မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေ”

“ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေ”

“ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ​ပါစေ”

“ချာ့ခ်ျ​ယုံကြည်ချက်​၏​အချုပ်​မှာ သေခြင်း၊ တရား​စီရင်ခြင်း၊ ငရဲ၊ ကောင်းကင်​ဟူသော အချက်လေး​ချက်​ဖြစ်သည်။”—ဂျော့ခ်ျ​ဘ​ရဲ​န်တ်​တည်းဖြတ်​သော Catholicism စာအုပ်။

လူသားများ​အတွက် ထို​အချက်လေး​ချက်​တွင် မြေကြီး​မပါဝင်​ကြောင်း သတိပြုပါ။ ယင်းသည် အံ့ဩစရာ​မဟုတ်ပေ။ အကြောင်း​မှာ အခြား​ဘာသာ​တရား​များစွာ​ကဲ့သို့​ပင် ချာ့ခ်ျ​သည် တစ်နေ့​တွင် မြေကြီး​ဖျက်ဆီး​ခံရ​မည်​ဟူ၍ ယုံကြည်​သောကြောင့်​ဖြစ်သည်။ အဘိဓာန်​တစ်အုပ် (Dictionnaire de Thé​ologie Catholique) က “ကမ္ဘာ့​ဆုံးခန်း” ဟူသော အကြောင်းအရာ​အောက်တွင် ဤသို့​ရှင်းပြ​၏– “လက်ရှိ​ကမ္ဘာကြီး​ကို ဘုရားသခင်​ဖန်ဆင်း​ခဲ့​ပြီး တည်ရှိ​နေ​သော်လည်း ထာဝစဉ်​တည်​မည်​မဟုတ်​ဟု ချာ့ခ်ျ​က ယုံကြည်၍ သွန်သင်ပေး​သည်။” မကြာသေးမီ​က ချာ့ခ်ျ​မေးဖြေ​ဆွေးနွေးခန်း​တစ်ခု​တွင် “ကျွန်ုပ်​တို့၏​ကမ္ဘာကြီး . . . ပျက်စီး​သွား​ရန် တင်ကြို​သတ်မှတ်​ထား​သည်” ဟု​တင်ပြ​၏။ သို့သော် မြေကြီး​ပျက်စီး​သွား​မည်​ဆိုပါ​က မြေကြီး​ပရဒိသု​နှင့်​ပတ်သက်သော ကျမ်းစာ​ပရောဖက်ပြုချက်​များ မည်သို့​ဖြစ်သွား​မည်​နည်း။

အနာဂတ်​မြေကြီး​ပရဒိသု​အကြောင်း သမ္မာကျမ်းစာ​က ရှင်းလင်းစွာ​ဖော်ပြ​သည်။ ဥပမာ၊ မြေကြီး​နှင့် လူသား​တို့​အကြောင်း ပရောဖက်​ဟေရှာယ ဤသို့​ဖော်ပြ​၏– “ထို​သူတို့သည် ကိုယ်​ဆောက်​သော​အိမ်​၌​နေကြ​လိမ့်​မည်။ ကိုယ်​စိုက်​သော​စပျစ်​ဥယျာဉ်​အသီးကို စား​ကြလိမ့်မည်။ သူတို့သည် အိမ်ကို​ဆောက်​၍ အခြားသော​သူ နေရ​မည်​မဟုတ်။ သူတို့သည် စပျစ်​ဥယျာဉ်​ကို​စိုက်​၍ အခြားသော​သူ​စား​ရမည်​မဟုတ်။ ငါ​၏​လူ​တို့​အသက်သည် သစ်ပင်​၏​အသက်​ကဲ့သို့​ဖြစ်၍ သူတို့သည် ကိုယ်​ပြုစု​သော​အရာ​ကို ကြာမြင့်စွာ​သုံးဆောင်​ရ​ကြလိမ့်မည်။” (ဟေရှာယ ၆၅:၂၁၊ ၂၂) ထို​ကတိတော်​များ​ကို​ရရှိခဲ့​သော ဂျူး​လူမျိုး​အနေ​ဖြင့် သူတို့၏​ပြည်တော်​သာမက တစ်ကမ္ဘာ​လုံး​သည် တစ်နေ့​တွင် ပရဒိသု​ဖြစ်လာ​ပြီး လူသား​တို့ ထာဝရ​ကောင်းကျိုး​ခံစားရ​မည်​ကို ယုံကြည်​စိတ်ချ​ခဲ့​ကြသည်။

