မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ညည်းညူ“မြည်တမ်းခြင်း” မပြုကြနှင့်

ညည်းညူ“မြည်တမ်းခြင်း” မပြုကြနှင့်

ညည်းညူ“မြည်တမ်း​ခြင်း” မပြု​ကြ​နှင့်

“သင်တို့သည် ပြု​လေ​သမျှ​တို့​၌ မြည်တမ်း​ခြင်း၊ ငြင်းခုံခြင်း​မရှိဘဲ​ပြု​ကြလော့။”—ဖိလိပ္ပိ ၂:၁၄

၁၊ ၂။ ဖိလိပ္ပိ​နှင့် ကောရိန္သု​မြို့ရှိ ခရစ်ယာန်​များ​ကို တမန်​တော်​ပေါလု မည်သို့​ဆုံးမ​ခဲ့​သနည်း။ အဘယ်ကြောင့်​နည်း။

တမန်​တော်​ပေါလု​သည် ဖိလိပ္ပိ​မြို့ရှိ ပထမ​ရာစု​ခရစ်ယာန်​အသင်းတော်​ထံ ရေးပို့​သော ဘုရားသခင့်​မှုတ်သွင်းခံစာ​တွင် သူတို့ကို များစွာ​ချီးမွမ်း​ခဲ့​သည်။ ထို​မြို့တွင်​ရှိသော ယုံကြည်မှု​တူ​သူ​ချင်း​များ​၏ ရက်ရောမှု​နှင့် စိတ်​ထက်သန်မှု​ကို အလွန်​ချီးမွမ်း​ပြီး သူတို့​ပြုသော​ကောင်းမှု​များ​ကြောင့် ဝမ်းသာ​ကြောင်း ပြော​ခဲ့​သည်။ သို့သော် “ပြု​လေ​သမျှ​တို့​၌ မြည်တမ်း​ခြင်း၊ ငြင်းခုံခြင်း​မရှိဘဲ​ပြု​ကြလော့” ဟု သူတို့ကို ပေါလု​သတိပေး​ခဲ့​၏။ (ဖိလိပ္ပိ ၂:၁၄) တမန်​တော်​သည် အဘယ်ကြောင့် ဤသို့​သတိပေး​ဆုံးမ​ခဲ့​သနည်း။

ညည်းညူ​မြည်တမ်း​ခြင်း​၏​အကျိုးဆက်ကို ပေါလု​ကြို​သိထား​သည်။ ညည်းညူ​ခြင်း​သည် အန္တရာယ်​ရှိကြောင်း အစောပိုင်း​နှစ်​အနည်းငယ်​က ကောရိန္သု​အသင်းတော်ကို သူ​သတိပေး​ခဲ့​ဖူး​သည်။ တောကန္တာရ​ထဲ​လှည့်လည်​စဉ် ဣသရေလ​လူမျိုး​သည် ယေဟောဝါ​၏​အမျက်တော်ကို ကြိမ်ဖန်​များစွာ​နှိုးဆွ​ခဲ့​ကြောင်း ပေါလု​ထောက်ပြ​သည်။ မည်သို့​အားဖြင့်​နည်း။ မကောင်းသော​အရာ​တို့ကို တပ်မက်​ခြင်း၊ အရုပ်​ကိုးကွယ်​ခြင်း​နှင့် မတရားမေထုန်​ပြုခြင်း၊ ယေဟောဝါ​အား စုံစမ်းခြင်း​နှင့် ညည်းညူမြည်တမ်း​ခြင်း​တို့​ဖြင့်​ဖြစ်သည်။ ထို​ပုံ​နမူနာ​များ​မှ သင်ခန်းစာယူ​ရန် ကောရိန္သု​မြို့သား​များ​ကို ပေါလု​စာရေး​၍ ဤသို့​တိုက်တွန်း​ခဲ့​သည်– “ထို​သူ​အချို့​တို့သည် မြည်တမ်း​ခြင်း​ကို​ပြု​၍ ဖျက်ဆီး​သော​သူ၏​လက်​ဖြင့် ပျက်စီး​သကဲ့သို့​မဟုတ်၊ မြည်တမ်း​ခြင်း​ကို​မပြု​ကြ​နှင့်။”—၁ ကောရိန္သု ၁၀:၆-၁၁

၃။ ညည်းညူ​ခြင်း​ကိစ္စ​သည် ယနေ့ အဘယ်ကြောင့် စိတ်ဝင်စားစရာ ဖြစ်သနည်း။

ကျွန်ုပ်​တို့သည် ယေဟောဝါ​၏ မျက်မှောက်ခေတ်​ကျေးကျွန်​များ​အနေ​နှင့် ဖိလိပ္ပိ​အသင်းတော်​သားများ​၏ စိတ်ထား​မျိုး တင်ပြ​ကြသည်။ ကျွန်ုပ်​တို့သည် စိတ်​ထက်သန်​စွာ ကောင်းမှု​ပြု​ကြ​ပြီး အချင်းချင်းချစ်​ကြသည်။ (ယောဟန် ၁၃:၃၄၊ ၃၅) သို့သော် ဘုရားသခင်​၏​လူမျိုး​သည် ညည်းညူ​မြည်တမ်း​ခဲ့​သောကြောင့် ဆိုးကျိုး​များ​ခံစားရ​သည်ကို ထောက်၍ “ပြု​လေ​သမျှ​တို့​၌ မြည်တမ်း​ခြင်း . . . မရှိဘဲ​ပြု​ကြလော့” ဟူသော ဆုံးမ​စကား​ကို ကျွန်ုပ်​တို့​လိုက်နာသင့်​သည်။ ကျမ်းစာ​တွင်​ပါ​သည့် ညည်းညူ​သူများ​အကြောင်း ဦးဆုံး သုံးသပ်ကြည့်​ကြ​စို့။ ထို့နောက် ညည်းညူ​ခြင်း​ကြောင့် ဆိုးကျိုး​များ​မခံစား​ရစေ​ရန် ကျွန်ုပ်​တို့​ပြုလုပ်​နိုင်ရာ​အချို့​ကို သုံးသပ်ကြည့်​ကြ​မည်။

