မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆာလံကျမ်းအပိုင်းသုံးနှင့်အပိုင်းလေးမှ ပေါ်လွင်ချက်များ

ဆာလံကျမ်းအပိုင်းသုံးနှင့်အပိုင်းလေးမှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏

ဆာလံကျမ်း​အပိုင်း​သုံး​နှင့်​အပိုင်း​လေး​မှ ပေါ်လွင်​ချက်​များ

ဘုရားသခင်​ထံ ဆုတောင်းချက်​တစ်ခု​တွင် ကိုယ်တော်​အား ဆာလံဆရာ ဤသို့​မေး​ထား​သည်– “ကရုဏာတော်​ကို  သင်္ချိုင်းတွင်း​၌​လည်းကောင်း၊ သစ္စာတော်​ကို ပျက်စီး​ရာ​အရပ်၌​လည်းကောင်း ကြား​ပြော​ရ​ကြ​ပါ​မည်​လော။” (ဆာလံ ၈၈:၁၁) အဖြေ​မှာ မဟုတ်ပါ။ ကျွန်ုပ်​တို့​တွင် အသက်မရှိ​လျှင် ယေဟောဝါ​အား မ​ချီးမွမ်း​နိုင်​ပေ။ ကျွန်ုပ်​တို့​အသက်ရှင်နေ​ရခြင်း​သည် ယေဟောဝါ​အား​ချီးမွမ်း​ရန်​ဖြစ်၍ ကိုယ်တော်​ကို​ချီးမွမ်း​ရန် အသက်ရှင်နေ​ရခြင်း​ဖြစ်သည်။

ဆာလံ ၇၃ မှ ၁၀၆ အထိ​ပါ​သော အပိုင်း​သုံး​နှင့်​အပိုင်း​လေး​သည် ဖန်ဆင်း​ရှင်​အား ချီးမွမ်း​ရန်​နှင့် ကိုယ်တော့်​နာမတော်​ကို ဂုဏ်တင်​ရန် အကြောင်း​များစွာ​တင်ပြ​သည်။ ထို​ဆာလံကျမ်း​များ​ကို သုံးသပ်ခြင်းက ‘ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်’ ကို ကျေးဇူး​တင်​စိတ်​ပို​၍​ရှိစေ​သင့်​ပြီး ကိုယ်တော်​အား များများ​ချီးမွမ်း​စေသည့်​ပြင် ချီးမွမ်း​စကား​၏​အရည်အသွေးကို​လည်း တိုးတက်စေ​သင့်​သည်။ (ဟေဗြဲ ၄:၁၂) ထို့​ကြောင့် ဆာလံ​အပိုင်း​သုံး​ကို ဦးစွာ စိတ်ဝင်တစား သုံးသပ်ကြည့်​ကြပါစို့။

“အကျွန်ုပ်​မူ​ကား ဘုရားသခင့်​ထံ​တော်​သို့​ချဉ်းကပ်​၍ အကျိုးရှိ​ပါ​၏”

(ဆာလံ ၇၃:၁–၈၉:၅၂)

ဆာလံ​အပိုင်း​သုံး​မှ ပထမ ၁၁ ပုဒ်​ကို အာသ သို့​မဟုတ် အာသ​အနွယ်​ဝင်​များ စပ်ဆို​ခဲ့​ခြင်း​ဖြစ်သည်။ လွဲချော်​သော​အတွေးအခေါ်​ကြောင့် အာသ လမ်းလွဲ​မသွား​စေရန် အဘယ်အရာက ကာကွယ်​ပေး​ခဲ့​ကြောင်း အဖွင့်​သီချင်း​တွင် ဖော်ပြ​ထား​သည်။ နောက်ဆုံး​တွင် သူသည် ဆုံးဖြတ်ချက်​အမှန်​ကို ချ​နိုင်​ခဲ့​သည်။ သို့​ဖြစ်၍ “အကျွန်ုပ်​မူ​ကား ဘုရားသခင့်​ထံ​တော်​သို့​ချဉ်းကပ်​၍ အကျိုးရှိ​ပါ​၏” ဟု သူ​စပ်ဆို​နိုင်​လေ​သည်။ (ဆာလံ ၇၃:၂၈) ဆာလံ ၇၄ သည် ယေရုရှလင်​မြို့​ပျက်စီးခြင်း​နှင့်​ဆိုင်​သည့် မြည်တမ်းစကား​ဖြစ်သည်။ ဆာလံ ၇၅၊ ၇၆ နှင့် ၇၇ တို့​တွင် ယေဟောဝါ​အား ဖြောင့်မတ်​သော​တရားသူကြီး၊ နှိမ့်ချသော​သူတို့၏ ကယ်တင်ရှင်​နှင့် ဆုတောင်းသံ​ကို နားညောင်း​တော်​မူ​ရှင်​အဖြစ် ပုံဖော်​ထား​သည်။ ဆာလံ ၇၈ တွင် မောရှေ​ခေတ်​မှ ဒါဝိဒ်​ခေတ်​တိုင် ဣသရေလလူ​တို့၏​သမိုင်းကြောင်း​ကို ပြန်​သုံးသပ်​ထားပြီး ဆာလံ ၇၉ တွင် ဝတ်ပြုရာ​အိမ်တော်​ပျက်စီးခြင်း​အကြောင်း မြည်တမ်း​ထား​သည်။ ထို့နောက် ဆာလံ ၈၀ သည် ဘုရားသခင့်​လူမျိုးတော်​၏ ပြည်တော်ပြန်​ခြင်း​နှင့်​ဆိုင်​သည့် ဆုတောင်းချက်​ဖြစ်သည်။ ဆာလံ ၈၁ က ယေဟောဝါ​အား​နာခံ​ရန် နှိုးဆော်ချက်​ဖြစ်​ပြီး ဆာလံ ၈၂ နှင့် ၈၃ သည် အကျင့်ပျက်​သော​တရားသူကြီး​များနှင့် ဘုရားသခင့်​ရန်သူများ​ကို တရား​စီရင်​ပေး​ပါ​ရန် ဆုတောင်းချက်​များ​ဖြစ်သည်။

