မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျော်ရွှင်မှုအတွက် ယုံကြည်စိတ်ချရသောလမ်းညွှန်

ပျော်ရွှင်မှုအတွက် ယုံကြည်စိတ်ချရသောလမ်းညွှန်

ပျော်ရွှင်မှု​အတွက် ယုံကြည်​စိတ်ချ​ရသော​လမ်းညွှန်

ပျော်ရွှင်မှု ရှာ​ခြင်း” သည် လူသား​တိုင်း​၏​အခွင့်အရေး ဖြစ်သည်။ ယင်းသည် အမေရိကန်​ပြည်ထောင်စု လွတ်လပ်ရေး​ကြေညာ​စာတမ်း ရေးဆွဲ​သူတို့၏ ရှုမြင်ပုံ​ဖြစ်၏။ သို့သော် တစ်စုံတစ်ခု​ကို ရှာ​ခြင်း​နှင့် ယင်းကို ရရှိခြင်း​သည် မတူ​ပါ။ လူငယ်များစွာသည် ဖျော်ဖြေရေး​နှင့်​အားကစား​လောကတွင် အသက်မွေး​လုပ်ငန်း ရှာနေ​ကြသော်လည်း အမှန်တကယ်​အောင်မြင်သူ မည်မျှ​ရှိ​သနည်း။ အောင်မြင်​သော​ဂီတ​ပညာရှင်​တစ်ဦး ဖြစ်လာ​ရန် ကြိုးစား​ရုန်းကန်​ခဲ့​ရသူ နာမည်ကြီး​အဆိုတော်​တစ်ဦး​က “သင်​အောင်မြင်​နိုင်​မှာ​မဟုတ်ဘူး” ဟု​ဆို​သည်။

ပျော်ရွှင်မှု​ရှာ​ခြင်း​တွင် သင်​အလားတူ​ခံစား​နေရ​ပါ​က စိတ်မပျက်​ပါ​နှင့်။ ပျော်ရွှင်မှု​ကို နည်း​မှန်​လမ်းမှန်​ရှာ​မည်​ဆိုလျှင် ရရှိပါ​လိမ့်​မည်။ အဘယ်ကြောင့် ထိုသို့​ပြော​နိုင်​သနည်း။ ရှေ့​ဆောင်းပါး​တွင် “ပျော်ရွှင်​သော​ဘုရားသခင်” ယေဟောဝါ​အကြောင်း ဖော်ပြ​ခဲ့​သည်။ (၁ တိမောသေ ၁:၁၁က​ဘ) ဘုရားသခင်​သည် သမ္မာကျမ်းစာ​တွင် လမ်းညွှန်မှု​ပေး​ထားသော​ကြောင့် သင်​ပျော်ရွှင်မှု​ရှာ​ရာ​တွင် စိတ်ပျက်​စ​ရာ​အကြောင်း မရှိပါ။ ဝမ်းနည်းမှုကို ဖြစ်ပေါ်​စေ​လေ့​ရှိသော အကြောင်းရင်း​များ​ကို အောင်မြင်​ကျော်လွှား​ရန် ယေဟောဝါ ကူညီ​ပေး​နိုင်​ပါ​သည်။ သာဓက​အနေ​နှင့် သင်​ချစ်​မြတ်နိုး​ရသူ​တစ်ဦး ကွယ်လွန်​သည့်​အခါ ကိုယ်တော် မည်သို့​နှစ်သိမ့်​ပေး​ကြောင်း သုံးသပ်ကြည့်​ပါ။

ချစ်​မြတ်နိုး​ရသူ​တစ်ဦး ကွယ်လွန်​သည့်​အခါ

သေခြင်း​တရား​နှင့်​ပတ်သက်​၍ အကောင်း​ပြောစရာ​ရှိသလော။ သေခြင်း​တရား​ကြောင့် မိဘ​နှင့်​သားသမီး​များ ခွဲခွာ​ကြ​ရသည်။ ရင်းနှီးသော​မိတ်ဆွေများ ကွေ​ကွင်း​ကြ​ရသည်။ အပြန်အလှန်​ဖေးမ​သည့် အသိုင်းအဝိုင်း​များ​တွင် အားကိုးရာမဲ့​ဖြစ်စေ​သည်။ ပျော်ရွှင်သော​မိသားစု​တစ်စု​တွင် သေခြင်း​တရား​၏ ထိုးနှက်မှု​ခံရ​သည့်​အခါ ပူဆွေး​သောက​ဖိစီး​နေ​ပေမည်။