ဆာလံ အခန်းကြီး ၃၇ က ထို​မျှော်လင့်ချက်ကို ခိုင်မာ​စေ​၏။ “စိတ်​နှိမ့်ချသော​သူတို့မူကား ပြည်တော် [မြေကြီး] ကို​အမွေခံ . . . ကြလိမ့်မည်။” (ဆာလံ ၃၇:၁၁) ဤ​အခန်းငယ်​က ဣသရေလ​လူမျိုး၏ ကတိထားရာ​ပြည်တော် ပြန်လည်​ထူထောင်ခြင်း​ကို​သာ ပြော​နေသည်​မဟုတ်ပေ။ ထို​ဆာလံကျမ်း​တွင် ဤသို့​ဖော်ပြ​၏– “ဖြောင့်မတ်​သော​သူတို့သည် ပြည်တော် [မြေကြီး] ကို​အမွေခံ​၍ အစဉ်အမြဲ​နေရ​ကြလိမ့်မည်။” (ဆာလံ ၃၇:၂၉) * ထို​ဆာလံကျမ်း​က မြေကြီးပေါ် ထာဝရ​အသက်သည် “စိတ်​နှိမ့်ချသော​သူတို့” အတွက် ဆု​တစ်ခု​ဖြစ်သည်ဟု ဖော်ပြ​ထား​ကြောင်း သတိပြုပါ။ ပြင်သစ်​ကျမ်းစာ​တစ်အုပ်​က ထို​အခန်းငယ်​နှင့်​ပတ်သက်​၍ ဤသို့​ဆို​သည်– “စိတ်​နှိမ့်ချ” ဟူသော​စကားလုံး​သည် “အဓိပ္ပာယ်​ပို​၍ ကျယ်ပြန့်​သည်။ ယင်း​တွင် အကြောင်း​မလှ​သူများ၊ ယာ​ဝေး [ယေဟောဝါ] အတွက် ဆင်းရဲခြင်း​နှင့် နှိပ်စက်​ညှဉ်းပန်း​ခြင်း​ခံရ​သူများ၊ ဘုရားသခင်​ကို​လက်အောက်ခံ​သော စိတ်​နှိမ့်ချ​သူများ​ပါဝင်​သည်။”

မြေကြီးပေါ်​တွင်​လော၊ ကောင်းကင်​တွင်​လော

တောင်ပေါ်​တရားတော်​ပါ ယေရှု၏ ဤ​ကတိတော်​သည် အထက်တွင်​ကိုးကား​ထားသော ကျမ်းချက်​များ​ကို သတိရ​စေ​၏– “စိတ်​နူးညံ့​သိမ်မွေ့ [စိတ်​နှိမ့်ချ] သော​သူတို့သည် မင်္ဂလာ​ရှိ၏။ အကြောင်း​မူ​ကား၊ ထို​သူတို့သည် ပြည်တော် [မြေကြီး] ကို အမွေခံ​ရ​ကြ​လတ္တံ့။” (မဿဲ ၅:၅) ဤ​တွင်​တစ်ဖန် မြေကြီး​သည် သစ္စာရှိ​သူများ​အတွက် ထာဝရ​ဆုကျေးဇူး​ဖြစ်သည်ဟု​ဆို​၏။ သို့သော် ယေရှု​က မိမိ “အဘ​၏​အိမ်တော်၌” တမန်​တော်​များ နေစရာ​အရပ်​ကို ပြင်ဆင်​မည်​ဟု မိန့်ဆို​သောကြောင့် သူတို့သည် ကိုယ်တော်​နှင့်အတူ ကောင်းကင်​တွင် နေကြ​မည်​ဖြစ်သည်။ (ယောဟန် ၁၄:၁၊ ၂; လုကာ ၁၂:၃၂; ၁ ပေတရု ၁:၃-၅) သို့​ဆိုလျှင် မြေကြီးဆိုင်ရာ​ကောင်းချီး​များနှင့်​ပတ်သက်သော ကတိတော်​များ​ကို မည်သို့​နားလည်​ရမည်​နည်း။ ယင်း​တို့သည် ယနေ့​အချိန်တွင် လက်တွေ့ကျပါ​သလော။ မည်သူ​တို့​နှင့် သက်ဆိုင်​သနည်း။

