​တွေ​ကို ကျွန်မ ကြိုက်​နှစ်သက်ခဲ့​တယ်။ ဒါပေမဲ့ သရဲ​ကား​တွေ​မှာ​ပါ​သလိုပဲ သရဲ​တွေ​နဲ့​သွေးစုပ်ဖုတ်ကောင်​တွေ​ကို မောင်း​ထုတ်ပေး​နိုင်တယ်​လို့ ထင်​ရတဲ့ လက်ဝါးကပ်တိုင်​ပုံ​ကို မကိုင်ဘဲ​နဲ့ ကျွန်မ ဘယ်တော့မှ​အိပ်မပျော်​ဘူး။ ဒါပေမဲ့ အမှန်တရားကိုလည်း သိလာ​ရော အဲလို​ရုပ်ရှင်တွေကို မကြည့်​တော့​ဘူး။ အဲဒီ​အချိန်​ကစပြီး ယေဟောဝါ​နဲ့ ကျွန်မ​ရဲ့​ဆက်ဆံ​ရေး​ကြောင့် မကြောက်​ဘဲ​အိပ်​နိုင်ပြီ။ နတ်ဆိုး​တွေ၊ ဖန်တီး​ထား​တဲ့​သွေးစုပ်ဖုတ်ကောင်​တွေ​ထက် တန်ခိုး​ကြီး​တဲ့​ဘုရားသခင်​ကို ကိုးကွယ်​ရလို့ ကျွန်မ ပျော်ရွှင်​တယ်။”

ယေဟောဝါ​ကို ယုံကြည်​ကိုးစားခြင်း​က ပျော်ရွှင်​စေ

ဖန်ဆင်း​ရှင်​၏ အတိုင်းအဆမဲ့​သောတန်​ခိုး​နှင့် အကန့်အသတ်မဲ့ ဉာဏ်ပညာ​တို့ကို သံသယ​ဖြစ်စရာ​အကြောင်း​မရှိပေ။ ဒါဝိဒ်​သည် ဘုရားသခင်​ကို မိမိ​အပြည့်အဝ​ယုံကြည်​ကိုးစား​နိုင်​ကြောင်း​နှင့် ကိုယ်တော့်​ထံ ခိုလှုံ​နိုင်​ကြောင်း သိရှိပြီး ဤသို့​ရေးသားခဲ့​သည်– ‘ထာဝရ​ဘုရားသခင်​ကို ကိုးစား​သော​သူသည် မင်္ဂလာ​ရှိ [“ပျော်ရွှင်၊” က​ဘ] ၏။’—ဆာလံ ၄၀:၄

မာ​ရီ​ယာ ဤသို့​ပြော​သည်– “ကျွန်မ​တို့​ရဲ့ ခံစားချက်​နဲ့​စိတ်​လှုပ်ရှားမှု​တွေ​ကြောင့် တခြား​အရာ​တွေ​ကို လုပ်ဆောင်​ချင်​တဲ့​အခါမျိုးမှာ​တောင် ယေဟောဝါ​ရဲ့​နည်းလမ်းတော်​အတိုင်း လုပ်ဆောင်တာ​က အကောင်းဆုံး​ရလဒ်​တွေ​ရရှိ​စေတယ်​ဆိုတာ စပိန်​နဲ့ တခြား​နေရာတွေကနေ ကျွန်မ​ရခဲ့တဲ့ အတွေ့အကြုံ​အရ သိရှိခဲ့တယ်။ ယေဟောဝါ​ရဲ့​နည်းလမ်း​က အမြဲ​အကောင်းဆုံး​ဖြစ်​တဲ့​အတွက် ပျော် ရွှင်​စေတယ်။”