ရှင်း​နေသည်​မှာ သေခြင်း​တရားသည် ကြေကွဲဖွယ်​အဖြစ်ဆိုး​တစ်ရပ်​ဖြစ်၏။ သို့သော် အချို့​က ယင်း​အဖြစ်မှန်​ကို လက်မခံဘဲ သေခြင်းကို ကောင်းချီး​တစ်ခု​အဖြစ် သရုပ်ဖော်​ကြ​၏။ ၂၀၀၅၊ ဩဂုတ်​လ​၌ မက္ကဆီကို​ပင်လယ်ကွေ့​တွင် ဟာရီကိန်း​က​က်​ထ​ရီ​နာ တိုက်ခတ်​သွားပြီး​နောက် ဖြစ်ပျက်​ခဲ့​ရာ​ကို သုံးသပ်ကြည့်​ပါ။ မုန်တိုင်း​ကြောင့် သေဆုံး​သွား​သူ​တစ်ဦး၏ အသုဘ​အခမ်းအနား​တွင် ခရစ်ယာန်​ဘုန်းကြီး​က ဤသို့​ဆို​၏– “က​က်​ထ​ရီ​နာ​ကြောင့် သူ​သေ​တာ မဟုတ်ဘူး။ ဘုရားသခင်​က သူ့ကို ကောင်းကင်ဘုံ​ခေါ်​သွားတာ။” နောက်​အဖြစ်အပျက်​တစ်ခု​တွင် စိတ်ရင်းကောင်း​သော ဆေးရုံ​စာရေးမ​က ကလေး​မ​တစ်ဦး​အား သူ၏​မိခင်​ကို ဘုရားသခင်​ခေါ်သွား​ခြင်း​ဖြစ်သော​ကြောင့် ဝမ်း​မနည်း​ရန် ပြော​ခဲ့​သည်။ “အမေ့ကို ဘုရားသခင် ဘာကြောင့်​ခေါ်သွား​ရတာလဲ၊ ဘာကြောင့်လဲ” ဟု သူ​ပြော​ကာ ငိုကြွေး​ခဲ့​သည်။

သေခြင်းနှင့်​ပတ်သက်​၍ ထိုသို့​သော မှားယွင်း​သည့်​ယူဆချက်များ​က ပူဆွေး​သောကရောက်​နေသူတို့​ကို နှစ်သိမ့်မှု​မဖြစ်စေ​သည်​မှာ ရှင်းနေပါသည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ယင်း​ယူဆချက်များ​က သေခြင်းနှင့်​ပတ်သက်သော အမှန်တရားကို မဖော်​ပြပေး​သောကြောင့်​ဖြစ်သည်။ ပို​ဆိုး​သည်​မှာ ယင်း​တို့​က ဘုရားသခင်​အား မိသားစု​နှင့်​မိတ်ဆွေများ​ထံ​မှ ၎င်း​တို့​ချစ်​မြတ်နိုး​ရသူများကို ကြောက်မက်​နာကျင်ဖွယ်​နည်းများဖြင့် အတင်း​ခေါ်ဆောင်​သွား​သူ​အဖြစ် သရုပ်ဖော်​သောကြောင့်​ဖြစ်၏။ ဘုရားသခင်​အား နှစ်သိမ့်မှု​ရင်းမြစ်​ဖြစ်စေ​မည့်​အစား ဝမ်းနည်း​ကြေကွဲဖွယ် သေခြင်း​တရားကို ဖြစ်ပေါ်​စေသည့် ဆိုးသွမ်း​ယုတ်မာ​သူ​ဖြစ်စေ​သည်။ သို့သော် ဘုရားသခင့်​နှုတ်မြွက်တော်​က သေခြင်းနှင့်​ပတ်သက်သော အမှန်တရားကို ဖော်​ပြပေး​ပါ​သည်။

