ဘုရားသခင့်အလိုတော်ဆောင်ရန် သူတို့ပျော်မွေ့ကြ
ဘုရားသခင့်အလိုတော်ဆောင်ရန် သူတို့ပျော်မွေ့ကြ
ယေရှုသည် ခမည်းတော်ထံ ဤသို့ဆုတောင်းခြင်းဖြင့် ခရစ်ယာန်အားလုံးအတွက် ပုံသက်သေတစ်ခု ချမှတ်ခဲ့သည်– “အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေ။” (လုကာ ၂၂:၄၂) ယေဟောဝါအား လက်အောက်ခံခြင်းဆိုင်ရာ ဤနှိမ့်ချသည့်စကားကို ယနေ့ သန်းနှင့်ချီသော ဘုရားသခင့်ကျေးကျွန်များလည်း ပဲ့တင်ထပ်ကြသည်။ ထိုသူတို့ထဲတွင် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း၏ အကြိမ် ၁၂၀ မြောက်သင်တန်းမှ ကျောင်းသား ၅၂ ယောက်တို့ ပါဝင်ကြသည်။ ၂၀၀၆ ခုနှစ်၊ မတ် ၁၁ တွင် သင်တန်းဆင်းသူများသည် နိုင်ငံဒေသအသီးသီး၌ ခက်ခဲသောအခြေအနေများ ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သော်လည်း ဘုရားသခင့်အလိုတော်ဆောင်ရန် မျှော်လင့်ချက်ဖြင့် ပျော်ခဲ့ကြသည်။
ထိုကျောင်းဆင်းများသည် မိမိတို့ဘဝတွင် ယေဟောဝါ၏အလိုတော် လမ်းညွှန်မှုခံရန် အဘယ်အရာက လှုံ့ဆော်သနည်း။ ခရစ်ယာန်သာသနာပြုများအဖြစ် ဘိုလီးဗီးယားတွင် တာဝန်ကျသော ခရစ္စနှင့် လက်စလီဇနီးမောင်နှံက ဤသို့ပြောပြသည်– “ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို ငြင်းပယ်ထားတဲ့အတွက်ကြောင့် ယေဟောဝါအဖွဲ့အစည်းနဲ့ဆက်နွှယ်တဲ့ ဘယ်အရာကိုမဆို ကျွန်တော်တို့လုပ်ချင်တယ်။” (မာကု ၈:၃၄) အယ်လ်ဘေးနီးယားတွင်တာဝန်ကျသော ဂျေဆင်နှင့် ရှယ်ရီတို့က ဤသို့ဖြည့်စွက်ဖော်ပြသည်– “ယေဟောဝါအဖွဲ့အစည်းကနေရရှိတဲ့ ဘယ်တာဝန်မဆိုမှာ စိန်ခေါ်ချက်တွေရှိတတ်ပါတယ်။ ဒါပေမဲ့ ယေဟောဝါကို အကြွင်းမဲ့ယုံကြည်ကိုးစားလို့ရတယ်ဆိုတာကို ကျွန်တော်တို့သိလာခဲ့တယ်။”
ယေဟောဝါ၏အလိုတော်ကို လက်အောက်ခံရန် အားပေးမှု
ဗေသလမိသားစုဝင်တစ်ဦးဖြစ်သူ ပန်းချီဌာနမှ ဂျော့ဂျ်စမစ်သ် က ဆုတောင်းခြင်းဖြင့် ကျောင်းဆင်းပွဲအစီအစဉ်ကို စတင်ခဲ့သည်။ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ကျောင်းဆင်းပွဲအစီအစဉ်၏ သဘာပတိဖြစ်သူ စတီဗင် လက်တ် ကတက်ရောက်သူအားလုံးကို ကြိုဆိုခဲ့သည်။ ၂၃ နိုင်ငံမှဧည့်သည်တော်များသည် ထိုရွှင်လန်းဖွယ် အခါသမယကို တက်ရောက်ရန် နယူးယောက်၊ ပက်တာစင်ရှိ ကင်းမျှော်စင်ပညာပေးဌာနသို့ ရောက်ရှိလာခဲ့ကြသည်။ ညီအစ်ကိုလက်တ်က ကျောင်းဆင်းများသည် “အလွန်တန်ခိုးပါသောအရာတစ်ခု” ကို လုပ်ဆောင်ကြတော့မည်ဟု ပြောခဲ့သည်။ ခရစ်ယာန်သာသနာပြုသစ်များသည် သမ္မာကျမ်းစာတန်ခိုးအားဖြင့် မှားယွင်းသော ယုံကြည်ချက်များဖြစ်သည့် “မြို့ရိုးမြို့ပြတို့ကို” ဖြိုဖျက်ကြမည့်အကြောင်း အာရုံစိုက်စေခဲ့သည်။ (၂ ကောရိန္သု ၁၀:၄၊ ၅) သူဤသို့နိဂုံးချုပ်ခဲ့သည်– “သင်တို့တာဝန်ကျတဲ့နေရာမှာရှိတဲ့ စိတ်နှလုံးရိုးဖြောင့်သူတွေရဲ့ မြို့ရိုးမြို့ပြတွေကို ဖြိုဖျက်ဖို့ ယေဟောဝါရဲ့အသုံးတော်ခံရတာဟာ စိတ်ရွှင်လန်းစရာပါပဲ!”
ဌာနချုပ်ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟယ်ရဲလ်ဒ် ဂျက်စင်က “သတိရစရာ အနည်းငယ်သောအမှုများ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ခရစ်ယာန်သာသနာပြုသစ်များသည် “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြ” ရန် ဘယ်သောအခါမျှ မမေ့သင့်ကြောင်း ဖော်ပြခဲ့သည်။ (မဿဲ ၆:၃၃) “မေတ္တာမူကား တည်ဆောက်တတ်” ကြောင်းနှင့် အောင်မြင်မှုအတွက် တည်မြဲသောသော့ချက်ဖြစ်ကြောင်း သူတို့သတိရသင့်သည်။ (၁ ကောရိန္သု ၈:၁) “တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ မေတ္တာက သင်တို့ကိုလွှမ်းမိုးပါစေ” ဟုပြောခဲ့သည်။
၎င်းနောက်၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၁၉၇၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ခရစ်ယာန်သာသနာပြုတစ်ဦးအဖြစ် အမှုဆောင်ခဲ့သူ ဂျက်ဖရီ ဂျက်ဆင်က ကျောင်းဆင်းများအား “သင်တို့၌ တာဝန်ရှိပါသလော” ဟုမေးခဲ့သည်။ မိမိကိုယ်ကိုနှင့် အမှုဆောင်ခြင်းလုပ်ငန်းအပေါ် မျှတသောအမြင်ရှိဖို့လိုကြောင်း အလေးပေးဖော်ပြခဲ့သည်။ ခရစ်ယာန်များသည် အမှန်တရားမျိုးစေ့ကို စိုက်ပျိုးရေလောင်းရာတွင် ကြိုးစားအားထုတ်ရန် တာဝန်ရှိသည်။ သို့ရာတွင် “အပင်ကိုကြီးပွားစေသောသူကား