ယေဟောဝါ​ကို အပြစ်​တင်၍ မြည်တမ်း​သော ပရိသတ်ဆိုး

၄။ ဣသရေလ​လူမျိုး​သည် တောကန္တာရ​တွင် မည်သို့​ညည်းညူ​မြည်တမ်း​ခဲ့​ကြ​သနည်း။

သမ္မာကျမ်းစာ​တွင် ‘ညည်းညူ​မြည်တမ်း​ခြင်း၊ မြည်​တွန်​တောက်​တီး​ခြင်း’ ဟု အဓိပ္ပာယ်​ရှိသော ဟေဗြဲ​စကားလုံး​ကို တောကန္တာရ​ထဲ ဣသရေလ​လူမျိုး အနှစ် ၄၀ လှည့်လည်​စဉ်​က ဖြစ်ရပ်​များနှင့် ဆက်စပ်​အသုံးပြု​ထား​သည်။ ဣသရေလ​လူမျိုး​သည် ရံဖန်ရံခါ အလိုမကျ​ဖြစ်​ပြီး ညည်းညူ​ကြ​၏။ သာဓက​အနေ​နှင့် အီဂျစ်​ပြည်​ကျွန်​ဘဝ​မှ လွတ်မြောက်​လာပြီး အပတ်​အနည်းငယ်​အကြာတွင် “ဣသရေလ​အမျိုးသား ပရိသတ်အပေါင်း​တို့​က . . . မောရှေ​နှင့်​အာရုန်​ကို အပြစ်​တင်၍ မြည်တမ်း . . . ကြ​၏။” ဣသရေလ​လူမျိုး​သည် အစားအစာ​နှင့်​ပတ်သက်​၍ မကျေမနပ်​ဖြစ်​ကြ​ပြီး ‘ငါ​တို့သည် အဲဂုတ္တု​ပြည်​၌ အ​မဲ​သား​ချက်​သော အိုး​ကင်း​နား​မှာ​ထိုင်၍ ဝ​စွာ​စား​ရသောအခါ ထာဝရ​ဘုရားသခင်​၏​လက်တော်​ဖြင့် သေ​လျှင်​သာ၍​ကောင်း​၏။ ယခု​မူ​ကား ဤ​စည်းဝေး​လျက်​ရှိသော​လူအပေါင်း​တို့ကို ငတ်မွတ်​ခြင်း​အားဖြင့် သတ်​လို​သော​ငှာ ဤ​တော​အရပ်သို့​ဆောင်​ခဲ့ပြီ​တကား’ ဟု​ဆို​ကြ​၏။—ထွက်မြောက်ရာ ၁၆:၁-၃

၅။ ဣသရေလ​လူမျိုး​သည် အမှန်​အားဖြင့် မည်​သူ့ကို ပြစ်တင်​ညည်းညူ​နေခြင်း ဖြစ်သနည်း။

အမှန်​မှာ ယေဟောဝါ​သည် ဣသရေလ​လူမျိုး တော​ထဲ​လှည့်လည်​စဉ် သူတို့​လိုအပ်​သည့်​အစာရေစာ​ကို မေတ္တာဖြင့် ဖြည့်ဆည်း​ပေး​ခဲ့​သည်။ ထို​လူမျိုး​သည် တော​ထဲ​တွင် ငတ်​ပြီး​သေ​မည့်​ဘေး တစ်ခါမျှ​မ​ဆိုက်​ခဲ့​ရ​ပါ။ သို့သော် သူတို့သည် မကျေနပ်၊ မရောင့်ရဲ​နိုင်​ကြ​သဖြင့် မိမိတို့​အဖြစ်ကို ပုံကြီးချဲ့​ပြီး ညည်းညူ​ကြ​ခြင်း​ဖြစ်သည်။ မောရှေ​နှင့် အာရုန်​ကို သူတို့ ပြစ်တင်​ပြောဆို​နေကြ​သည်​မှန်​သော်လည်း သူတို့​အမှန်တကယ် မကျေမချမ်း​ဖြစ်နေ​သည်​မှာ မိမိ​ကိုယ်တိုင်​ကို​ဖြစ်သည်ဟု ယေဟောဝါ​မြင်တော်မူ​၏။ မောရှေ​က ‘သင်တို့သည် အပြစ်တင်​လျက် မြည်တမ်း​ကြသော​အသံကို ထာဝရ​ဘုရားသခင် ကြား​တော်​မူ​ပြီ။ ငါ​တို့သည် အဘယ်​သို့​သော​သူ​ဖြစ်သနည်း။ သင်တို့သည် အပြစ်တင်​လျက် မြည်တမ်း​ကြသော​စကား​သည် ငါ​တို့ကို​မထိမခိုက်၊ ထာဝရ​ဘုရားသခင်​ကို ထိခိုက်​သည်’ ဟု ဣသရေလ​လူမျိုး​ကို ဆို​လေ​၏။—ထွက်မြောက်ရာ ၁၆:၄-၈

၆၊ ၇။ တောလည်ရာ ၁၄:၁-၃ ဖော်ပြချက်​အရ ဣသရေလ​လူမျိုး၏​စိတ်သဘောထား မည်သို့​ပြောင်းလဲ​သွားခဲ့​သနည်း။

