မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူတိုင်းဂုဏ်သိက္ခာရှိရှိဆက်ဆံခံရနိုင်

လူတိုင်းဂုဏ်သိက္ခာရှိရှိဆက်ဆံခံရနိုင်

လူတိုင်း​ဂုဏ်​သိက္ခာ​ရှိ​ရှိ​ဆက်ဆံခံရ​နိုင်

“လူတို့၏​တည်မြဲသော ဂုဏ်​သိက္ခာ​ကို လေးစား​သွား​မည့် သာ၍​ကောင်းသော​ကမ္ဘာသစ်​တစ်ခု​ကို ကျွန်ုပ်​တို့​တည်ထောင်​ရမည်။”—အမေရိကန်​သမ္မတ ဟယ်ရီ​ထ​ရူး​မဲ​န်း၊ ၁၉၄၅၊ ဧပြီ ၂၅၊ ဆန်​ဖ​ရန်စ​စ္စ​ကို၊ ကယ်လီဖိုးနီးယား၊ အမေရိကန်​ပြည်ထောင်စု။

ဒုတိယ​ကမ္ဘာ​စစ်​အပြီး နောက်ပိုင်း​နှစ်များ​တွင် လူတို့သည် အတိတ်​မှ​သင်ခန်းစာယူ​မည်​ဆိုလျှင် အားလုံး​ဂုဏ်​သိက္ခာ​ရှိ​မည့် “ကမ္ဘာသစ်​တစ်ခု” ရနိုင်​မည်​ဟု အများ​သော​သူတို့​ကဲ့သို့​ပင် သမ္မတ​ထ​ရူး​မဲ​န်း​ယုံကြည်ခဲ့​သည်။ ဝမ်းနည်းစရာမှာ သင်ခန်းစာ​မယူ​ကြ​ကြောင်း ခေတ်​သစ်​သမိုင်း​ဖြစ်ရပ်​များ​က ဖော်ပြ​သည်။ လူ​တို့နှင့်​မပတ်သက်​ဘဲ လူတို့၏​အကြီးမားဆုံး​ရန်သူ​နှင့် ပတ်သက်​နေသော ပြဿနာ​ရင်းမြစ်​ကြောင့် “တည်မြဲသော​လူ့​ဂုဏ်​သိက္ခာ” မှာ ဆက်၍​ထိပါး​ခံ​နေရ​သည်။

ပြဿနာ​၏​အစ

သမ္မာကျမ်းစာ​က အဆိုပါ​ရန်သူကို လူ့​သမိုင်းအစ​တွင် ဘုရားသခင့်​အုပ်ချုပ်ပိုင်ခွင့်​ကို စောဒကတက်​ခဲ့​သည့် ဆိုးညစ်သော​ဝိညာဉ်​သတ္တဝါ၊ စာတန်​ဟု ဖော်ပြ​သည်။ ဧဒင်ဥယျာဉ်​တွင် ဧဝ​ကို စာတန်​စကားပြော​သည့် ရည်ရွယ်ချက်မှာ ဖန်ဆင်း​ရှင်​အား ဝတ်မပြု​ရန် လူ​တို့ကို သွေးဆောင်ဖို့ဖြစ်သည်။ (ကမ္ဘာဦး ၃:၁-၅) အာဒံ​နှင့်​ဧဝ​တို့သည် စာတန်​ပြော​သည့်​စကား​ကို မငြင်းဆန်​ဘဲ အလျှော့ပေး​လိုက်လျော​သောအခါ သူတို့​ခံစားရ​သည့် ဆိုးကျိုး​များ​ကို စဉ်းစား​ကြည့်​လိုက်ပါ။ တားမြစ်​ထားသော​အသီးကို မစား​နှင့်​ဟူ​သည့် ဘုရားသခင့်​ပညတ်​ကို သူတို့​မလိုက်နာ​ခဲ့​၍ ရရှိ​လိုက်​သော လက်ငင်း​ဆိုးကျိုး​မှာ ၎င်း​တို့​နှစ်ဦးစလုံး ‘ထာဝရ​အရှင်​ဘုရားသခင်​ကို ပုန်းကွယ်​လျက်​နေကြ’ ခြင်း​ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့​ပုန်းကွယ်​ရသနည်း။ “အဝတ်အချည်းစည်း​ရှိသောကြောင့် ကြောက်​၍ ပုန်း​လျက်​နေပါ​သည်” ဟု​အာဒံ​က ဝန်ခံခဲ့​သည်။ (ကမ္ဘာဦး ၃:၈-၁၀) ကောင်းကင်​ခမည်းတော်​နှင့်​ရှိ​ထား​သည့် အာဒံ​၏​ဆက်ဆံ​ရေး​အပြင် သူ့ကိုယ်သူ​ရှုမြင်ပုံလည်း ပြောင်းလဲ​သွား​လေ​ပြီ။ သူသည် ရှက်ရွံ့​နေ​ကာ  ယေဟောဝါ​၏​ရှေ့မှောက်တော်​တွင် သက်သောင့်သက်သာ​မရှိတော့​ချေ။

