စစ်မှန်သောအသိပညာထွန်းလင်းမှု ရရှိခြင်း
စစ်မှန်သောအသိပညာထွန်းလင်းမှု ရရှိခြင်း
အချိန်ကား ၁၈၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ဖြစ်သည်။ မကြာမီ ညအမှောင်ထု ဖုံးလွှမ်းလာတော့မည်။ စကော့တလန် အရှေ့တောင်ဘက်ကမ်းခြေမှ အလှမ်းဝေးသော လှိုင်းလေထန်သည့်ပင်လယ်တွင် ဗြိတိသျှရေတပ်မတော်၏ အိပ်ခ်ျအမ်အက်စ် ပဲလပ်စ်အမည်ရှိ ဖရီးဂိတ်သင်္ဘောတစ်စင်းသည် လမ်းကြောင်းပျောက်နေ၏။ အမှောင်ထုသိပ်သည်းလာ၍ နှင်းထူထပ်စွာကျဆင်းလာသောကြောင့် ရေကြောင်းအချက်ပြမီးကိုမြင်နိုင်ရန် သင်္ဘောသားများအတွက် ပို၍ပို၍ခက်ခဲလာသည်။ နောက်ဆုံးတွင် မီးရောင်ကိုတွေ့သွားကြရာ သင်္ဘောကို ထိုနေရာသို့ဦးတည်မောင်းနှင်လိုက်ကြသည်။ ထိုအချိန်တွင် သူတို့မည်မျှ စိတ်သက်သာပေါ့ပါးသွားမည်ကို စဉ်းစားကြည့်ပါလေ။ သို့သော် ဝမ်းနည်းစရာမှာ ယင်းသည် သူတို့သွားလိုသည့်နေရာသို့ လမ်းညွှန်ပေးသည့် မီးရောင်မဟုတ်ပါ။ ကမ်းခြေအနီးတွင် အလုပ်သမားများ အလုပ်လုပ်နေသည့်မီးဖိုမှ မီးရောင်သာဖြစ်သည်။ ပဲလပ်စ်သင်္ဘောသည် ကျောက်ဆောင်များကိုဝင်တိုက်မိပြီး လုံးဝပျက်စီးနစ်မြုပ်သွားကာ သင်္ဘောသား ၁၁ ဦး ရေနစ်သေဆုံးခဲ့ရ၏။ မည်မျှကြေကွဲစရာပါတကား။
ပဲလပ်စ်သင်္ဘော၏အဖြစ်တွင် အမှားအယွင်းတစ်ခုက ပျက်စီးခြင်းဘေးအန္တရာယ်ကိုဖြစ်စေခဲ့သည်။ သို့သော် တစ်ခါတစ်ရံ သင်္ဘောသားများသည် အန္တရာယ်ပိုကြီးမားသော လှည့်စားသည့်အချက်ပြမီးနှင့် ကြုံတွေ့ရတတ်ကြသည်။ သင်္ဘောပျက်များ၊ ပစ္စည်းလုယူသူများနှင့် ကယ်တင်သူများဟူသောစာအုပ်အရ ထိုသို့သောမီးရောင်များသည် သင်္ဘောများကို ကျောက်ဆောင်ပေါသောကမ်းခြေသို့ လမ်းမှားသွားစေရာ သင်္ဘောပျက်သွား၍ ပစ္စည်းများလုယက်ခံရနိုင်သည်။
‘ကယ်တင်ခြင်းကိုပေးနိုင်သော သမ္မာကျမ်းစာ’
အသိပညာထွန်းလင်းမှု ရှာဖွေရာတွင် ထိုသင်္ဘောသားများရင်ဆိုင်ခဲ့ရသည့် အန္တရာယ်မျိုး သင်လည်းရင်ဆိုင်ရပေမည်။ လမ်းလွဲစေသော သတင်းအချက်အလက်များနောက် သင်ပါသွားနိုင်သည် သို့မဟုတ် တမင်ရည်ရွယ်သော လှည့်စားမှု၏သားကောင်ပင် ဖြစ်သွားနိုင်သည်။ ယင်းတို့သည် ပျက်စီးဆုံးရှုံးမှုဖြစ်စေနိုင်၏။ သင့်ကိုယ်ကိုသင်ကာကွယ်ရန် အဘယ်အရာပြုလုပ်နိုင်သနည်း။ သင်ရရှိသော အသိပညာထွန်းလင်းမှုရင်းမြစ်သည် စစ်မှန်၍ ယုံကြည်စိတ်ချထိုက်ကြောင်း သေချာစေပါ။ ဤမဂ္ဂဇင်းသည် ဘုရားသခင့်မှုတ်သွင်းခံနှုတ်မြွက်စကားတော် သမ္မာကျမ်းစာကို စိတ်အချရဆုံး အသိပညာထွန်းလင်းမှုရင်းမြစ်အဖြစ် ၁၂၅ နှစ်ကျော်တိုင် ထောက်ခံကာကွယ်ခဲ့ပြီ။ အကြောင်းမှာ သမ္မာကျမ်းစာတွင် “ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးနိုင်သော” ရေးသားချက်များ ပါရှိသောကြောင့်ဖြစ်သည်။—၂ တိမောသေ ၃:၁၅-၁၇။
