ယေဟောဝါကိုကြောက်ရွံ့၍ ပျော်ရွှင်လော့!
ယေဟောဝါကိုကြောက်ရွံ့၍ ပျော်ရွှင်လော့!
“ယေဟောဝါကိုကြောက်ရွံ့သောသူသည် ပျော်ရွှင်၏။”—ဆာလံ ၁၁၂:၁၊ ကဘ။
၁၊ ၂။ ယေဟောဝါကိုကြောက်ရွံ့ခြင်းက အဘယ်အကျိုးပြုသနည်း။
ပျော်ရွှင်မှုကို လွယ်လွယ်နှင့်မရနိုင်ပါ။ စစ်မှန်သောပျော်ရွှင်မှုရနိုင်ရန် ရွေးချယ်မှုမှန်ရမည်၊ မှန်ရာကိုလုပ်ဆောင်ရမည်၊ အမှားကိုရှောင်ရမည်ဖြစ်သည်။ ဖန်ဆင်းရှင်ယေဟောဝါသည် အကောင်းဆုံးဘဝလမ်းစဉ်တွင် ကျွန်ုပ်တို့ပျော်မွေ့စေနိုင်ရန် သွန်သင်ပေးဖို့ ကိုယ်တော်၏နှုတ်မြွက်တော် သမ္မာကျမ်းစာကိုပေးထားသည်။ ယေဟောဝါ၏လမ်းညွှန်ချက်ကို ရှာဖွေကာ ယင်းကိုလိုက်နာခြင်းဖြင့် ဘုရားသခင်ကိုကြောက်ရွံ့ကြောင်း ဖော်ပြသည့်အခါ အမှန်ပင် ကျေနပ်ပျော်ရွှင်နိုင်မည်ဖြစ်၏။—ဆာလံ ၂၃:၁; သု. ၁၄:၂၆။
၂ ဘုရားသခင်အား အမှန်တကယ်ကြောက်ရွံ့ခြင်းက အမှားကိုရှောင်၊ အမှန်ကို သတ္တိရှိရှိလုပ်ဆောင်စေကြောင်းဖော်ပြသည့် ကျမ်းစာခေတ်နှင့် မျက်မှောက်ခေတ်မှ ပုံနမူနာများကို ဤဆောင်းပါးတွင် သုံးသပ်ကြပါမည်။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းက ဘုရင်ဒါဝိဒ်နည်းတူ လမ်းမှားမှ ပြန်လှည့်စေ၍ ပျော်ရွှင်မှုပေးနိုင်သည်ကို သိရှိကြရမည်။ ထို့ပြင် မိဘများအနေနှင့် သားသမီးများကို ယေဟောဝါအားကြောက်ရွံ့ခြင်း အဖိုးတန်အမွေပေးနိုင်ကြောင်း သိရှိရလိမ့်မည်။ သမ္မာကျမ်းစာက ဤသို့အာမခံသည်– “ယေဟောဝါကိုကြောက်ရွံ့သောသူသည် ပျော်ရွှင်၏။”—ဆာလံ ၁၁၂:၁၊ ကဘ။
ပျော်ရွှင်မှုပြန်ခံစားရခြင်း
၃။ ဒါဝိဒ်ကို အပြစ်လမ်းစဉ်မှ အဘယ်အရာက ပြန်လှည့်လာစေသနည်း။
၃ ဒါဝိဒ်သည် ဘုရားသခင်ကိုကြောက်ရွံ့သင့်သည်အတိုင်း မကြောက်မိသည့်အတွက် အပြစ်ကျူးလွန်ခဲ့ကြောင်း ရှေ့ဆောင်းပါးတွင်ဆွေးနွေးခဲ့သည့် ထူးခြားသောဖြစ်ရပ်သုံးခုမှ သိရှိရသည်။ သို့ရာတွင် ယေဟောဝါ၏ဆုံးမမှုကို သူလက်ခံခဲ့ပုံအရ အရင်းခံအားဖြင့် သူသည် ဘုရားသခင်ကိုကြောက်ရွံ့သူဖြစ်ကြောင်း ဖော်ပြသည်။ ဒါဝိဒ်သည် ဘုရားသခင်ကို ကြည်ညိုလေးစားသောကြောင့် အပြစ်ကိုဝန်ခံကာ လမ်းမှားကိုပြင်ပြီး ယေဟောဝါနှင့်ဆက်ဆံရေး ပြန်ကောင်းလာရန် ကြိုးစားလေသည်။ သူ့အမှားများကြောင့် သူကိုယ်တိုင်ရော အခြားသူများပါ ထိခိုက်နစ်နာခဲ့ရသော်လည်း နောင်တစစ်တင်ပြသောအခါ ယေဟောဝါထံမှ ထောက်မမှုနှင့်ကောင်းချီးများရရှိခဲ့သည်။ ယနေ့ ကြီးလေးသောအပြစ်ကျူးလွန်မိသည့် ခရစ်ယာန်များအတွက် ဒါဝိဒ်၏ပုံနမူနာက ခွန်အားရှိစေမည်မှာ သေချာသည်။
