မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“မထင်မှတ်တဲ့ အကောင်းဆုံးရလဒ်ပဲ”

“မထင်မှတ်တဲ့ အကောင်းဆုံးရလဒ်ပဲ”

“မထင်မှတ်​တဲ့ အကောင်းဆုံး​ရလဒ်​ပဲ”

စပိန်​နိုင်ငံ​မှ အထက်တန်း​ကျောင်း​ဆရာ​တစ်ဦး​က ဤသို့​ရေးသားခဲ့​၏– “ယေဟောဝါသက်သေ​များသည် အမှန်တကယ် စည်းလုံး​ညီညွတ်ခြင်း၊ အပြစ်ဆိုဖွယ်​မရှိ​အောင် ရိုးသားခြင်း၊ ထို့​ထက်​ကား ခိုင်မြဲ​သော​ယုံကြည်ခြင်း တင်ပြ​လာ​ကြသည်​မှာ နှစ်ပေါင်း​တစ်​ရာ​ကျော်​ခဲ့ပြီ။” ဘုရားသခင်​မဲ့​ဝါဒီ​အမည်ခံ​သော ထို​ကျောင်း​ဆရာ​ကို ယင်း​သို့​ရေးသား​ရန် အဘယ်အရာက စေ့ဆော်​ခဲ့​သနည်း။

ယင်း​အဖြစ်အပျက်​အားလုံး​မှာ ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်သော အထက်တန်း​ကျောင်းသူ နောမိ​သည် အတန်း​တင်​စာမေးပွဲ​အတွက် စာစီစာကုံး​ရေးသား​ရန် တာဝန်ရ​သည်​မှ စတင်​ခဲ့​ခြင်း​ဖြစ်၏။ “နာဇီ​အုပ်ချုပ်မှု​အောက်​မှ ခရမ်းရောင်​တြိဂံ​များ” ဟူသော​ခေါင်းစဉ်​ဖြင့် အကျယ်တဝင့်​ရေးသား​ရန် သူ​ဆုံးဖြတ်​ခဲ့​သည်။

အဘယ်ကြောင့် ထို​အကြောင်းအရာကို ရွေးချယ်​ရသနည်း။ နောမိ ဤသို့ ရှင်းပြသည်– “ကျွန်မ​ရဲ့​စာစီစာကုံး​ကို ဆရာ​တစ်ယောက်​က စစ်​မှာ​ဆိုတော့ ဒါကို​အခွင့်ကောင်း​ယူပြီး သူ့ကို​သက်သေ​ခံနိုင်​တယ်လို့ တွေးမိ​တယ်။ နာဇီ​ဂျာမနီ​လက်ထက်​က ယေဟောဝါသက်သေ​တွေ ဘယ်လောက်ထိ သမာဓိ​စောင့်သိ​ခဲ့​တယ်​ဆို​တဲ့​အကြောင်း ကျွန်မ​စိတ်​ထဲမှာ စွဲ​နေတယ်။ တခြား​သူတွေကိုလည်း အဲလို ပဲ​စွဲမှတ်စေ​မယ်​လို့ ကျွန်မ​ယူဆတယ်။”

နောမိ​၏​စာစီစာကုံး​မှာ သူ​ထင်ထား​သည်ထက် ပို​အကျိုးရှိ​ခဲ့​သည်။ ၂၀၀၂၊ အောက်တိုဘာ ၅ ရက်​တွင် သိပ္ပံ​နှင့်​လူ​သဘောသဘာဝ​လေ့လာရေး​အဖွဲ့၊ အမျိုးသား​အဆင့်​ပြိုင်ပွဲ​တွင် သူ၏​စာစီစာကုံး ဆု​ရရှိခဲ့သည်။ နာမည်​ကျော်​စပိန်​တက္ကသိုလ်​များ​မှ ပါမောက္ခ ၂၀ ပါဝင်သော အကဲဖြတ်​လူကြီး​အဖွဲ့က ထို​ပြိုင် ပွဲ​တွင် ဆု​ချီးမြှင့်​ပေး​သည်။

စပိန်​လူမျိုး ပညာရေး​ဝန်ကြီး ပီ​လာ ဒယ်​ကတ်​စ်​တီ​ယို​က နောမိ​ကို ဆု​ချီးမြှင့်​ခဲ့​သည်။ နောမိ​သည် အခွင့်ကောင်း​ယူ​ကာ ဝန်ကြီး​အား ယေဟောဝါသက်သေ​တို့ နာဇီ​ထိုးနှက်မှု​ကို အခိုင်အမာ​ရပ်တည် ဗီဒီယို​တိတ်ခွေ​ကို လက်​ဆောင်ပေး​ခဲ့​သည်။ ဝန်ကြီး​က​လည်း ထို​လက်ဆောင်​ကို လိုလိုလားလား​လက်ခံခဲ့သည်။

နောမိ​၏​ဇာတိ မ​န်​ရီ​စာ​မြို့မှ ဒေသခံ​သတင်းစာ​တွင်​လည်း သူ၏​စာပေ​ဆု​အကြောင်း ဖော်ပြ​ပြီး ထို​စာစီစာကုံး​ကို ပြန်လည်​သုံးသပ်​ထား​သည်။ ထို​အတောအတွင်း ကျောင်းအုပ်​ဆရာ​ကြီး​က အထက်တန်း​ကျောင်း​၏ ၇၅ နှစ်​မြောက် စိန်​ရ​တု​အခမ်းအနား​တွင် အစီအစဉ်​တစ်ခု​အဖြစ် ထည့်သွင်း​ရန် စာစီစာကုံး​မိတ္တူ​တစ်စောင် တောင်းယူ​ခဲ့​သည်။

“ကျွန်မ​ရဲ့ စာသင်​နှစ်​အကုန်ပိုင်း​မှာ​ရတဲ့ ကျောင်း​မှတ်တမ်းမှာ ဆရာ ဟိုးရ်​ဟေး​တော​မတ်​စ်​ကာ​လော့​တ်​က ဒီလို​နိဒါန်း​ပျိုး​ခဲ့​တယ်– ‘ကျွန်တော်​သည် ဘုရားသခင်​မဲ့​ဝါဒီ​တစ်ဦး​ဖြစ်သည်၊ သို့သော် ကိုယ်​နှင့်​စပ်ဆိုင်​သူကို စစ်မှန်သော​မေတ္တာဖြင့်​ချစ်တတ်​ရန် မိမိ​အားကိုး​ကွယ်​သူများကို သင်ပေး​သည့် အမြင့်မြတ်ဆုံး​ဘုရားသခင်​တစ်ပါး​ရှိကြောင်း လုံးလုံးလျားလျား​ယုံကြည်​စိတ်ချ​လို​သည်။’ ဒီ​စကား​တွေ​ကို ကျွန်မ​ဖတ်​ရတဲ့အခါ အရမ်း​ပီတိ​ဖြစ်​မိတယ်။ ဒါဟာ ကျွန်မ​ရဲ့​အထက်တန်း​ကျောင်း​သက်တမ်း​မှာ မထင်မှတ်​တဲ့ အကောင်းဆုံး​ရလဒ်​ပဲ” ဟု​နောမိ​ပြောပြ​သည်။