မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ရွေးချယ်ထားသည့် လူမျိုးအဖြစ် သူတို့မွေးဖွားလာကြ

ဘုရားသခင်ရွေးချယ်ထားသည့် လူမျိုးအဖြစ် သူတို့မွေးဖွားလာကြ

ဘုရားသခင်​ရွေးချယ်​ထား​သည့် လူမျိုး​အဖြစ် သူတို့​မွေးဖွား​လာ​ကြ

‘သင်၏​ဘုရားသခင် ယေဟောဝါ​၏​လူမျိုး​ဖြစ်စေ​ခြင်း​ငှာ သင့်ကို ရွေးချယ်​တော်​မူ​ပြီ။’—တရားဟောရာ ၇:၆

၁၊ ၂။ ယေဟောဝါ​သည် မိမိလူ​မျိုး​တော်​အတွက် အဘယ်​တန်ခိုး​ကြီး​လုပ်ရပ်များ​ကို ပြု​ခဲ့​သနည်း။ ဣသရေလလူ​တို့သည် ဘုရားသခင်​နှင့် အဘယ်​ဆက်ဆံ​ရေး​မျိုး စတင်​ခဲ့​ကြ​သနည်း။

ဘီစီ ၁၅၁၃ ခုနှစ်​တွင် ယေဟောဝါ​သည် ကမ္ဘာ​ပေါ်​ရှိ မိမိ၏​ကျေးကျွန်​များနှင့် ဆက်ဆံ​ရေး​အသစ်​တစ်ရပ်​ကို ထူထောင်​ခဲ့​သည်။ ထို​နှစ်​တွင် ကမ္ဘာ့​အာဏာစက်​တစ်ခု​ကို ရှုံးနိမ့်​စေပြီး ဣသရေလလူ​တို့ကို ကျွန်​ဘဝ​မှ ကယ်လွှတ်​ပေး​ခဲ့​သည်။ သို့ဖြင့် ကိုယ်တော်​သည် သူတို့ကို ကယ်တင်​သော ပိုင်ရှင်​ဖြစ်လာ​လေ​သည်။ ထိုသို့​မပြု​မီ ဘုရားသခင်​က မောရှေ​ကို ဤသို့​မိန့်ဆိုခဲ့​၏– ‘ဣသရေလ​အမျိုးသား​တို့အား ပြော​ရသော​စကား​ဟူ​မူ​ကား ငါသည် ယေဟောဝါ​ဖြစ်၏။ ငါသည်​လည်း သင်တို့ကို အီဂျစ်လူ​တို့​လက်​မှ​လွှတ်​၍ သူတို့၏​ညှဉ်းဆဲခြင်း​ထဲ​က နုတ်ယူ​မည်။ လက်​ဆန့်​ခြင်း၊ ကြီးစွာ​သော​ဒဏ်ခတ်​ခြင်း​အားဖြင့် သင်တို့ကို ငါ​ရွေး​မည်။ ငါ​၏​လူမျိုး​ဖြစ်စေ​ခြင်း​ငှာ သင်တို့ကို ငါ​သိမ်းယူ​မည်။ ငါသည်​လည်း သင်တို့၏​ဘုရားသခင်​ဖြစ်​မည်။’—ထွက်မြောက်ရာ ၆:၆၊ ၇; ၁၅:၁-၇၊ ၁၁

အီဂျစ်​ပြည်​မှ ဣသရေလလူ​တို့ ထွက်​လာပြီး မကြာမီ သူတို့၏​ဘုရားသခင် ယေဟောဝါ​နှင့် ပဋိညာဉ်ဖွဲ့​ခဲ့​ကြသည်။ ထို​အချိန်​မှ​စ၍ ယေဟောဝါ​သည် ကမ္ဘာ​ပေါ်​တွင် တစ်ဦးချင်း​လိုက်၊ မိသားစု​လိုက်၊ မျိုးနွယ်စု​လိုက်​နှင့် မ​ဆက်သွယ်​တော့​ဘဲ ဖွဲ့စည်းထား​သော​လူမျိုးတစ်မျိုး​နှင့် ဆက်သွယ်​မည်​ဖြစ်သည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆; ၂၄:၇) ကိုယ်တော်​သည် မိမိလူ​တို့၏​နေ့စဉ်​အသက်တာ၊ ထို့​ထက်​အရေးကြီး​သည်​ကား သူတို့၏​ဝတ်ပြုရေး​နှင့်​သက်ဆိုင်​သည့် ပညတ်တရား​များ​ပေး​လေ​သည်။ မောရှေ​က သူတို့ကို ဤသို့​ပြော​ခဲ့​၏– ‘ငါ​တို့သည် ဆုတောင်း​လေ​ရာ​ရာ​၌ ငါ​တို့​ဘုရားသခင် ယေဟောဝါ ကြည့်ရှု​ပြုစု​တော်​မူ​ခြင်း ကျေးဇူး​ကို​ခံရ​သည်​နည်းတူ အခြားသော​ဘုရား ကြည့်ရှု​ပြုစု​သော​ကျေးဇူး​ကို အဘယ်​မည်​သော​လူမျိုး​ကြီး ခံရ​သနည်း။ ငါသည် ယနေ့ သင်တို့၌​ထားသော တရား​အပေါင်း​နှင့်​အမျှ ဖြောင့်မတ်​သော​စီရင်ထုံး​ဖွဲ့​ချက်​တို့ကို​ရသော အဘယ်​လူမျိုး​ကြီး​ရှိ​သနည်း။’—တရားဟောရာ ၄:၇၊ ၈

သက်သေခံ​လူမျိုးတစ်မျိုး​အဖြစ် မွေးဖွား​လာ

၃၊ ၄။ လူမျိုးတစ်မျိုး​အနေ​နှင့် ဣသရေလ​လူမျိုး​တည်ရှိ​ရသည့် အရေးကြီးသော​အကြောင်း​တစ်ရပ်​ကား အဘယ်နည်း။

