မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောက်ဆုံးတော့ ကျွန်မတို့မိသားစုစည်းလုံးပြီ!

နောက်ဆုံးတော့ ကျွန်မတို့မိသားစုစည်းလုံးပြီ!

ဘဝ​အတ္တုပ္ပတ္တိ

နောက်ဆုံး​တော့ ကျွန်မ​တို့​မိသားစု​စည်းလုံး​ပြီ!

စူမီ​ကို ဟီ​ရာ​နို ပြောပြ​သည်

အကောင်းဆုံး​ဘဝ​လမ်းစဉ်​ကို ကျွန်မ​တွေ့ ခဲ့​ပြီး ကျွန်မ​အမျိုးသားကို​လည်း ကျွန်မ​နဲ့​အတူ လိုက်​စေချင်တယ်။ အဲဒီလို​ဖြစ်လာ​ဖို့ လေး​ဆယ့်နှစ်,နှစ် ကြာ​ခဲ့​တယ်။

ကျွန်မ အသက် ၂၁ နှစ်အရွယ်​ဖြစ်​တဲ့ ၁၉၅၁ ခုနှစ်​မှာ ကျွန်မ​တို့​လက်ထပ်ခဲ့​ကြတယ်။ လေးနှစ်​အတွင်း သားလေး​နှစ်ယောက်​ရခဲ့ပြီး ကျွန်မ​ဘဝမှာ အရာ​ရာ​အဆင်ပြေ​နေတဲ့​ပုံ​ပဲ။

၁၉၅၇ ခုနှစ်​ရဲ့ နေ့​တစ်နေ့​မှာ ကျွန်မ​ရဲ့​အစ်မ​က ယေဟောဝါသက်သေ သာသနာပြု​တစ်ယောက် သူ့​ဆီ​လည်ပတ်​ခဲ့​တဲ့​အကြောင်း ပြောပြ​တယ်။ ကျွန်မ​ရဲ့​ညီမ​ဟာ ဗုဒ္ဓ​ဘာသာဝင်​တစ်ယောက်​ဖြစ်​ပေမဲ့ အဲဒီ​သာသနာပြု​နဲ့ ကျမ်းစာ​စလေ့လာ​ပြီး ကျွန်မ​ကိုလည်း ကျမ်းစာ​လေ့လာ​ဖို့​အားပေးတယ်။ ကျွန်မ​က ပရိုတက်စတင့်​ချာ့ခ်ျ​တစ်ခု​မှာ တက်ရောက်​နေပေမဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့​အမှား​ကို ထောက်ပြ​နိုင်​မယ်​ထင်​လို့ ကျွန်မ သဘောတူ​လိုက်တယ်။

မကြာခင်​မှာ ကျွန်မ ကျမ်းစာ​အကြောင်း ဘာမှ​မသိ​ပါ​လား​ဆိုတာ ကိုယ့်​ကိုယ်ကို​သိလာတယ်။ “ယေဟောဝါ​ဆိုတာ ဘယ်သူလဲ” လို့ ခရစ်ယာန်​သာသနာပြု​ကို ကျွန်မ​မေးလိုက်တယ်။ ကျွန်မ​ရဲ့​ချာ့ခ်ျ​မှာ ဒီ​နာမည်​သုံးတာ တစ်ခါ​မှ​မကြား​ဖူး​ဘူး။ ခရစ်ယာန်​သာသနာပြု​ဖြစ်​တဲ့ ဒယ်​ဖ​နီ​ကွ​ခ်​က ယေဟောဝါ​ဟာ အတိုင်းအဆမဲ့​တန်ခိုးရှင်​ဘုရားသခင်​ရဲ့ နာမည်​ဆိုတာ ရှင်းရှင်းလင်းလင်း​ဖော်ပြ​ထား​တဲ့ ဟေရှာယ ၄၂:၈ ကို​ဖွင့်ပြ​တယ်။ ဒယ်​ဖ​နီ​က ကျွန်မ​ရဲ့​မေးခွန်း​အားလုံး​ကို ကျမ်းစာ​နဲ့​ဖြေဆို​ပေး​ခဲ့​တယ်။

ဓမ္မ​ဆရာ​ကို အဲဒီ​မေးခွန်းတွေကို​ပဲ ကျွန်မ​မေးခဲ့တယ်။ သူက “မေးခွန်း​မေး​တာ အပြစ်​ရှိတယ်။ ခင်ဗျား​ကို ပြောပြ​တာတွေကို ယုံ​သာ​ယုံ​လိုက်ပါ” ဆိုပြီး ကျွန်မ​ကို ပြော​တယ်။ မေးခွန်း​မေးတယ်​ဆိုတာ အပြစ်​ရှိတယ်လို့ ကျွန်မ,မခံစား​ရပေမဲ့ ခြောက်​လ​ကြာ​တဲ့​အထိ တနင်္ဂနွေ​နေ့ မနက်​တိုင်း​ချာ့ခ်ျ​ကို​သွားပြီး ညနေပိုင်း​ကျ​တော့ ယေဟောဝါသက်သေ​တွေ​ရဲ့​အစည်းအဝေးတွေကို သွား​တက်​ခဲ့​တယ်။

ကျွန်မ​ရဲ့​အိမ်ထောင်​အပေါ် သက်ရောက်မှု

သမ္မာကျမ်းစာ​ကနေ လေ့လာ​ခဲ့​တဲ့​အရာ​တွေ​ကြောင့် ကျွန်မ​စိတ်​လှုပ်ရှား​ပြီး ကျွန်မ​ရဲ့​ခင်ပွန်း ကာ​ဇူ​ဟီ​ကို,ကို ပြန်​ပြောပြ​လေ့​ရှိတယ်။ လေ့လာမှု​နဲ့ အစည်းအဝေး​ပြီး​တိုင်း ကျွန်မ​သင်ယူ​ခဲ့​တဲ့​အရာ​ကို သူ့ကို ပြောပြ​တယ်။ အကျိုးဆက်​အနေ​နဲ့ ကျွန်မ​တို့​နှစ်ယောက်​ကြား​ဆက်ဆံ​ရေး အေးစက်​စက်​ဖြစ်လာ​တယ်။ သူက ကျွန်မ​ကို ယေဟောဝါသက်သေ​တစ်ယောက် မဖြစ်စေ​ချင်ဘူး။ ဒါပေမဲ့ ကျမ်းစာ​လေ့လာ​ရတာ သိပ်​ကျေနပ်စရာ​ကောင်း​တဲ့​အတွက် ကျွန်မ​ဆက်​လေ့လာ​ပြီး ယေဟောဝါသက်သေ​တွေ​နဲ့ ပေါင်းသင်း​ခဲ့​တယ်။