ကောရ​သားများ​စပ်ဆို​ခဲ့​သော တေးသီချင်း​တစ်ပုဒ်​တွင် ‘ထာဝရ​ဘုရားသခင်​၏​တံတိုင်း​တော်​တို့ကို အကျွန်ုပ်၏​ဝိညာဉ်​သည်​တ​သ၍ အားလျော့​လျက်​ရှိပါ၏’ ဟု​ဆို​သည်။ (ဆာလံ ၈၄:၂) ဆာလံ ၈၅ သည် သုံ့ပန်း​ဘဝ​မှ​ပြန်လာ​သူများကို ဘုရားသခင်​ကောင်းချီး​ပေး​ပါ​ရန် တောင်းလျှောက်​ခြင်း​ဖြစ်သည်။ ထို​ဆာလံ​သီချင်း​က ဝိညာဉ်​ရေး​ကောင်းချီး​များသည် ကာယရေး​ကောင်းချီး​များ​ထက် လွန်​စွာ​အဖိုးထိုက်​ကြောင်း အလေးအနက်​ဖော်ပြ​သည်။ ဆာလံ ၈၆ တွင် ဒါဝိဒ်​သည် မိမိကို ဘုရားသခင် ကာကွယ်​လမ်းညွှန်​ပေး​ပါ​ရန် တောင်းလျှောက်​သည်။ ဆာလံ ၈၇ သည် ဇိအုန်​မြို့​နှင့် ထို​တွင်​မွေးဖွား​ခဲ့​သူများ​အကြောင်း စပ်ဆို​ထားသော တေးသီချင်း​ဖြစ်​ပြီး ဆာလံ ၈၈ သည် ယေဟောဝါ​ထံ​ဆုတောင်းချက်​ဖြစ်သည်။ ရှောလမုန်​ခေတ်​မှ ပညာရှိ​လေးဦး​အနက်​တစ်ဦး​ဖြစ်ပုံရ​သော ဧ​သန် စပ်ဆို​ခဲ့​သည့် ဆာလံ ၈၉ က ဒါဝိဒ်​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​တွင် ပေါ်လွင်​သော ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​မှု​ကို အလေးပေး​ဖော်ပြ​သည်။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၇၃:၉—အဘယ်​နည်းဖြင့် လူဆိုး​တို့၏ “နှုတ်​သည် ကောင်းကင်​နှင့်​ဆန့်ကျင်ဘက်​ပြု​၍ လျှာ​သည်လည်း မြေကြီးကို​လှည့်လည်​တတ်” သနည်း။ လူဆိုး​တို့သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်​ရှိ မည်​သူ့ကို​မျှ အရေးမစိုက်​သဖြင့် ဘုရားသခင်​ကို ရှုတ်ချ​ပြစ်တင်​ရန် ဝန်မလေး​ကြ​ပေ။ လူ​အချင်းချင်း​ကိုလည်း သူတို့​လျှာ​ဖြင့် ပုတ်ခတ်​ပြောဆို​တတ်ကြ​သည်။

၇၄:၁၃၊ ၁၄—ယေဟောဝါ​သည် အဘယ်​အချိန်တွင် ‘မိကျောင်း​တို့၏​ဦးခေါင်း​ကို ချိုး​တော်​မူ​ပြီး လဝိသန်​၏​ဦးခေါင်း​ကို​နှိပ်စက်’ တော်​မူ​သနည်း။ “အဲဂုတ္တု​ရှင်ဘုရင်​ဖာရော​မင်း” ကို နိုင်း​မြစ်​အလယ်​၌​နေသော “မိကျောင်း​ကြီး” ဟု​ခေါ်ထား​သည်။ (ယေဇကျေလ ၂၉:၃) လဝိသန်​သည် ဖာရော​ဘုရင်​၏ စစ်သည်တော်​များ​ကို ပုံဆောင်​ပေမည်။ သူတို့၏​ဦးခေါင်း​ကို နှိပ်စက်ခြင်း​က ဣသရေလလူ​များ​အား အီဂျစ်​အချုပ်အနှောင်​မှ ယေဟောဝါ လွတ်မြောက်​စေသော​အခါ ဖာရော​နှင့်​သူ၏​စစ်တပ် အပြတ်အသတ်​ရှုံးနိမ့်​ခဲ့​ခြင်း​ကို ဆိုလို​ပုံ​ရသည်။

