မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသိပညာထွန်းလင်းမှု ရှာပုံတော်

အသိပညာထွန်းလင်းမှု ရှာပုံတော်

အသိပညာ​ထွန်းလင်း​မှု ရှာပုံတော်

“အသိပညာ​ရှိ​ခြင်း​သည် မသိ​ရှိ​ခြင်း​ထက်​သာ၍​ကောင်း​၏” ဟု ကျော်ကြား​သော​ရူပဗေဒ​ပညာရှင် အဲ​န်​ရီ​ကို​ဖာမီ​၏ ဇနီး​ဖြစ်သူ လော်ရာ​ဖာမီ က​ပြော​ခဲ့​သည်။ အချို့​က မသိ​လျှင်​အန္တရာယ်ကင်း​သည်​ဟု ဆို​ကြ​ပေမည်။ သို့သော် အများစု​အတွက်​မူ ထိုစကား​များသည် သိပ္ပံ​ဆိုင်ရာ​သုတေသန​ကဏ္ဍ​တွင်​သာမက ဘဝ၏​အခြား​ကဏ္ဍ​များ​တွင်​လည်း မှန်ကန်​၏။ မသိ​ရှိ​ခြင်း​ဟု​ဆို​ရာ​၌ အမှန်တရား​မသိ​ခြင်း​ကို ဆိုလို​သည်။ ယင်းကြောင့် လူများစွာ​သည် ဉာဏ်ပညာ၊ ကိုယ်ကျင့်တရား​နှင့် ဝိညာဉ်​ရေး​ဆိုင်ရာ အမှောင်ထု​ထဲ​တွင် စမ်း​တ​ဝါး​ဝါး​ဖြစ်နေ​ကြသည်။—ဧဖက် ၄:၁၈

ယင်းကြောင့်​လည်း စဉ်းစား​ဆင်ခြင်​တတ်​သူတို့က အသိပညာ​ထွန်းလင်း​မှု​ကို ရှာပုံတော်ဖွင့်​နေကြ၏။ ကျွန်ုပ်​တို့ အဘယ်ကြောင့် ဤ​နေရာတွင်​ရောက်ရှိ​နေရ​ကြောင်း​နှင့် မည်သည့်​နေရာသို့ ဦးတည်​နေကြောင်း သူတို့​သိ​လို​ကြသည်။ ယင်း​တို့ကို​သိရှိ​နိုင်​ရန် နည်းလမ်း​အမျိုးမျိုးဖြင့် ရှာနေ​ကြသည်။ နည်းလမ်း​အချို့​ကို အကျဉ်း​ရုံး​သုံးသပ်ကြည့်​ကြပါစို့။

ဘာသာ​တရား​အားဖြင့်​လော

ဗုဒ္ဓ​ဝါဒ​အရ ဗုဒ္ဓ​ဘာသာ​ကို​တည်ထောင်​ခဲ့​သူ သိ​ဒ္ဓတ္ထ​ဂေါတမ​သည် လူသား​တို့​ခံစား​နေရ​သည့် ဆင်းရဲ​ဝေဒနာ​နှင့် သေခြင်းကို​မြင်​၍ လွန်​စွာ​စိတ်ထိခိုက်​ခဲ့​သည်။ သူသည် “အမှန်တရား​လမ်း” ကို​ရှာတွေ့​ဖို့ ဟိန္ဒူ​ဘာသာရေး​ဆရာများ​ထံ အကူအညီ​တောင်း​ခဲ့​သည်။ ဆရာ​အချို့​က ယောဂီ​ကျင့်​စဉ်​နှင့် အလွန်အမင်း​ခြိုးခြံ​သည့်​ကျင့်​စဉ်​တို့ကို အကြံပေး​ခဲ့​ကြ​၏။ နောက်ဆုံး​တွင် စစ်မှန်သော​အသိပညာ​ထွန်းလင်း​မှု ရရှိနိုင်​သည့်​နည်းလမ်း​အဖြစ် အပြင်းအထန်​တရား​အားထုတ်ခြင်း​ကို ရှင်​ဂေါတမ ရွေးချယ်​ခဲ့​သည်။ အချို့​က​မူ အသိပညာ​ထွန်းလင်း​မှု​ရှာဖွေ​ရာ​တွင် စိတ်​ကို​ပြောင်းလဲ​စေသည့်​ဆေးဝါး​များ​ကို အသုံးပြု​ကြသည်။ ဥပမာ၊ တိုင်း​ရင်း​အမေရိကန်​ချာ့ခ်ျ အသင်းသားများ​သည် စိတ်​ပြောင်းလဲ​စေသော​ဓာတ်​ပါ​သည့် ရှား​စောင်း​တစ်မျိုး​ကို “မြှုပ်​နေသော​အသိပညာကို ဖော်​ထုတ်ပေး​သည့်​အရာ” ဟု​ဆို​ကြသည်။