အစည်းအဝေးတွေ​ရှိတဲ့​ည​မှာ​ဆိုရင် အစည်းအဝေး​မသွား​ခင် ကျွန်မ​ခင်ပွန်း​အကြိုက်ဆုံး​ဟင်း​တွေ​ကို ချက်​ပေး​ခဲ့​ပေမဲ့ သူက အပြင်မှာ​ပဲ​ထွက်​စား​တတ်တယ်။ အစည်းအဝေး​ပြီး​လို့ ကျွန်မ​အိမ်​ရောက်တဲ့အခါ သူ​စိတ်ဆိုး​ပြီး စကား​မပြောတော့ဘူး။ နှစ်​ရက်၊ သုံးရက်ကြာ​ပြီး​တဲ့​နောက် စိတ်ဆိုး​ပြေ​သွားပေ​မဲ့ နောက်​အစည်းအဝေး​ချိန်​ပြန်ရောက်​လာတော့ သူ​စိတ်ဆိုး​ပြန်​ရော။

ဒီ​အတောအတွင်း ကျွန်မ တီဘီ​ရောဂါ​ဖြစ်လာ​တယ်။ ကျွန်မ​ခင်ပွန်း​ရဲ့ မိသားစုဝင်​တချို့က ဒီ​ရောဂါ​နဲ့​သေဆုံး​သွားတဲ့​အတွက် သူ​အရမ်း​စိုးရိမ်​ခဲ့​တယ်။ ဒါ​ကြောင့် ကျွန်မ​နေကောင်း​လာတဲ့အခါ ကြိုက်​တာ​လုပ်နိုင်​တယ်လို့ ပြော​တယ်။ ပတ်စဉ်​အစည်းအဝေး​တက်တာ​ကို မ​ကန့်ကွက်​ဖို့ ကျွန်မ​တောင်းဆို​တော့ သူ​လက်ခံ​လိုက်တယ်။

ကျွန်မ​ပြန်နေ​ကောင်း​လာဖို့ ခြောက်​လ​ကြာ​ခဲ့​တယ်၊ အဲဒီ​အတောအတွင်း ကျမ်းစာ​ကို အာရုံ​စူးစိုက်​လေ့လာ​ခဲ့​တယ်။ ယေဟောဝါသက်သေ​တွေ​ရဲ့​သွန်သင်ချက်​ထဲမှာ မှားယွင်း​တဲ့​အချက်​တွေ​ကို ကျွန်မ​ရှာဖွေခဲ့​တယ်။ အမှား​တစ်ချက်​လေး​တွေ့​မယ်​ဆိုရင် ကျမ်းစာ​သင်အံမှု​ရပ်​လိုက်မယ်​လို့ စဉ်းစား​ခဲ့​တယ်။ ဒါပေမဲ့​တစ်ခု​မှ မ​တွေ့ခဲ့​ဘူး။အဲဒီအစား ပရိုတက်စတင့်​ချာ့ခ်ျ​ရဲ့​အမှားတွေ​က ပို​လို့​တောင် ထင်ရှား​လာတယ်။  ယေဟောဝါ​ရဲ့​မေတ္တာတော်နဲ့ တရား​မျှတမှုကို သိ​နားလည်​လာပြီး ကိုယ်တော့်​ဥပဒေ​နဲ့​အညီ အသက်ရှင်​နေထိုင်ခြင်း​ရဲ့ အကျိုးကျေးဇူး​ကိုလည်း မြင်တွေ့ခဲ့​ရတယ်။

နေကောင်း​လာပြီး​တဲ့​နောက် ကျွန်မ​ခင်ပွန်း​က သူ့​ကတိ​အတိုင်းပဲ ကျွန်မ​အစည်းအဝေးတွေ​သွားတာကို မဆန့်ကျင်​တော့​ဘူး။ ဝိညာဉ်​ရေး​မှာ တိုးတက်လာ​ပြီး ၁၉၅၈၊ မေလ​မှာ ယေဟောဝါသက်သေ​တစ်ယောက်​အဖြစ် ကျွန်မ​နှစ်ခြင်း​ခံ​လိုက်တယ်။ စစ်မှန်​တဲ့​ဘုရားသခင်​ကို ကျွန်မ​ကိုးကွယ်​သလို ကျွန်မ​ရဲ့​မိသားစုကိုလည်း ကိုးကွယ်​စေ​ချင်​လိုက်တာ။

ကလေး​တွေ​ကို ဝိညာဉ်​ရေး​မှာ​ကူညီ​ပေး

ကျွန်မ​သားလေး​တွေ​ဟာ အစည်းအဝေးတွေ၊ ဟောပြောခြင်း​လုပ်ငန်း​တွေ​မှာ ကျွန်မ​နဲ့​အတူ အမြဲ​လိုက်နေ​ပေမဲ့ တကယ်တော့ သူတို့ဟာ ကျမ်းစာ​အသိပညာ​မှာ တိုးတက်​နေတာကို တချို့​အဖြစ်အပျက်​တွေ​ကနေ ကျွန်မ​သိမြင်ခဲ့​ရတယ်။ တစ်နေ့​မှာ ကျွန်မ​ရဲ့​ခြောက်​နှစ်​သား မာ​စာ​ဟီ​ကို​ဟာ အိမ်အပြင်​မှာ ကစား​နေတုန်း အသံ​ကျယ်​ကြီး​တစ်ခု ကြား​လိုက်ရ​ပြီး တစ်ယောက်ယောက် ငယ်​သံ​ပါ​အောင်​အော်​တာ​ကိုလည်း ကြား​ရတယ်။ အိမ်နီးချင်း​တစ်ယောက် ကျွန်မ​အိမ်ထဲ​ကို အပြေး​ဝင်လာ​ပြီး ကျွန်မ​သား ကား​တိုက်ခံ​ရတယ်လို့ စိုးရိမ်​တ​ကြီး​နဲ့​ပြော​တယ်။ သူ သေ​များ​သေသွား​ပြီ​လား။ ကျွန်မ အိမ်ပြင်ဘက်​ကို အပြေး​ထွက်​လာ​ရင်း စိတ်​ငြိမ်ငြိမ်​ထား​နိုင်အောင် ကြိုးစား​ခဲ့​တယ်။ မြင်​မကောင်း​အောင် ဖြစ်သွား​တဲ့ သူ့ရဲ့​စက်ဘီး​ကို တွေ့​တဲ့​အခါ ကျွန်မ​တုန်လှုပ်​သွားပေ​မဲ့ နည်းနည်း​ပဲ​ဒဏ်ရာ​ရပြီး ကျွန်မ​ဆီ​ကို သူ​လျှောက်လာ​တာ​ကို​တွေ့ခဲ့​ရတယ်။ ကျွန်မ​ကို ဖက်တွယ်​ပြီး “အမေ၊ ယေဟောဝါ​က သားကို ကယ်​လိုက်တာ၊ ဟုတ်တယ်​မဟုတ်လား” ဆိုပြီး​ပြော​တယ်။ သား​မသေ​တာ​ကို မြင်ရလို့​ရ​ယ်၊ သား​ပြော​တဲ့​စကား​လေး​တွေ ကြား​ရလို့​ရ​ယ် ကျွန်မ မျက်ရည်ကျခဲ့​တယ်။

