မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲဝေဒနာခံရသူကို ယေဟောဝါကယ်နုတ်

ဆင်းရဲဝေဒနာခံရသူကို ယေဟောဝါကယ်နုတ်

ဆင်းရဲ​ဝေဒနာ​ခံရ​သူကို ယေဟောဝါ​ကယ်နုတ်

‘ဖြောင့်မတ်​သော​သူသည် များစွာသော​ဆင်းရဲ​ကို​ခံရ​သော်လည်း ထာဝရ​ဘုရားသခင်​သည် ခပ်သိမ်း​သော​ဆင်းရဲ​ထဲ​က ကယ်နုတ်​တော်​မူ​၏။’—ဆာလံ ၃၄:၁၉

၁၊ ၂။ သစ္စာရှိ​ခရစ်ယာန်​တစ်ဦး မည်သို့​ခံစား​ခဲ့​ရသနည်း။ ကျွန်ုပ်​တို့​လည်း အလားတူ​ခံစားချက်​မျိုး အဘယ်ကြောင့်​ခံစားရ​ဖွယ်​ရှိ​သနည်း။

ကေ​ကို *အမည်​ရှိ အမျိုးသမီးငယ်​တစ်ဦး​သည် ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်​ခဲ့​သည်​မှာ အနှစ် ၂၀ ကျော်​ကြာပြီ​ဖြစ်သည်။ သူသည် အချိန်ပြည့် ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူ သို့​မဟုတ် မှန်မှန်ရှေ့ဆောင်​တစ်ဦး​အဖြစ် အတန်ကြာ အမှုဆောင်ခဲ့​၏။ ယင်း​အခွင့်ထူး​ကို သူ​အလွန်​မြတ်နိုး​သည်။ သို့သော် မကြာသေးမီ​က မျှော်လင့်ချက်မဲ့​မှု၊ အထီးကျန်​ဆန်​မှု​ဟူသော ခံစားချက်​များ​က ကေ​ကို​၏​စိတ်​ကို ဖိစီး​လာ​ခဲ့​သည်။ “ကျွန်မ ငို​ပဲ​ငို​နေတော့တယ်” ဟု​သူ​ဆို​၏။ ကေ​ကို​သည် မိမိ၏​အပျက်​မြင်​အတွေးအခေါ်ကို ကြိုးစား​တွန်းလှန်​ဖို့ ကိုယ်ပိုင်​လေ့လာမှု များများ​ပြုလုပ်​သည်။ “အဲဒါ​တောင်​မှ ကျွန်မ​ရဲ့​အတွေးအခေါ်ကို ပြောင်းလဲ​လို့​မရသေး​ဘူး။ သေချင်စိတ်​တောင်​ပေါက်​လာပြီ” ဟု​သူက ဆို​ရှာ​သည်။

သင်​ကော ထိုသို့ စိတ်ပျက်လက်ပျက် ဖြစ်​ဖူး​ပါသလော။ ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​သည် “ယခု​ဘဝ၊ နောင်​ဘဝ​နှင့်​စပ်ဆိုင်​သော ကတိတော်​ကို​ရသည်​ဖြစ်” သောကြောင့် ယေဟောဝါသက်သေ​တစ်ဦး​အနေ​နှင့် သင့်​တွင် ဝမ်းမြောက်​ရွှင်လန်းစရာ​အကြောင်း များစွာ​ရှိသည်။ (၁ တိမောသေ ၄:၈) ယခု​ပင် သင်သည် ဝိညာဉ်​ရေး​ပရဒိသု​၌ မွေ့လျော်​နေပါ​သည်။ သို့သော် ယင်းကြောင့် ဆင်းရဲ​ဝေဒနာ​အမျိုးမျိုး​မှ သင်​အကာအကွယ်​ရသည်​ဟု ဆိုလို​ပါသလော။ လုံးဝ​မဆိုလို​ပါ။ ‘ဖြောင့်မတ်​သော​သူသည် များစွာသော​ဆင်းရဲ​ကို​ခံရ’ ၏​ဟု ကျမ်းစာ​က​ဆို​သည်။ (ဆာလံ ၃၄:၁၉) ယင်းသည် အံ့ဩစရာ​မဟုတ်​ချေ၊ အကြောင်း​မှာ ‘တစ်လောက​လုံး​သည် စာတန်​၏​လက်၌​ရှိ’ သောကြောင့်​ဖြစ်သည်။ (၁ ယောဟန် ၅:၁၉သမ္မာ) သို့​နှင့် ယင်း​၏​အကျိုး​သက်ရောက်မှု​ကို ကျွန်ုပ်​တို့အားလုံး တစ်နည်း​နည်းဖြင့် တွေ့ကြုံ​ခံစား​ကြ​ရခြင်း​ဖြစ်သည်။—ဧဖက် ၆:၁၂

ဆင်းရဲ​ဝေဒနာ​၏ ဆိုးကျိုး​များ

၃။ အလွန်​စိတ်​ဆင်းရဲ​ခဲ့​ကြ​သည့် ဘုရားသခင့်​ကျေးကျွန်​တို့​အကြောင်း ကျမ်းစာ​သာဓက​များ​ကို ဖော်ပြ​ပါ။

