မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူ့ဂုဏ်သိက္ခာ ထိပါးခံနေရ

လူ့ဂုဏ်သိက္ခာ ထိပါးခံနေရ

လူ့​ဂုဏ်​သိက္ခာ ထိပါး​ခံ​နေရ

“ချွေး​တပ်​စခန်း​မှာ နေ့စဉ်​ကြုံ​ရ​သမျှ​ဟာ​အရှက်ခွဲ​ခံ​နေရ​တာ၊ သိက္ခာ​ချ​ခံ​နေရ​တာ​ချည်း​ပဲ။”—မ​ဂ္ဂ​ဒါ​လေး​နာ ကူ​စ​ရို​ရွိုင်​တာ၊ နာဇီ​ချွေး​တပ်​စခန်း​မှ လွတ်မြောက်​လာ​သူ။

ဒုတိယ​ကမ္ဘာ​စစ်​အတွင်း နာဇီ​ချွေး​တပ်​စခန်း​များ​၏ ရက်စက်​ယုတ်မာ​မှုများ​သည် ကြောက်မက်​ဖွယ်​ကောင်း​သော်လည်း ယင်း​တို့သည် လူ့​ဂုဏ်​သိက္ခာ​ကို ထိပါး​စော်ကားခြင်း​၏ အစ​မဟုတ်သကဲ့သို့ အဆုံး​လည်း​မဟုတ်​ချေ။ အတိတ်ကို ပြန်ပြောင်း​ကြည့်​သည်​ဖြစ်စေ၊ ပစ္စုပ္ပန်​ကို ဆင်ခြင်​ကြည့်​သည်​ဖြစ်စေ ‘အရှက်ခွဲ​ခံရ​ခြင်း​နှင့် သိက္ခာ​ချ​ခံရ​ခြင်း’ တို့သည် ကာလ​ကြာမြင့်စွာ​က​ပင် တည်ရှိ​ခဲ့ပြီ​ဖြစ်​ကြောင်း ထင်ရှား​နေပါ​သည်။

သို့သော် လူ့​ဂုဏ်​သိက္ခာ​ကို ထိပါး​စော်ကား​ရာ​တွင် လူ့​သမိုင်း​ကို အကျည်းတန်​စေ​ခဲ့​သည့် ရက်စက်​ယုတ်မာ​သော လုပ်ရပ်များ​သာ မ​က​ချေ။ ပို​၍​စဉ်းလဲ​ပါးနပ်​သည့် နည်း​များလည်း ပါ​ဝင်လေ့​ရှိသည်။ ပုံပန်း​သဏ္ဌာန်​ကြောင့် သရော်​လှောင်ပြောင်​ခံရ​သည့် ကလေး​တစ်ဦး​အကြောင်း စဉ်းစား​ကြည့်​ပါ။ သို့ မဟုတ် “ထူးခြား” သည့် ဓလေ့​ထုံးတမ်း​အချို့​ကြောင့် ပြက်ရယ်ပြု​ခံရ​သည့် နိုင်ငံ​ပြောင်းရွှေ့​လာ​သူ​ကော။ သို့​မဟုတ် အသားအရောင်၊ လူမျိုးရေး​ကြောင့် ခွဲခြား ဆက်ဆံ​ခံ​နေရသူ​ကော။ ပြက်ရယ်ပြု​သူတို့သည် အဆိုပါ​ကိစ္စ​ကို ရ​ယ်​စ​ရာ​ဟာသ​အဖြစ် ရှုမြင်ကြ​မည်​ဖြစ်သော်လည်း အ​နှိမ်​ခံ​လိုက်ရ​၍ အရှက်တကွဲ​ဖြစ်​ကာ နာကြည်း​သွား​သူတို့​အတွက်​မူ ယင်းသည် ရ​ယ်​စ​ရာ​မဟုတ်​ချေ။—သု. ၂၆:၁၈၊ ၁၉