ထိုသို့​ဖြစ်​ပြီး​မကြာမီ ဣသရေလ​လူမျိုး​သည် နောက်​တစ်ဖန် ညည်းညူ​မြည်တမ်း​ကြ​ပြန်​သည်။ ကတိထားရာပြည်​ကို ထောက်လှမ်း​ရန် အမျိုးသား ၁၂ ယောက်​ကို မောရှေ​စေလွှတ်ခဲ့​သည်။ ဆယ်ယောက်​မှာ မကောင်း​သတင်း သယ်ဆောင်​လာ​ကြသည်။ ရလဒ်​ကား အဘယ်နည်း။ ‘ဣသရေလ​အမျိုးသား​ပရိသတ်အပေါင်း​တို့သည် မောရှေ​နှင့်​အာရုန်​ကို အပြစ်တင်​သော​စကား​နှင့် မြည်တမ်း​လျက် ငါ​တို့သည် အဲဂုတ္တု​ပြည်​၌​မသေ​ပါ​လေ။ ဤ​တော​၌​မသေ​ပါ​လေ။ ငါ​တို့သည် ဓား​ဖြင့်​သေ​၍ သားမယား​တို့သည် ရန်သူ​လက်​သို့​ရောက်​စေခြင်း​ငှာ ထာဝရ​ဘုရားသခင်​သည် အဘယ်ကြောင့်​ငါ​တို့ကို ဤ​အရပ် [ခါ​နာ​န်​ပြည်] သို့​ဆောင်​ခဲ့​တော်​မူ​သနည်း။ အဲဂုတ္တု​ပြည်​သို့​ပြန်ကောင်း​သည်မဟုတ်​လော’ ဟု​ဆို​ကြ​၏။—တောလည်ရာ ၁၄:၁-၃

ဣသရေလလူ​တို့၏​စိတ်ထား ပြောင်းလဲ​သွား​လိုက်​လေ​ခြင်း။ အစပိုင်း​တွင် အီဂျစ်​ပြည်​မှ သူတို့​လွတ်မြောက်​လာပြီး ပင်လယ်နီ​တွင် ကယ်နုတ်​ခံရ​သည့်​အတွက် ကျေးဇူး​တင်​စွာ​ဖြင့် ယေဟောဝါ​အား ချီးမွမ်း​သီချင်းဆို​ခဲ့​ကြသည်။ (ထွက်မြောက်ရာ ၁၅:၁-၂၁) သို့သော် တော​ထဲ​တွင် အဆင်မပြေမှု​များ​ကြုံ​ရပြီး ခါ​နာ​န်​လူမျိုး​ကို ကြောက်ရွံ့​လာ​သည့်​အခါ ကျေးဇူး​တင်​စိတ်​ပျောက်​ပြီး မကျေမနပ်​ဖြစ်လာ​ကြသည်။ လွတ်လပ်မှု​ရသည့်​အတွက် ဘုရားသခင်​အား ကျေးဇူး​တင်​မည့်​အစား မိမိတို့​ချို့ငဲ့​ရသည်​ဟု အမြင်မှား​ပြီး ကိုယ်တော်​အား ပြစ်တင်​ကြသည်။ ထို့​ကြောင့် ညည်းညူ​ခြင်း​သည် ယေဟောဝါ​၏​ပြင်ဆင်​ပေး​ချက်​များ​ကို ကျေးဇူး​တင်​လေးမြတ်စိတ်​မရှိကြောင်း ထင်ရှားစေ​သည်။ ထို့​ကြောင့် ကိုယ်တော်​က “ငါ့ကို​အပြစ်​တင်၍​မြည်တမ်း​သော ဤ​ပရိသတ်ဆိုး​တို့ကို အဘယ်မျှ​ကာလပတ်လုံး ငါသည် သည်းခံ​ရ​အံ့​နည်း” ဟု​မိန့်ဆိုခဲ့​ခြင်း​သည် အံ့အားသင့်​စ​ရာ​မဟုတ်ပေ။—တောလည်ရာ ၁၄:၂၇; ၂၁:၅

ပထမ​ရာစု​တွင် ညည်းညူ​မြည်တမ်း​ခြင်း

၈၊ ၉။ ခရစ်ယာန်​ဂရိ​ကျမ်း​စာစောင်​များ​တွင် မှတ်တမ်း​တင်ထားသော ညည်းညူ​မှု​အကြောင်း ဖော်ပြ​ပါ။

အထက်ပါ​နမူနာ​များ​မှာ မိမိတို့၏​မကျေနပ်မှု​ကို အုပ်စု​လိုက် ထုတ်ဖော်​ပြောဆိုခြင်း​ဖြစ်သည်။ ယေရှု​ခရစ်​သည် အေဒီ ၃၂ ခုနှစ်​တွင် တဲ​တော်​ပွဲ​တက်ရောက်​ဖို့ ယေရုရှလင်​မြို့၌​ရှိနေစဉ် လူ​အစုအဝေး​တို့သည် ကိုယ်တော့်​အကြောင်း တီးတိုး​ပြောဆို​နေကြ၏။ (ယောဟန် ၇:၁၂၊ ၁၃၊ ၃၂) အချို့​က ကိုယ်တော်​သည် သူတော်ကောင်း​ဖြစ်သည်၊ အချို့​က​မူ သူတော်ကောင်း​မဟုတ်​ဟူ၍ တီးတိုး​ပြောဆို​လျက်​နေကြ၏။