ကိုယ့်​သိက္ခာ​ကို မလေးစား​တော့​သည့်​အဖြစ်သို့ အာဒံ​ကျရောက်​သွား​သည်ကို စာတန် အဘယ်ကြောင့်​မြင်​လို​သနည်း။ လူကို ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့်​အညီ ဖန်ဆင်း​ထား​သည်​ဖြစ်​ရာ ဘုရားသခင်​၏​ဂုဏ်တော် ညှိုးနွမ်း​စေသည့်​နည်းဖြင့် လူ​တို့​ပြုမူ​သည်ကို စာတန်​မြင်​လို​သောကြောင့်​ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၇; ရောမ ၃:၂၃) ယင်းက လူ့​သမိုင်း​တွင် အသရေပျက်​စေသည့်​လုပ်ရပ်များ အဘယ်ကြောင့် စိမ့်ဝင်​ပျံ့နှံ့​လာ​သည်ကို နားလည်​စေပါ​သည်။ လူတို့သည် “မိမိ​အကျိုး​ပျက်​အောင် တစ်ယောက်ကို​တစ်ယောက် အုပ်စိုး​သော​အချိန်” ကာလ​အတွင်း “ဤ​လောကကို​အစိုးရ​သော” မင်း စာတန်​သည် ဤ​စိတ်ထား​ကို အားပေး​အား​မြှောက်​ပြု​ခဲ့ပြီ။ (၂ ကောရိန္သု ၄:၄; ဒေ. ၈:၉; ၁ ယောဟန် ၅:၁၉) သို့​ဖြစ်၍ လူ့​ဂုဏ်​သိက္ခာ​သည် ထာဝစဉ် ပျောက်ဆုံး​သွားခဲ့ပြီ​ဟု ဆိုလို​ပါသလော။

ယေဟောဝါ​သည် ဖန်ဆင်း​ရာ​တို့ကို ဂုဏ်​သိက္ခာ​ရှိ​ရှိ​ဆက်ဆံ​တော်​မူ

အာဒံ​နှင့်​ဧဝ​တို့ အပြစ်​မပြု​မီ​က ဧဒင်ဥယျာဉ်​ရှိ​အခြေအနေ​ကို ပြန်​စဉ်းစား​ကြည့်​လိုက်ပါ။ သူတို့တွင် စားစရာ​အလျှံပယ်​နှင့် ကျေနပ်ဖွယ်​ကောင်း​သည့်​အလုပ်​ရှိပြီး သူတို့ရော သူတို့၏​သားစဉ်မြေးဆက်​ပါ ကျန်း​ကျန်းမာ​မာ​ဖြင့် ထာဝစဉ်​အသက်ရှင်​သွား​ရမည့် အလားအလာ ရရှိ​ထား​ကြသည်။ (ကမ္ဘာဦး ၁:၂၈) သူတို့​တည်ရှိ​နေခြင်း​က ဘုရားသခင်​သည် လူသား​တို့ကို​မေတ္တာ​ရှိပြီး ဂုဏ်​သိက္ခာ​ဖြင့် ဆက်ဆံ​တော်​မူ​လို​ကြောင်း ပေါ်လွင်​စေပါ​သည်။