ကြာရှည်​စိတ်​ဆင်းရဲ​နေခြင်း​က ကျွန်ုပ်​တို့ကို အမြင်​မ​ရှင်း​ဖြစ်စေ​နိုင်၏။ (သု. ၁၅:၁၅) ဖြောင့်မတ်​သော​ယောဘ​ကို သုံးသပ်ကြည့်​ပါ။ ဆိုးရွား​ပြင်းထန်သော​စမ်းသပ်မှု​ကို အလူးအလဲ​ခံစား​နေရ​ရှာ​သည့် ယောဘ ဤသို့​ဆို​ခဲ့​၏– “လူသည် မိန်းမ​ဖွား​သော​သူ​ဖြစ်​သဖြင့် အသက်​တို​၍ . . . [“စိုးရိမ်​ပူပန်မှု၊” က​ဘ] နှင့်​ပြည့်စုံ​ပါ​၏။” (ယောဘ ၁၄:၁) ယောဘ​၏​ရွှင်လန်း​ဝမ်းမြောက်မှု ဆိတ်​သု​ဉ်း​သွားခဲ့သည်။ မိမိကို ယေဟောဝါ​စွန့်ပစ်​လိုက်ပြီ​ဟု​ပင် သူ​အတန်ကြာ ယူမှတ်ခဲ့​၏။ (ယောဘ ၂၉:၁-၅) ဘုရားသခင့်​ကျေးကျွန်​များ​တွင် ယောဘ​တစ်ဦးတည်း​သာ ပြင်းထန်သော​ကိုယ်​စိတ်​ဆင်းရဲမှု​ကို ခံစားရ​သည်မဟုတ်​ချေ။ ဟန္န​သည် သားသမီး​မရ​သဖြင့် “ညှိုးငယ်​သော​စိတ်” ရှိနေကြောင်း ကျမ်းစာ​က​ဆို​သည်။ (၁ ဓမ္မ​ရာဇဝင် ၁:၉-၁၁) မိသားစု​အခြေအနေ​ကြောင့် အလွန်အမင်း​စိတ်​ဆင်းရဲ​နေသည့် ရေဗက္က​က “ကိုယ်​အသက်ကို ငြီးငွေ့​လှ​၏” ဟု​ဆို​ခဲ့​သည်။ (ကမ္ဘာဦး ၂၇:၄၆) ဒါဝိဒ်​သည် မိမိ​လုပ်ခဲ့​သည့်​အမှား​များ​ကို ပြန်ပြောင်း​သတိရ​ကာ ဤသို့​ဆို​သည်– “တစ်နေ့လုံး​ပင် ပူဆွေး​ငိုယို​လျက်​နေရ​ပါ​၏။” (ဆာလံ ၃၈:၆ခ​မ) ခရစ်ယာန်​ခေတ်​မတိုင်မီ​က ဘုရားသခင်​အား​ကြောက်ရွံ့​သည့် အမျိုးသား​နှင့်​အမျိုးသမီး​တို့သည် စိတ်​ဆင်းရဲ​စ​ရာ​ကာလ​များ​ကို ခါးစည်း​ခံ​ခဲ့​ကြ​ကြောင်း ဤ​ပုံ​နမူနာ​အချို့​က ရှင်းရှင်းလင်းလင်း ဖော်ပြ​သည်။

၄။ မျက်မှောက်ခေတ်​ခရစ်ယာန်​များ​တွင် “စိတ်​ငယ်​သော​သူတို့” ရှိနေခြင်း​သည် အဘယ်ကြောင့် အံ့ဩစရာ​မဟုတ်​သနည်း။

ခရစ်ယာန်​များ​ကော အသို့နည်း။ “စိတ်​ငယ်​သော​သူတို့ကို အားပေး” ပါ​ဟု သက်သာလောနိတ်​မြို့သား​များ​ကို မှာကြား​ရန်လို​ကြောင်း တမန်​တော်​ပေါလု တွေ့ရှိ​ခဲ့​သည်။ (၁ သက်သာလောနိတ် ၅:၁၄) “စိတ်​ငယ်​သော​သူတို့” ဟု​ပြန်ဆို​ထားသော ဂရိ​စကားလုံး​သည် “ဘဝ၏​ဖိစီးမှုကို အခိုက်အတန့် ကြုံတွေ့​ခံစား​နေရသူ” များ​ကို​ဆိုလို​ကြောင်း ရည်ညွှန်း​စာအုပ်​တစ်အုပ်​တွင် ဖော်ပြ​ထား​သည်။ ကောရိန္သု​အသင်းတော်​ရှိ ဝိညာဉ်​တော်​ဖွား​အချို့​သည် စိတ်ဓာတ်ကျ​ခဲ့​ကြ​ကြောင်း ပေါလု​၏​စကား​များ​က ဖော်ပြ​သည်။ မျက်မှောက်ခေတ်​ခရစ်ယာန်​များ​တွင်​လည်း စိတ်​ငယ်​နေသူတို့ ရှိကြပါ​သည်။ သို့သော် သူတို့သည် အဘယ်ကြောင့် စိတ်ပျက်​အားလျော့​ကြ​သနည်း။ ဖြစ်လေ့ဖြစ်ထ​ရှိသည့် အကြောင်းရင်း​သုံးရပ်​ကို သုံးသပ်ကြည့်​ကြ​စို့။

မစုံလင်မှု​က ကျွန်ုပ်​တို့ကို စိတ်​ဆင်းရဲ​စေနိုင်

၅၊ ၆။ ရောမ ၇:၂၂-၂၅ မှ အဘယ်​နှစ်သိမ့်မှု​ရရှိနိုင်​သနည်း။

“ရှက်ကြောက်စိတ်​လုံးဝ​မရှိ” သည့် ဆိုးညစ်သူ​များနှင့်​မတူဘဲ ခရစ်ယာန်စစ်​များသည် မိမိတို့၏​မစုံလင်မှု​ကြောင့် ဆင်းရဲ​ငြိုငြင်​ကြ​လေ​သည်။ (ဧဖက် ၄:၁၉ခ​မ) သူတို့သည် ပေါလု​ဤသို့​ရေးခဲ့​သည့်​အတိုင်း ခံစား​ကြ​ရ​ပေမည်– “ငါသည် အတွင်းလူ​အားဖြင့် ဘုရားသခင်​၏​ပညတ်တရား​တော်​ကို နှစ်သက်​၏။ သို့သော်လည်း ငါ့​ကိုယ်​အင်္ဂါများ​၌​ရှိသော တရား​တစ်ပါး​သည် စိတ်​ဝိညာဉ်​တရားကို ဆိုင်ပြိုင်​တိုက်လှန်​သဖြင့် ငါ့​ကိုယ်​အင်္ဂါများ​၌​ရှိသော အပြစ်​တရား​လက်​သို့ ငါ့ကို ဖမ်းသွား​အပ်နှံ​သည်ကို ငါ​မြင်​၏။” ထို့နောက် ပေါလု​က “ငါသည် ငြိုငြင်​သော​သူ​ဖြစ်ပါ​သည်​တကား” ဟု​ဆို​ခဲ့​သည်။—ရောမ ၇:၂၂-၂၄

