“ဆုံးမခြင်းကို နာခံသောသူမူကား ပညာသတိနှင့် ပြည့်စုံ၏”
“ဆုံးမခြင်းကို နာခံသောသူမူကား ပညာသတိနှင့် ပြည့်စုံ၏”
‘ဆုံးမပဲ့ပြင်ခြင်းကို စိတ်နှလုံးစွဲလမ်း၍ ပညာအတတ်စကားကို နားခံလော့’ ဟု နယပုံပြင် ၂၃:၁၂ တွင် ဖော်ပြသည်။ ဤတွင်အသုံးပြုထားသော ‘ဆုံးမပဲ့ပြင်ခြင်း၊’ တစ်နည်းအားဖြင့် ကိုယ်ကျင့်တရားလေ့ကျင့်ပေးခြင်းတွင် မိမိကိုယ်ကိုဆုံးမပဲ့ပြင်ခြင်းနှင့် အခြားသူတို့က မိမိအပြစ်ကိုဖော်ပြခြင်း နှစ်မျိုးစလုံးပါဝင်သည်။ ယင်းတွင် အဘယ်ဆုံးမပဲ့ပြင်မှုမျိုး လိုအပ်သည်၊ မည်သို့ပဲ့ပြင်ရမည်ကို သိရှိထားဖို့လိုသည်။ ထို့ကြောင့် ယုံကြည်စိတ်ချရသည့်ရင်းမြစ်မှ “ပညာအတတ်စကား” သည် ဆုံးမပဲ့ပြင်ရာတွင် အလွန်အရေးပါသည်။
နယပုံပြင်ကျမ်းတွင် အလွန်ကောင်းမွန်သော ပညာရှိစကားများပါရှိသည်။ ယင်းကျမ်းတွင်ပါသည့် ပညာရှိစကားများသည် “ဉာဏ်ပညာနှင့် ဆုံးမသွန်သင်ခြင်းကိုသိ၍ . . . ပညာသတိရှိခြင်း၊ ရိုးသားဖြောင့်မတ်စွာကျင့်ခြင်း၊ ဖြောင့်မှန်စွာပြုမူခြင်းအရာ၌ ဆုံးမသွန်သင်ခြင်းခံရ” သူအတွက်ဖြစ်သည်။ (သု. ၁:၁-၃၊ သမ္မာ) ယင်းစကားများကို “နားခံ” ပါက ပညာရှိရာရောက်သည်။ နယပုံပြင် အခန်းကြီး ၁၅ တွင် အမျက်ဒေါသထိန်းချုပ်ခြင်း၊ လျှာအသုံးပြုခြင်း၊ ပညာအတတ်ဝေမျှခြင်းနှင့်ပတ်သက်၍ လမ်းညွှန်ချက်ကောင်းများ ပါရှိသည်။ ထိုအခန်းကြီးမှ အခန်းငယ်အချို့ကို သုံးသပ်ကြည့်ကြစို့။
အဘယ်အရာက “ဒေါသကိုငြိမ်းစေ” သနည်း
စကားပြောဆိုပုံပြောဆိုနည်းက အမျက်ဒေါသကို ဖြစ်စေကြောင်း ရှေးဣသရေလဘုရင်ရှောလမုန်က ဤသို့ဖော်ပြသည်– “ဖြည်းညင်းစွာပြန်ပြောခြင်းသည် ဒေါသကို ငြိမ်းစေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကို နှိုးဆော်တတ်၏။” (သု. ၁၅:၁၊ သမ္မာ) “အမျက်ဒေါသ” ဟူသည် ပြင်းထန်သောစိတ်လှုပ်ရှားမှု သို့မဟုတ် မနှစ်မြို့မှုကို ဖော်ပြရာတွင်သုံးသော စကားလုံးဖြစ်သည်။ အမျက်ထွက်နေသူတစ်ဦးနှင့် ပြောဆိုဆက်ဆံရာတွင်သာမက မိမိ၏အမျက်ဒေါသကို ထိန်းချုပ်ရာတွင်ပါ ယင်းပညာရှိစကားက မည်သို့အထောက်အကူပြုနိုင်သနည်း။
