မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါအဖွဲ့အစည်း၏ ကောင်းမြတ်မှုကို အာရုံပြုလော့

ယေဟောဝါအဖွဲ့အစည်း၏ ကောင်းမြတ်မှုကို အာရုံပြုလော့

ယေဟောဝါ​အဖွဲ့အစည်း​၏ ကောင်းမြတ်​မှု​ကို အာရုံပြု​လော့

“အိမ်တော်​၏​ကောင်းမြတ်သော​အရာများ​နှင့် အကျွန်ုပ်​တို့သည် ရောင့်ရဲ​ကြ​ပါ​လိမ့်​မည်။”—ဆာလံ ၆၅:၄၊ သမ္မာ။

၁၊ ၂။ (က) ဝတ်ပြုရာ​အိမ်တော်​ဆိုင်ရာ အစီအစဉ်များ​သည် ဘုရားသခင့်​လူမျိုးတော်အပေါ် အဘယ်​အကျိုး​သက်ရောက်​မည်​နည်း။ (ခ) ဒါဝိဒ်​သည် ဝတ်ပြုရာ​အိမ်တော်​ဆောက်လုပ်ရေး​အတွက် အဘယ်​ပြင်ဆင်မှု​များ ပြုလုပ်​ခဲ့​သနည်း။

ရှေးခေတ်​ဣသရေလ​နိုင်ငံ​မှ ဒါဝိဒ်​သည် ဟေဗြဲ​ကျမ်း​စာစောင်​များ​၌ ဖော်ပြ​ထားသော အထင်ရှားဆုံး​ပုဂ္ဂိုလ်​တို့​တွင် တစ်ဦး​ပါဝင်​သည်။ သိုးထိန်း​လည်း​ဖြစ်၊ ဂီတ​ပညာရှင်​လည်း​ဖြစ်၊ ပရောဖက်​လည်း​ဖြစ်သော ဤ​ရှင်ဘုရင်​သည် ယေဟောဝါ​ဘုရားသခင်​ကို အကြွင်းမဲ့ယုံ​ကြည်​ကိုးစား​ခဲ့​သည်။ ဒါဝိဒ်​သည် ယေဟောဝါ​နှင့် အလွန်​ရင်းနှီး​ကျွမ်းဝင်​သော ဆက်ဆံ​ရေး​ရှိသောကြောင့် ဘုရားသခင်​အတွက် အိမ်တော်​ဆောက်​လုပ်ပေး​လို​စိတ် ပြင်းပြ​ခဲ့​သည်။ ထို​အိမ်တော်​သည် ဣသရေလ​နိုင်ငံ​တွင် စစ်မှန်သော​ဝတ်ပြုရေး​၏​ဗဟို ဖြစ်လာ​ပါ​လိမ့်​မည်။ ၎င်း​ဝတ်ပြုရာ​အိမ်တော်​ဆိုင်ရာ အစီအစဉ်များ​သည် ဘုရားသခင့်​လူမျိုးတော်ကို ပျော်ရွှင်မှု​သာမက ကောင်းချီး​များ​ပါ​ရရှိစေ​မည်​ဖြစ်​ကြောင်း ဒါဝိဒ်​သိထား​သည်။ ထို့​ကြောင့် ဒါဝိဒ်​ဤသို့​သီဆို​ခဲ့​၏– “တံတိုင်း​တော်​အတွင်း​၌​နေ​စေခြင်း​ငှာ ကိုယ်တော် [ယေဟောဝါ] ရွေးချယ်​၍ ချဉ်းကပ်​စေတော်မူ​သော​သူသည် မင်္ဂလာ​ရှိပါ၏။ သန့်ရှင်းသော . . . အိမ်တော်​၏​ကောင်းမြတ်သော​အရာများ​နှင့် အကျွန်ုပ်​တို့သည် ရောင့်ရဲ​ကြ​ပါ​လိမ့်​မည်။”—ဆာလံ ၆၅:၄သမ္မာ။

ဒါဝိဒ်​သည် ယေဟောဝါ​၏​အိမ်တော်​ဆောက်လုပ်​ခြင်း​ကို ကြီးကြပ်​ခွင့် မရရှိ​ခဲ့​ပါ။ ထို​အခွင့်ထူး​ကို သူ၏​သား​ရှောလမုန် ရရှိ​မည်​ဖြစ်သည်။ သူကိုယ်တိုင် အလွန်​လိုချင်​သော​အခွင့်ထူး​ကို အခြားသူ​တစ်ဦး​ရရှိ​သည့်​အတွက် ဒါဝိဒ်​ညည်းညူ​ခြင်း​မပြု​ခဲ့​ချေ။ သူ​အဓိက​ထား​သည်​မှာ ဝတ်ပြုရာ​အိမ်တော် ဆောက်​ဖြစ်​ဖို့​ဖြစ်သည်။ ယေဟောဝါ​ထံ​တော်​မှ သူ​ရရှိ​ထားသော ဗိသုကာ​ပုံစံ​များ​ကို ရှောလမုန်​အား ပေးအပ်​လိုက်ခြင်း​ဖြင့် ဆောက်လုပ်ရေး​စီမံကိန်း​ကို စိတ်နှလုံး​အကြွင်းမဲ့ ထောက်မ​ခဲ့​သည်။ ထို့​ပြင် ဒါဝိဒ်​သည် ဝတ်ပြုရာ​အိမ်တော်တွင် အမှုတော်ထမ်း​သည့် ထောင်နှင့်ချီ​သော လေဝိ​သားများ​ကို တာဝန်​ခွဲပေး​ပြီး အိမ်တော်​ဆောက်လုပ်​ခြင်း​အတွက် ရွှေငွေ​မြောက်မြားစွာ လှူဒါန်းခဲ့​သည်။—၁ ရာဇဝင်ချုပ် ၁၇:၁၊ ၄၊ ၁၁၊ ၁၂; ၂၃:၃-၆; ၂၈:၁၁၊ ၁၂; ၂၉:၁-၅