သမ္မာကျမ်းစာကို သင်၏လမ်းပြမီးအဖြစ် ယုံကြည်စိတ်ချနိုင်ရန် ယင်း၏စစ်မှန်မှုကို သင်ဆန်းစစ်ကြည့်သင့်၏။ (ဆာလံ ၁၁၉:၁၀၅; သု. ၁၄:၁၅) သမ္မာကျမ်းစာသည် အမှန်ပင် ဘုရားသခင့်မှုတ်သွင်းတော်မူခြင်းခံရကြောင်း သန်းနှင့်ချီသောသူတို့အား ယုံကြည်စေခဲ့သည့် အချက်အလက်များကို ရရှိနိုင်ရန် ဤမဂ္ဂဇင်းထုတ်ဝေသူများထံ လွတ်လပ်စွာ စာရေးမေးမြန်းနိုင်ပါသည်။ ဥပမာ၊ လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ် ဘရိုရှာကိုဖတ်ကြည့်ပါလေ။ * ယင်းတွင် သမ္မာကျမ်းစာသည် တိကျမှန်ကန်ကြောင်း၊ စစ်မှန်ကြောင်းနှင့် မှုတ်သွင်းခြင်းခံရကြောင်းတို့ကို အသေးစိတ်ဖော်ပြထားပါသည်။
အခြေခံအမှန်တရားများ
သို့ဆိုလျှင် သမ္မာကျမ်းစာတွင်ပါဝင်သော အခြေခံအမှန်တရားအချို့ကား အဘယ်နည်း။ အောက်ပါသာဓကများကို သုံးသပ်ကြည့်ပါ။
အရာခပ်သိမ်းကိုဖန်ဆင်းသော အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်တစ်ပါးတည်းသာရှိသည်။ (ကမ္ဘာဦး ၁:၁) “[ဘုရားသခင်]သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ” ၍ ကျွန်ုပ်တို့အား အသက်ပေးထားသောကြောင့်သာ ကျွန်ုပ်တို့ တည်ရှိနေရခြင်းဖြစ်သည်။ (ဗျာ. ၄:၁၁) ထို့ကြောင့် ကိုယ်တော်တစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့၏ ဝတ်ပြုကိုးကွယ်မှုကိုရထိုက်၏။ ဖန်ဆင်းရှင်သည် အသိပညာထွန်းလင်းမှုတစ်ခုလုံး၏ ပဓာနရင်းမြစ်ဖြစ်တော်မူသည်။ (ဆာလံ ၃၆:၉; ဟေရှာယ ၃၀:၂၀၊ ၂၁; ၄၈:၁၇၊ ၁၈) ကိုယ်တော့်တွင် ကိုယ်ပိုင်နာမရှိ၍ ယင်းကို ကျွန်ုပ်တို့အား အသုံးပြုစေလိုတော်မူ၏။ (ထွက်မြောက်ရာ ၃:၁၅) ဟေဗြဲအက္ခရာဖြင့် ရေးသားထားသော ထိုနာမတော်ကို YHWH ဟု အက္ခရာလှယ်ရေးသား၍ သမ္မာကျမ်းစာတွင် အကြိမ်ပေါင်း ၇,၀၀၀ ခန့်တွေ့ရသည်။ ယင်းကို မြန်မာဘာသာတွင် “ယေဟောဝါ” ဟူ၍နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ပေပြီ။—ယေရမိ ၃၃:၂။
