မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆိတ်မွေးကြမ်းအင်္ကျီ နှင့်ဝိညာဉ်ရေး

ဆိတ်မွေးကြမ်းအင်္ကျီ နှင့်ဝိညာဉ်ရေး

ဆိတ်​မွေး​ကြမ်း​အင်္ကျီ နှင့်​ဝိညာဉ်​ရေး

ယင်းကို ပြင်သစ်​နိုင်ငံ​၏ န​ဝ​မ​မြောက် လူ​ဝီစ်​ဘုရင် ဝတ်ဆင်​ခဲ့​ဖူး​သည်။ ယင်း​၏​အကူအညီ​ဖြင့် ဆာ တော​မတ်​စ်​မိုး​သည် လူငယ်​ဘဝတွင် ဥပဒေ​ပညာရပ်​ကို တစ်နေ့​လျှင် ၁၉/၂၀ နာရီ​ကြာ လပေါင်း​များစွာ မ​အိပ်​မနေ​ဆည်းပူး​ခဲ့​သည်။ မိုး​သည် သူ၏​ဘဝ​တစ်လျှောက်​လုံး​နီးပါး ယင်းကို​ဝတ်ဆင်​ခဲ့​ကြောင်း လူသိ​များသည်။ ကဲ​န်​တာ​ဘာ​ရီ​ဘုရားကျောင်း​တွင် ယင်း​၏​ဂိုဏ်းချုပ်ကြီး သောမတ်စ်​ဘက်က​က် အသတ်ခံရ​ချိန်​က သူ့​ကိုယ်​ပေါ်​ရှိ​အဝတ်အစား​များ​အောက်တွင် ယင်းကို​ဝတ်ဆင်​ထား​ကြောင်း မမျှော်လင့်​ဘဲ တွေ့ခဲ့​ကြသည်။ ဤ​အထင်ကရ​ပုဂ္ဂိုလ်​များ​၏​တူညီချက်​ကား အဘယ်နည်း။ သူတို့သည် ဆိတ်​မွေး​ကြမ်း​အင်္ကျီ​ဝတ်ဆင်ခြင်း​ဖြင့် ကိုယ့်​ကိုယ်ကို​ဆုံးမ​၍ သူတို့၏​သွေးသား​ဆန္ဒ​ကို ချိုးနှိမ်​ခဲ့​ကြ​ခြင်း​ဖြစ်သည်။

ဆိတ်​မွေး​ဖြင့်​ပြုလုပ်​ထား​သည့် အထည်​ကြမ်း​ကို အသား​နှင့်​ကပ်လျက် ဝတ်ဆင်​ရသည်​ဖြစ်​ရာ အရေပြား​ကို ယားယံ​ပွန်းပဲ့​စေ​သဖြင့် အလွန်​ပင် နေရ​ထိုင်​ရ​ခက်​ပြီး နာကျင်စေ​သည်။ ထို​တွင် သန်း​များလည်း အလွယ်တကူ တွယ်ကပ်​လာနိုင်​သည်။ သောမတ်စ် ဘက်က​က်​သည် သူ၏​ဆိတ်​မွေး​ကြမ်း​အင်္ကျီ​နှင့် ဆိတ်​မွေး​ကြမ်း​ဘောင်းဘီ​တို​ကို “ကိုယ်​သန်း​များ​ပြွတ်ခဲ​နေသည့်” အထိ ဝတ်ဆင်​ခဲ့​သည်​ဟု​ဆို​၏။ ၁၆ ရာစု​နောက်ပိုင်း​တွင် အချို့​က ဆိတ်​မွေး​ကြမ်း​အစား ဆူး​ထ​စ်​များ​ပါ​သော ပါးလွှာ​သည့်​နန်းကြိုး​ကို အသုံးပြု​လာ​ကြသည်။ အတွင်း​ဖက်​တွင် ဆူး​ထ​စ်​များ​ပါ​သော ၎င်း​အင်္ကျီ​သည် ဝတ်ဆင်​သူကို ပို​၍​ပင် နာကျင်စေ​သည်။

ကိုးကားချက်​တစ်ခု​အရ ဆိတ်​မွေး​ကြမ်း​အင်္ကျီ​ဝတ်ဆင်ခြင်း​သည် ကိုယ့်​ကိုယ်ကို​ဆုံးမ​သည့် အခြား​နည်း​များ​ကဲ့သို့ “သွေးသား​ဆန္ဒ​ကို နှိပ်ကွပ်ခြင်း​ဖြင့် ဝိညာဉ်​ရေး​ကို​အဓိက​ထား​သည့် စိတ်သဘော​နှင့် ဘဝ​ပုံစံ​ကို ဖြစ်ပေါ်​စေ” ရန်ဖြစ်​သည်။ ကိုယ့်​ကိုယ်ကို အလွန့်အလွန်​ခြိုးခြံ​ကျင့်ကြံ​သူများ​သာ မဟုတ်ဘဲ ဩဇာ​အာဏာ​ရှိ​သူများ​အပါအဝင် သာမန်​လူ​ဝတ်​ကြောင်​များလည်း ယင်းကို ဝတ်ဆင်​ခဲ့​ကြသည်။ ယခု​ခေတ်​၌​ပင် ဘာသာရေး​ဂိုဏ်း​အချို့​သည် ယင်း​ဓလေ့​ကို ကျင့်သုံး​နေကြ​ဆဲ​ဖြစ်သည်။

ဆိတ်​မွေး​ကြမ်း​အင်္ကျီ​ဝတ်ဆင်ခြင်း သို့​မဟုတ် ခြိုးခြံ​ကျင့်ကြံခြင်း​သည် လူတစ်ဦး​အား ဝိညာဉ်​ရေး​ကို​အလေးထား​သူ ဖြစ်စေ​သလော။ မဖြစ်စေ​ပါ။ ဝိညာဉ်​ရေး​ကို အလေးထား​သူ​ဖြစ်​ခြင်း​သည် အဆိုပါ​ကျင့်ကြံ​မှုများ​အပေါ် မ​မူတည်​ပါ။ အမှန်​မှာ “ကိုယ်ကာယ​ကို​နှိပ်စက်ခြင်း” ကို​တမန်​တော်​ပေါလု ပြစ်တင်​ပြောဆို​ခဲ့​သည်။ (ကောလောသဲ ၂:၂၃) * ယင်းအစား သမ္မာကျမ်းစာ​ကို ဝီရိယ​ရှိ​ရှိ​လေ့လာခြင်း​ဖြင့် ဘုရားသခင်​အား သိကျွမ်းခြင်း​ပညာ​ကို ဆည်းပူး​ယူပြီး ယင်းကို ဘဝတွင်​ကျင့်သုံး​မှ​သာ ဝိညာဉ်​ရေး​ကို​အလေးထား​သူ အမှန်​ဖြစ်​နိုင်​ပါ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ယင်း​အကြောင်းအရာ​နှင့်​ပတ်သက်​၍ ထပ်ဆင့်​အချက်အလက်​များ​အတွက် ၁၉၉၇၊ အောက်တိုဘာ ၈၊ နိုးလော့! [လိပ်] မှ “သမ္မာကျမ်းစာ​ရှုထောင့်– ခြိုးခြံ​ကျင့်ကြံခြင်း​သည် ဉာဏ်ပညာ​၏​သော့ချက်​လော” ကို​ရှု။

[Picture Credit Lines on page 32]

King Louis IX, top: From the book Great Men and Famous Women; Thomas Becket, center: From the book Ridpath’s History of the World (Vol. IV); Thomas More, bottom: From the book Heroes of the Reformation, 1904