မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မည်မျှ ပျော်ရွှင်သနည်း

သင်မည်မျှ ပျော်ရွှင်သနည်း

သင်​မည်မျှ ပျော်ရွှင်​သနည်း

‘ငါ​ဘယ်လောက် ပျော်​သလဲ’ ဟု သင့်ကိုယ်​သင် မေးကြည့်​ဖူး​ပေမည်။ သင် သို့​မဟုတ် အခြားသူများ​၏​အဖြေကို​သိရှိ​ရန် လူမှုရေး​သိပ္ပံ​ပညာရှင်​များ ကြိုးစား​နေကြ​သော်လည်း ယင်းသည် လွယ်ကူ​သည့်​အလုပ်​တစ်ခု​မဟုတ်ပေ။ လူတစ်ဦး​စီ​၏​ပျော်ရွှင်မှု​ကို တိုင်းတာ​ခြင်း​သည် လင်ယောက်ျား​တစ်ဦး​က ဇနီးသည်​အပေါ်​ထား​ရှိသော​မေတ္တာ သို့​မဟုတ် မိသားစုဝင်​တစ်ဦး သေဆုံး​သွားခြင်း​ကြောင့် ခံစား​ရသော ဝမ်းနည်းပူဆွေးမှု​ကို တိုင်းတာ​ရန်​ကြိုးစား​ခြင်း​နှင့် တူ​ပေမည်။ ခံစားချက်​များ​ကို တိကျ​စွာ​တိုင်းတာ​ရန် မလွယ်ကူ​ချေ။ သို့​တိုင် လူသား​အားလုံး​တွင် ပျော်ရွှင်​နိုင်သော​စွမ်းရည်​ရှိကြသည်​ဟူသော အခြေခံ​အမှန်တရားကို သိပ္ပံ​ပညာရှင်​များ အသိအမှတ်ပြု​ကြ​၏။

ပျော်ရွှင်​နိုင်​သည့် ပင်ကိုစွမ်းရည် ရှိကြ​သော်လည်း ရတက်မအေး​ဖွယ်​ပြဿနာ​များ​က စိတ်မချ​မ်း​သာ​မှုများ​စွာ ဖြစ်စေ​၏။ ဤ​သာဓက​ကို သုံးသပ်ကြည့်​ပါ– အချို့​မြို့များ​ရှိ သင်္ချိုင်း​များ​တွင် အေ့ဒ်စ်​ရောဂါ​ကြောင့်​သေဆုံး​သူများ​ဖြင့် ပြည့်နေ​သည်။ အာဏာပိုင်​များ​က သင်္ချိုင်း​အဟောင်း​များ​ကို ပြန်​ဖွင့်​၍ လူသေများ​ကို​မြှုပ်နှံ​ရန် ခွင့်ပြု​ခဲ့​ရသည်။ အာဖရိက​တိုက်​ရှိ ဒေသ​အချို့​တွင် အ​ခေါင်း​ရိုက်ခြင်း​သည် အဓိက​လုပ်ငန်း​တစ်ခု​ဖြစ်နေ​၏။ သင် မည်သည့်​နေရာတွင်​ပင်​နေထိုင်​ပါစေ ဆိုးရွား​သော​ရောဂါ ခံစား​နေရသူ​များနှင့် ဆွေမျိုး​များ၊ မိတ်ဆွေများ​ကို ဆုံးရှုံး​ခဲ့​ရသူ​တို့၏ ဝမ်းနည်း​ကြေကွဲမှု​များ​ကို တွေ့မြင်​နေရ​သည်။