တစ်နေ့​မှာ အမှုဆောင်ထွက်​နေတုန်း အဘိုး​ကြီး​တစ်ယောက်ကို ကျွန်မ​တို့​တွေ့ခဲ့​တယ်။ သူက “ကလေး​ကို ဘာဖြစ်​လို့ ဒီလို​အတင်း​လုပ်​ခိုင်း​ရတာလဲ။ သနား​ဖို့​ကောင်း​လိုက်တာ” လို့ အော်ပြော​တယ်။ ကျွန်မ​ပြန်​မပြော​ခင်​မှာ ရှစ်နှစ်​သား တို​မို​ယို​ရှီ​က “ဘိုးဘိုး၊ အမေက အတင်း​ခိုင်း​တာ​မဟုတ်ပါဘူး။ ယေဟောဝါ​အမှုတော်ကို ကျွန်တော်​ကိုယ်တိုင်​က လုပ်ချင်​လို့​ပါ” လို့​ပြန်​ပြော​လိုက်တယ်။ အဘိုးအို​ခမျာ  ကြောင်​တောင်​တောင်​ဖြစ်သွား​ပြီး ဘာမှ​ပြန်​မပြော​နိုင်​တော့​ဘူး။

ကျွန်မ​ရဲ့​သားတွေဟာ ဝိညာဉ်​ရေး​အရ ဖတဆိုး​လေး​တွေ​ဖြစ်​ကြတယ်။ ဒါ​ကြောင့် ကျွန်မ​ကိုယ်တိုင် သင်ယူစရာ​အများကြီး​ရှိသေး​ပေမဲ့ သူတို့ကို ကျမ်းစာ​အမှန်တရား​သင်ပေးခဲ့တယ်။ ချစ်ခြင်း​မေတ္တာ၊ ယုံကြည်ခြင်း၊ စိတ်​ထက်သန်မှု​တွေ​ကို ကျွန်မ​ကိုယ်တိုင်​ပြုစု​ပျိုးထောင်​ပြီး ပုံသက်သေ​ကောင်း​တင်ပြ​ဖို့ ကြိုးစား​ခဲ့​ရတယ်။ ကလေး​တွေ​ရှေ့မှာ နေ့တိုင်း ယေဟောဝါ​ဆီ​ဆုတောင်း​တယ်။ ကျွန်မ​ရဲ့​ဟောပြောခြင်း​လုပ်ငန်း​တွေ့ကြုံမှု​တွေ​ကို သူတို့ကို ပြန်​ပြောပြ​တယ်။ အဲဒါ​က သူတို့​အတွက် ခွန်အား​ဖြစ်​ခဲ့​တယ်။ ရှေ့ဆောင် ဒါမှ​မဟုတ် ယေဟောဝါသက်သေ​တွေ​ရဲ့ အချိန်ပြည့်​အမှုဆောင်​အဖြစ် ဘာကြောင့်​လုပ်​ရသလဲ​လို့ နောက်ပိုင်း​မှာ သူတို့ကို ပြန်​မေးကြည့်​တော့ “ရှေ့ဆောင်​လုပ်ငန်းမှာ အမေ​ပျော်​နေတာကို မြင်ရ​တော့ သားတို့​လည်း ပျော်​ချင်​တာပေါ့” လို့​ပြန်ဖြေ​ခဲ့​ကြတယ်။

သူတို့​အဖေနဲ့​ပတ်သက်ပြီး ဒါမှ​မဟုတ် အသင်းတော်မှာ​ရှိတဲ့ တခြား​တစ်ယောက်ယောက်​နဲ့​ပတ်သက်ပြီး ဝေဖန်​တဲ့​စကား​တွေ​မပြော​မိဖို့ ကျွန်မ​တော်တော်လေး​ဂရုစိုက်​ခဲ့​ရတယ်။ အပျက်သဘော​ဆောင်​တဲ့ စကား​တွေ​ပြော​ခြင်း​က ကျွန်မ​ကလေး​တွေ​အပေါ် အကျိုးယုတ်​စေမယ်​ဆိုတာ​ကို ကျွန်မ​ကောင်းကောင်း​သိလို့ပါပဲ။ အပြော​ခံရ​တဲ့​သူ​ရော ပြော​တဲ့​လူကို​ပါ သူတို့​လေးစား​နိုင်​တော့​မှာ​မဟုတ်ဘူး။

တိုးတက်​ဖို့ အခက်အခဲတွေကို​အောင်မြင်​ကျော်လွှား

၁၉၆၃ ခုနှစ်​မှာ ကျွန်မ​ခင်ပွန်း​ရဲ့​အလုပ်​ကြောင့် ကျွန်မ​တို့ တရုတ် (တိုင်​ပေ)ကို ပြောင်းရွှေ့​ခဲ့​ကြတယ်။ အဲဒီမှာ​ရှိတဲ့ ဂျပန်​လူမျိုးတွေကို ဟောပြော​မယ်​ဆိုရင် ပြဿနာ​တွေ​တက်လာ​မယ်​လို့ သူက​ပြော​တယ်။ ကျွန်မ​တို့ ဂျပန်​ကို ပြန်ပို့​ခံရ​မှာ​ဖြစ်​ပြီး အဲဒါ​က သူ့​ကုမ္ပဏီ​အတွက် အခက်အခဲ​ဖြစ်​နိုင်တယ်။ ဒါ​ကြောင့် ကျွန်မ​တို့ကို သက်သေခံတွေ​နဲ့ မ​ပေါင်း​စေ​ချင်ဘူး။