ဥရောပ​နိုင်ငံ​များစွာ​တွင် အမှုဆောင်ခဲ့​သော ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​ဖြစ်သူ အန္ဒြေးယပ်စ်​သည်လည်း ယေဟောဝါ​ကို ယုံကြည်​ကိုးစား​နိုင်​ကြောင်း သူ၏​အတွေ့အကြုံ​မှ သိရှိ​ခဲ့​သည်။ သူ​ဤသို့​ပြော​သည်– “ကျွန်တော်​နဲ့​ယုံကြည်​ချင်း​မတူတဲ့ အစ်ကိုကြီး​ဟာ ကျွန်တော် လူငယ်​ဘဝ​တုန်း​က ကျွန်တော့်​ကို တော်​တော်​သြဇာလွှမ်း​မိုး​ပြီး ငွေ​များများ​ရမယ့်​အလုပ်​တစ်ခု​လုပ်ဖို့ ဖိအား​ပေး​တယ်။ အာမခံချက်​ရှိတယ်လို့​ဆို​တဲ့ အငြိမ်းစား​ခံစားခွင့်​အစီအစဉ်တွေကို အားမကိုး​ဘဲ အချိန်ပြည့်​အမှုမှာ ပါဝင်​တဲ့​အခါ သူ​အကြီးအကျယ်​စိတ်ဓာတ်ကျ​သွားတယ်။ အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်​ခဲ့​တဲ့​အချိန်​တစ်လျှောက် ကျွန်တော် ဘာမှ​မချို့တဲ့​ခဲ့​ပါ​ဘူး။ တခြား​သူတွေ စိတ်ကူး​ပဲ​ယ​ဉ်​နိုင်​ခဲ့​တဲ့​ကောင်းချီး​တွေ​ကို ကျွန်တော်​ခံစား ခဲ့ ရတယ်။”

၁၉၉၃ ခုနှစ်​တွင် ဖေ​လ​စ္စ​သည် ဂျာမနီ​နိုင်ငံ၊ စ​ယ်လ်​တာ​စ်​မြို့ရှိ ယေဟောဝါသက်သေ​များ​၏ ဌာနခွဲရုံး​အဆောက်အဦ​များ​ကို တိုးချဲ့​ဆောက်လုပ်​ရာ​တွင် ပါဝင်​ကူညီ​ရန် ဖိတ်ခေါ်​ခံရ​သည်။ အလုပ်​ပြီးသွား​သည်​နှင့် ထို​တွင် အမြဲတမ်း​ဗေသလ​မိသားစုဝင်​တစ်ဦး​အဖြစ် ဖိတ်ခေါ်​ခံ​ခဲ့​ရသည်။ သူ​မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ “ဒွိဟ​စိတ်​နဲ့​ပဲ လက်ခံခဲ့တယ်။ ဒါပေမဲ့ အခု ဒီမှာ​နေတာ ဆယ်နှစ်​နီးပါး​ရှိသွား​ပြီ၊ ကျွန်တော့်​ရဲ့​ဆုတောင်းချက်​တွေ​ကို ယေဟောဝါ​နားညောင်း​တယ်​ဆိုတာ ကျွန်တော် အကြွင်းမဲ့ယုံ​ကြည်​တယ်။ ကျွန်တော့်​အတွက် အကောင်းဆုံး​က​ဘာလဲဆိုတာ ကိုယ်တော်​သိတယ်။ ကိုယ်တော့်​ကို အပြည့်အဝ​ယုံကြည်​စိတ်ချ​ပြီး ကိုယ်တော့်​လမ်းညွှန်မှုကို လက်ခံ​လိုက်တယ်။ ဒီ​နည်းနဲ့ ကျွန်တော့်​ကို ကိုယ်တော်​ဘာလုပ်​စေချင်တယ်​ဆိုတာ ပြသ​ခွင့်​ပေး​ခဲ့​တယ်။”

အစောပိုင်းက​ဖော်ပြ​ခဲ့​သော ဇူ​ဇား​နား​သည် အချိန်ပြည့်​အမှုဆောင်​ဖြစ်သော ရှေ့ဆောင်​တစ်ဦး​ဖြစ်​လို​သော်လည်း အချိန်ပိုင်း​အလုပ်​တစ်ခု​ရ​ရန် အခက်အခဲ​ရှိသည်။ တစ်နှစ်​စောင့်​ပြီး​နောက် ယေဟောဝါ​ကို ယုံကြည်​ကိုးစားမှု​ဖြင့် လုပ်ဆောင်ခဲ့​သည်။ သူ​ဤသို့​ပြောပြ​သည်– “မှန်မှန်ရှေ့ဆောင်​တစ်ယောက်​ဖြစ်ချင်​တယ်လို့ ဘုရားသခင်​ကို ဆုတောင်း​ပြီး​ပြောပြ​တယ်။ ပုံမှန်​ကုန်ကျ​စရိတ် တစ်လစာ​ကို စု​ထားခဲ့​တယ်။ တကယ် စိတ်​လှုပ်ရှား​စ​ရာ​ကောင်း​တဲ့​လ​ပဲ။ ခရစ်ယာန်​ဓမ္မ​အမှုမှာ​ပါဝင်​ရတာ တကယ်​ပျော်​တယ်၊ ဒါပေမဲ့ အလုပ်​အင်တာဗျူး​တစ်ခု​ပြီး​တစ်ခု မအောင်​ခဲ့​ဘူး။ ဘာပဲ​ဖြစ်ဖြစ် ယေဟောဝါ​ရဲ့​ကတိတော်​အတိုင်း ကိုယ်တော် ကျွန်မ​ကို မစွန့်ပစ်​ခဲ့​ဘူး။ လရဲ့​နောက်ဆုံး​နေ့မှာ အလုပ်​တစ်ခု​ရသွားတယ်။ ယေဟောဝါ​ကို တကယ်​ယုံကြည်​ကိုးစား​နိုင်တယ်​ဆိုတာ အခုတော့ ကျွန်မ​သိပြီ။ အချိန်ပြည့်​ဓမ္မ​အမှုမှာ​ရရှိခဲ့တဲ့ ဒီ​ပထမ​ဆုံး​အတွေ့အကြုံ​ကြောင့် ဘဝမှာ ပျော်ရွှင်မှု​နဲ့ ကောင်းချီး​ရခဲ့တယ်။”