၇၅:၄၊ ၅၊ ၁၀—“ဦးချို” ဟူသော​အသုံးအနှုန်း​က အဘယ်အရာကို ပုံ​တင်ပြ​သနည်း။ တိရစ္ဆာန်​တစ်ကောင်​၏​ဦးချို​သည် အသုံးဝင်​သော​လက်နက်​တစ်ခု​ဖြစ်သည်။ ထို့​ကြောင့် “ဦးချို” ဟူသော​အသုံးအနှုန်း​က တန်ခိုး သို့​မဟုတ် အစွမ်း​ခွန်အား​ကို ပုံဆောင်​သည်။ ယေဟောဝါ​သည် မိမိလူ​မျိုး​တော်​၏​ဦးချို​များ​ကို ချီးမြှောက်​ပြီး ‘မတရားသော​သူတို့၏ ဦးချို​အပေါင်း​ကို​ကား ချိုး​တော်​မူ​မည်။’ မာန​ထောင်လွှား​သော​သဘောထား တင်ပြခြင်း​ဖြင့် ကျွန်ုပ်​တို့၏ “ဦးချို​ကို​မ​ချီးမြှောက်​ကြ” ရန် သတိပေး​ထား​သည်။ ယေဟောဝါ​သာ ချီးမြှောက်​ခွင့်​ရှိသောကြောင့် အသင်းတော်​တာဝန်​များ​ကို ကိုယ်တော်​ခန့်အပ်​သည်​ဟု ယူမှတ်​ရမည်။—ဆာလံ ၇၅:၇

၇၆:၁၀—“လူတို့၏​ဒေါသ​သည်” ယေဟောဝါ​အား မည်သို့​ချီးမွမ်း​နိုင်​သနည်း။ ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​ကျေးကျွန်​များ​ဖြစ်သော​ကြောင့် ကျွန်ုပ်​တို့ကို လူ​တို့​ဒေါသ​ထွက်​ခြင်း​သည် အကျိုးရှိ​နိုင်​သည်။ ကျွန်ုပ်​တို့ ကြုံတွေ့​ရမည့် အခက်အခဲ​သည် ကျွန်ုပ်​တို့အတွက် ပဲ့ပြင်​မှု​ဖြစ်​နိုင်​သည်။ ကျွန်ုပ်​တို့ကို ဘုရားသခင်​လေ့ကျင့်မှု​ပေး​ဖို့​အတွက်​လောက်​သာ ဆင်းရဲခံ​စေပါ​သည်။ (၁ ပေတရု ၅:၁၀) ‘ကြွင်း​သော​ဒေါသကို​လည်း ကိုယ်တော် ခါးပန်းစည်း​တော်​မူ​မည်။’ သေ​သည်​အထိ ဆင်းရဲခံ​ရမည်​ဆိုလျှင်​ကော။ ယင်းက​လည်း ယေဟောဝါ​အား ချီးမွမ်းစရာ​ဖြစ်စေ​နိုင်​သည်။ အကြောင်း​မှာ ကျွန်ုပ်​တို့၏ တည်ကြည်မှု​ကို တွေ့မြင်​သူတို့က ဘုရားသခင်​အား ဂုဏ်တင်​လာနိုင်​သောကြောင့်​ဖြစ်သည်။

၇၈:၂၃-၂၅—မန္န​မုန့်ကို “ကောင်းကင်​ဆန်​စပါး” နှင့် “ကြီးမြတ်သော​သူတို့၏​အစာ” ဟု အဘယ်ကြောင့် ခေါ်ထား​သနည်း။ မန္နမုန့်​သည် ကောင်းကင်တမန်​တို့၏​အစာ​ဖြစ်သည်ဟု ထို​အသုံးအနှုန်း​များ​က မဆိုလို​ပါ။ ယင်းသည် ကောင်းကင်​မှ​ကျ​လာသော​ကြောင့် “ကောင်းကင်​မုန့်” ဖြစ်သည်။ (ဆာလံ ၁၀၅:၄၀) ကောင်းကင်တမန်​များ သို့​မဟုတ် “ကြီးမြတ်သော​သူတို့” သည် ကောင်းကင်​တွင်​နေထိုင်ကြ​သောကြောင့် “ကြီးမြတ်သော​သူတို့၏​အစာ” ဟူသော​စကားစု​သည် ကောင်းကင်​တွင်​ကျိန်းဝပ်​တော်​မူ​သော ဘုရားသခင် ပြင်ဆင်​ပေး​သော​အစာ​ဟု​သာ ဆိုလို​နိုင်​သည်။ (ဆာလံ ၁၁:၄) ထို့​ပြင် ဣသရေလ​လူမျိုး​အတွက် မန္နမုန့်​ချ​ပေး​ရာ​တွင် ကောင်းကင်တမန်​များ​ကို ယေဟောဝါ အသုံးပြု​ခဲ့​ပေမည်။