ပေါလု​ကဲ့သို့ သင်​ခံစားရ​ဖူး​ပါသလော။ မိမိ၏​မစုံလင်မှု​များ​ကို ကောင်းစွာ​သတိပြုမိ​ခြင်း​က မမှား​ပါ၊ အကြောင်း​မှာ ယင်းက အပြစ်​၏​ဆိုးရွားမှု​ကို စိတ်ထဲ​စွဲမှတ်​စေနိုင်​ပြီး မကောင်းမှုကို​ရှောင်​မည်​ဟူသော သင်၏​သန္နိ​ဋ္ဌာန်​ကို ခိုင်ခံ့​စေနိုင်​သောကြောင့်​ဖြစ်သည်။ သို့သော် သင်သည် မိမိ၏​မစုံလင်မှု​ကြောင့် အမြဲ​စိတ်​ဆင်းရဲ​နေစရာ​မလို​ပေ။ အစောပိုင်း​တွင် ကိုးကား​ခဲ့​သည့်​အတိုင်း ပေါလု​သည် စိတ်​ဆင်းရဲမှု​အကြောင်း​ပြော​ပြီး​နောက် ဤသို့​ဆက်ဆို​သည်– “ငါ​တို့​သခင်​ယေရှု​ခရစ်​အားဖြင့် ကယ်လွှတ်​တော်​မူ​သော ဘုရားသခင်​၏​ကျေးဇူးတော် ကြီး​လှ​ပေ​၏။” (ရောမ ၇:၂၅) ယေရှု​သွန်းလောင်းခဲ့​သည့် အသွေးတော်​က မိမိကို အမွေ​ရရှိ​ထားသော​အပြစ်​မှ ကယ်လွှတ်​ပေး​နိုင်​ခဲ့​ကြောင်း ပေါလု ယုံကြည်​စိတ်ချ​ခဲ့​သည်။—ရောမ ၅:၁၈

၇။ အဘယ်အရာက လူတစ်ဦးကို ၎င်း​၏​အပြစ်ပြု​လို​သည့် သဘောထားများ​ကြောင့် စိတ်​ဆင်းရဲ​မနေ​စေရန် ကူညီ​ပေး​နိုင်​သနည်း။

မစုံလင်မှု​ကြောင့် သင်​စိတ်ဖိစီး​ခံ​နေရ​လျှင် တမန်​တော်​ယောဟန် ရေးသားခဲ့​သည့် ဤ​စကား​များ​မှ နှစ်သိမ့်မှု​ရယူပါ​လေ– “တစ်စုံ​တစ်ယောက်​သော​သူသည် အပြစ်ကို​ပြု​မိ​လျှင် ဖြောင့်မတ်​တော်​မူ​သော​အရှင် ယေရှု​ခရစ်​တည်း​ဟူသော အမှုဆောင်​အရှင်​သည် ငါ​တို့​အဖို့ ခမည်းတော်​ထံ​၌​ရှိ​တော်​မူ​၏။ ထို​အရှင်​သည် ငါ​တို့၏​အပြစ်​မျှ​မ​က လောကသား​အပေါင်း​တို့၏ အပြစ်ဖြေရာ​အကြောင်း ဖြစ်​တော်​မူ​၏။” (၁ ယောဟန် ၂:၁၊ ၂သမ္မာ) သင်သည် အပြစ်ပြု​လို​သည့်​သဘောထားများ​ကြောင့် စိတ်​ဆင်းရဲ​နေရ​လျှင် ယေရှုသည် စုံလင်သူ​တို့အတွက်​မဟုတ်ဘဲ အပြစ်သား​များ​အတွက် အသေခံ​ခဲ့​ကြောင်းကို အမြဲ​သတိရပါ။ အမှန်​မှာ ‘လူအပေါင်း​တို့သည် အပြစ်ကို​ပြု​၍ ဘုရားသခင့်​ရှေ့တော်၌ အသရေပျက်​ကြပြီ။’—ရောမ ၃:၂၃

၈၊ ၉။ မိမိကိုယ်ကို​အပြစ်တင်​သည့် အတွေးအခေါ်​များ​ကို အဘယ်ကြောင့် ငြင်းပယ်​သင့်​သနည်း။

သို့သော် သင်သည် အတိတ်​က ကြီး​လေး​သော​အပြစ်​တစ်ခု ကျူးလွန်​မိ​ခဲ့​သည်​ဟု ဆို​ကြပါစို့။ ယင်း​ကိစ္စ​နှင့်​စပ်လျဉ်း၍ ယေဟောဝါ​ထံ မကြာမကြာ ဆုတောင်း​ကာ ပြောပြ​မည်​မှာ သေချာ​သည်။ ခရစ်ယာန်​အကြီးအကဲ​များ​ထံ​မှ ဝိညာဉ်​ရေး​အကူအညီ သင်​ရရှိခဲ့သည်။ (ယာကုပ် ၅:၁၄၊ ၁၅) သင်သည် အမှန်ပင်​နောင်တ​ရပြီး အသင်းတော်​ထဲ ပြန်ဝင်​လာ​ခဲ့​သည်။ သို့​မဟုတ် ဘုရားသခင့်​အဖွဲ့အစည်း​မှ တစ်ခဏ​ဝေးကွာ​သွား​သော်လည်း နောက်ပိုင်း သင်​နောင်တ​ရပြီး သန့်ရှင်း​စင်ကြယ်သော​အနေအထား​ကို ပြန်​ရရှိခဲ့သည်။ မည်သို့​ပင်​ဖြစ်ပါစေ သင်၏​အတိတ်​က​အမှား​သည် သင့်​စိတ်ထဲ​ပြန်​ပေါ်လာ​ရာ ယင်း​အတွက် သင်​စိတ်​ဆင်းရဲ​နေနိုင်​သည်။ ထိုသို့​ဖြစ်​မည်​ဆိုလျှင် ယေဟောဝါ​သည် နောင်တ​စစ်​နောင်တ​မှန်​ရသူ​တို့ကို “အထူးသဖြင့်” ခွင့်လွှတ်​တော်​မူ​ကြောင်း သတိရပါ​လေ။ (ဟေရှာယ ၅၅:၇) ထို့​အပြင် ကိုယ်တော်​သည် သင့်​အား အဖတ်ဆယ်​မရတော့​သည့်​အထိ အပြစ်ကြီး​သည်​ဟု မခံစား​စေ​လို​ပေ။ သင် ထိုသို့​ခံစား​နေရ​သည်​ဆိုလျှင် စာတန်​၏​ရည်ရွယ်ချက် အထမြောက်​သွားပေ​မည်။ (၂ ကောရိန္သု ၂:၇၊ ၁၀၊ ၁၁) စာတန်​သည် အပြစ်စီရင်​ခံထိုက်​သည့်​အတွက် ပြစ်ဒဏ်​ခံ​ရတော့မည်​ဖြစ်သော​ကြောင့် သင်လည်း အလားတူ​စီရင်ခံထိုက်​သည်​ဟု သင့်ကို​ခံစား​ရစေ​လို​သည်။ (ဗျာ. ၂၀:၁၀) သင်၏​ယုံကြည်ခြင်းကို ဖျက်ဆီး​ရန် ဤသို့​ကြံစည်​နေသည့်​စာတန်​ကို အရှုံးမပေး​လိုက်ပါ​နှင့်။ (ဧဖက် ၆:၁၁) အခြား​ကိစ္စ​များ​တွင်​ကဲ့သို့ ဤ​ကိစ္စ​တွင်​လည်း ‘စာတန်​ကို ဆီးတား’ ပါ​လေ။—၁ ပေတရု ၅:၉