ယေရှု၏​တောင်ပေါ်​တရားတော်​နှင့် ဆာလံ ၃၇ ပါ “ပြည်တော်” သို့​မဟုတ် မြေကြီး​သည် ပုံဆောင်ချက်​မျှ​သာ​ဖြစ်သည်ဟု ကျမ်း​ပညာရှင်​များစွာ ပြောဆို​ကြသည်။ ဒါ​ဂလာ​ကျမ်းစာ​တွင် အက်ဖ်​ဗီ​ဂူ​ရူ​က ထို​အခန်းငယ်​များသည် “ကောင်းကင်​နှင့်​ချာ့ခ်ျ​ကို ပုံဆောင်​သည်” ဟု​ရေးသားခဲ့​၏။ ပြင်သစ်​ကျမ်းစာ​သုတေသီ အမ်​လာ​ဂ​ရမ်​ဇ်​က ယင်းက​တိ​တော်​သည် “လက်ရှိ​အစီအစဉ်​တွင်​ဖြစ်စေ၊ ပို​ကောင်းမွန်​သည့် အနာဂတ်​တွင်​ဖြစ်စေ စိတ်​နှိမ့်ချ​သူများ နေထိုင်​လျက်​ရှိသည့် မြေကြီးကို အမွေခံ​ရမည့် ကတိတော်​မဟုတ်။ ယင်းသည် ကောင်းကင်​နိုင်ငံတော် တည်ရှိ​သည့် မည်သည့်​နေရာကို​မဆို အမွေခံ​ရမည်​ဟူသော ကတိတော်​ဖြစ်သည်” ဟု​ဆို​၏။ ကျမ်း​ပညာရှင်​နောက်​တစ်ဦး​က “ကောင်းကင်​အကြောင်း​ပြောဆို​ရာ​တွင် မြေကြီးကို ပုံဆောင်​သဘောဖြင့် သုံး​ခြင်း​ဖြစ်သည်” ဟု​ဆို​သည်။ အခြား​ကျမ်း​ပညာရှင်​များ​က​လည်း “ကတိထားရာ​ပြည်တော်​ဖြစ်သော ခါ​နာ​န်​ပြည်​သည် စိတ်​နှိမ့်ချ​သူများ အမွေ​ရမည့် ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော်​ကို ပုံဆောင်​သဘော​အရ ကိုယ်စား​ပြု​သည်။ ဆာလံ ၃၇ နှင့် အခြား​နေရာများ​တွင်​လည်း ယင်း​အဓိပ္ပာယ်​သာ​ဖြစ်သည်” ဟု​ဆို​ကြသည်။ သို့သော် ပကတိ​မြေကြီးကို ဘုရားသခင့်​ကတိတော်​များ​မှ ဖယ်ထုတ်​သင့်​သလော။