အာဒံ​နှင့်​ဧဝ​တို့ အပြစ်ပြု​ပြီး​သည့်​နောက် လူ့​ဂုဏ်​သိက္ခာ​နှင့်​ပတ်သက်သော ဘုရားသခင်​၏​အမြင်​သည် ပြောင်းလဲ​သွားပါ​သလော။ ပြောင်းလဲ​မသွား​ချေ။ အဝတ်အချည်းစည်း​ဖြစ်နေ​သည်ကို သူတို့​ရှက်​နေကြ​ရာ ယင်းကို ကိုယ်တော် ထောက်ထား​တော်​မူ​၏။ သင်္ဘောသဖန်း​ရွက်​များ​ကို သီ​၍ ဝတ်​ထား​သည့် သူတို့၏​ခါးစည်း​အစား ‘သားရေ​ဝတ်လုံ’ ကို ကိုယ်တော် မေတ္တာ​ရှိ​ရှိ ပြု​လုပ်ပေး​တော်​မူ​သည်။ (ကမ္ဘာဦး ၃:၇၊ ၂၁) ဘုရားသခင်​သည် သူတို့ကို ရှက်ရွံ့​အားငယ်​နေ​စေ​မည့်​အစား ဂုဏ်​သိက္ခာ​ရှိ​ရှိ ဆက်ဆံ​တော်​မူ​၏။

နောက်ပိုင်း​တွင် ဣသရေလ​လူမျိုး​နှင့်​ဆက်ဆံ​သည့်​အခါ ယေဟောဝါ​သည် မတရား​ပြု​ခံ​ရလေ့​ရှိသည့် မိဘမဲ့၊ မုဆိုးမများနှင့် တစ်ပါး​အမျိုးသားများ​ကို သနား​ကြင်နာ​မှု​ပြတော်မူ​ခဲ့​သည်။ (ဆာလံ ၇၂:၁၃) ဥပမာ၊ ကောက်ပဲသီးနှံ​များ၊ သံလွင်​သီး​များ၊ စပျစ်​သီး​များ​ကို ရိတ်သိမ်း​သည့်​အခါ အ​ကျန်​အကြွင်း​များ​ကို ပြန်၍​မ​သိမ်းယူ​ကြဖို့ ဣသရေလလူ​တို့ကို မိန့်မှာ​ထား​သည်။ အဆိုပါ​အ​ကျန်​အကြွင်း​များ​ကို “တစ်ပါး​အမျိုးသား၊ မိဘ​မရှိသော​သူ၊ မုဆိုးမ​အဖို့​ထား​ရမည်” ဟု ဘုရားသခင်​မိန့်တော်မူသည်။ (တရားဟောရာ ၂၄:၁၉-၂၁) အဆိုပါ​ပညတ်​များ​ကို ကျင့်သုံး​သည့်​အခါ အဆင်း​ရဲ​ဆုံး​သူတို့​ပင် တောင်းစား​စ​ရာ​မလို​တော့​ဘဲ သိက္ခာ​ရှိသည့်​အလုပ်​ရစေသည်။

အခြား​သူတို့ကို ယေရှု ဂုဏ်​သိက္ခာ​ရှိ​ရှိ​ဆက်ဆံ​ခဲ့

ဘုရားသခင့်​သားတော် ယေရှု​ခရစ်​သည် ကမ္ဘာ​မြေပေါ်​ရှိ​စဉ်​က အခြား​သူတို့၏​ဂုဏ်​သိက္ခာ​ကို လေးစားကြောင်း ပြသ​ခဲ့​သည်။ ဥပမာ၊ ဂါလိလဲ​နယ်တွင်​ရှိ​စဉ် တစ်ကိုယ်လုံး​နူနာ​စွဲ​သူ​တစ်ဦး ကိုယ်တော့်​အနား​သို့ ချဉ်းကပ်​လာ​သည်။ မောရှေ​ပညတ်​အရ နူနာ​စွဲ​သူသည် အခြားသူ​တို့ ရောဂါ​မ​ကူးစက်​စေရန် “မစင်ကြယ်၊ မစင်ကြယ်” ဟု​ဟစ်ကြော်​ရသည်။ (ဝတ်ပြုရာ ၁၃:၄၅) သို့သော် ဤ​အမျိုးသား​မှာ​မူ ယေရှု​အနား​သို့ ချဉ်းကပ်​စဉ် မ​ဟစ်ကြော်​ခဲ့​ချေ။ သို့​အစား ထို​သူသည် ပျပ်ဝပ်​၍ “သခင်၊ အလိုတော်​ရှိလျှင် ကျွန်တော်​ကို သန့်ရှင်း​စေနိုင်​တော်​မူ​သည်” ဟု​ယေရှု​အား တောင်းပန်​လေ​၏။ (လုကာ ၅:၁၂) ယေရှု မည်သို့​တုံ့ပြန်​တော်​မူ​ခဲ့​သနည်း။ ပညတ်​ကို​ချိုးဖောက်​သည့်​အတွက် သူ့ကို ယေရှု အပြစ်တင်​ခြင်း​မပြု၊ လျစ်လျူရှု​ခြင်း၊ ရှောင်ထွက်​သွားခြင်း​လည်း မပြု​ခဲ့​ချေ။ သို့​အစား ကိုယ်တော်​သည် ထို​နူနာ​စွဲ​သူကို တို့​ထိ​၍ “ငါ​အလိုရှိ၏။ စင်ကြယ်​ခြင်း​သို့​ရောက်​စေ” ဟု​မိန့်ဆိုခြင်းဖြင့် ဂုဏ်​သိက္ခာ​ရှိ​ရှိ​ဆက်ဆံ​ခဲ့​သည်။—လုကာ ၅:၁၃သမ္မာ။