ယေဟောဝါ​သည် ရာစုနှစ်များစွာ​ကြာသော် လူမျိုးတစ်မျိုး​အနေ​ဖြင့် ဣသရေလလူ​တို့ တည်ရှိ​ရသည့် အရေးကြီးသော​အကြောင်း​တစ်ရပ်​ကို ပရောဖက်​ဟေရှာယ​မှ​တစ်ဆင့် ဤသို့​သတိပေး​ခဲ့​၏– ‘အို​ယာကုပ်​အမျိုး၊ ဣသရေလ​အနွယ် သင့်ကို ဖန်ဆင်း​ပြုပြင်​တော်​မူ​သော ယေဟောဝါ​မိန့်တော်မူသည်​ကား မစိုးရိမ်​နှင့်။ သင့်ကို ငါ​ရွေးနုတ်​ပြီ။ ငါ့​နာမ​ဖြင့်​မှည့်​ပြီ။ သင့်ကို ငါ​ဆိုင်​၏။ အကြောင်း​မူ​ကား ငါသည် သင်၏​ဘုရားသခင် ယေဟောဝါ​ဖြစ်၏။ သင့်ကို​ရွေး​သော​သခင် ဣသရေလ​အမျိုး​၏ သန့်ရှင်းသော​ဘုရားသခင်​ဖြစ်၏။ . . . ဝေး​သော​အရပ်၊ မြေကြီးစွန်း​မှ ငါ့​သားသမီး​တည်း​ဟူသော ငါ့​နာမ​ဖြင့်​သမုတ်သော​သူ၊ ငါ​၏​ဘုန်း​အသရေ​ဖို့ ငါ​ဖန်ဆင်း​ပြုပြင်၍ ဧကန်​စင်စစ်​လုပ်ပြီး​သော​သူအပေါင်း​တို့ကို ဆောင်​ခဲ့​လော့။ . . . သင်တို့သည် . . . ငါ​၏​သက်သေ၊ ငါ​ရွေးကောက်​သော​ကျွန်​ဖြစ်​ကြ​၏။ . . . ကိုယ်​အဖို့ ငါ​ဖန်ဆင်း​သော​ထို​လူမျိုး​သည် ငါ​၏​ဂုဏ်​ကျေးဇူး​ကို ပြ​ရ​လိမ့်​မည်။’—ဟေရှာယ ၄၃:၁၊ ၃၊ ၆၊ ၇၊ ၁၀၊ ၂၁

ယေဟောဝါ​၏​နာမ​ဖြင့် သမုတ်​ခံရ​သော လူမျိုး​အနေ​နှင့် ဣသရေလလူ​တို့သည် လူမျိုးများ​ရှေ့တွင် ကိုယ်တော်​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို သက်သေခံ​မည့်​သူများ ဖြစ်​ကြ​ရမည်။ သူတို့သည် ‘ယေဟောဝါ​၏​ဘုန်း​အသရေ​ဖို့ ဖန်ဆင်း’ ခံရ​ကြ​သူများ ဖြစ်​ကြ​ရမည်။ ‘ယေဟောဝါ​၏​ဂုဏ်​ကျေးဇူး​ကို​ပြ’ ပြီး ကိုယ်တော်​၏​အံ့ဖွယ်​ကယ်လွှတ်​ခြင်း​လုပ်ရပ်များ​ကို ပြောဆိုခြင်း​ဖြင့် ကိုယ်တော်​၏​သန့်ရှင်းသော​နာမတော်​ကို ချီးမြှောက်​ကြ​ရမည်။ အချုပ်​ဆို​ရ​သော် သူတို့သည် ယေဟောဝါ​အကြောင်း သက်သေခံ​သည့် လူမျိုးတစ်မျိုး​ဖြစ်​ကြ​ရမည်။

၅။ ဣသရေလ​လူမျိုး​သည် အဘယ်​နည်းဖြင့် အပ်နှံ​ထားသော​လူမျိုး ဖြစ်​ခဲ့​သနည်း။

ယေဟောဝါ​သည် ဣသရေလ​လူမျိုး​ကို သီးခြား​လူမျိုးတစ်မျိုး​ဖြစ်စေ​ခဲ့​ကြောင်း ဘီစီ ၁၁ ရာစု​တွင် ရှင်ဘုရင်​ရှောလမုန်က ဖော်ပြ​ခဲ့​သည်။ ယေဟောဝါ​ထံ သူ၏​ဆုတောင်းချက်​တွင် ဤသို့​ဆို​၏– “ဣသရေလ​အမျိုး​ကို ကိုယ်တော်​အမွေခံ​ရာ​ဖြစ်စေ​ခြင်း​ငှာ မြေကြီးသား​အမျိုးမျိုး​ထဲ​က ရွေးနုတ်​ခွဲထား​တော်​မူ​ပြီ။” (၃ ဓမ္မ​ရာဇဝင် ၈:၅၃) ဣသရေလလူ​တစ်ဦးစီ​သည်လည်း ယေဟောဝါ​နှင့် အထူး​ဆက်ဆံ​ရေး ရရှိခဲ့​ကြသည်။ ယခင်​က သူတို့ကို မောရှေ​ဤသို့​ပြော​ခဲ့​သည်– ‘သင်တို့သည် သင်တို့​ဘုရားသခင် ယေဟောဝါ​၏​သား​ဖြစ်​ကြ​၏။ . . . သင်တို့သည် သင်တို့၏​ဘုရားသခင် ယေဟောဝါ​အဖို့ သန့်ရှင်းသော​လူမျိုး​ဖြစ်​ကြ​၏။’ (တရားဟောရာ ၁၄:၁၊ ၂) ထို့​ကြောင့် ဣသရေလလူ​ငယ်​တို့သည် မိမိတို့​အသက်တာကို ယေဟောဝါ​ထံ အပ်နှံ​စ​ရာ​မလို​ချေ။ ဘုရားသခင်​ထံ အပ်နှံ​ထားပြီး​သော လူမျိုး​အဖြစ် သူတို့​မွေးဖွား​လာ​ခဲ့​ကြ​၏။ (ဆာလံ ၇၉:၁၃; ၉၅:၇) ဣသရေလ​လူမျိုး​သည် ယေဟောဝါ​နှင့် ပဋိညာဉ်ဖွဲ့​ထားသော​ကြောင့် နောင်​လာ​နောက်​သား လူမျိုးဆက်​တိုင်း​သည် ယေဟောဝါ​၏​ပညတ်တရား​များ​ကို သွန်သင်​ခံရ​ပြီး ၎င်းတို့ကို စောင့်ထိန်း​ကြ​ရသည်။—တရားဟောရာ ၁၁:၁၈၊ ၁၉

