မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ကို ကြောက်ရွံ့သောသဘောသည် “ပညာကိုသွန်သင်ခြင်းဖြစ်၏”

ဘုရားသခင်ကို ကြောက်ရွံ့သောသဘောသည် “ပညာကိုသွန်သင်ခြင်းဖြစ်၏”

ဘုရားသခင်​ကို ကြောက်ရွံ့​သော​သဘော​သည် “ပညာ​ကို​သွန်သင်ခြင်း​ဖြစ်၏”

စစ်မှန်သော​ဉာဏ်ပညာ​သည် စားသောက်ပွဲ​ကြီး​တစ်ခု​ကို ပြင်ဆင်​သည်။ ထို့နောက် “ကျွန်မ​တို့ကို​စေလွှတ်​၍ မြို့တွင် အမြင့်ဆုံး​သော​အရပ်​တို့​၌ ကြွေးကြော်​လေ​သည်​ကား ‘ဉာဏ်​တိမ်​သော​သူသည် ဤ​အရပ်သို့​ဝင်​စေ။ အို​ပညာ​မရှိသော​သူ လာ​လော့။ ငါ့​မုန့်ကို​စား​လော့။ ငါ​ဖော်​သော​စပျစ်​ရည်​ကို သောက်​လော့။ မိုက်​သော​သူကို​ရှောင်​၍ အသက်​ချမ်းသာရ​လော့။ ပညာ​လမ်း​သို့​လိုက်​လော့’ ဟု​ဆို​သတည်း။”—သု. ၉:၁-၆

ဉာဏ်ပညာ​၏​စားပွဲ​တွင် ပါဝင်​သုံးဆောင်ခြင်း​သည် မည်သည့်​အခါ​မျှ ဆိုးကျိုး သို့​မဟုတ် အန္တရာယ် ကျရောက်​မည်​မဟုတ်ပေ။ မှုတ်သွင်းခံ နယပုံပြင်​ကျမ်း​စကား​များ​တွင်​ပါ​သည့် ဘုရားသခင်​ရေးရာ​ဉာဏ်ပညာ​ကို နားထောင်ခြင်း​နှင့် ယင်း​၏ ဆုံးမ​သွန်သင်မှု​ကို လက်ခံခြင်း​က ကောင်းကျိုး​သာ​ပြု​သည်။ ယင်း​တို့​တွင် နယပုံပြင် ၁၅:၁၆-၃၃ ၌​မှတ်တမ်း​တင်ထားသော ပညာရှိ​စကား​များလည်း ခြွင်းချက်​မရှိပါ​ဝင်​သည်။ * ယင်း​လိုရင်းတိုရှင်း​စကား​များ​၏ အကြံပြုချက်ကို အလေးဂရုပြု​ခြင်း​က အနည်းငယ်ဖြင့်​ရောင့်ရဲ​ရန်၊ တိုးတက်​အောင်မြင်​ရန်​နှင့် ဘဝတွင် ရွှင်လန်းမှု​ခံစားရ​ရန် ကျွန်ုပ်​တို့အား ကူညီ​ပေး​နိုင်​သည်။ ယင်း​သို့​ပြုလုပ်ခြင်း​က ပညာရှိ​ဆုံးဖြတ်ချက်​များ​ချ​နိုင်​ရန်​နှင့် အသက်​လမ်းပေါ်တွင် ဆက်​တည်မြဲ​နေနိုင်​ရန်​လည်း ကူညီ​ပေး​နိုင်​သည်။