မြေကြီး​အတွက် ထာဝရ​ရည်ရွယ်ချက်

အစအဦး​၌ မြေကြီး​သည် လူသားတို့​အတွက် ဘုရားသခင့်​ရည်ရွယ်​ချက်​နှင့် တိုက်ရိုက်​ဆက်နွှယ်​သည်။ ‘ကောင်းကင်​ကား ထာဝရ​ဘုရားသခင်​၏​ကောင်းကင်​ဖြစ်၏။ မြေကြီးကို​ကား လူသားတို့အား​ပေး​တော်​မူ​ပြီ’ ဟု​ဆာလံဆရာ ရေးသားခဲ့​၏။ (ဆာလံ ၁၁၅:၁၆) ထို့​ကြောင့် လူသားတို့​အတွက် ဘုရားသခင်​၏​မူလ​ရည်ရွယ်ချက်​သည် ကောင်းကင်​နှင့်​မဟုတ်ဘဲ မြေကြီး​နှင့်​ဆက်စပ်​နေသည်။ ဧဒင်ဥယျာဉ်​ကို မြေကြီး​တစ်ခွင်လုံး​တိုးချဲ့​သွားဖို့ ပထမ​လူသား​မောင်နှံ​အား ယေဟောဝါ တာဝန်​ပေး​ခဲ့​သည်။ (ကမ္ဘာဦး ၁:၂၈) ယင်း​ရည်ရွယ်ချက်​သည် ခေတ္တ​ယာယီ​မျှ​သာ​မဟုတ်ပါ။ ကမ္ဘာ​မြေကြီး ထာဝစဉ်​တည်​မည်​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​တွင် ယေဟောဝါ ဤသို့​အခိုင်အမာ​မိန့်ဆိုခဲ့သည်– “လူ​တစ်ဆက်​လွန်သွား​၏။ တစ်ဆက်​ပေါ်လာ​၏။ မြေကြီး​မူ​ကား အစဉ်အမြဲ​တည်​၏။”—ဒေ. ၁:၄; ၁ ရာဇဝင်ချုပ် ၁၆:၃၀; ဟေရှာယ ၄၅:၁၈

ဘုရားသခင့်​ရည်ရွယ်ချက် မပြည့်စုံ​ဘဲ​နေ​မည်​မဟုတ်။ အကြောင်း​မှာ ကိုယ်တော်​သည် အမြင့်ဆုံး​သော​ဘုရားသခင်​ဖြစ်​ပြီး ကတိတော်​များ​ပြည့်စုံ​လာ​မည်​ဟု အာမခံ​ထား​သည်။ ကျမ်း​ရေးသူ​တစ်ဦး​က ဘုရားသခင့်​ကတိတော်​များ မုချ​ပြည့်စုံ​လာ​မည်​ကို ရေသံသရာ​နှင့်​နှိုင်းယှဉ်​ကာ ဤသို့​ရှင်းပြ​၏– ‘မိုး​ရေ​နှင့်​မိုး​ပွင့်​တို့သည် မိုးကောင်းကင်​မှ​ဆင်းသက်​၍ နောက်​တစ်ဖန်​မပြန်၊ . . . မြေ​ကို​စို​စေ​သဖြင့် အပင်ပေါက်​စေ​၍ အသီးကို​သီး​စေ​သကဲ့သို့ ထို့​အတူ ငါ​၏​နှုတ်မြွက်​စကား [ဘုရားသခင့်​စကားတော်] သည် ဖြစ်​လိမ့်​မည်။ အကျိုးမရှိ​ဘဲ ငါ့​ထံ​သို့​မပြန်​ရ။ ငါ့​အလိုကို ပြည့်စုံ​စေမည်။ ငါ​စေခိုင်း​သော​အမှု၌ အောင်​လိမ့်​မည်။’ (ဟေရှာယ ၅၅:၁၀၊ ၁၁) ဘုရားသခင်​သည် လူသား​တို့ကို ကတိပြု​နေခြင်း​ဖြစ်၏။ ယင်းက​တိ​တော်​များ​ပြည့်စုံ​လာရန် အချိန်​အတိုင်းအတာ​တစ်ခု လို​မည်​ဖြစ်သော်လည်း မပြည့်စုံ​ဘဲ​နေ​မည်​မဟုတ်ပါ။ မိန့်တော်မူ​သမျှ​အတိုင်း ပြည့်စုံ​ပြီး​မှ ကိုယ်တော့်​ထံ “ပြန်” လိမ့်​မည်။