၃။ ဘုရားသခင့်​ကျေးကျွန်​များသည် စစ်မှန်သော​ဝတ်ပြုရေး​ဆိုင်ရာ အစီအစဉ်များ​ကို မည်သို့​သဘောထားကြ​သနည်း။

ဣသရေလ​လူမျိုး​မှ သစ္စာရှိ​သူတို့သည် ဘုရားသခင့်​အိမ်တော်၌​ပြုလုပ်​သော စစ်မှန်သော​ဝတ်ပြုရေး​အစီအစဉ်များ​ကို အားပေး​ထောက်ခံ​ခဲ့​ကြသည်။ ယေဟောဝါ​၏ မျက်မှောက်ခေတ် ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့​လည်း ကိုယ်တော့်​အဖွဲ့အစည်း​မြေကြီးဆိုင်ရာ​အပိုင်း​၏ ဝတ်ပြုရေး​အစီအစဉ်များ​ကို ဝိုင်းဝန်း​ထောက်ခံကြ​သည်။ ဤနည်းဖြင့် ကျွန်ုပ်​တို့​တွင် ဒါဝိဒ်​၏​စိတ်သဘောထား​ရှိကြောင်း တင်ပြ​ကြသည်။ ညည်းညူ​ပြစ်တင်​တတ်​သည့် သဘောထားမျိုး မဟုတ်ပေ။ ယင်းအစား ဘုရားသခင့်​အဖွဲ့အစည်း​၏ ကောင်းမြတ်​မှု​ကို ကျွန်ုပ်​တို့​အာရုံစိုက်​ကြသည်။ ကျွန်ုပ်​တို့​အမှန်ပင် ကျေးဇူး​တင်​ရမည့် ကောင်းမြတ်​ရာ​များ​အကြောင်း သင်​စဉ်းစား​ဖူး​သလော။ အချို့​ကို သုံးသပ်ကြည့်​ကြ​စို့။

ဦးဆောင်နေသူ​များ​ရှိသည့်​အတွက် ကျေးဇူး​တင်​ခြင်း

၄၊ ၅။ (က) ‘သစ္စာ​နှင့် သတိပညာ​ရှိသော​ကျွန်’ သည် မည်သို့​တာဝန်​ကျေပွန်​သနည်း။ (ခ) သက်သေခံ​အချို့​သည် သူတို့​ရရှိသော​ဝိညာဉ်​အစာ​နှင့်​ပတ်သက်​၍ မည်သို့​သဘောထားကြ​သနည်း။

မြေကြီးပေါ်​ရှိ ယေရှု​ခရစ်​၏​ဥစ္စာ​များ​အပေါ် ‘သစ္စာ​နှင့် သတိပညာ​ရှိသော​ကျွန်’ ကို ကိုယ်တော်​အ​အုပ်​အချုပ်​ခန့်​ထား​သည့်​အတွက် ကျေးဇူး​တင်စရာ​အကြောင်း​ရှိသည်။ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ဖြင့် ဖွဲ့စည်းထား​သော ဤ​ကျွန်​အတန်းအစား​သည် သတင်းကောင်း​ဟောပြောခြင်း၊ ဝတ်ပြု​စည်းဝေးပွဲ​များ စီစဉ်ခြင်း​နှင့် ကျမ်းစာ​အခြေပြု စာပေ​စာတမ်း​များ​ကို ဘာသာ​စကား ၄၀၀ ကျော်​ဖြင့် ထုတ်ဝေ​ခြင်း​တို့ကို ဦးဆောင်​ဦး​ရွက်​ပြု​နေသည်။ ကမ္ဘာ​တစ်ဝန်း​မှ သန်းနှင့်ချီ​သော​သူတို့သည် ဤ​အချိန်တန်​ဝိညာဉ်​အစာကို ကျေးဇူး​တင်​စွာ စားသုံး​နေကြ​သည်။ (မဿဲ ၂၄:၄၅-၄၇) ယင်း​အစာ​နှင့်​ပတ်သက်​၍ ညည်းညူ​စ​ရာ​အကြောင်း လုံးဝ​မရှိပါ။

ယေဟောဝါ​၏ သက်ကြီးရွယ်အို သက်သေခံ​တစ်ဦး​ဖြစ်သူ အဲလ်​ဖီ​သည် ဤ​ကျွန်​အတန်းအစား​၏ စာပေ​စာတမ်း​များ​ပါ ဝိညာဉ်​ရေးရာ​သွန်သင်ချက်​ကို နှစ်ပေါင်း​များစွာ လက်တွေ့​ကျင့်သုံး​ခဲ့​ရာ နှစ်သိမ့်မှု​သာမက ထောက်မမှု​ပါ​ရခဲ့​သောကြောင့် အလွန်​ကျေးဇူး​တင်​စွာ​ဖြင့် “ကျွန်မ​အတွက် ယေဟောဝါ​ရဲ့​အဖွဲ့အစည်း မရှိလို့​ကို မဖြစ်​ဘူး” ဟု​စာရေး​ပြောဆို​ခဲ့​သည်။ ပီတာ​နှင့် အမ်​ဂတ်​တို့​လည်း ဆယ်စု​နှစ်ချီ၍ ဘုရားသခင့်​ကျေးကျွန်​များ​ဖြစ်​ခဲ့​ကြပြီ။ အမ်​ဂတ်​သည် “မေတ္တာ​ရှေ့ရှု ပြုစု​စောင့်ရှောက်သော ယေဟောဝါ​အဖွဲ့အစည်း” ၏​ပြင်ဆင်​ပေး​ချက်​များ​ကို ကျေးဇူး​တင်​ကြောင်း​ပြော​သည်။ အဆိုပါ​စာအုပ်စာတမ်း​များ​တွင် အမြင်​အာရုံ၊ အကြားအာရုံ​ချို့တဲ့​နေ​သူများ​စ​သည့် အထူး​အကူအညီ​လိုအပ်သူ​တို့အတွက် စာပေ​များလည်း​ပါဝင်​သည်။

