မာနကြီးခြင်းနှင့် နှိမ့်ချခြင်းဆိုင်ရာ သင်ခန်းစာ
မာနကြီးခြင်းနှင့် နှိမ့်ချခြင်းဆိုင်ရာ သင်ခန်းစာ
ဘုရင်ဒါဝိဒ်၏ဘဝတစ်ကွေ့မှ ဖြစ်ရပ်တစ်ခုက စစ်မှန်သောနှိမ့်ချခြင်းနှင့် မာနကြီးခြင်းတို့ ခြားနားပုံကို မီးမောင်းထိုးပြသည်။ ဒါဝိဒ်သည် ယေရုရှလင်မြို့ကိုသိမ်းပိုက်ကာ မြို့တော်အဖြစ် တည်ထောင်ပြီးနောက် ယင်းသို့ဖြစ်ပျက်ခဲ့၏။ ဒါဝိဒ်သည် ယေဟောဝါအား ဣသရေလလူတို့၏ စစ်မှန်သောရှင်ဘုရင်အဖြစ် သဘောထားသည့်အတွက် ဘုရားသခင့်ရောက်ရှိနေခြင်းကို အထိမ်းအမှတ်ပြုသော သေတ္တာတော်ကို မြို့တော်သို့သယ်ဆောင်ရန် စီစဉ်ခဲ့သည်။ ယင်းအခါသမယသည် ဒါဝိဒ်အတွက် အလွန်အရေးကြီးလှရကား သေတ္တာတော်ကိုထမ်းသော ယဇ်ပုရောဟိတ်များနောက်မှ လိုက်ပါလာစဉ် သူ၏ရွှင်လန်းမှုကို လူသိရှင်ကြားဖော်ပြခဲ့သည်။ ယေရုရှလင်မြို့သားများက မိမိတို့ရှင်ဘုရင်သည် “အားထုတ်၍လှည့်ပတ်ကခုန်” နေသည်ကို တွေ့ မြင်ကြရသည်။—၁ ရာဇဝင်ချုပ် ၁၅:၁၅၊ ၁၆၊ ၂၉; ၂ ဓမ္မရာဇဝင် ၆:၁၁-၁၆၊ သမ္မာ။
ဒါဝိဒ်၏မယား မိခါလသည် ထိုပျော်ရွှင်ဖွယ်စီတန်းလှည့်လည် ပွဲတွင် မလိုက်ပါ ခဲ့ပေ။ သူသည် ပြတင်းပေါက်မှကြည့် ၍ ယေဟောဝါအား ဒါဝိဒ်ချီးမွမ်းနေပုံကို နှစ်သက်အားရသဘောကျမည့်အစား “စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု၏။” (၂ ဓမ္မရာဇဝင် ၆:၁၆) မိခါလသည် အဘယ်ကြောင့် ထိုသို့ပြုရသနည်း။ သူသည် ဣသရေလနိုင်ငံ၏ပထမဆုံးရှင်ဘုရင် ရှောလု၏သမီးတော်ဖြစ်ရခြင်း၊ ယခု ဒုတိယရှင်ဘုရင်၏မိဖုရားဖြစ်နေရခြင်းကို အတိုင်းထက်အလွန် ဂုဏ်ယူဝင့်ကြွားဘဝင်မြင့်နေပုံရသည်။ မိမိ၏ကြင်ရာတော် ရှင်ဘုရင်သည် ကိုယ်ကိုနှိမ့်ချ၍ သာမန်လူတန်းစားနှင့်မရောသင့်၊ သူတို့နှင့်အတူပွဲခံခြင်းမပြုသင့်ဟု ယူဆခြင်းဖြစ်နိုင်သည်။ ဒါဝိဒ် နန်းတော်သို့ ပြန်လာသောအခါ သူ၏ကြိုဆိုပုံတွင် အဆိုပါမာနစိတ် ပေါ်လွင်နေသည်။ “လျှပ်ပေါ်သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကိုချွတ်သကဲ့သို့ ယနေ့ကျွန်ယောက်ျား ကျွန်မိန်းမများရှေ့တွင် အဝတ်တော်ကိုချွတ်သော ဣသရေလရှင်ဘုရင်သည် ယနေ့အဘယ်မျှလောက် ဘုန်းကြီးတော်မူပါသည်တကား” ဟု ခနဲ့တဲ့ တဲ့ဆိုလေ၏။—၂ ဓမ္မရာဇဝင် ၆:၂၀။