နောက်​တစ်ကြိမ်​တွင် ယေရှု​နှင့် တပည့်​များသည် အခွန်ခံ​မဿဲ​လေဝိ​အိမ်​တွင် ဧည့်သည်​များ​အဖြစ် ရောက်ရှိ​နေကြ၏။ “ကျမ်း​ပြု​ဆရာ​နှင့် ဖာရိရှဲ​တို့​က သင်တို့သည် အခွန်ခံ​သော​သူ၊ ဆိုးသော​သူတို့နှင့်​အတူ အဘယ်ကြောင့်​စားသောက်​ကြ​သနည်း​ဟု တပည့်တော်​တို့ကို ကဲ့ရဲ့​အပြစ်တင်​ကြ​၏။” (လုကာ ၅:၂၇-၃၀) နောက်ပိုင်း​လည်း ဂါလိလဲ​နယ်တွင် ကိုယ်တော်​က “ငါသည် ကောင်းကင်ဘုံ​မှ​ဆင်းသက်​သော​မုန့်​ဖြစ်၏” ဟု မိန့်တော်မူသည်​ကို ယုဒ​လူ​တို့ ညည်းညူ​ကြ​၏။ ယေရှု၏​နောက်လိုက်​အချို့​ပင် ကိုယ်တော့်​စကား​ကို မကျေမနပ်​ဖြစ်​ပြီး ညည်းညူ​လာ​ကြသည်။—ယောဟန် ၆:၄၁၊ ၆၀၊ ၆၁

၁၀၊ ၁၁။ ဂရိ​စကားပြော​သော​ဂျူး​များသည် အဘယ်ကြောင့် ညည်းညူ​ခဲ့​ကြ​သနည်း။ ထို​တိုင်တန်း​ချက်​ကို ကိုင်တွယ်​ဖြေရှင်းပုံ​မှ ခရစ်ယာန်​အကြီးအကဲ​များ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

၁၀ အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲ​အပြီး မကြာမီတွင် ဖြစ်ပေါ်​ခဲ့​သော ညည်းညူ​မြည်တမ်း​မှု​တစ်ရပ်​မူ အကျိုး​ဖြစ်ထွန်း​ခဲ့​သည်။ ထို​အချိန်တွင် ဣသရေလ​နိုင်ငံ​ပြင်ပ​မှ​လာ​ကြသော ဘာသာဝင်​လူသစ်များ​ကို ယုဒ​နယ်​ရှိ ယုံကြည်မှု​တူ​သူ​ချင်း​များ​က ဧည့်ဝတ်ပြု​နေကြ​သည်။ သို့သော် ထိုသို့​ဝေမျှ​စားသုံးခြင်း​နှင့်​ပတ်သက်​၍ ပြဿနာ​ပေါ်​ခဲ့​ကြောင်း မှတ်တမ်းက ဤသို့​ဆို​၏– “နေ့ရက်​အစဉ်​အတိုင်း လုပ်ကျွေး​သောအခါ ဟေ​လေ​နစ်​အမျိုး​မုဆိုးမ​တို့ကို မ​လုပ်​မ​ကျွေး​ဟု ထို​အမျိုးသား​တို့သည် မြည်တမ်း​၍ ဟေဗြဲ​လူ​တို့ကို အပြစ်တင်​ကြ​၏။”—တမန်​တော် ၆:၁

၁၁ ထိုသို့​ညည်းညူ​သူတို့သည် တော​ထဲ​လှည့်လည်​ခဲ့​သော ဣသရေလ​လူမျိုး​နှင့် မတူ​ပါ။ ဂရိ​စကားပြော​သော ထို​ဂျူး​များသည် ကိုယ်ကျိုး​ကြည့်​ပြီး မကျေမနပ်​ဖြစ်နေ​ကြသည်​မဟုတ်ပါ။ မုဆိုးမ​အချို့​၏​လိုအပ်ရာ မ​ဖြည့်စွက်​ပေးခြင်း​ကို ဂရုစိုက်​စေ​လို​သောကြောင့်​ဖြစ်သည်။ ထို့​ပြင် ထို​ညည်းညူ​သူတို့သည် ပြဿနာ​ရှာ​သူများ မဟုတ်​ကြ​ပါ။ သူတို့သည် ယေဟောဝါ​ကို ပြစ်တင်​နေကြ​ခြင်း​လည်း မဟုတ်ပေ။ သူတို့၏ ခိုင်လုံ​သောမ​ကျေနပ်​ချက်​ကို တိုက်ရိုက်​တိုင်တန်း​လိုက်​ရာ တမန်​တော်​များ​က ချက်ချင်း​အရေးယူ​ဆောင်ရွက်​ပေး​၏။ တမန်​တော်​များသည် ခရစ်ယာန်​အကြီးအကဲ​များ​အတွက် စံပြ​ပင်! ဤ​ဝိညာဉ်​ရေး​သိုးထိန်း​များသည် “ဆင်းရဲသော​သူ၏ အော်ဟစ်သံ​ကို​မကြား​လို​၍ နား​ကို​ပိတ်​သော​သူ” များ​မဖြစ်ရ​အောင် ဂရုစိုက်​ကြသည်။—သု. ၂၁:၁၃; တမန်​တော် ၆:၂-၆

တဖြည်းဖြည်း​တိုက်စား​တတ်သော​ညည်းညူ​ခြင်း​ကို သတိပြု

၁၂၊ ၁၃။ (က) ညည်းညူ​မြည်တမ်း​ခြင်း​၏ အကျိုးဆက်များ​ကို ဥပမာ​ပေးရှင်း​ပြ​ပါ။ (ခ) အဘယ်အရာက လူတစ်ဦးကို ညည်းညူ​မြည်တမ်း​စေနိုင်​သနည်း။