၆၊ ၇။ (က) ကမ္ဘာ​တစ်ဝန်း​ရှိ အသင်းတော်များ​၏​လုပ်ဆောင်မှုကို မည်သို့​ကြီးကြပ်​သနည်း။ (ခ) ယေဟောဝါ​၏ မြေကြီးဆိုင်ရာ​အဖွဲ့အစည်း​အကြောင်း မည်သို့​ပြောဆို​ခဲ့​ကြပြီ​နည်း။

နယူးယောက်၊ ဘ​ရွတ်​က​လင်​ရှိ ယေဟောဝါသက်သေ​များ​၏ ကမ္ဘာ့​ဌာနချုပ်​တွင် အမှုထမ်း​နေကြ​သော ဝိညာဉ်​တော်​ဖွား​အမျိုးသားများ​အထဲ​မှ အချို့​ဖြင့် ဖွဲ့စည်းထား​သည့် အုပ်ချုပ်ရေး​အဖွဲ့​သည် ‘သစ္စာရှိ​ကျွန်’ ကို​ကိုယ်စား​ပြု​သည်။ ကမ္ဘာ​တစ်ဝန်း​ရှိ အသင်းတော်​ပေါင်း ၉၈,၀၀၀ ကျော်​၏ လုပ်ဆောင်မှုကို ကြီးကြပ်​ပေး​သော ဌာနခွဲရုံး​များ​၌ အမှုထမ်း​ကြ​သည့် ယေဟောဝါ​၏ အတွေ့အကြုံရင့်​ကျက်​သော ကျေးကျွန်​များ​ကို ထို​အုပ်ချုပ်ရေး​အဖွဲ့က ခန့်အပ်​သည်။ ကျမ်းစာ​သတ်မှတ်ချက်​များ​ကို ပြည့်မီ​သော အမျိုးသားများ​အား အဆိုပါ​အသင်းတော်များ​တွင် အကြီးအကဲ​များနှင့် ဓမ္မ​အမှုထမ်းများ​အဖြစ် ခန့်အပ်​သည်။ (၁ တိမောသေ ၃:၁-၉၊ ၁၂၊ ၁၃) အကြီးအကဲ​များသည် ဘုရားသခင့်​သိုးတော်စု​ကို မေတ္တာဖြင့် ဦးစီး​ထိန်းကျောင်း​ပေး​ကြသည်။ အဆိုပါ​သိုးတော်စု​အဝင်​ဖြစ်​ရခြင်း၊ ‘ညီအစ်ကို​များ​အသင်းအပင်း’ တွင် ချစ်ခင်​ကြင်နာ​မှု​နှင့် စည်းလုံးမှု​ခံစား​ရခြင်း​တို့သည် တကယ့်​ကောင်းချီး​ပင်!—၁ ပေတရု ၂:၁၇; ၅:၂၊ ၃

ညည်းညူ​မြည်တမ်း​ကြ​မည့်​အစား အကြီးအကဲ​များ​၏ မေတ္တာပါ​လမ်းညွှန်မှု​ရရှိ​သည့်​အတွက် ကျေးဇူး​တင်​ကြ​သူများစွာ​ရှိသည်။ သာဓက​အနေ​နှင့်၊ အသက် ၃၀ ကျော် ခရစ်ယာန်​ဇနီးသည်​တစ်ဦး​ဖြစ်သူ ဘဲ​ဂ​စ်ထ်​အကြောင်း သုံးသပ်ကြည့်​ပါ။ ဆယ်ကျော်သက်​ဘဝတွင် သူသည် အပေါင်းအသင်း​မှား​ပြီး အပြစ်​ကျူးလွန်​မိ​မတတ်​ဖြစ်​ခဲ့​သည်။ သို့သော် အကြီးအကဲ​များ​၏ ရှင်းလင်း​ပြတ်သား​သော ကျမ်းစာ​သွန်သင်ချက်​နှင့် ယုံကြည်မှု​တူ​သူ​ချင်း​များ​၏ ထောက်မမှု​ကြောင့် အန္တရာယ်​ကျရောက်​တော့​မည့်​အခြေအနေ​မှ လွတ်မြောက်​ခဲ့​သည်။ ယခု ဘဲ​ဂ​စ်ထ် မည်သို့​ခံစားရ​သနည်း။ “ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​ထဲမှာ အခုထိ ကျွန်မ​ရှိနေသေး​တဲ့​အတွက် ကျေးဇူး​တင်​လို့​မဆုံး​ဘူး” ဟု​သူ​ဆို​သည်။ အသက် ၁၇ နှစ်အရွယ် အန်ဒရေး​ရက်စ်​က “ယေဟောဝါ​ရဲ့​အဖွဲ့အစည်း​ဟာ ကမ္ဘာ​ပေါ်မှာ အကောင်းဆုံး​အဖွဲ့အစည်း​ပါ​ပဲ” ဟု​ဆို​၏။ ယေဟောဝါ​အဖွဲ့အစည်း မြေကြီးဆိုင်ရာ​အပိုင်း​၏ ကောင်းမြတ်​မှု​အတွက် ကျေးဇူး​မတင်​သင့်​ပေ​လော။

ဦးဆောင်နေသူ​များသည် မစုံလင်သူ​များ​ဖြစ်

၈၊ ၉။ ဒါဝိဒ်​၏ တစ်ခေတ်​တည်း​သား​အချို့​သည် မည်သို့​ပြုမူ​ခဲ့​ကြ​သနည်း။ သူတို့၏​အပြုအမူကို ဒါဝိဒ် မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