ကြမ်းတမ်းသော စကားများက မနှစ်မြို့ဖွယ်အခြေအနေတစ်ခုကို ပို၍ဆိုးရွားစေနိုင်သည်။ သို့သော် ဖြည်းညင်းစွာပြန်ပြောခြင်းက အခြေအနေကို တည်ငြိမ်ကောင်းမွန်စေလေ့ရှိသည်။ သို့သော် ဒေါသထွက်နေသူတစ်ဦးကို ဖြည်းညင်းစွာပြန်ပြောဖို့ အမြဲလွယ်ကူမည်မဟုတ်ချေ။ သို့သော် သူအဘယ်ကြောင့် ဒေါသထွက်ရကြောင်း သိရှိရန် ကြိုးစားမည်ဆိုလျှင် အကူအညီဖြစ်စေသည်။ “သတိရှိသောသူသည် မိမိအမျက်ဒေါသကို ချုပ်တည်းတတ်၏။ သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသောသူသည်လည်း ဘုန်းအသရေရှိ၏” ဟုသမ္မာကျမ်းစာက ဆိုသည်။ (သု. ၁၉:၁၁) လူတစ်ဦးသည် မိမိကိုယ်ကိုအလိုမကျ၍ သို့မဟုတ် အရေးစိုက်ခံလို၍ ဒေါသထွက်နေခြင်း ဖြစ်နိုင်သလော။ သူဒေါသထွက်ရသည့်အကြောင်းရင်းမှာ ကျွန်ုပ်တို့၏အပြောအဆို၊ အပြုအမူကြောင့် ဖြစ်ချင်မှဖြစ်ပေမည်။ ခရစ်ယာန်အမှုဆောင်လုပ်ငန်းတွင် အိမ်ရှင်က ဒေါသတကြီးတုံ့ပြန်ရခြင်းမှာ ကျွန်ုပ်တို့၏ယုံကြည်ချက်အကြောင်း မဟုတ်မမှန်သတင်းကြားထားခြင်း သို့မဟုတ် အထင်မြင်လွဲမှားခြင်းကြောင့် ဖြစ်လေ့ရှိသည်မဟုတ်လော။ သို့ဆိုလျှင် ကျွန်ုပ်တို့ကို ရန်မူသည်ဟုယူဆကာ ကြမ်းတမ်းစွာ ပြန်ဖြေရှင်းသင့်သလော။ လူတစ်ဦးဒေါသထွက်ရသည့်အကြောင်းရင်းကို အလွယ်တကူ မသိရှိသည့်အခါမျိုး၌ပင် ကြမ်းတမ်းသောစကားနှင့် ခွန်းတုံ့ပြန်ခြင်းက ကျွန်ုပ်တို့ဘက်မှ မိမိကိုယ်ကိုဆုံးမပဲ့ပြင်မှုမရှိကြောင်း ဖော်ပြရာရောက်ပေမည်။ ထို့ကြောင့် ယင်းသို့တုံ့ပြန်ခြင်းကို ရှောင်သင့်သည်။
မိမိ၏ဒေါသကို ထိန်းနေရသည့်အချိန်တွင်ပင် ဖြည်းညင်းစွာပြန်ပြောပါဟူသော အကြံပေးချက်သည် အလွန်အဖိုးထိုက်လှသည်။ တစ်ဖက်သားကို ထိခိုက်နစ်နာစရာမဖြစ်စေဘဲ မိမိတို့၏ခံစားချက်ကို ဖွင့်ဟတတ်ရန် သင်ယူခြင်းဖြင့် အဆိုပါအကြံပေးချက်ကို လိုက်နာနိုင်သည်။ မိသားစုအချင်းချင်း ပြောဆိုဆက်ဆံရာတွင် ကြမ်းတမ်းစွာပြောဆိုခြင်း သို့မဟုတ် စော်ကားပြောဆိုခြင်းပြုမည့်အစား ကျွန်ုပ်တို့၏ခံစားချက်များကို အေးဆေးတည်ငြိမ်စွာ ဖွင့်ဟတတ်ရန် ကြိုးစားနိုင်သည်။ စော်ကားပြောဆိုခြင်းသည် အများအားဖြင့် လက်တုံ့ပြန်လိုစိတ်ကို ဆွပေးသည်။ ကျွန်ုပ်တို့ခံစားချက်ကို ဖြည်းညင်းစွာပြောပြခြင်းက မိမိအပေါ် အပြစ်တင်စိတ်လျော့ပါးစေပြီး ကျေရာကျေကြောင်းလုပ်ဆောင်ရန် တစ်ဖက်သားကို လှုံ့ဆော်ပေးပေမည်။