ဗျာ. ကျမ်း ၁၂:၁၀ တွင် စာတန်​ကို ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ဖြစ်သော ‘ငါ​တို့​ညီအစ်ကို​များ​ကို ဘုရားသခင့်​ရှေ့တော်၌ နေ့​ည​မပြတ် အပြစ်တင်​သော​သူ’ ဟု​ခေါ်ဆို​ထား​သည်။ ထို​အခန်းငယ်​ကို လေးလေးနက်နက် ဆင်ခြင်​ကြည့်​ခြင်း​က ယေဟောဝါ​သည် သင့်ကို အပြစ်တင် စွပ်စွဲ​မည်​မဟုတ်သော်လည်း ကိုယ့်​ကိုယ်ကို အပြစ်တင်​စွပ်စွဲ​နေ​မည်​ဆိုလျှင် မတော်မတရား​စွပ်စွဲသူ စာတန် ပျော်​နေ​မည်​ဖြစ်​ကြောင်း သဘောပေါက်​စေ​သည်။ (၁ ယောဟန် ၃:၁၉-၂၂) မိမိ​အမှား​များ​ကြောင့် လက်လျှော့​အရှုံးပေး​လို​စိတ် ပေါက်​လာ​သည်​အထိ အဘယ်ကြောင့် စိတ်မချ​မ်း​မ​သာ​ဖြစ်နေ​ရသနည်း။ ဘုရားသခင်​နှင့် သင်၏​ရင်းနှီးသော​ဆက်ဆံ​ရေး​ကို စာတန်​ဖျက်ဆီး​ရန် ခွင့်​မပြု​လိုက်​လေ​နှင့်။ ယေဟောဝါ​သည် “ချစ်​သနားခြင်း​မေတ္တာ . . . နှင့်​ပြည့်စုံ​၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြု​ခြင်း၊ သစ္စာစောင့်ခြင်း​နှင့် ကြွယ်ဝ​တော်​မူ” သည်​ဟူသော​အချက်​ကို သင်​မမြင်​တော့​အောင် စာတန်​အား ဖုံးကွယ်​ခွင့်​မပြု​လိုက်ပါ​နှင့်။—ထွက်မြောက်ရာ ၃၄:၆

အကန့်အသတ်​ဖြစ်မှု​များ​က​ကျွန်ုပ်​တို့ကို စိတ်​အားငယ်​စေနိုင်

၁၀။ ကျွန်ုပ်​တို့၏​အကန့်အသတ်​ဖြစ်မှု​များ​က အဘယ်​နည်းများဖြင့် စိတ်ပျက်​အားလျော့​စေနိုင်​သနည်း။

၁၀ မိမိတို့၏ အကန့်အသတ်​ဖြစ်မှု​များ​က ဘုရားသခင့်​အမှုတော်​ဆောင်ခြင်း​ကို ထိခိုက်​စေသော​ကြောင့် ခရစ်ယာန်​အချို့ စိတ်ဓာတ်ကျ​ကြသည်။ သင်​ကော ထိုသို့​ခံစားရ​ပါသလော။ အသည်းအသန်​ဖျားနာခြင်း၊ အသက်အရွယ်​ကြီးရင့်​ခြင်း သို့​မဟုတ် အခြားသော​အခြေအနေ​များ​ကြောင့် ခရစ်ယာန်​ဓမ္မ​အမှု​တွင် ယခင်​က​လောက် များများ​မပါဝင်နိုင်​ဘဲ​ဖြစ်​ပေမည်။ ခရစ်ယာန်​များသည် အချိန်ကို​ဝယ်ယူ​ပြီး ဘုရားသခင့်​အမှုတော်ကို​ဆောင်ရန် အားပေးခံရ​ကြ​၏။ (ဧဖက် ၅:၁၅၊ ၁၆) သို့သော် အကန့်အသတ်​ဖြစ်မှု​များ​ကြောင့် ခရစ်ယာန်​ဓမ္မ​အမှု​တွင် များများ​မပါဝင်နိုင်​ပါ​က သင်​စိတ်ပျက်​ပါသလော။

၁၁။ ဂလာတိ ၆:၄ တွင် မှတ်တမ်း​တင်ထား​သည့် ပေါလု​၏​ဆုံးမ​စကား​က ကျွန်ုပ်​တို့အား မည်သို့​အကျိုးပြု​နိုင်​သနည်း။

၁၁ သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို “ပျင်းရိခြင်း​နှင့်​ကင်းလွတ်​၍ ယုံကြည်ခြင်း​နှင့်​သည်းခံခြင်း​အားဖြင့် ကတိတော်​တို့ကို အမွေခံ​ရသော​သူတို့​နည်းတူ​ကျင့်” ကြ​ရန် တိုက်တွန်း​ထား​၏။ (ဟေဗြဲ ၆:၁၁၊ ၁၂) ကျွန်ုပ်​တို့သည် ထိုသို့​သော​သူတို့၏ ပုံသက်သေ​ကောင်း​ကို စစ်ဆေး​ပြီး သူတို့၏​ယုံကြည်ခြင်းကို ကြိုးစား​တုပ​ကြ​မည်​ဆိုလျှင် သူတို့​နည်းတူ ကျင့်​နိုင်​ကြ​မည်​ဖြစ်သည်။ သို့ရာတွင် အခြားသူ​တို့​နှင့် မလိုလား​အပ်​စွာ နှိုင်းယှဉ်​ပြီး ဘာမျှ​အသုံးမကျ​ဟု မိမိကိုယ်ကို ကောက်ချက်​ချ​မည်​ဆိုလျှင် အကျိုးရှိ​မည်​မဟုတ်​ချေ။ ထို့​ကြောင့် ကျွန်ုပ်​တို့သည် ပေါလု​၏ ဤ​ဆုံးမ​စကား​ကို လိုက်နာ​ကျင့်သုံး​သင့်​ပေ​သည်– “လူတိုင်း​ကိုယ်​ပြုသော​အမှုကို စစ်ကြော​စေ။ သို့ပြုလျှင် . . . [“သူတစ်ပါး​နှင့်​မ​နှိုင်းယှဉ်၊” က​ဘ] ဘဲ ကိုယ်​၌​သာ ဝါကြွား​ဝမ်းမြောက်စရာ​အကြောင်း ရှိ​လိမ့်​မည်။”—ဂလာတိ ၆:၄