သမ္မာကျမ်းစာ​က သေခြင်း​တရားကို ရန်သူ​ဟု ခေါ်ဆို​ထား​သည်။ လူသား​မျိုးနွယ်​ကို အုပ်စိုး​သော​မင်း​အဖြစ်​လည်း တင်စား​ဖော်ပြ​သည်။ (ရောမ ၅:၁၇; ၁ ကောရိန္သု ၁၅:၂၆) သေခြင်း​တရားသည် အင်အားကြီး​ရန်သူ​တစ်ပါး​ဖြစ်​ရ​ကား မည်သည့်​လူသား​မျှ ခုခံနိုင်​စွမ်း​မရှိပါ။ သေဆုံး​သွား​သည့် ချစ်ရသူ​တိုင်း​သည် သေ​မင်း​၏ မရေမတွက်​နိုင်သော သားကောင်​များ​သာ ဖြစ်​ကြသည်။ ဤ​ကျမ်းစာ​အမှန်တရားက ချစ်ရသူ​တစ်ဦး​ကွယ်လွန်​သွား​သည့်​အခါ ကျွန်ုပ်​တို့ ဝမ်းနည်းပူဆွေး​ပြီး အားကိုးရာမဲ့ ခံစားရ​သည့်​အကြောင်းကို​ရှင်းပြသည်။ ဤ​ခံစားချက်​များသည် ဖြစ်ရိုးဖြစ်စဉ်​ဖြစ်​ကြောင်း ယင်းက စိတ်ချ​စေ​၏။ သို့သော် ဘုရားသခင်​သည် ရန်သူ​ဖြစ်သော သေခြင်းကို​အသုံးပြု၍ ကျွန်ုပ်​တို့​ချစ်ရသူ​များ​အား ကောင်းကင်ဘုံ​သို့ ခေါ်ဆောင်​သွား​သလော။ ဤ​မေးခွန်း​ကို သမ္မာကျမ်းစာ ဖြေဆိုပါ​လေ​စေ။

ဒေ. ၉:၅၊ ၁၀ တွင် ဤသို့​ဖော်ပြ​၏– “သေ​သော​သူ​မူ​ကား အဘယ်အရာကို​မျှ​မသိ။ . . . သင်​ယခု​သွား​၍ ရောက်​ရ​လတ္တံ့​သော​အရပ်​တည်း​ဟူသော မရ​ဏာ​နိုင်ငံ [“ရှီး​အိုး​လ်၊” က​ဘ] ၌ လုပ်ဆောင်ခြင်း​မရှိ။ ကြံစည်ခြင်း​မရှိ။ သိပ္ပံ​အတတ်​မရှိ။ ပညာ​မရှိပါ​တကား။” ရှီး​အိုး​လ်​ကား အဘယ်နည်း။ လူ​တို့​သေဆုံးသော​အခါ ရောက်ရှိ​သွားသော သာမန်​သင်္ချိုင်း​ဖြစ်သည်။ သင်္ချိုင်း​ရှိ လူသေ​တို့သည် သက်မဲ့​များ​ဖြစ်​ကာ လှုပ်ရှား​ဆောင်ရွက်မှု​မရှိ၊ ခံစားမှု​မရှိ၊ ကြံစည်​တွေးတောမှု​မရှိပါ။ သူတို့သည် နှစ်နှစ်​ခြိုက်​ခြိုက်​အိပ်ပျော်​နေသည့်​အလား ဖြစ်သည်။ * ထို့​ကြောင့် ဘုရားသခင်​သည် ကျွန်ုပ်​တို့​ချစ်​ရသော သေလွန်သူ​များ​ကို ကောင်းကင်ဘုံ​သို့ မ​ခေါ်ဆောင်​သွား​ကြောင်း သမ္မာကျမ်းစာ​က ရှင်းလင်းစွာ​ဖော်ပြ​သည်။ သေခြင်း​၏​အကျိုးဆက်​မှာ သေလွန်သူ​တို့သည် သင်္ချိုင်း​တွင် အသက်မဲ့​နေခြင်း​ဖြစ်၏။