၁၂ ညည်းညူ​မြည်တမ်း​ခြင်း​သည် ဘုရားသခင့်​လူမျိုးတော်ကို များစွာ​ပျက်စီး​စေ​ကြောင်း ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​သည့် ကျမ်းစာ​ပုံ​နမူနာ​အများ​က ဖော်ပြ​သည်။ ထို့​ကြောင့် ယင်းသည် ယနေ့လည်း တဖြည်းဖြည်း​တိုက်စား​သွား​နိုင်​ကြောင်း အလေးအနက်​စဉ်းစား​သင့်​သည်။ ယင်းကို ဤ​ပုံ​ဥပမာ​က နားလည်စေ​ပေမည်။ သတ္တု​အများ​သည် သံချေး​တက်​တတ်သော​ကြောင့် သံချေး​စတက်​နေသည်​ကို ဂရုမစိုက်​ပါ​က နောက်ဆုံး သုံး​မရဘဲ​ဖြစ်သွား​နိုင်​သည်။ စက်​ပိုင်း​ချွတ်ယွင်းမှု​ကြောင့်​မဟုတ်ဘဲ အန္တရာယ်​ရှိသည့်​အထိ ကား​ကိုယ်ထည် သံချေး​တက်​သွားသော​ကြောင့် မော်တော်ကား​များစွာကို စွန့်ပစ်​ကြ​ရသည်။ ဤ​ပုံ​ဥပမာ​ကို ညည်းညူ​မြည်တမ်း​ခြင်း​နှင့် မည်သို့​ဆက်စပ်​ကြည့်​နိုင်​သနည်း။

၁၃ သတ္တု​အချို့​သည် သံချေး​တက်​လွယ်​သည့်​နည်းတူ မစုံလင်သူ​လူသားများ​သည် ညည်းညူ​တတ်​သည့်​ဝသီ​ရှိကြ​၏။ ကျွန်ုပ်​တို့​၌ ထို​အကျင့်​ရှိမရှိ သတိပြု​သင့်​သည်။ ရေ​ငွေ့နှင့် လေ​ကြောင့် သံချေး​မြန်မြန်​တက်​တတ်​သကဲ့သို့ ဆင်းရဲ​ခက်ခဲ​မှုများ​ကြောင့် ပို​ပြီး​ညည်းညူ​လာ​တတ်​သည်။ စိတ်ဖိစီး​ခံ​နေရ​လျှင် အဆင်မပြေမှု အသေးအဖွဲ​လေး​တစ်ခု​သည် အကြီးအကျယ်​မကျေနပ်စရာ​ဖြစ်သွား​နိုင်​သည်။ ဤ​အစီအစဉ်​စနစ်​အဆုံး​တွင် အခြေအနေ​များ ပို​ဆိုးရွား​လာ​နေသော​ကြောင့် ညည်းညူ​မြည်တမ်း​စ​ရာ​အကြောင်း တိုးများ​လာ​ဖွယ်​ရှိ၏။ (၂ တိမောသေ ၃:၁-၅) ထို့​ကြောင့် ယေဟောဝါ​၏​ကျေးကျွန်​တစ်ဦး​သည် အခြား​တစ်ဦး​ကို ပြစ်တင်​ညည်းညူ​လာနိုင်​သည်။ အကြောင်းရင်း​မှာ တစ်ဦး​တစ်ယောက်​၏​အားနည်းချက်များ၊ စွမ်းရည်​များ သို့​မဟုတ် လုပ်ငန်းတော်​အခွင့်အရေး​များ​ကို မကျေမနပ်​ဖြစ်​ခြင်း​စ​သည့် ကိစ္စ​လေး​တစ်ခု​မျှ ဖြစ်​နိုင်​သည်။

၁၄၊ ၁၅။ ညည်းညူ​မြည်တမ်း​လို​စိတ်​ကို အဘယ်ကြောင့် ထိန်းချုပ်​သင့်​သနည်း။

၁၄ မကျေနပ်စရာ​အကြောင်း မည်သို့​ပင်​ရှိပါစေ ညည်းညူ​လို​စိတ်​ကို မထိန်းချုပ်​ဘဲ​လွှတ်ထား​ပါ​က ကျွန်ုပ်​တို့သည် မကျေနပ်​နိုင်​ဖြစ်​ပြီး ညည်းညူ​သည့်​အကျင့်​ရှိသူ ဖြစ်သွား​နိုင်​သည်။ မှန်ပါသည်၊ ဝိညာဉ်​ရေး​ကို​တိုက်စား​တတ်​သည့် ညည်းညူ​ခြင်း​ကြောင့် ကျွန်ုပ်​တို့ လုံးလုံး​ယိုယွင်း​ပျက်စီး​သွား​နိုင်၏။ တော​ထဲ​လှည့်လည်​ရသည့်​ဘဝကို ဣသရေလ​လူမျိုး ညည်းညူ​စဉ်​က ယေဟောဝါ​ကို အပြစ်တင်​သည့်​အထိ​ဖြစ်​ခဲ့​ကြသည်။ (ထွက်မြောက်ရာ ၁၆:၈) ထိုသို့​ကျွန်ုပ်​တို့ ဘယ်​သောအခါ​မျှ မဖြစ်ပါစေ​နှင့်။

၁၅ သံချေး​တက်​တတ်​သည့်​သတ္တု​ကို ခံဆေး​သုတ်​ထားပြီး သံချေး​စား​သည့်​နေရာများ​ကို အမြန်ဆုံး​ဂရုစိုက်​ပြုပြင်ပေး​ခြင်း​ဖြင့် သံချေး​ဆက်​မ​တက်​နိုင်​တော့။ ထို​နည်း​ထပ်တူ ကျွန်ုပ်​တို့​တွင် ညည်းညူ​တတ်​သည့်​ဝသီ​ရှိကြောင်း သတိပြုမိ​သည်​နှင့် ယင်း​နှင့်​ပတ်သက်​၍ ဆုတောင်း​လိုက်ပါ​က ထိန်းချုပ်​နိုင်​ပါ​သည်။ မည်သို့​အားဖြင့်​နည်း။