၈၂:၁၊ —မည်သူ​တို့ကို “ဘုရား” များနှင့် “အမြင့်ဆုံး​သော​ဘုရား​၏​သား” များ​ဟု​ခေါ်ထား​သနည်း။ ဣသရေလ​ပြည်​ရှိ တရားသူကြီး​များ​ကို ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ သူတို့သည် ဘုရားသခင်​၏​ပြောရေးဆိုခွင့်​ရှိ​သူများ၊ ကိုယ်စားလှယ်​များ​ဖြစ်​ကြသော​ကြောင့် သူတို့ကို ထိုသို့​ခေါ်ဆို​ခြင်း​က သင့်လျော်​ပေ​သည်။—ယောဟန် ၁၀:၃၃-၃၆

၈၃:၂—“ထကြ​ပါ​၏” ဟူသော​စကား​က အဘယ်အရာကို ဖော်ပြ​သနည်း။ ထို​အမူအရာ​သည် များသောအားဖြင့် ဆန့်ကျင်​တိုက်ခိုက်​ဖိနှိပ်​ရန် အာဏာ​သုံးဖို့ သို့​မဟုတ် အရေးယူ​ဆောင်ရွက်ဖို့ အသင့်ရှိခြင်း​ကို ဖော်ပြ​သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၇၃:၂-၅၊ ၁၈-၂၀၊ ၂၅၊ ၂၈လူဆိုး​တို့၏​ကြွယ်ဝ​ချမ်းသာမှု​ကို ကျွန်ုပ်​တို့​မနာလို​မဖြစ်​သင့်​ချေ။ သူတို့၏ ဘာသာ​တရား​မဲ့​လမ်းစဉ်​ကိုလည်း မလိုက်​သင့်​ချေ။ သူတို့သည် ချော​သော​မြေပေါ် ရပ်နေ​ကြ​ရာ အမှန်ပင် “ဖျက်ဆီး​ရာ​အရပ်သို့​ချ” ခံ​ကြ​ရ​လိမ့်​မည်။ ထို့​ပြင် မစုံလင်သူ​များ​အုပ်ချုပ်​နေသရွေ့ ဆိုးသွမ်းမှု​ပပျောက်​နိုင်​မည်​မဟုတ်​သဖြင့် ယင်းကို ဖယ်ရှား​ရန် ကြိုးစား​ခြင်း​က အချည်းနှီး​ပင်​ဖြစ်သည်။ ထို့​ကြောင့် အာသ​ကဲ့သို့ ကျွန်ုပ်​တို့သည် “ဘုရားသခင့်​ထံ​တော်​သို့​ချဉ်းကပ်​၍” ကိုယ်တော်​နှင့်​ရင်းနှီးသော ဆက်ဆံ​ရေး​ရှိ​ခြင်း​ဖြင့် ဆိုးသွမ်းမှု​ကို ပညာရှိရှိ ရင်ဆိုင်​ဖြေရှင်း​နိုင်​ကြ​မည်။

၇၃:၃၊ ၆၊ ၈၊ ၂၇ဝါကြွားခြင်း၊ မာနကြီး​ခြင်း၊ ပြက်ရယ်ပြုခြင်း​နှင့် လိမ်လည်​ခြင်း​တို့ကို သတိ​နှင့်​ရှောင်သင့်​သည်။ ထို​အကျင့်​များ​ရှိ​ခြင်း​သည် အကျိုး​ရှိသည်​ဟု ထင်​ရသည့်တိုင် ယင်း​တို့ကို​ရှောင်သင့်​သည်။

၇၃:၁၅-၁၇ကိုယ်​ကိုယ်တိုင် မရှင်းမလင်း​ဖြစ်နေ​သော​အရာ​ကို အခြားသူများ​အား ထုတ်​မပြော​ဆို​သင့်​ပါ။ ယင်းကို​ပြောဆိုခြင်း​က အခြားသူများ​အား စိတ်ဓာတ်ကျ​စ​ရာ​သာ​ဖြစ်စေ​နိုင်​သည်။ ကိုယ့်​ကိစ္စ​ကိုယ် အေးအေးဆေးဆေး တွေးတော​ဆင်ခြင်​ပြီး​နောက် ယုံကြည်သူချင်း​များနှင့် ပေါင်းဖော်ခြင်း​ဖြင့် ဆုံးဖြတ်ချက်​ချ​သင့်​သည်။—သု. ၁၈:၁သမ္မာ