လွတ်လပ်​စွာ​ရွေးချယ်ခွင့်​ရှိ

၆။ ဣသရေလလူ​တစ်ဦးစီ​သည် အဘယ်အရာကို ရွေးချယ်​ရမည်​နည်း။

ဣသရေလလူ​တို့သည် အပ်နှံ​ထားသော​လူမျိုး​အဖြစ် မွေးဖွား​လာ​ကြသော်လည်း တစ်ဦးချင်း​စီ​အနေ​နှင့် ဘုရားသခင်​ကို ဝတ်ပြု​ရန် ကိုယ်ပိုင်​ဆုံးဖြတ်ချက်​ချ​ကြ​ရမည်။ ကတိထားရာပြည်​သို့​မဝင်​မီ သူတို့ကို မောရှေ ဤသို့​ပြော​ခဲ့​သည်– ‘အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီး​ပေးခြင်း၊ ကျိန်ခြင်း​တို့ကို သင့်​ရှေ့၌ ငါ​ထား​သည်​ဟု သင့်တစ်ဖက်​၌ ကောင်းကင်​မြေကြီးကို ငါ​တိုင်တည်​၏။ သို့​ဖြစ်၍ သင်​နှင့် သင့်​အမျိုးအနွယ်​သည် အသက်ရှင်​မည်​အကြောင်း​နှင့်​လည်းကောင်း၊ သင်၏​ဘုရားသခင် ယေဟောဝါ​ကို​ချစ်၍ စကားတော်​ကို​နားထောင်​သဖြင့် အသက်ရှင်ခြင်း​အကျိုး၊ အသက်တာ​ရှည်​ခြင်း​အကျိုးကို ပေး​တော်​မူ​သော ကိုယ်တော်​ကို ဆည်းကပ်​မှီဝဲ​မည်​အကြောင်း​နှင့်​လည်းကောင်း ယေဟောဝါ​သည် သင်၏​ဘိုးဘေး အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့​အား ကျိန်ဆို​တော်​မူ​သော​ပြည်​၌ နေ​မည်​အကြောင်း​နှင့်ယှဉ်သော အသက်​တရားကို ရွေးယူ​လော့။’ (တရားဟောရာ ၃၀:၁၉၊ ၂၀) ထို့​ကြောင့် ယေဟောဝါ​ကို​ချစ်​ပြီး စကားတော်​ကို​နားထောင်​ကာ ကိုယ်တော်၌​ဆည်းကပ်​မှီဝဲ​ရန် ဣသရေလလူ​တစ်ဦးစီ ရွေးချယ်​ရမည်​ဖြစ်သည်။ ဣသရေလလူ​တို့​တွင် ကိုယ်ပိုင်​ဆုံးဖြတ်​ပိုင်ခွင့်​ရှိကြ​သည့်​အတွက် မိမိတို့​ရွေးချယ်မှု​၏​အကျိုးဆက်များ​ကို ခံယူ​ကြ​ရမည်​ဖြစ်သည်။—တရားဟောရာ ၃၀:၁၆-၁၈

၇။ ယောရှု​၏​လူမျိုးဆက် ကွယ်လွန်​သွားပြီး​နောက် အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သနည်း။

တရားသူကြီး​များ​ခေတ်​က သစ္စာရှိ​မှု​နှင့် သစ္စာမဲ့မှု​တို့၏​အကျိုးဆက်များ​ကို အထင်အရှား​ဖော်ပြ​သည်။ ထို​ခေတ်​မတိုင်မီ ဣသရေလလူ​တို့သည် ယောရှု​၏​စံနမူနာ​အတိုင်း လိုက်လျှောက်​ခဲ့​ကြ​ရာ ကောင်းချီး​များစွာ​ခံစား​ကြ​ရ၏။ ‘ယောရှု​လက်ထက်​ကာလပတ်လုံး ဣသရေလ​အမျိုးသား​တို့သည် ထာဝရ​ဘုရားသခင်​ကို ဝတ်ပြု​ကြ​၏။ ထာဝရ​ဘုရားသခင်​သည် ဣသရေလ​အမျိုး​အဖို့​ပြု​တော်​မူ​သော အမှု​ကြီး​အလုံးစုံ​တို့ကို သိမြင်​၍ ယောရှု​မရှိသော​နောက် အသက်ရှင်​သေး​သော အသက်ကြီးသူတို့​လက်ထက်​၌​လည်း ထာဝရ​ဘုရားသခင်​ကို ဝတ်ပြု​ကြ​၏။’ သို့သော် ယောရှု​ကွယ်လွန်​ပြီး​နောက် ‘ထာဝရ​ဘုရားသခင်​ကိုလည်း​ကောင်း၊ ဣသရေလ​အမျိုး​အဖို့ ပြု​တော်​မူ​သော​အမှုတို့​ကိုလည်း​ကောင်း မသိသော​နောင်​ကာလ​အမျိုးသား​တို့သည် ပေါ်လာ​ကြ​၏။ ထို​အခါ ဣသရေလ​အမျိုးသား​တို့သည် ထာဝရ​ဘုရားသခင်​ရှေ့တော်၌ မကောင်းမှုကို​ပြု​ကြ​၏။’ (တရားသူကြီး ၂:၇၊ ၁၀၊ ၁၁) လူငယ်​မျိုးဆက်သစ်​သည် အတိတ်​က ယေဟောဝါ​ဘုရားသခင်​ပြု​ခဲ့​သော တန်ခိုး​ကြီး​လုပ်ရပ်များ​ကို မတွေ့မြင်​ခဲ့​ရသည့်​အတွက် အပ်နှံ​ထားသော​လူမျိုး​ဖြစ်​ရသည့် သူတို့၏​အမွေ​ကို တန်ဖိုး​မထား​ကြ​ချေ။—ဆာလံ ၇၈:၃-၇၊ ၁၀၊ ၁၁