၁၂။ ယေဟောဝါ​၏​အမှုတော်​ဆောင်​ရာ​တွင် ကျွန်ုပ်​တို့​အဘယ်ကြောင့် ရွှင်လန်း​ဝမ်းမြောက်​နိုင်​ကြ​သနည်း။

၁၂ ဆိုးရွား​သော ကျန်းမာ​ရေး​ပြဿနာ​ကြောင့် ကန့်သတ်​ခံရ​စေ​ဦး​တော့ ခရစ်ယာန်​များ​တွင် ရွှင်လန်း​ဝမ်းမြောက်စရာ အကြောင်းကောင်း​ရှိပါ​သည်။ သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့အား ဤသို့​စိတ်ချ​စေ​သည်– “သင်တို့၏​အလုပ်​မှ​စ၍ နာမတော်​ကို​ထောက်၍​ပြ​သော သင်တို့၏​မေတ္တာကို မေ့လျော့​သည်​တိုင်အောင် ဘုရားသခင်​သည် ဖြောင့်မတ်ခြင်း​ကင်း​တော်​မူ​သည်မဟုတ်။” (ဟေဗြဲ ၆:၁၀က​ဘ) သင်​မထိန်းချုပ်​နိုင်​သည့် အခြေအနေ​များ​ကြောင့် ယခင်​က​လောက် ယခု​လုပ်ဆောင်​နိုင်​ချင်​မှ လုပ်ဆောင်​နိုင်​ပေမည်။ သို့ရာတွင် ယေဟောဝါ​ပေးသနား​တော်​မူ​သော အကူအညီ​ဖြင့် သင်သည် တယ်လီဖုန်း​ဖြင့်​သက်သေခံခြင်း​နှင့် စာရေး​ခြင်း​ကဲ့သို့​သော ခရစ်ယာန်​ဓမ္မ​အမှု​ကဏ္ဍ​အချို့​တွင် ပို​၍​အပြည့်အဝ ပါဝင်​နိုင်​ပေမည်။ သင်၏​စိုးလ်​အကြွင်းမဲ့ အမှုတော်​ဆောင်ခြင်း၊ ကိုယ်တော်​နှင့် လူသားချင်း​တို့​အပေါ် မေတ္တာပြ​ခြင်း​အတွက် ယေဟောဝါ​ဘုရားသခင် ကောင်းချီး​ပေး​တော်​မူ​မည်​ကို သင်​ယုံကြည်​စိတ်ချ​နိုင်​သည်။—မဿဲ ၂၂:၃၆-၄၀

“ခဲယဉ်း​သော​ကာလ” က ကျွန်ုပ်​တို့ကို စိတ်ပျက်​စေနိုင်

၁၃၊ ၁၄။ (က) ဤ “ခဲယဉ်း​သော​ကာလ” သည် ကျွန်ုပ်​တို့ကို အဘယ်​နည်းများဖြင့် ဆင်းရဲ​ငြိုငြင်​စေနိုင်​သနည်း။ (ခ) မျက်မှောက်ခေတ်တွင် ပကတိ​ကြင်နာ​စုံမက်မှု​မရှိခြင်း မည်သို့​ထင်ရှား​နေသနည်း။

၁၃ ဘုရားသခင့်​ဖြောင့်မတ်​သော ကမ္ဘာသစ်​အသက်တာကို ကျွန်ုပ်​တို့​စောင့်မျှော်​ကြသော်လည်း လောလောဆယ်တွင်​မူ ကိုင်တွယ်​ဖြေရှင်း​ရ​ခက်​သည့် “ခဲယဉ်း​သော​ကာလ” ၌ အသက်ရှင်နေ​ထိုင်​ကြသည်။ (၂ တိမောသေ ၃:၁) စိတ်​ဆင်းရဲ​စ​ရာ​ကောင်း​သည့် ဖြစ်ရပ်​များ​က ကျွန်ုပ်​တို့​ကယ်နုတ်​ခံရ​ချိန်​နီးပြီ​ဖြစ်​ကြောင်းကို ညွှန်ပြ​နေသည်​ဟူသော​အသိ​ကြောင့် နှစ်သိမ့်မှု​ရရှိနိုင်​ပါ​သည်။ သို့သော် ကျွန်ုပ်​တို့​ပတ်ပတ်လည်​ရှိ အခြေအနေ​များ​က ကျွန်ုပ်​တို့ကို ထိခိုက်​နေသည်။ ဥပမာ၊ အလုပ်အကိုင်​မရှိခြင်းက သင့်ကို မည်သို့​ထိခိုက်​နေသနည်း။ အလုပ်အကိုင် ရှားပါး​ကောင်း ရှားပါး​ပေမည်။ အချိန်​ကုန်လွန်​လာ​သည်​နှင့်​အမျှ မိမိ၏​ဆိုးရွား​လှ​သည့်​အဖြစ်ကို ယေဟောဝါ မြင်​မှ​မြင်​ပါ​၏​လော သို့​မဟုတ် မိမိ၏​ဆုတောင်းချက်​ကို ကိုယ်တော် နားညောင်း​တော်​မူ​ပါ​၏​လော​ဟု သင်​သိ​လို​ပေမည်။ သို့​မဟုတ် ခွဲခြား​ဆက်ဆံမှု၊ မတရားမှု​တစ်မျိုး​မျိုးကို သင်​တွေ့ ကြုံ​ခံစားရ​ဖွယ်​ရှိသည်။ သတင်းစာ​ကို ဟို​ဟို​သည်​သည် လှန်လှော​ကြည့်​သည့်​အခါ​၌​ပင် ပတ်ဝန်းကျင်​မှ အကျင့်​လျော့​ရဲ​သူတို့​ကြောင့် “အလွန်​စိတ်ပျက်​လျက်​နေ​သူ” ဖြောင့်မတ်​သော​လောတ​ကဲ့သို့ သင်​ခံစား​ရနိုင်​သည်။—၂ ပေတရု ၂: ၇ခ​မ။