မှန်ပါသည်၊ စစ်မှန်သော​ဝတ်ပြုရေးကို ဦး​ဆောင်ပေး​ရန် ခန့်အပ်​ခံရ​သူများ​သည် မစုံလင်​ကြ​ချေ။ သူတို့​အားလုံး မှား​တတ်ကြ​သည်။ အချို့​ဆိုလျှင် သူတို့​မနည်း​ထိန်း​နေရ​သော အားနည်းချက်များ ရှိသည်။ ယင်းကြောင့် ကျွန်ုပ်​တို့ စိတ်​အနှောင့်အယှက်​ဖြစ်စရာ​လို​သလော။ မလိုပါ။ ရှေး​ဣသရေလ​နိုင်ငံ​တွင် တာဝန်​ကြီးကြီးမားမား အပ်နှင်း​ခံရ​သူများ​ပင်​လျှင် ကြီး​လေး​သော​အမှား​များ ကျူးလွန်​ခဲ့​ကြသည်။ ဥပမာ၊ လူငယ်​ဒါဝိဒ်​သည် စိတ်ညစ်​နေသော ရှောလုမင်း စိတ်သက်သာ​မှု​ရစေ​ရန် တီးမှုတ်​ဖျော်​ဖြေပေး​ခဲ့​ရသည်။ နောက်ပိုင်း​တွင် ရှောလု​က ဒါဝိဒ်​ကို​သတ်​ဖို့ ကြိုးစား​လေ​ရာ သူ့​ခမျာ ထွက်ပြေး​တိမ်းရှောင်​နေခဲ့ရ​သည်။—၁ ဓမ္မ​ရာဇဝင် ၁၆:၁၄-၂၃; ၁၈:၁၀-၁၂; ၁၉:၁၈; ၂၀:၃၂၊ ၃၃; ၂၂:၁-၅

ဣသရေလ​လူမျိုး​မှ အခြားသူများ​လည်း သစ္စာဖောက်​ခဲ့​ကြသည်။ ဥပမာ၊ ဒါဝိဒ်​၏​စစ်ဗိုလ်ချုပ် ယွာဘ​သည် ရှောလု​၏​ဆွေမျိုး​အာဗနာ​ကို အသေ​သတ်ခဲ့​သည်။ အဗရှလုံ​သည် သူ့​ခမည်းတော်​ဒါဝိဒ်​၏ မင်း​အရိုက်အရာကို​ရဖို့ ပူးပေါင်း​ကြံစည်​ခဲ့​သည်။ ဒါဝိဒ်​၏​လူယုံ အကြံပေး​အရာရှိ အဟိသောဖေလ​သည် သူ့ကို​သစ္စာဖောက်​ခဲ့​သည်။ (၂ ဓမ္မ​ရာဇဝင် ၃:၂၂-၃၀; ၁၅:၁-၁၇၊ ၃၁; ၁၆:၁၅၊ ၂၁) သို့သော် ဒါဝိဒ်​သည် စိတ်​နာကြည်း​စွာ ညည်းညူ​သူ​ဖြစ်​မလာ​ပေ။ စစ်မှန်သော​ဝတ်ပြုရေးကို​လည်း စွန့်ခွာ​ရန်​မကြံစည်​ဘဲ ဆင်းရဲ​ခက်ခဲ​မှုများ​ကြား ယေဟောဝါ​ကို​တွယ်ကပ်​နေ၍ ရှောလု​ကြောင့် ထွက်ပြေး​ခဲ့​ရ​စဉ် သူ၌​ရှိသော စိတ်​သဘောထားကို ဆက်​ထိန်းထား​သည်။ ထို​အချိန်တွင် ဒါဝိဒ်​ဤသို့​သီဆို​ခဲ့​၏– “အို​ဘုရားသခင် အကျွန်ုပ်​ကို​သနားတော်မူ​ပါ။ သနားတော်မူ​ပါ။ ကိုယ်တော်၌ အကျွန်ုပ်​ခိုလှုံ​ပါ​၏။ ဖျက်ဆီးခြင်း​ဘေး လွန်သွား​သည်​တိုင်အောင် အတောင်​တော်​အရိပ်​၌​ခိုလှုံ​ပါ​၏။”—ဆာလံ ၅၇:၁သမ္မာ။

၁၀၊ ၁၁။ ဂတ်ထရု​အမည်​ရှိ ခရစ်ယာန်​တစ်ဦး ငယ်ရွယ်စဉ်​က အဘယ်အရာ​တွေ့ကြုံ​ခဲ့​ရသနည်း။ ယုံကြည်မှု​တူ​သူ​ချင်း​များ​၏ ချွတ်ချော်​မှုများ​နှင့်​ပတ်သက်​၍ သူ​မည်သို့​ပြောဆို​သနည်း။

၁၀ ယနေ့ ဘုရားသခင့်​အဖွဲ့အစည်း​အတွင်း သစ္စာမဲ့​သူများ​ရှိသည်​ဟု ကျွန်ုပ်​တို့​တစ်ယောက်မှ ညည်းညူ​စ​ရာ​အကြောင်း​မရှိပါ။ ယေဟောဝါ​ဖြစ်စေ၊ ကောင်းကင်တမန်​များ​ဖြစ်စေ၊ ဝိညာဉ်​ရေး​စိတ်ဓာတ်​ရှိ​သိုးထိန်း​များ​ဖြစ်စေ သစ္စာဖောက်​သူ၊ ဆိုးညစ်သူ​များ​ကို ခရစ်ယာန်​အသင်းတော်​အတွင်း​ရှိနေ​ရန် ခွင့်ပြု​မည်​မဟုတ်ပါ။ မည်သို့​ဆို​စေ ကျွန်ုပ်​တို့အားလုံး ကိုယ်​ကိုယ်တိုင်​နှင့် ဝတ်ပြုမှု​တူ​သူ​ချင်း​များ​၏ မစုံလင်မှုကို အမြဲ​ကြုံနေ​ကြ​ရသည်။