ဤကမ္ဘာမြေပေါ်ရှိ ပရဒိသုအခြေအနေတွင် ထာဝစဉ်နေထိုင်ရန် လူသားတို့ကို ယေဟောဝါဖန်ဆင်းတော်မူခဲ့သည်။ ဘုရားသခင်သည် မိမိအား ရောင်ပြန်ဟပ်စေသည့် ဝိညာဉ်ရေးအရည်အသွေးများကို လူသားတို့တွင် ထည့်သွင်းထားတော်မူ၏။ ကမ္ဘာပေါ်တွင် အဆုံးမဲ့၍ ကျေနပ်အားရဖွယ်ကောင်းသောအသက်တာကို မွေ့လျော်ခံစားနိုင်စေသည့် အစွမ်းအစများနှင့် အရည်အချင်းများလည်းပေးအပ်ထားသည်။ (ကမ္ဘာဦး ၁:၂၆-၂၈) ကမ္ဘာမြေကို လူသားများစမ်းသပ်ခံနေရာ၊ ဘုရားသခင်နှင့်ဆက်ဆံရေးကို မွေ့လျော်နိုင်သည့် တစ်ခုတည်းသောနေရာအလားဖြစ်သည့်ကောင်းကင်တွင် ဝိညာဉ်အသက်တာစံစားရန် ပြင်ဆင်ပေးရာနေရာအဖြစ် ကိုယ်တော်တစ်ခါမျှ မရည်ရွယ်ခဲ့ချေ။
လူသားတို့ကို ဘုရားသခင်ဖန်ဆင်းရာတွင် အဆိုးတစ်ခုမျှမပါလာချေ။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဝိညာဉ်သတ္တဝါနှင့် လူသားအချို့သည် ၎င်းတို့၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာ ဘုရားသခင်ကို ပုန်ကန်ကြသောအခါမှသာ ဆိုးသွမ်းမှုဖြစ်ပေါ်လာခဲ့လေသည်။ (တရားဟောရာ ၃၂:၅) ကျွန်ုပ်တို့၏ကနဦးမိဘသည် မိမိတို့အတွက် အဘယ်အရာကောင်းသည်၊ အဘယ်အရာဆိုးသည် ဆုံးဖြတ်ပိုင်ခွင့်ကို ယူလိုက်ကြသည်။ (ကမ္ဘာဦး ၂:၁၇; ၃:၁-၅) ယင်းက လူ့မိသားစုအပေါ် သေခြင်းကျရောက်စေခဲ့၏။ (ကမ္ဘာဦး ၃:၁၉; ရောမ ၅:၁၂) ယေဟောဝါသည် ပုန်ကန်မှုကြောင့်ဖြစ်ပေါ်လာသော အရေးကိစ္စကိုဖြေရှင်းရန် ဆိုးသွမ်းမှုကို ခေတ္တခွင့်ပြုတော်မူခဲ့သည်။ သို့သော် ကမ္ဘာမြေနှင့်လူ့မိသားစုအတွက် ကိုယ်တော်၏ရည်ရွယ်ချက်မှာ မပြောင်းလဲခဲ့ပေ။ (ဟေရှာယ ၄၅:၁၈) လူသားတို့သည် သန့်စင်ထားသော ကမ္ဘာမြေပေါ်ရှိ ပရဒိသုအခြေအနေတွင် ထာဝစဉ်နေထိုင်ကြရဦးမည်ဖြစ်သည်။—မဿဲ ၆:၁၀; ဗျာ. ၂၁: ၁-၅။
ယေရှုခရစ်သည် အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်မဟုတ်၊ ဘုရားသခင့်သားတော်ဖြစ်သည်။ ယေရှုခရစ်ကိုယ်တော်တိုင် မိမိနောက်လိုက်များကို ဤသို့ဆုတောင်းရန် သင်ပေးခဲ့၏– “ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။” (မဿဲ ၆:၉) မိမိသည် ဘုရားသခင်နှင့်တန်းတူရည်တူဖြစ်သည်ဟု ကိုယ်တော် တစ်ခါမျှမပြောဆိုခဲ့ပေ။ ယင်းအစား ကိုယ်တော်ဤသို့ဆို၏– “ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ကြီးမြတ်တော်မူ၏။”—ယောဟန် ၁၄:၂၈။