အခြား​အချိန်​အခါ​များ​တွင် ယေရှုသည် ဝေဒနာသည်​များ​ကို ကိုယ်​ထိ​လက်ရောက် တို့​ထိ​ခြင်း​မရှိဘဲ အဝေး​မှ ကုသ​ပေး​နိုင်စွမ်း​ရှိကြောင်း ပြသ​ခဲ့​၏။ သို့သော် ဤ​ဖြစ်ရပ်​တွင်​မူ အဆိုပါ​နူနာ​စွဲ​သူကို ကိုယ်တော်​တို့​ထိ​ခဲ့​သည်။ (မဿဲ ၁၅:၂၁-၂၈; မာကု ၁၀:၅၁၊ ၅၂; လုကာ ၇:၁-၁၀) ထို​သူသည် “တစ်ကိုယ်လုံး​နူနာ​စွဲ​သော” ကြောင့် အခြားသူ​တစ်ဦး​နှင့် အသား​ချင်း​ထိတွေ့မှု​မရှိ​သည်​မှာ ကြာပြီ​ဖြစ်သည်။ လူတစ်ဦး​၏​တို့​ထိ​မှု​ကို ပြန်​ခံစား​လိုက်ရ​သည့်​အတွက် အလွန်​နှစ်သိမ့်မှု​ရ​လိုက်​မည်​ဖြစ်​ခြင်း။ ထို​သူသည် ရောဂါ​ကုသ​ခံရ​ဖို့​သာ မျှော်လင့်​ထား​သော်လည်း သူ့​အား ယေရှု​ကုသ​ပေး​ပုံ​က သူ၏​ဂုဏ်​သိက္ခာ​ကို​ပါ ပြန်​ရရှိစေ​ခဲ့​သည်။ အခြား​သူတို့၏​ဂုဏ်​သိက္ခာ​ကို ထိုသို့​လေးစားခြင်း​မျိုး မျက်မှောက်ခေတ် လူ့​ဘောင်​အဖွဲ့အစည်း​တွင် ရှိ​နိုင်​မည်​ဟု မျှော်လင့်ခြင်းက လက်တွေ့ကျပါ​သလော။ လက်တွေ့ကျပါ​က ယင်းကို မည်သို့​တင်ပြ​ကြ​မည်​နည်း။

ဂုဏ်​သိက္ခာ​ရှိစေ​သည့်​စည်းမျဉ်း

လူ​လူ​ချင်း​ဆက်ဆံ​ရေး​နှင့်​စပ်​လျ​ဉ်း​သော ယေရှု၏ အကျော်ကြားဆုံး လမ်းညွှန်ချက်​တစ်ခု​မှာ ဤသို့​ဖြစ်သည်– “သင်တို့သည် ကိုယ်​၌​သူတစ်ပါး​ပြု​စေ​လိုသမျှ​အတိုင်း သူတစ်ပါး​၌​ပြု​ကြလော့။” (မဿဲ ၇:၁၂) အမူအကျင့်​ဆိုင်ရာ ဤ​စည်းမျဉ်း​က ကိုယ်တိုင်​လေးစား​ခံရ​မည်​ဟု​မျှော်လင့်​လျက် သူတစ်ပါးကို​လေးစားရန် လှုံ့ဆော်​ပေး​သည်။