၄။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းက ပျော်ရွှင်မှုကို မည်သို့ပြန်ရစေနိုင်သနည်း။
၄ စော်နယာ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ * အချိန်ပြည့်သတင်းကောင်းဟောပြောသူအဖြစ် အမှုဆောင်နေသော စော်နယာသည် အပေါင်းအသင်းမှားပြီး ခရစ်ယာန်မဆန်သောအကျင့်များ ပြုကျင့်လာရာ အသင်းတော်မှနှင်ထုတ်ခံခဲ့ရသည်။ သို့သော် သူအသိတရားပြန်ရပြီးနောက် ဘုရားသခင်နှင့်ဆက်ဆံရေးကောင်းမွန်လာရန် အတတ်နိုင်ဆုံးကြိုးစားလေသည်။ အတန်ကြာသော် သူ့ကို အသင်းတော်က ပြန်လက်ခံခဲ့သည်။ ထိုသို့ဖြစ်ပျက်နေစဉ် စော်နယာတွင် ယေဟောဝါ၏အမှုတော် ထမ်းဆောင်လိုစိတ် ရှိမြဲရှိနေသည်။ နောက်ဆုံး၌ အချိန်ပြည့်ရှေ့ဆောင်လုပ်ငန်းတွင် ပြန်ပါဝင်ခဲ့သည်။ နောက်ပိုင်း ပုံသက်သေကောင်းသော ခရစ်ယာန်အကြီးအကဲတစ်ဦးနှင့် သူလက်ထပ်ပြီး ယခု အသင်းတော်တွင် ပျော်ရွှင်စွာအမှုဆောင်နေကြ၏။ စော်နယာသည် ခရစ်ယာန်လမ်းစဉ်မှ ခေတ္တသွေဖည်သွားသည်ကို နောင်တရသော်လည်း ဘုရားသခင်ကိုကြောက်ရွံ့စိတ် ရှိနေသောကြောင့် ပြန်လှည့်လာခဲ့သည်ကို ဝမ်းသာမိသည်။
အပြစ်ပြုမည့်အစား အဆင်းရဲခံခြင်း
၅၊ ၆။ ဒါဝိဒ်သည် ရှောလုကို နှစ်ကြိမ်တိုင် အဘယ်နည်းဖြင့် အသက်ချမ်းသာပေးခဲ့သနည်း။ အဘယ်ကြောင့်နည်း။
၅ ဘုရားသခင်ကိုကြောက်ရွံ့စိတ်ကြောင့် အစကတည်းက အပြစ်မပြုလျှင် သာ၍ကောင်းပေသည်။ သို့ဖြစ်ကြောင်း ဒါဝိဒ်၏ဖြစ်ရပ်က ဖော်ပြသည်။ တစ်ခါက ရှောလုသည် စစ်သည်သုံးထောင်နှင့် ဒါဝိဒ်ကိုလိုက်လံဖမ်းဆီးနေရာ ဒါဝိဒ်နှင့်သူ၏လူတို့ ပုန်းအောင်းနေသည့် ဂူထဲရောက်လာသည်။ ဒါဝိဒ်၏လူများက ရှောလုကိုကွပ်မျက်ရန် တိုက်တွန်းလေသည်။ ယေဟောဝါသည် ဒါဝိဒ်၏ရန်ဘက်ကို သူ့လက်ထဲအပ်နေခြင်း မဟုတ်ပေလောဟု ယူမှတ်စရာပင်။ ဒါဝိဒ်မူ ရှောလုရှိရာသို့ တိတ်တဆိတ်သွား၍ အဝတ်စွန်းကိုဖြတ်ယူလေသည်။ ဘုရားသခင်ကိုကြောက်သောကြောင့် ထိုသို့ပြုလုပ်မိသည့်အတွက်ပင် သူစိတ်အနှောင့်အယှက်ဖြစ်ရသည်။ ထို့နောက် စိတ်လှုပ်ရှားနေကြသော သူ့လူများကို ဒါဝိဒ်က ‘ငါ့အရှင်သည် ထာဝရဘုရားသခင်အခွင့်နှင့် ရှင်ဘုရင်ဖြစ်သောကြောင့် ထိုအရှင်ကိုထိခိုက်ခြင်းငှာ ငါလက်ဆန့်သောအမှုကို ထာဝရဘုရားသခင် ဆီးတားတော်မူပါစေသော’ ဟုဆိုလေသည်။ *—၁ ဓမ္မရာဇဝင် ၂၄:၁-၇။
၆ နောက်တစ်ကြိမ်တွင် ရှောလုနှင့်သူ့လူတို့သည် ညအချိန်စခန်းချစဉ် သူတို့ကို ‘ကြီးစွာသောအိပ်ခြင်းဖြင့် ထာဝရဘုရားသခင် အိပ်စေတော်မူ’ ၏။ ထိုအခါ ဒါဝိဒ်နှင့် သူ၏တူ သတ္တိခဲအဘိရှဲသည် စခန်းထဲလျှိုဝင်၍ ရှောလုအိပ်နေသောနေရာအထိ သွားကြသည်။ အဘိရှဲက ရှောလုကို ပွဲချင်းပြီးကွပ်မျက်လိုသည်။ ဒါဝိဒ်မူ အဘိရှဲကိုတားဆီးရန် ‘ထာဝရဘုရားသခင်အခွင့်နှင့် ရှင်ဘုရင်ဖြစ်သောသူကို အဘယ်သူအပြစ်လွှတ်လျက် ထိခိုက်နိုင်သနည်း’ ဟုမေးလေ၏။—၁ ဓမ္မရာဇဝင် ၂၆:၉၊ ၁၂။