ယေဟောဝါ​၏​ရှုထောင့်​မှ ကြည့်မြင်​ပါ

၁၆။ ညည်းညူ​လို​စိတ်​ပေါ်လာ​ပါ​က ယင်းကို မည်သို့​နိုင်နင်း​မည်​နည်း။

၁၆ ညည်းညူ​ခြင်း​က မိမိ​နှင့် မိမိ​ပြဿနာ​များ​ကို​သာ အာရုံစိုက်​စေ​ရာ ယေဟောဝါသက်သေ​များ​အနေ​နှင့် ရရှိ​ထားသော​ကောင်းချီး​များ​ကို မျက်ကွယ်​ပြု​ရာ​ရောက်​သည်။ ထို့​ကြောင့် ညည်းညူ​လို​စိတ်​ကို​နိုင်နင်း​ဖို့ အဆိုပါ​ကောင်းချီး​များ​ကို အာရုံစိုက်​နေရ​မည်။ ဥပမာ၊ ကျွန်ုပ်​တို့​တစ်ဦးစီ​သည် ယေဟောဝါ​၏​နာမတော်​ကို ခံယူ​ခွင့်​ရရှိ​ထား​ကြ​၏။ (ဟေရှာယ ၄၃:၁၀) ကိုယ်တော်​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိဖို့ ပြုစု​ပျိုးထောင်​နိုင်​ကြသည်၊ ‘ဆုတောင်းခြင်း​ကို နားထောင်​တော်​မူ​သော​အရှင်’ ထံ ကျွန်ုပ်​တို့​အချိန်မရွေး စကားပြော​ဆိုနိုင်​ကြသည်။ (ဆာလံ ၆၅:၂; ယာကုပ် ၄:၈) စကြဝဠာ​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​အရေးကိစ္စကို သဘောပေါက်​ပြီး ဘုရားသခင်​အပေါ် သမာဓိ​စောင့်သိ​နိုင်​သည့်​အခွင့်ထူး​ရှိကြောင်း သိရ​၍ ကျွန်ုပ်​တို့၏​ဘဝ​သည် အဓိပ္ပာယ်​ရှိသည်။ (သု. ၂၇:၁၁) ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောခြင်း​လုပ်ငန်း​တွင် ကျွန်ုပ်​တို့​မှန်မှန် ပါဝင်​နိုင်​ကြသည်။ (မဿဲ ၂၄:၁၄) ယေရှု​ခရစ်​၏​ရွေးဖိုး​ပူဇော်ရာ​ယဇ်ကို ယုံကြည်ခြင်းက ကိုယ်ကို​ကိုယ်​သိသောစိတ် ကြည်လင်​စေနိုင်​သည်။ (ယောဟန် ၃:၁၆) ကျွန်ုပ်​တို့သည် မည်သည့်​အခက်အခဲ​များ​ကို​ပင် ခံရပ်​နေရ​ပါစေ အဆိုပါ​ကောင်းချီး​များ​ကို ခံစား​နေကြ​ရ၏။

၁၇။ ညည်းညူ​ဖို့ အကြောင်း​ပေါ်လာ​လျှင်​ပင် ကိစ္စရပ်​များ​ကို ယေဟောဝါ​၏​ရှုထောင့်​မှ ကြည့်မြင်​ရန် အဘယ်ကြောင့်​ကြိုးစား​သင့်​သနည်း။

၁၇ ကိစ္စရပ်​များ​ကို ကျွန်ုပ်​တို့၏​အမြင်​ဖြင့်​မဟုတ်၊ ယေဟောဝါ​၏​ရှုထောင့်​မှ ကြည့်မြင်​ရန် ကြိုးစား​ကြပါစို့။ ‘အို​ထာဝရ​ဘုရားသခင် ကိုယ်တော်​၏​လမ်း​တို့ကို အကျွန်ုပ်​အား​ပြညွှန်​၍ ခရီးတော်​တို့ကို သွန်သင်​တော်​မူ​ပါ” ဟု​ဆာလံဆရာ​ဒါဝိဒ်​သီဆို​ခဲ့​သည်။ (ဆာလံ ၂၅:၄) ညည်းညူ​စ​ရာ​အကြောင်း​ရှိခဲ့​လျှင် ယင်းကို ယေဟောဝါ​သတိ​မပြုမိ​ဘဲ​မနေ​ပါ။ ထို​ကိစ္စရပ်​ကို ကိုယ်တော်​ချက်ချင်း ပြုပြင်​တည့်မတ်​ပေး​နိုင်​တော်​မူ​၏။ သို့​ဖြစ်​လျှင် ကိုယ်တော်​သည် ဆင်းရဲ​ခက်ခဲ​မှု​ကို တစ်ခါတစ်ရံ အဘယ်ကြောင့် ခွင့်ပြု​ထား​သနည်း။ သည်းခံခြင်း၊ ခံနိုင်ရည်၊ ယုံကြည်ခြင်း​နှင့် စိတ်ရှည်ခြင်း​စ​သည့် အရည်အချင်း​ကောင်း​များ တိုးပွား​လာစေဖို့​ဖြစ်​နိုင်​သည်။—ယာကုပ် ၁:၂-၄

၁၈၊ ၁၉။ အခက်အခဲ​များ​ကို မညည်းမညူ​ခံရပ်​ခြင်း​ကြောင့် ကျွန်ုပ်​တို့​ရရှိနိုင်သော အကျိုးကျေးဇူးများ​ကို ဖော်ပြ​ပါ။