ဘုရားသခင်” ဖြစ်သောကြောင့် ဝိညာဉ်ရေးကြီးထွားစေရန်မှာ ယေဟောဝါ၏တာဝန်ဖြစ်သည်။ (၁ ကောရိန္သု ၃:၆-၉) ညီအစ်ကို ဂျက်ဆင်က ဤသို့ထပ်ပြောခဲ့သည်– “ဝိညာဉ်ရေးမှာသန်မာနေဖို့ ယေဟောဝါက သင်တို့ကို ထောက်မပေးမယ်။ ဒါပေမဲ့ သင်တို့ရဲ့ အကြီးမားဆုံးတာဝန်က ဘာလဲ။ ယေဟောဝါနဲ့ သင်တို့သွားရောက်အမှုဆောင်မယ့်နေရာမှာရှိတဲ့လူတွေကို ချစ်ရမယ်။”
ဂိလဒ်သင်တန်းပို့ချသူ လောရဲန့်စ် ဘိုဝင်န်က “မိမိတို့ကိုယ်တိုင် မည်သို့ပြုမူကျင့်ကြံသင့်သည်ကို သိပါ” ဟူသည့်အဓိကအချက်ကို ဆင်ခြင်သုံးသပ်ခဲ့သည်။ သူက ကျောင်းသားများအား ယေဟောဝါသည် ဣသရေလလူများကို တောကန္တာရတစ်လျှောက် အံ့ဖွယ်နည်းဖြင့် လမ်းညွှန်ကာကွယ်ပေးခဲ့ကြောင်း ပြန်အမှတ်ရစေခဲ့သည်။ (ထွက်မြောက်ရာ ၁၃:၂၁၊ ၂၂) ကိုယ်တော်သည် ယနေ့အချိန်တွင်လည်း ‘အမှန်တရား၏အမှီတံကဲ၊ အမှန်တရား၏တည်ရာဖြစ်’ သော ဝိညာဉ်တော်ဖွားခရစ်ယာန်အသင်းတော်သားများအားဖြင့် အတိုင်းအတာတစ်ခုထိ ကျွန်ုပ်တို့ကို လမ်းပြကာကွယ်ပေးနေသည်။ (၁ တိမောသေ ၃:၁၄၊ ၁၅) ခရစ်ယာန်သာသနာပြုသစ်များသည် စိတ်နှိမ့်ချသောသူတို့အား လမ်းညွှန်ကာကွယ်ပေးသည့် သမ္မာကျမ်းစာအမှန်တရားကို စွဲကိုင်ထားရမည်။
ဂိလဒ်သင်တန်းပို့ချသူ နောက်တစ်ဦးဖြစ်သော ဝေါလေ့စ် လစ်ဗာရန့်စ်က ကျောင်းဆင်းများသည် မိမိတို့၏ ‘အနောက်’ မှပြောသော ဘုရားသခင်၏စကားတော်ကို မမေ့ရန် တိုက်တွန်းခဲ့သည်။ သမ္မာကျမ်းစာသည် လွန်ခဲ့သောရာစုနှစ်များစွာက ပြီးစီးခဲ့သောစာအုပ်ဖြစ်သောကြောင့် ဘုရားသခင့်စကားတော်သည် ကျွန်ုပ်တို့နောက်၌ရှိသည့်သဘောဖြစ်သည်။ သိုးထိန်းတစ်ဦးသည် သိုးစုကို အနောက်မှပြောသကဲ့သို့ ယေဟောဝါသည် ‘တည်ကြည်ပြီးသတိပညာရှိသောကျေးကျွန်’ မှတစ်ဆင့် မိမိလူမျိုးတော်အား ညွှန်ကြားချက်ပေးခြင်းဖြင့် သူတို့အနောက်တွင်ရှိနေသည်။ (ဟေရှာယ ၃၀:၂၁; မဿဲ ၂၄:၄၅-၄၇) ကျောင်းဆင်းများသည် ဂိလဒ်ကျောင်းကြောင့် ထိုကျေးကျွန်အတန်းအစားပေါ် ကျေးဇူးတင်စိတ်ပိုတိုးပွားခဲ့ကြသည်။ “ကျေးကျွန်” သည် ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာကိုပင် ပြင်ဆင်ပေးခဲ့သည်။ ဟောပြောသူက ကျောင်းဆင်းများအား ဤသို့အားပေးခဲ့၏– “အဖိုးတန်အချက်အလက်တွေပါတဲ့ ဒီဘဏ္ဍာကို ယူသွားပါ၊ တခြားသူတွေကို သွန်သင်ပေးတဲ့အခါ အသုံးပြုပါ။”—မဿဲ ၁၃:၅၂။
