“ဒီနေ့ကစပြီး ဘုရားသခင်ရှိတယ်ဆိုတာ ကျွန်မယုံသွားပြီ”
“ဒီနေ့ကစပြီး ဘုရားသခင်ရှိတယ်ဆိုတာ ကျွန်မယုံသွားပြီ”
ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့တွင်နေထိုင်သော အလက်ဇန္ဒြာအမည်ရှိ ယူကရိန်းအမျိုးသမီးတစ်ဦးသည် အလုပ်မှ အိမ်သို့ပြန်လာသည်။ ဓာတ်ရထားမှတ်တိုင်၌ အိတ်ငယ်တစ်လုံးကျနေပြီး ယင်းကိုလမ်းသွားလမ်းလာများက အမှုမဲ့အမှတ်မဲ့ကျော်နင်းသွားကြကြောင်း သူသတိပြုမိသည်။ သူသည် ယင်းအိတ်ငယ်ကိုကောက်ယူ၍ ဖွင့်ကြည့်လိုက်ရာ ကိုယ့်မျက်စိကိုပင် မယုံနိုင်အောင်ဖြစ်သွားသည်။ ကို ရူနာ ၅,၀၀၀ တန်ငွေတစ်ထပ်ဖြစ်နေ၏! အနီးအနားတွင် မည်သူကမျှ ထိုအိတ်ငယ်ကို ရှာဖွေနေပုံမရပေ။ ချက်သမ္မတနိုင်ငံတွင်နေထိုင်သော နိုင်ငံခြားသားတစ်ဦးအနေနှင့် အလက်ဇန္ဒြာမှာ စားဝတ်နေရေး အတော်ခက်ခဲသည်။ သူဘာလုပ်မည်နည်း။
အလက်ဇန္ဒြာ အိမ်ပြန်ရောက်ပြီးနောက် သမီးဖြစ်သူ ဗစ်တိုးရီးယားအား ထိုအိတ်ငယ်ကို ပြခဲ့သည်။ သူတို့သည် ထိုအိတ်ငယ်ထဲတွင် ပိုင်ရှင်၏အမည်နှင့်လိပ်စာကို ရှာဖွေကြသော်လည်း မတွေ့ ခဲ့ပေ။ သို့သော် ဂဏန်းအချို့ရေးသားထားသည့် ဖြတ်ပိုင်းတစ်ခု တွေ့ရသည်။ ထိုဖြတ်ပိုင်း၏တစ်ဖက်တွင် ဘဏ်စာရင်းနံပါတ်နှင့် အခြားတစ်ဖက်တွင် ဂဏန်းအရေအတွက်များ ရေးသားထားသည်။ ထို့ပြင် ဘဏ်လမ်းညွှန်နှင့် “ကိုရူနီ ၃၃၀,၀၀၀” (အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ခန့်) ရေးမှတ်ထားသည့် ဖြတ်ပိုင်းလည်း ပါဝင်သည်။ ယင်းသည် ထိုအိတ်ငယ်တွင်ပါသည့် ငွေပမာဏအတိအကျပင်ဖြစ်၏။
အလက်ဇန္ဒြာသည် ဖုန်းနံပါတ်ဟုထင်ရသည့် ဂဏန်းများကိုသုံး၍ ဘဏ်သို့ဖုန်းဆက်ကြည့်သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် သူတို့သားအမိသည် ဘဏ်သို့သွား၍ ဖြစ်ကြောင်းကုန်စင်ရှင်းပြပြီး အိတ်ငယ်တွင်ပါသော ဘဏ်စာရင်းနံပါတ်အကြောင်း စုံစမ်းမေးမြန်းသည်။ သို့သော် ဘဏ်တွင် ထိုစာရင်းနံပါတ်မရှိပေ။ နောက်တစ်နေ့၊ အလက်ဇန္ဒြာသည် ဘဏ်သို့ပြန်ရောက်လာပြီး အိတ်ငယ်တွင်ပါသော အခြားနံပါတ်ကို ပြသည်။ အမှန်မှာ ဘဏ်၌ ထိုဘဏ်စာရင်းနံပါတ်ပိုင်ရှင် အမျိုးသမီးတစ်ဦး၏စာရင်း ရှိသည်။ အလက်ဇန္ဒြာနှင့်ဗစ်တိုးရီးယားက ဆက်သွယ်ခဲ့ရာ ထိုအမျိုးသမီး၏အိတ်ငယ်ဖြစ်ကြောင်း သေချာသွားသည်။ နောက်ဆုံး သူတို့တွေ့ဆုံသည့်အခါ ထိုအမျိုးသမီးက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပြီး “ငွေတွေကို ပြန်ပေးတဲ့အတွက် ဘယ်လိုကျေးဇူးဆပ်ရမလဲ” ဟုမေးခဲ့သည်။
“ဘာမှမလိုပါဘူး။ ကျွန်မတို့သာ ငွေကိုလိုချင်ရင် ဒီငွေတွေကိုယူထားမှာပေါ့” ဟုဗစ်တိုးရီးယားက ပြန်ဖြေခဲ့သည်။ ထို့နောက် ချက်စကားမတတ်တတတ်ဖြင့် သူဤသို့ရှင်းပြခဲ့သည်– “ကျွန်မတို့က ယေဟောဝါသက်သေတွေဖြစ်နေတာကြောင့် ဒီငွေတွေကို ပြန်ပေးတာပါ။ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ ကိုယ်ကိုကိုယ်သိသောစိတ်က ကိုယ်မပိုင်ဆိုင်တာကိုယူထားဖို့ ခွင့်မပြုဘူး။” (ဟေဗြဲ ၁၃:၁၈) ထိုအခါ အမျိုးသမီးက “ဒီနေ့ကစပြီး ဘုရားသခင်ရှိတယ်ဆိုတာ ကျွန်မ ယုံသွားပြီ” ဟုဝမ်းသာအားရပြောခဲ့သည်။