ဘုရားသခင့်ရည်ရွယ်ချက် အကောင်အထည်ပေါ်ရေးတွင် ယေရှုသည် အဓိကကဏ္ဍမှပါဝင်သည်။ ‘[ကိုယ်တော်] ကိုယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှာ အလင်း’ အဖြစ် ယေရှုကို ဘုရားသခင်စေလွှတ်တော်မူခဲ့သည်။ (ယောဟန် ၁၂:၄၆) တမန်တော်ပေတရု၏စကားအရ ‘ထိုသခင်မှတစ်ပါး ငါတို့ကိုကယ်တင်နိုင်သောသူ တစ်စုံတစ်ယောက်မျှမပေါ်မရှိ။’ (တမန်တော် ၄:၁၂) ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ခရစ်တော်၏အသွေးတော်မြတ်အပေါ် မူတည်သောကြောင့် ယင်းအချက်မှန်ကန်ပါသည်။ (၁ ပေတရု ၁:၁၈၊ ၁၉) ကနဦးမိဘအာဒံနှင့်ဧဝတို့ ဖြစ်ပေါ်စေခဲ့သည့် အပြစ်တရားမှ လူသားတို့ကိုရွေးနုတ်ရန် ယေရှုခရစ်သည် မိမိအသက်တော်ကို ရွေးနုတ်ဖိုးပူဇော်ရာယဇ်အဖြစ် ပေးဆက်ခဲ့သည်။ (မဿဲ ၂၀:၂၈; ၁ တိမောသေ ၂:၆) ဘုရားသခင်သည် မိမိ၏အလိုတော်နှင့် ရည်ရွယ်ချက်ကို ဖော်ပြရာတွင်လည်း ယေရှုကို အသုံးပြုတော်မူခဲ့သည်။—ယောဟန် ၈:၁၂၊ ၃၂၊ ၄၆၊ ၄၇; ၁၄:၆; တမန်တော် ၂၆:၂၃။
ယေရှုခရစ်နှင့် လူသားများထဲမှရွေးချယ်ထားသူတို့ဖြင့် ဖွဲ့စည်းထားသော ကောင်းကင်နိုင်ငံတော် သို့မဟုတ် အုပ်ချုပ်ရေးတစ်ခုကို ဘုရားသခင်တည်ထောင်ခဲ့သည်။ ယင်းသည် သမ္မာကျမ်းစာတစ်အုပ်လုံးတွင် ထပ်တလဲလဲတွေ့ရသည့် အကြောင်းအရာဖြစ်၏။ ကောင်းကင်တွင် ဘုရားသခင်၏အလိုတော် ပြည့်စုံခဲ့သကဲ့သို့ မြေကြီးပေါ်တွင်လည်း ပြည့်စုံလာစေရန် ထိုအုပ်ချုပ်ရေးအဖွဲ့ကို ကိုယ်တော်တာဝန်အပ်နှင်းထားသည်။ (မဿဲ ၆:၁၀) ဘုရားသခင့်မူလရည်ရွယ်ချက်မှာ မည်သည့်လူသားမျှ ကောင်းကင်သို့သွားရန်မဟုတ်ပေ။ လူသားတို့၏နေရာမှာ မြေကြီးဖြစ်သည်။ သို့သော် လူသားတို့အပြစ်ပြုပြီးနောက် ဘုရားသခင်သည် အသစ်သောအရာတစ်ခုပြုလုပ်ရန် ရည်ရွယ်ခဲ့၏။ “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ” လူတို့ကို ရွေးချယ်၍ ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူ ‘ရှင်ဘုရင်အရာ၌စိုးစံ’ ရန် ကိုယ်တော်စီစဉ်ခဲ့သည်။ (ဗျာ. ၅:၉၊ ၁၀) ထိုနိုင်ငံတော်သည် လူ့မိသားစုအပေါ် ဆင်းရဲဝေဒနာများစွာ ကျရောက်စေသော လူ့အုပ်ချုပ်မှုအားလုံးကို “ချိုးဖဲ့ဖျက်ဆီး” လိမ့်မည်။—ဒံယေလ ၂:၄၄၊ ၄၅။
ဝိညာဉ်စိုးလ် သေနိုင်၏။ ဤအခြေခံကျမ်းစာအမှန်တရားက လူနှင့် ၎င်း၏ဘဝမျှော်လင့်ချက်အကြောင်း များစွာရှင်းပြသည်။ လူသေတို့၏အခြေအနေနှင့်ပတ်သက်၍ လူတို့ကို စိတ်ရှုပ်ထွေးစေသည့် လွဲမှားသောနားလည်မှုနှင့် လွဲမှားသောအသိတို့ကိုလည်း ဖယ်ရှားပေး၏။