၇။ အပြစ်မပြုမိရန် ဒါဝိဒ်ကို အဘယ်အရာက တားဆီးသနည်း။
၇ ဒါဝိဒ်သည် ရှောလုကိုကွပ်မျက်ရန် နှစ်ကြိမ်အခွင့်ရလျက်နှင့် အဘယ်ကြောင့်ထိုသို့မပြုသနည်း။ သူသည် ရှောလုထက် ယေဟောဝါကို ပို၍ကြောက်သောကြောင့်ဖြစ်၏။ ဘုရားသခင်ကို ဒါဝိဒ် အမှန်တကယ်ကြောက်ရွံ့သဖြင့် အပြစ်ပြုမည့်အစား အဆင်းရဲခံရန် အသင့်ရှိခဲ့သည်။ (ဟေဗြဲ ၁၁:၂၅၊ ၂၆) ယေဟောဝါသည် ကိုယ်တော်၏လူမျိုးနှင့် မိမိကိုပါ ဂရုစိုက်တော်မူကြောင်း ဒါဝိဒ် အပြည့်အဝယုံကြည်စိတ်ချသည်။ ဘုရားသခင်ကိုနာခံ၍ ယုံကြည်ကိုးစားမည်ဆိုလျှင် ပျော်ရွှင်မှုနှင့်ကောင်းချီးများစွာ ရရှိမည်၊ ကိုယ်တော်ကိုပစ်ပယ်ပါက မျက်နှာသာဆုံးရှုံးမည်ကို သူသိရှိသည်။ (ဆာလံ ၆၅:၄) ထို့ပြင် ဘုရားသခင်သည် မိမိကိုဘုရင်ဖြစ်စေမည်၊ အချိန်တန်လျှင် ကိုယ်တော့်နည်းလမ်းအတိုင်း ရှောလုကိုဖယ်ရှားပစ်မည်ဟူသောကတိတော်နှင့်အညီ ပြုတော်မူမည်ကို သိထားသည်။—၁ ဓမ္မရာဇဝင် ၂၆:၁၀။
ဘုရားသခင်ကိုကြောက်ရွံ့ခြင်းက ပျော်ရွှင်စေ
၈။ အခက်အခဲများကြား ဒါဝိဒ်ပြုမူခဲ့ပုံက အဘယ်နည်းဖြင့် အတုယူစရာဖြစ်သနည်း။
၈ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် လှောင်ပြောင်ကဲ့ရဲ့ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် အခြားပြဿနာများ ကြုံရနိုင်သည်။ (မဿဲ ၂၄:၉; ၂ ပေတရု ၃:၃) ဝတ်ပြုမှုတူသူချင်းကြောင့်ပင် တစ်ခါတစ်ရံ အခက်အခဲများကြုံတွေ့နိုင်သည်။ သို့သော် အရာခပ်သိမ်းကို ယေဟောဝါသိမြင်တော်မူသည်၊ ကျွန်ုပ်တို့၏ဆုတောင်းသံကို နားညောင်းတော်မူသည်၊ အချိန်တန်လျှင် ကိစ္စရပ်အားလုံးကို အလိုတော်နှင့်အညီဖြေရှင်းပေးမည်ကို ကျွန်ုပ်တို့သိရှိထားကြသည်။ (ရောမ ၁၂:၁၇-၂၁; ဟေဗြဲ ၄:၁၆) ထို့ကြောင့် အတိုက်အခံပြုသူများကို ကြောက်မည့်အစား ယေဟောဝါကိုကြောက်ရွံ့ပြီး ကိုယ်တော့်ကိုမျှော်ကိုးကြမည်။ ဒါဝိဒ်ကဲ့သို့ ကျွန်ုပ်တို့လည်း လက်တုံ့ပြန်မည်မဟုတ်၊ အဆင်းရဲခံရမည်ကိုစိုးရိမ်ပြီး ဖြောင့်မတ်သောမူများကို အလျော့ပေးလိုက်လျောမည်လည်း မဟုတ်ပါ။ ဤသို့ပြုလျှင် အဆုံးတွင် ပျော်ရွှင်ရမည်။ သို့သော် မည်သို့အားဖြင့်နည်း။
၉။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းက နှိပ်စက်ညှဉ်းပန်းခံရသည့်ကြားမှ ပျော်ရွှင်စေနိုင်ပုံကို ဥပမာပေးပါ။