လယ်ကွင်းအမှုဆောင်လုပ်ငန်းတွင် ယေဟောဝါအလိုတော်ဆောင်ခြင်း
“သတင်းကောင်းဟောခြင်းငှာ စိတ်ထက်သန်ပါ” အစီအစဉ်အပိုင်းတွင် ဂိလဒ်သင်တန်းပို့ချသူ မာ့ခ်နူမဲရ်က ကျောင်းဆင်းများ ဂိလဒ်ကျောင်းတက်ရောက်နေစဉ် အမှုဆောင်ခြင်းလုပ်ငန်းမှ သူတို့ရရှိခဲ့သည့် တွေ့ကြုံမှုတချို့ကို ပေါ်လွင်စေခဲ့သည်။ (ရောမ ၁:၁၅) ကျောင်းဆင်းများနှင့် လူတွေ့မေးမြန်းခန်းများက အခွင့်အရေးရတိုင်း ဟောပြောရန် ထူးကဲသောစိတ်ထက်သန်မှုကို သူတို့အမှန်တင်ပြခဲ့ကြောင်း ဖော်ပြသည်။
ကဲနက်သ် ဖလိုဒင်က ယခု အမေရိကန်ပြည်ထောင်စုတွင် အမှုဆောင်နေသော နယ်လှည့်ကြီးကြပ်မှူးသုံးဦးကို လူတွေ့မေးမြန်းခြင်းမှ ကျောင်းဆင်းများ ထပ်ဆင့်အားပေးမှုရရှိခဲ့ကြသည်။ ယခင်က တောင်နှင့်ဗဟိုအမေရိကတို့တွင် အမှုဆောင်ခဲ့ကြသော ရစ်ချက်ဒ် ကယ်လာနှင့် အလီဂျန်ဒရို လာကီးယိုတို့က ခရစ်ယာန်သာသနာပြုများအဖြစ် အမှုဆောင်ခဲ့စဉ် အခက်အခဲအမျိုးမျိုးရင်ဆိုင်ဖြေရှင်းခဲ့ပုံနှင့် သူတို့ရရှိသောကောင်းချီးတချို့ကို ပြန်ပြောပြခဲ့ကြသည်။ မိုအာစာ ဖလစ်ဘီနိုက မိမိကြီးပြင်းရာ ဘရာဇီးနိုင်ငံရှိ ခရစ်ယာန်သာသနာပြုများနှင့်အတူ အနီးကပ်လုပ်ဆောင်ခြင်းမှ သူရရှိခဲ့သောလေ့ကျင့်မှုကို ပြန်ပြောပြခဲ့သည်။
အတွေ့အကြုံရှိ ခရစ်ယာန်သာသနာပြုသုံးဦးဖြစ်သော ရောဘတ် ဂျုန်း၊ ဝုဒ်ဝေါ့ မီလ်စ်နှင့် ခရစ်စတိုဖာ စလေးတို့ကို ဒေးဗစ် ရှာဖာက လူတွေ့မေးမြန်းခဲ့သည်။ ထိုညီအစ်ကိုသုံးဦးက အခက်အခဲများ ရင်ဆိုင်ရချိန်တွင် ယေဟောဝါအား ယုံကြည်ကိုးစားမှုဖြင့် သူတို့လုပ်ဆောင်ခဲ့ပုံအကြောင်း ပြန်ပြောပြကြသည်။ ယေဟောဝါ၏အဖွဲ့အစည်းမှ သူတို့ရရှိသောလေ့ကျင့်မှုက ခရစ်ယာန်သာသနာပြုတာဝန်များအတွက် သူတို့ကိုကောင်းစွာပြင်ဆင်ပေးခဲ့ကြောင်း ကျောင်းသားများကို ယုံကြည်စိတ်ချစေခဲ့သည်။ ညီအစ်ကို မီလ်စ်က ဤသို့အကျဉ်းချုပ်ဖော်ပြခဲ့သည်– “ဂိလဒ်ကျောင်းကနေ ကျွန်တော့်ကို အထောက်အကူအပြုဆုံးအရာကတော့ ကျမ်းဆိုင်ရာအသိပညာတွေမဟုတ်ဘဲ ကျောင်းကသင်ပေးခဲ့တဲ့ နှိမ့်ချခြင်းနဲ့မေတ္တာဖြစ်တယ်။”