သူတို့၏​အပ်နှံမှု​နှင့်​အညီ အသက်ရှင်ခြင်း

၈၊ ၉။ (က) ဣသရေလလူ​တို့သည် အဘယ်​အစီအစဉ်​ကြောင့် ယေဟောဝါ​ထံ မိမိတို့၏​အပ်နှံမှု​ကို ဖော်ပြ​ခွင့်​ရရှိကြ​သနည်း။ (ခ) စေတနာအလျောက် ယဇ်​ပူဇော်​သူများ​သည် အဘယ်အရာကို ရရှိခဲ့ကြ​သနည်း။

ယေဟောဝါ​သည် မိမိ​လူမျိုး​ကို သူတို့၏​အပ်နှံမှု​နှင့်​အညီ နေထိုင်ရန် အခွင့်အရေး​များ ပေးသနား​ထား​သည်။ ဥပမာ၊ ကိုယ်တော်​၏​ပညတ်တရား​တွင် ပူဇော်ရာ​ယဇ်​အစီအစဉ်ပါ​ရှိပြီး အချို့​ယဇ်များ​ကို မဖြစ်​မနေ​ပူဇော်​ရ​၍ အချို့​ကို​မူ စေတနာအလျောက်  ပူဇော်​ကြ​ရ၏။ (ဟေဗြဲ ၈:၃) အဆိုပါ​ယဇ်များ​တွင် ယေဟောဝါ​၏​မျက်နှာသာတော်​ရရှိရန်​နှင့် ကျေးဇူး​တင်​ကြောင်း​ဖော်ပြ​ရန် စေတနာအလျောက် ပူဇော်​သည့် မီးရှို့​ရာ​ယဇ်၊ အသီးအနှံ​ပူဇော်​ခြင်း​နှင့် မိတ်သဟာယ​ယဇ်များ​ပါဝင်​သည်။—ဝတ်ပြုရာ ၇:၁၁-၁၃

စေတနာအလျောက်​ပူဇော်​ရသည့် အဆိုပါ​ယဇ်များ​ကို ယေဟောဝါ နှစ်သက်​တော်​မူ​၏။ မီးရှို့​ရာ​ယဇ်နှင့် အသီးအနှံ​ပူဇော်​ခြင်း​တို့သည် ‘ထာဝရ​ဘုရားသခင်​အား ဆက်ကပ်​၍ မွှေး​ကြို​င်​သော​ပူဇော်ရာ​ယဇ်’ ဖြစ်သည်ဟု​ဆို​၏။ (ဝတ်ပြုရာ ၁:၉; ၂:၂) မိတ်သဟာယ​ယဇ်​တွင် တိရစ္ဆာန်​၏​အသွေး​နှင့် ဆီ​ဥ​တို့ကို ယေဟောဝါ​အား ပူဇော်​ပြီး အသား​အချို့​ကို ယဇ်ပုရောဟိတ်​များနှင့် ယဇ်​ပူဇော်​သူတို့က သုံးဆောင်​ကြသည်။ သို့​ဖြစ်၍ ယင်းသည် ယေဟောဝါ​နှင့် သင့်မြတ်​သော​ဆက်ဆံ​ရေး​ရှိကြောင်း ဖော်ပြ​သည့် ပုံဆောင်​စားသောက်ပွဲ​ဖြစ်သည်။ ပညတ်တရား​က ဤသို့​ဆို​၏– ‘မိတ်သဟာယ​ယဇ်ကို ယေဟောဝါ​အား ပူဇော်​လျှင် စိတ်တော်နှင့်​တွေ့​အောင် ပူဇော်​ရမည်။’ (ဝတ်ပြုရာ ၁၉:၅) ဣသရေလလူ​မျိုး​တစ်မျိုးလုံး​အနေ​နှင့် မွေး​ကတည်းက ယေဟောဝါ​ကို အပ်နှံထားသူ​များ​ဖြစ်​ကြသည်။ သို့သော် စေတနာအလျောက် ယဇ်​ပူဇော်​ခြင်း​ဖြင့် သူတို့၏​အပ်နှံမှု​ကို အဓိပ္ပာယ်​ရှိစေ​ကြ​သည့်​အခါ ဘုရားသခင်​၏ “စိတ်တော်နှင့်​တွေ့” ပြီး ကြွယ်ဝ​စွာ ကောင်းချီး​ခံစား​ခဲ့​ကြ​ရသည်။—မာလခိ ၃:၁၀

၁၀။ ယေဟောဝါ​သည် ဟေရှာယ​နှင့် မာလခိ​ခေတ်​တို့​တွင် မိမိ၏​စိတ်​အလိုမကျ​မှု​ကို မည်သို့​ဖော်ပြ​ခဲ့​သနည်း။