အစည်းအဝေး​အားလုံး​ကို တရုတ်​စကား​နဲ့​ကျင်းပ​တဲ့ တရုတ်(တိုင်​ပေ) မှာ သက်သေခံတွေ​က ကျွန်မ​တို့ကို လှိုက်လှိုက်လှဲလှဲ​ကြိုဆို​ကြတယ်။ ဂျပန်​တွေ​ကို​မဟုတ်ဘဲ တရုတ်​လူမျိုးတွေကို သက်သေ​ခံနိုင်​ဖို့​အတွက် တရုတ်​စကား​ကို လေ့လာ​မယ်​လို့ ကျွန်မ​ဆုံးဖြတ်​လိုက်တယ်။ အဲလို​နည်း​အားဖြင့် ကျွန်မ​ခင်ပွန်း​ပြော​ခဲ့​တဲ့ ပြဿနာ​တွေ​ကို ရှောင်နိုင်​မှာ​ဖြစ်တယ်။

တရုတ်(တိုင်​ပေ)မှာ​ရှိတဲ့ သက်သေခံတွေ​နဲ့ ကျွန်မ​တို့​ရဲ့​ရင်းနှီးမှု​က ကျွန်မတို့​အတွက် အားပေးမှု​ဖြစ်စေ​ခဲ့​တယ်။ ခရစ်ယာန်​သာသနာပြု​ဇနီး​မောင်နှံ​ဖြစ်​တဲ့ ဟာ​ဗေး​နဲ့ ကက်သီ​လို​ဂ​န်​တို့​က ကျွန်မ​တို့ကို အများကြီး​အကူအညီ​ပေး​ခဲ့​ကြတယ်။ ညီအစ်ကို​လို​ဂ​န်​ဟာ ကျွန်မ​သားတွေရဲ့ ဝိညာဉ်​ရေး​ဖခင်​ဖြစ်လာ​ခဲ့​တယ်။ ယေဟောဝါ​ရဲ့​အမှုတော်ထမ်း​ဆောင်ခြင်း​ဟာ ပျော်ရွှင်မှု​မဲ့တဲ့၊ စည်းကမ်း​တင်းကျပ်လွန်း​တဲ့ အသက်တာ​မဟုတ်ဘူးဆိုတာ​ကို ကလေး​တွေ​နားလည်အောင် သူ​ပြောပြ​ခဲ့​တယ်။ တရုတ်(တိုင်​ပေ)မှာ ကျွန်မ​တို့​နေထိုင်ခဲ့ချိန်​မှာ သားတွေ ယေဟောဝါ​ရဲ့​အမှုတော်ထမ်း​ဆောင်​ဖို့ ဆုံးဖြတ်​ခဲ့​ကြ​တာ​ဖြစ်​မယ်​လို့ ကျွန်မ​ယုံတယ်။

တို​မို​ယို​ရှိ​နဲ့ မာ​စာ​ဟီ​ကို​တို့​ဟာ တရုတ်(တိုင်​ပေ)မှာ​ရှိတဲ့ အမေရိကန်​ကျောင်း​မှာ တက်​ကြ​ပြီး တရုတ်​စာ​အပြင် အင်္ဂလိပ်စာ​ကို​ပါ သင်ယူ​ခဲ့​ကြတယ်။ စစ်မှန်​တဲ့​ဘုရားသခင် ယေဟောဝါ​ရဲ့​ဓမ္မ​အမှုဆောင်​များ​အဖြစ် နောက်နောင်​အမှုထမ်း​ဖို့​အတွက် အဲဒီ​ပညာရေး​က သူတို့ကို အသင့်​ဖြစ်စေ​ခဲ့​ပါ​တယ်။ ကျွန်မတို့​အတွက် အခက်အခဲ​တွေ​ဖြစ်လာ​နိုင်​မယ်​လို့ ထင်​ပေမဲ့ ကောင်းချီး​တွေ​အများကြီး​ခံစား​ခဲ့​ရတဲ့​အတွက် ယေဟောဝါ​ကို အရမ်း​ကျေးဇူး​တင်​တယ်။ တရုတ်(တိုင်​ပေ)မှာ အမှတ်ရ​စ​ရာ​ကောင်း​တဲ့ သုံးနှစ်ခွဲ​ကြာနေ​ပြီး​တဲ့​နောက် ကျွန်မ​တို့​မိသားစုဟာ ဂျပန်​ကို ပြန်​ခဲ့​ကြတယ်။

သားတွေဟာ အခု​ဆိုရင် ဆယ်ကျော်သက်​အရွယ်​တွေ ဖြစ်လာ​ကြ​တဲ့​အတွက် လွတ်လွတ်လပ်လပ်​နေချင်​လာကြတယ်။ ကျမ်းစာ​မူတွေ​နဲ့​ပတ်သက်ပြီး နာရီ​တော်​တော်​ကြာ သူတို့နဲ့အတူ ကျိုးကြောင်း​ဆင်ခြင်​ခဲ့​တယ်၊ အဲဒီ​ခက်ခဲ​တဲ့​အချိန်​တစ်လျှောက် ယေဟောဝါ​က သူတို့ကို ကူညီ​ပေး​ခဲ့​တယ်။ အထက်တန်း​ကျောင်း​ပြီး​တဲ့​အခါ တို​မို​ယို​ရှီ​ဟာ ရှေ့ဆောင်​ဖြစ်လာ​တယ်။ သူ့ရဲ့​ရှေ့ဆောင်​သက်တမ်း အစောပိုင်း​နှစ်တွေ​အတွင်းမှာပဲ လူ​လေးယောက်ကို အပ်နှံ​နှစ်ခြင်း​ခံ​တဲ့​အထိ ကူညီ​ပေး​နိုင်​ခဲ့​တယ်။ မာ​စာ​ဟီ​ကိုလည်း​ပဲ သူ့​အစ်ကို​ရဲ့​ခြေရာ​ကို​လိုက်ပြီး အလယ်တန်း​ကျောင်း​ပြီး​တဲ့​နောက်​မှာ ရှေ့ဆောင်​လုပ်တယ်။ သူ့ရဲ့​ရှေ့ဆောင်​သက်တမ်း​လေးနှစ်​အတွင်းမှာပဲ လူ​လေးယောက်ကို သက်သေခံ​ဖြစ်လာ​ဖို့ ကူညီ​ပေး​ခဲ့​တယ်။