၁၄ နောက်ဆုံးသော​နေ့ရက်​များနှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​လျစ်လျူရှု​၍​မရ​သည့် ထူးခြားသော​လက္ခဏာ​တစ်ရပ် ရှိသေး​သည်။ သမ္မာကျမ်းစာ​က လူအများစု​သည် “ပကတိ​ကြင်နာ​စုံမက်ခြင်း​နှင့်​ကင်း” ကြလိမ့်မည်​ဟု ကြိုပြော​ခဲ့​၏။ (၂ တိမောသေ ၃:၃) အိမ်ထောင်​အများစု​တွင် မိသားစု​ချစ်ခင်​တွယ်တာမှု မရှိကြ​တော့​ချေ။ အမှန်​ဆို​ရ​လျှင် “လူတို့သည် အခြားသူများ​ထက် မိသားစုဝင်​အချို့​တို့၏ သတ်ဖြတ်​ခြင်း၊ ကိုယ်​ထိ​လက်ရောက် ထိပါး​စော်ကားခြင်း၊ စိတ်ပိုင်း သို့မဟုတ် လိင်ဆိုင်ရာ မတော်မတရား​ပြုခြင်း​တို့ကို ပို​၍​ခံရ​နိုင်​ကြောင်း အထောက်အထား​များ​က ဖော်ပြ​သည်။ မေတ္တာ​နှင့်​လုံခြုံမှု​ရှိသည်​ဟု ခံစားရ​သင့်​သော​နေရာ​သည် လူကြီး​ပိုင်း​အချို့​နှင့် ကလေး​များ​အတွက်​မူ အန္တရာယ်​အရှိဆုံး​နေရာ ဖြစ်နေ​သည်” ဟု​အိမ်တွင်း​အကြမ်းဖက်မှု​စာအုပ်​က ဆို​၏။ မနှစ်မြို့ဖွယ်​အိမ်တွင်း​အခြေအနေ​တွင် ကြီးပြင်း​ခဲ့​ရသူ​တို့သည် အရွယ်ရောက်​လာ​သည့်​အခါ စိုးရိမ်​ပူပန်မှု၊ စိတ်ပျက်​အားလျော့​မှု​တို့၏ ထိုးနှက်​နှိပ်စက်မှု​ဒဏ်​ကို ခံစား​ရနိုင်​သည်။ သင်လည်း ထိုသို့​ခံစားရ​မည်​ဆိုလျှင် အသို့နည်း။

၁၅။ ယေဟောဝါ​၏​မေတ္တာတော်​သည် အဘယ်​လူသား​ထက်​မဆို မည်သို့​သာလွန်​မြင့်မြတ်​တော်​မူ​သနည်း။

၁၅ ဆာလံဆရာ​ဒါဝိဒ် ဤသို့​သီကျူး​ဖော်ပြ​ခဲ့​၏– ‘ကိုယ်​မိဘတို့​သည် အကျွန်ုပ်​ကို​စွန့်​သော်လည်း ထာဝရ​ဘုရားသခင်​သည် အကျွန်ုပ်​ကို​ချီယူ​တော်​မူ​မည်။’ (ဆာလံ ၂၇:၁၀) ယေဟောဝါ​၏​မေတ္တာတော်​သည် မည်သည့် လူသား​မိဘများ​၏ မေတ္တာ​ထက်​မဆို သာလွန်​ကြောင်း​သိရခြင်းက အလွန်​နှစ်သိမ့်မှု​ရ​ပါ​သည်​တကား။ မိဘ​တစ်ဦး၏ ငြင်းပယ်မှု၊ နှိပ်စက်မှု သို့​မဟုတ် စွန့်ပစ်မှု​ကို​ခံရ​ခြင်း​သည် နာကြည်းဖွယ်​ကောင်း​သော်လည်း ယင်းက သင့်ကို ယေဟောဝါ​၏​မေတ္တာတော်​နှင့် မကွာစေ​နိုင်​ပါ။ (ရောမ ၈:၃၈၊ ၃၉) ဘုရားသခင်​သည် မိမိ​ချစ်​မြတ်နိုးသူ​တို့ကို ဆွဲဆောင်​တော်​မူ​ကြောင်း သတိရပါ။ (ယောဟန် ၃:၁၆; ၆:၄၄) သင့်ကို လူ​တို့​မည်သို့​ပင် ပြုမူ​ဆက်ဆံ​ပါစေ ကောင်းကင်​ခမည်းတော်​သည် သင့်ကို ချစ်​မြတ်နိုး​တော်​မူ​၏။

စိတ်ပျက်​အားလျော့​မှု​ကို သက်သာ​စေသော​လက်တွေ့ကျ​နည်းလမ်းများ

၁၆၊ ၁၇။ လူတစ်ဦး​သည် စိတ်ပျက်​အားလျော့​သည့်​အခါ မိမိ၏​ဝိညာဉ်​ရေး​ကို မည်သို့​ခိုင်ခံ့​စေနိုင်​သနည်း။

၁၆ သင်သည် စိတ်ပျက်​အားလျော့​မှု​ကို လက်တွေ့ကျ​နည်းလမ်းများ​ဖြင့် အောင်မြင်​ကျော်လွှား​နိုင်​ပါ​သည်။ ဥပမာ၊ ခရစ်ယာန်​လုပ်ငန်းဆောင်တာ​များ​တွင် အပြည့်အဝ​ပါဝင်ခြင်း​ဖြင့်​ဖြစ်၏။ အထူးသဖြင့် စိတ်ပျက်​အားလျော့​မှု​က သင့်ကို လွှမ်းမိုး​ဖိစီး​နေ​ဟန်​ရှိလျှင် သမ္မာကျမ်းစာ​ကို ဖတ်ရှု​ဆင်ခြင်​ပါ။ ဆာလံဆရာ​က ‘“ငါ့​ခြေချော်​လျက်​ရှိသည်” ဟု​အကျွန်ုပ်​ဆို​သောအခါ အို​ထာဝရ​ဘုရားသခင် ကိုယ်တော်​၏​ကရုဏာ​သည် အကျွန်ုပ်​ကို​ထောက်မပါ​၏။ အကျွန်ုပ်၏​နှလုံး​ထဲမှာ စိတ်​များပြား​သောအခါ ကိုယ်တော်​သည် သက်သာ​စေတော်မူ​သဖြင့် အကျွန်ုပ်၏​ဝိညာဉ်​သည် ရွှင်လန်း​ပါ​၏’ ဟု​သီကျူး​ခဲ့​သည်။ (ဆာလံ ၉၄:၁၈၊ ၁၉) သမ္မာကျမ်းစာ​ကို​မှန်မှန်​ဖတ်ရှုခြင်း​က သင့်​စိတ်​ကို သက်သာရာ​ရစေသော​စကား​များ၊ အားပေး​တည်ဆောက်မှု​ဖြစ်စေ​သော အတွေးအခေါ်​များ​ဖြင့် ပြည့်နေ​စေပါ​လိမ့်​မည်။