လူသားတို့​အတွက်  မြေကြီးကို​ဖန်ဆင်း​ပေး​ရာ​တွင် ယေဟောဝါ အမှန်​ပျော်မွေ့​ခဲ့​၏။ ဆဋ္ဌမ​မြောက်​ဖန်ဆင်း​ရာ​နေ့​အကုန်​တွင် အရာရာတိုင်း “အလွန်​ကောင်း​သည်” ဟု​ကိုယ်တော်​ကြေညာ​ခဲ့​သည်။ (ကမ္ဘာဦး ၁:၃၁) မြေကြီးကို ထာဝစဉ်​တည်တံ့​မည့် ပရဒိသု​အဖြစ်​ပြောင်းလဲခြင်း​သည် မပြည့်စုံ​သေး​သော ဘုရားသခင့်​ရည်ရွယ်​ချက်​၏ တစ်စိတ်​တစ်ပိုင်း​ဖြစ်သည်။ ဘုရားသခင့်​ကတိတော်​များသည် ‘အကျိုးမရှိ​ဘဲ မပြန်​ရ။’ လုံခြုံ​ငြိမ်သက်မှု​လွှမ်းမိုး​မည့် မြေကြီးပေါ်​တွင် လူသား​တို့ စုံလင်သော​အသက်​ဖြင့် ထာဝစဉ်​နေထိုင်ကြ​မည်​ဟူသော ကတိတော်​အားလုံး ပြည့်စုံ​လာ​လိမ့်​မည်။—ဆာလံ ၁၃၅:၆; ဟေရှာယ ၄၆:၁၀

ဘုရားသခင့်​ရည်ရွယ်ချက် မုချ​အထမြောက်

ကျွန်ုပ်​တို့၏ ကနဦး​မိဘ​ဖြစ်သော အာဒံ​နှင့်​ဧဝ​တို့ အပြစ်ပြု​သောကြောင့် မြေကြီး​ပရဒိသု​ဆိုင်ရာ ဘုရားသခင့်​ရည်ရွယ်ချက် အခိုက်အတန့် ပျက်ပြား​ခဲ့​ရသည်။ သူတို့၏​မနာခံမှုကြောင့် ဧဒင်ဥယျာဉ်​မှ နှင်ထုတ်​ခံရ​သည်။ ထို့​ကြောင့် မြေကြီး​ပရဒိသု​ပေါ် စုံလင်သော​လူသားများ နေထိုင်ကြ​မည်​ဟူသော ဘုရားသခင့်​ရည်ရွယ်​ချက် အကောင်အထည်ဖော်​ရေး​တွင် ပါဝင်ခွင့်​မရ​ကြ​တော့​ချေ။ သို့သော် ဘုရားသခင်​သည် မိမိ​ရည်ရွယ်ချက်​ပြည့်စုံ​ရန် အစီအစဉ်များ​ပြုလုပ်​တော်​မူ​ခဲ့​၏။ မည်သို့​အားဖြင့်​နည်း။—ကမ္ဘာဦး ၃:၁၇-၁၉၊ ၂၃

ဧဒင်​ရှိ​အခြေအနေ​သည် အကောင်းဆုံး​မြေနေရာ​တွင် အိမ်တစ်လုံး စ​ဆောက်​သူနှင့်​တူ​သည်။ ထို​သူ အုတ်မြစ်ချ​ပြီး​နောက်​တွင်​ပင် အခြား​တစ်ဦး​က ဖျက်ဆီး​ပစ်လိုက်​သည်။ သူသည် မိမိ​အစီအစဉ်ကို ဖျက်​လိုက်​မည့်​အစား ပြီးစီး​သည့်​အထိ ဆောက်လုပ်​နိုင်​ရန် တစ်ဆင့်​ချင်း​လုပ်ဆောင်​လေ​သည်။ ယင်းကြောင့် အကုန်အကျ​ပို​များ​သည့်​တိုင် သူ၏​မူလ​စီမံကိန်း မုချ​အောင်မြင်​မည်။

