လူငယ်တို့၊ ယေဟောဝါအား ဝတ်ပြုရန် ရွေးကြလော့
လူငယ်တို့၊ ယေဟောဝါအား ဝတ်ပြုရန် ရွေးကြလော့
‘အဘယ်မည်သောဘုရားသခင်တို့အား ဝတ်ပြုမည်အရာကို ယနေ့ ရွေးကြလော့။’—ယောရှု ၂၄:၁၅။
၁၊ ၂။ အဘယ်မှားယွင်းသောနှစ်ခြင်းမျိုးကို ခရစ်ယာန်ဘောင်တွင် တွေ့ရှိရသနည်း။
အေဒီ ဒုတိယရာစုနှစ်အကုန်ပိုင်းတွင် စာရေးဆရာတာတူလျန်က “ခရစ်တော်ကို [ကလေးများ] သိကျွမ်းနိုင်ပြီဆိုလျှင် ခရစ်ယာန်ဖြစ်ကြပါစေ” ဟုရေးသားခဲ့သည်။ သူ့ခေတ်က အယူဖောက်ပြန်သောခရစ်ယာန်ဘာသာတရားတွင် အမြစ်စွဲနေသည့် နို့စို့အရွယ်ကလေးများအား နှစ်ခြင်းပေးခြင်းကို သူကန့်ကွက်နေခြင်းဖြစ်သည်။ တာတူလျန်နှင့် သမ္မာကျမ်းစာတို့ကို ဆန့်ကျင်၍ ချာ့ခ်ျဖခင်သြဂတ်စတင်းက နှစ်ခြင်းသည် မွေးရာပါအပြစ်ကို ဆေးကြောပေးသည်၊ နှစ်ခြင်းမခံဘဲသေဆုံးသွားသော နို့စို့ကလေးများ ငရဲ၌ပြစ်ဒဏ်ခံရမည်ဟု ဆိုခဲ့၏။ ထိုယုံကြည်ချက်ကြောင့် ကလေးများကို မြန်နိုင်သမျှမြန်မြန် နှစ်ခြင်းပေးတတ်ကြသည်။
၂ ခရစ်ယာန်ဘောင်၏ပင်မချာ့ခ်ျများစွာသည် မွေးကင်းစကလေးများကို နှစ်ခြင်းပေးနေကြဆဲရှိသည်။ ထို့ပြင် သမိုင်းတစ်လျှောက် ခရစ်ယာန်အမည်ခံနိုင်ငံများမှ အုပ်စိုးရှင်များနှင့် ဘာသာရေးခေါင်းဆောင်များသည် ဖမ်းဆီးရမိသော “အယူမှားသူများ” ကို အတင်းအကျပ် နှစ်ခြင်းပေးကြသည်။ သို့သော် နို့စို့အရွယ်ကလေးအား နှစ်ခြင်းပေးခြင်းနှင့် လူကြီးများအား အနိုင်အထက်ပြု၍ နှစ်ခြင်းပေးခြင်းတို့ကို သမ္မာကျမ်းစာတွင် မတွေ့ရှိရချေ။
ယနေ့ စိတ်ဆန္ဒမပါဘဲ အပ်နှံခြင်းမရှိ
၃၊ ၄။ အပ်နှံထားသောမိဘများ၏ သားသမီးများကို အဘယ်အရာက စိတ်လိုကိုယ်လျောက် အပ်နှံသူဖြစ်လာစေနိုင်သနည်း။
၃ မိဘတစ်ဦးတည်းသာ သစ္စာရှိခရစ်ယာန်ဖြစ်လင့်ကစား ကလေးငယ်များကို စင်ကြယ်သည်ဟု ဘုရားသခင်ယူမှတ်ကြောင်း သမ္မာကျမ်းစာက ဖော်ပြ၏။ (၁ ကောရိန္သု ၇:၁၄) ဤသို့သောကလေးငယ်များသည် ယေဟောဝါ၏အပ်နှံထားသောကျေးကျွန်များ ဖြစ်သွားသလော။ မဖြစ်ပါ။ သို့သော် ယေဟောဝါထံ အပ်နှံထားသောမိဘများ၏လက်အောက်တွင် ကြီးပြင်းလာကြသော ကလေးငယ်များသည် မိမိဆန္ဒအရ ကိုယ်တော်ထံ အပ်နှံနိုင်သည့်လေ့ကျင့်မှုကို ရရှိကြသည်။ ပညာရှိဘုရင်ရှောလမုန်က ဤသို့ရေးသားခဲ့၏– “ငါ့သား အဘ၏ပညတ်စကားကို နားထောင်လော့။ အမိပေးသောတရားကို မပယ်နှင့်။ . . . သင်သည် အခြားသို့သွားသောအခါ ထိုပညတ်တရားသည် လမ်းပြလိမ့်မည်။ အိပ်သောအခါ သင့်ကိုစောင့်လိမ့်မည်။ နိုးသောအခါ သင်နှင့်နှုတ်ဆက်လိမ့်မည်။ အကြောင်းမူကား ပညတ်တော်သည် မီးခွက်ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကိုပြတတ်သော[ဆုံးမ]စကားသည် အသက်လမ်းဖြစ်၏။”—သု. ၆:၂၀-၂၃။