၇၃:၂၁-၂၄လူဆိုး​တို့ ကောင်းစား​နေ​ပုံ​ရခြင်း​ကြောင့် ‘စိတ်နာ’ ခြင်း​သည် အသိဉာဏ်​မရှိသော တိရစ္ဆာန်​များ​ကဲ့သို့ တုံ့ပြန်​ခြင်း​နှင့်​တူ​သည်။ ထိုသို့​တုံ့ပြန်​ခြင်း​သည် စိတ်​လိုက်​မာန်​ပါ ပြုမူခြင်း​ဖြစ်​ပြီး ခံစားချက်​ကို​သာ အဓိက​ထားခြင်း​ဖြစ်သည်။ ထိုသို့ပြု​မည့်​အစား ယေဟောဝါ​သည် ‘ကျွန်ုပ်​တို့၏​လက်ယာလက်​ကို ကိုင်ဆွဲ​ထား​တော်​မူ’ ပြီး ထောက်မ​လိမ့်​မည်​ဖြစ်​ကြောင်း အပြည့်အဝ​ယုံကြည်​စိတ်ချ​လျက် ကိုယ်တော်​လမ်းပြ​ညွှန်ကြား​သည့်​အတိုင်း လိုက်လျှောက်သင့်​သည်။ ထို့​ပြင် ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို မိမိ​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိစေ​ခြင်း​ဖြင့် “ဘုန်း​အသရေ​၌ သိမ်းယူ​တော်​မူ​မည်။”

၇၇:၆ဝိညာဉ်​ရေးရာ​အမှန်တရား​များ​ကို မက်မော​စွာ ဆည်းပူး​လေ့လာ တွေးတော​ဆင်ခြင်​ရန် အချိန်ပေး​ဖို့​လို​သည်။ ကျွန်ုပ်​တို့၏​အသက်တာတွင် ကိုယ်ပိုင်​အချိန်​ရှိဖို့ အရေးကြီး​လိုက်​လေ​ခြင်း!

၇၉:၉ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ၊ အထူးသဖြင့် ကိုယ်တော်​၏​နာမတော် သန့်ရှင်း​မြင့်မြတ်​စေ​ရေး​နှင့်​ပတ်သက်သော ဆုတောင်းချက်​များ​ကို နားညောင်း​တော်​မူ​သည်။

၈၁:၁၃၊ ၁၆ယေဟောဝါ​၏​စကား​ကို နားထောင်ပြီး ကိုယ်တော့်​လမ်းစဉ်​အတိုင်း လိုက်လျှောက်ခြင်းက ကြွယ်ဝသော​ကောင်းချီး​များ​ရရှိစေ​သည်။—သု. ၁၀:၂၂

၈၂:၂၊ မတရားမှုများ​ကြောင့် ‘မြေကြီး​တိုက်မြစ်​အပေါင်း​တို့​ပင် လှုပ်ရှား’ နိုင်​သည်။ မတရားမှုများ​သည် လူ့​အဖွဲ့အစည်း​၏​တည်ငြိမ်မှု​ကို ယောက်​ယက်​ခတ်​စေ​သည်။

၈၄:၁-၄၊ ၁၀-၁၂ဆာလံဆရာ​များသည် ယေဟောဝါ​အား ဝတ်ပြု​သည့်​နေရာကို ရိုသေ​လေးမြတ်​ပြီး အမှုတော်ထမ်း​ခွင့်​ရရှိ​ထား​၍ ရောင့်ရဲ​ကျေနပ်​နေကြ​သည်။ ယင်းက ကျွန်ုပ်​တို့အတွက် ပုံသက်သေ​ကောင်း​ဖြစ်သည်။

၈၆:၅ယေဟောဝါ​သည် သည်းခံခွင့်​လွှတ်​ရန်​အသင့်ရှိ​သောကြောင့် ကျွန်ုပ်​တို့ အမှန်တကယ် ကျေးဇူး​တင်​နိုင်​ကြသည်။ ကိုယ်တော်​သည် နောင်တ​ယူ​သော​အပြစ်​ပြုသူ​တစ်ဦး​ကို ကရုဏာ​ပြ​နိုင်​ရန် အကြောင်း​တစ်ခုခု​ရှိမရှိ အမြဲ​ရှာဖွေ​နေ​တော်​မူ​၏။

၈၇:၅၊ ၆မြေကြီး​ပရဒိသု​တွင် ထာဝရ​အသက်​ရမည့်​သူများ​သည် ကောင်းကင်​သို့ ရှင်ပြန်ထမြောက်​သွား​သူများ​၏ နာမည်​များ​ကို တစ်နေ့​နေ့​သိနိုင်​ကြ​မည်​လော။ ထို​အခန်းငယ်​များ​အရ ဖြစ်​နိုင်​ခြေ​ရှိ​ပုံ​ရသည်။

၈၈:၁၃၊ ၁၄ပြဿနာ​တစ်ခုခု​နှင့်​ပတ်သက်​သည့် ကျွန်ုပ်​တို့၏ ဆုတောင်းချက်​များ​ကို ယေဟောဝါ အတန်ကြာ အဖြေ​မပေး​ခြင်း​သည် ကိုယ်တော်​အပေါ် ကျွန်ုပ်​တို့၏​မှီခို​အားထား​မှု စစ်မှန်​မမှန် ဖော်ပြ​စေလို၍​ဖြစ်​နိုင်​သည်။

“ကျေးဇူးတော်​ကို​ချီးမွမ်း​၍ နာမတော်​ကို​ကောင်းချီး​ပေး​ကြလော့”