ဆယ့်ရှစ်​ရာစု​မှ ပြင်သစ်​အတွေးအခေါ်​ပညာရှင် ဇန်​ဇ​ပ်ခ်ရူး​ဆိုး​က စိတ်ရင်းမှန်​ဖြင့် စူးစမ်း​ရှာဖွေသူ​မည်သူ​မဆို ဘုရားသခင်​ထံ​မှ ဝိညာဉ်​ရေး​ဖွင့်ပြချက်​ကို ရရှိနိုင်​သည်​ဟု ယုံကြည်ခဲ့​၏။ မည်သို့​အားဖြင့် ရရှိနိုင်​သနည်း။ “စိတ်နှလုံး​တွင် ဘုရားသခင်​ဖော်ပြ​ရာ” ကို​နားထောင်ခြင်း​ဖြင့်​ဖြစ်သည်။ ထို့နောက် သင့်​စိတ်​လှုပ်ရှားမှု​နှင့် ကိုယ်ကိုကိုယ်သိစိတ်​တို့​မှ ဖြစ်ပေါ်​လာသော ခံစားချက်​သည် “လွန်​စွာ​ရှုပ်ထွေး​လှ​သော လူ့​အယူအဆ​များ​ကြား​တွင် ပို​၍​စိတ်ချ​ရသော​လမ်းညွှန်မှု​တစ်ရပ်” ဖြစ်လာ​မည်​ဟု ရူး​ဆိုး​က​ဆို​သည်။—အနောက်​တိုင်း​အတွေးအခေါ်​ပညာ​သမိုင်း။

ဆင်ခြင်​နိုင်စွမ်း​အားဖြင့်​လော

ရူး​ဆိုး​နှင့်​တစ်ခေတ်​တည်း​သားများ​စွာ​က ဘာသာ​တရား​ဖြင့်​ရှာဖွေနည်း​ကို လုံးဝ​သဘောမတူ​ကြ​ချေ။ သာဓက​အနေ​နှင့် သူနှင့်​လူမျိုး​တူ​သူ ဗော်လ်​တဲ​ယား​က ဘာသာ​တရားသည် လူ​တို့ကို အသိပညာ​ထွန်းလင်းပေး​ဖို့​နေ​နေသာ​သာ၊ အမှောင်​လွှမ်းသော​ခေတ်​ဟု သမိုင်း​ပညာရှင်​အချို့​ခေါ်ဆို​သော ကာလ​အတွင်း ဥရောပ​နိုင်ငံ​များ​ကို အသိပညာ​ကင်းမဲ့မှု၊ အယူသီးမှု​နှင့် ဘာသာရေး​တစ်ယူသန်​မှု​တို့ လွှမ်းမိုး​စေ​ခဲ့​သည့် အဓိက​အကြောင်းရင်း​ဖြစ်သည်ဟု​ဆို​သည်။

ဗော်လ်​တဲ​ယား​သည် အသိဉာဏ်​ပွင့်လင်းမှု​ဟု​ခေါ်​သော ဥရောပ​ဆင်ခြင်မှု​အဓိက​ဝါဒီ​များ​၏ လှုပ်ရှားမှု​တွင် ပါဝင်​ခဲ့​သည်။ ယင်း​ဝါဒီ​များ​က လူ့​ဆင်ခြင်မှု​နှင့် သိပ္ပံ​ဆိုင်ရာ​စူးစမ်း​ရှာဖွေမှု​သည် စစ်မှန်သော​အသိပညာ​ထွန်းလင်း​မှု​၏ သော့ချက်​ဖြစ်သည်​ဟူသော ရှေး​ဂရိ​အတွေးအခေါ်ကို ပြန်​လက်ခံခဲ့​ကြ​၏။ ဆင်ခြင်မှု​အဓိက​ဝါဒီ​များ​၏ လှုပ်ရှားမှု​တွင်​ပါဝင်သူ ဘား​နာ့ဒ်​ဒီ​ဖော့​တ်​နယ်​က လူ့​ဆင်ခြင်မှု​သည် လူသား​တို့ကို “အသိပညာ ပို​၍​ပို​၍​ထွန်းလင်း​လာ​မည့် ရာစုနှစ်” သို့​ပို့​ဆောင်ပေး​မည်​ဖြစ်​ကာ “နှိုင်းယှဉ်​ကြည့်​လျှင် အတိတ်​မှ​ရာစုနှစ်များ​သည် အမှောင်ထု​ထဲ​တွင် ကျန်​ခဲ့​မည်” ဟု​ယူဆ​သည်။—ဗြိတဲန်နီကာ​စွယ်စုံ​ကျမ်း။

ဤ​သည်​တို့​မှာ အသိပညာ​ထွန်းလင်း​မှု ရရှိနိုင်​ပုံ​နှင့်​ပတ်သက်​၍ ကွဲလွဲ​သည့်​သဘောထားများ​စွာ​မှ အချို့သာ​ဖြစ်သည်။ အမှန်တရား​ရှာပုံတော်ဖွင့်​ရာ​တွင် ကျွန်ုပ်​တို့ကို ကူညီ​ပေး​နိုင်​သည့် “စိတ်ချ​ရသော​လမ်းညွှန်မှု” တစ်စုံတစ်ခု​ရှိပါ​သလော။ အသိပညာ​ထွန်းလင်း​မှု​ရရှိနိုင်​သည့် ယုံကြည်​စိတ်ချ​ရသော​ရင်းမြစ်​အကြောင်းကို နောက်​ဆောင်းပါး​တွင် သုံးသပ်ကြည့်​ပါ။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ဗုဒ္ဓ​ဂေါတမ၊ ရူး​ဆိုး​နှင့် ဗော်လ်​တဲ​ယား​တို့သည် နည်းလမ်း​အသီးသီး​ဖြင့်​အသိပညာ​ထွန်းလင်း​မှု​ရှာပုံတော်ဖွင့်​ခဲ့​ကြ