ယေရှု၏​မိတ်ဆွေ လာဇရု​သေဆုံး​ပြီး​နောက် ဤ​အမှန်တရားကို ကိုယ်တော်​အတည်ပြုခဲ့​သည်။ ယေရှု​က သေခြင်းကို အိပ်စက်ခြင်း​နှင့် နှိုင်းယှဉ်ခဲ့​သည်။ အကယ်၍ လာဇရု​သည် အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​နှင့်အတူ​နေ​ရန် ကောင်းကင်ဘုံ​သို့​တက်​ခဲ့​မည်​ဆိုလျှင် ယေရှု​က သူ့ကို နောက်​တစ်ဖန်​သေဆုံး​ရဦး​မည့် မြေကြီး​အသက်တာ​သို့ ပြန်​ခေါ်​ခြင်း​သည် အကြင်နာမဲ့​ရာ​ကျ​ပေ​လိမ့်​မည်။ သင်္ချိုင်းတွင်း​တွင် ယေရှု​က “လာဇရု၊ ထွက်၍​လာ​လော့” ဟု​ကြီးသော​အသံ​နှင့် ဟစ်ခေါ်​ခဲ့​ကြောင်း မှုတ်သွင်းခံ​မှတ်တမ်းက ဖော်ပြ​သည်။ ကျမ်းစာ ဤသို့​ဆက်​ဖော်ပြ​၏– “သေလွန်သူ​သည် . . . ထွက်​လာ​၏။” လာဇရု ပြန်​အသက်ရှင်​လာ​လေ​ပြီ။ လာဇရု​သည် ကမ္ဘာ​မြေကြီး​မှ အခြား​တစ်​နေရာ​ရာ​သို့ မသွား​ခဲ့​ကြောင်း ယေရှု​သိတော်မူ​သည်။ သူသည် သင်္ချိုင်းဂူ​ထဲ​တွင် အသက်မဲ့​စွာ လဲလျောင်း​နေခဲ့​၏။—ယောဟန် ၁၁:၁၁-၁၄၊ ၃၄၊ ၃၈-၄၄

သမ္မာကျမ်းစာ​တွင် မှတ်တမ်း​တင်ထားသော ဤ​ဖြစ်ရပ်​က သေခြင်း​တရားသည် လူ​တို့အား ကမ္ဘာ​ပေါ်​မှ ကောင်းကင်ဘုံ​သို့​ခေါ်ဆောင်​ရန် ဘုရားသခင်​အသုံးပြုသည့် နည်းလမ်း​မဟုတ်​ကြောင်း နားလည်စေ​သည်။ ထို့​ကြောင့် ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​ဝမ်းနည်း​ကြေကွဲမှု​ကို ဖြစ်ပေါ်​စေ​သူ​မဟုတ်​ကြောင်း သိရှိ​ကြ​ရာ ကိုယ်တော်​ထံ ချဉ်းကပ်​နိုင်​ပါ​သည်။ ရန်သူ​သေခြင်း​ကြောင့် ကျွန်ုပ်​တို့​ခံစား​ရသော ပူဆွေး​သောက​နှင့် ဆုံးရှုံးမှု​တို့ကို​လည်း ကိုယ်တော် ကောင်းစွာ​နားလည်​ကြောင်း ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။ ထို့​ပြင် သေလွန်သူ​တို့၏​အခြေအနေ​နှင့်​ပတ်သက်သော ကျမ်းစာ​အမှန်တရားက သူတို့သည် မီးငရဲ သို့​မဟုတ် ငရဲကလေး​တွင် ဝေဒနာ​ခံစား​နေရ​ခြင်း​မဟုတ်ဘဲ သင်္ချိုင်း​တွင်​အသက်မဲ့​နေကြောင်း စိတ်ချ​စေ​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့​ချစ်ရသူ​များ​အကြောင်း စဉ်းစားမိ​သည့်​အခါ ဘုရားသခင်​ကို မုန်းတီး​သည့်​စိတ်​နှင့် သူတို့ မည်သည့်​နေရာ​ရောက်နေ​မည်​ကို စိုးရိမ်စိတ်​တို့ ဖြစ်စရာ​မလိုတော့ပေ။ ထို့​ပြင် ယေဟောဝါ​သည် သမ္မာကျမ်းစာ​တွင် ထပ်ဆင့် နှစ်သိမ့်မှု​ပေး​ထား​သေး​သည်။

ပျော်ရွှင်မှု​ရစေသော မျှော်လင့်ချက်

ကျွန်ုပ်​တို့​ဆွေးနွေး​ခဲ့​ကြသော ကျမ်းချက်​များ​က စစ်မှန်သော​ပျော်ရွှင်မှု​အတွက် မရှိမဖြစ်​သော မျှော်လင့်ချက်ကို ညွှန်ပြ​သည်။ သမ္မာကျမ်းစာ​တွင် “မျှော်လင့်ချက်” ဟူ၍ အသုံးပြု​ထားသော စကားလုံး​သည် ကောင်း​ရာ​ကို ယုံကြည်​စိတ်ချ​စွာ​မျှော်လင့်ခြင်း​ကို ဆိုလို​သည်။ မျှော်လင့်ချက်​က ပျော်ရွှင်မှု​ရရှိစေ​ပုံ​ကို​သိနိုင်​ရန် လာဇရု​အား ယေရှု ရှင်ပြန်ထမြောက်​ပေး​သော မှတ်တမ်း​ကို ပြန်​သုံးသပ်ကြည့်ကြ​စို့။