၄ ခရစ်ယာန်မိဘများ၏လမ်းညွှန်မှုကို လူငယ်များ လိုက်နာကြမည်ဆိုလျှင် ကာကွယ်မှုရနိုင်သည်။ ရှောလမုန်ကလည်း ဤသို့ဖော်ပြ၏– “ပညာရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက်သောသားမူကား အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။” “ငါ့သား ငါ့စကားကိုနားထောင်၍ ပညာရှိသဖြင့် ကိုယ်စိတ်နှလုံးကို လမ်းမ၌ ပဲ့ပြင်လော့။” (သု. ၁၀:၁; ၂၃:၁၉) အသင်လူငယ်တို့၊ မိဘ၏လေ့ကျင့်မှုမှ အကျိုးရယူနိုင်ရန် အကြံပြုချက်၊ ဆုံးမစကားနှင့် ပဲ့ပြင်မှုတို့ကို တလိုတလား လက်ခံနာယူရမည်။ သို့ဖြင့် သင်တို့သည် ပညာရှိအနေနှင့် မွေးဖွားလာခြင်းမဟုတ်သော်လည်း “ပညာရှိ” ဖြစ်လာပြီး “အသက်လမ်း” အတိုင်း စိတ်လိုကိုယ်လျောက် လိုက်လျှောက်နိုင်ကြပါသည်။
အလိုတော်နှင့်ညီခြင်းဟူသည် အဘယ်နည်း
၅။ ပေါလုသည် သားသမီးများနှင့် ဖခင်များကို အဘယ်ဆုံးမစကားပြောခဲ့သနည်း။
၅ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– ‘သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား သင်သည် ပြည်တော်၌ကောင်းစား၍ အသက်တာရှည်မည်အကြောင်းဟူ၍ ကတိတော်နှင့်ဆိုင်သော ပထမပညတ်ဖြစ်၏။ အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ဘုရားသခင်၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။’—ဧဖက် ၆:၁-၄။
၆၊ ၇။ ‘ယေဟောဝါ၏အလိုတော်နှင့်အညီ’ သားသမီးများကို ပြုစုပျိုးထောင်ခြင်းတွင် အဘယ်အရာပါဝင်သနည်း။ ယင်းက မိဘများသည် သားသမီးများကို မတရားပြုရာကျသည်ဟု အဘယ်ကြောင့်မဆိုလိုသနည်း။
၆ ခရစ်ယာန်မိဘများသည် သားသမီးများကို ‘ဘုရားသခင်၏အလိုတော်နှင့်အညီ ဆုံးမသွန်သင်’ ၍ပြုစုပျိုးထောင်သည့်အခါ သူတို့အပေါ် မတရားပြုရာကျသလော။ မကျပါ။ မှန်ကန်ပြီး ကိုယ်ကျင့်တရားကောင်းမွန်စေသည်ဟု ထင်မှတ်ရာများကို သားသမီးများအား မိဘများ သွန်သင်ပေးရာတွင် အဘယ်သူက ပြစ်တင်ဝေဖန်နိုင်သနည်း။ ဘုရားသခင်မရှိဟု သားသမီးများကို သွန်သင်ပေးသည့် ဘာသာတရားမဲ့ဝါဒီများကို အပြစ်မတင်ကြချေ။ သားသမီးများကို ကက်သလစ်ယုံကြည်ချက် သွန်သင်ပေးရန် တာဝန်ရှိသည်ဟု ရိုမန်ကက်သလစ်များက ယူမှတ်ကြပြီး ထိုသို့ပြုခြင်းအတွက် သူတို့ကိုလည်း အပြစ်မတင်ကြချေ။ ထိုနည်းတူ၊ ယေဟောဝါသက်သေများသည် အခြေခံအမှန်တရားများ၊ ကိုယ်ကျင့်တရားမူများနှင့်ပတ်သက်သည့် ယေဟောဝါ၏စဉ်းစားတွေးခေါ်ပုံမျိုး မိမိတို့သားသမီးများတွင်ရှိလာရန် လေ့ကျင့်ပေးကြသည့်အတွက် သားသမီးများ၏စိတ်ကို ချုပ်ကိုင်ထားသည်ဟု သူတို့ကို မစွပ်စွဲသင့်ချေ။