၁၁ ယေဟောဝါ​ကို ဝတ်ပြု​သည်​မှာ သက်တမ်းကြာ​ခဲ့ပြီ​ဖြစ်သော ဂတ်ထရု​သည် လုံမပျို​ဘဝတွင် အချိန်ပြည့် ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူ​တစ်ဦး ဖြစ်ယောင်ဆောင်​သည်​ဟု တလွဲ​စွပ်စွဲ​ခံ​ခဲ့​ရသည်။ ထို​အခါ သူ​မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ ထိုသို့​စွပ်စွဲ​ခံရ​သည့်​အတွက် ဂတ်ထရု ညည်းတွား​ခဲ့​သလော။ မ​ညည်း​ခဲ့​ပါ။ အသက် ၉၁ နှစ်​ရှိချိန် ၂၀၀၃ ခုနှစ်​၌ သူ,မသေဆုံးမီ​လေး​တွင် သူ့​ဘဝ​နောက်ကြောင်း​ကို ပြန်ပြောင်း​သုံးသပ်​ပြီး ဤသို့​ရှင်းပြ​ခဲ့​၏– “မှား​တတ်ကြ​တဲ့ မစုံလင်သူ လူသားတွေကို ယေဟောဝါ​အသုံးပြုပြီး ကိုယ်တော်​ရဲ့​လုပ်ငန်း​ကို ညွှန်ကြား​နေတယ်​ဆိုတာ​ကို အဲဒီ​အဖြစ်အပျက်နဲ့ နောက်ပိုင်း​အဖြစ်အပျက်​တွေ​က ကျွန်မ​ကို​သိရှိစေတယ်။” ဝတ်ပြုမှု​တူ​သူ​ချင်း​များ​၏ မစုံလင်မှု​ကြောင့် အခက်အခဲ​ကြုံ​ရသည့်​အခါ ဂတ်ထရု​သည် ယေဟောဝါ​ထံ ရင်ဖွင့်​ဆုတောင်း​လေ​သည်။

၁၂။ (က) ပထမ​ရာစု​မှ ခရစ်ယာန်​အချို့​သည် အဘယ်​နည်းဖြင့် ပုံသက်သေ​မကောင်း​ခဲ့​ကြ​သနည်း။ (ခ) အဘယ်အရာကို တွေးတော​ဆင်ခြင်​သင့်​သနည်း။

၁၂ သစ္စာ​နှံ​ခရစ်ယာန်​များ​ပင် မစုံလင်သူ​များ​ဖြစ်သော​ကြောင့် ခန့်အပ်​ခံ​ကျေးကျွန်​တစ်ဦး အပြစ်ပြု​မိ​သည့်​အခါ ‘ပြု​လေ​သမျှ​၌ ညည်းညူ​ခြင်း​မရှိဘဲ’ ဆက်၍​ပြု​ကြပါစို့။ (ဖိလိပ္ပိ ၂:၁၄) ကျွန်ုပ်​တို့သည် ပထမ​ရာစု ခရစ်ယာန်​အသင်းတော်​မှ လူ​အချို့​၏ မကောင်းသော​ပုံသက်သေ​ကို လိုက်​မည်​ဆိုလျှင် အလွန်​ဝမ်းနည်းစရာပင်! တပည့်​ဖြစ်သူ ယုဒ​၏​အဆို​အရ ထို​ခေတ်​မှ ဆရာ​အတုအယောင်​တို့သည် “အာဏာစက်​ကို​ပယ်​လျက်၊ ဘုန်း​တန်ခိုး​ကြီးသော​သူတို့ကို ကဲ့ရဲ့” နေကြ​သည်။ ထို​မျှ​မ​က သူတို့သည် “မြည်တမ်း​၍​အပြစ်တင်​တတ်သော​သူ၊” မိမိ​ဘဝ​အခြေအနေ​ကို ညည်းညူ​နေတတ်​သူများ ဖြစ်​ကြ​၏။ (ယုဒ ၈၊ ၁၆) ကျွန်ုပ်​တို့​မူ ညည်းညူ​ပြစ်တင်​တတ်​သူတို့၏ လမ်းစဉ်​ကို​မလိုက်​ဘဲ ‘သစ္စာရှိ​ကျွန်’ မှ​တစ်ဆင့်​ရရှိသော ကောင်းမြတ်​ရာ​များ​ကို စေ့စေ့​ဆင်ခြင်​သုံးသပ်ကြ​ပါ​စို့။ ယေဟောဝါ​အဖွဲ့အစည်း​၏ ကောင်းမြတ်​မှု​ကို တန်ဖိုး​ထား​လေးမြတ်​ပြီး ‘ပြု​လေ​သမျှ​၌ ညည်းညူ​ခြင်း​မရှိဘဲ ပြု​ကြ’ ပါ​စို့။

“ထိုစကား​သည်​အလွန်​ခက်လှ​၏”

၁၃။ ယေရှု​ခရစ်​၏​သွန်သင်ချက်​အချို့​ကို လူ​အချို့ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။