ဤ​အံ့ဖွယ်​အမှုကို ယေရှု​ပြုလုပ်​ရသည့် အကြောင်းရင်း အနည်းဆုံး​နှစ်ချက်​ရှိသည်။ ပထမ​အချက်​မှာ မာသ၊ မာရိနှင့် ပူဆွေး​နေသော​မိတ်ဆွေများ​၏ ဝမ်းနည်း​ကြေကွဲမှု​ကို ဖယ်ရှား​ပေး​ရန်ဖြစ်​သည်။ ၎င်း​တို့​ချစ်ရသူ​နှင့် နောက်​တစ်ကြိမ် ပြန်ပေါင်း​စည်း​နိုင်​ရန်ဖြစ်​သည်။ သို့သော် ပို​အရေးကြီးသော ဒုတိယ​အချက်​ကို မာသ​အား ယေရှု​ပြောပြ​၏– ‘သင်သည်​ယုံ​လျှင် ဘုရားသခင်​၏​ဘုန်းတော်​ကို မြင်ရ​လိမ့်​မည်။ ငါ​ပြော​ပြီ​မဟုတ်လော။’ (ယောဟန် ၁၁:၄၀) ဂျေ. ဘီ. ဖီး​လ​စ္စ​၏ ခေတ်​သစ်​အင်္ဂလိပ်​ဓမ္မသစ်​ကျမ်း​က “ဘုရားသခင်​ပြုလုပ်​နိုင်သော အံ့ဖွယ်အမှု​တော်” ဟု​ပြန်ဆို​သည်။ လာဇရု​ကို ယေရှု အသက်ပြန်ရှင်​စေခြင်း​သည် ယေဟောဝါ​ဘုရားသခင် ပြုလုပ်​နိုင်ရာ​နှင့် အနာဂတ်​တွင် ပြု​တော်​မူ​မည့်​အရာ​၏ ရှေ့ပြေး​ဖြစ်သည်။ “ဘုရားသခင်​ပြုလုပ်​နိုင်သော အံ့ဖွယ်အမှု​တော်” နှင့်​ပတ်သက်​၍ ထပ်ဆင့်​အချက်အလက်​များ​ကို ဤ​တွင်​ဖော်ပြ​ထား​သည်။

ယောဟန် ၅:၂၈၊ ၂၉ တွင် ယေရှု​ဤသို့​ဆို​၏– “ဤ​အမှုအရာ​ကို အံ့သြခြင်း​မရှိကြ​နှင့်။ သင်္ချိုင်း​များ​မှာ​ရှိသောသူ​အပေါင်းတို့သည် သားတော်​၏​စကားသံ​ကို​ကြား​၍ ထွက်​ရမည့်​အချိန်ကာလ ရောက်​လတ္တံ့။” ယင်းက ကျွန်ုပ်​တို့ ချစ်ရသူ​များ​အပါအဝင် ရှီး​အိုး​လ်​၌​ရှိသော လူသေ​အားလုံး အသက်ပြန်ရှင်​လာ​မည်​ကို ဆိုလို​သည်။ ဤ​အံ့ဖွယ်​ဖြစ်ရပ်​အကြောင်း တမန်​တော် ၂၄:၁၅ က ဤသို့​ထပ်လောင်း​ဆို​၏– “ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ​ရှိသမျှ​တို့သည် သေခြင်း​မှ ထမြောက်​ကြလိမ့်မည်။” ထို့​ကြောင့် ယေဟောဝါ​ကို​မ​သိ၍ မကိုးကွယ်​သူများ​ဖြစ်​ကြ​သည့် “မဖြောင့်မတ်​သော​သူ” တို့​ပင် ဘုရားသခင့်​မျက်နှာသာ​ရ​ရန် အခွင့်အရေး ထပ်မံ​ရရှိကြလိမ့်မည်။