၁၈ အဆင်မပြေမှု​များ​ရှိ​လျက်​နှင့် မညည်းမညူ သည်းခံခြင်း​က ကျွန်ုပ်​တို့၏ ပင်ကို​အရည်အသွေးများ​ကို တိုးတက်​ကောင်းမွန်​စေ​ရုံ​မျှ​မ​က ကျွန်ုပ်​တို့၏​ပြုမူပုံ​ကို အကဲခတ်​နေ​သူများ​အတွက် စွဲမှတ်စရာ​ဖြစ်သွား​နိုင်​သည်။ ၂၀၀၃ ခုနှစ်​တွင် ဂျာမနီ​နိုင်ငံ​မှ ယေဟောဝါသက်သေ​တစ်စု​သည် စည်းဝေးကြီး​တက်​ရန် ဟန်​ဂေ​ရီ​နိုင်ငံ​သို့ ဘတ်စကား​ဖြင့် သွားခဲ့​ကြသည်။ ယာဉ်မောင်း​ဖြစ်သူ​မှာ သက်သေခံ​တစ်ဦး​မဟုတ်​သဖြင့် ဆယ်ရက်​လုံးလုံး သူတို့နှင့်​အတူ​မနေချင်​ပေ။ သို့သော် ခရီးစဉ်​အဆုံး​တွင် သူ၏​သဘောထား လုံးလုံး​ပြောင်း​သွား​သည်။ အဘယ်ကြောင့်​နည်း။

၁၉ အဆိုပါ​ခရီးစဉ်​အတွင်း အဆင်မပြေမှု အတော်များများ​ရှိခဲ့​သော်လည်း သက်သေခံ​များသည် တစ်ခါမျှ မ​ညည်းညူ​ကြ​ချေ။ ယင်းကြောင့် မိမိ​ပို့ဆောင်​ခဲ့​ဖူး​သမျှ ခရီးသည်​တို့​တွင် ဤ​အုပ်စု​သည် အကောင်းဆုံး​ဖြစ်သည်ဟု ထို​ယာဉ်မောင်း​က ဆို​၏။ မိမိ​အိမ်​သို့ သက်သေခံ​များ နောက်​တစ်ကြိမ်​လာ​ခဲ့​လျှင် သူတို့ကို အိမ်ထဲ​ခေါ်ဖိတ်​ပြီး ကောင်းစွာ​နားထောင်ပါ​မည်​ဟု သူ​ကတိပေး​ခဲ့​သည်။ “ပြု​လေ​သမျှ​တို့​၌ မြည်တမ်း​ခြင်း . . . မရှိ” ခဲ့​သည့် ထို​ခရီးသည်​များ နာမည်​ကောင်း​ရခဲ့​၏။

ခွင့်လွှတ်​ခြင်း​က စည်းလုံးစေ

၂၀။ အချင်းချင်း​ကို အဘယ်ကြောင့်​ခွင့်လွှတ်​သင့်​သနည်း။

၂၀ ယုံကြည်မှု​တူ​သူ​ချင်း​တစ်ဦး​နှင့်​ပတ်သက်​၍ ညည်းညူ​စ​ရာ​အကြောင်း ရှိ​နေလျှင်​ကော မည်သို့​နည်း။ ကြီး​လေး​သော​ကိစ္စ​ဖြစ်ပါ​က မဿဲ ၁၈:၁၅-၁၇ တွင် ယေရှု​ဖော်ပြ​ခဲ့​သော​မူကို လက်တွေ့​ကျင့်သုံး​သင့်​သည်။ သို့သော် မကျေနပ်မှု​အများစုမှာ အသေးအဖွဲ​လေး​မျှ​ဖြစ်သော​ကြောင့် ထိုသို့​ပြု​ဖို့ အမြဲ​မလို​အပ်​ပါ။ ထို​အခြေအနေ​ကို ခွင့်လွှတ်​မှု​ပြဖို့ အခွင့်ကောင်း​တစ်ခု​အဖြစ် ရှုမြင်​ကြည့်​ပါ​လေ။ ပေါလု ဤသို့​ရေးသားခဲ့​သည်– ‘တစ်ယောက်​၌​တစ်ယောက် အပြစ်တင်စရာ​အခွင့်​ရှိလျှင်၊ အချင်းချင်း​သည်းခံ၍ အပြစ်ကို​လွှတ်​ကြလော့။ ယေဟောဝါ​သည် သင်တို့၏​အပြစ်ကို​လွှတ်တော်​မူ​သကဲ့သို့ ထို​နည်းတူ​ပြု​ကြလော့။ စုံလင်ခြင်း​အဖွဲ့အစည်း​တည်း​ဟူသော ချစ်ခြင်း​မေတ္တာကို ထပ်၍​ယူတင်​ဝတ်ဆောင်​ကြလော့။’ (ကောလောသဲ ၃:၁၃၊ ၁၄) ကျွန်ုပ်​တို့ကို ယေဟောဝါ အပြစ်တင်စရာ​အကြောင်း များစွာ​ရှိသည်​မဟုတ်ပေ​လော။ သို့​တိုင် ကျွန်ုပ်​တို့ကို ကိုယ်တော်​အကြိမ်ကြိမ် သနား​ကြင်နာ​စွာ ခွင့်လွှတ်​တော်​မူ​ခဲ့ပြီ။ ယင်းကြောင့် ကျွန်ုပ်​တို့​လည်း ခွင့်လွှတ်​လို​စိတ် အနည်း​အကျဉ်း ရှိ​သင့်​သည်မဟုတ်​ပေ​လော။