(ဆာလံ ၉၀:၁–၁၀၆:၄၈)

ယေဟောဝါ​အား ချီးမွမ်း​ရသည့် အကြောင်းရင်း​များစွာကို ဖော်ပြ​ထား​သည့် ဆာလံ​အပိုင်း​လေး​ကို သုံးသပ်ကြည့်​ပါ။ ဆာလံ ၉၀ တွင် မောရှေ​သည် “ထာဝရ​ဘုရင်” တည်ရှိခြင်း​ကို လူ့​သက်တမ်း​တိုတောင်းမှု​နှင့် နှိုင်းယှဉ်​ထား​သည်။ (၁ တိမောသေ ၁:၁၇က​ဘ) ဆာလံ ၉၁:၂ အရ မောရှေ​က ယေဟောဝါ​သည် ‘သူ၏​ခိုလှုံရာ၊ သူ၏​ရဲတိုက်၊’ လုံခြုံမှု​၏​ရင်းမြစ်​ဖြစ်သည်ဟု ဆို​သည်။ ဆက်​ဖတ်​ရသော​ဆာလံကျမ်း​အချို့​သည် ဘုရားသခင်​၏ မြတ်နိုးဖွယ်​အရည်အသွေးများ၊ မြင့်မြတ်​သော​အကြံအစည်​တော်​များနှင့် အလွန်​ကောင်းမွန်သော​လုပ်ရပ်များ​အကြောင်း ဖော်ပြ​၏။ ဆာလံ​သီချင်း​သုံး​ပုဒ်​က ‘ယေဟောဝါ​သည် စိုးစံ​တော်​မူ​၏’ ဟူ၍​အစပြု​ထား​သည်။ (ဆာလံ ၉၃:၁; ၉၇:၁; ၉၉:၁) ယေဟောဝါ​အား ဖန်ဆင်း​ရှင်​အဖြစ်​ဖော်ကျူး​ကာ ဆာလံဆရာ​သည် ကျွန်ုပ်​တို့ကို “ကျေးဇူးတော်​ကို​ချီးမွမ်း​၍ နာမတော်​ကို ကောင်းချီး​ပေး​ကြ” ရန် ဖိတ်ခေါ်​သည်။—ဆာလံ ၁၀၀:၄

ယေဟောဝါ​အား​ကြောက်ရွံ့​သော အုပ်စိုးရှင်​တစ်ဦး​သည် ကိစ္စရပ်​များ​ကို မည်သို့​ကိုင်တွယ်​သင့်​သနည်း။ ဘုရင်​ဒါဝိဒ်​စပ်ဆို​သော ဆာလံ ၁၀၁ တွင် အဖြေပေး​ထား​သည်။ နောက်​ဆာလံ​တစ်ပုဒ်​က ယေဟောဝါ​သည် ‘ကိုးကွယ်​ရာ​မဲ့​သော​သူတို့ ဆုတောင်းခြင်း​အကြောင်းကို မထီမဲ့မြင်​မပြု၊ သူတို့၏​ဆုတောင်းချက်​ကို မှတ်တော်မူ​လိမ့်​မည်’ ဟု​ဖော်ပြ​သည်။ (ဆာလံ ၁၀၂:၁၇) ဆာလံ ၁၀၃ က  ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​မှု​နှင့် ကရုဏာ​ကို အာရုံစိုက်​စေ​သည်။ မြေကြီးပေါ်​ရှိ ဘုရားသခင်​၏​လက်ရာတော်​များ​ကို​ရည်ညွှန်း​၍ ဆာလံဆရာ​က “ကိုယ်တော်​စီရင်​ပြုပြင်​တော်​မူ​သော​အရာ​တို့သည် အလွန်​များပြား​ပါ​၏။ ရှိရှိသမျှ​တို့ကို ပညာတော်​အားဖြင့် ဖန်ဆင်း​တော်​မူ​၏” ဟု​ကြွေးကြော်​ခဲ့​သည်။ (ဆာလံ ၁၀၄:၂၄) အပိုင်း​လေး​၏​နောက်ဆုံး​သီချင်း​နှစ်​ပုဒ်​တွင် ယေဟောဝါ​၏ အံ့သြဖွယ်​အမှု​များ​အတွက် ကိုယ်တော်​ကို ချီးမွမ်း​ထား​သည်။—ဆာလံ ၁၀၅:၂၊ ၅; ၁၀၆:၇၊ ၂၂