ဤ​ရှင်ပြန်ထမြောက်ခြင်း​သည် အဘယ်​နေရာတွင် ဖြစ်​မည်​နည်း။ ဆာလံ ၃၇:၂၉ တွင် ဤသို့​ဖော်ပြ​ထား​၏– “ဖြောင့်မတ်​သော​သူတို့သည် ပြည်တော်​ကို​အမွေခံ​၍ အစဉ်အမြဲ​နေရ​ကြလိမ့်မည်။” ယင်းက အဘယ်အရာကို​ဆိုလို​ကြောင်း စဉ်းစား​ကြည့်​ပါ။ သေခြင်း​ကြောင့် ခွဲခွာ​ခဲ့​ရသော မိသားစု​များနှင့် မိတ်ဆွေများ​သည် ဤ​ကမ္ဘာ​ပေါ်​တွင် ပြန်လည်​ဆုံစည်း​ကြလိမ့်မည်။ သင်​တစ်ချိန်က ချစ်​မြတ်နိုး​ရသူ​များနှင့် ပြန်လည်​တွေ့ဆုံ ပေါင်းဖော်​ရမည့်​အချိန်​များ​ကို စဉ်းစား​ကြည့်​သည့်​အခါ သင့်​နှလုံးသား​သည် ပျော်ရွှင်မှု​များနှင့်​ပြည့်လျှံ​နေ​မည်​မှာ အမှန်ပင်။

ယေဟောဝါ​သည် သင့်ကို​ပျော်ရွှင်​စေ​လို

ပြဿနာ​များ​ကြား​မှ သင့်​ပျော်ရွှင်မှု​ကို ယေဟောဝါ​တိုးပွား​စေနိုင်​သည့် နည်း​နှစ်နည်း​ကို သုံးသပ်ကြ​ပါ​မည်။ ပထမ​နည်း​မှာ အခက်အခဲ​များ​ကို အောင်မြင်စွာ​ဖြေရှင်း​နိုင်​ရန် သမ္မာကျမ်းစာ​မှ​တစ်ဆင့် အသိပညာနှင့်​လမ်းညွှန်မှု ပေးခြင်း​ဖြစ်သည်။ သမ္မာကျမ်းစာ​၏​အကြံဉာဏ်​သည် သေခြင်း​ကြောင့်​ဖြစ်​ရသော ဝမ်းနည်းပူဆွေးမှု​အပြင် စီးပွားရေး၊ ကျန်းမာ​ရေး​ပြဿနာ​များ​ကိုလည်း ကိုင်တွယ်​ဖြေရှင်းရန် အကူအညီ​ပေး​နိုင်​သည်။ လူမှုရေး​မမျှတ​မှု​နှင့် နိုင်ငံရေး​မငြိမ်မသက်​ဖြစ်မှု​တို့ကို ခံနိုင်ရည်​ရှိ​ရန်​လည်း ခွန်​အားပေးနိုင်​သည်။ ထို့​ပြင် ကျမ်းစာ​၏​လမ်းညွှန်ချက်ကို သင့်​အသက်တာတွင် ကျင့်သုံး​ပါ​က အခြား​ကိုယ်ရေးကိုယ်တာ ပြဿနာ​များ​ကို​ဖြေရှင်းရန် ကူညီ​ပေး​နိုင်​ပါ​သည်။

ဒုတိယ​မှာ သမ္မာကျမ်းစာ​လေ့လာခြင်း​ဖြင့်​ဖြစ်သည်။ ယင်းက လူ​တို့​ပေး​သော မျှော်လင့်ချက်​ထက် များစွာ​သာလွန်​ကောင်းမွန်သော မျှော်လင့်ချက်ကို ရရှိစေ​၏။ မိတ်ဆွေများ​နှင့် မိသားစုဝင်​များ  ရှင်ပြန်ထမြောက်​လာ​ခြင်း​သည် ကျမ်းစာ​ပါ​မျှော်လင့်ချက်​၏ တစ်စိတ်​တစ်ပိုင်း​ဖြစ်သည်။ ဗျာ. ၂၁:၃၊ ၄ က ဤသို့​အသေးစိတ်​ဖော်​ပြပေး​၏– “ဘုရားသခင်​သည် ကိုယ်တော်တိုင် [လူ​တို့] နှင့်အတူ​ရှိနေ . . . မည်။ ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌ မျက်ရည်​ရှိသမျှ​တို့ကို သုတ်တော်မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ။” ထို့​ကြောင့် သင့်ကို ဝမ်းနည်း​ကြေကွဲ​စေသော မည်သည့်​အရာ​မဆို မကြာမီ ထာဝစဉ်​ပျောက်ကွယ်​သွားတော့​မည်။ သမ္မာကျမ်းစာ​ကတိထားရာ​များသည် အမှန်​ပြည့်စုံ​လာ​မည်​ဖြစ်၍ ယင်း​တို့ကို သင်​တွေ့ကြုံ​ခံစား​နိုင်​ပါ​သည်။ ပို​၍​ကောင်းသော​အချိန်​များ ရှေ့တွင်​ရှိနေကြောင်း သိထား​ရုံ​နှင့် နှစ်သိမ့်မှု​ဖြစ်စေ​ပါ​သည်။ သေဆုံး​ပြီး​နောက် မည်သည့်​ဝေဒနာ​မျှ မခံစား​ရ​ကြောင်း သိထားခြင်းက​လည်း ပျော်ရွှင်​စေပါ​သည်။