၁၃ ပထမ​ရာစု​မှ အချို့​သူတို့သည် ခန့်အပ်​ခံ​ကျေးကျွန်​များ​ကို မကျေမနပ်​ဖြစ်​ပြီး ညည်းညူ​ပြစ်တင်​ခဲ့​ကြ​သည့်​နည်းတူ ယေရှု၏​သွန်သင်ချက်​များ​ကို ကဲ့ရဲ့​ပြစ်တင်​သူများ​လည်း​ရှိခဲ့​သည်။ ယောဟန် ၆:၄၈-၆၉ တွင် မှတ်တမ်း​တင်ထား​သည့်​အတိုင်း ယေရှု​က “ငါ​၏​အသားကို​စား၍ ငါ​၏​အသွေးကို​လည်း​သောက်​သော​သူသည် ထာဝရ​အသက်ကို​ရ၏” မိန့်တော်မူ၏။ ထိုစကား​ကို​ကြား​သောအခါ ‘တပည့်​အများ​တို့​က ထိုစကား​သည်​အလွန်​ခက်လှ​၏။ အဘယ်သူ​နား​ခံနိုင်​မည်​နည်း​ဟု ဆို​ကြ​၏။’ ‘ထိုသို့ တပည့်​များ ညည်းညူ​ကြသည်​ကို’ ယေရှု​သိတော်မူ၏။ ‘ထို​အခါ​မှ​စ၍ တပည့်​အများ​တို့သည် ကိုယ်တော်​နှင့်​မပေါင်းဖော်​ဘဲ ဆုတ်​သွား​ကြ​၏။’ သို့သော် တပည့်​အားလုံး မ​ညည်းညူ​ပါ။ တမန်​တော် ၁၂ ပါး​ကို ယေရှု​က “သင်တို့သည်လည်း ထွက်သွား​ခြင်း​ငှာ​အလိုရှိ​ကြ​သလော” ဟု​မေးမြန်း​ချိန်​၌ မည်သို့​ဖြစ်ပျက်​ခဲ့​သည်ကို သတိပြုပါ။ တမန်​တော်​ပေတရု​က “သခင်၊ အကျွန်ုပ်​တို့သည် အဘယ်သူ​ထံ​သို့ သွား​ရ​ပါ​မည်​နည်း။ ထာဝရ​အသက်​နှင့်ယှဉ်သော​စကား​သည် ကိုယ်တော်၌​တည်​ပါ​၏။ ကိုယ်တော်​သည် ခရစ်တော်​တည်း​ဟူသော အသက်ရှင်​တော်​မူ​သော ဘုရားသခင်​၏​သားတော်​ဖြစ်​တော်​မူ​သည်ကို အကျွန်ုပ်​တို့​ယုံကြည်​သိမှတ်​ကြ​ပါ​သည်” ဟု​ဖြေဆို​ခဲ့​၏။

၁၄၊ ၁၅။ (က) အချို့​သူတို့သည် ခရစ်ယာန်​သွန်သင်ချက်​အချို့​ကို အဘယ်ကြောင့် မကျေမနပ်​ဖြစ်လာ​သနည်း။ (ခ) အေ​မယ်​နူ​ဝယ်​လ်​၏​အဖြစ်အပျက်​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သိရှိ​ရသနည်း။

၁၄ မျက်မှောက်ခေတ်တွင်  ဘုရားသခင့်​လူမျိုးတော်​မှ လူ​အနည်းငယ်​သည် ခရစ်ယာန်​သွန်သင်ချက်​အချို့​ကို မကျေမနပ်​ဖြစ်လာ​ပြီး ယေဟောဝါ​၏​မြေကြီးဆိုင်ရာ​အဖွဲ့အစည်း​ကို အပြစ်တင်​လာ​ကြသည်။ အဘယ်ကြောင့် ဤသို့​ဖြစ်​ရသနည်း။ အများအားဖြင့် ကိစ္စရပ်​များ​ကို ယေဟောဝါ​ကိုင်တွယ်​ပုံ​ကို နားမလည်​သောကြောင့်​ဖြစ်သည်။ ဖန်ဆင်း​ရှင်​သည် မိမိလူ​တို့အား အမှန်တရားကို အဆင့်ဆင့်​ဖော်ပြ​တော်​မူ​၏။ ထို့​ကြောင့် ကျမ်းစာ​အသိပညာနှင့်​ပတ်သက်သော နားလည်ပုံ​ကို မကြာမကြာ အလိုက်သင့်​ပြုပြင်​ပြောင်းလဲ​ပေး​ရမည်။ ဤသို့​သော​ပြုပြင်​ပြောင်းလဲမှု​များ​ကို ယေဟောဝါ​၏​လူမျိုးတော် အများစုက ဝမ်းသာ​အားရ လက်ခံ​ကြ​ပါ​သည်။ သို့သော် လူ​အနည်းငယ်မှာ​မူ ‘လွန်ကျူး​စွာ ဖြောင့်မတ်’ လာပြီး ထို​ပြုပြင်​ပြောင်းလဲမှု​များ​ကို မကျေမနပ်​ဖြစ်လာ​ကြ​ခြင်း​မှာ မာန်​မာန​စိတ်​ကြောင့်​ဖြစ်​ပေမည်။ (ဒေ. ၇:၁၆) အချို့​ဆိုလျှင် လွတ်လပ်​စွာ​တွေးခေါ်​လို​ခြင်း​ထောင်ချောက်​ထဲ ကျရောက်​သွား​ကြသည်။ မည်သို့​ပင်​ဖြစ်ပါစေ ထိုသို့​ညည်းညူ​မြည်တမ်း​ခြင်း​သည် အန္တရာယ်​ရှိ၏။ အကြောင်း​မှာ ကျွန်ုပ်​တို့ကို ဤ​လောက​နှင့် ယင်း​၏​လမ်းစဉ်​များ​သို့ ပြန်ရောက်​သွား​စေနိုင်​၏။

၁၅ သာဓက​အနေ​နှင့်  သက်သေခံ​တစ်ဦး​ဖြစ်သူ အေ​မယ်​နူ​ဝယ်​လ်​သည် ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ ၏​စာပေ​စာတမ်း​များ​ပါ အကြောင်း​အချို့​ကို အပြစ်ရှာ​လေ​သည်။ (မဿဲ ၂၄:၄၅) သို့ဖြင့် ခရစ်ယာန်​စာပေ​များ​ကို ဆက်​မဖတ်​တော့​ချေ။ နောက်ဆုံး​တွင် ယေဟောဝါသက်သေ​တစ်ဦး မဖြစ်​လို​တော့​ကြောင်း ဒေသခံ​အကြီးအကဲ​များ​ကို သူ​ပြောလိုက်​သည်။ သို့သော် များ​မကြာမီ​ပင် ယေဟောဝါ​အဖွဲ့အစည်း​၏​သွန်သင်ချက်​များသည် မှန်ကန်ကြောင်း အေ​မယ်​နူ​ဝယ်​လ် သိမြင်​လာ​သည်။ ထို​အခါ သက်သေခံ​များနှင့် ပြန်​ဆက်သွယ်​ကာ သူ၏​အမှား​ကို ဝန်ခံ​ပြီး​နောက် ယေဟောဝါသက်သေ​တစ်ဦး ပြန်​ဖြစ်လာ​သည်။ သို့ဖြင့်​ပျော်ရွှင်သူ​တစ်ဦး ပြန်​ဖြစ်လာ​လေ​သည်။