သမ္မာကျမ်းစာ၏ ဦးဆုံးကျမ်းစာစောင်က ဤသို့ဆို၏– “ထိုနောက် ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင် လူသည် အသက်ရှင်သောသတ္တဝါ [“ဝိညာဉ်စိုးလ်၊” ကဘ] ဖြစ်လေ၏။” (ကမ္ဘာဦး ၂:၇) ယင်း၏ဆိုလိုရင်းကို သင်နားလည်ပါသလော။ ဝိညာဉ်စိုးလ်သည် လူ့ခန္ဓာကိုယ်အတွင်း တည်ရှိသည့် အရိပ်ကဲ့သို့သောအရာမဟုတ်ချေ။ လူ၌ ဝိညာဉ်စိုးလ်တစ်ခု မရှိပါ။ သူသည် “မြေမှုန့်” နှင့် ဘုရားသခင်ထံမှလာသော အသက်စွမ်းအားတို့ကို ပေါင်းစပ်ထားသည့် ဝိညာဉ်စိုးလ်ဖြစ်သည်။ ဝိညာဉ်စိုးလ်သည် မသေနိုင်သောအရာမဟုတ်ပါ။ လူသေသောအခါ ဝိညာဉ်စိုးလ်သေ၏။—ကမ္ဘာဦး ၃:၁၉; ဒေ. ၉:၅၊၁၀။
သေဆုံးသွားသူတို့သည် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် အသက်ပြန်ရနိုင်ကြသည်။ ဆိုးသွမ်းမှုကို ဘုရားသခင် ခေတ္တခွင့်ပြုထားချိန် ကုန်ဆုံးသွားသောအခါ “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် [ယေရှု] ၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။ ကောင်းသောအကျင့်ကိုကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကိုကျင့်သောသူတို့သည် အပြစ်စီရင်ရာထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတ္တံ့။” (ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅) ရှင်ပြန်ထမြောက်ခြင်းက ပရဒိသုမြေကြီးပေါ်တွင် လူ့မိသားစုအတွက် ဘုရားသခင် မူလရည်ရွယ်ထားသော ဘဝအသက်တာမျိုးကို ပြန်ရရှိစေလိမ့်မည်။
သမ္မာကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုခြင်း
ထိုအခြေခံအမှန်တရားများနှင့်ပတ်သက်သော အသိပညာက သင့်ကို များစွာကူညီပေးနိုင်သည်မဟုတ်လော။ ထိုအသိပညာက ခက်ခဲကျပ်တည်း၍ ကသောင်းကနင်းနိုင်သည့် ဤအချိန်တွင် စာတန်ဖြန့်ချိနေသော “မှားယွင်းစွာခေါ်ဆိုသည့် ‘အသိပညာ’” မှသင့်ကို ကာကွယ်ပေးနိုင်သည်။ သူသည် “လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်” ၍ သူ၏ကိုယ်စားလှယ်များလည်း “ဖြောင့်မတ်ခြင်းတရားကိုဟောသောဆရာ ဖြစ်ယောင်ဆောင်” တတ်ကြ၏။ (၁ တိမောသေ ၆:၂၀၊ ခမ; ၂ ကောရိန္သု ၁၁:၁၃-၁၅) တိကျမှန်ကန်သော သမ္မာကျမ်းစာအသိပညာသည် ‘ထာဝရဘုရားသခင်၏ နှုတ်မြွက်စကားတော်ကိုပယ်ကြ’ ၍ လောကရှုထောင့်အရ “ပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့” ၏အတွေးအခေါ်ပေါ် အခြေပြုထားသည့် အသိပညာထွန်းလင်းမှုဟုဆိုသောအရာမှ သင့်ကိုကာကွယ်ပေးနိုင်ပါသည်။—မဿဲ ၁၁:၂၅; ယေရမိ ၈:၉။