အလားတူ၊ ဘုရားသခင်​သည် မိမိ​ရည်ရွယ်ချက်​ပြည့်စုံစေရန် အစီအစဉ်များ​ပြုလုပ်​တော်​မူ​ခဲ့​၏။ ကနဦး​မိဘ အပြစ်ပြု​ပြီး​နောက် မကြာမီ​ပင် သူတို့၏​သားစဉ်မြေးဆက်​အတွက် မျှော်လင့်ချက်​တစ်ခု​ကို ကိုယ်တော် ပရောဖက်ပြု​ခဲ့​သည်။ ယင်း​မှာ အပြစ်​ကြောင့်​ဖြစ်​ခဲ့​သော ပျက်စီး​ဆုံးရှုံးမှု​များ​ကို ပပျောက်​စေ​မည့် “အမျိုးအနွယ်” ပင်​ဖြစ်သည်။ အဆိုပါ​ပရောဖက်ပြုချက်​ပြည်​စုံ​ရာ​တွင် အမျိုးအနွယ်​၏​အဓိက​ပုဂ္ဂိုလ်​မှာ ဘုရားသခင်​၏​သားတော် ယေရှု​ဖြစ်သည်။ ကိုယ်တော်​သည် မြေကြီးပေါ်​သို့ ကြွလာ​တော်​မူ​ခဲ့​ပြီး လူသား​တို့ကို ပြန်လည်​ရွေးနုတ်​ရန် မိမိ​အသက်ကို ပူဇော်​သကာ​အဖြစ် ပေးဆက်​ခဲ့​၏။ (ဂလာတိ ၃:၁၆; မဿဲ ၂၀:၂၈) ယေရှု ကောင်းကင်​သို့ ထမြောက်​ပြီး​သည်​နှင့် ဘုရားသခင့်​နိုင်ငံတော်​ဘုရင်​ဖြစ်လာ​သည်။ မြေကြီးကို​အမွေ​ရသည့် စိတ်​နှိမ့်ချ​သူများ​တွင် ကိုယ်တော်​သည် ဦးဆုံး​ဖြစ်​ပြီး ကိုယ်တော်​နှင့်အတူ တွဲဖက်​အုပ်ချုပ်​ရန် ကောင်းကင်​သို့​ထမြောက်​သည့် ရွေးချယ်ခံ​သစ္စာရှိ​သူများ​လည်း မြေကြီးကို​အမွေ​ရ​ကြသည်။ (ဆာလံ ၂:၆-၉) အချိန်တန်လျှင် ဤ​အုပ်ချုပ်ရေး​သည် ဘုရားသခင့်​မူလ​ရည်ရွယ်ချက်​အတိုင်း ကမ္ဘာ​မြေကြီးကို ပရဒိသု​အဖြစ် ပြောင်းလဲ​ပေး​ပါ​လိမ့်​မည်။ စိတ်​နှိမ့်ချ​သူ သန်းပေါင်း​များစွာ​သည် ယေရှု​ခရစ်​နှင့် တွဲဖက်​ဘုရင်​များ​၏​အုပ်ချုပ်မှု​အောက် အကျိုးကျေးဇူး​ခံစား​ရခြင်း​ဖြင့် ‘မြေကြီးကို​အမွေခံ​ရ’ ကြ​ပါ​လိမ့်​မည်။—ကမ္ဘာဦး ၃:၁၅; ဒံယေလ ၂:၄၄၊ ၄၅; တမန်​တော် ၂:၃၂၊ ၃၃; ဗျာ. ၂၀:၅၊ ၆

“ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ​ပါစေ”

တမန်​တော်​ယောဟန်​၏ စိတ်အာရုံ​တွင် ကောင်းကင်​နှင့်​မြေကြီးဆိုင်ရာ ကယ်တင်ခြင်း​နှစ်မျိုးကို ဖော်ပြ​ထား​သည်။ ခရစ်တော်​၏​သစ္စာရှိ​တပည့်​များ​မှ ရွေးကောက်​ထား​သူများ​သည် ကောင်းကင်​ပလ္လင်​များ​ပေါ် ထိုင်​နေသည်​ကို သူ​မြင်တွေ့ခဲ့​၏။ သူတို့ကို “ရှင်ဘုရင်​အရာ​၌ . . . ခန့်​ထား​၍ မြေကြီး​ပေါ်မှာ စိုးစံ​ရသော​အခွင့်​ကို ပေး​တော်​မူ​၏” ဟု​သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ (ဗျာ. ၅:၉၊ ၁၀) ယေရှု​ခရစ်​နှင့် တွဲဖက်​အမွေခံများ​ဖြင့် ဖွဲ့စည်းထား​သော ကောင်းကင်​နိုင်ငံတော်​နှင့် ယင်း​၏​အုပ်ချုပ်မှု​အောက် ပြန်လည်​တည်ထောင်သော မြေကြီး​သည် ဘုရားသခင့်​ရည်ရွယ်ချက် ပြည့်စုံ​လာ​မည့် ကဏ္ဍ​နှစ်ရပ်​ဖြစ်သည်။ ဤ​အစီအစဉ်​အားလုံး​က ဘုရားသခင့်​မူလ​ရည်ရွယ်ချက်​အတိုင်း မြေကြီး​ပရဒိသု​ကို ပြန်လည်​တည်ထောင်​စေမည်။

စံပြ​ဆုတောင်းချက်​တွင် ယေရှု​က ဘုရားသခင့်​အလိုတော်သည် “ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ” ရန် ဆုတောင်း​ဖို့ မိမိ​တပည့်​များ​ကို​သင်ပေးခဲ့​၏။ (မဿဲ ၆:၉၊ ၁၀) အကယ်၍ မြေကြီး​ပျက်စီး​သွား​မည် သို့​မဟုတ် ယင်းသည် ကောင်းကင်​ဆိုင်ရာ ပုံဆောင်ချက်​မျှ​သာ​ဖြစ်​မည်​ဆိုလျှင် ထိုစကား​များ အဓိပ္ပာယ်​ရှိပါ​ဦး​မည်​လော။ ဖြောင့်မတ်​သူအား​လုံး ကောင်းကင်​သွား​မည်​ဆိုလျှင်​လည်း အဓိပ္ပာယ်​ရှိပါ​မည်​လော။ ကမ္ဘာဦးကျမ်း​မှ​စ၍ ဗျာ.ကျမ်း​အထိ ကျမ်းစာ​တစ်အုပ်လုံး​တွင် မြေကြီး​အတွက် ဘုရားသခင့်​ရည်ရွယ်ချက်ကို ရှင်းလင်းစွာ​ဖော်ပြ​ထား​သည်။ မြေကြီး​သည် ဘုရားသခင်​ရည်ရွယ်​ထား​သည့်​အတိုင်း ပရဒိသု​ဖြစ်လာ​မည်။ ယင်းသည် ဖြစ်မြောက်​လာ​မည်​ဟု ဘုရားသခင်​ကတိပေး​ထားသော အလိုတော်​ဖြစ်သည်။ ယင်း​အလိုတော် ပြည့်စုံ​လာ​ရေး​အတွက် မြေကြီးပေါ်​ရှိ သစ္စာရှိ​သူများ ဆုတောင်း​ကြ​ပါ​သည်။