၁၀ သို့သော် အပ်နှံ​ထားသော​ဣသရေလ​လူမျိုး​သည် ယေဟောဝါ​ကို မကြာခဏ သစ္စာမဲ့​ခဲ့​ကြသည်။ သို့​ဖြစ်၍ ပရောဖက်​ဟေရှာယ​မှ​တစ်ဆင့် သူတို့ကို ယေဟောဝါ ဤသို့​မိန့်ဆိုခဲ့​၏– “မီးရှို့ရာ​သိုးသငယ်​ကို ငါ့​ထံ​သို့​မ​ဆောင်​ခဲ့။ ယဇ်​ပူဇော်​ခြင်း​အားဖြင့် ငါ့ကို မ​ချီးမြှောက်။ ငါသည် သင့်ကို အလှူဒါန​နှင့် အမှု​မ​ထမ်း​စေ။” (ဟေရှာယ ၄၃:၂၃) ထို့​ပြင် စေတနာ​မပါ၊ မေတ္တာ​မရှိဘဲ ပူဇော်​သော​ယဇ်များ​ကို ယေဟောဝါ​တန်ဖိုး​မထား​ချေ။ ဥပမာ၊ ဟေရှာယ​ခေတ်​နောက်ပိုင်း သုံး​ရာစု​အကြာ ပရောဖက်​မာလခိ​၏​ခေတ်တွင် ဣသရေလလူ​တို့သည် ကျိုးကန်း​သော​တိရစ္ဆာန်​များ​ကို ပူဇော်​ခဲ့​ကြသည်။ ထို့​ကြောင့် မာလခိ​က သူတို့ကို ဤသို့​ပြော​ခဲ့​သည်– ‘သင်တို့ကို ငါ​အလို​မရှိ၊ သင်တို့ပြုသော​ပူဇော်ရာ​ယဇ်ကို ငါ​လက်မခံ​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရားသခင် မိန့်တော်မူ၏။ . . . လုယူ​သော​အကောင်၊ ခြေဆွံ့​သော​အကောင်၊ နာ​သော​အကောင်​ကို ဆောင်​ခဲ့​ကြပြီ။ ထိုသို့​သော​ပူဇော်ရာ​ယဇ်ကို ဆောင်​ခဲ့​ကြပြီ​တကား။ သင်တို့​လက်​မှ ငါ​ခံရ​မည်​လော​ဟု ထာဝရ​ဘုရားသခင် မေး​တော်​မူ​၏။’—မာလခိ ၁:၁၀၊ ၁၃; အာမုတ် ၅:၂၂

အပ်နှံ​ထားသော​လူမျိုး​အဖြစ်​မှ ပယ်​ခံရ

၁၁။ ဣသရေလ​လူမျိုး​ကို အဘယ်​အခွင့်အရေး ပေး​ခဲ့​သနည်း။

၁၁ ဣသရေလလူ​တို့သည် လူမျိုး​လိုက် ယေဟောဝါ​ထံ အပ်နှံချိန်​တွင် သူတို့ကို ကိုယ်တော် ဤသို့​ကတိပြု​ခဲ့​၏– “သင်တို့သည် ငါ့​စကား​ကို အမှန်​နားထောင်​၍ ငါ့​ပဋိညာဉ်​ကို​စောင့်ရှောက်​လျှင် အခြားသော​လူမျိုးတကာ​တို့​ထက် သင်တို့သည် ငါ​ပိုင်ထိုက်​သော ဘဏ္ဍာတော်​ဖြစ်​ရ​ကြလိမ့်မည်။ မြေကြီး​ရှိသမျှသည် ငါ​၏​ဥစ္စာ​ဖြစ်၏။ သင်တို့သည်လည်း မင်း​စည်းစိမ်​ရှိသော ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်းသော​လူမျိုး​ဖြစ်​ရ​ကြလိမ့်မည်။” (ထွက်မြောက်ရာ ၁၉:၅၊ ၆) ကတိထားရာ​မေရှိယ​သည် သူတို့တွင် ပေါ်ထွန်း​ပြီး ဘုရားသခင့်​နိုင်ငံတော်​အစိုးရ​၏ အဖွဲ့ဝင်​များ​ဖြစ်ခွင့်​ကို သူတို့အား ဦးဆုံး​ပေး​မည်​ဖြစ်သည်။ (ကမ္ဘာဦး ၂၂:၁၇၊ ၁၈; ၄၉:၁၀; ၂ ဓမ္မ​ရာဇဝင် ၇:၁၂၊ ၁၆; လုကာ ၁:၃၁-၃၃; ရောမ ၉:၄၊ ၅) သို့ရာတွင် ဣသရေလ​လူမျိုး​မှ အများစု​သည် သူတို့၏​အပ်နှံမှု​နှင့်​အညီ အသက်မရှင်​ခဲ့​ကြ​ချေ။ (မဿဲ ၂၂:၁၄) သူတို့သည် မေရှိယကို ငြင်းပယ်​ပြီး နောက်ဆုံး ကွပ်မျက်​လိုက်​၏။—တမန်​တော် ၇:၅၁-၅၃

၁၂။ ယေဟောဝါ​၏​အပ်နှံ​ထားသော​လူမျိုး​အဖြစ်​မှ ဣသရေလ​လူမျိုး​ကို ပယ်​လိုက်ပြီ​ဖြစ်​ကြောင်း ယေရှု၏​အဘယ်​မိန့်ဆိုချက်​များ​က ဖော်ပြ​သနည်း။