ယေဟောဝါ​က ကလေး​တွေ​ကို ပို​ပြီး​ကောင်းချီး​ပေး​ခဲ့​တယ်။ ကျမ်းစာ​အမှန်တရား​သိလာအောင် ကျွန်မ​ကူညီ​ပေး​ခဲ့​တဲ့ အမျိုးသမီး​တစ်ယောက်​ရဲ့ ခင်ပွန်း​ကို တို​မို​ယို​ရှီ​က ကျမ်းစာ​ပြန်​သင်ပေးခဲ့တယ်။ သူတို့ရဲ့​သမီး​နှစ်ယောက်​လည်း သက်သေခံတွေ​ဖြစ်လာ​ကြတယ်။ နောက်ပိုင်း​မှာ တို​မို​ယို​ရှီ​က သမီးကြီး နို​ဘူ​ကို​နဲ့​လက်ထပ်​လိုက်ပြီး မာ​စာ​ဟီ​ကို​က သမီး​ငယ် မာ​စာ​ကို​နဲ့​လက်ထပ်​လိုက်တယ်။ အခုတော့  တို​မို​ယို​ရှီ​နဲ့ နို​ဘူ​ကို​တို့​ဟာ နယူးယောက်၊ ဘ​ရွတ်​က​လင်​မှာ​ရှိတဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့ ကမ္ဘာ့​ဌာနချုပ်​မှာ အမှုဆောင်​နေကြ​တယ်။ မာ​စာ​ဟီ​ကို​နဲ့ မာ​စာ​ကို​တို့​ကျ​တော့ ပါရာဂွေး​နိုင်ငံ​မှာ ခရစ်ယာန်​သာသနာပြု​များ​အဖြစ် အမှုထမ်းဆောင်​နေကြ​တယ်။

ကျွန်မ​ခင်ပွန်း​တဖြည်းဖြည်း​ပြောင်းလဲ​လာ

ကျွန်မ​ခင်ပွန်း​ဟာ အဲဒီ​နှစ်တွေ​အတွင်းမှာ ကျွန်မ​တို့​ရဲ့​ယုံကြည်ခြင်းကို လက်မခံ​ပေမဲ့ သူ​ပြောင်းလဲ​လာတဲ့ လက္ခဏာ​လေး​တွေ​ကို ကျွန်မ​တို့​မြင်တွေ့​လာတယ်။ တခြား​လူတွေက ကျွန်မ​ရဲ့​ယုံကြည်ခြင်းနဲ့​ပတ်သက်ပြီး တိုက်ခိုက်​ပြော​လာတဲ့အခါ သူက ကျွန်မ​ဘက်က​နေ ခုခံ​ပြောဆို​ပေး​ပြီး ကျမ်းစာ​အမှန်တရားတွေကို ကောင်းကောင်း​နားမလည်​ပေမဲ့ တကယ်​ထောက်ခံ​ခဲ့​တယ်။ အကူအညီ​လိုအပ်​တဲ့ သက်သေခံတွေကို ကာယရေး​ထောက်ပံ့​ပေး​ခဲ့​တယ်။ ကျွန်မ​တို့​ရဲ့​သားတစ်ယောက် လက်ထပ်ပွဲ​တုန်း​က သူ​ဒီလို​မိန့်ခွန်း​တို​လေး​ပြော​ခဲ့​တယ်– “လူတွေကို နည်း​မှန်​လမ်းမှန်​နဲ့​အသက်ရှင်ဖို့ သွန်သင်​ပေးခြင်း​ဟာ ရှိသမျှ​လုပ်ငန်း​တွေ​ထဲမှာ အကောင်းဆုံး​လုပ်ငန်း၊ အခက်ခဲဆုံး​လုပ်ငန်း​လည်း​ဖြစ်တယ်။ ကျွန်တော့်​သားတွေ​နဲ့ သူတို့​ဇနီး​တွေ​က အဲဒီ​အခက်ခဲဆုံး​လမ်းစဉ်​ကို အသက်မွေး​လုပ်ငန်း​အဖြစ် ရွေးချယ်​ခဲ့​ကြတယ်။ ကျေးဇူးပြု​၍ သူတို့ကို ကူညီ​ပေး​ကြ​ပါ။” အဲဒီလိုမျိုး​စကား​တွေ​ပြော​လာတဲ့​အတွက် သူလည်း ကျွန်မ​တို့​နဲ့​အတူ ယေဟောဝါ​ကို ကိုးကွယ်​လာမယ်လို့ ကျွန်မ​ထင်​ခဲ့​မိတယ်။

ကျွန်မ​တို့​အိမ်မှာ ယုံကြည်သူချင်း​သက်သေခံတွေ​နဲ့ ပေါင်းသင်းမှု​လုပ်ဖို့ ကျွန်မ​စီစဉ်​ခဲ့​တယ်။ ကာ​ဇူ​ဟီ​ကို,ကို ခရစ်တော်​ရဲ့​သေခြင်း​သတိရအောက်မေ့ပွဲ​အပြင် ခရစ်ယာန်​အစည်းအဝေးတွေနဲ့ စည်းဝေးကြီး​တွေ​ကို ကျွန်မ​ခေါ်သွား​ခဲ့​တယ်။ အလုပ်​အားတဲ့အချိန်​မှာ​တော့ စိတ်မပါ​ပေမဲ့ အစည်းအဝေးတွေကို လိုက်​တက်​လေ့​ရှိပါတယ်။ သူ​ကျမ်းစာ​လေ့လာ​ချင်​မှာ​ပါ​လို့ ကျွန်မ​အကြိမ်ကြိမ်​ခံစား​မိ​တဲ့​အတွက်  ခရစ်ယာန်​အကြီးအကဲ​တွေ အိမ်ကို​လာဖို့ ဖိတ်ခေါ်​လိုက်တယ်။ ဒါပေမဲ့ သူ​မ​လေ့လာ​ချင်ဘူး။ ဘာများ​ဖြစ်နေ​လို့လဲ​ဆိုပြီး ကျွန်မ​စဉ်းစား​မိတယ်။