၇ ဓမ္မသစ်ကျမ်း၏ဘာသာရေးဆိုင်ရာအဘိဓာန်၏အဆိုအရ ဧဖက် ၆:၄ ပါ “အလိုတော်နှင့်ညီသော” ဟုပြန်ဆိုထားသော မူရင်းဂရိစကားလုံးသည် “စိတ်ပိုင်းဆိုင်ရာ တည့်မတ်ပေးရန်၊ အမှား ပြုပြင်ပေးရန်၊ ဝိညာဉ်ရေးစိတ်ထားရှိလာရန် ကြိုးစား” သည့်ဖြစ်စဉ်ကို ရည်ညွှန်း၏။ လူငယ်တစ်ဦးသည် ရွယ်တူချင်းဖိအားကြောင့် ရွယ်တူတို့ကဲ့သို့ ပြုလုပ်လိုစိတ်ရှိသည့်အတွက် မိဘ၏လေ့ကျင့်ပေးမှုကို အာခံလျှင်ကော အသို့နည်း။ သူ့ကို ဖျက်ဆီးမည့်သူမှာ မိဘများလော၊ ရွယ်တူချင်းများလော။ မူးယစ်ဆေးသုံးစွဲရန်၊ အရက်အလွန်အကျွံသောက်ရန်၊ အကျင့်ပျက်ပြားရန် ရွယ်တူချင်းများက ဖိအားပေးနေလျှင် မိမိတို့ကလေး၏စဉ်းစားတွေးခေါ်ပုံကို ပြုပြင်ပြောင်းလဲပြီး မကောင်းသောအမူအကျင့်၏ဆိုးကျိုးများကို သဘောပေါက်ရန် ကြိုးစားကူညီနေကြသည့် မိဘများကို အပြစ်တင်သင့်သလော။
၈။ တိမောသေကို ယုံကြည်သူဖြစ်လာစေခြင်းတွင် အဘယ်အရာပါဝင်သနည်း။
၈ တမန်တော်ပေါလုက လူငယ်တိမောသေကို ဤသို့စာရေးခဲ့၏– “သင်သည် အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကိုလည်းကောင်း၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလို့ငှာ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကိုလည်းကောင်း သိမှတ်သည်နှင့် အထက်ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌ တည်နေလော့။” (၂ တိမောသေ ၃:၁၄၊ ၁၅) တိမောသေ၏မိခင်နှင့်အဘွားတို့သည် တိမောသေအား ကလေးဘဝကတည်းက သမ္မာကျမ်းစာအသိပညာကိုအခြေခံပြီး ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းခိုင်မြဲလာရန် သွန်သင်ပေးခဲ့ကြသည်။ (တမန်တော် ၁၆:၁; ၂ တိမောသေ ၁:၅) နောက်ပိုင်းတွင် သူတို့သည် ခရစ်ယာန်များဖြစ်လာကြသောအခါ တိမောသေကို ယုံကြည်သူဖြစ်လာရန် မတိုက်တွန်းခဲ့သော်လည်း ကျမ်းစာအသိပညာပေါ်မူတည်ပြီး ကောင်းစွာကျိုးကြောင်းဆင်ခြင်ပြခြင်းဖြင့် ယုံကြည်သူဖြစ်လာစေသည်။
ယေဟောဝါ သင့်ကို ရွေးချယ်စေ
၉။ (က) ယေဟောဝါသည် လူသားများကို မည်သို့ဂုဏ်တင်ခဲ့သနည်း။ အဘယ်အတွက်ကြောင့်နည်း။ (ခ) ဘုရားသခင်၏တစ်ပါးတည်းသောသားတော်သည် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို မည်သို့အသုံးပြုခဲ့သနည်း။