‘ပညာရှိသောသူ၏လျှာသည် တင့်တယ်စေတတ်၏’
မိမိကိုယ်ကိုဆုံးမပဲ့ပြင်ခြင်းက ကျွန်ုပ်တို့၏ ပြောဆိုပုံအပြင် ပြောဆိုမည့်အရာကိုပါ အကျိုးသက်ရောက်သည်။ “ပညာရှိသောသူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား မိုက်သောအရာကို သွန်းလောင်းတတ်၏” ဟုရှောလမုန်မိန့်ဆိုခဲ့သည်။ (သု. ၁၅:၂) အခြားသူများကို ကူညီလိုစိတ်ရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ကောင်းမွန်လှသည့် ပြင်ဆင်ပေးမှုများအကြောင်း သူတို့ကိုပြောပြသည့်အခါ ကျွန်ုပ်တို့သည် “ပညာအတတ်ကိုတင့်တယ်စေ” ကြသည်မဟုတ်လော။ မိုက်သောသူသည် ထိုအသိပညာမရှိသောကြောင့် ယင်းကိုလုပ်ဆောင်ရန် ပျက်ကွက်သည်။
ရှောလမုန်သည် လျှာအသုံးပြုပုံနှင့်စပ်လျဉ်း၍ ထပ်ဆင့်လမ်းညွှန်ချက်မပေးမီ စဉ်းစားစရာခြားနားချက်တစ်ခုအကြောင်း ဖော်ပြသည်။ ‘ယေဟောဝါ၏ မျက်စိတော်သည် ခပ်သိမ်းသောအရပ်၌ရှိ၍ ဆိုးသူ၊ ကောင်းသူတို့ကို ကြည့်ရှုတော်မူ၏။’ (သု. ၁၅:၃၊ သမ္မာ) ယင်းကို သိရခြင်းကြောင့် ကျွန်ုပ်တို့ပျော်ရွှင်နိုင်သည်၊ အကြောင်းမှာ ‘ထာဝရဘုရားသခင်သည် စုံလင်သောစေတနာစိတ်ရှိသော သူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ’ ကြောင်း ကျွန်ုပ်တို့စိတ်ချကြသောကြောင့်တည်း။ (၂ ရာဇဝင်ချုပ် ၁၆:၉) ကျွန်ုပ်တို့သည် ကောင်းမှုများကို လုပ်ဆောင်နေလျှင် ယင်းကို ဘုရားသခင်သိတော်မူသည်။ တစ်ချိန်တည်းတွင် မကောင်းမှုပြုနေသူများကိုလည်း ကိုယ်တော်သတိပြုနေပြီး အရေးယူစီရင်တော်မူမည်။
ညင်သာစွာပြောဆိုခြင်း၏တန်ဖိုးကို ရှောလမုန် ဤသို့ထပ်ဆင့်အလေးပေးဖော်ပြသည်– “ဖြည်းညင်းသောလျှာသည် အသက်ပင်ဖြစ်၏။ ကြမ်းတမ်းသောလျှာမူကား စိတ်နာစေတတ်၏။” (သု. ၁၅:၄၊ သမ္မာ) “အသက်ပင်” ဟူသော အသုံးအနှုန်းက ကုစားနိုင်စွမ်းနှင့် ခွန်အားဖြစ်ထွန်းနိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။ (ဗျာ. ၂၂:၂) ပညာရှိသူ၏ ညင်သာစွာပြောဆိုသောစကားက တစ်ဖက်သားကို စိတ်ချမ်းမြေ့စေသည့်အပြင် နှစ်သက်စရာဖြစ်စေသည်။ သို့သော် စဉ်းလဲစွာ အရွဲ့တိုက်ပြောဆိုခြင်းက တစ်ဖက်သားကို စိတ်ထိခိုက်ကြေမွစေသည်။