အနည်းငယ်​ရှိ​ခြင်း​က သာ၍​ကောင်းသော​အခါ

‘နှောင့်ယှက်ခြင်း​နှင့်​ယှဉ်​၍ ကြီးစွာ​သော​စည်းစိမ်​ထက် ထာဝရ​ဘုရားသခင်​ကို​ကြောက်ရွံ့ ခြင်း​နှင့်ယှဉ်သော ဥစ္စာ​အနည်းငယ်​သည် သာ၍​ကောင်း​၏’ ဟု ရှေး​ဣသရေလ​ပြည်​၏​ဘုရင် ရှောလမုန်က​ဆို​သည်။ (သု. ၁၅:၁၆) ဖန်ဆင်း​ရှင်​အား မျက်ကွယ်​ပြုပြီး ရုပ်ပစ္စည်း​လိုက်စားခြင်း​ကို ဘဝ၏​အဓိက​ပန်းတိုင်​ဖြစ်စေ​ခြင်း​သည် မိုက်မဲ​ရာ​ကျ​သည်။ ထိုသို့​သော​အသက်တာသည် စိတ်​အနှောင့်အယှက်​ဖြစ်စရာ​များ၊ ပူ​ပင်​သောက​များနှင့်​သာ ပြည့်နှက်​နေသည်။ လူတစ်ဦး​၏​အသက်တာ​တစ်ခုလုံး​သည် အနှစ်သာရ​မရှိ၊ အဓိပ္ပာယ်​ကင်းမဲ့​ကြောင်း အသက်ကြီး​မှ​သိရ​လျှင် သနား​ဖွယ်​ကောင်း​လိုက်​လေ​ခြင်း! “နှောင့်ယှက်ခြင်း” နှင့်​တကွ ပစ္စည်းဥစ္စာ​များစွာကို ရယူခြင်း​သည် အမှန်ပင် ပညာ​မဲ့​သည်။ ရောင့်ရဲခြင်း​၏​လျှို့ဝှက်ချက်​ကို သင်ယူပြီး ယင်း​နှင့်​အညီ​နေထိုင်ခြင်း​က သာလွန်​ကောင်းမွန်​လှ​ပေ​သည်! ရုပ်ပစ္စည်း​ပိုင်ဆိုင်မှု​ဖြင့်​မဟုတ်ဘဲ ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ဖြစ်သည့် ကိုယ်တော်​ကို​ကြောက်ရွံ့​ခြင်း​ဖြင့်​သာ စစ်မှန်သော​ရောင့်ရဲမှု​ကို တွေ့ရှိ​နိုင်​သည်။—၁ တိမောသေ ၆:၆-၈

အခြား​သူများ​နှင့် ဆက်ဆံ​ရေး​ကောင်းခြင်း​သည် ရုပ်ပစ္စည်း​ကြွယ်ဝခြင်း​ထက် များစွာ​တန်ဖိုး​ရှိကြောင်း ရှောလမုန်က ဤသို့​အလေးပေး​ဖော်ပြ​သည်– “ဆူ​အောင်​ကျွေး​သော နွား​တစ်ကောင်​လုံး​ကို အချင်းချင်း အငြိုး​ထားသော​စိတ်​နှင့်​စား​ရသည်​ထက် ချစ်ခြင်း​မေတ္တာပါ​သော ဟင်းရွက်​တစ်​နပ်​စာ​သည် သာ၍​ကောင်း​၏။” (သု. ၁၅:၁၇) မှန်ပါသည်။ ချစ်ချစ်ခင်ခင်​ရှိသော​အိမ်ထောင်တွင် နေထိုင်​ရခြင်း​သည် စားကောင်း​သောက်​ဖွယ်​များ​ရှိ​ခြင်း​ထက် သာ၍​နှစ်​လို့​ဖွယ်​ဖြစ်သည်။ ကြင်ဖော်​မဲ့​မိဘ​တစ်ဦး၏​အိမ်သည် ဖောဖောသီသီ ဝယ်​နိုင်၊ သုံးနိုင်​မည်​မဟုတ်ပေ။ အချို့​ဒေသ​များ​တွင် သာမန်​အစားအစာ​လောက်​သာ တတ်နိုင်​ပေမည်။ သို့သော် မေတ္တာ​လွှမ်းခြုံ​သော​မိသားစုတွင် သာ၍​နေ​ပျော်​ကြသည်။

ချစ်ချစ်ခင်ခင်​ရှိသော မိသားစု​များ​ပင် ခက်ခဲ​သော​အခြေအနေ​များ ကြုံတွေ့​ရနိုင်​သည်။ မိသားစုဝင်​တစ်ဦး​သည် အခြား​အိမ်သား​များ ထိခိုက်​နစ်နာ​အောင် ပြော​မိ၊ ပြု​မိ​နိုင်​သည်။ ထိခိုက်​နစ်နာ​သွား​သူသည် မည်သို့​တုံ့ပြန်​သင့်​သနည်း။ နယပုံပြင် ၁၅:၁၈[သမ္မာ] က ဤသို့​ဖော်ပြ​သည်– “ဒေါသ​ထွက်​လွယ်​သော​သူသည် ရန်ကို​နှိုးဆော်​တတ်၏။ စိတ်ရှည်သော​သူ​မူ​ကား ရန်​ငြိမ်း​စေ​တတ်၏။” ဒေါသ​မ​ထွက်​ဘဲ နူးညံ့​သိမ်မွေ့စွာ တုံ့ပြန်​ခြင်း​က အခြေအနေ​ကို ငြိမ်သက်​အေးဆေး​စေ​သည်။ ထို​နယပုံပြင်​ကျမ်း​ပါ အကြံဉာဏ်​သည် အသင်းတော်​လုပ်ငန်းဆောင်တာ​များနှင့် ခရစ်ယာန်​ဓမ္မ​အမှု​အပါအဝင် ဘဝ၏​အခြား​ကဏ္ဍ​များနှင့်​လည်း သက်ဆိုင်​သည်။