ဖွံ့ဖြိုး​တိုးတက်သော ဒေသ​များ​တွင်​ကော အ​သို့ နည်း။ မမျှော်လင့်​သော​အပြောင်းအလဲ​တစ်ခု ဖြစ်လာ​သည့်​အခါ အသင့်​မ​ပြင်​ထား​သူတို့သည် ငွေကြေး​ဖူလုံ​မှု ပျောက်ဆုံး​သွား​နိုင်၏။ အမေရိကန်​ပြည်ထောင်စု​ရှိ အငြိမ်းစား​ယူ​ထား​သူများစွာ​သည် ပင်စင်​ခံစားခွင့်​များ​မရရှိ​သောကြောင့် အလုပ်​ပြန်​လုပ်​နေရ​ကြသည်။ ဆေး​ကုသ​စရိတ်​ကြောင့်​လည်း မိသားစု​၏ စုဆောင်း​ငွေ​အားလုံး ကုန်​သွား​တတ်​သည်။ ဥပဒေ​အကြံပေး​အရာရှိ​တစ်ဦး​က ဤသို့​ပြောပြ​၏– “ငွေ​ကုန်​ကြေး​ကျ​လည်း​များ၊ ကျန်းမာ​ရေး​ပြဿနာ​တွေ​လည်း​ရှိတဲ့ ဒီ​လူတွေ အကြံဉာဏ်​လာ​တောင်း​တာ တကယ်​စိတ်မချ​မ်း​သာ​စ​ရာ​ပဲ။ ‘ခင်ဗျား​အိမ်ကို ရော​င်း​မှ​ဖြစ်​မယ်’ ဆို​တဲ့​စကား​ကို မကြာခဏ​ပြော​ရတယ်။” သို့သော် ငွေကြေး​ပြဿနာ မရှိ​သူများ​ကော။ သူတို့တွင်​လည်း စိတ်မချ​မ်း​သာ​စ​ရာ​ရှိသလော။

အချို့​မှာ နာမည်ကြီး​တေး​ရေး​ဆရာ ရစ်ချတ်​ရော်​ဂျာ​နှင့် ဘဝတူ​များ​ဖြစ်​ကြသည်။ သူ ဤသို့​ပြော​၏– “လူနည်းစု​လေး​က လူအများကြီးကို ပျော်ရွှင်မှု​ပေး​တယ်။” မှန်ပါသည်၊ သူ့​သီချင်းများ​က လူများစွာကို ပျော်ရွှင်မှု​ပေး​သော်လည်း သူ့​ခမျာ နာတာရှည်​စိတ်ကျ​ဝေဒနာ ခံစား​နေရ​သည်။ လူများစွာ တောင့်တ​သော​အရာ နှစ်ခု​ဖြစ်သည့် ငွေ​နှင့် အောင်မြင်​ကျော်ကြား​မှု​ကို သူ​ပိုင်ဆိုင်​ရ​သော်လည်း ပျော်ရွှင်​ခဲ့​သလော။ အတ္ထုပ္ပတ္တိ​ရေးသူ​တစ်ဦး​က ဤသို့​ဖော်ပြ​ခဲ့​၏– “ရော်​ဂျာ​ဟာ အရမ်း​ကို အောင်မြင်​ကျော်ကြား​ပြီး အခွင့်ထူး​တွေ​ခံစား​ခဲ့​ရတဲ့​အပြင် ပူ​လ​စ်​ဇာ​ဆု​နှစ်​ဆု ဆွတ်ခူး​ခဲ့​တယ်။ ဒါတောင်မှ သူ မပျော်​နိုင်​ဘဲ အချိန်​အတော်​တော်​များများ​မှာ စိတ်ကျ​ဝေဒနာ ခံစား​ခဲ့​ရတယ်။”

ပျော်ရွှင်မှု​ရဖို့ စည်းစိမ်ဥစ္စာ​ရှာဖွေခြင်း​သည်လည်း လှည့်စားမှု​တစ်ခု​ဖြစ်​ကြောင်း သင်​သတိပြုမိ​ပေမည်။ ကနေဒါ​နိုင်ငံ၊ တိုရွန်တို​မြို့၊ ဂ​လုပ်​အဲ​န်​မေးလ်​သတင်းစာ​၏ စီးပွားရေး​သတင်းထောက်​တစ်ဦး​က ကြွယ်ဝ​ချမ်းသာသူ​များစွာ​သည် “အထီးကျန်​ဖြစ်နေ​ကြ​ပြီး ဘဝ​ရည်ရွယ်ချက်​မဲ့​နေကြ​သည်” ဟု​ဖော်ပြ​သည်။ ဘဏ္ဍာရေး​အကြံပေး​အရာရှိ​တစ်ဦး၏​အဆို​အရ ချမ်းသာ​သော​မိဘများသည် သားသမီးတို့ကို ငွေ​နှင့်​ပစ္စည်းဥစ္စာ​များ ပုံအော​ပေး​ကြ​ရာ ယင်းက “နောက်ပိုင်း​တွင် စိတ်​ဆင်းရဲ​စ​ရာ​ဖြစ်စေ​မည့် မျိုးစေ့​များ​ကို ကြဲ​နေခြင်း​ပင်​ဖြစ်သည်။”