တမန်​တော်​ပေတရု​ရဲ့​စကား ကျွန်မ​ခေါင်း​ထဲ​ရောက်​လာတယ်– ‘မိန်းမ​တို့၊ ကိုယ်​ခင်ပွန်း​၏​အုပ်စိုးခြင်း​ကို​ဝန်ခံ​ကြလော့။ သို့​ပြု​၍၊ နှုတ်မြွက်​စကားတော်​ကို​နားမထောင်​သော ယောက်ျား​အချို့​ရှိလျှင် ထို​သူတို့သည် တရား​မ​နာ​သော်လည်း သင်တို့၏​ကြောက်ရွံ့​ခြင်း​နှင့် စင်ကြယ်သော​အကျင့်​တို့ကို​ထောက်ရှု၍ မိမိ​မယား​၏​အကျင့်​အားဖြင့် သွေးဆောင်​လျက် အတူပါ​မည်​အကြောင်း​ရှိ၏။’ (၁ ပေတရု ၃:၁၊ ၂) အဲဒီ​အကြံပေး​ချက်​အတိုင်း ကျွန်မ​အမြဲ​မလိုက်လျှောက်​ခဲ့​ဘူးဆို​တာ ကျွန်မ​သိလာတယ်။ အဲဒီ​အကြံပေး​ချက်​ကို ပို​ပြီးပြည့်​ပြည့်စုံ​စုံ​လိုက်လျှောက်​နိုင်​ဖို့ ကျွန်မ​ရဲ့​ဝိညာဉ်​ရေး​စိတ်ဓာတ်​ကို တိုးတက်စေ​ဖို့​လိုအပ်​တယ်။

ဝိညာဉ်​ရေး​လူ ပို​ပီသ​လာဖို့​ဆို​တဲ့ ရည်ရွယ်ချက်​နဲ့ ၁၉၇၀ ပြည့်နှစ်​မှာ ကျွန်မ​ရှေ့ဆောင်​လုပ်ခဲ့တယ်။ ဆယ်နှစ်၊ နောက် အနှစ် ၂၀ ကုန်လွန်​ခဲ့ပြီ။ ဒါပေမဲ့ ကျွန်မ​အမျိုးသားဟာ ဝိညာဉ်​ရေး​ဘက်မှာ ဘာ​အပြောင်းအလဲ​မှ မရှိခဲ့ဘူး။ ကျမ်းစာ​သင်သား​တစ်ယောက်​က ဒီလိုမျိုး​ပြော​ခဲ့​ဖူး​တယ်– “မင်းရဲ့​လင်ယောက်ျား​ကို​တောင် မကူညီ​နိုင်ဘူး​ဆိုရင် တခြား​သူတွေကို ကူညီ​ဖို့​ဆိုတာ မလွယ်​လှ​ဘူး။” အဲဒီ​စကား​က ကျွန်မ​ကို စိတ်ဓာတ်ကျ​စေ​ပေမဲ့ ကျွန်မ​အရှုံးမပေး​ခဲ့​ဘူး။

၁၉၈၀ ပြည့်လွန်​နှစ်​နှောင်းပိုင်း​မှာ ကျွန်မ​တို့​ရဲ့​မိဘတွေဟာ အိုမင်းမစွမ်း​ဖြစ်လာ​ကြပြီ။ သူတို့ကို ကြည့်ရှု​စောင့်ရှောက်​တဲ့​အပြင် ကျွန်မ​ရဲ့​တခြား​တာဝန်​တွေ​ကို ကျေပွန်​အောင်​လုပ်​ရတဲ့​အတွက် ပင်ပန်း​ပြီး စိတ်ဖိစီးမှု​များနေ​တယ်။ ယေဟောဝါ​အပေါ်​ကျွန်မ​ရဲ့​ယုံကြည်ခြင်းကို သူတို့​အားလုံး​က နှစ်ပေါင်း​များစွာ ဆန့်ကျင်​တိုက်ခိုက်​ကြ​ပေမဲ့ ကျွန်မ​အတတ်နိုင်ဆုံး သူတို့ကို ချစ်​ကြောင်း​ပြဖို့ ကြိုးစား​ခဲ့​တယ်။ ၉၆  နှစ်အရွယ်​ရှိတဲ့ ကျွန်မ​ရဲ့​အမေ​မသေဆုံးမီ​လေးမှာ ကျွန်မ​ကို “ဆူ​မီ​ကို၊ အမေ ပြန်ထ​မြောက်​လာမယ်​ဆိုရင် သမီးရဲ့​ဘာသာ​ထဲ​ဝင်​မယ်” ဆိုပြီး​ပြော​တယ်။ ကျွန်မ​ရဲ့​ကြိုးစား​အားထုတ်မှု​တွေ​ဟာ အလဟဿ​မဖြစ်ခဲ့​ဖူး​ဆိုတာ ကျွန်မ​သိတယ်။

ကျွန်မ​တို့​ရဲ့​မိဘတွေ​အပေါ် ကျွန်မ​ရဲ့​ကြိုးစား​လုပ်ဆောင်မှု​အားလုံး​ကို ကျွန်မ​အမျိုးသား​က သတိထား​မိ​ခဲ့​တယ်။ အဲဒါကို လေးမြတ်​တန်ဖိုး​ထား​ကြောင်း တင်ပြ​တဲ့​အနေ​နဲ့ အစည်းအဝေးတွေကို ပုံမှန်​တက်ရောက်​စ​ပြု​လာတယ်။ နှစ်ပေါင်း​များစွာ အဲဒီလို​တက်ရောက်​ခဲ့​ပေမဲ့ စစ်မှန်​တဲ့​ဝိညာဉ်​ရေး​တိုးတက်မှု မရှိဘူး။ သူ​ပျော်ပျော်ရွှင်ရွှင်​ရှိ​နိုင်အောင် ကျွန်မ​ဆက်​ကြိုးစား​ခဲ့​တယ်။ သူ့​သူငယ်ချင်းတွေ​နဲ့ နိုင်ငံ​ခြား​စီးပွားရေး​လုပ်ဖော်ဆောင်ဖက်တွေ​ကို​ပါ ကျွန်မ​တို့​အိမ်မှာ ထမင်း​စားဖို့ ဖိတ်ခေါ်​ခဲ့​တယ်။ သူနဲ့အတူ ကျွန်မ​အပန်းဖြေ​ခဲ့​တယ်။ ရှေ့ဆောင်​တွေ​အတွက် နာရီ​တောင်းဆိုချက် လျှော့ချ​လိုက်တဲ့အခါ သူ့​အတွက် ကျွန်မ​အချိန်ပို​ပေး​နိုင်​ခဲ့​တယ်။