ဘုရားသခင့်​အကြံဉာဏ်​ကို လက်ခံခြင်း​က ပျော်ရွှင်မှု​ကို​တိုးပွား​စေ

ဘုရင်​ဒါဝိဒ်​သည် ကြီး​လေး​သော​အမှား​အချို့ ကျူးလွန်​ခဲ့​သည်။ တစ်ခါတစ်ရံ ပညာရှိ​အကြံဉာဏ်​ကို သူလို​အပ်​ခဲ့​သည်။ ကျွန်ုပ်​တို့သည် အကြံဉာဏ်​နှင့်​လမ်းညွှန်မှုကို ဒါဝိဒ်​ကဲ့သို့ လက်ခံရန် လိုလိုလားလား​ရှိသလော။

ပြင်သစ်​နိုင်ငံ​မှ အိုင်​ဒါ​သည် တစ်ခါ​က ကြီး​လေး​သော​အမှား​တစ်ခု​ကို မိမိ​ကျူးလွန်​မိ​ကြောင်း သိလိုက်ရ​သည်။ သူ​ဤသို့​ပြန်​ပြောပြ​သည်– “ကျွန်မ​အရေးစိုက်​ဆုံး​က ယေဟောဝါ​နဲ့​ကျွန်မ​ရဲ့​ဆက်ဆံ​ရေး ပြန်ကောင်း​ဖို့​ပဲ။ တခြား​ဘယ်အရာ​တွေ​ကမှ အဲဒါ​လောက်​အရေး​မကြီး​ဘူး။” ခရစ်ယာန်​အကြီးအကဲ​များ​၏ အကူအညီကို သူ​တောင်းခံ​ခဲ့​သည်။ အချိန်ပြည့်​အမှုတော်တွင် ၁၄ နှစ်​ကျော် ထမ်းဆောင်​ပြီး​နောက် ဤသို့​ပြော​သည်– “ကျွန်မ​ရဲ့​အမှား​ကို ယေဟောဝါ​ခွင့်လွှတ်​မှန်း​သိရလို့ အရမ်း​ကျေးဇူး​တင်​တယ်။”