လူ့​သမိုင်းက​ဖော်ပြ​သကဲ့သို့ ဤ​စည်းမျဉ်း​ကို​ကျင့်သုံး​ခြင်း​သည် အလိုအလျောက်​မဖြစ်​နိုင်​ချေ။ အများအားဖြင့် ယင်း​နှင့်​ဆန့်ကျင်ဘက်​ဖြစ်တတ်​သည်။ ဟာ​ရ​ယ်လ်​ဟု အမည်​ပြောင်း​ထား​သည့် လူတစ်ဦး​က “တခြား​သူတွေကို အရှက်ခွဲ​ရတာ ကျွန်တော်​တကယ်​ပျော်​တယ်။ စကား​တစ်ခွန်း​နှစ်​ခွန်း​နဲ့ တခြား​သူတွေကို ပျာ​ယာ​ခတ်​သွား​အောင်၊ အနေရခက်​အောင်၊ မျက်ရည်ကျ​အောင် ကျွန်တော်​လုပ်နိုင်​ခဲ့​တယ်” ဟု​ပြောပြ​သည်။ သို့သော် အခြားသူ​တို့​အပေါ် ဟာ​ရ​ယ်လ်​၏​ဆက်ဆံပုံ​ကို ပြောင်းလဲ​ပေး​သည့်​ဖြစ်ရပ် ပေါ်ပေါက်​ခဲ့​၏။ “ယေဟောဝါသက်သေ​အတော်များများ ကျွန်တော့်​ဆီ​ကို လာလည်​ပတ်​ကြတယ်။ သူတို့ကို ကျွန်တော်​ပြောဆို​ခဲ့၊ ဆက်ဆံ​ခဲ့​တာတွေကို ပြန်​တွေးကြည့်​ရင် ရှက်​စ​ရာ​ကောင်းတယ်။ ဒါပေမဲ့ သူတို့ ဇွဲ​မလျှော့​ကြဘူး​ဗျ။ ကျမ်းစာ​အမှန်တရားက တဖြည်းဖြည်း ကျွန်တော့်​နှလုံးကို​လာ​ထိ​ပြီး ပြောင်းလဲ​ဖို့ လှုံ့ဆော်ပေး​ခဲ့​တယ်။” ယနေ့ ဟာ​ရ​ယ်လ်​သည် ခရစ်ယာန်​အသင်းတော်တွင် အကြီးအကဲ​တစ်ဦး​အဖြစ် အမှုဆောင်​နေပါ​သည်။

“ဘုရားသခင်​၏​နှုတ် [မြွက်] တရားတော်​သည် အသက်ရှင်ခြင်း၊ တန်ခိုး​နှင့်​ပြုပြင်ခြင်း၊ သန်လျက်​တကာ​တို့​ထက် ထက်​ခြင်း​နှင့်​ပြည့်စုံ​သည်​ဖြစ်၍၊ အသက်​နှင့်​စိတ်​ဝိညာဉ်​ကိုလည်း​ကောင်း၊ အရိုး​ဆစ်​နှင့်​ခြင်ဆီ​ကိုလည်း​ကောင်း ပိုင်းခြား​၍ ထုတ်​ချင်း​ခွင်း​တတ်၏။ စိတ်နှလုံး​အကြံအစည်​များ​ကိုလည်း သိမြင်​တတ်” ကြောင်း ဟာ​ရ​ယ်လ်​၏​အတွေ့အကြုံ​က သက်သေထူ​နေသည်။ (ဟေဗြဲ ၄:၁၂) ဘုရားသခင်​၏​နှုတ်မြွက်​တရားတော်​သည် လူတစ်ဦး​၏​နှလုံးကို ထိမိ​ပြီး သူ၏​အတွေးအခေါ်​နှင့် အပြုအမူကို ပြောင်းလဲ​ပေး​နိုင်စွမ်း​ရှိသည်။ အခြား​သူတို့ကို ထိခိုက်​နစ်နာ​စေ​မည့်​အစား ကူညီ​ပေး​လို​သော၊ အရှက်ခွဲ​မည့်​အစား ဂုဏ်တင်​ချီးမွမ်း​လို​သော လှိုက်လှဲ​သည့်​စိတ်ဆန္ဒ​က အခြား​သူတို့ကို ဂုဏ်​သိက္ခာ​ရှိ​ရှိ​ဆက်ဆံ​ရာ​တွင် အဓိက​အချက်​ဖြစ်သည်။—တမန်​တော် ၂၀:၃၅; ရောမ ၁၂:၁၀