ကျမ်းစာ​မေးခွန်းများ အဖြေ–

၉၁:၁၊ ၂—‘အမြင့်ဆုံး​သော​ဘုရားသခင်​၏ ကွယ်ကာ​ရာ​ဌာနတော်’ ကား​အဘယ်နည်း။ ထို​တွင် ကျွန်ုပ်​တို့ မည်သို့ “နေ” ထိုင်​နိုင်​မည်​နည်း။ ယင်းသည် ဝိညာဉ်​ရေး​ဘက် အန္တရာယ်ကင်း​ဝေး​စေသည့် လုံခြုံ​သော ပုံဆောင်​အရပ်​ဖြစ်သည်။ ဘုရားသခင်​ကို အားမကိုး​သူတို့သည် ထို​နေရာကို​မသိကြ​သောကြောင့် ယင်းသည် ကွယ်ကာ​ရာ​ဌာန​ဖြစ်သည်။ ယေဟောဝါ​အား ကျွန်ုပ်​တို့၏ ခိုလှုံရာ​ရဲတိုက်​အဖြစ် ယူမှတ်​ကာ စကြဝဠာ​ပိုင်သ​အုပ်စိုးရှင်​အဖြစ် ချီးမွမ်း​ထောမနာပြု​ခြင်း​သာမက ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောခြင်း​အားဖြင့် ထို​တွင် နေထိုင်​နိုင်​ကြသည်။ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ကူညီ​ရန်​အမြဲ​အသင့်​ရှိကြောင်း သိထားကြ​သဖြင့် ဝိညာဉ်​ရေး​အရ လုံခြုံ​နေကြ​သည်။—ဆာလံ ၉၀:၁

၉၂:၁၂—ဖြောင့်မတ်​သော​သူသည် “စွန်ပလွံ​ပင်​ကဲ့သို့” မည်သို့ “ပွင့်လန်း” သနည်း။ စွန်ပလွံ​ပင်​သည် တစ်နှစ်​လုံး​သီးပွင့်​သည်။ ဖြောင့်မတ်​သော​သူသည် ယေဟောဝါ​ရှေ့ ရိုးသား​ပြီး အကျင့်ကောင်း​များ​ပါဝင်​သည့် “ကောင်းသော​အသီး” သီးပွင့်​နေသော​ကြောင့် စွန်ပလွံ​ပင်​နှင့်​တူ​သည်။—မဿဲ ၇:၁၇-၂၀

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၉၀:၇၊ ၈၊ ၁၃၊ ၁၄ကျွန်ုပ်​တို့​အမှား​ပြုလုပ်​တိုင်း စစ်မှန်သော​ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး ပျက်ပြား​သွား​သည်။ ကျွန်ုပ်​တို့၏​အပြစ်​များ​ကို ကိုယ်တော်​မမြင်​ရလေ​အောင် လျှို့ဝှက်​မထား​နိုင်​ပါ။ သို့သော် ကျွန်ုပ်​တို့​စစ်မှန်သော​နောင်တ​ရပြီး မှား​သော​လမ်းစဉ်​ကို စွန့်လွှတ်​မည်​ဆိုလျှင် ယေဟောဝါ​၏ မျက်နှာသာ​ပြန်​ရပြီး “ကျွန်ုပ်​တို့ကို ကရုဏာတော်​နှင့် . . . ရောင့်ရဲ​စေတော်မူ” ၏။

၉၀:၁၀၊ ၁၂လူ့​အသက် တိုတောင်း​လှ​သောကြောင့် ကျွန်ုပ်​တို့၏ “နေ့ရက်​ကာလ​ကို ရေတွက်” သင့်​သည်။ အဘယ်​နည်းဖြင့်​နည်း။ “ပညာ​တရားကို​နှလုံး​သွင်း” ခြင်း သို့​မဟုတ် ဉာဏ်ပညာ​ကို​ကျင့်သုံး​ခြင်း​ဖြင့် ကျန်ရှိ​သော​နေ့ရက်​များ​ကို မ​ဖြုန်းတီး​ပစ်​ဘဲ ယေဟောဝါ​နှစ်သက်​သည့်​နည်း​အတိုင်း နေထိုင်ခြင်း​ဖြင့်​ဖြစ်သည်။ ထိုသို့​ပြုလုပ်​နိုင်​ရန် ဝိညာဉ်​ရေး​ကို​ဦးစား​ထားပြီး အချိန်ကို​ပညာရှိရှိ​အသုံးပြုရန် လိုအပ်​သည်။—ဧဖက် ၅:၁၅၊ ၁၆; ဖိလိပ္ပိ ၁:၁၀က​ဘ

၉၀:၁၇“အကျွန်ုပ်​တို့ပြုသော​အမှုတို့​ကိုလည်း အကျွန်ုပ်​တို့​အဖို့ မြဲမြံ​စေတော်မူ​ပါ” ရန်၊ အမှုတော်​ကြိုးစား​ထမ်း​ခြင်း​ကို ကောင်းချီး​ပေး​ပါ​ရန် ယေဟောဝါ​ထံ ဆုတောင်း​သင့်​သည်။

၉၂:၁၄၊ ၁၅သက်ကြီးရွယ်အို​များသည် သမ္မာကျမ်းစာ​ကို လုံ့လ​ဝီရိယ​ရှိ​ရှိ​လေ့လာ​ပြီး ယေဟောဝါ​၏​လူမျိုး​နှင့် မှန်မှန်​ပေါင်းသင်း​ခြင်း​ဖြင့် “ကြွယ်ဝ​စိမ်းလန်း” ၍ ဝိညာဉ်​ရေး​အားကောင်း​နေနိုင်​မည်​ဖြစ်​ကာ အသင်းတော်​အတွက် တန်ဖိုး​ရှိ​သူများ​ဖြစ်​နိုင်​ကြသည်။