ဘုရားသခင့်​အကြံဉာဏ်​ကို လက်ခံခြင်း​က အမှား​ပြုလုပ်ခြင်း​မှ ကျွန်ုပ်​တို့ကို ကာကွယ်​ပေး​နိုင်​သည်။ ယူ​ဒစ်တ် ဤသို့​ပြောပြ​သည်– “ကျွန်မ​အသက် ၂၀ အရွယ်မှာ ကျွန်မ​နဲ့​လုပ်ငန်းတူ​ပြီး ကျွန်မ​သဘောကျ​အောင် အစွမ်းကုန်​ကြိုးစား​တဲ့ ဂျာမန်​တစ်ယောက်ကို စိတ်ဝင်စား​မိတယ်။ သူဟာ လေးစား​ခံရ​တဲ့၊ အောင်မြင်​တဲ့​လုပ်ငန်းရှင်​တစ်ယောက်​ဖြစ်​ပြီး အိမ်ထောင်သည်​ဖြစ်တယ်။ ယေဟောဝါ​ရဲ့​ပညတ်​တွေ​ကို နာခံ​မလား ဒါမှ​မဟုတ် ကိုယ်တော်​ကို လုံးဝ​ကျောခိုင်း​မလား​ဆိုတာ​ကို ရွေးချယ်​ရတော့မယ်​ဆိုတာ ကျွန်မ​နားလည်တယ်။ ဒါနဲ့ မိဘတွေကို ရင်ဖွင့်​ခဲ့​တယ်။ ကျွန်မ​ဆီက ယေဟောဝါ ဘာ​မျှော်လင့်တယ်​ဆိုတာ အဖေက တဲ့တိုး​သတိပေး​ခဲ့​တယ်။ ကျွန်မ​ဘာ​လိုအပ်​တယ်​ဆိုတာ ပွင့်ပွင့်လင်းလင်း​ပြော​ခဲ့​တယ်။ ဒါတောင် ဆင်ခြေပေး​ဖို့ ကျွန်မ ကြိုးစား​သေး​တယ်။ အမေ​ကျ​တော့ ဘုရားသခင့်​ပညတ်​တွေ​ဟာ ဘယ်လောက်​အရေးကြီး​ပြီး ဘယ်လို​အသက်ကယ်​နိုင်တယ်​ဆို​တဲ့​အကြောင်းကို အပတ်​နဲ့​ချီ​ပြီး ညနေ​ဘက်​တွေ​မှာ ပြောပြ​တယ်။ ကျွန်မ​ရဲ့​စိတ်​က ယေဟောဝါ​ဘက် တဖြည်းဖြည်း ပြန်​ယို​င်​လာတဲ့​အတွက် အရမ်း​ကျေးဇူး​တင်​တယ်။ ယေဟောဝါ​ရဲ့​သွန်သင်​ဆုံးမမှု​ကို​ခံယူ​တာ​ဟာ ကြီးမား​တဲ့​ပျော်ရွှင်မှု​ဖြစ်စေ​ခဲ့​တယ်။ အချိန်ပြည့်​အမှုတော်မှာ နှစ်ပေါင်း​များစွာ ပျော်ပျော်ရွှင်ရွှင်​ပါဝင်ခွင့်​ရ​သလို  ယေဟောဝါ​ကို နှလုံး​အကြွင်းမဲ့​ချစ်​ပြီး ကျွန်မ​ကိုလည်း ချစ်​မြတ်နိုးတဲ့ ခရစ်ယာန်​အဖော်ကောင်း​တစ်ယောက်​လည်း ရရှိခဲ့တယ်။

ထိုသို့​သော​တွေ့ကြုံမှု​များ​က ဒါဝိဒ်​၏ ဤ​စကား​များ မှန်ကန်ကြောင်း ပေါ်လွင်​စေ​သည်– ‘အပြစ်​မှ​လွတ်ခြင်း၊ . . . အပြစ်ကို​ဖုံးအုပ်ခြင်း​သို့​ရောက်​သော​သူသည် မင်္ဂလာ​ရှိ [“ပျော်ရွှင်၊” က​ဘ] ၏။ ထာဝရ​ဘုရားသခင် အပြစ်တင်​တော်​မူ​ခြင်း​နှင့်​လွတ်​၍ လှည့်စား​တတ်သော​စိတ်သဘော​နှင့် ကင်းစင်​သော​သူသည် မင်္ဂလာ​ရှိ [“ပျော်ရွှင်၊” က​ဘ] ၏။’—ဆာလံ ၃၂:၁၊ ၂

အခြား​သူများကို စာနာမှု​ပြ​ခြင်း​က ပျော်ရွှင်​စေ

‘ဆင်းရဲသော​သူကို အောက်မေ့​သော​သူသည် မင်္ဂလာ​ရှိ [“ပျော် ရွှင်၊” က​ဘ] ၏။ ခဲယဉ်း​သော​ကာလ​၌ ထို​သူကို ထာဝရ​ဘုရားသခင်​ကယ်နုတ်​တော်​မူ​မည်။ ထာဝရ​ဘုရားသခင်​သည် စောင့်မ​၍ အသက်​ချမ်းသာပေး​တော်​မူ​သဖြင့် ထို​သူသည် ပြည်တော်​၌ ကောင်းချီး​မင်္ဂလာ​ကို​ခံရ​လိမ့်​မည်’ ဟု​ဒါဝိဒ် ရေးသားခဲ့​သည်။ (ဆာလံ ၄၁:၁၊ ၂) သူ​ချစ်​မြတ်နိုးသော​မိတ်ဆွေ ယောနသန်​၏ ခြေဆွံ့ သော​သား မေဖိဗောရှက်​အပေါ် ဒါဝိဒ်​ပြသ​ခဲ့​သော မေတ္တာပါ​စာနာမှု​က ဆင်းရဲသား​များ​အပေါ်​ထား​သင့်​သော သဘောထား​မှန်​ဆိုင်ရာ နမူနာ​တစ်ခု​ဖြစ်သည်။—၂ ဓမ္မ​ရာဇဝင် ၉:၁-၁၃