တမန်တော်ယောဟန်ခေတ်တွင် လမ်းလွဲစေသော သွန်သင်ချက်များနှင့် အတွေးအခေါ်များ အလွန်များပြားသောကြောင့် ပထမရာစုခရစ်ယာန်များကို သူဤသို့သတိပေးခဲ့၏– “ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။” (၁ ယောဟန် ၄:၁) ဤဥပမာကို သုံးသပ်ကြည့်ပါ။ သင့်ဘဝကို အကြီးအကျယ်အကျိုးသက်ရောက်စေနိုင်သော အချက်အလက်တစ်ခုကို သင်ရရှိသည်ဆိုပါစို့။ ယင်းသည် စိတ်ချရသောရင်းမြစ်မှ လာပုံပေါက်သောကြောင့် သေချာစွာစဉ်းစားဆန်းစစ်ခြင်းမရှိဘဲ သင်လက်ခံလိုက်မည်လော။ လက်ခံမည်မဟုတ်။ ထိုအတိုင်းမလုပ်ဆောင်မီ ရင်းမြစ်နှင့် ပါဝင်သည့်အချက်အလက်များကို သင်စိစစ်မည်ဖြစ်သည်။
သင်လိုက်နေသည့် လမ်းပြမီး သို့မဟုတ် အချက်ပြမီးသည် အစစ်အမှန်ဟုတ်မဟုတ် “စစ်ဆေး” နိုင်ရန် ဘုရားသခင်သည် အခြေခံအမှန်တရားများပါဝင်သော မှုတ်သွင်းခံသမ္မာကျမ်းစာကို ပေးထားပါသည်။ (၁ သက်သာလောနိတ် ၅:၂၁၊ ခမ) ပထမရာစုမှ စိတ်ထားမြင့်မြတ်သူတို့သည် မိမိတို့သင်ယူထားရာများ မှန်ကန်ကြောင်း သေချာစေရန် “ကျမ်းစာကို နေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှုကြ” သောကြောင့် ချီးမွမ်းခံခဲ့ရ၏။ (တမန်တော် ၁၇:၁၁) သင်လည်းအလားတူ ပြုလုပ်နိုင်ပါသည်။ သမ္မာကျမ်းစာသည် “မှောင်မိုက်အရပ်၌ ထွန်းလင်းသောဆီမီး” သဖွယ် သင့်ကို လုံခြုံရာသို့ လမ်းပြပေးပါစေ။ (၂ ပေတရု ၁:၁၉-၂၁) သင်ထိုသို့ပြုပါက စစ်မှန်သောအသိပညာထွန်းလင်းမှုကို ရရှိစေသည့် “ဘုရားသခင်ကိုသိသောဉာဏ်နှင့် ပြည့်စုံလိမ့်မည်။”—သု. ၂:၅။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 6 ယေဟောဝါသက်သေများထုတ်ဝေသည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ဘုရားသခင့်နှုတ်မြွက်စကားတော်သည် ဆီမီးသဖွယ်ဖြစ်
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ဘုရားသခင့်နာမတော်ကား အဘယ်နည်း
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
လူ့ အနာဂတ်ကား အဘယ်နည်း
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ယေရှုသည် အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်လော
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
သေလွန်သူများ အဘယ်တွင်ရှိနေကြသနည်း
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သေလွန်သူများ ရှင်ပြန်ထမြောက်ခြင်းသည် သမ္မာကျမ်းစာသွန်သင်ပေးသော အခြေခံအမှန်တရားတစ်ခုဖြစ်