၉ အာဖရိကမှ သက်တမ်းရင့်ခရစ်ယာန်သာသနာပြုတစ်ဦး ဤသို့ဆိုသည်– “ခရစ်ယာန်ကြားနေမှုကြောင့် နိုင်ငံရေးပါတီကတ်မဝယ်တဲ့ သားအမိအကြောင်း ကျွန်တော် စဉ်းစားမိတယ်။ လူအုပ်က သူတို့ကို ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုပြီး မောင်းထုတ်တယ်။ အိမ်အပြန်မှာ ဆယ်ကျော်သက်အရွယ်သမီးက ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာနားမလည်ဘဲ ငိုနေတော့ သူ့အမေက နှစ်သိမ့်အားပေးတယ်။ အဲဒီတုန်းက သူတို့ဝမ်းနည်းနေကြပေမဲ့ စိတ်ကြည်လင်တယ်။ ဘုရားသခင့်စကားကို သူတို့နားထောင်ခဲ့လို့ နောက်ပိုင်းမှ အရမ်းပျော်ကြတယ်။ သူတို့သာ ပါတီကတ်ဝယ်ခဲ့ရင် လူအုပ်က ပျော်မြူးနေကြမှာ။ အအေးတိုက်ကြမယ်၊ ကခုန်ပြီး အိမ်ပြန်ပို့ပေးကြမယ်။ ဒါပေမဲ့ ဒီသားအမိက အလျှော့ပေးလိုက်လျောမိခဲ့ရင် တော်တော့်ကိုစိတ်ဆင်းရဲကြမှာ။” ဘုရားသခင်ကို သူတို့ကြောက်ရွံ့ခဲ့ကြသဖြင့် ထိုအဖြစ်မျိုးမကြုံခဲ့ပေ။
၁၀၊ ၁၁။ အမျိုးသမီးတစ်ဦးသည် ဘုရားသခင်ကိုကြောက်ရွံ့သည့်အတွက် အဘယ်အကျိုးခံစားရသနည်း။
၁၀ အသက်ကို တန်ဖိုးထားလေးမြတ်မှုနှင့်ပတ်သက်၍ စမ်းသပ်မှုများကြုံရသည့်အခါ ဘုရားသခင်ကိုကြောက်ရွံ့ကြောင်း တင်ပြခြင်းသည် ပျော်ရွှင်စေနိုင်၏။ မေရီသည် တတိယကိုယ်ဝန်ကိုလွယ်ထားစဉ် ဆရာဝန်က “ခင်ဗျားရဲ့အခြေအနေ အတော်ဆိုးတာပဲ။ ၂၄ နာရီအတွင်း သေနိုင်တယ်။ ကလေးလည်း သေသွားနိုင်တယ်။ ဒီကလေး ပုံမှန်ဖြစ်မယ်လို့ အာမ,မခံနိုင်ဘူး” ဟုဆိုကာ ကိုယ်ဝန်ဖျက်ချရန် တိုက်တွန်းလေသည်။ မေရီသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာနေ၏။ နှစ်ခြင်းတော့ မခံရသေးပေ။ “ဒါပေမဲ့ ယေဟောဝါကိုဝတ်ပြုဖို့ ကျွန်မ ဆုံးဖြတ်ထားတယ်။ ဘာပဲဖြစ်ဖြစ် ဘုရားသခင်စကားနားထောင်မယ်လို့ ဆုံးဖြတ်ပြီးသား” ဟုသူပြောပြသည်။—ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃။
၁၁ မေရီသည် ကိုယ်ဝန်ဆောင်ချိန်အတွင်း ကျမ်းစာလေ့လာခြင်း၊ မိသားစုကိုပြုစုခြင်းတို့နှင့် အလွန်အလုပ်များနေ၏။ နောက်ဆုံး မီးဖွားလေတော့သည်။ “ပထမကလေးနှစ်ယောက်ထက် ဒီကလေးမွေးရတာ ခက်ပေမဲ့ သိပ်ကြီးကြီးမားမားတော့ မဟုတ်ပါဘူး” ဟုသူပြောသည်။ မေရီသည် ဘုရားသခင်ကိုကြောက်ရွံ့သည့်အတွက် ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်နေပြီး မကြာမီ နှစ်ခြင်းခံလိုက်လေသည်။ ထိုကလေးကြီးပြင်းလာသောအခါ ဘုရားသခင်ကိုကြောက်ရွံ့တတ်လာပြီး ယခု ယေဟောဝါသက်သေများ၏ဌာနခွဲတစ်ခုတွင် အမှုဆောင်နေသည်။
ယေဟောဝါကိုကိုးစား၍ ခွန်အားယူလော့