‘လမ်း​ဖြောင့်ဖြူး’ သောအခါ

ဉာဏ်ပညာ​၏​စကား​ကို မလိုက်နာ​သူနှင့် လိုက်နာသူ​တို့၏ ခြားနား​မှု​ကို နယပုံပြင်​ကျမ်း​စကား​က ဆက်၍​ပေါ်လွင်​စေ​သည်။ ပညာရှိ​ဘုရင်​က “ပျင်းရိ​သော​သူ​သွားရာလမ်း​သည် ဆူးပင်​များ​ပေါက်ရောက်​လျက်​ရှိ​တတ်၏။ ရိုး​ဖြောင့်​သူ​သွားရာလမ်း​မူ​ကား ဖြောင့်ဖြူး​သော​လမ်းမကြီး​ဖြစ်​လိမ့်​မည်” ဟု​ဆို​သည်။—သု. ၁၅:၁၉ခ​မ။

ဆူးပင်​သည် ဆူး​ချွန်​များ ကာဆီး​ထားခြင်း​ကို ဆိုလို​သည်။ ပျင်းရိ​သော​သူသည် အတားအဆီး​အားလုံး​ကို ကြံဖန်​စဉ်းစား​ပြီး​နောက် ယင်း​တို့​ကြောင့် မိမိ​တာဝန်​ကို မလုပ်ဆောင်​ခြင်း​ဖြစ်သည်ဟု ဆင်ခြေပေး​တတ်​သည်။ ဖြောင့်မတ်​သော​သူတို့မူကား ကာဆီး​ထား​ပုံ​ရသည့် အတားအဆီး​များ​ကို မ​မှု​ပေ။ မိမိတို့​ရထား​သည့်​အလုပ်​တာဝန်​ကို ဝီရိယ​ရှိ​ရှိ၊ အာရုံ​စူးစိုက်​ကာ ကြိုးစား​လုပ်ဆောင်​သည်။ ထို့​ကြောင့် သူတို့သည် တာဝန်​ပေါ့ဆမှု​ကြောင့် ကြုံ​ရနိုင်​သည့် ဆူး​နှင့်​တူသော​ပြဿနာ​များ​ကို ရှောင်ရှား​နိုင်​ကြသည်။ သူတို့၏​လမ်း​သည် “ဖြောင့်ဖြူး” ၍ တိုးတက်​အောင်မြင်​သည်။ မိမိတို့​တာဝန်​ကို ဆက်​လုပ်ဆောင်ကြ​ပြီး ရရှိ​သည့်​တိုးတက်မှု​အတွက်​လည်း ကျေနပ်​ပျော်ရွှင်​ကြသည်။

ဘုရားသခင့်​နှုတ်မြွက်တော်​မှ တိကျ​မှန်ကန်​သည့်​အသိပညာ​ရယူ​ပြီး ရင့်ကျက်မှု​သို့ တက်လှမ်း​သည့်​ကိစ္စ​ကို ဥပမာ​အဖြစ် သုံးသပ်ကြည့်​ပါ။ ထိုသို့​ပြုလုပ်​ရန် ကြိုးစား​အားထုတ်မှု​လိုအပ်​သည်။ သမ္မာကျမ်းစာ​ကို ဝီရိယ​ရှိ​ရှိ ကိုယ်ပိုင်​လေ့လာမှု မပြု​လုပ်ခြင်း​မှာ မိမိသည် ပညာ​သိပ်​မတတ်၊ စာဖတ်​စွမ်းရည်​မရှိ သို့​မဟုတ် မှတ်ဉာဏ်​မကောင်းသော​ကြောင့်​ဟု လူတစ်ဦး အလွယ်တကူ ဆင်ခြေပေး​နိုင်​သည်။ သို့သော် အသိပညာ​ရယူ​ရာ​တွင် ယင်း​တို့ကို အတားအဆီး​များ​အဖြစ် မ​ရှု​မြင်လျှင် ကောင်း​လိုက်​မည်​ဖြစ်​ခြင်း! ကျွန်ုပ်​တို့​တွင် စွမ်းရည်​အကန့်အသတ်​သာ​ရှိလျှင်​ပင် ကျွန်ုပ်​တို့၏ စာဖတ်​စွမ်းရည်​တိုးတက်​ရန်​နှင့် ဖြစ်​နိုင်​လျှင် အဘိဓာန်​သုံး​၍ မိမိ​ဖတ်​သည့်​အရာ​ကို နားလည်​ရန် ကြိုးစား​အားထုတ်​နိုင်​သည်။ အပြုသဘောထား​သည် အသိပညာ​ရယူရန်​နှင့် ဝိညာဉ်​ရေး​တိုးတက်​ရန် ထောက်ကူ​ပေး​သည်။