ဆုံးမပဲ့ပြင်ခြင်းကို လက်ခံ၍ “ပညာအတတ်ကို စွန့်ကြဲ” ခြင်း
“မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့မြင်ပြုတတ်၏။ ဆုံးမခြင်းကို နာခံသောသူမူကား ပညာသတိနှင့်ပြည့်စုံ၏” ဟုပညာရှိ ရှောလမုန်ဆက်ဆိုခဲ့သည်။ (သု. ၁၅:၅၊ သမ္မာ) ဆုံးမသူ သို့မဟုတ် အပြစ်ဖော်ပြသူမရှိပါက ယင်းကို မည်သို့ “နာခံ” နိုင်မည်နည်း။ ယင်းကျမ်းချက်က လိုအပ်သလိုဆုံးမပဲ့ပြင်ရမည်ဟု မဆိုလိုပေလော။ မိသားစုတစ်ခုတွင် မိဘများ အထူးသဖြင့် ဖခင်၌ ဆုံးမပဲ့ပြင်ရမည့်တာဝန်ရှိပြီး သားသမီးများ၏တာဝန်မှာ ဆုံးမစကားကို နားထောင်ခြင်းဖြစ်၏။ (ဧဖက် ၆:၁-၃) သို့ရာတွင် ယေဟောဝါကျေးကျွန်များအားလုံး တစ်နည်းနည်းဖြင့် ဆုံးမပဲ့ပြင်ခြင်းခံရကြသည်။ ‘ထာဝရဘုရားသခင်သည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်တော်မူတတ်၏’ ဟု ဟေဗြဲ ၁၂:၆ ကဆိုသည်။ ဆုံးမပဲ့ပြင်မှုကို တုံ့ပြန်ပုံပေါ်မူတည်ပြီး ကျွန်ုပ်တို့သည် ပညာရှိသောသူ သို့မဟုတ် လူမိုက်ဖြစ်ကြောင်း ဖော်ပြရာရောက်သည်။
နောက်ခြားနားချက်တစ်ခုကို ဖော်ပြရာတွင် ရှောလမုန် ဤသို့ဆိုသည်– “ပညာရှိသောသူ၏နှုတ်ခမ်းတို့သည် ပညာအတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏နှလုံးမူကား ပညာမရှိ။” (သု. ၁၅:၇) ပညာအတတ်ကိုစွန့်ကြဲခြင်းသည် မျိုးစေ့ကြဲခြင်းနှင့်တူသည်။ ရှေးခေတ်က လယ်သမားတစ်ဦးသည် တစ်နေရာတည်းတွင် မျိုးစေ့အားလုံး ကြဲမည်မဟုတ်ပေ။ ယင်းအစား မျိုးစေ့အနည်းငယ်ကို လယ်ကွင်းတစ်ခုလုံးအနှံ့ ကြဲပေမည်။ ပညာအတတ်စွန့်ကြဲရာတွင်လည်း ထိုနည်းတူဖြစ်သည်။ ဥပမာ၊ အမှုဆောင်လုပ်ငန်းတွင် တစ်စုံတစ်ဦးနှင့်ဆုံသောအခါ ကျမ်းစာအကြောင်း ကျွန်ုပ်တို့သိထားသမျှကို တစ်ထိုင်တည်းဖြင့် အိတ်သွန်ဖာမှောက်ပြောဆိုခြင်းက ပညာရှိရာမရောက်ပေ။ ယင်းအစား ပညာရှိသူသည် စကားပြောဆိုရာတွင် စည်းရှိသည်။ သူသည် ပညာအတတ် “စွန့်ကြဲ” ရာတွင် တစ်ကြိမ်လျှင် ကျမ်းစာအမှန်တရားတစ်ခုသာ အသားပေးဝေမျှပြီး ယင်းအပေါ်ထပ်ဆင့် ဝေမျှသွားပေမည်။ ထို့ပြင် ကြားနာသူ၏တုံ့ပြန်မှုကိုလည်း ထည့်တွက်ပေမည်။ ကျွန်ုပ်တို့၏စံနမူနာရှင် ယေရှုခရစ်သည် ရှမာရိအမျိုးသမီးကို ဟောပြောသောအခါ ယင်းအတိုင်းပြုခဲ့သည်။—ယောဟန် ၄:၇-၂၆။