ထိုက်သင့်သော​ဂုဏ်​သိက္ခာ ပြန်​ရလာ​မည်

ယေဟောဝါသက်သေ​များသည် ထို​စိတ်ဆန္ဒ​မျိုး​ရှိသောကြောင့် ကျမ်းစာ​ပါ​ထူးမြတ်​သည့် မျှော်လင့်ချက်​အကြောင်း အခြား​သူတို့ကို ပြောပြ​နေသည်။ (တမန်​တော် ၅:၄၂) လူလူချင်းကို ဂုဏ်​သိက္ခာ​ရှိ​ရှိ​ဆက်ဆံ​ရန်၊ လေးစားကြောင်း​ပြ​ရန် “သာ၍​ကောင်းသော​အရာ​၏​သတင်းကောင်း” ကို​ပြောပြ​ခြင်း​ထက် ပို​၍​မွန်မြတ်သော​နည်း မရှိတော့​ချေ။ (ဟေရှာယ ၅၂:၇က​ဘ) “သာ၍​ကောင်းသော​အရာ” တွင် အခြား​သူတို့ကို အရှက်ခွဲ​ရန်​ဟူသော “ထိခိုက်​နစ်နာ​စေ​လို​သည့်​စိတ်ဆန္ဒ” ကို​သေစေ​မည့် ‘လူသစ်’ ကို​ယူတင်​ဝတ်ဆောင်​ခြင်း ပါဝင်​သည်။ (ကောလောသဲ ၃:၅-၁၀က​ဘ) လူသား​တို့ကို ဂုဏ်​သိက္ခာ​ညှိုးနွမ်း​စေသည့် အခြေအနေ၊ သဘောထားများ​နှင့်အတူ ၎င်းတို့ကို သွေးထိုး​လှုံ့ဆော်ပေး​သူ စာတန်​အား မကြာမီ​ဖယ်ရှားပစ်​မည့် ယေဟောဝါ​၏​ရည်ရွယ်ချက်​လည်း ပါဝင်​သည်။ (ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၆:၉၊ ၁၀; ဗျာ. ၂၀:၁၊ ၂၊ ၁၀) ကမ္ဘာ​မြေကြီး​သည် ‘ထာဝရ​ဘုရားသခင်​ကို သိကျွမ်းခြင်း​ပညာ​နှင့်​ပြည့်စုံ’ သည့်​အခါ​မှ​သာ လူသား​အားလုံး ဂုဏ်​သိက္ခာ​ရှိ​ရှိ ဆက်ဆံခံရ​ပေ​တော့​မည်။—ဟေရှာယ ၁၁:၉

ထူးမြတ်​လှ​သည့် ဤ​မျှော်လင့်ချက်​အကြောင်း သင်ယူ​လေ့လာ​ရန် သင့်ကို ကျွန်ုပ်​တို့​ဖိတ်ခေါ်ပါ​သည်။ ကျမ်းစာ​မူများ​ကို​ကျင့်သုံး​ခြင်း​က အခြား​သူများကို ဂုဏ်​သိက္ခာ​ရှိ​ရှိ​ဆက်ဆံ​စေ​ကြောင်း ယေဟောဝါသက်သေ​များနှင့်​ပေါင်းသင်း​ခြင်း​အားဖြင့် သင်​သိမြင်​လာ​ပါ​လိမ့်​မည်။ ထို့​ပြင် မကြာမီ ဘုရားသခင့်​နိုင်ငံတော်​သည် ‘သာ၍​ကောင်းသော​ကမ္ဘာသစ်’ ကို​ဖြစ်ပေါ်​စေ​တော့​မည့်​အကြောင်း၊ ထို​ကမ္ဘာ​တွင် “လူတို့၏​တည်မြဲသော​ဂုဏ်​သိက္ခာ” အမှန်​ရှိလာ​ကာ ဘယ်တော့​မျှ ထိပါး​ခံ​ရတော့မည်​မဟုတ်​ကြောင်း သင်​သိလာ​ရ​ပါ​လိမ့်​မည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သမာဓိ​စောင့်ထိန်းခြင်း​က သူတို့ကို ဂုဏ်​သိက္ခာ​ရှိစေခဲ့