သာဓက​အနေ​နှင့် လွန်ခဲ့သော​နှစ်​အနည်းငယ်​က မာ​ရီ​ယာ​၏​ခင်ပွန်း​ဖြစ်သူ​သည် ကင်ဆာ​ရောဂါ​ကြောင့် ဝေဒနာ​ခံစား​ကာ သေဆုံး​ခဲ့​သည်။ ယင်းကြောင့် သောကရောက်​နေစဉ်​မှာ​ပင် ငွေကြေး​အခက်အခဲ​ကြောင့် သူနှင့်​သမီး​သုံးဦး​တို့ အိမ်မှဆင်း​ပေး​ခဲ့​ရသည်။ နှစ်နှစ်​ကြာပြီးနောက် မာ​ရီ​ယာ​တွင် ကင်ဆာ​ရောဂါ​ဖြစ်​နေကြောင်း သိလိုက်ရ​၏။ အကြီးစား​ခွဲစိတ်​ကုသမှု နှစ်ကြိမ်​ပြုလုပ်​ခဲ့​ရပြီး နေ့စဉ် အပြင်းအထန် ဝေဒနာ​ခံစား​ခဲ့​ရသည်။ ဤ​ပြဿနာ​များ​ကြုံ​ရ​သော်လည်း သူ့​တွင် အကောင်းမြင်​သဘောထား​ရှိ​ခြင်း​ကြောင့် အခြား​သူများကို​ပင် အားပေးနိုင်​ခဲ့​သည်။ ပျော်ရွှင်မှု​ကို သူ​မည်သို့ ဆက်​ထိန်းသိမ်း​ခဲ့​သနည်း။

မာ​ရီ​ယာ​ဤသို့​ပြောပြ​၏– “ပြဿနာ​တစ်ခု ဖြစ်လာ​ပြီ​ဆိုရင် အဲဒါကို​ပဲ​တွေး​မနေ​မိအောင် ကျွန်မ​ကြိုးစား​တယ်။ ‘ငါ့​ကျ​မှ ဘာကြောင့်​ဖြစ်​ရတာလဲ။ ငါ ဘာကြောင့်​ဒီလို ခံစား​နေရ​တာလဲ။ ငါ  ဘာကြောင့် မ​ကျန်း​မမာ​ဖြစ်​ရတာလဲ’ ဆို​တဲ့ အတွေးမျိုးကို ရှောင်တယ်။ အပျက်သဘောထား​က အားလျော့​စေ​တဲ့​အတွက် အဲဒါတွေ​တွေး​မယ့်​အစား ကျွန်မ​ရဲ့​ခွန်အား​ကို ယေဟောဝါ​ရဲ့​အမှုတော်​ဆောင်​ဖို့၊ တခြား​သူတွေကို အားပေးဖို့ အသုံးပြုတယ်။ ဒါ​ကြောင့်​လည်း ကျွန်မ ပျော်ရွှင်​တယ်။”