ပညာအတတ်ဝေမျှခြင်းတွင် တည်ဆောက်မှုဖြစ်စေသော၊ အကျိုးရှိသော စကားပြောဆိုခြင်း ပါဝင်သည်။ ယင်းတွင် ဗဟုသုတရစေပြီး အားပေးမှုဖြစ်စေသော စကားလုံးများကို စဉ်းစားပြောဆိုခြင်း ပါဝင်သည်။ “ဖြောင့်မတ်သောသူသည် အဘယ်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာဆင်ခြင်တတ်၏။” (သု. ၁၅:၂၈) ကျွန်ုပ်တို့၏စကားများသည် ဗြုန်းစားရွာချပြီး ရေစီးကြောင်းတစ်လျှောက် ရှိသမျှတိုက်ချသွားသောမိုးရေနှင့်မတူဘဲ မြေကြီးကို စိုစွတ်စေကာ အကျိုးဖြစ်ထွန်းစေသည့် တဖွဲဖွဲရွာသောမိုးရေနှင့်တူရန် အလွန်အရေးကြီးလှသည်!
‘ကျင့်ကြံပြုမူရာ၌ သန့်ရှင်းလော့’
ယေဟောဝါနှင့် ကိုယ်တော့်ရည်ရွယ်ချက်များနှင့်ပတ်သက်သော ပညာအတတ်ကို စွန့်ကြဲပြီး ကိုယ်တော်အား “ချီးမွမ်းခြင်းယဇ်” အဖြစ် “နှုတ်ခမ်းအသီး” ကိုပူဇော်ခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်၏။ (ဟေဗြဲ ၁၃:၁၅) သို့သော် ယေဟောဝါနှစ်သက်လက်ခံသောယဇ်ဖြစ်နိုင်ရန် ကျွန်ုပ်တို့ “ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိ” ရမည်။ (၁ ပေတရု ၁:၁၄-၁၆) ရှောလမုန်သည် ကွဲပြားခြားနားသော ပညာရှိစကားနှစ်ခုကို အသုံးပြု၍ ဤအရေးပါသောအမှန်တရားအကြောင်း ကျွန်ုပ်တို့ကို အာရုံစိုက်စေခဲ့သည်။ သူဤသို့ဆိုသည်– ‘မတရားသောသူပူဇော်သောယဇ်ကို ထာဝရဘုရားသခင် စက်ဆုပ်ရွံရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းချက်ကိုကား နှစ်သက်တော်မူ၏။ မတရားသောသူလိုက်သောလမ်းကို ထာဝရဘုရားသခင် စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်းတရားလမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ၏။’—သု. ၁၅:၈၊ ၉။
အသက်လမ်းကို စွန့်ခွာသွားသူများသည် အပြစ်ဖော်ပြခြင်းကို မည်သို့ရှုမြင်ကြပြီး သူတို့အား အဘယ်အရာစောင့်ကြိုနေသနည်း။ (မဿဲ ၇:၁၃၊ ၁၄) “လမ်းလွှဲသောသူသည် ဆုံးမသောစကားကို နားမခံလို။ သို့သော်လည်း အပြစ်တင်ခြင်းကို မုန်းသောသူသည် သေရမည်။” (သု. ၁၅:၁၀) အချို့က ခရစ်ယာန်အသင်းတော်မှ တာဝန်ရှိသူများ၏ ပြုပြင်တည့်မတ်ပေးခြင်းကို လက်ခံကာ အမှန်တကယ်နောင်တယူမည့်အစား ဖြောင့်မတ်သောလမ်းစဉ်ကို စွန့်ခွာ၍ မှားယွင်းသောလမ်းစဉ်ကို လိုက်ခဲ့ကြသည်။ မိုက်မဲလိုက်လေခြင်း! “လမ်းမှလွှဲဖယ်သောသူသည် ပြင်းထန်သောဆုံးမခြင်းကိုခံရ၏။ ဆုံးမပဲ့ပြင်ခြင်းကို မုန်းသောသူလည်းသေရမည်” ဟု သမ္မာကျမ်းစာတော်ဘာသာပြန်ကျမ်းက ဖော်ပြသည်။။
တစ်စုံတစ်ဦးသည် အပြစ်ဖော်ပြခြင်းကို လုံးဝမနှစ်သက်ဘဲလျက် လက်ခံပုံဖမ်းနေလျှင်ကော။ ယင်းသည်လည်း ပညာမဲ့ရာကျပေမည်။ ဣသရေလရှင်ဘုရင်က ဤသို့ဆိုသည်– ‘မရဏာနိုင်ငံတွင် ဖြစ်ပျက်လျက်ရှိသည့်အမှုအရာတို့ကို ထာဝရဘုရားသခင်၏ထံတော်မှ ဖုံးကွယ်၍မထားနိုင်လျှင် လူသည် အဘယ်သို့ မိမိ၏စိတ်နှလုံးအကြံအစည်များကို အထံတော်မှ ဖုံးကွယ်၍ထားနိုင်မည်နည်း။’ (သု. ၁၅:၁၁၊ ခမ) အသက်ရှင်တော်မူသောဘုရားသခင်အဖို့ လူသေတို့၏နေရာဖြစ်သော မရဏာနိုင်ငံသည် ပုံဆောင်သဘောအရ အဝေးဆုံးနေရာဖြစ်၏။ သို့တိုင် ယင်းသည် ကိုယ်တော့်မျက်မှောက်တွင် ရှိသည်။ ထိုတွင်ရှိနေသူအားလုံး၏ ပင်ကိုစရိုက်ကို ကိုယ်တော်သိတော်မူပြီး သူတို့အား ရှင်ပြန်ထမြောက်စေမည်။ (ဆာလံ ၁၃၉:၈; ယောဟန် ၅:၂၈၊ ၂၉) သို့ဖြစ်၍ လူ့စိတ်နှလုံးတွင် အဘယ်အရာရှိကြောင်း သိရှိရန် ယေဟောဝါအတွက် လွယ်ကူလိုက်လေခြင်း! “ငါတို့ကိုစစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသောအရာ တစ်စုံတစ်ခုမျှမရှိ။ ခပ်သိမ်းသောအရာတို့သည် အကွယ်အကာမရှိဘဲ မျက်မှောက်တော်၌ လှန်ထားလျက်ရှိကြ၏” ဟု တမန်တော်ပေါလုရေးခဲ့သည်။ (ဟေဗြဲ ၄:၁၃) ဟန်ဆောင်ခြင်းဖြင့် လူကိုလှည့်စားနိုင်သော်လည်း ဘုရားသခင်ကိုမူ မလှည့်စားနိုင်ပါ။
ဆုံးမပဲ့ပြင်မှုကို လက်မခံသူသည် အပြစ်ဖော်ပြခြင်းကို မနှစ်သက်သည်သာမက ထိုသို့ပြုသူကိုပင် မုန်းတီးနေခြင်းဖြစ်သည်။ “မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြသောသူကို မချစ်တတ်” ဟုရှောလမုန်ဆိုသည်။ ယင်းကိုလေးနက်စေရန် သူဤသို့ဆက်ဆိုခဲ့သည်– ထိုသူသည် “ပညာရှိထံသို့ မချဉ်းကပ်တတ်။” (သု. ၁၅:၁၂) ထိုသို့သောသူ၏လမ်း ဖြောင့်ဖြူးရန် အဘယ်မျှော်လင့်ချက်ရှိနိုင်ဦးမည်နည်း!