၁၇ ဆုတောင်းခြင်း​သည်လည်း အလွန်​အရေးကြီး​၏။ သင့်​စိတ်​ခံစားချက်​များ​ကို သင်​အပြည့်အဝ မဖော်​ပြ​တတ်​သော်လည်း အဘယ်အရာကို ပြောဆို​လို​ကြောင်း ယေဟောဝါ​သိတော်မူ၏။ (ရောမ ၈:၂၆၊ ၂၇) ဆာလံဆရာ​က ဤသို့​အာမခံ​သည်– ‘ထမ်းရွက်​ရသော​ဝန်ကို ထာဝရ​ဘုရားသခင်​၌​ချထား​လော့။ သင့်ကို​မစ​တော်​မူ​မည်။ ဖြောင့်မတ်​သော​သူကို အစဉ်အမြဲ​လှုပ်ရှား​စေ​တော်​မ​မူ​ရာ။’—ဆာလံ ၅၅:၂၂

၁၈။ စိတ်ပျက်​အားလျော့​နေ​သူ​တစ်ဦး​သည် မည်သည့်​လက်တွေ့ကျ လုပ်ဆောင်မှုများ​ကို လုပ်နိုင်​သနည်း။

၁၈ လူ​အချို့​သည် ဆေးဝါး​ဖြင့်​ကုသ​ဖို့​လို​သော စိတ်ကျ​ဝေဒနာ * ကြောင့် စိတ်ပျက်​အားလျော့​ကြ​၏။ သင်လည်း ထိုသို့​ခံစား​နေရ​ပါ​က “မြို့သား​က​လည်း ‘ငါ​နာ​သည်’ ဟု​မဆို​ရ” တော့​သည့် ဘုရားသခင့်​ကမ္ဘာသစ်​ကို ကြိုးစား​အာရုံစိုက်ကြည့်​ပါ​လေ။ (ဟေရှာယ ၃၃:၂၄) ရံဖန်ရံခါ​စိတ်​ညှိုးငယ်​တတ်​ခြင်း​ထက် ပို​၍ အပျက်သဘော​ဝင်​နေ​မည်​ဆိုလျှင် သက်ဆိုင်ရာ​ကျွမ်းကျင်​ပညာရှင်​တို့​ထံ အကူအညီ​တောင်းခံ​ခြင်း​က ပညာရှိရာ​ရောက်​ပေမည်။ (မဿဲ ၉:၁၂) ထို့​ပြင် ကိုယ့်​ကျန်းမာ​ရေး​ကိုယ် ဂရုစိုက်​ရန်​အရေးကြီး​သည်။ ကျန်းမာ​ရေး​နှင့်​ညီညွတ်သော အစားအသောက်​များနှင့် ကာယ​လေ့ကျင့်ခန်း​အချို့​က အထောက်အကူ​ပေး​ပေမည်။ အလုံအလောက်​အနားယူ​ဖို့ သေချာစေပါ။ ရုပ်မြင်သံကြား​ကို ညဉ့်နက်​သည်​အထိ မကြည့်​ပါ​နှင့်။ ကိုယ်ရော​စိတ်ပါ မောပန်း​နွမ်း​နယ်​စေ​မည့် အပန်းဖြေမှု​ပုံစံ​များ​ကို ရှောင်ကြဉ်ပါ။ ထို့​ထက်​ကား ဘုရားသခင်​နှစ်သက်​သည့် လုပ်ငန်းများ​ကို ဆက်လက်​လုပ်ဆောင်နေ​ပါ​လေ။ “မျက်ရည်​ရှိသမျှ​တို့ကို” ယေဟောဝါ​သုတ်​ပေး​မည့်​အချိန် မ​ရောက်​သေး​သော်လည်း ကိုယ်တော်​သည် ကျွန်ုပ်​တို့အား ခံနိုင်ရည်​ပေး​တော်​မူ​ပါ​လိမ့်​မည်။—ဗျာ. ၂၁:၄; ၁ ကောရိန္သု ၁၀:၁၃

ဘုရားသခင်​၏ “တန်ခိုး​ကြီးသော​လက်တော်​အောက်​၌” အသက်ရှင်​နေထိုင်ခြင်း

၁၉။ ဆင်းရဲ​ဝေဒနာ​ခံရ​သူတို့ကို ယေဟောဝါ အဘယ်က​တိ​ပြု​တော်​မူ​သနည်း။

၁၉ ဖြောင့်မတ်​သော​သူသည် များစွာသော​ဆင်းရဲ​ကို​ခံရ​သော်လည်း ယေဟောဝါ​သည် ‘ခပ်သိမ်း​သော​ဆင်းရဲ​ထဲ​က ကယ်နုတ်​တော်​မူ’ ကြောင်း​သမ္မာကျမ်းစာ​က စိတ်ချ​စေ​သည်။ (ဆာလံ ၃၄:၁၉) ယင်းကို ဘုရားသခင် မည်သို့​ပြု​တော်​မူ​သနည်း။ တမန်​တော်​ပေါလု​သည် မိမိ​ခံစား​နေရ​သည့် “ကိုယ်​၌​စူးသော​ဆူး” မှ​ကယ်နုတ်​ပေး​ပါ​ရန် ထပ်တလဲလဲ ဆုတောင်း​ခဲ့​သောအခါ ယေဟောဝါ​က “ငါ့​တန်ခိုး​သည် အားနည်းခြင်း​အဖြစ်​၌ စုံလင်​တတ်​သည်” ဟု​မိန့်တော်မူ​ခဲ့​သည်။ (၂ ကောရိန္သု ၁၂:၇-၉) ယေဟောဝါ​သည် ပေါလု​အား အဘယ်​ကတိပေး​တော်​မူ​ခဲ့​ပြီး သင့်​အား​လည်း အဘယ်​ကတိပေး​တော်​မူ​သနည်း။ ချက်ချင်း​ကုသ​ပေး​မည်​ဟု​မဆို​ဘဲ ခံနိုင်ရည်​ပေး​မည်​ဟု ကိုယ်တော်​ကတိပြု​တော်​မူ​၏။