၉ ယေဟောဝါသည် မိမိအလိုကိုသာဆောင်ရွက်စေပြီး တခြားလုပ်ပိုင်ခွင့်မရှိစေရန် လူသားများကို စက်ရုပ်သဖွယ် ဖန်ဆင်းနိုင်သည်။ သို့သော် ထိုသို့မဖန်ဆင်းဘဲ ကိုယ်ပိုင်လွတ်လပ်ခွင့်ပေး၍ ဂုဏ်တင်ခဲ့သည်။ ကျွန်ုပ်တို့၏ဘုရားသခင်သည် စိတ်လိုကိုယ်လျောက် လက်အောက်ခံခြင်းကို အလိုတော်ရှိ၏။ လူသားများ ကြီးငယ်မရွေး မိမိကိုချစ်သည့်စိတ်ဖြင့် ဝတ်ပြုနေကြသည်ကို တွေ့မြင်ရ၍ အားရနှစ်သက်တော်မူ၏။ ယေဟောဝါ၏အလိုတော်ကို ချစ်သည့်စိတ်ဖြင့် လက်အောက်ခံသည့် အကောင်းဆုံးစံနမူနာရှင်မှာ ကိုယ်တော်၏ တစ်ပါးတည်းသောသားတော်ဖြစ်သည်။ ထိုသားတော်အကြောင်းကို ကိုယ်တော် ဤသို့မိန့်တော်မူခဲ့သည်– “ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” (မဿဲ ၃:၁၇) ဤသားဦးက ခမည်းတော်ကို ဤသို့မိန့်ဆိုခဲ့၏– “အကျွန်ုပ်၏ဘုရားသခင် ကိုယ်တော်၏အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာရှိပါ၏။”—ဆာလံ ၄၀:၈; ဟေဗြဲ ၁၀:၉၊ ၁၀။
၁၀။ ယေဟောဝါနှစ်သက်သော ဝတ်ပြုကိုးကွယ်ခြင်း၏ အခြေခံကား အဘယ်နည်း။
၁၀ ယေဟောဝါသည် မိမိသားတော်၏ညွှန်ကြားမှုအောက်တွင် အမှုဆောင်နေကြသူများထံမှလည်း ထိုနည်းတူ စိတ်လိုကိုယ်လျောက် လက်အောက်ခံရန် မျှော်လင့်တော်မူ၏။ ဆာလံဆရာသည် ပရောဖက်ပြု၍ ဤသို့သီဆိုခဲ့သည်– “တန်ခိုးတော်ပြသောနေ့ရက်ကာလ၌ ကိုယ်တော်၏လူတို့သည် သန့်ရှင်းသောတန်ဆာကိုဆင်လျက် ကြည်ညိုသောစေတနာစိတ်ရှိ၍ လူပျိုတော်တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ဖြစ်ကြပါလိမ့်မည်။” (ဆာလံ ၁၁၀:၃) ယေဟောဝါ၏ကောင်းကင်မြေကြီးဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်လုံးသည် ဘုရားသခင်ကို ချစ်သည့်စိတ်ဖြင့် အလိုတော်အတိုင်း လက်အောက်ခံ၍ အမှုဆောင်နေကြသည်။
၁၁။ အပ်နှံထားသောမိဘများ၏ လက်အောက်တွင် ကြီးပြင်းလာကြသော လူငယ်များသည် အဘယ်ရွေးချယ်မှု ပြုလုပ်ရမည်နည်း။
၁၁ ထို့ကြောင့် အသင်လူငယ်တို့၊ သင်တို့၏မိဘကဖြစ်စေ၊ အသင်းတော်မှ ခရစ်ယာန်အကြီးအကဲများကဖြစ်စေ သင့်ကို နှစ်ခြင်းခံရန် အတင်းအကျပ်တိုက်တွန်းမည်မဟုတ်ကြောင်း သဘောပေါက်ထားသင့်သည်။ ယေဟောဝါကို ဝတ်ပြုလိုခြင်းသည် သင့်နှလုံးသားမှ ဖြစ်ပေါ်လာရမည်။ ရှေးခေတ်က ယောရှုသည် ဣသရေလလူတို့ကို ဤသို့ပြောခဲ့သည်– ‘ထာဝရဘုရားသခင်ကို . . . ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။ . . . အဘယ်မည်သောဘုရားတို့အား ဝတ်ပြုမည်အရာကို ယနေ့ ရွေးကြလော့။’ (ယောရှု ၂၄:၁၄-၂၂) ထိုနည်းတူ ယေဟောဝါထံ အပ်နှံပြီး ကိုယ်တော်၏အလိုတော်ကို ဆောင်ရွက်ရန် မိမိ၏ဘဝကို ပေးဆက်ခြင်းသည် သင့်ကိုယ်ပိုင်ရွေးချယ်မှုဖြစ်ရမည်။
သင်၏တာဝန်ကို လက်ခံလော့