၁၆။ ခရစ်ယာန်​သွန်သင်ချက်​အချို့​ကို သံသယဝင်​လာ​ပါ​က မည်သို့​ပြု​နိုင်​သနည်း။

၁၆ ယေဟောဝါ​၏​လူမျိုး ခံယူ​ထား​ကြ​သည့် သွန်သင်ချက်​အချို့​ကို ကျွန်ုပ်​တို့ သံသယ​ဖြစ်လာ​သည့်​အတွက် ညည်းညူ​ချင်စိတ်​ပေါ်လာ​လျှင်​ကော။ သို့​ဖြစ်​လျှင် စိတ်ရှည်​စွာ စောင့်ဆိုင်း​ပါ။ ‘သစ္စာရှိ​ကျွန်’ သည် ကျွန်ုပ်​တို့၏ အမေး​များ​အတွက် အဖြေ​ပါ​သော​ဆောင်းပါး​များ နောက်ဆုံး​တွင် ထုတ်​ဝေပေး​သည့်​အခါ သံသယ​ကင်းရှင်း​သွားပေ​လိမ့်​မည်။ ထို့​ပြင် ခရစ်ယာန်​အကြီးအကဲ​များ​၏ အကူအညီကို​တောင်းခံ​ခြင်း​သည် ပညာရှိရာ​ရောက်​သည်။ (ယုဒ ၂၂၊ ၂၃) ဆုတောင်းခြင်း၊ ကိုယ်ပိုင်​လေ့လာမှု​ပြုလုပ်ခြင်း၊ ဝိညာဉ်​ရေး​စိတ်ထား​ရှိသော ယုံကြည်သူချင်း​များနှင့် ပေါင်းသင်း​ခြင်း​တို့သည် သံသယ​ကင်းရှင်း​စေ​သည်။ ထို့​ပြင် ယုံကြည်ခြင်း​ခိုင်ခံ့​စေသော ကျမ်းစာ​အမှန်တရား​များ​ကို ယေဟောဝါ​၏​ဆက်သွယ်ရေး​လမ်းကြောင်း​မှ သိရှိ​လာ​သည့်​အတွက် ကျေးဇူး​တင်​စိတ်​တိုးများ​လာ​စေနိုင်​သည်။

အပြုသဘော ဆက်​ရှိစေပါ

၁၇၊ ၁၈။ ညည်းညူ​မြည်တမ်း​မည့်​အစား အဘယ်​သဘောထား​ရှိ​သင့်​သနည်း။ အဘယ်ကြောင့်​နည်း။

၁၇ မစုံလင်သူ​လူသားများ​၌ အပြစ်ပြု​လို​သည့်​သဘော​ရှိ​နေသည်​မှာ မငြင်း​သာ​ပေ။ အချို့​သူတို့​ဆိုလျှင် အကြောင်းမဲ့​ညည်းညူ​မြည်တမ်း​လို​စိတ် အမြစ်စွဲ​နေနိုင်​သည်။ (ကမ္ဘာဦး ၈:၂၁; ရောမ ၅:၁၂) သို့သော် ကျွန်ုပ်​တို့​တွင် ညည်းညူ​မြည်တမ်း​သည့်​အကျင့်​ရှိနေ​ပါ​က ယေဟောဝါ​ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို ထိခိုက်​စေမည်။ ထို့​ကြောင့် ညည်းညူ​မြည်တမ်း​လို​စိတ် ရှိရှိသမျှကို ထိန်းချုပ်​ထား​ဖို့​လို​သည်။

၁၈ ကျွန်ုပ်​တို့သည် အသင်းတော်​ကိစ္စ​များ​ကို ညည်းညူ​ပြောဆို​နေ​မည့်​အစား အပြုသဘော​ဆက်​ရှိပြီး ကျွန်ုပ်​တို့အား အလုပ်​များနေ​စေသော၊ ပျော်ရွှင်​စေသော၊ ရိုသေ​လေးစား​စေသော၊ ဟန်ချက်ညီ​စေပြီး ယုံကြည်ခြင်း ကျန်း​ခံ့​စေသော​အလုပ်များ​ကို ပုံမှန်​လုပ်ဆောင်​နေလျှင် ကောင်း​သည်။ (၁ ကောရိန္သု ၁၅:၅၈; တိတု ၂:၁-၅) ယေဟောဝါ​သည် မိမိ​အဖွဲ့အစည်း​ကို ကောင်းစွာ​ကြီးကြပ်​ကွပ်ကဲ​နေ​တော်​မူ​၏။ ယေရှုသည်​လည်း ပထမ​ရာစု​၌​ကဲ့သို့​ပင် အသင်းတော်​တစ်ခုစီ​တွင် အဘယ်အရာ​ဖြစ်ပျက်​နေကြောင်း သိရှိ​တော်​မူ​၏။ (ဗျာ. ၁:၁၀၊ ၁၁) ဘုရားသခင်​ကိုလည်း​ကောင်း၊ အသင်းတော်​၏​ဦးခေါင်း​ဖြစ်သော ခရစ်တော်​ကိုလည်း​ကောင်း စိတ်ရှည်​စွာ​စောင့်ဆိုင်း​ပါ။ တာဝန်​ရှိ​သိုးထိန်း​များသည် လိုအပ်​သည်​များ​ကို ပြုပြင်​တည့်မတ်​ပေး​ပါ​လိမ့်​မည်။—ဆာလံ ၄၃:၅; ကောလောသဲ ၁:၁၈; တိတု ၁:၅

