အပြောင်းအလဲကြီးပြောင်းလဲသွားစေသည့် လည်ပတ်မှု
အပြောင်းအလဲကြီးပြောင်းလဲသွားစေသည့် လည်ပတ်မှု
“ကျွန်တော့်ဆီ ဘုရားသခင်စေလွှတ်လိုက်တဲ့ ‘ကောင်းကင်တမန်’ နှစ်ပါးအကြောင်း ကျွန်တော့်မိသားစုကို အရမ်းပြောပြချင်ခဲ့တယ်” ဟုအမျိုးသားတစ်ဦး စာရေးခဲ့၏။ သူ့ထံသို့ ယေဟောဝါသက်သေအမျိုးသမီးငယ်နှစ်ဦး လည်ပတ်ခဲ့ခြင်းဖြစ်သည်။ သူတို့မလည်ပတ်မီ ရက်သတ္တပတ်အနည်းငယ်တွင် အသက် ၄၅ နှစ်အရွယ်ရှိသော သူ့ဇနီးဖြစ်သူ သေဆုံးခဲ့၏။ ယင်းကြောင့် သူဝမ်းနည်းပက်လက်ဖြစ်ခဲ့ရသည်။ အရွယ်ရောက်နေပြီဖြစ်သော သူ့သားသမီးများက သူ့ကိုနှစ်သိမ့်ပေးသော်လည်း ရပ်ဝေးတွင် နေထိုင်ကြသည်။ သူ့ထံသို့ မည်သည့်မိတ်ဆွေ၊ မည်သည့်အိမ်နီးချင်းမျှ လာမလည်ကြချေ။
အမျိုးသမီးငယ်နှစ်ဦး လည်ပတ်ချိန်တွင် သူက “ကျွန်တော် ဘုရားသခင်ကိုဆုမတောင်းဘူး” ဟုပြောခဲ့သည်။ သို့တိုင် သူတို့သည် သူ့ကို ထောက်ထားစာနာမှုပြ၍ ချစ်မြတ်နိုးရသော သေလွန်သူများအတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း ဟူသော ကျမ်းစာအခြေပြုဝေစာငယ် ဝေငှခဲ့ကြသည်။ ထိုနေ့ညနေတွင် ယင်းဝေစာကို သူဖတ်ပြီး စိတ်သက်သာရာရခဲ့သည်။
များမကြာမီ ထိုအမျိုးသမီးငယ်နှစ်ဦး သူ့ထံပြန်လည်ပတ်ခဲ့ကြ၏။ ယခင်လည်ပတ်ချိန်က သူအလွန်ဝမ်းနည်းနေသောကြောင့် ယခုသူ့အခြေအနေကို လာကြည့်ခြင်းဖြစ်ကြောင်း သူတို့ကပြောပြသည်။ “သွေးမတော်သားမစပ်တဲ့သူ နှစ်ယောက်က ကျွန်တော့်ကို ဂရုစိုက်ပြီး ကျွန်တော့်အတွက် စိုးရိမ်မကင်းဖြစ်ပေးလို့ အရမ်းအံ့သြသွားတယ်” ဟုနောက်ပိုင်းတွင် သူရေးသားဖော်ပြခဲ့သည်။ သမ္မာကျမ်းစာမှ သူတို့ပြောပြသော အကြောင်းအရာများကြောင့် သူအလွန်အားရှိခဲ့၏။ သူတို့က နောက်တစ်ခေါက် ပြန်လာမည်ဟု ပြောခဲ့ကြသည်။ ထိုအမျိုးသားသည် ကျေနပ်နှစ်သိမ့်မှုရရှိခဲ့ရာ ယေဟောဝါသက်သေများ၏ ဒေသခံနိုင်ငံတော်ခန်းမသို့ အထက်ပါစကားများကို စာရေးပြောဆိုခဲ့သည်။
ထိုသူသည် သူ့သားနှင့်အတူနေထိုင်ရန် မပြောင်းရွှေ့မီ ယေဟောဝါသက်သေများ၏ ခရစ်ယာန်အစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့၍ ထိုအမျိုးသမီးငယ်တစ်ဦး၏ မိသားစုနှင့်အတူ ထမင်းစားခဲ့သည်။ သူဤသို့ရေးခဲ့၏– “ကျွန်တော် ဒီကနေပြောင်းတော့မယ်။ ဒါပေမဲ့ ဒီကလေးမလေးတွေနဲ့ ခင်ဗျားတို့အသင်းတော်ဟာ ကျွန်တော့်နှလုံးသားထဲမှာ၊ ကျွန်တော့်ဆုတောင်းချက်တွေမှာ အမြဲရှိနေမှာပါ။ တကယ်ပါ။ အခု ကျွန်တော် ခဏခဏဆုတောင်းနေပြီ။ ကျွန်တော် အပြောင်းအလဲကြီး ပြောင်းလဲသွားပြီ။ ဒီလိုပြောင်းလဲသွားတာဟာ အဓိက ဒီကလေးမတွေကြောင့်ပဲ။ သူတို့ကို ကျွန်တော်အမြဲကျေးဇူးတင်နေမှာပါ။”