“အဘ​ဝမ်းမြောက်” သောအခါ

“ပညာ​ရှိသော​သား​သည် အဘ​ဝမ်းမြောက်ခြင်း​အကြောင်း​ဖြစ်၏။ မိုက်​သော​သား​မူ​ကား မိမိ​အမိကို မထီမဲ့မြင်​ပြု​တတ်၏” ဟု ဣသရေလ​ဘုရင်​က ဆို​သည်။ (သု. ၁၅:၂၀) မိမိတို့၏​သားသမီး​များ ပညာရှိ​စွာ​ကျင့်ကြံ​ပြုမူ​သည့်​အခါ မိဘများ ဝမ်း​မ​မြောက်​ပေ​လော။ ထိုသို့​ဖြစ်​နိုင်​ရန် မိဘများ​က ကောင်းစွာ ပဲ့ပြင်​ထိန်းကျောင်း​သွန်သင်​ရန် လိုအပ်​သည်​မှာ မှန်ပါသည်။ (သု. ၂၂:၆) သို့သော် ပညာ​ရှိသော​သား​သည် မိဘ​ဝမ်းမြောက်စရာ​အကြောင်း​ဖြစ်သည်။ မိုက်​သော​သား​မူ​ကား သူတို့ကို ဝမ်းနည်း​မဆုံး​ဖြစ်စေ​သည်။

ပညာရှိ​ဘုရင်​က ဤသို့​ဆက်၍​ဆို​သည်– “ဉာဏ်​မရှိသော​သူသည် မိုက်​ခြင်း​၌ ပျော်မွေ့​တတ်၏။ ဉာဏ်​ရှိသောသူ​မူ​ကား ဖြောင့်မတ်​သော​အကျင့်ကို​ကျင့်​တတ်၏။” (သု. ၁၅:၂၁) ဉာဏ်​မရှိသော​သူသည် စစ်မှန်သော ပျော်ရွှင်​ကျေနပ်မှု​မပေး​သည့် မိုက်မဲ​သော​အရာများ​၌​သာ ပျော်မွေ့​တတ်​သည်။ သို့သော် ဉာဏ်​ရှိသောသူ​မူ​ကား ‘ဘုရားသခင်​ကို​နှစ်သက်​သည်ထက် အပျော်အပါး​ကို​သာ၍​နှစ်သက်’ သူ​ဖြစ်လာ​ခြင်း​၏ မိုက်မဲမှု​ကို သဘောပေါက်​သည်။ (၂ တိမောသေ ၃:၁၊) ဘုရားသခင်​၏​မူများ​ကို လိုက်နာခြင်းက သူ့​အား ဖြောင့်မတ်​နေ​စေပြီး သူ၏​လမ်းကို​လည်း ဖြောင့်​စေ​သည်။

“အကြံ​အောင်မြင်” သောအခါ

ဘုရားသခင့်​မူများ​နှင့်​အညီ အသက်ရှင်ခြင်း​သည် ကျွန်ုပ်​တို့၏​ဘဝ​ကဏ္ဍ​တိုင်း​ကို အကျိုးပြု​သည်။ နယပုံပြင် ၁၅:၂၂ [ခ​မ] က ဤသို့​ဖော်ပြ​သည်– “အကြံဉာဏ်​ပေး​နိုင်​သူများ​လျှင် အကြံ​အောင်မြင်​တတ်၏။ နှီးနှော​တိုင်ပင်​မှုမရှိ​လျှင်​မူ​ကား အကြံ​ပျက်​တတ်​လေ​သည်။”

နှီးနှော​တိုင်ပင်​ခြင်း​ဟူသည် အချင်းချင်း မကွယ်မဝှက်​ဘဲ ရိုးသား​ပွင့်လင်း​စွာ သီးသန့်​ပြောဆို​ဆက်သွယ်ခြင်း​ကို ဆိုလို​သည်။ မူရင်း​ဟေဗြဲ​စကား​တွင် “နှီးနှော​တိုင်ပင်​ခြင်း” ဟူသော​အသုံးအနှုန်း​သည် ရင်းနှီးသော​ပြောဆို​ဆက်သွယ်ခြင်း​ကိုလည်း ဆိုလို​သည်။ ထို့​ကြောင့် နှီးနှော​တိုင်ပင်​ခြင်း​ဟူသည် အပေါ်ယံ​ပြောဆိုခြင်း​မဟုတ်ဘဲ ရင်ထဲ​မှ​ခံစားချက်​များ၊ အတွေးအခေါ်​များ​ကို ဖလှယ်​ခြင်း​ဖြစ်သည်။ လင်ယောက်ျား​နှင့်​ဇနီးသည်​များ​အပြင် မိဘ​နှင့်​သားသမီး​များသည် တစ်ဦး​နှင့်​တစ်ဦး ထို​နည်း​အတိုင်း လွတ်လပ်​စွာ​ပြောဆို​ဆက်သွယ်​ပါ​က သူတို့​ကြား​တွင် ငြိမ်သက်​စည်းလုံးမှု​ရှိ​မည်။ သို့သော် နှီးနှော​တိုင်ပင်​ခြင်း​မ​ရှိလျှင်​မူ​ကား အိမ်ထောင်တွင် စိတ်ပျက်​စ​ရာ​များနှင့် ပြဿနာ​များ​သာ​ရှိ​ပေမည်။