အုပ်ချုပ်ရေးအဖွဲ့ဝင် ဂိုင်ပီယပ်စ်က “ယေဟောဝါသည် မည်သည့်အခါမျှ ပျက်ကွက်မည်မဟုတ်” ဟုခေါင်းစဉ်ပေးထားသော အဓိကဟောပြောချက်ကို တင်ဆက်ခဲ့သည်။ အာဒံပျက်ကွက်ခဲ့မှုက ဘုရားသခင်ဘက်မှ ပျက်ကွက်ခဲ့သည့် သဘောလော။ အချို့သူတို့ပြောသကဲ့သို့ ဘုရားသခင်သည် အာဒံကို စုံလင်စွာဖန်ဆင်းရန် ပျက်ကွက်ခဲ့၍လော။ “ဘုရားသခင်သည် လူကို ဖြောင့်မတ်အောင်ဖန်ဆင်းတော်မူ” သောကြောင့် လုံးဝမဟုတ်ပါ။ (ဒေ. ၇:၂၉) မြေကြီးပေါ်ရှိစဉ် အကြီးမားဆုံးသော စမ်းသပ်မှုအောက် ယေရှု၏သမာဓိစောင့်သိသောလမ်းစဉ်က “အာဒံဘက်ကနေ သူပျက်ကွက်ခဲ့ရတဲ့အကြောင်း ဆင်ခြေပေးစရာမရှိ” ဟုဟောပြောသူ ဖော်ပြခဲ့သည်။ ဧဒင်ဥယျာဉ်တွင် နာခံမှုနှင့်ပတ်သက်သော အာဒံကြုံခဲ့ရသည့်စမ်းသပ်မှုသည် ယေရှုအောင်မြင်စွာရင်ဆိုင်ခဲ့သော စမ်းသပ်မှုလောက် မခက်ခဲပါ။ သို့တိုင် အာဒံ ပျက်ကွက်ခဲ့သည်။ သို့သော် ယေဟောဝါသည် မည်သည့်အခါမျှ ပျက်ကွက်မည်မဟုတ်။ ကိုယ်တော်၏ရည်ရွယ်ချက် အမှန်ပြည့်စုံလာလိမ့်မည်။ (ဟေရှာယ ၅၅:၁၁) ညီအစ်ကို ပီယပ်စ်က ခရစ်ယာန်သာသနာပြုသစ်များကို ဤသို့ပြောခဲ့၏– “သင်တို့ရဲ့ကိုယ်ကျိုးစွန့်စိတ်ဓာတ်နဲ့ ယေဟောဝါကိုဂုဏ်တင်နိုင်တဲ့ အခွင့်အရေး သင်တို့မှာရှိတယ်။ ခရစ်ယာန်သာသနာပြုတွေအဖြစ် ယေဟောဝါရဲ့အမှုတော်ကို ဘယ်နေရာမှာပဲဆောင်ရွက်ပါစေ ကိုယ်တော်ဟာ သင်တို့တစ်ဦးချင်းစီနဲ့အတူရှိပါစေ။”
ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးအသီးသီးမှ နှုတ်ခွန်းဆက်စကားများကို ဖော်ပြပြီးနောက် သဘာပတိဖြစ်သူ ညီအစ်ကိုလက်တ်က ကျောင်းဆင်းများအား ဒီပလိုမာနှင့် တာဝန်ခန့်အပ်လွှာများကို ပေးအပ်ခဲ့သည်။ သက်တမ်းကြာ ဗေသလမိသားစုဝင်တစ်ဦးဖြစ်သော ဗာနန် ဝေ့ဇ်ဂါဗာက ပရိသတ်အတွက် နိဂုံးချုပ်ဆုတောင်းပေးခဲ့သည်။