၁၂ ယေရှု​မ​ကွယ်လွန်​မီ ရက်​အနည်းငယ်​တွင် ဂျူး​ဘာသာရေး​ခေါင်းဆောင်​များ​ကို ကိုယ်တော် ဤသို့​မိန့်ဆိုခဲ့သည်– ‘တိုက်​ကို​တည်လုပ်​သော​သူများ ပယ်​ထားသော​ကျောက်​သည် နောက်​တစ်ဖန် တိုက်​ထောင့်​အထွတ်​ဖျား​သို့ ရောက်​ပြန်​၏။ ထို​အမှုသည် ထာဝရ​ဘုရားသခင်​ပြု​တော်​မူ​သော​အမှု​ဖြစ်၏။ ငါ​တို့​မျက်မှောက်​၌​လည်း အံ့သြဖွယ်​ဖြစ်၏​ဟူသော​စကား​ကို ကျမ်းစာ​၌ တစ်ရံ​တစ်ခါမျှ မဖတ်ဖူး​သလော။ ထို့​ကြောင့် ငါ​ဆိုသည်ကား ဘုရားသခင်​၏​နိုင်ငံတော်​ကို သင်တို့​မှ​နုတ်​၍ နိုင်ငံတော်​၏​အသီးကို​သီး​အံ့​သော လူမျိုး​အားပေး​ရ​လတ္တံ့။’ (မဿဲ ၂၁:၄၂၊ ၄၃) ယေဟောဝါ​သည် သူတို့ကို အပ်နှံ​ထားသော​လူမျိုး​အဖြစ်​မှ ပယ်​လိုက်ပြီ​ဖြစ်​ကြောင်း ယေရှု ဖော်ပြ​ရန် ဤသို့​မိန့်တော်မူ​ခဲ့​သည်– “အို​ယေရုရှလင်​မြို့၊ ယေရုရှလင်​မြို့ သင်သည် ပရောဖက်​တို့ကို သတ်​မြဲ​ရှိ၏။ သင်​ရှိရာသို့ စေလွှတ်​သော​သူကိုလည်း ကျောက်ခဲ​နှင့်​ပစ်မြဲ​ရှိ၏။ ကြက်မ​သည် မိမိ​သားငယ်​တို့ကို အတောင်​အောက်​၌ စုရုံး​သကဲ့သို့ သင်၏​သားတို့​ကို စုရုံး​စေခြင်း​ငှာ ကြိမ်ဖန်​များစွာ ငါ​အလိုရှိ​ပြီ။ သင်​မူ​ကား အလို​မရှိ။ သင်တို့​နေသော​အိမ်သည် သင်တို့၌ လူဆိတ်ညံ​လျက် ကျန်ရှိ​၏။”—မဿဲ ၂၃:၃၇၊ ၃၈

အပ်နှံ​ထား​သည့်​လူမျိုးသစ်

၁၃။ ယေဟောဝါ​သည် ယေရမိ​ခေတ်တွင် မည်သို့​ပရောဖက်ပြု​ခဲ့​သနည်း။

၁၃ ပရောဖက်​ယေရမိ​ခေတ်တွင် ယေဟောဝါ​သည် မိမိ၏​လူမျိုးသစ်​အကြောင်း ကြို​ဟောခဲ့​၏။ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– ‘ထာဝရ​ဘုရားသခင်​မိန့်တော်မူသည်​ကား ငါသည် ဤ​လူမျိုး၏​ဘိုးဘေး​တို့ကို လက်ဆွဲ​၍ အီဂျစ်​ပြည်​မှ ဆောင်​သွားသော​အခါ သူတို့၌ ငါ​ပေး​သော​ပဋိညာဉ်တရား​နှင့် ခြားနား​သော​ပ​ဋိညာ​ဉ်​တရားသစ်​ကို ဣသရေလ​အမျိုးသား၊ ယုဒ​အမျိုးသား​တို့​၌ ငါ​ပေး​သော​အချိန်ကာလ ရောက်​လိမ့်​မည်။ အရင်​ငါ​ပေး​ဖူး​သော ပဋိညာဉ်တရား​ကို သူတို့သည်​ဖျက်​၍ ငါသည်​လည်း သူတို့ကို ရွံရှာ​၏။ နောင်​ကာလ​အခါ ဣသရေလ​အမျိုးသား​တို့​၌ ငါ​ပေး​အံ့​သော​ပဋိညာဉ်တရား​ဟူ​မူ​ကား ငါ​ထာဝရ​ဘုရားသခင်​သည် ငါ​၏​ပညတ်တရား​ကို သူတို့​အတွင်း​ထဲ​သို့ သွင်း​မည်။ သူတို့​နှလုံး​ပေါ်မှာ ရေးထား​မည်။ ငါသည် သူတို့၏​ဘုရားသခင်​ဖြစ်​မည်။ သူတို့​သည်လည်း ငါ​၏​လူ​ဖြစ်​ကြလိမ့်မည်။’—ယေရမိ ၃၁:၃၁-၃၃

၁၄။ ယေဟောဝါ​ထံ အပ်နှံ​ထား​သည့်​လူမျိုးသစ်​သည် အဘယ်​အချိန်​နှင့် အဘယ်အရာ​ပေါ်​မူတည်၍ ပေါ်ပေါက်​လာ​ခဲ့​သနည်း။ ထို​လူမျိုးသစ်​ကို ဖော်ပြ​ပါ။