အရေးကြီး​ဆုံးဖြတ်ချက်​များ​ချ​ရသည့်​အခါ “အကြံဉာဏ်​ပေး​နိုင်​သူများ​လျှင် အကြံ​အောင်မြင်​တတ်၏” ဟူသော အကြံဉာဏ်​ကို လိုက်လျှောက်ခြင်းက ပညာရှိ​သည်။ ဥပမာ၊ ဆေး​ကုသ​နည်း​တစ်ခုခု​ကို ရွေးချယ်​သည့်​အခါ အထူးသဖြင့် အရေးကြီးသော​ကိစ္စ​ဖြစ်ပါ​က ဆရာဝန်​နှစ်ဦး၊ သုံးဦး​နှင့်​တိုင်ပင်​ခြင်း​သည် ပညာ​မရှိပေ​လော။

ဝိညာဉ်​ရေး​ကိစ္စ​များနှင့်​ပတ်သက်​၍​လည်း အကြံဉာဏ်​ပေး​နိုင်​သူများ​ခြင်း​၏​အကျိုးကို လျှော့​တွက်​၍​မရနိုင်​ပေ။ အကြီးအကဲ​များ အချင်းချင်း​တိုင်ပင်​ပြီး ရရှိ​လာသော​အကြံဉာဏ်​ကို အသုံးချ​သောအခါ “အကြံ​အောင်မြင်​တတ်” သည်။ ထို့​ပြင် ခန့်အပ်​ခါ​စ ကြီးကြပ်မှူး​အသစ်များ​သည် အထူးသဖြင့် ခက်ခဲ​သော​ပြဿနာ​များ ကိုင်တွယ်​ရသည့်​အခါ​များ​တွင် အသက်ကြီး​သော၊ အတွေ့အကြုံ​ပို​များသော အကြီးအကဲ​များ​၏ အကြံဉာဏ်​ကို မ​နှောင့်​မ​နှေး​တောင်းခံ​သင့်​သည်။

“ပြန်​ပြော​သော​စကား​အားဖြင့် ဝမ်းမြောက်” သောအခါ

ထိုးထွင်း​သိမြင်မှု​ဖြင့်  ပြောဆိုခြင်း​ကြောင့် မည်သည့်​ကောင်းကျိုး​များ ရနိုင်​သနည်း။ ဣသရေလ​ဘုရင်​က “လူသည် ပြန်​ပြော​သော​စကား​အားဖြင့် ဝမ်းမြောက်စရာ​အကြောင်း​ရှိ၏။ အချိန်တန်​၍​ပြော​သော​စကား​သည်လည်း အလွန်​လျောက်ပတ်​ပေ​၏” ဟု​ဆို​သည်။ (သု. ၁၅:၂၃) ကျွန်ုပ်​တို့၏​စကား သို့​မဟုတ် အကြံဉာဏ်​ကို အခြားသူများ​နားထောင်​၍ ကောင်းကျိုး​များ​ရရှိ​သည်ကို မြင်တွေ့ရ​သောအခါ ကျွန်ုပ်​တို့ ပျော်ရွှင်​ကြသည်​မဟုတ်လော။ သို့သော် ကျွန်ုပ်​တို့၏​အကြံဉာဏ်​များ ထိရောက်​မှု​ရှိ​ရန် အချက်​နှစ်ချက် လိုအပ်​သည်။

ပထမ​အနေ​နှင့် ကျွန်ုပ်​တို့၏​အကြံဉာဏ်​သည် သမ္မာကျမ်းစာ​ပေါ်​တွင် အခိုင်အမာ​အခြေပြု​သင့်​သည်။ (ဆာလံ ၁၁၉:၁၀၅; ၂ တိမောသေ ၃:၁၆၊ ၁၇) ထို့နောက် ယင်း​တို့ကို တော်မှန်​သော​အချိန်တွင် ပြောဆို​ရမည်။ မည်မျှ​ပင်​မှန်ကန်သော​စကား​များ​ဖြစ်ပါစေ အဆင်​မသင့်​သော​အချိန်တွင် ပြော​မိ​ပါ​က အချည်းနှီး​ပင်။ ဥပမာ၊ ကိစ္စရပ်​တစ်ခု​ကို လုံး​စေ့​ပတ်​စေ့​နားမထောင်​ဘဲ အကြံဉာဏ်​ပေးခြင်း​သည် ပညာရှိရာ​မကျ၊ အကူအညီလည်း​ဖြစ်​မည်​မဟုတ်​ချေ။ ‘နား​ကြား​ခြင်း​ငှာ​လျင်မြန်​ပြီး စကားပြော​ခြင်း​ငှာ​နှေး’ ရန် အရေးကြီး​လှ​ပေ​သည်!—ယာကုပ် ၁:၁၉

‘အသက်​လမ်း​သည် အထက်​သို့​ပို့ဆောင်​တတ်’

နယပုံပြင်​ကျမ်း ၁၅:၂၄ က ဤသို့​ဖော်ပြ​သည်– “ပညာရှိ​သော​သူ​လိုက်​ရာ​အသက်​လမ်း​သည် အောက်​အရပ် မရ​ဏာ​နိုင်ငံ​မှ​လွှဲရှောင်​၍ အထက်​သို့​ပို့ဆောင်​တတ်၏။” ပညာရှိ​စွာ​ပြုမူ​ဆောင်ရွက်​တတ်​သူသည် မရ​ဏာ​နိုင်ငံ​ဖြစ်သော သင်္ချိုင်း​မှ လွှဲရှောင်​သော​လမ်းပေါ်တွင်​ရှိသည်။ သူသည် လူတကာ​နှင့်​လိင်ဆက်ဆံခြင်း၊ မူးယစ်​ဆေး​အလွဲသုံးခြင်း​နှင့် သောက်ကြူး​ခြင်း​စ​သည့် ပျက်စီး​စေသော​အကျင့်အကြံ​များ​ကို ရှောင်​သောကြောင့် အချိန်မတန်​ဘဲ သေဆုံး​ခြင်း​မှ အကာအကွယ်​ရသည်။ သူ၏​လမ်းမှာ အသက်​သို့​ပို့​ဆောင်ပေး​သည်။

ယင်း​နှင့်​ခြားနား​လျက် ပညာ​မရှိသော​သူ၏​လမ်းကို သတိပြု​ကြည့်​ပါ– ‘မာန​ထောင်လွှား​သော​သူ၏​အိမ်ကို ထာဝရ​ဘုရားသခင် ဖျက်ဆီး​တော်​မူ​မည်။ မုဆိုးမ​နေရာ​အရပ်​ကို​ကား တည်စေ​တော်​မူ​မည်။ မတရားသော​သူ၏​အကြံအစည်​တို့ကို ထာဝရ​ဘုရားသခင် စက်ဆုပ်​ရွံရှာ​တော်​မူ​၏။ စင်ကြယ်သော​သူ၏​စကား​တို့ကို​ကား နှစ်သက်​တော်​မူ​၏။ မတရားသော​စီးပွား​ကို​ရှာ​သော​သူသည် မိမိ​အိမ်သား​တို့ကို​နှောင့်ယှက်​တတ်၏။ တံစိုး​ကို​ရွံ​သော​သူ​မူ​ကား အသက်ချမ်းသာ​ရ​လိမ့်​မည်။’သု. ၁၅:၂၅-၂၇

 ဣသရေလ​ဘုရင်​သည်  လူ​တို့​ကျော့မိ​လေ့  ရှိသော ထောင်ချောက်​တစ်ခု​ကို မည်သို့​ရှောင်​ရမည့်​အကြောင်း ဤသို့​ဖော်ပြ​သည်– “ဖြောင့်မတ်​သော​သူသည် အဘယ်​သို့​ပြန်​ပြော​ရမည်ကို စိတ်နှလုံး​ထဲမှာ​ဆင်ခြင်​တတ်၏။ မတရားသော​သူ၏​နှုတ်​မူ​ကား မကောင်းသော​အရာ​တို့ကို သွန်းလောင်း​တတ်၏။” (သု. ၁၅:၂၈) ထို​နယပုံပြင်​စကား​သည် အလွန်​အဖိုးတန်​သော အကြံပေး​ချက်​ပင်! မစဉ်း​စား​မဆင်ခြင်ဘဲ ပြောလိုက်​သော​စကား​သည် မည်သည့်​ကောင်းကျိုး​မျှ​မပြု​နိုင်​ပေ။ အခြားသူများ​၏ အခြေအနေ​များနှင့် ခံစားချက်​များ​အပါအဝင် သက်ဆိုင်ရာ အချက်အလက်​အားလုံး​ကို သုံးသပ်​ပြီး​မှ​ပြောပါ​က နောက်​မှ​နောင်တ​ရ,ရမည့်​စကား​များ​ကို ပြော​မိ​မည်​မဟုတ်ပေ။