ဤပြစ်တင်ဝေဖန်စကားကို ဒါဝိဒ် မည်သို့တုံ့ပြန်ခဲ့သနည်း။ သူ၏ခမည်းတော် ရှောလုအား ယေဟောဝါဖယ်ရှားလိုက်ပြီဟု ပြောခြင်းဖြင့် မိခါလကို ဒါဝိဒ်ပြစ်တင်ဆုံးမခဲ့သည်။ ဒါဝိဒ် ဤသို့ဆက်ဆို၏– “ငါသာ၍မထီမဲ့မြင်ပြုခြင်းခံမည်။ သင့်အထင်အတိုင်း ကိုယ်ကိုသာ၍နှိမ့်ချမည်။ သင်ပြောသောကျွန်မတို့ရှေ့၌မူကား ငါဘုန်းကြီးလိမ့်မည်။”—၂ ဓမ္မရာဇဝင် ၆:၂၁၊ ၂၂၊ သမ္မာ။
ယေဟောဝါအား နှိမ့်ချစွာဝတ်ပြုသွားမည်ဟု ဒါဝိဒ် သန္နိဋ္ဌာန်ချထားသည်။ ယင်းကြောင့် ယေဟောဝါသည် ဒါဝိဒ်အား ဘုရားသခင်၏ “စိတ်နှလုံးတော်နှင့်ညီညွတ်သောသူ” ဟုခေါ်ဆိုခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့နားလည်ရသည်။ (တမန်တော် ၁၃:၂၂; ၁ ဓမ္မရာဇဝင် ၁၃:၁၄) အမှန်အားဖြင့် ဒါဝိဒ်သည် နှိမ့်ချမှုတင်ပြရာတွင် အကောင်းဆုံးစံနမူနာရှင် ယေဟောဝါဘုရားသခင်အား အတုယူခဲ့ခြင်းဖြစ်၏။ စိတ်ဝင်စားစရာမှာ “ကိုယ်ကိုသာ၍နှိမ့်ချမည်” ဟု မိခါလကို ဒါဝိဒ်ဆိုခဲ့သောအသုံးအနှုန်းသည် လူတို့အပေါ် ဘုရားသခင်၏ရှုမြင်ချက်ကို ဖော်ပြရာတွင် အသုံးပြုသော ဟေဗြဲကြိယာမှ ဆင်းသက်လာသည်။ ယေဟောဝါသည် စကြဝဠာတွင် အကြီးမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သော်လည်း “ကိုယ်ကိုနှိမ့်ချ [မိမိအောက် ရာထူးအဆင့်၊ ဂုဏ်အသရေနိမ့်သူတစ်ဦးနှင့် တန်းတူဆက်ဆံ] ၍ ကောင်းကင်အရာနှင့် မြေကြီးအရာတို့ကို ကြည့်ရှုတော်မူ” ပြီး “ဆင်းရဲသောသူကို မြေမှုန့်ထဲကကြွလျက် ငတ်မွတ်သောသူကို နောက်ချေးပုံထဲက ချီးမြှောက်” တော်မူသည်ဟု ဆာလံ ၁၁၃:၆၊ ၇ တွင် ဖော်ပြသည်။
နှိမ့်ချမှုရှိတော်မူသော ယေဟောဝါသည် မာနကြီးသူတို့၏ “ထောင်လွှားသောမျက်နှာ” ကို မုန်းသည်မှာ အံ့ဩစရာမဟုတ်ပေ။ (သု. ၆:၁၆၊ ၁၇) မိခါလသည် ထိုဉာဉ်ဆိုးရှိ၍ ဘုရင်အဖြစ် ဘုရားသခင်ရွေးချယ်ထားသူကို မလေးမစားပြုသောကြောင့် ဒါဝိဒ်အတွက် သားဖွားပေးခွင့် ဆုံးရှုံးခဲ့ရသည်။ သားသမီးမထွန်းကားဘဲ သူသေဆုံးခဲ့ရသည်။ ကျွန်ုပ်တို့အတွက် အလွန်အဖိုးတန်သော သင်ခန်းစာပါတကား။ ဘုရားသခင့်မျက်နှာသာရလိုသူတိုင်း အောက်ပါစကားကို လိုက်နာရမည်– “အချင်းချင်းတစ်ယောက်အောက်တစ်ယောက် နှိမ့်ချလျက်နေ၍ နှိမ့်ချခြင်းတန်ဆာကိုဆင်ကြလော့။ အကြောင်းမူကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။”—၁ ပေတရု ၅:၅။