လူ့​ဂုဏ်​သိက္ခာ​ဟူသည် အဘယ်နည်း

အဘိဓာန်​တစ်အုပ်​တွင် ဂုဏ်​သိက္ခာ​ကို “တန်ဖိုး​ထား​ခံရ​သော၊ ဂုဏ်တင်​ခံရ​သော၊ အထင်ကြီး​လေးစား​ခံရ​သော အရည်အချင်း သို့​မဟုတ် အခြေအနေ” ဟူ၍ အဓိပ္ပာယ်​ဖွင့်ဆို​ထား​သည်။ သို့​ဖြစ်၍ လူ့​ဂုဏ်​သိက္ခာ​ဟု​ဆို​ရာ​တွင် ကိုယ့်​ကိုယ်ကို​ရှုမြင်ပုံ​ရော ကိုယ့်​အပေါ် အခြား​သူတို့၏​ဆက်ဆံပုံ​ပါ အကျုံးဝင်​သည်။ ကိုယ်​ကိုယ်တိုင်​နှင့်​ပတ်သက်သော ခံစားချက်​များ​အပေါ် အကျိုး​သက်ရောက်​နိုင်​သည့်​အကြောင်းရင်း အမျိုးမျိုး​ရှိသော်လည်း ကျွန်ုပ်​တို့​အပေါ် အခြား​သူတို့၏​ရှုမြင်ပုံ သို့​မဟုတ် ပြုမူ​ဆက်ဆံပုံ​က ကိုယ့်​ကိုယ်ကို​ရှုမြင်ပုံ​နှင့် ကိုယ့်​ကိုယ်ကို​တန်ဖိုး​ထား​ပုံ​တို့​အပေါ် အကြီးအကျယ်​သြဇာလွှမ်း​မိုး​ထား​သည်။

လူ့​အဖွဲ့အစည်း​တိုင်း​တွင် ဆင်းရဲ​နွမ်းပါး​သူ၊ ခိုကိုးရာ​မဲ့​သူတို့​ရှိ​စ​မြဲ​ပင်။ သို့သော် ထိုသို့​သော​အခြေအနေ​မျိုး​တွင် ရှိနေခြင်း​ကြောင့် ဂုဏ်​သိက္ခာ​ကျ​စ​ရာ​အကြောင်း​မရှိပါ။ အခြား​သူတို့၏ အပြု​အမူ​နှင့် တုံ့ပြန်​ပုံ​တို့​က​သာ လူတစ်ဦး​၏​ဂုဏ်​သိက္ခာ​ကို ထိပါး​နိုင်​သည်။ အထင်သေး​ခံရ​ပြီး ဂုဏ်​သိက္ခာ အကြီးအကျယ် ထိပါး​စော်ကား​ခံ​နေရသူ​များ​မှာ အခြေမလှ​သူများ​ဖြစ်လေ့​ရှိ​ခြင်း​က ဝမ်းနည်းစရာပင်။ သက်ကြီးရွယ်အို​များ၊ ဆင်းရဲသား​များ၊ စိတ်ပိုင်း သို့​မဟုတ် ကာယပိုင်း​ချို့တဲ့​နေ​သူများကို မတော်မတရား​ဆက်ဆံ​ရာ​တွင် “အသုံး​ကို​မကျ​ဘူး၊” “မတန်မရာ၊” “သိက္ခာ​ကို​မရှိဘူး” ဟူသော​စကားလုံး​များ​ကို မကြာခဏ ကြား​ရ​တတ်​သည်မဟုတ်​လော။

လူတို့သည် တစ်ဦး​ကိုတစ်​ဦး အဘယ်ကြောင့် အရှက်ခွဲ​နေကြ​သနည်း။ လူတို့သည် ဂုဏ်​သိက္ခာ​ရှိ​ရှိ ဆက်ဆံခံရ​ပါ​ဦး​မည်​လော။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​တွင်​ပါရှိ​သော ကျေနပ်ဖွယ်​အဖြေကို နောက်​ဆောင်းပါး​တွင် ဖော်​ပြပေး​ပါ​မည်။