၁၂။ (က) မိဘများသည် သားသမီးများကို လေ့ကျင့်ပေးနိုင်သော်လည်း သူတို့အတွက် အဘယ်အရာ မပြုလုပ်ပေးနိုင်သနည်း။ (ခ) လူငယ်တစ်ဦးသည် မိမိ၏ရွေးချယ်မှုအတွက် အဘယ်အချိန်၌ ယေဟောဝါရှေ့တွင် တာဝန်ယူရသနည်း။
၁၂ မိဘများ၏သစ္စာရှိမှုက အသင်လူငယ်တို့ကို ကာကွယ်မှု မပေးနိုင်တော့သည့်အချိန် ရောက်လာလိမ့်မည်။ (၁ ကောရိန္သု ၇:၁၄) တပည့်ဖြစ်သူ ယာကုပ်က ဤသို့ရေးသားခဲ့သည်– “ကောင်းသောအကျင့်ကိုသိလျက် မကျင့်ဘဲနေသောသူသည် အပြစ်ရှိ၏။” (ယာကုပ် ၄:၁၇) မိဘများက သားသမီးများကိုယ်စား ဘုရားသခင်ကို ဝတ်မပြုပေးနိုင်သကဲ့သို့ သားသမီးများကလည်း မိဘများကိုယ်စား ဝတ်မပြုပေးနိုင်ချေ။ (ယေဇကျေလ ၁၈:၂၀) သင်သည် ယေဟောဝါနှင့် ကိုယ်တော်၏ရည်ရွယ်ချက်များကို သင်ယူနေပြီလော။ ယင်းတို့ကို နားလည်ပြီး ကိုယ်တော်နှင့် နှစ်ကိုယ်ကြားဆက်ဆံရေး စတင်ထူထောင်နိုင်သည့်အရွယ် ရောက်ပြီလော။ သို့ဆိုလျှင် မိမိအားဝတ်ပြုကိုးကွယ်ရန် ဆုံးဖြတ်ချက်ချနိုင်ပြီဟု သင့်ကို ဘုရားသခင် ယူမှတ်ခြင်းက ယုတ္တိတန်သည်မဟုတ်လော။
၁၃။ နှစ်ခြင်းမခံရသေးသောလူငယ်များသည် မိမိကိုယ်ကို အဘယ်မေးခွန်းများ မေးသင့်သနည်း။
၁၃ သင်သည် ဘုရားသခင်ကိုကြောက်ရွံ့သော မိဘများ၏လက်အောက်တွင် ကြီးပြင်းလာပြီး ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ကာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းတွင်ပင် ပါဝင်နေသည့် နှစ်ခြင်းမခံရသေးသော လူငယ်တစ်ဦးဖြစ်သလော။ သို့ဆိုလျှင် မိမိကိုယ်ကို ဤသို့ရိုးသားစွာမေးကြည့်ပါ– ‘ငါ ဘာကြောင့် စည်းဝေးတက်၊ အမှုဆောင်ထွက်နေရတာလဲ။ မိဘတွေက အတင်းအကျပ်ခိုင်းလို့လား၊ ဒါမှမဟုတ် ယေဟောဝါရဲ့စိတ်တော်နဲ့တွေ့ချင်လို့လား။’ “ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို” ကိုယ်တိုင် သင်ယူပြီးပြီလော။—ရောမ ၁၂:၂။
နှစ်ခြင်းခံရန် အဘယ်ကြောင့် အချိန်ဆွဲနေသနည်း
၁၄။ နှစ်ခြင်းခံရန် အကြောင်းမဲ့အချိန်မဆွဲသင့်ကြောင်း အဘယ်ကျမ်းစာပုံနမူနာများက ဖော်ပြသနည်း။
၁၄ ‘အကျွန်ုပ်ကို နှစ်ခြင်းမခံစေခြင်းငှာ မည်သည့်အကြောင်း ဆီးတားပါသနည်း။’ ဧဝံဂေလိတရားဟောသူ ဖိလိပ္ပုကို အဆိုပါမေးခွန်းထုတ်ခဲ့သော အဲသယောပိလူက ယေရှုသည် မေရှိယဖြစ်ကြောင်း သိရှိခါစပင်ရှိသေးသည်။ သို့သော် အဲသယောပိလူတွင် ကျမ်းစာအသိပညာ အလုံအလောက်ရှိပြီး ထိုအသိပညာက ယခုမှစ၍ မိမိသည် ခရစ်ယာန်အသင်းသားတစ်ဦးအဖြစ် ယေဟောဝါအား ဝတ်ပြုကိုးကွယ်မည်ဖြစ်ကြောင်း လူသိရှင်ကြားကြေညာရန် အချိန်မဆွဲသင့်ဟူသည့်အချက်ကို သူ့အား သဘောပေါက်စေသည်။ ထိုသို့ပြုလုပ်ခြင်းက သူ့ကို အလွန်ပျော်ရွှင်စေခဲ့သည်။ (တမန်တော် ၈:၂၆-၃၉) ထိုနည်းတူ၊ လုဒိအမည်ရှိ အမျိုးသမီးတစ်ဦးသည် သူ၏နှလုံးကိုဖွင့်၍ “ပေါလုဟောပြောသောအရာကို မှီဝဲဆည်းကပ်” ပြီး သူနှင့်သူ၏အိမ်သူအိမ်သားများသည် မဆိုင်းမတွ ‘နှစ်ခြင်း’ ခံခဲ့ကြသည်။ (တမန်တော် ၁၆:၁၄၊ ၁၅) ထိုနည်းတူ၊ ဖိလိပ္ပိမြို့မှ ထောင်မှူးသည် ‘ဘုရားသခင်၏တရားတော်’ နှင့်ပတ်သက်သည့် ပေါလုနှင့်သိလတို့၏ဟောပြောချက်ကို နားထောင်ပြီး ‘ချက်ချင်း နှစ်ခြင်းခံလေ၏။’ (တမန်တော် ၁၆:၂၅-၃၄) ထို့ကြောင့် သင်သည် ယေဟောဝါ၊ ကိုယ်တော်၏ရည်ရွယ်ချက်များနှင့်ပတ်သက်သည့် အခြေခံအသိပညာရှိပြီး ကိုယ်တော်၏အလိုတော်ကို စိတ်ရင်းမှန်ဖြင့် ထမ်းဆောင်နေလျှင်၊ အသင်းတော်တွင် နာမည်ကောင်းရှိထားပြီး အစည်းအဝေးများကို မှန်မှန်တက်ကာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းတွင် မှန်မှန်ပါဝင်နေလျှင် နှစ်ခြင်းခံရန် အဘယ်ကြောင့် အချိန်ဆွဲနေရသနည်း။—မဿဲ ၂၈:၁၉၊ ၂၀။
၁၅၊ ၁၆။ (က) အဘယ်လွဲမှားသောအကြောင်းပြချက်က အချို့လူငယ်များကို နှစ်ခြင်းခံရန် အတားအဆီးဖြစ်စေနိုင်သနည်း။ (ခ) အပ်နှံပြီး နှစ်ခြင်းခံခြင်းသည် လူငယ်များအတွက် မည်သို့အကာအကွယ်ဖြစ်စေနိုင်သနည်း။
၁၅ သင် အမှားပြုမိပါက စာရင်းရှင်းရမည်စိုး၍ အဆိုပါအရေးကြီးအဆင့်ကို တက်လှမ်းရန် တွန့်ဆုတ်နေခြင်းလော။ သို့ဆိုလျှင် ဤအချက်ကို သုံးသပ်ကြည့်ပါ– တစ်ချိန်ချိန်တွင် ကားတိုက်မှုဖြစ်မည်စိုး၍ လမ်းမပေါ် မသွားဘဲနေမည်လော။ နေမည်မဟုတ်။ သင်သည် အရည်အချင်းပြည့်မီသူဖြစ်လျှင် နှစ်ခြင်းခံရန် မတွန့်ဆုတ်သင့်ချေ။ ယေဟောဝါထံ သင်၏အသက်တာကို အပ်နှံပြီး ကိုယ်တော်၏အလိုတော်ကို ထမ်းဆောင်ရန် သဘောတူထားမည်ဆိုလျှင် ယင်းက အမှားပြုလုပ်ခြင်းကို အစွမ်းကုန်တွန်းလှန်နိုင်ရန် လှုံ့ဆော်ပေးလိမ့်မည်။ (ဖိလိပ္ပိ ၄:၁၃) လူငယ်တို့၊ နှစ်ခြင်းခံရန် အချိန်ဆွဲထားခြင်းဖြင့် စာရင်းရှင်းရန်မလိုတော့ဟု ကျေးဇူးပြု၍ မထင်လိုက်ပါနှင့်။ သင်တို့သည် တာဝန်ယူရနိုင်သည့်အရွယ်ရောက်ချိန်တွင် နှစ်ခြင်းခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ သင်၏အပြုအမူအတွက် ယေဟောဝါနှင့် စာရင်းရှင်းရလိမ့်မည်။—ရောမ ၁၄:၁၁၊ ၁၂။