ဘုရားသခင်​ကို ကြောက်ရွံ့​ခြင်း​နှင့် ကိုယ်တော့်​ဆုံးမ​သွန်သင်ခြင်း​ကို နာခံခြင်း​၏ အကျိုးကျေးဇူး​ကား အဘယ်နည်း။ ပညာရှိ​က ဤသို့​ဖြေ​သည်– ‘ထာဝရ​ဘုရားသခင်​သည် မတရားသော​သူတို့နှင့် ဝေး​တော်​မူ​၏။ ဖြောင့်မတ်​သော​သူ၏ ဆုတောင်း​စကား​ကို​ကား နားထောင်​တော်​မူ​၏။’ (သု. ၁၅:၂၉) စစ်မှန်သော​ဘုရားသခင်​သည် မတရားသော​သူတို့နှင့် နီး​နီး​နေ​မည်​မဟုတ်ပါ။ ‘တရား​မ​နာ၊ လွှဲ​သွားသော​သူသည် ဆုတောင်း​သော်လည်း သူ၏​ဆုတောင်း​စကား​သည် စက်ဆုပ်​ရွံရှာဖွယ်​ဖြစ်၏’ ဟု သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ (သု. ၂၈:၉) ဘုရားသခင်​ကို​ကြောက်ရွံ့​၍ ကိုယ်တော့်​မျက်မှောက်တွင် ဖြောင့်မှန်​ရာ​များ​ကို ကြိုးစား​လုပ်ဆောင်​သူများ​သည် မိမိတို့၏​ဆုတောင်းချက်​များ​ကို ကိုယ်တော်​နားညောင်း​မည်​ဖြစ်​ကြောင်း အပြည့်အဝ​ယုံ ကြည်​စိတ်ချ​ကြသည်။

“နှလုံးကို​ရွှင်လန်း​စေ” သည့်​အရာ

စဉ်းစားစရာ နှိုင်းယှဉ်​ချက်​ကို​သုံး​လျက် ရှောလမုန် ဤသို့​ဆို​သည်– “မျက်စိ​အလင်း​သည် နှလုံးကို​ရွှင်လန်း​စေ​တတ်၏။ ကောင်းသော​သတင်း​စကား​သည်လည်း အရိုး​တို့ကို ခြင်ဆီ​နှင့်​ပြည့်ဝ​စေ​တတ်၏။” (သု. ၁၅:၃၀) ခြင်ဆီ​နှင့်​ပြည့်နေ​သော​အရိုး​တို့သည် သန်မာ​ပြီး ယင်းက တစ်ကိုယ်လုံး​ကို သန်စွမ်း​စေ​ကာ နှလုံးကို​ရွှင်လန်း​စေ​သည်။ စိတ်နှလုံး​ရွှင်လန်းခြင်း​သည် မျက်လုံး​များ​ကို​တောက်ပ​စေ​သည်။ ယင်းသည် ကောင်းသော​သတင်း​စကား​၏ အကျိုး​သက်ရောက်မှု​ဖြစ်သည်။

ယေဟောဝါ​၏​ဝတ်ပြုရေး ကမ္ဘာချီ​တိုးပွား​နေသည့်​သတင်း​များ​က ကျွန်ုပ်​တို့ကို အမှန်တကယ် အားရှိစေ​သည်မဟုတ်​လော။ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​၏ အောင်မြင်​ပြီးမြောက်မှု​များ​အကြောင်း သိရှိ​ရခြင်း​က အမှုဆောင်​လုပ်ငန်း​တွင် တိုးချဲ့​ပါဝင်​ရန် ကျွန်ုပ်​တို့ကို ခွန်အား​ရှိစေသည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ယေဟောဝါ​အား မိမိတို့၏​ဘုရားသခင်​ဖြစ်စေ​ပြီး စစ်မှန်သော​ဝတ်ပြုရေးကို ခံယူ​ကျင့်သုံး​သူတို့၏ တွေ့ကြုံမှု​များ​က ကျွန်ုပ်​တို့၏​နှလုံးကို ရွှင်လန်း​စေ​သည်။ “ဝေး​သော​ပြည်​မှ​ရောက်လာ​သော ဝမ်းမြောက်စရာ​သတင်း​စကား​သည်” ထို​မျှ​အစွမ်း​တန်ခိုး​ရှိရာ ခရစ်ယာန်​ဓမ္မ​အမှု​တွင် ကျွန်ုပ်​တို့​ပြုလုပ်​ခဲ့​ရာ​များ​ကို ပြောပြ​ရာ​၌ တိကျ​မှန်ကန်​ပြီး စိတ်​သန့်​နေ​ရန် အရေးကြီး​လှ​ပေ​သည်!—သု. ၂၅:၂၅