ဒုတိယ​ကမ္ဘာ​စစ်​အတွင်း​က ယေဟောဝါသက်သေ ၂,၀၀၀ ကျော်​သည် ၎င်းတို့၏​ယုံကြည်​ချက်​ကြောင့် နာဇီ​ချွေး​တပ်​စခန်း​များ​သို့ အ​ပို့​ခံ​ကြ​ရသည်။ ၎င်းတို့၏​ထူးခြားသော​သမာဓိကို သတိပြုမိ​သော ရာ​ဗန်စ်​ဘ​ရု​ခ်​အကျဉ်းသား​ဟောင်း ဂ​မ္မာ​လာ​ဂွာ​ဒီ​ယာ​ဂ​လက်​ခ်​က ကျွန်မ​၏​ဘဝ​အတ္ထုပ္ပတ္တိ ဟူ​သည့်​စာအုပ်​တွင် ဤသို့​ပြောပြ​၏– “မိမိ၏​ယုံကြည်​ချက်​ကို​စွန့်လွှတ်​ကြောင်း လက်မှတ်​ရေးထိုး​သော မည်သည့်​ကျမ်းစာ​ကျောင်းသား​မဆို လွတ်မြောက်ခွင့်​ရပြီး နှိပ်စက်​ညှဉ်းပန်း​ခံ​ရတော့မည်​မဟုတ်​ကြောင်း ဂတ်​စ​တာ​ပို​က ကြေညာ​ခဲ့​သည်။” လက်မှတ်​မ​ထိုး​ခဲ့​ကြ​သူတို့နှင့်​စပ်လျဉ်း၍ သူဤသို့​ရေးသား​ဖော်ပြ​ထား​၏– “သူတို့သည် ဆက်၍​နှိပ်စက်​ညှဉ်းပန်း​ခံ​ကာ ကမ္ဘာသစ်​ရောက်လာ​မည့်​အချိန်ကို စိတ်ရှည်ရှည်​နှင့် စောင့်မျှော်​လိုကြသည်။” အဘယ်ကြောင့် ထိုသို့​ရပ်တည်ခဲ့​ကြ​သနည်း။ ယခု အသက် ၈၀ ကျော်​ပြီ​ဖြစ်သော ရှေ့​ဆောင်းပါး​ပါ မ​ဂ္ဂ​ဒါ​လေး​နာ​က ဤသို့​ရှင်းပြသည်– “ယေဟောဝါ​အပေါ် သစ္စာရှိ​နေခြင်း​က မည်သည့်​နည်းနဲ့​မဆို အသက်ရှင်နေ​ရတာထက် ပိုပြီး​အရေးကြီးတယ်။ ကျွန်မ​တို့​ရဲ့​ဂုဏ်​သိက္ခာ​ကို ဆက်​ထိန်းထား​ခြင်း​က ကျွန်မ​တို့​ရဲ့​သမာဓိကို စောင့်ထိန်း​တာ​နဲ့​အတူတူပဲ။” *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 23 ကူ​စ​ရို​မိသားစု​အကြောင်း ထပ်ဆင့်​သိ​လို​ပါ​က ကင်းမျှော်စင် ၁၉၈၅၊ စက်တင်ဘာ ၁ ရက် [လိပ်]၊ စာမျက်နှာ ၁၀-၁၅ ကို​ရှု။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ယေရှုသည် မိမိ​ကုသ​ပေး​ခဲ့​သူတို့ကို ဂုဏ်​သိက္ခာ​ရှိ​ရှိ​ဆက်ဆံ​ခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေ​တို့သည် “သာ၍​ကောင်းသော​အရာ​၏​သတင်းကောင်း” ကို​ဝေမျှခြင်း​ဖြင့် သူတစ်ပါး​အား​ဂုဏ်​သိက္ခာ​ရှိ​ရှိ​ဆက်ဆံ​ကြ