၉၄:၁၉အဘယ်​အကြောင်းကြောင့်​ပင် ကျွန်ုပ်​တို့ “စိတ်​များပြား” နေပါ​လေ​စေ သမ္မာ​ကျမ်းစာ​ပါ စိတ် “သက်သာ” မှု​ပေး​သည့်​စကား​များ​ကို ဖတ်ရှု​ဆင်ခြင်ခြင်း​က နှစ်သိမ့်မှု​ရရှိစေ​သည်။

၉၅:၇၊ ၈ကျမ်းစာ​အကြံဉာဏ်​ကို ဂရုပြု​နားထောင်​၍ လိုလိုလားလား​လိုက်နာခြင်းက ခိုင်မာ​သော​စိတ်နှလုံး​ရှိစေ​မည်​မဟုတ်ပါ။—ဟေဗြဲ ၃:၇၊ ၈

၁၀၆:၃၆၊ ၃၇ထို​အခန်းငယ်​များ​က ရုပ်ပုံ​ကိုးကွယ်​ခြင်း​သည် နတ်ဆိုး​များ​ထံ ယဇ်​ပူဇော်​ခြင်း​နှင့် အတူတူ​ဖြစ်​ကြောင်း​ဖော်ပြ​သည်။ ထို့​ကြောင့် ရုပ်ပုံများ​ကို အသုံးပြု​ကိုးကွယ်​သူ​တစ်ဦး​သည် နတ်ဆိုး​ဩဇာ​အောက် ရောက်သွား​နိုင်​ကြောင်း ဖော်ပြ​သည်။ သမ္မာကျမ်းစာ​က ‘ရုပ်ပုံ​ကိုးကွယ်​ခြင်း​ကို ကြ​ဉ်​ရှောင်​ကြ’ ရန် တိုက်တွန်း​ထား​သည်။—၁ ယောဟန် ၅:၂၁

‘ထာဝရ​ဘုရားသခင်​အား ထောမနာပြု​ကြလော့’

ဆာလံ​အပိုင်း​လေး​၏ နောက်ဆုံး​သီချင်း​သုံး​ပုဒ်​သည် ‘ထာဝရ​ဘုရားသခင်​အား ထောမနာပြု​ကြလော့’ ဟူသော​တိုက်တွန်းချက်​နှင့် နိဂုံး​ချုပ်​သည့်​နည်းတူ ဆာလံ ၁၀၆ ကိုလည်း ယင်း​နှင့်​နိဒါန်း​ပျိုး​သည်။ (ဆာလံ ၁၀၄:၃၅ခ​မ; ၁၀၅:၄၄၊ ခ​မ; ၁၀၆:၁၊ ၄၈၊ ခ​မ) ‘ထာဝရ​ဘုရားသခင်​အား ထောမနာပြု​ကြလော့’ ဟူသော​အသုံးအနှုန်း​သည် ဆာလံ​အပိုင်း​လေး​တွင် မကြာခဏ​ပါရှိ​သည်။

ယေဟောဝါ​အား ကျွန်ုပ်​တို့​ချီးမွမ်း​ရန် အကြောင်း​များစွာ​ရှိပါ​သည်။ ဆာလံ ၇၃ မှ ၁၀၆ ကို​ဖတ်ရှု​လေ့လာခြင်း​က ကျွန်ုပ်​တို့ကို စဉ်းစား​တွေးတော​စ​ရာ များစွာ​ရှိစေပြီး ကောင်းကင်​ခမည်းတော်​အား ကျေးဇူး​တင်​စိတ် တိုးပွား​လာ​စေ​သည်။ ကျွန်ုပ်​တို့အတွက် ကိုယ်တော်​ပြု​လုပ်ပေးခဲ့​သမျှ​အားလုံး​နှင့် အနာဂတ်​တွင် ပြု​လုပ်ပေး​ဦး​မည့်​အရာများ​ကို စဉ်းစား​ဆင်ခြင်​ကြသောအခါ ကျွန်ုပ်​တို့၏​အစွမ်း​ရှိသမျှ​နှင့် ကိုယ်တော်​အား “ချီးမွမ်း” ကြ​ရန် လှုံ့ဆော်​ခံရ​သည် မဟုတ်ပေ​လော။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အာသ​နည်းတူ “ဘုရားသခင့်​ထံ​တော်​သို့​ချဉ်းကပ်” ခြင်း​ဖြင့် ဆိုးသွမ်းမှု​ကို ကျွန်ုပ်​တို့ရင်ဆိုင်​ဖြေရှင်း​နိုင်​ကြ

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ပင်လယ်နီ​တွင် ဖာရော စစ်ရှုံး​ခဲ့

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

မန္န​မုန့်ကို “ကြီးမြတ်သော​သူတို့၏​အစာ” ဟု အဘယ်ကြောင့်​ခေါ်ဆို​ကြောင်း သင်​သိ​သလော

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့ “စိတ်​များပြား” သောအခါ အဘယ်အရာက ယင်း​တို့ကို ပြေပျောက်​စေ​သနည်း