မာ​ရီ​ယာ​၏​ဘဝတွင် မျှော်လင့်ချက်​က မည်သို့​အကူအညီ​ဖြစ်စေ​ခဲ့​သနည်း။ သူ၏​မျှော်လင့်ချက်​သည် လူသား​တို့​ခံစား​နေရ​သော ရောဂါ​ဝေဒနာ​များနှင့် ပြဿနာ​များ​ကို ယေဟောဝါ​ဖယ်ရှား​ပေး​မည့် အနာဂတ်​အပေါ် အခြေပြု​သည်။ ဆေး​ကုသမှု​ခံယူ​ရန် ဆေးရုံ​သို့​သွားသော​အခါ​တွင် မျှော်လင့်ချက်မဲ့​နေ​ပုံ​ရသော အခြား​ကင်ဆာ​ဝေဒနာရှင်​များ​အား ဤ​မျှော်လင့်ချက်ကို သူ​ဝေမျှပေး​သည်။ မျှော်လင့်ချက်​သည် မာ​ရီ​ယာ​အတွက် မည်မျှ​အရေးပါ​သနည်း။ သူဤသို့​ပြောပြ​၏– “ဟေဗြဲ ၆:၁၉ မှာ ပေါလု​က မျှော်လင့်ခြင်း​ကို စိတ်နှလုံး​ရဲ့​ကျောက်ဆူး​အဖြစ် ဖော်ပြ​ထား​တာ​ကို ကျွန်မ မကြာခဏ​စဉ်းစား​မိတယ်။ ကျောက်ဆူး​သာ​မရှိဘူး​ဆိုရင် လေပြင်း​တိုက်​တဲ့​အခါ မျောပါ​သွားတဲ့​လှေ​တစ်စင်း​လို​ပဲ ကျွန်မ​တို့​လည်း မျောပါ​သွား​လိမ့်မယ်။ ဒါပေမဲ့ ကျောက်ဆူး​က​မြဲ​နေမယ်​ဆိုရင် မုန်တိုင်း​လို​ပြဿနာ​တွေ ကြုံရ​ရင်တောင် ဘေးကင်း​လုံခြုံ​ပါ​လိမ့်မယ်။” မုသာ​နှင့်​ကင်းစင်​တော်​မူ​သော ဘုရားသခင် ကတိ​ထား​တော်​မူ​သော ထာဝရ​အသက်​မျှော်လင့်ချက်​က မာ​ရီ​ယာ​ကို ဆက်၍​ပျော်ရွှင်​နေ​ရန် ကူညီ​ပေး​သည်။ ယင်း​မျှော်လင့်ချက်​သည် သင့်ကိုလည်း အလားတူ ကူညီ​ပေး​နိုင်​ပါ​သည်။—တိတု ၁:၁-၃

သင့်​တွင် ပြဿနာ​များ​ရှိသည့်​တိုင် သမ္မာကျမ်းစာ​ကို​လေ့လာခြင်း​ဖြင့် စစ်မှန်သော​ပျော်ရွှင်မှု ရရှိနိုင်​ပါ​သည်။ သို့သော် ကျမ်းစာ​ကို မည်သို့​လေ့လာ​ရမည်​နှင့်​ပတ်သက်​၍ သင်​သိ​လို​သည့်​အချက်များ ရှိ​ပေမည်။ စစ်မှန်သော​ပျော်ရွှင်မှု​ရနိုင်​ရန် လိုအပ်​သည့် ကျမ်းစာ​အဖြေ​များ​ကို ယေဟောဝါသက်သေ​များ​က ဝမ်းမြောက်​စွာ​ပြောပြ​ပါ​လိမ့်​မည်။ ယေဟောဝါ​ကမ်း​လှမ်း​သည့် မျှော်လင့်ချက်​ပြည့်စုံ​လာ​မည်​ကို သင်​စောင့်မျှော်​နေစဉ် ဤ​တွင်​ဖော်ပြ​ထား​သူများ​၌ သင်​ပါဝင်​နိုင်​ပါ​သည်– သူတို့သည် “ဝမ်းမြောက်​ရွှင်လန်းခြင်း​အခွင့်​ကို​ရ​ကြ​၍ ဝမ်းနည်းခြင်း​နှင့် ညည်းတွား​ခြင်း​သည် ပြေး​သွား​ရ​လိမ့်​မည်။”—ဟေရှာယ ၃၅:၁၀

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 ဗြိတဲန်နီကာ​စွယ်စုံ​ကျမ်း (၂၀၀၃) တွင် ရှီး​အိုး​လ်​ကို “နာကျင်ခြင်း သို့​မဟုတ် ပျော်မွေ့ခြင်း၊ အပြစ်ပေးခြင်း သို့​မဟုတ် အကျိုးပေး​ခြင်း မရှိသော​နေရာ” အဖြစ်​ဖော်ပြ​ထား​သည်။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​အမှန်တရားက​သာ ဝမ်းနည်းခြင်း​ကို သက်သာ​စေနိုင်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ရှင်ပြန်ထမြောက်ခြင်း​ဆိုင်ရာ​သမ္မာကျမ်းစာ​၏​မျှော်လင့်ချက်​က ပျော်ရွှင်​စေနိုင်