၁၆ ကမ္ဘာတစ်ဝန်းရှိ သက်သေခံများစွာသည် မိမိတို့လူငယ်ဘဝတွင် နှစ်ခြင်းခံရန် ဆုံးဖြတ်ချက်ချခြင်းက အလွန်အကျိုးရှိသည်ဟု ယူမှတ်ကြ၏။ အနောက်ဥရောပမှ ၂၃ နှစ်အရွယ် သက်သေခံတစ်ဦး၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။ အသက် ၁၃ နှစ်တွင် နှစ်ခြင်းခံလိုက်သည့်အတွက် “လူပျိုတို့၏တပ်မက်ခြင်း ကိလေသာစိတ်” မလွှမ်းမိုးမိစေရန် သတိရှိစေခဲ့သည်ဟု သူပြောပြ၏။ (၂ တိမောသေ ၂:၂၂) သူသည် လူငယ်ဘဝကတည်းက အချိန်ပြည့်အမှုဆောင်တစ်ဦးဖြစ်ဖို့ ပန်းတိုင်ထားခဲ့သည်။ ယနေ့ သူသည် ယေဟောဝါသက်သေများ၏ဌာနခွဲရုံးတွင် ပျော်ရွှင်စွာ အမှုဆောင်လျက်ရှိသည်။ ယေဟောဝါကိုဝတ်ပြုရန် ရွေးချယ်ကြသော အသင်အပါအဝင် လူငယ်အားလုံး ကောင်းချီးများစွာ ခံစားရကြပါလိမ့်မည်။
၁၇။ အဘယ်ကဏ္ဍများတွင် ‘ဘုရားသခင်၏အလိုတော်‘ ရှိရာကို ပိုင်းခြား၍သိမြင်ဖို့လိုသနည်း။
၁၇ အပ်နှံခြင်းနှင့် နှစ်ခြင်းခံခြင်းတို့သည် ကျွန်ုပ်တို့၏ဘဝကဏ္ဍတိုင်းတွင် ယေဟောဝါ၏အလိုတော်ကို ထည့်တွက်စဉ်းစားရသည့် အသက်တာ၏အစဖြစ်သည်။ ကျွန်ုပ်တို့၏အပ်နှံမှုနှင့်အညီ လုပ်ဆောင်ရာတွင် ‘အချိန်ကိုဝယ်ယူ’ ဖို့လိုသည်။ မည်သို့အားဖြင့်နည်း။ အကျိုးမရှိသောအရာများတွင် ကုန်သွားမည့်အချိန်ကို သမ္မာကျမ်းစာ လေးလေးနက်နက် လေ့လာရန်၊ အစည်းအဝေး မှန်မှန်တက်ရန်၊ ‘ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း’ ဟောပြောခြင်းတွင် အတတ်နိုင်ဆုံးပါဝင်ရန် အသုံးပြုခြင်းအားဖြင့်ဖြစ်သည်။ (ဧဖက် ၅:၁၅၊ ၁၆; မဿဲ ၂၄:၁၄) ယေဟောဝါထံ အပ်နှံပြီး ကိုယ်တော်၏အလိုတော်ကို ဆောင်ရွက်လိုစိတ်သည် ကျွန်ုပ်တို့၏အပန်းဖြေနည်း၊ စားသောက်သည့်ပုံစံနှင့် နားထောင်သည့်တေးဂီတအမျိုးအစားအပါအဝင် ကျွန်ုပ်တို့၏ဘဝကဏ္ဍအသီးသီးအပေါ် အကျိုးသက်ရောက်မှုရှိပါလိမ့်မည်။ ထာဝရကာလပတ်လုံး ပျော်ရွှင်စေနိုင်မည့် အပန်းဖြေနည်းကို ရွေးချယ်ပါလေ။ ‘ဘုရားသခင်၏အလိုတော်’ ကို မဆန့်ကျင်ဘဲ ပျော်ရွှင်နိုင်သည့်နည်းများစွာရှိကြောင်း ပျော်ရွှင်နေကြသော ထောင်နှင့်ချီသက်သေခံလူငယ်များက သင့်ကို ပြောပြပါလိမ့်မည်။—ဧဖက် ၅:၁၇-၁၉။
“သင်တို့နှင့်အတူလိုက်ပါမည်”
၁၈။ လူငယ်များသည် မိမိတို့ကိုယ်ကို အဘယ်မေးခွန်းများ မေးသင့်သနည်း။
၁၈ ဘီစီ ၁၅၁၃ ခုနှစ်မှ အေဒီ ၃၃ ခုနှစ်အထိ မိမိကိုဝတ်ပြုကိုးကွယ်ပြီး မိမိအကြောင်းသက်သေခံရန် ရွေးချယ်ထားသော မြေကြီးအဖွဲ့အစည်းတစ်ရပ် ယေဟောဝါတွင် ရှိခဲ့သည်။ (ဟေရှာယ ၄၃:၁၂) ဣသရေလလူငယ်များသည် ထိုလူမျိုးအဖြစ် မွေးဖွားခဲ့ကြသည်။ ပင်တေကုတ္တေပွဲနေ့ကတည်းက ယေဟောဝါတွင် ‘မိမိနာမအဖို့’ “လူမျိုး” သစ်ဖြစ်သော ဝိညာဉ်ရေးဣသရေလလူမျိုးတစ်မျိုး ကမ္ဘာပေါ်၌ ရှိလာခဲ့သည်။ (၁ ပေတရု ၂:၉၊ ၁၀; တမန်တော် ၁၅:၁၄; ဂလာတိ ၆:၁၆) ခရစ်တော်သည် “ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး၍ ပိုင်ထိုက်တော်မူသောအမျိုးကို” သန့်ရှင်းစင်ကြယ်စေခဲ့သည်ဟု တမန်တော်ပေါလု ဖော်ပြခဲ့၏။ (တိတု ၂:၁၄) အသင်လူငယ်တို့သည် ထိုလူမျိုးအား ရှာတွေ့နိုင်မည့်နေရာကို မိမိတို့ဘာသာ လွတ်လပ်စွာဆုံးဖြတ်နိုင်ကြသည်။ ယနေ့ မည်သူတို့သည် “သစ္စာစောင့်၍ ဖြောင့်မတ်သောလူမျိုးဝင်” ဖြစ်ကြသနည်း။ မည်သူတို့သည် ကျမ်းစာမူများနှင့်အညီ အသက်ရှင်နေထိုင်ကြသနည်း။ မည်သူတို့သည် ယေဟောဝါ၏ သစ္စာရှိသက်သေခံများအဖြစ် ပြုမူကျင့်ကြံ၍ လူသားများအတွက် တစ်ခုတည်းသောမျှော်လင့်ချက်အဖြစ် ဘုရားသခင့်နိုင်ငံတော်ကို ကြွေးကြော်နေကြသနည်း။ (ဟေရှာယ ၂၆:၂-၄) ခရစ်ယာန်ဘောင်ချာ့ခ်ျများနှင့် တခြားဘာသာတရားများကို ကြည့်ပြီး သူတို့၏အမူအကျင့်နှင့် ဘုရားသခင်၏စစ်မှန်သောကျေးကျွန်များ လိုက်နာရမည့် ကျမ်းစာတောင်းဆိုချက်များကို နှိုင်းယှဉ်ကြည့်ပါ။
၁၉။ ကမ္ဘာပေါ်ရှိ သန်းနှင့်ချီသောလူတို့သည် အဘယ်အရာကို ယုံကြည်စိတ်ချလာသနည်း။
၁၉ ယေဟောဝါသက်သေများ၏ ဝိညာဉ်တော်ဖွားအကြွင်းအကျန်သည် အဆိုပါ “ဖြောင့်မတ်သောလူမျိုး” ဖြစ်ကြောင်း လူငယ်များအပါအဝင် ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသောလူတို့ ယုံကြည်စိတ်ချလာကြပြီ။ ဤဝိညာဉ်ရေးဣသရေလလူတို့ကို သူတို့ ဤသို့ပြောဆိုကြသည်– “ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍ သင်တို့နှင့်အတူလိုက်ပါမည်။” (ဇာခရိ ၈:၂၃) အသင်လူငယ်တို့၊ ဘုရားသခင်၏လူမျိုးအလယ်တွင်နေပြီး ယေဟောဝါ၏ကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်မည့် “အသက်တရားကိုရွေးယူ” ကြလိမ့်မည်ဟု ကျွန်ုပ်တို့ အမှန်တကယ်မျှော်လင့်ပြီး ဆုတောင်းပေးပါသည်။—တရားဟောရာ ၃၀:၁၅-၂၀; ၂ ပေတရု ၃:၁၁-၁၃။
ပြန်လည်သုံးသပ်ချက်
• အလိုတော်နှင့်အညီဟုဆိုရာတွင် အဘယ်အရာပါဝင်သနည်း။
• ယေဟောဝါနှစ်သက်သည့် ဝတ်ပြုမှုပုံစံကား အဘယ်နည်း။
• အပ်နှံထားသည့်မိဘများ၏လက်အောက်တွင် ကြီးပြင်းလာကြသော လူငယ်အားလုံးသည် အဘယ်ရွေးချယ်မှု ပြုလုပ်ရမည်နည်း။
• နှစ်ခြင်းခံရန် အဘယ်ကြောင့် အကြောင်းမဲ့အချိန်မဆွဲသင့်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
သင်သည် မည်သူ၏စကားကို နားထောင်မည်နည်း
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
အပ်နှံပြီး နှစ်ခြင်းခံခြင်းသည် သင့်ကို မည်သို့ အကာအကွယ်ဖြစ်စေနိုင်သနည်း
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
နှစ်ခြင်းမခံရန် သင့်ကိုအဘယ်အရာကတားဆီးထားသနည်း