အငြိမ်းစား​ယူခြင်း​က ပြောင်းလဲမှု​တစ်ခု​ဖြစ်စေ

၁၉၉၃ ခုနှစ်​မှာ ကျွန်မ​အမျိုးသား အငြိမ်းစား​ယူ​လိုက်တယ်။ အခုတော့ ကျမ်းစာ​လေ့လာ​ဖို့ သူ​အချိန်​ရတော့​မှာပဲ​လို့ ကျွန်မ​ထင်​တယ်။ အချိန်​အား​မှ​ပဲ ဘုရားသခင်​ကို ကိုးကွယ်​တာ​ဟာ ကြည်ညို​ကိုင်းရှိုင်း​မှုမရှိ​ရာ​ရောက်တယ်လို့ သူပြောတယ်။ အဲ့ဒီ​အစား သူ့​နှလုံး​က လှုံ့ဆော်​လာတဲ့အခါ​ကျ​မှ ဘုရားသခင်​ကို ကိုးကွယ်​ပါ့​မယ်​လို့ သူပြောတယ်။ ကျွန်မ​လည်း သူ့ကို အတင်း​မ​ခိုင်း​ချင်ဘူး။

တစ်နေ့​တော့ ကာ​ဇူ​ဟီ​ကို​က ကျွန်မ​ရဲ့​ကျန်​တဲ့​အသက်တာကို သူနဲ့ အချိန်ပြည့်​နေ​ပေး​ဖို့ တောင်းဆို​တယ်။ အဲဒါ​က ကျွန်မ​ကို တုန်လှုပ်​သွား​စေ​ခဲ့​တယ်။ ဘာကြောင့်လဲ​ဆိုတော့ ကျွန်မ​သူ့ကို​လက်ထပ်​ကတည်းက သူ့​အတွက် လုပ်ပေး​နိုင်​သမျှ အားလုံး​လုပ်ပေးခဲ့တာ​ပဲ။ သူ​ပျော်ရွှင်​အောင် ကျွန်မ​အတတ်နိုင်ဆုံး​ကြိုးစား​တယ်။ ဒါပေမဲ့ သူ့​ထက် ယေဟောဝါ​ကို ကျွန်မ အချိန်ပို​ပေး​တယ်လို့ သူ​ခံစား​ခဲ့​တယ်။ အဲဒီ​အကြောင်းကို ခဏ​စဉ်းစား​ပြီး​တဲ့​နောက် အခု ကျွန်မ​လုပ်တာ​ထက်ပိုပြီး မလုပ်နိုင်တော့ဘူး။ ဒါပေမဲ့ ကျွန်မ​လုပ်​သလို သူလည်း​လုပ်​လာမယ်​ဆိုရင် နှစ်​အနည်းငယ်​မဟုတ်ဘဲ ထာဝစဉ်​တည်တံ့​တဲ့ ပျော်ရွှင်စရာ​ဘဝ​သစ်​ကို နှစ်ယောက်​အတူ စတင်​နိုင်​မယ်​လို့ သူ့ကို ကျွန်မ​ပြော​လိုက်တယ်။ ကျွန်မ​အမျိုးသား​က ရက်​တော်​တော်​ကြာ​အထိ မတုံ့ပြန်​ဘဲ​နေခဲ့တယ်။ နောက်ဆုံး​တော့ သူက ဒီလို​မေး​လာတယ်– “ဒါဆိုရင် မင်း​ငါ့ကို ကျမ်းစာ​သင်ပေး​မလား။” အဲဒီ​စကား​ကို စဉ်းစား​တိုင်း ကျွန်မ​ရဲ့​နှလုံး​ဟာ ခုန်​နေဆဲ​ပါ။

အစပိုင်း​မှာ​တော့ ကျွန်မ​အမျိုးသားနဲ့ ခရစ်ယာန်​အကြီးအကဲ​တစ်ဦး ကျမ်းစာ​သင်​ဖို့ စီစဉ်​ပေး​ခဲ့​တယ်၊ ဒါပေမဲ့ သူက “မင်း​က​လွဲလို့ တခြား​ဘယ်သူနဲ့​မှ မသင်​ဘူး” လို့​ပြော​တယ်။ ဒါ​ကြောင့် နေ့တိုင်း ကျွန်မ​တို့​ကျမ်းစာ​လေ့လာ​ခဲ့​ကြတယ်။ တရုတ်​စကားပြော​အသင်းတော်မှာ ကျွန်မ​နေ​လာခဲ့တဲ့​အတွက်​ကြောင့်​ရ​ယ်၊ ကျွန်မ​ခင်ပွန်း​က အဲဒီ​ဘာသာ​စကား​ကို ကောင်းစွာ​ပြောတတ်​တာ​ကြောင့်​ရ​ယ် တရုတ်​စကား​နဲ့​ပဲ ကျွန်မ​တို့​လေ့လာမှု​လုပ်ခဲ့ကြတယ်။ တစ်နှစ်​မပြည့်​ခင်​မှာ ကျမ်းစာ​တစ်အုပ်လုံး​ကိုလည်း​ပြီး​အောင် ကျွန်မ​တို့​အတူတကွ ဖတ်​ခဲ့​ကြတယ်။

အဲဒီ​အတောအတွင်း တရုတ်​စကားပြော​အသင်းတော်မှာ​ရှိတဲ့ အကြီးအကဲ​တစ်ဦး​နဲ့ သူ့​ဇနီး​တို့​က ကျွန်မ​တို့​ဇနီး​မောင်နှံကို စိတ်ဝင်စားမှု​ပြ​ခဲ့​ကြတယ်။ သူတို့ဟာ ကျွန်မ​တို့​ရဲ့​ကလေး​တွေ​ထက် အသက်ငယ်​ပေမဲ့ ကျွန်မ​တို့​ရဲ့​မိတ်ဆွေစစ်​တွေ ဖြစ်လာ​ခဲ့​တယ်။ တခြား​သက်သေခံတွေ​လည်း ကျွန်မ​အမျိုးသား​အပေါ် အထူး​စိတ်ဝင်စားမှု​ပြ​ခဲ့​ကြတယ်။ ကျွန်မ​တို့ကို ဧည့်ဝတ်​ကျေပွန်​ခဲ့​ကြ​ပြီး ကာ​ဇူ​ဟီ​ကို,ကို သူတို့ရဲ့​ဖခင်​လို​ပဲ ရင်းရင်းနှီးနှီး​နဲ့ ပြောဆို​ဆက်ဆံ​ကြတယ်။ အဲဒါ​က​သူ့ကို အရမ်းပျော်​စေ​ခဲ့​တယ်။