၁၄ ယေရှု​သေဆုံး​ပြီး​နောက် သွန်းလောင်း​လိုက်​သော အသွေးတော်​၏​တန်ဖိုး​ကို ခမည်းတော်​ထံ ဆက်သ​ချိန် အေဒီ ၃၃ ခုနှစ်​တွင် ဤ​ပဋိညာဉ်​သစ်​ကို စတင်​ဖွဲ့စည်း​ခဲ့​သည်။ (လုကာ ၂၂:၂၀; ဟေဗြဲ ၉:၁၅၊ ၂၄-၂၆) သို့သော် အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် သန့်ရှင်းသော​ဝိညာဉ်​တော်​သွန်းလောင်းခြင်း​ဖြင့် လူမျိုးအသစ်​ဖြစ်သည့် “ဘုရားသခင်​၏​ဣသရေလ​အမျိုး” ပေါ်ပေါက်​လာ၍ ထို​ပဋိညာဉ်​အသစ် စတင်​အကျိုး​သက်ရောက်​လာ​၏။ (ဂလာတိ ၆:၁၆; ရောမ ၂:၂၈၊ ၂၉; ၉:၆; ၁၁:၂၅၊ ၂၆) ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ကို လိပ်မူ​၍ တမန်​တော်​ပေတရု​က ဤသို့​ဆို​ခဲ့​သည်– “သင်တို့​မူ​ကား မှောင်မိုက်​ထဲ​မှ အံ့ဖွယ်သော​အလင်းတော်​ထဲ​သို့ ခေါ်သွင်း​တော်​မူ​သော​အရှင်​၏ ဂုဏ်​ကျေးဇူးတော်​များ​ကို ဖော်ပြ​စေခြင်း​ငှာ ရွေးချယ်​တော်​မူ​သော​အမျိုး​ဖြစ်​ကြ​၏။ ယဇ်ပုရောဟိတ်​နိုင်ငံ၊ သန့်ရှင်းသော​လူမျိုး၊ ပိုင်ဆိုင်​တော်​မူ​သော​လူမျိုး​ဖြစ်​ကြ​၏။ အထက်​ကလူ​မျိုး​မဟုတ်သော်လည်း ယခု​တွင် ဘုရားသခင်​၏​လူမျိုးတော်​ဖြစ်​ကြ​၏။” (၁ ပေတရု ၂:၉၊ ၁၀) ယေဟောဝါ​နှင့် ဇာတိ​ဣသရေလ​လူမျိုး​တို့၏ အထူး​ဆက်ဆံ​ရေး နိဂုံး​ချုပ်​ခဲ့ပြီ။ အေဒီ  ၃၃ ခုနှစ်​တွင် ယေဟောဝါ​သည် ဇာတိ​ဣသရေလ​လူမျိုး​ကို မျက်နှာသာ​မပေး​တော့​ဘဲ မေရှိယနိုင်ငံတော်​၏ “အသီးကို​သီး​အံ့​သော​လူမျိုး” ဖြစ်သည့် ဝိညာဉ်​ရေး​ဣသရေလ​လူမျိုး ခရစ်ယာန်​အသင်းတော်ကို မျက်နှာသာ​ပေး​လေ​သည်။—မဿဲ ၂၁:၄၃

တစ်ဦးချင်း​၏ အပ်နှံမှု

၁၅။ အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် ပေတရု​သည် ပရိသတ်​အား အဘယ်​နှစ်ခြင်း​ကို​ယူ​ရန် တိုက်တွန်း​ခဲ့​သနည်း။

၁၅ အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲ​ပြီး​နောက် ဂျူး သို့​မဟုတ် တစ်ပါး​အမျိုးသား တစ်ဦးချင်း ယေဟောဝါ​ထံ အပ်နှံ​ပြီး “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌” နှစ်ခြင်း​ခံ​ခဲ့​ကြ​ရသည်။ * (မဿဲ ၂၈:၁၉) ပင်တေကုတ္တေ​ပွဲနေ့​တွင် တမန်​တော်​ပေတရု​သည် လက်ခံ​နားထောင်​သော ဂျူး​များနှင့် တစ်ပါး​အမျိုးသားများ​ကို ဤသို့​ပြော​ခဲ့​သည်– ‘သင်တို့၏​အပြစ်ကို​လွတ်​စေခြင်း​ငှာ နောင်တ​ရ​၍ တစ်ယောက်မျှ​မ​ကြွင်း၊ ယေရှု​ခရစ်​၏​နာမ၌ နှစ်ခြင်း​ခံ​ကြလော့။ သို့ပြုလျှင် သန့်ရှင်းသော​ဝိညာဉ်​တော်​တည်း​ဟူသော ဆုကျေးဇူး​တော်​ကို ခံရ​ကြလိမ့်မည်။’ (တမန်​တော် ၂:၃၈) အဆိုပါ​ဂျူး​များနှင့် ဘာသာ​ပြောင်း​လာ​သူများ​သည် နှစ်ခြင်း​ခံ​ခြင်း​ဖြင့် မိမိတို့​အသက်တာကို ယေဟောဝါ​ထံ အပ်နှံ​လိုက်ပြီ​ဖြစ်​ကြောင်း​သာမက မိမိတို့​အပြစ်​များ​ကို ခွင့်လွှတ်​ရန် ယေဟောဝါ​ပြင်ဆင်​ပေး​သော​အစီအစဉ်​အဖြစ် ယေရှုကို​လက်ခံ​ကြောင်း​ပါ ဖော်ပြ​ရမည်။ ထို့​ပြင် ယေရှုကို ယေဟောဝါ​၏​ယဇ်ပုရောဟိတ်​မင်းကြီး​နှင့် သူတို့၏​ခေါင်းဆောင် ခရစ်ယာန်​အသင်းတော်​၏​ဦးခေါင်း​အဖြစ် အသိအမှတ်ပြု​ကြ​ရသည်။—ကောလောသဲ ၁:၁၃၊ ၁၄၊ ၁၈

၁၆။ ပေါလု​ခေတ်တွင် စိတ်ရင်းမှန်​သော ဂျူး​များနှင့် တစ်ပါး​အမျိုးသားများသည် ဝိညာဉ်​ရေး​ဣသရေလလူ​မျိုး​အဝင် မည်သို့​ဖြစ်လာ​ကြ​သနည်း။