ကျောင်းဆင်းပွဲအစီအစဉ်က ဘုရားသခင်၏အလိုတော်ဆောင်ရန် သူတို့၏ဇွဲထက်သန်မှုကို အားသစ်လောင်းပေးသည်ဟု ၆,၈၇၂ ယောက်သော တက်ရောက်သူများ ခံစားခဲ့ကြသည်။ (ဆာလံ ၄၀:၈) ကျောင်းဆင်းများဖြစ်သော အင်ဒရူးနှင့် အယ်နာတို့က ဤသို့ပြော၏– “ကျွန်တော်တို့ရဲ့အသက်တာကို ယေဟောဝါထံ အပ်နှံထားတယ်။ ယေဟောဝါ ဘာပဲတောင်းဆိုတောင်းဆို လုပ်မယ်လို့ ကျွန်တော်တို့ ကတိပြုထားတယ်။ အခု ယေဟောဝါက ကျွန်တော်တို့ကို အာဖရိကတိုက်က ကင်မရွန်းကိုသွားဖို့ တောင်းဆိုနေပြီ။” သူတို့နှင့် အခြားသင်တန်းကျောင်းဆင်းများလည်း စိတ်ကျေနပ်မှုဖြစ်စေမည့် အလုပ်တာဝန်ကို စတင်လုပ်ဆောင်ဖို့ သူတို့စိတ်စောနေကြသည်။ အမှန်ပင်၊ သူတို့သည် ဘုရားသခင်၏အလိုတော်ဆောင်ရန် ပျော်မွေ့ကြသည်။
[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်]
သင်တန်းဆိုင်ရာအချက်အလက်များ
ကိုယ်စားပြုနိုင်ငံအရေအတွက်– ၆
ခန့်အပ်ခံရသည့်နိုင်ငံအရေအတွက်– ၂၀
သင်တန်းသားအရေအတွက်– ၅၂
ပျမ်းမျှအသက်– ၃၅.၇
ပျမ်းမျှအမှန်တရားသက်တမ်း– ၁၈.၃
ပျမ်းမျှအချိန်ပြည့်အမှုဆောင်သက်တမ်း– ၁၄.၅
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်း၏ အကြိမ် ၁၂၀ မြောက်သင်တန်း
အောက်ပါစာရင်းတွင် အတန်းများကို ရှေ့တန်းမှ နောက်တန်းသို့ရေတွက်ပြီး အမည်များကို လက်ဝဲမှ လက်ယာဘက်သို့ စီထားသည်။
(1) Wright, S.; Suárez, B.; Croisant, B.; Davenport, L. (2) Johnson, A.; Ali, C.; Cady, K.; Guerrero, P.; Ases, A. (3) Ortiz, L.; Lyall, K.; Uzeta, M.; Perez, R.; Backus, K.; Caterina, C. (4) Palmer, B.; Loving, D.; Macdonough, J.; Bostock, D.; Benetatos, L. (5) Jasicki, M.; Sarafianos, E.; Stelter, C.; Vaira, R.; Woon, J.; Prentice, K. (6) Davenport, H.; Croisant, H.; Perez, M.; Vaira, E.; Suárez, A.; Caterina, I.; Wright, C. (7) Cady, K.; Macdonough, J.; Ortiz, M.; Woon, J.; Ali, J.; Ases, M. (8) Sarafianos, G.; Lyall, D.; Uzeta, C.; Stelter, P.; Prentice, G.; Johnson, A.; Benetatos, C. (9) Palmer, J.; Jasicki, W.; Backus, J.; Bostock, S.; Guerrero, J. M.; Loving, S.