၁၂။ ဘုရားသခင်ကိုကြောက်ရွံ့သည့်အတွက် ဒါဝိဒ် မည်သို့ခွန်အားရရှိခဲ့သနည်း။
၁၂ ယေဟောဝါကို ဒါဝိဒ်ကြောက်ရွံ့ခြင်းက မကောင်းမှုရှောင်စေရုံထက်မက သူ့ကိုအကျိုးပြုသည်။ ခက်ခဲသောအခြေအနေတွင် ပြတ်ပြတ်သားသား၊ ပညာရှိရှိလုပ်ဆောင်စေခဲ့သည်။ ဒါဝိဒ်နှင့်သူ့လူတို့သည် ရှောလု၏ရန်ကိုရှောင်ရန် ဖိလိတ္တိပြည်၊ ဇိကလတ်ကျေးလက်ပိုင်းတွင် တစ်နှစ်နှင့်လေးလတိုင် ပုန်းခိုနေရသည်။ (၁ ဓမ္မရာဇဝင် ၂၇:၅-၇) တစ်ခါက သူတို့မရှိခိုက် အာမလက်လူတို့သည် မြို့ကိုမီးရှို့၍ မယားနှင့်သားသမီးများ၊ သိုးနွားများကို သိမ်းယူသွား၏။ ဒါဝိဒ်နှင့်သူ၏လူများ ပြန်ရောက်လာ၍ ထိုအဖြစ်အပျက်ကိုမြင်သည့်အခါ ငိုကြွေးလေသည်။ ဒါဝိဒ်၏လူတို့သည် ဝမ်းနည်းရာမှ စိတ်နာလာကြပြီး သူ့ကိုခဲနှင့်ပစ်မည်ဟုဆိုလေ၏။ ထိုအခါ ဒါဝိဒ်သည် အလွန်ဝမ်းနည်းသော်လည်း စိတ်ပျက်အားလျော့ခြင်းမရှိချေ။ (သု. ၂၄:၁၀) ယေဟောဝါကိုကြောက်ရွံ့သောကြောင့် ကိုယ်တော်ကိုသာကိုးစား၍ ခွန်အားယူလေသည်။ ထို့နောက် သူတို့သည် ဘုရားသခင်၏အကူအညီဖြင့် အာမလက်လူတို့ကို အမီလိုက်တိုက်ခိုက်ခဲ့ကြရာ အလုံးစုံတို့ကို ပြန်သိမ်းပိုက်နိုင်လေသည်။—၁ ဓမ္မရာဇဝင် ၃၀:၁-၂၀။
၁၃၊ ၁၄။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းက ခရစ်ယာန်တစ်ဦးအား မှန်ကန်သည့်ဆုံးဖြတ်ချက်များကို မည်သို့ချစေသနည်း။
၁၃ ယနေ့ ယေဟောဝါ၏ကျေးကျွန်များသည် ကိုယ်တော်ကိုကိုးစား၍ သတ္တိဖြင့် ပြတ်ပြတ်သားသား လုပ်ဆောင်ရမည့်အခြေအနေများ ကြုံတွေ့ကြရသည်။ ဥပမာအနေနှင့် ခရစ္စတီးနာ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူသည် ငယ်စဉ်က ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာခဲ့ဖူးသည်။ သို့သော် သူသည် စန္ဒရားအကျော်အမော်ဖြစ်လို၍ အတော်အတန်ကြိုးစားခဲ့ရာ များစွာတိုးတက်နေ၏။ ထို့ပြင် ဟောပြောရန် ရှက်ကြောက်သည့်အတွက် နှစ်ခြင်းခံလိုက်လျှင် ထမ်းဆောင်ရမည့်တာဝန်များကိုလည်း လက်မခံရဲပေ။ သမ္မာကျမ်းစာကို ခရစ္စတီးနာ ဆက်လေ့လာသည်နှင့်အမျှ ယင်း၏အစွမ်းထက်မှုကို ပိုမိုသိနားလည်လာလေသည်။ သို့နှင့် ယေဟောဝါကို သူကြောက်ရွံ့တတ်လာပြီး ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်စေလိုကြောင်း သိလာသည်။ (မာကု ၁၂:၃၀) ထို့နောက် ယေဟောဝါထံအပ်နှံကာ နှစ်ခြင်းခံခဲ့သည်။
၁၄ ဝိညာဉ်ရေးတိုးတက်လာရန် ယေဟောဝါထံ ခရစ္စတီးနာ ဆုတောင်းခဲ့သည်။ “စန္ဒရားအကျော်အမော်တစ်ယောက်ဖြစ်ရင် အမြဲခရီးထွက်နေရမယ်။ တစ်နှစ်ကို ဖျော်ဖြေပွဲ ၄၀၀ လောက်တင်ဆက်ဖို့စာချုပ်ချုပ်ရမယ်ဆိုတာကို ကျွန်မသိထားတယ်။ ဒါကြောင့် ကိုယ့်ဝမ်းကိုယ်ကျောင်းရင်း အချိန်ပြည့်ဟောပြောသူဖြစ်နိုင်ဖို့ စန္ဒရားနည်းပြပဲလုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်” ဟုသူရှင်းပြသည်။ ထိုအချိန်က ခရစ္စတီးနာ၏နိုင်ငံရှိ နာမည်ကြီး ကဇာတ်ရုံတွင် သူဖျော်ဖြေရန် စာရင်းသွင်းပြီးသားဖြစ်နေသည်။ သို့နှင့် သူဤသို့ပြောခဲ့သည်– “ကျွန်မရဲ့ ပွဲဦးထွက်ဖျော်ဖြေမှုက နောက်ဆုံးပိတ်ဖျော်ဖြေပွဲဖြစ်သွားတယ်။” ယခု သူသည် ခရစ်ယာန်အကြီးအကဲတစ်ဦးနှင့်လက်ထပ်ထားကာ ယေဟောဝါသက်သေများ၏ဌာနခွဲတွင် အမှုဆောင်လျက်ရှိသည်။ ယေဟောဝါထံမှရရှိသော ခွန်အားဖြင့် မှန်ကန်သည့်ဆုံးဖြတ်ချက်ချနိုင်ပြီး ယခု သူ၏အချိန်နှင့်ခွန်အားကို ကိုယ်တော့်အမှုတော်အတွက် အသုံးပြုနိုင်ခြင်းကြောင့် ပျော်ရွှင်နေသည်။
အဖိုးထိုက်သောအမွေ
၁၅။ ဒါဝိဒ်သည် သားသမီးများကို အဘယ်အမွေပေးလိုသနည်း။ ယင်းကို သူမည်သို့ပြုခဲ့သနည်း။
၁၅ ‘အချင်းသူငယ်တို့ လာကြလော့။ ငါ့စကားကို နားထောင်ကြလော့။ ထာဝရဘုရားသခင်ကို ကြောက်ရွံ့ခြင်းတရားကို သင်တို့အား ငါသွန်သင်မည်’ ဟုဒါဝိဒ်ရေးခဲ့သည်။ (ဆာလံ ၃၄:၁၁) ဖခင်တစ်ဦးအနေနှင့် ဒါဝိဒ်သည် သူ၏သားသမီးများကို အဖိုးထိုက်သောအမွေဖြစ်သည့် ယေဟောဝါအား အမှန်တကယ်ကြောက်ရွံ့ခြင်းသဘောကို ပေးလိုသည်။ ယေဟောဝါကို မရမကတောင်းဆိုတတ်သော၊ ကြောက်စရာကောင်းသော၊ ပညတ်ချိုးဖောက်သူကို အပြစ်ပေးရန်အသင့်ရှိသောသူအဖြစ်မဟုတ်ဘဲ ဂရုစိုက်တတ်သော၊ ခွင့်လွှတ်တတ်သော မေတ္တာရှင်ဖခင်တစ်ဦးအဖြစ် အပြောအားဖြင့်ရော၊ အလုပ်အားဖြင့်ပါ သရုပ်ပေါ်အောင် ဒါဝိဒ်ဖော်ပြခဲ့သည်။ အမှားများကို မည်သူ မျက်ခြည်မပြတ်စောင့်ကြည့်နေမည်နည်းဟု ဒါဝိဒ်မေးခဲ့သည်။ ယေဟောဝါသည် အမှားများကို အမြဲစစ်ဆေးမနေကြောင်း သူယုံကြည်စိတ်ချ၍ ဤသို့ထပ်ဆင့်ဆိုသည်– ‘မထင်ရှားသောအပြစ်နှင့် အကျွန်ုပ်ကို ကင်းစင်စေပါ။’ ဒါဝိဒ်သည် မိမိအတတ်နိုင်ဆုံးကြိုးစားပါက မိမိ၏အပြောအဆို၊ အတွေးအခေါ်တို့ကို ယေဟောဝါ နှစ်သက်လက်ခံမည်ဟု စိတ်ချသည်။—ဆာလံ ၁၉:၁၂၊ ၁၄။
၁၆၊ ၁၇။ သားသမီးများ ယေဟောဝါကိုကြောက်တတ်လာရန် မိဘတို့ မည်သို့သင်ပေးနိုင်သနည်း။
၁၆ ယနေ့ မိဘများလည်း ဒါဝိဒ်ကို အတုယူသင့်သည်။ ယေဟောဝါသက်သေများ၏ဌာနခွဲတွင် မိမိညီနှင့်အတူအမှုဆောင်နေသော ရာ့ဖ်က ဤသို့ဆိုသည်– “အမှန်တရားထဲမှာ ကျွန်တော်တို့ပျော်ရွှင်အောင် မိဘတွေ လေ့ကျင့်ပေးခဲ့တယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက အသင်းတော်အကြောင်း မိဘတွေပြောကြရင် ကျွန်တော်တို့ကိုလည်း