၁၆ နှစ်​အတန်​ကြာသော် တမန်​တော်​ပေါလု​က ဤသို့​ပြောဆို​ခဲ့​သည်– “လူတို့သည် နောင်တ​ရမည်။ နောင်တ​ရခြင်း​နှင့်​ထိုက်တန်​သော​အကျင့်ကို ကျင့်​ရမည်။ ဘုရားသခင့်​အထံတော်​သို့ ပြောင်းလဲ​ရမည်​ဟူ၍ ဒမာသက်​မြို့၌ ရှေးဦး​စွာ ဟောပြောပြီး​လျှင် ယေရုရှလင်​မြို့မှ​စ၍ ယုဒပြည်​အရပ်ရပ်​၌​နေသော​သူတို့အား​လည်းကောင်း၊ တစ်ပါး​အမျိုးသား​တို့အား​လည်းကောင်း ဟောပြောပါ​၏။” (တမန်​တော် ၂၆:၂၀) ယေရှုသည် ခရစ်တော်​တည်း​ဟူသော မေရှိယ​ဖြစ်​ကြောင်း ဂျူး​များနှင့် တစ်ပါး​အမျိုးသားများ​အား ပေါလု ယုံကြည်​စိတ်ချ​စေပြီး​နောက် အပ်နှံ​ပြီး နှစ်ခြင်း​ခံယူ​နိုင်​ကြ​ရန် ကူညီ​ပေး​ခဲ့​၏။ (တမန်​တော် ၁၆:၁၄၊ ၁၅၊ ၃၁-၃၃; ၁၇:၃၊ ၄; ၁၈:၈) အဆိုပါ​တပည့်​သစ်​များသည် ဘုရားသခင်​ထံ ပြန်လှည့်​လာ​ခြင်း​ဖြင့် ဝိညာဉ်​ရေး​ဣသရေလလူ​မျိုး​အဝင် ဖြစ်လာ​ကြသည်။

၁၇။ အဘယ်​တံဆိပ်​ခတ်​ခြင်း​လုပ်ငန်း​သည် အပြီးသတ်​တော့​မည်​နည်း။ အဘယ်​လုပ်ငန်း​ကိုလည်း လုပ်ဆောင်​လျက်​ရှိ​သနည်း။

၁၇ ယနေ့ ဝိညာဉ်​ရေး​ဣသရေလ​လူမျိုး​တွင် ပါဝင်​သည့် ကျန်ရှိ​နေသော​သူများကို အပြီးသတ်​တံဆိပ်​ခတ်​ရန် အချိန်နီး​ကပ်​လာ​နေပြီ။ ထိုသို့​အပြီးသတ်​တံဆိပ်​ခတ်​ပြီး​သည့်​အခါ ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ ၏​ဖျက်ဆီးခြင်း​လေကို ကိုင်ထား​သော “ကောင်းကင်တမန်​လေးပါး​တို့သည်” ထို​ဖျက်ဆီးခြင်း​လေကို လွှတ်လိုက်​ရန် အခွင့်အာဏာ​ရရှိ​လိမ့်​မည်။ ဤ​အချိန်​အတောအတွင်း မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်​ရန် မျှော်လင့်ချက်​ရှိသော ‘လူအုပ်ကြီး’ ကို​စုသိမ်း​လျက်​ရှိသည်။ အဆိုပါ “အခြားသိုး​တို့” သည် “သိုးသငယ်​၏​အသွေး” ကို​ယုံကြည်​လက်ခံ​ကြောင်း​တင်ပြ​ကြ​ပြီး ယေဟောဝါ​ထံ အပ်နှံ​နှစ်ခြင်း​ခံရန် စိတ်လို​ကိုယ်​လျောက် ရွေးချယ်​ကြသည်။ (ဗျာ. ၇:၁-၄၊ ၉-၁၅; ၂၂:၁၇; ယောဟန် ၁၀:၁၆; မဿဲ ၂၈:၁၉၊ ၂၀) ထို​သူတို့​ထဲ​တွင် ခရစ်ယာန်​မိဘများ​၏​အုပ်ထိန်းမှု​အောက် ကြီးပြင်း​လာသော လူငယ်များစွာ​ပါရှိ​သည်။ သင်သည် ဤသို့​သော​သူ​တစ်ဦး​ဖြစ်​မည်​ဆိုလျှင် နောက်​ဆောင်းပါး​ကို စိတ်ဝင်တစား​ဖတ်ရှု​ပါ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

ပြန်လည်​သုံးသပ်ချက်

• ဣသရေလလူ​ငယ်​များသည် ယေဟောဝါ​ထံ မိမိတို့​ကိုယ်တိုင် အဘယ်ကြောင့် အပ်နှံ​စ​ရာ​မလို​ခဲ့​သနည်း။

• ဣသရေလလူ​တို့သည် မိမိတို့၏​အပ်နှံမှု​နှင့်​အညီ အသက်ရှင်​နေထိုင်​ကြောင်း မည်သို့​ဖော်ပြ​နိုင်​ကြ​သနည်း။

• ယေဟောဝါ​သည် ဣသရေလ​လူမျိုး​ကို မိမိ၏​အပ်နှံ​ထားသော​လူမျိုး​အဖြစ်​မှ အဘယ်ကြောင့် ပယ်​ခဲ့​သနည်း။ ၎င်း​နေရာတွင် အဘယ်အရာ အစားထိုး​ခဲ့​သနည်း။

• အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် ဂျူး​များနှင့် တစ်ပါး​အမျိုးသားများသည် ဝိညာဉ်​ရေး​ဣသရေလလူ​မျိုး​အဝင်​ဖြစ်လာ​ရန် အဘယ်အရာ​ပြုလုပ်​ခဲ့​ကြ​ရသနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ဣသရေလလူ​ငယ်​များသည် ဘုရားသခင်​ရွေးချယ်​ထား​သည့် လူမျိုး​အဖြစ် မွေးဖွား​လာ​ခဲ့​ကြ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဣသရေလလူ​တစ်ဦးစီ​သည် ဘုရားသခင်​ကို ဝတ်ပြု​ကိုးကွယ်​ရန် ကိုယ်ပိုင်​ဆုံးဖြတ်ချက်​ချ​ခဲ့​ရ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဣသရေလလူ​တို့သည် စေတနာအလျောက်​ပူဇော်​သော​ယဇ်များ​ဖြင့် ယေဟောဝါ​အား​မိမိတို့​ချစ်​ကြောင်း ဖော်ပြ​ခွင့်​ရရှိကြ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့​ပြီး​နောက် ခရစ်တော်​၏​နောက်လိုက်​များသည် မိမိတို့​ကိုယ်တိုင်​ဘုရားသခင်​ထံ အပ်နှံ​ပြီး နှစ်ခြင်း​ခံ​ခဲ့​ကြ