တစ်နေ့​တော့ အသင်းတော်က မင်္ဂလာဆောင်​ပွဲ​တစ်ခု​အတွက် ကျွန်မ​ခင်ပွန်း​နာမည်​နဲ့ ဖိတ်စာ​တစ်စောင် ရောက်​လာတယ်။ မိသားစု​ဦးခေါင်း​အဖြစ် အဲဒီလို​အလေးဂရုပြု​ခံရ​ခြင်း​က သူ့​နှလုံးကို နက်နက်ရှိုင်းရှိုင်း​ထိမိ​စေ​ခဲ့​တယ်။ သူ​တက်ရောက်​ဖို့ ဆုံးဖြတ်​လိုက်တယ်။ မကြာမီ​မှာ သူဟာ သက်သေခံတွေ​နဲ့ ရင်းရင်းနှီးနှီး​ရှိလာပြီး ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​နဲ့ ကျမ်းစာ​လေ့လာ​တော့​တယ်။ သူ့ရဲ့​ကျမ်းစာ​လေ့လာမှု၊ အစည်းအဝေး​တက်ရောက်ခြင်း​နဲ့ အသင်းတော်ကို​ချစ်​မြတ်နိုးတဲ့​စိတ်​က ဝိညာဉ်​ရေး​မှာ ကောင်းစွာ​တိုးတက်မှု​ရှိလာဖို့ အကူအညီ​ဖြစ်စေ​ခဲ့​တယ်။

နောက်ဆုံး​တော့ စည်းလုံး​တဲ့​မိသားစု​ဖြစ်လာ

၂၀၀၀ ပြည့်နှစ်၊ ဒီဇင်ဘာ​လမှာ ကျွန်မ​အမျိုးသားဟာ ယေဟောဝါ​ဆီ​မှာ အပ်နှံ​နှစ်ခြင်း​ယူ​လိုက်တယ်။ ကျွန်မ​သားတွေ​နဲ့ သူတို့ရဲ့​ဇနီး​တွေ​ဟာ ဒီခေတ်​သစ် “အံ့ဖွယ်” ကို​တွေ့​ဖို့ အဝေးကြီး​ကနေ လာ​ခဲ့​ကြတယ်။ ဒီလို​ဖြစ်လာ​ဖို့ ၄၂ နှစ်​ကြာ​ခဲ့​ပေမဲ့ နောက်ဆုံး​မှာ​တော့ ကျွန်မ​တို့​ဟာ စည်းလုံး​တဲ့​မိသားစု​ဖြစ်လာ​ခဲ့​တယ်။

အခုတော့ ကျွန်မ​တို့​နှစ်ယောက်​ဟာ တစ်နေ့တာ​အတွက် ကျမ်းချက်​တစ်ချက်​ကို မနက်​တိုင်း​ဆွေးနွေး​သုံးသပ်​ပြီး ကျမ်းစာ​ကို အတူတကွ​ဖတ်​ကြတယ်။ ဝိညာဉ်​ရေး​အကြောင်း​တွေ​ကို နေ့တိုင်း​ပြောဆို​ပြီး ဝိညာဉ်​ရေး​လုပ်ဆောင်မှုတွေမှာ ပါဝင်​ကြ​တဲ့​အတွက် ပျော်ရွှင်​ခဲ့​ကြတယ်။ အခု ကျွန်မ​အမျိုးသားဟာ အသင်းတော်မှာ ဓမ္မ​အမှုထမ်း​တစ်ဦး​ဖြစ်​ပြီး မကြာခင်​ကမှ တရုတ်​ဘာသာ​စကား​နဲ့ လူထု​ဟောပြောချက်​ပေး​ခဲ့​တယ်။ ကျွန်မ​တို့ အတူတကွ​ပေါင်းစည်း​လာအောင် ကူညီ​ပေး​တဲ့​အတွက် ယေဟောဝါ​ကို ကျေးဇူး​တင်​တယ်။ ကျွန်မ ချစ်​မြတ်နိုး​ရတဲ့​မိသားစု၊ မိတ်ဆွေတွေနဲ့​အတူ ကိုယ်တော့်​နာမတော်​နဲ့ ပိုင်သ​အုပ်စိုးမှု​ကို ထာဝရ​စဉ်​ထောက်ခံ​နေဖို့ ကျွန်မ​မျှော်လင့်တယ်။

[စာမျက်နှာ ၁၃ ပါ မြေပုံ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

တရုတ်

ကိုရီးယား ဒီမိုကရက်တစ် ပြည်​သူ့​သမ္မတနိုင်ငံ

ကိုရီးယား သမ္မတနိုင်ငံ

ဂျပန်​ပင်လယ်

ဂျပန်

တို​ကျို

အရှေ့ တရုတ်​ပင်လယ်

တရုတ် (တိုင်​ပေ)

ထိုင်​ပေ

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ကျွန်မ​နှစ်ခြင်း​ခံ​တဲ့ ၁၉၅၈ ခုနှစ်​မှာ မိသားစုနဲ့​အတူ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ကျွန်မ​တို့ တို​ကျို​ကနေ ထိုင်​ပေ​ကို ပြောင်းရွှေ့​တဲ့​အခါ ဟာ​ဗီး​နဲ့​ကက်သီ​လို​ဂ​န်​တို့​လို သူငယ်ချင်းတွေ​အားဖြင့် ဝိညာဉ်​ရေး​ခွန်အား​ရရှိ​ခဲ့​ကြတယ်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယနေ့ ကျွန်မ​ရဲ့​မိသားစုဟာ စစ်မှန်​တဲ့​ဝတ်ပြုရေးမှာ စည်းလုံး​ခဲ့ပြီ