အပြုသဘောရှိခြင်း
ဆက်ဖော်ပြသည့် ရှောလမုန်၏ ပညာရှိစကားသုံးရပ်တွင် “စိတ်နှလုံး” ဟူသောစကားလုံးကို ဆက်စပ်ဖော်ပြထားသည်။ ကျွန်ုပ်တို့၏မျက်နှာပေါ်တွင် စိတ်ခံစားချက်ပေါ်လွင်ပုံကို ပညာရှိဘုရင်က ဤသို့ဆိုသည်– “ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာကို ဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား စိတ်ပျက်တတ်၏။”—သု. ၁၅:၁၃။
အဘယ်အရာက စိတ်နှလုံးကို ညှိုးငယ်စေနိုင်သနည်း။ ‘ဝမ်းနည်းခြင်းအကြောင်းသည် စိတ်နှလုံးကို ညှိုးငယ်စေတတ်၏’ ဟုသမ္မာကျမ်းစာက ဖော်ပြသည်။ (သု. ၁၂:၂၅) ဘဝတွင် မနှစ်မြို့ဖွယ်အခြေအနေများကြောင့် ကျွန်ုပ်တို့ နှလုံးမကြေကွဲရလေအောင် အဘယ်အရာက ကာကွယ်ပေးမည်နည်း။ မထိန်းချုပ်နိုင်သော အခြေအနေကို တနုံ့နုံ့တွေးနေမည့်အစား ယေဟောဝါ ယခုသွန်းလောင်းနေသည့် ဝိညာဏကောင်းချီးများနှင့် နောင်အနာဂတ်တွင် ကျွန်ုပ်တို့အတွက် ပြုလုပ်တော်မူမည့်အရာများအကြောင်း စဉ်းစားတွေးတောနိုင်သည်။ ယင်းက ယေဟောဝါနှင့် ပို၍ရင်းနှီးကျွမ်းဝင်စေနိုင်သည်။ မှန်ပါသည်၊ ‘ပျော်ရွှင်သောဘုရားသခင်’ ထံချဉ်းကပ်ခြင်းက ကျွန်ုပ်တို့၏ကြေကွဲသောနှလုံးကို ရွှင်လန်းစေသည်။—၁ တိမောသေ ၁:၁၁၊ ကဘ။
ထို့ပြင် ကျမ်းစာသတင်းတရားသည် အားပေးနှစ်သိမ့်မှုနှင့် ဝမ်းမြောက်မှုဖြစ်စေသည်။ ဆာလံဆရာက ‘ထာဝရဘုရားသခင်၏တရားတော်ကို မွေ့လျော်၍ တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည်’ ပျော်ရွှင်သည်ဟု ဆိုထားသည်။ (ဆာလံ ၁:၁၊ ၂) ကျွန်ုပ်တို့သည် စိတ်နာစရာများကြုံတွေ့ရလျှင်ပင် ကျမ်းစာဖတ်ရှုခြင်းနှင့် စဉ်းစားဆင်ခြင်ခြင်းတို့က အားပေးမှုဖြစ်စေပေမည်။ ဘုရားသခင်အပ်နှင်းထားသော အမှုဆောင်လုပ်ငန်းလည်း ရှိသေးသည်။ “မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်” ကို ကျွန်ုပ်တို့စိတ်ချကြသည်။—ဆာလံ ၁၂၆:၅။
“ဉာဏ်ကောင်းသောသူ [စဉ်းစားဉာဏ်ရှိသောသူ] ၏စိတ်နှလုံးသည် ပညာအတတ်ကို ရှာတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား မိုက်ခြင်းကို ကျက်စားတတ်၏” ရှောလမုန်ဆက်ဆိုသည်။ (သု. ၁၅:၁၄) ဤတွင် ပညာရှိ၏အကြံပေးစကားနှင့် လူမိုက်၏အကြံပေးစကား အလွန်ကွာခြားလှကြောင်း အာရုံစိုက်စေသည်။ စဉ်းစားဉာဏ်ရှိသောသူသည် အကြံဉာဏ်မပေးမီ ပညာအတတ်ရရန် ကြိုးစားရှာဖွေသည်။ သူသည် ကောင်းစွာနားထောင်ပြီး အဖြစ်မှန်ကို အတော်အတန် သဘောပေါက်ထားသည်။ ထို့ပြင် အခြေအနေနှင့်သက်ဆိုင်သည့် ပညတ်များနှင့်မူများကို သိရှိရန် သမ္မာကျမ်းစာတွင် ရှာဖွေသည်။ သူ၏အကြံပေးချက်သည် သမ္မာကျမ်းစာပေါ်တွင် လုံးဝအခြေခံသည်။ လူမိုက်မူကား အခြေအနေမှန်ကိုရှာဖွေရန် မကြိုးစားဘဲ စိတ်ထဲပေါ်လာရာကို တဇွတ်ထိုးပြောချတတ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အကြံဉာဏ်တောင်းခံသည့်အခါ မိမိတို့ကြားနာလိုသောအရာကို ပြောဆိုမည့်သူများထံသွားမည့်အစား အသိဉာဏ်ကြွယ်ပြီး ရင့်ကျက်သူများထံ သွားခြင်းက ပညာရှိရာရောက်သည်။ ခရစ်ယာန်အသင်းတော်တွင် အကြံဉာဏ်မပေးမီ “ပညာအတတ်ကိုရှာ” ဖွေသော “လူ့အသွင်ဆုလာဘ်များ” ရှိခြင်းက အလွန်ကောင်းလှသည်တကား!—ဧဖက် ၄:၈၊ ကဘ။
နောက်ပညာရှိစကားက အပြုသဘောရှိခြင်း၏ အလွန်ကောင်းမွန်သော အကျိုးကျေးဇူးများအကြောင်း ဖော်ပြသည်။ ဣသရေလရှင်ဘုရင် ဤသို့ဆိုသည်– “ဆင်းရဲငြိုငြင်သောသူ၏ နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ၏။ ရွှင်လန်းသောစိတ်နှလုံးမူကား အစဉ်အမြဲခံရသောပွဲဖြစ်၏။” (သု. ၁၅:၁၅) ဘဝဟူသည် ရေစီးတစ်ခါရေသာတစ်လှည့်ဖြစ်၏။ ကျွန်ုပ်တို့တွင် အပျက်သဘောသာရှိနေပါက ဝမ်းနည်းမှုဖိစီးနေမည်ဖြစ်ပြီး စိတ်ပျက်ဖွယ်သာဖြစ်ပေမည်။ သို့ရာတွင် ကျွန်ုပ်တို့ရရှိထားသည့် ကောင်းချီးများနှင့် ဘုရားသခင်ပေးထားသော မျှော်လင့်ချက်ကို စဉ်းစားတွေးတောနေမည်ဆိုလျှင် ဘဝတွင်ကြုံတွေ့ရသည့် ပူပန်သောကများသည် ဘာမျှမဟုတ်သကဲ့သို့ဖြစ်သွားကာ စိတ်ရွှင်လန်းစေလိမ့်မည်။ အပြုသဘောရှိခြင်းက “အစဉ်အမြဲခံရသောပွဲ” ဖြစ်စေသည်။
သို့ဖြစ်၍ ဆုံးမပဲ့ပြင်ခြင်းကို အလေးထားနာခံကြပါစို့။ ယင်းကို ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှု၊ အပြောအဆိုနှင့် အပြုအမူများတွင်သာမက သဘောထားအပေါ်တွင်ပါ အကျိုးသက်ရောက်ခွင့်ပြုကြစို့။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
“ဖြည်းညင်းစွာပြန်ပြောခြင်းသည် ဒေါသကိုငြိမ်းစေတတ်၏”
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဆုံးမပဲ့ပြင်ရန်မှာ မိဘများ၏တာဝန်ဖြစ်
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
“ပညာရှိသောသူ၏နှုတ်ခမ်းတို့သည် ပညာအတတ်ကို စွန့်ကြဲတတ်၏”