“ဂုဏ်​အသရေ​အရင်​၌ နှိမ့်ချ​ခြင်း​၏​နေရာ​ရှိ၏”

အသွင်အမျိုးမျိုး​နှင့်​လာ​တတ်သော ဆုံးမ​သွန်သင်ခြင်း​ကို လက်ခံခြင်း​၏​အကျိုးကို ပညာရှိ​ဘုရင်​က ဤသို့​အလေးပေး​ဖော်ပြ​သည်– “အသက်​နှင့်ယှဉ်သော​ဆုံးမခြင်း​စကား​ကို နားထောင်​သော​သူသည် ပညာရှိ​တို့​နှင့်​ပေါင်းဖော်​ရသော​အခွင့်​ရှိ၏။ ဆုံးမခြင်း​စကား​ကို​ပယ်​သော​သူသည် မိမိ​အသက်​ဝိညာဉ်​ကို မထီမဲ့မြင်​ပြု​ရာ​သို့​ရောက်​၏။ နားထောင်​သော​သူ​မူ​ကား ဉာဏ်​ကို​ရ​တတ်၏။” (သု. ၁၅:၃၁၊ ၃၂) ဆုံးမ​ပဲ့ပြင်​ခြင်း သို့​မဟုတ် သွန်သင်ခြင်း​သည် လူတစ်ဦး​၏ နှလုံး​အတွင်း​သို့​ရောက်ရှိ​ပြီး ယင်းကို ပြုပြင်ပေး​ကာ အမြင်မှန်​ရစေသည်။ “ဆုံးမ​သော​ကြိမ်လုံး” က​သာ ‘သူငယ်​၏​စိတ်နှလုံး​ထဲမှာ ထုပ်​ထား​လျက်​ရှိသည့် မိုက်​သော​သဘော’ ကို ဖယ်ရှား​ပေး​နိုင်​ကြောင်း သံသယ​ရှိ​စ​ရာ​မလို​ပေ။ (သု. ၂၂:၁၅) ဆုံးမ​သွန်သင်ခြင်း​ကို နားထောင်​သော​သူသည် ဉာဏ်၊ တစ်နည်း​အားဖြင့် စိတ်​လှုံ့ဆော်မှု​ကောင်း​ကို ရရှိ​သည်။ နားမထောင်​သော​သူ​မူ​ကား အသက်​တရားကို ငြင်းပယ်​သူ​ဖြစ်သည်။

ဉာဏ်ပညာ​၏​ဆုံးမ​သွန်သင်မှု​ကို နှိမ့်ချစွာ ကြိုဆို​လက်ခံခြင်း​က အမှန်တကယ် အကျိုးရှိ​စေ​သည်။ ထိုသို့​ပြုလုပ်ခြင်း​က ရော​င့်ရဲ​မှု၊ တိုးတက်မှု၊ ရွှင်လန်းမှု​နှင့် အောင်မြင်​ပြီးမြောက်မှု​များ​သာမက ဂုဏ်​အသရေ​နှင့် အသက်​တို့ကို​ပင် ရရှိ​စေနိုင်​သည်။ နယပုံပြင် ၁၅:၃၃ က ဤသို့​နိဂုံး​ချုပ်​ထား​သည်– “ထာဝရ​ဘုရားသခင်​ကို ကြောက်ရွံ့​သော​သဘော​သည် ပညာ​ကို​သွန်သင်ခြင်း​ဖြစ်၏။ ဂုဏ်​အသရေ​အရင်​၌ နှိမ့်ချ​ခြင်း​၏​နေရာ​ရှိ၏။”

[အောက်ခြေမှတ်ချက်]

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

အိမ်ထောင်တွင် ချစ်ချစ်ခင်ခင်​ရှိ​ခြင်း​သည် စားကောင်း​သောက်​ဖွယ်​များ​ရှိ​ခြင်း​ထက် သာ၍​နှစ်​လို့​ဖွယ်​ဖြစ်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့တွင် ကန့်သတ်​ချက်​များ​ရှိသည့်​တိုင် အပြုသဘောထား​ရှိ​ခြင်း​က အသိပညာ​ရရှိ​စေနိုင်

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

နှီးနှော​တိုင်ပင်​ခြင်း​ဟူသည် ရင်ထဲ​မှ​ခံစားချက်​များ၊ အတွေးအခေါ်​များ​ကို ဖလှယ်​ခြင်း​ဖြစ်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

“ကောင်းသော​သတင်း​စကား​သည်လည်း အရိုး​တို့ကို​ခြင်ဆီ​နှင့်” မည်သို့ “ပြည့်ဝ​စေ​တတ်” ကြောင်း သင်​သိပါသလော