ပျော်ရွှင်မှု​အတွက် ခိုင်လုံ​သော​အခြေအမြစ်​ရှိသလော

ပန်းပင်​တစ်ပင် ကောင်းစွာ​ရှင်သန်​ကြီးထွား​လာရန် မြေ​သြဇာ​ကောင်း၊ ရေ​နှင့် သင့်တော်​သည့်​ရာသီဥတု ရှိဖို့လို​သည်။ ထို​နည်းတူ ပျော်ရွှင်မှု​ရစေ​သည့် အခြေအနေ​အချို့​ရှိကြောင်း  သုတေသီ​များ အသိအမှတ်ပြု​ကြ​၏။ ယင်း​တို့​တွင် ကျန်းမာ​ရေး​ကောင်းခြင်း၊ အလုပ်​ကောင်းကောင်း​ရှိ​ခြင်း၊ စား​ဝတ်​နေ​ရေး​ဖူလုံခြင်း၊ စိတ်ကူး​စိတ်​သန်း​နှင့် လိုအင်ဆန္ဒ​များ အကောင်အထည်​ပေါ်လာ​ခြင်း​နှင့် မိတ်ဆွေစစ်​များ​ရှိ​ခြင်း​တို့ ပါဝင်​သည်။

ယင်း​တို့​က လူတစ်ဦးကို ပျော်ရွှင်​စေနိုင်​ကြောင်း သင်​သဘောတူ​ပေမည်။ သို့သော် သာ၍​အရေးကြီး​သည့်​အချက်​တစ်ချက် ရှိပါ​သေး​သည်။ ယင်း​အချက်​မှာ “ပျော်ရွှင်သော​ဘုရားသခင်” ယေဟောဝါ​နှင့်​ပတ်သက်သော အသိပညာ​ပင်​ဖြစ်သည်။ (၁ တိမောသေ ၁:၁၁က​ဘ) ဤ​အသိပညာက မည်သို့​အကူအညီ​ဖြစ်စေ​သနည်း။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏ ဖန်ဆင်း​ရှင်​ဖြစ်၍ ကျွန်ုပ်​တို့အား ပျော်ရွှင်​နိုင်​သည့်​စွမ်းရည် ပေး​ထား​တော်​မူ​၏။ ထို့​ကြောင့် အဘယ်အရာက ကျွန်ုပ်​တို့ကို စစ်မှန်သော​ပျော်ရွှင်မှု​ပေး​နိုင်​ကြောင်း ယေဟောဝါ သိတော်မူ​သည်။ ကိုယ်တော်​သည် မိမိလူ​မျိုး​တော်​အား မည်သည့်​နေရာ၊ မည်သည့်​အခြေအနေ​တွင်​မဆို တည်မြဲသော​ပျော်ရွှင်မှု​ရှိသည့် အသက်တာ​သို့ လမ်းညွှန်​ပေး​ပုံ​ကို နောက်​ဆောင်းပါး​တွင် ဖော်ပြ​ပါ​မည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ပန်းပင်​တစ်ပင်​နည်းတူ၊ ပျော်ရွှင်မှု​တိုးပွား​လာ​စေရန် သင့်တော်​ကောင်းမွန်သော အခြေအနေ​များ​လိုအပ်

[Picture Credit Line on page 3]

© Gideon Mendel/​CORBIS