ဝင်ပြောခွင့်ပေးတယ်။ ဒီလိုနဲ့ ကျွန်တော်တို့လည်း သူတို့လိုပဲ အမှန်တရားမှာ စိတ်ထက်သန်လာကြတယ်။ ယေဟောဝါရဲ့အမှုတော်ကို အကျိုးရှိရှိထမ်းဆောင်နိုင်တယ်လို့ ကျွန်တော်တို့ကိုသင်ပေးတယ်။ တကယ်ပြောရရင် ကြေညာသူနည်းတဲ့ နိုင်ငံတစ်နိုင်ငံမှာ ကျွန်တော်တို့မိသားစု နှစ်နဲ့ချီနေပြီးတော့ အသင်းတော်အသစ်တွေ ဖွင့်ပေးခဲ့ကြတယ်။
၁၇ “ကျွန်တော်တို့ကို လမ်းမှန်ပေါ်ရပ်တည်နေစေခဲ့တာက တင်းကျပ်တဲ့စည်းကမ်းတွေမဟုတ်ဘဲ မိဘတွေရဲ့ပုံသက်သေဖြစ်တယ်။ မိဘတွေအတွက် ယေဟောဝါက တကယ့်ပုဂ္ဂိုလ်တစ်ပါး၊ တကယ့်ကို ကြင်နာကောင်းမြတ်တဲ့ ဘုရားသခင်ဖြစ်တယ်။ ကျွန်တော်တို့မိဘတွေက ယေဟောဝါနဲ့အကျွမ်းတဝင်ရှိဖို့ ကြိုးစားတယ်။ ကိုယ်တော့်မျက်နှာသာ ရချင်ကြတယ်။ ဘုရားသခင်ကို မိဘတွေက အမှန်တကယ်ချစ်ကြောက်ရိုသေကြလို့ ကျွန်တော်တို့လည်း အဲဒီလိုဖြစ်လာကြတယ်။ အမှားလုပ်မိရင်တောင် ကျွန်တော်တို့ကို ယေဟောဝါချစ်နိုင်တော့မှာမဟုတ်ဘူးလို့ တစ်ခါမှ မခံစားစေခဲ့ဘူး။ ဒေါသတကြီးနဲ့ စည်းကမ်းထုတ်တာမျိုးလည်း မရှိခဲ့ဘူး။ အများအားဖြင့် ကျွန်တော်တို့နဲ့အတူထိုင်ပြီး အေးအေးဆေးဆေး ဆုံးမကြတယ်။ အမေဆိုရင် ကျွန်တော်တို့သဘောပေါက်အောင် တစ်ခါတလေ မျက်ရည်ကျတဲ့အထိ ဆုံးမခဲ့ဖူးတယ်။ တကယ်လည်း ထိရောက်တယ်။ ယေဟောဝါကိုကြောက်ရွံ့တယ်ဆိုတာ တကယ်ကောင်းတယ်၊ ကိုယ်တော်ရဲ့သက်သေတစ်ဦးဖြစ်ရတာ ဝန်ထုပ်ဝန်ပိုးမဟုတ်ဘဲ ကျေနပ်အားရစရာဖြစ်တယ်ဆိုတာကို မိဘတွေက အပြောနဲ့ရော၊ အလုပ်နဲ့ပါ သင်ပေးခဲ့တယ်။”—၁ ယောဟန် ၅:၃။
၁၈။ စစ်မှန်သောဘုရားသခင်ကို ကြောက်ရွံ့ခြင်းကြောင့် အဘယ်အရာရရှိမည်နည်း။
၁၈ “ဒါဝိဒ်မြွက်ဆိုသော နောက်ဆုံးစကား” မှာ ဤသို့ဖြစ်၏– ‘လူတို့ကိုအုပ်စိုးသောသူသည် တရားသဖြင့်စီရင်၍ ဘုရားသခင်ကိုကြောက်ရွံ့လျက် အုပ်စိုးရမည်။ နေထွက်သော နံနက်အလင်းကဲ့သို့ဖြစ်ရလိမ့်မည်။’ (၂ ဓမ္မရာဇဝင် ၂၃:၁၊ ၃၊ ၄) ဒါဝိဒ်၏မင်းရိုက်ရာကိုဆက်ခံသူ သားတော်ရှောလမုန်သည် ဆိုလိုရင်းကိုသဘောပေါက်သဖြင့် နာခံတတ်သောနှလုံးနှင့် “ကောင်းမကောင်းကို ပိုင်းခြား၍သိတတ်သောဉာဏ်” ပေးပါရန် ယေဟောဝါထံဆုတောင်းခဲ့ခြင်းဖြစ်မည်။ (၃ ဓမ္မရာဇဝင် ၃:၉) ယေဟောဝါကိုကြောက်ရွံ့ခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်ပြီး ပျော်ရွှင်မှုရှိစေကြောင်း ရှောလမုန်အသိအမှတ်ပြုသည်။ နောက်ပိုင်းတွင် သူရေးသည့်ကျမ်းတစ်ကျမ်းကို ဤသို့နိဂုံးချုပ်၏– “အချုပ်အခြာစကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။ အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသောဝှက်ထားခြင်းမှစ၍ အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိသမျှတို့ကို စစ်ကြော၍ တရားသဖြင့် စီရင်တော်မူလတ္တံ့။” (ဒေ. ၁၂:၁၃၊ ၁၄) ထိုအကြံပေးချက်ကို ကျွန်ုပ်တို့လိုက်နာပါက “စိတ်နှိမ့်ချခြင်း၊ ယေဟောဝါကိုကြောက်ရွံ့ခြင်းကျေးဇူးကြောင့်” ဉာဏ်ပညာနှင့်ပျော်ရွှင်မှုသာမက “စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်” ကိုပါ ရရှိပါလိမ့်မည်။—သု. ၂၂:၄။
၁၉။ “ယေဟောဝါအားကြောက်ရွံ့ခြင်း” ကို အဘယ်အရာက နားလည်လာစေမည်နည်း။
၁၉ ကျေးကျွန်စစ်များသည် ယေဟောဝါကို အမှန်တကယ်ကြောက်ရွံ့ပါက အကျိုးခံစားရကြောင်း သမ္မာကျမ်းစာပါပုံနမူနာများနှင့် မျက်မှောက်ခေတ်တွေ့ကြုံမှုများမှ ကျွန်ုပ်တို့သိရှိခဲ့ရ၏။ ထိုသို့ကြောက်ရွံ့လျှင် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် မနှစ်သက်ရာကို ရှောင်မည်သာမက အတိုက်အခံပြုသူများကို သတ္တိရှိရှိရင်ဆိုင်ဝံ့မည်။ ထို့ပြင် စမ်းသပ်မှုနှင့်အခက်အခဲများကြား ကြံ့ကြံ့ခံ ရပ်တည်နိုင်ပါလိမ့်မည်။ ထို့ကြောင့် လူကြီးလူငယ်မရွေး ကျွန်ုပ်တို့အားလုံး သမ္မာကျမ်းစာကို ဇွဲရှိရှိလေ့လာခြင်း၊ သိရှိခဲ့ရာတို့ကို တွေးတောဆင်ခြင်ခြင်း၊ ခံစားချက်အပြည့်နှင့် မှန်မှန်ဆုတောင်းခြင်းတို့ကိုပြု၍ ယေဟောဝါထံ ချဉ်းကပ်ကြပါစို့။ ယင်းသို့ပြုပါက “ဘုရားသခင်ကိုသိသောဉာဏ်” အပြင် ‘ထာဝရဘုရားသခင်ကို ကြောက်သောသဘော’ ကိုပါ သိနားလည်လာပါလိမ့်မည်။—သု. ၂:၁-၅။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 4 ယင်းအဖြစ်အပျက်ကြောင့် ဆာလံ အခန်းကြီး ၅၇ နှင့် ဆာလံ ၁၄၂ တို့ကို ဒါဝိဒ်စပ်ဆိုရပုံရှိသည်။
^ အပိုဒ်၊ 5 နာမည်ပြောင်းထားသည်။
သင်ရှင်းပြနိုင်သလော
ဘုရားသခင်ကိုကြောက်ရွံ့ခြင်းက
• ကြီးလေးသောအပြစ်ပြုမိသည့်အခါ မည်သို့နောင်တယူပြောင်းလဲစေနိုင်သနည်း။
• စမ်းသပ်မှုများနှင့် နှိပ်စက်ညှဉ်းပန်းမှုများကြားမှ မည်သို့ပျော်ရွှင်စေနိုင်သနည်း။
• ကိုယ်တော်၏အလိုတော်ကိုဆောင်ရန် မည်သို့ခွန်အားပေးနိုင်သနည်း။
• ကျွန်ုပ်တို့၏သားသမီးများအတွက် အဖိုးထိုက်သောအမွေ မည်သို့ဖြစ်နိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဒါဝိဒ်သည် ယေဟောဝါကိုကြောက်ရွံ့သောကြောင့် ဘုရင်ရှောလုကို အနာတရဖြစ်အောင်မပြုခဲ့
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
သားသမီးများအား မိဘတို့ပေးနိုင်သည့် အဖိုးထိုက်အမွေမှာဘုရားသခင်အားကြောက်ရွံ့တတ်ရန် သင်ပေးခြင်းဖြစ်