၂၀။ ကျွန်ုပ်​တို့သည် စမ်းသပ်မှု​များ​ကြုံ​ရ​လင့်​ကစား ၁ ပေတရု ၅:၆၊ ၇က  အဘယ်အရာကို စိတ်ချ​စေ​သနည်း။

၂၀ တမန်​တော်​ပေတရု ဤသို့​ရေးသားခဲ့​၏– “ကာလ​အချိန်တန်လျှင် ဘုရားသခင်​သည် သင်တို့ကို ချီးမြှောက်​တော်​မူ​မည်​အကြောင်း တန်ခိုး​ကြီးသော​လက်တော်​အောက်​၌ ကိုယ်ကို​ကိုယ်​နှိမ့်ချ​ကြလော့။ သင်တို့ကို သတိ​နှင့်​ကြည့်ရှု​တော်​မူ​သောကြောင့် သင်တို့၌​စိုးရိမ်ခြင်း​အမှု​ရှိသမျှ​တို့ကို ကိုယ်တော်၌​အပ်နှံ​ကြလော့။” (၁ ပေတရု ၅:၆၊ ၇) ယေဟောဝါ​သည် သင့်ကို ဂရုစိုက်​တော်​မူ​သောကြောင့် သင့်ကို စွန့်ပစ်​တော်​မူ​မည်​မဟုတ်​ချေ။ သင်သည် စမ်းသပ်မှု​များ​ကြုံ​ရ​လင့်​ကစား သင့်ကို ကိုယ်တော်​ထောက်မ​တော်​မူ​မည်။ သစ္စာရှိ​ခရစ်ယာန်​များသည် ဘုရားသခင်​၏ “တန်ခိုး​ကြီးသော​လက်တော်​အောက်​၌” ရှိနေကြ​ကြောင်းကို စိတ်ထဲ​စွဲမှတ်​ထား​ပါ​လေ။ ယေဟောဝါ​၏​အမှုတော်ကို ကျွန်ုပ်​တို့​ထမ်းဆောင်​နေသည်​နှင့်​အမျှ ကျွန်ုပ်​တို့​ခံနိုင်​ရန် ကိုယ်တော်​ခွန်​အားပေး​တော်​မူ​၏။ ကျွန်ုပ်​တို့သည် ကိုယ်တော့်​အပေါ် သစ္စာရှိ​နေ​မည်​ဆိုလျှင် မည်သည့်​အရာ​က​မျှ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကို အမြဲ​အန္တရာယ်​ပြု​နိုင်​မည်​မဟုတ်​ချေ။ ထို့​ကြောင့် ဆင်းရဲ​ဝေဒနာ​ခံရ​သူကို ယေဟောဝါ အမြဲ​ကယ်နုတ်​ပေး​မည့်​တစ်နေ့​ကို မျှော်လင့်​စောင့်စား​ကာ ကိုယ်တော်​ကတိပြု​ထား​သည့် ကမ္ဘာသစ်​တွင် ထာဝရ​အသက်​ရ​ရန်​အ​လို့​ငှာ ကိုယ်တော့်​အပေါ် ကျွန်ုပ်​တို့​သမာဓိ​စောင့်ထိန်း​နိုင်​ကြ​ပါစေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 1 အမည်​ပြောင်း​ထား​သည်။

^ အပိုဒ်၊ 18 ဆေးဝါး​ဖြင့်​ကုသ​ဖို့​လို​သည့် စိတ်ကျ​ဝေဒနာသည် စိတ်ပျက်​အားလျော့ခြင်း​ထက် ပို​ပြင်းထန်​ကာ အဆက်မပြတ်​ဖြစ်ပေါ်​ခံစား​နေရ​သည့် ရောဂါ​လက္ခဏာ​တစ်မျိုး​ဖြစ်၏။ ထပ်ဆင့်​သိ​လို​ပါ​က ၁၉၈၉ ခုနှစ် အောက်တိုဘာ​လ ၁၅ ရက်ထုတ်၊ စာမျက်နှာ ၂၁-၄; ၁၉၈၉ ခုနှစ် နိုဝင်ဘာ​လ ၁၅ ရက်ထုတ်၊ စာမျက်နှာ ၂၁-၄ နှင့် ၁၉၉၆ ခုနှစ် စက်တင်ဘာ​လ ၁ ရက်ထုတ်၊ စာမျက်နှာ ၃၀-၁ ကင်းမျှော်စင်​တို့​တွင်​ရှု။

သင်​မှတ်မိ​သလော

• ဆင်းရဲ​ဝေဒနာသည် ယေဟောဝါ​၏​ကျေးကျွန်​များ​ကို​ပင် အဘယ်ကြောင့်​ထိခိုက်​သနည်း။

• မည်သည့်​အကြောင်းရင်း​အချို့​က ဘုရားသခင့်​လူမျိုး​အချို့​ကို စိတ်ပျက်​အားလျော့​စေနိုင်​သနည်း။

• ကျွန်ုပ်​တို့၏​စိုးရိမ်​ပူပန်မှု​များ​ကို အောင်မြင်​ကျော်လွှား​နိုင်​ရန် ယေဟောဝါ မည်သို့​ကူညီ​မစ​တော်​မူ​သနည်း။

• မည်သည့်​နည်းဖြင့် ဘုရားသခင်​၏ “တန်ခိုး​ကြီးသော​လက်တော်​အောက်​၌” ကျွန်ုပ်​တို့​ရှိနေကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​လူမျိုး​သည် စမ်းသပ်မှု​များ​ကြုံ​ရ​လင့်​ကစား ဝမ်းမြောက်​ရွှင်လန်း​ရန်​အကြောင်း​ရှိကြ

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

တယ်လီဖုန်း​ဖြင့်​သက်သေခံခြင်း​သည် ယေဟောဝါ​အား သင်၏​အကောင်းဆုံး​အရာ​ကို ပေး​နိုင်​သည့်​နည်း​တစ်နည်း​ဖြစ်