လူသားများ မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်ခြင်း​သည် “ပြောင်းလဲခြင်း​မရှိ” သော ဖန်ဆင်း​ရှင်​ဘုရားသခင်​၏ မူလ​ရည်ရွယ်ချက်​ဖြစ်သည်။ (မာလခိ ၃:၆; ယောဟန် ၁၇:၃; ယာကုပ် ၁:၁၇) ဤ​ကင်းမျှော်စင်​မဂ္ဂဇင်း​သည် ဘုရားသခင့်​ရည်ရွယ်ချက် ပြည့်စုံ​လာ​မည့် ကဏ္ဍ​နှစ်ရပ်​နှင့်​ပတ်သက်​၍ နှစ်​တစ်​ရာ​ကျော် ရှင်းပြ​လာ​ခဲ့ပြီ။ ယင်းက သမ္မာ​ကျမ်းစာ​ပါ မြေကြီးဆိုင်ရာ​ပြန်လည်​တည်ထောင်ခြင်း ကတိတော်​များ​ကို နားလည်​သဘောပေါက်​စေ​ခဲ့ပြီ။ သင်သည် ယေဟောဝါသက်သေ​များနှင့် ဆွေးနွေးခြင်း​ဖြင့်​ဖြစ်စေ၊ ဤ​မဂ္ဂဇင်း​ထုတ်ဝေ​သူများ​ထံ ဆက်သွယ်ခြင်း​ဖြင့်​ဖြစ်စေ ယင်း​အကြောင်း ထပ်ဆင့်​လေ့လာ​ရန် ကျွန်ုပ်​တို့ တိုက်တွန်း​လို​ပါ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ဘာသာပြန်​ကျမ်းစာ​များစွာက ဟေဗြဲ​စကားလုံး ‘အီရဲတ်စ်’ ကို “မြေကြီး” အစား “ပြည်တော်” ဟု​ပြန်ဆို​ကြသည်။ သို့သော် ဆာလံ ၃၇:၁၁၊ ၂၉ ပါ ‘အီရဲတ်စ်’ သည် ဣသရေလ​လူမျိုး၏​ပြည်တော် ကို​သာ​မဆိုလို​ပါ။ ဝီလျံ​ဝီလ်​ဆင်​၏ ဓမ္မဟောင်း​ကျမ်း​စကားလုံး​ကို​လေ့လာခြင်း စာအုပ်​တွင် ‘အီရဲတ်စ်’ ကို “အကျယ်ပြန့်ဆုံး​သဘောဖြင့်​သုံး​သော် လူနေ​ထိုင်​နိုင်ရာ​ဒေသနှင့် လူ​မနေထိုင်​နိုင်ရာ​ဒေသ နှစ်ခုစလုံး​ပါဝင်သော မြေကြီး၊ အကန့်အသတ်​သဘောဖြင့်​သုံး​သော် မြေကြီးပေါ်​ရှိ နယ်မြေ​ဒေသ သို့​မဟုတ် နိုင်ငံ​တစ်ခု” ဟု​အဓိပ္ပာယ်​ဖွင့်​ထား​သည်။ ထို့​ကြောင့် ထို​ဟေဗြဲ​စကားလုံး​၏​အဓိက​အဓိပ္ပာယ်​မှာ ကျွန်ုပ်​တို့၏ ကမ္ဘာ​မြေကြီး​ဖြစ်သည်။—၁၉၈၆၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်​စာမျက်နှာ ၃၁ ရှု [လိပ်]။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

အနာဂတ်​တွင် မြေကြီးပေါ် ပရဒိသု​တည်ထောင်​မည်​ဟု သမ္မာကျမ်းစာ​က ရှင်းလင်းစွာ​ဖော်ပြ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

မြေကြီး​ပျက်စီး​သွား​မည်​ဆိုလျှင် ယေရှု၏​စံပြ​ဆုတောင်းချက် အဓိပ္ပာယ်​ရှိပါ​ဦး​မည်​လော