၂၁။ ညည်းညူ​စကား​ကို ကြားနေ​ရသူ​များ မည်သို့​ဖြစ်သွား​နိုင်​သနည်း။

၂၁ မကျေနပ်စရာ​သည် မည်သို့​ပင်​ဖြစ်​နေပါ​စေ ညည်းညူ​နေခြင်း​ဖြင့် ကိစ္စရပ်​များ ပြေလည်​သွား​မည်​မဟုတ်ပါ။ “ညည်းညူ” ဟု​အဓိပ္ပာယ်​ရသော ဟေဗြဲ​စကားလုံး​သည် “ပြစ်တင်​ကြိမ်းမောင်း” သည်​ဟု​လည်း အဓိပ္ပာယ်​ရသည်။ အမြဲ​ညည်းညူ​တတ်​သူ​အနီး​တွင် ကျွန်ုပ်​တို့ အနေရခက်​သဖြင့် သူ့ကို ဝေးဝေးရှောင်​ကြသည်။ ကျွန်ုပ်​တို့၏​ညည်းညူ​မြည်တမ်း​ခြင်း၊ ပြစ်တင်​ကြိမ်းမောင်း​ခြင်း​ကို ကြားနေ​ရသူ​များလည်း ထို့​အတူ​ဖြစ်​နိုင်​သည်။ သင်၏​ပြစ်တင်​ကြိမ်းမောင်း​သံ​ကို သူ​တစ်​ထူး နားစွင့်​မည်​ဖြစ်သော်လည်း သင့်ကို အထင်သေး​သွားပေ​လိမ့်​မည်။

၂၂။ ယေဟောဝါသက်သေ​များနှင့်​ပတ်သက်​၍ မိန်းမငယ်​တစ်ဦး မည်သို့​ဆို​သနည်း။

၂၂ ခွင့်လွှတ်​တတ်​သည့်​သဘော​သည် ယေဟောဝါ​၏​လူမျိုးတော် တန်ဖိုး​ထား​မြတ်နိုးသည့် စည်းလုံးမှု​ကို တိုးပွား​စေ​သည်။ (ဆာလံ ၁၃၃:၁-၃) ဥရောပ​နိုင်ငံ​တစ်ခု​မှ အသက် ၁၇ နှစ်အရွယ် မိန်းမငယ်​တစ်ဦး​သည် ယေဟောဝါသက်သေ​များ​၏​ဌာနခွဲရုံး​ကို စာရေး​ပြီး သူတို့ကို ချီးမွမ်း​စကားပြော​ခဲ့​သည်။ သူက “တစ်ယောက်ကို​တစ်ယောက် မုန်းတီး​ကြ၊ လောဘ​ကြီး​ကြ၊ သည်းမခံ​နိုင်​ကြ၊ တစ်ကိုယ်ကောင်း​ဆန်​ကြ​တာ​တွေ​ကြောင့် စိတ်ဝမ်း​မ​ကွဲ​တဲ့​အဖွဲ့​ဆို​လို့ ဒီ​အဖွဲ့အစည်း​တစ်ခု​တည်း​ပဲ​ရှိတယ်” ဟု​ပြော​ခဲ့​သည်။

၂၃။ နောက်​ဆောင်းပါး​၌ အဘယ်​အကြောင်း သုံးသပ်​မည်​နည်း။

၂၃ စစ်မှန်သော​ဘုရားသခင် ယေဟောဝါ​ကို ဝတ်ပြု​ကိုးကွယ်​သူများ​အနေ​နှင့် ကျွန်ုပ်​တို့​ရရှိ​ထား​ကြ​သည့် ဝိညာဉ်​ရေးရာ​ကောင်းချီး​များ​ကို ကျေးဇူး​တင်​လေးမြတ်စိတ်​က စည်းလုံးမှု​တိုးပွား​စေပြီး အခြားသူများ​အကြောင်း ညည်းညူ​ပြောဆိုခြင်း​ကို ရှောင်​စေ​သည်။ အန္တရာယ်​ပို​များသော ညည်းညူ​မှု​ဖြစ်သည့် ယေဟောဝါ​၏ မြေကြီးဆိုင်ရာ​အဖွဲ့အစည်း​ကို ပြစ်တင်​ပြောဆိုခြင်း မပြုမိ​ရန် ဘုရားသခင်​နှစ်သက်သော အရည်အသွေးများ​က မည်သို့​တားဆီး​ပေး​နိုင်​ကြောင်း နောက်​ဆောင်းပါး​၌ ဖော်ပြ​ပါ​မည်။

သင်​မှတ်မိ​သလော။

• ညည်းညူ​ခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။

• ညည်းညူ​ခြင်း​၏​အကျိုးဆက်များ​ကို မည်သို့ ဥပမာ​ပေး ရှင်းပြ​မည်​နည်း။

• ညည်းညူ​မြည်တမ်း​လို​စိတ်​ကို နိုင်နင်း​ရန် အဘယ်အရာက ကူညီ​ပေး​မည်​နည်း။

• ခွင့်လွှတ်​လို​စိတ်​ရှိ​ခြင်း​သည် ညည်းညူ​မြည်တမ်း​ခြင်း​မပြု​ရန် မည်သို့​ကူညီ​ပေး​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

ဣသရေလ​လူမျိုး​သည် အမှန်​အားဖြင့် ယေဟောဝါ​ကို​ညည်းညူ​မြည်တမ်း​ခဲ့​ကြ

ကိစ္စရပ်​များ​ကို ယေဟောဝါ​ကဲ့သို့ သင်​ရှုမြင်​သလော

ခွင့်လွှတ်​ခြင်း​က ခရစ်ယာန်​စည်းလုံးမှု​ကို တိုးပွား​စေ

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ဣသရေလ​လူမျိုး​သည် အမှန်​အားဖြင့် ယေဟောဝါ​ကို ညည်းညူ​မြည်တမ်း​ခဲ့​ကြ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ကိစ္စရပ်​များ​ကို ယေဟောဝါ​ကဲ့သို့ သင်​ရှုမြင်​သလော

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ခွင့်လွှတ်​ခြင်း​က ခရစ်ယာန် စည်းလုံးမှု​ကို တိုးပွား​စေ