၁၉။ မေရှိယနိုင်ငံတော်​သည် လူ့​ရေးရာ​များ​ကို အပြည့်အဝ​ထိန်းချုပ်​ချိန်​မရောက်မချင်း အဘယ်အရာကို ကျွန်ုပ်​တို့ အာရုံစိုက်​သင့်​သနည်း။

၁၉ ဤ​အစီအစဉ်​စနစ်ဆိုး​သည် မကြာမီ အဆုံးတိုင်တော့​မည်။ မေရှိယနိုင်ငံတော်​သည် လူ့​ရေးရာ​များ​ကို အပြည့်အဝ​ထိန်းချုပ်​ပါ​လိမ့်​မည်။ ထို​အချိန်​မရောက်မချင်း ကျွန်ုပ်​တို့​တစ်ဦးစီ​သည် အပြုသဘော​ဆက်​ရှိနေဖို့ အလွန်​အရေးကြီး​လိုက်​လေ​ခြင်း! ထို​သဘောထား​သည် ယုံကြည်မှု​တူ​သူ​ချင်း​တို့၏ အမှား​များ​ကို အာရုံစိုက်​စေ​မည့်​အစား သူတို့၏​ကောင်းကွက်​များ​ကို သိမြင်စေပါ​လိမ့်​မည်။ သူတို့၏​အရည်အသွေးကောင်း​များ​ကို အာရုံစိုက်​ခြင်း​ဖြင့် ကျွန်ုပ်​တို့ ပျော်ရွှင်​နိုင်​ကြ​မည်။ ညည်းညူ​မြည်တမ်း​ပြီး စိတ်​ပန်း​လူ​ပန်း​ဖြစ်နေ​မည့်​အစား ဝိညာဉ်​ခွန်အား​ရရှိ​ပြီး တည်ဆောက်မှု​ဖြစ်စေ​ပါ​လိမ့်​မည်။

၂၀။ အပြုသဘော​ရှိ​ခြင်း​ဖြင့် အဘယ်​ကောင်းချီး​များ ခံစား​နိုင်​မည်​နည်း။

၂၀ အပြုသဘော​ရှိ​ခြင်း​သည် ယေဟောဝါ​အဖွဲ့အစည်း​၏ မြေကြီးဆိုင်ရာ​အပိုင်း​နှင့် ပူးပေါင်း​ရခြင်း​ကြောင့် ကျွန်ုပ်​တို့ ကောင်းချီး​များစွာ​ခံစားရ​သည်ကို​လည်း အသိအမှတ်ပြု​စေပါ​လိမ့်​မည်။ ဤ​အဖွဲ့အစည်း​တစ်ခု​တည်း​သာ စကြဝဠာ​ပိုင်သ​အုပ်စိုးရှင်​ကို သစ္စာစောင့်သိ​ရိုသေ​သည်။ ထို​အဖြစ်မှန်​ကိုလည်း​ကောင်း၊ တစ်ဆူတည်း​သော စစ်မှန်​သည့်​ဘုရားသခင် ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​ရသည့် အခွင့်ထူး​ကိုလည်း​ကောင်း သင်​မည်သို့​သဘောထား​သနည်း။ ‘ဆုတောင်းခြင်း​ကို နားညောင်း​တော်​မူ​သော​အရှင် ကိုယ်တော့်​ထံ​သို့ လူအပေါင်း​တို့သည် ချဉ်းကပ်​ရ​ကြ​ပါ​လိမ့်​မည်။ တံတိုင်း​တော်​အတွင်း​၌​နေ​စေခြင်း​ငှာ ကိုယ်တော်​ရွေးချယ်​၍ ချဉ်းကပ်​စေတော်မူ​သော​သူသည် မင်္ဂလာ​ရှိပါ၏။ သန့်ရှင်းသော အိမ်တော်​၏​ကောင်းမြတ်သော​အရာများ​နှင့် အကျွန်ုပ်​တို့သည် ရောင့်ရဲ​ကြ​ပါ​လိမ့်​မည်’ ဟု​သီဆို​ခဲ့​သူ ဆာလံဆရာ​ဒါဝိဒ်​၏​စိတ်ထား​မျိုး သင်၌​ရှိပါ​လေ​စေ။—ဆာလံ ၆၅:၂၊သမ္မာ။

သင်​မှတ်မိ​သလော။

• အသင်းတော်တွင် ဦးစီး​ဦးဆောင်နေသူ​များ ရှိသည့်​အတွက် အဘယ်ကြောင့် ကျေးဇူး​တင်​သင့်​သနည်း။

• ဦးစီး​ဦးဆောင်​သော​ညီအစ်ကို​များ အမှား​ပြု​မိ​သည့်​အခါ ကျွန်ုပ်​တို့ မည်သို့​တုံ့ပြန်​သင့်​သနည်း။

• ကျမ်းစာ​အသိပညာ သဘောပေါက်​ပုံ​ကို ပြုပြင်​ပြောင်းလဲ​သည့်​အခါ ယင်းကို ကျွန်ုပ်​တို့ မည်သို့​ရှုမြင်​သင့်​သနည်း။

• ခရစ်ယာန်​တစ်ဦး သံသယစိတ်​ဝင်လာ​ပါ​က မည်သို့​ပြု​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဒါဝိဒ်​သည် ရှောလမုန်​ကို ဝတ်ပြုရာ​အိမ်တော်​ဆောက်လုပ်ရေး အစီအစဉ်များ​ပေး​ပြီး စစ်မှန်သော​ဝတ်ပြုရေးကို စိတ်နှလုံး​အကြွင်းမဲ့ ထောက်ခံ​ခဲ့

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ခရစ်ယာန်​အကြီးအကဲ​များသည် ဝိညာဉ်​ရေး​အကူအညီကို ဝမ်းသာ​အားရ​ပေး​ကြ