၄၇ နှစ်​တိုင် ခရစ်ယာန်​သာသနာပြု​ခဲ့​သော မာလီ​စ်​သည် အာဖရိက၊ အာရှ​နှင့် ဥရောပ​အရှေ့ပိုင်း​ရှိ အန္တရာယ်​ဇုန်​များ​မှ ထွက်ပြေး​လာ​သူများကို ဟောပြော​ခွင့်​ရရှိခဲ့သည်။ သူ​ဤသို့​ပြော​သည်– “သူတို့မှာ ပြဿနာ​အမျိုးမျိုး​ရှိပြီး သူတို့ကို​လက်မခံချင်​ဘဲ ခွဲခြား​ဆက်ဆံ​တယ်လို့ ခံစား​နေကြ​ရတယ်။ အဲလို​လူတွေကို ကူညီ​ပေး​ရတာ အမြဲ​ပျော်ရွှင်မှု​ခံစား​ရတယ်။”

အသက် ၄၀ ကျော်​ခါ​စ​အရွယ်​ရှိ မာ​ရီး​နာ ဤသို့​ရေး​သည်– “တစ်ကိုယ်ရေ​သ​မား​ဖြစ်​တဲ့​အတွက် တခြား​သူတွေက ကျွန်မ​ကို ကူ ညီ​ဖို့​အမြဲ​အသင့်ရှိ​တယ်​ဆိုတာ သိရလို့ နှစ်သိမ့်မှု​အကြီးအကျယ်​ခံစား​ရတယ်။ အဲဒါ​ကနေ ကျွန်မ​လည်း တခြား​သူတွေကို ဖုန်း​ဆက်​ပြီး ဒါမှ​မဟုတ် စာရေး​ပြီး အားပေးဖို့ လှုံ့ဆော်​ခံရ​တယ်။ လူ​တော်​တော်​များများ​က ကျွန်မ​ကို ကျေးဇူး​တင်​ကြောင်း ပြောပြ​ကြတယ်။ တခြား​သူတွေကို ကူညီ​ပေး​တာ​က ကျွန်မ​ကို ပျော်ရွှင်​စေတယ်။”

အသက် ၂၅ နှစ်အရွယ်​ရှိ ဒီ​မီတာ ဤသို့​ဆို​သည်– “ကျွန်တော့်​အမေက ကြင်ဖော်​မဲ့​မိခင်​တစ်ယောက်​အနေ​နဲ့ ကျွန်တော်​ကို ပြု စု​ပျိုးထောင်​လာခဲ့တယ်။ ငယ်ငယ်​တုန်း​က ကျွန်တော့်​ကို ခရစ်ယာန်​ဓမ္မ​အမှုမှာ လေ့ကျင့်ပေး​ဖို့ အပတ်​တိုင်း​ခေါ်သွား​တဲ့ စာအုပ်ကြီး​သင်တန်း​ကြီးကြပ်မှူး​ရှိလို့ ဝမ်းသာ​မဆုံး​ဖြစ်​ရတယ်။ သူ့ရဲ့​ဇွဲ​အတွက် အခုထိ ကျေးဇူး​တင်​တုန်း​ပါ​ပဲ။ ကျွန်တော့်​ကို စိတ်ပါ​လာအောင် လှုံ့ဆော်ပေး​ဖို့ အမြဲ​မလွယ်​ဘူးဆို​တာ ကျွန်တော်​သိတယ်။” တစ်ချိန်က​ရရှိခဲ့​သော ကူညီ​ထောက်မမှု​အတွက် ကျေးဇူး​တင်​စွာ​ဖြင့် ဒီ​မီတာ​သည် ယခု အခြား​သူများကို ကူညီ​လျက်​ရှိသည်– “ခရစ်ယာန်​ဓမ္မ​အမှုမှာ အနည်းဆုံး​တစ်လ​တစ်ကြိမ် လူငယ်​တစ်ယောက်​နဲ့ သက်ကြီးရွယ်အို​တစ်ယောက်ကို ခေါ်​သွားဖို့ ကျွန်တော် ကြိုးစား​တယ်။”

