ရုပ်မြင်သံကြားသည် ကလေးထိန်းကောင်းတစ်ဦးလော
ရုပ်မြင်သံကြားသည် ကလေးထိန်းကောင်းတစ်ဦးလော
သင်သည် နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် အလုပ်များနေစဉ် သင့်ကလေးများပျော်စေရန် ရုပ်မြင်သံကြားကြည့်ရှုခွင့်ပေးထားခြင်းသည် တစ်ခါတစ်ရံ အတော်ပင် နှစ်သက်ဖွယ်ကောင်းပုံရပေမည်။ သို့သော် ယင်းက သင့်သားသမီးအပေါ် အဘယ်အကျိုးသက်ရောက်နိုင်သနည်း။
“ရုပ်မြင်သံကြားမှထုတ်လွှင့်သော စိတ်လှုပ်ရှားဖွယ်အကြောင်းများသည် ကလေးငယ်များကိုပင် ဩဇာလွှမ်းမိုးနိုင်သည်” ဟု နယူးယောက်တိုင်းမ်က ဖော်ပြသည်။ မကြာသေးမီကပြုလုပ်သော လေ့လာမှုတစ်ခုတွင် အမျိုးသမီးသရုပ်ဆောင်တစ်ဦးက ကစားစရာအရုပ်တစ်ခုနှင့် ပုံစံအမျိုးမျိုးသရုပ်ဆောင်ပြသော ပြကွက်တိုများကို တစ်နှစ်အရွယ်ကလေးများအား ပြသခဲ့သည်။ “အမျိုးသမီးသရုပ်ဆောင်က ကစားစရာအရုပ်တစ်ခုကို ကြောက်ရွံ့ပုံ သရုပ်ဆောင်ပြမည်ဆိုလျှင် ကလေးငယ်များသည် ထိုအရုပ်နှင့် ဆော့ကစားမည်မဟုတ်ဘဲ ယင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်၊ ဘဝင်မကျ၊ သုန်မှုန် သို့မဟုတ် ငိုယိုမည့်အကြောင်းပိုများသည်။ သို့သော် အမျိုးသမီးသရုပ်ဆောင်က ကစားစရာအရုပ်ကို သဘောကျမည်ဆိုလျှင် ကလေးငယ်များသည် ထိုအရုပ်နှင့် ပို၍ကစားလိုစိတ်ရှိကြ၏” ဟူ၍ တိုင်းမ်က ဖော်ပြသည်။
ရုပ်မြင်သံကြားသည် ကလေးငယ်များအပေါ် ဩဇာလွှမ်းမိုးနိုင်သည်မှာ ရှင်းနေပါသည်။ ယင်းက သားသမီးများအပေါ် နှစ်ရှည်လများသြဇာလွှမ်းမိုးလာလျှင် မည်သို့နည်း။ ဂျပန်နိုင်ငံ၊ ကူရာရှီကီမြို့မှ ကာဝါဆာကီဆေးကောလိပ်၏ ကလေးအထူးကုပါမောက္ခ နာအိုကီ ကာတာအိုကာက အလွန်ငြိမ်ချက်သားကောင်း၍ မျက်နှာပေါ်တွင် ခံစားချက်မပေါ်လွင်သော ကလေးများစွာကို လေ့လာခဲ့၏။ ထိုကလေးအားလုံးမှာ တီဗွီ သို့မဟုတ် ဗီဒီယိုကို နှစ်ရှည်လများ ကြည့်ရှုခဲ့သူများဖြစ်ကြ၏။ နှစ်နှစ်သားတစ်ဦးသည် အခြားသူတို့နှင့် စကားစမြည်မပြောဆိုနိုင်သည့်ပြင် စကားလုံးများများစားစား မသုံးနိုင်ပေ။ သူသည် တစ်နှစ်သားအရွယ်ကတည်းက နေ့တိုင်း မိုးလင်းမိုးချုပ် ဗီဒီယိုကြည့်ခဲ့သူဖြစ်၏။ မိခင်ဖြစ်သူက ဆရာဝန်၏အကြံပေးချက်အတိုင်း ဗီဒီယိုကြည့်ခွင့်မပြုတော့ဘဲ ကလေးနှင့်အတူ အဖော်ပြုကစားပေးပြီးနောက်မှသာ ထိုကလေးမှာ တဖြည်းဖြည်း စကားပိုပြောတတ်လာသည်။ ထို့ကြောင့် မိဘများသည် သားသမီးများနှင့် အပြန်အလှန် ပြောဆိုဆက်သွယ်မှုရှိရမည်။
မိသားစုအစီအစဉ်ကိုစတင်ခဲ့သော ယေဟောဝါဘုရားသခင်သည် ကောင်းစွာပြောဆိုဆက်သွယ်ခြင်း၏ အရေးကြီးပုံကို အလေးထားဖော်ပြခဲ့သည်။ ရှေးအချိန်က မိမိလူမျိုးတော်ကို ကိုယ်တော် ဤသို့မိန့်ဆိုခဲ့၏– “[ဘုရားသခင့်စကားတော်] ကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။” (တရားဟောရာ ၆:၇) ရုပ်မြင်သံကြားက မဟုတ်ဘဲ မိဘတို့ကသာ အပြောနှင့်ပုံသက်သေအားဖြင့် သားသမီးများ “သွားရမည့်လမ်းအတိုင်း” အကောင်းဆုံးသွန်သင်ပေးနိုင်မည်ဖြစ်သည်။—သု. ၂၂:၆၊ သမ္မာ။