ပျော်ရွှင်မှု​ဖြစ်စေ​သည့် အခြား​အရာများ​ကိုလည်း ဆာလံကျမ်း​စောင်​တွင် ဖော်ပြ​ထား​သေး​သည်။ တစ်ခု​မှာ မိမိကိုယ်ကို​ထက် ယေဟောဝါ​၏​တန်ခိုး​ကို မှီခို​အားထားခြင်း​ဖြစ်သည်– ‘[ယေဟောဝါ] ကို​အားပြု​သော​သူသည် မင်္ဂလာ​ရှိ [“ပျော်ရွှင်၊” က​ဘ] ပါ​၏။’—ဆာလံ ၈၄:၅

ယင်း​အကြောင်းကို ကိုရီနာ​ပြောပြ​နိုင်​သည်။ သူသည် ခရစ်ယာန်​ဓမ္မ​အမှုဆောင်ရန် သာ၍​လိုအပ်သော​နိုင်ငံ​သို့ ပြောင်းရွှေ့​ခဲ့​သည်။ “ဘာသာ​စကား​အသစ်၊ ယဉ်ကျေးမှု​အသစ်၊ စဉ်းစား​တွေးခေါ်ပုံ​အသစ်​နဲ့ ကျွန်မ​ရင်ဆိုင်ခဲ့​ရတယ်။ ကျွန်မ​ကိုယ်​ကျွန်မ တခြား​ကမ္ဘာ​ရောက်နေ​သလို ခံစား​ရတယ်။ အစိမ်း​သက်​သက်​ဖြစ်​တဲ့​ပတ်ဝန်းကျင်​မှာ သတင်းကောင်း​ဟော​ရမှာ​ကို စိုးရိမ်​မိတယ်။ ဒါနဲ့ ယေဟောဝါ​ကို အကူအညီ​တောင်း​လိုက်တယ်။ ကိုယ်တော်​ပေး​တဲ့​အစွမ်း​ခွန်အား​ကြောင့် သီးခြား​ရပ်ကွက်မှာ ကျွန်မ တစ်​နေ​ကုန်​ဟော​နိုင်​ခဲ့​တာ။ နည်းနည်း​ကြာ​တော့ အဲလို​ဟော​ရတာ အသားကျ​လာတယ်။ ကျမ်းစာ​သင်အံမှု​အများကြီး​စ​နိုင်​ခဲ့​ပြီး အဲဒီ​တွေ့ကြုံမှု​ကနေ အခုထိ အကျိုး​ရ​နေတုန်းပဲ။ ကျော်လွှား​လို့​မရ​ပုံ​ပေါက်​တဲ့ အတားအဆီး​တွေ​ကို​တောင် ယေဟောဝါ​ရဲ့​အစွမ်း​ခွန်အား​ကြောင့် ရင်ဆိုင်​ကျော်လွှား​နိုင်​ခဲ့​တယ်။”

မှန်ပါသည်၊ ဘုရားသခင်​နှင့်​လည်းကောင်း၊ ကိုယ်တော့်​လူမျိုး​နှင့်​လည်းကောင်း ဆက်ဆံ​ရေး ပြုစု​ပျိုးထောင်​ခြင်း၊ ယေဟောဝါ​ကို အကြွင်းမဲ့ယုံ​ကြည်​ကိုးစားခြင်း၊ ကိုယ်တော့် အကြံဉာဏ်​တော်​ကို လက်ခံခြင်း၊ အခြား​သူများကို စာနာမှု​ပြ​ခြင်း​စ​သော အချက်များ​စွာ​က ပျော်ရွှင်​စေနိုင်​သည်။ ယေဟောဝါ​၏​နည်းလမ်းတော်​များ​အတိုင်း လိုက်လျှောက်ခြင်း​နှင့် ကိုယ်တော့်​ပညတ်​များ​ကို နာခံခြင်း​ဖြင့် မျက်နှာသာတော်​ကို ပျော်ရွှင်စွာ​ရရှိ​ခံစား​နိုင်​မည်​ဖြစ်သည်။—ဆာလံ ၈၉:၁၅; ၁၀၆:၃; ၁၁၂:၁; ၁၂၈:၁၊ ၂

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 နာမည်​အချို့​ပြောင်း​ထား​သည်။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

မာ​ရီ​ယာ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

မာ​ရီ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ဇူ​ဇား​နား​နှင့်​အန္ဒြေးယပ်စ်

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ကိုရီနာ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဒီ​မီတာ