“ကျမ်းချက်ချင်း နှိုင်းယှဉ်လေ့လာကြပါစို့”
“ကျမ်းချက်ချင်း နှိုင်းယှဉ်လေ့လာကြပါစို့”
အမျိုးသားတစ်ဦးသည် နယူးယောက်မြို့သို့အသွား ရထားပေါ်တွင် လက်ကမ်းဝေစာတစ်စောင် ကောက်ရခဲ့သည်။ ထိုဝေစာတွင် ‘ဝိညာဉ်စိုးလ်သေနိုင်သည်’ ဟူသောအကြောင်း ရှင်းပြထား၏။ ခရစ်ယာန်ဘုန်းကြီးဖြစ်သော ထိုအမျိုးသားသည် ဝေစာကို စိတ်ဝင်တစားဖတ်ရှုလေသည်။ ဝိညာဉ်စိုးလ်မသေနိုင်ဟု သူယုံကြည်ထားသောကြောင့် အလွန်အံ့အားသင့်ခဲ့၏။ ဝေစာ၏ကလောင်ရှင်မှာ မည်သူမည်ဝါဖြစ်သည်ကို သူ,မသိသော်လည်း ကျမ်းစာဖြင့် ခိုင်လုံစွာကျိုးကြောင်းရှင်းပြထားရာ ထိုအကြောင်းကို အလေးအနက်လေ့လာသင့်ကြောင်း သူသိရှိခဲ့သည်။
ထိုခရစ်ယာန်ဘုန်းကြီးမှာ ဂျော့ခ်ျစတောစ်ဖြစ်ပြီး အချိန်မှာ ၁၈၃၇ ခုနှစ်တွင်ဖြစ်၏။ ထိုနှစ်တွင် ချားလ်ဒါဝင်သည် သူ၏အတွေးအခေါ်များကို စာအုပ်တစ်အုပ်ပြုစုရေးသားခဲ့ရာ နောက်ပိုင်းတွင် ဆင့်ကဲသီအိုရီဖြစ်လာသည်။ ထိုအချိန်က လူများစွာသည် ဘာသာတရားကိုင်းရှိုင်းပြီး ဘုရားသခင်ကိုယုံကြည်ကြသည်။ အများစုက သမ္မာကျမ်းစာကို အားထားလောက်သောကျမ်းအဖြစ်ယူမှတ်ကာ ဖတ်ရှုကြသည်။
ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ဖီလဒဲလ်ဖီးယားမြို့ရှိ ဟင်နရီဂရူးဆိုသူက ထိုဝေစာကိုရေးသားခဲ့ကြောင်း စတောစ်သိရှိလာသည်။ ဂရူးသည် “ကျမ်းချက်များကိုယ်နှိုက်က ၎င်းတို့၏အနက်အဓိပ္ပာယ်ကို အကောင်းဆုံးဖော်ပြပေးသည်” ဟူသောမူကို ကိုင်စွဲထားသည်။ ဂရူးနှင့်သူ့အပေါင်းပါများသည် သမ္မာကျမ်းစာနှင့်အညီ အသက်ရှင်နေထိုင်၍ ယင်း၏အကြံပေးချက်အတိုင်း လိုက်နာမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကျမ်းစာလေ့လာခဲ့ကြသည်။ သူတို့၏လေ့လာမှုကြောင့် အဖိုးထိုက်သောကျမ်းစာအမှန်တရားအချို့ ပေါ်ထွက်လာသည်။
ဂရူး၏ရေးသားချက်ကြောင့် စတောစ်သည် ဝိညာဉ်စိုးလ်အကြောင်း သမ္မာကျမ်းစာသွန်သင်ရာကို အသေအချာဖတ်ရှု၍ ခရစ်ယာန်ဘုန်းကြီးအချို့နှင့် ဆွေးနွေးလေသည်။ ငါးနှစ်တိုင် အပြင်းအထန်လေ့လာပြီးနောက် သူအသစ်တွေ့ရှိထားသော အဖိုးထိုက်သည့်ကျမ်းစာအမှန်တရားကို လူသိရှင်ကြားထုတ်ဖော်ခဲ့သည်။ သို့နှင့် ၁၈၄၂ ခုနှစ်၊ တနင်္ဂနွေတစ်နေ့တွင် ဟောပြောချက်တစ်ခုတင်ဆက်ခဲ့သည်။ သို့သော် ထိုအကြောင်းအရာကို အပြီးသတ်ရှင်းလင်းရန် ထပ်မံဟောပြောတင်ဆက်သင့်သည်ဟု သူယူဆသည်။ ထို့ကြောင့် ဝိညာဉ်စိုးလ်သေနိုင်သည်ဟူသောအကြောင်း ဟောပြောချက်ခြောက်ခုတင်ဆက်၍ ယင်းကို စာအုပ်အဖြစ်ထုတ်ဝေခဲ့သည်။ ထို့ပြင် ဘုရားသခင်ကိုရှုတ်ချသော ခရစ်ယာန်ဘောင်အယူဝါဒများကြောင့် တိမ်မြုပ်နေသည့် အဖိုးထိုက်သောအမှန်တရားများကို ဖော်ထုတ်ရန် ကျမ်းချက်ချင်းနှိုင်းယှဉ်လေ့လာခဲ့၏။
ဝိညာဉ်စိုးလ်မသေနိုင်ဟူ၍ ကျမ်းစာသွန်သင်သလော
ယေရှု၏နောက်လိုက် ဝိညာဉ်တော်ဖွားများသည် သစ္စာစောင့်သိကြသောကြောင့် မသေနိုင်သည့်အဖြစ်သို့ရောက်သည်ဟု ကျမ်းစာဆို၏။ (၁ ကောရိန္သု ၁၅:၅၀-၅၆) သစ္စာရှိသောကြောင့် မသေနိုင်သည့်အဖြစ်သို့ရောက်သည်ဆိုလျှင် လူဆိုးတို့၏ဝိညာဉ်စိုးလ်သည် မသေနိုင်သည့်အဖြစ်သို့ မရောက်သင့်ဟု စတောစ်ယူဆသည်။ ယင်းကိုမှန်းဆနေမည့်အစား ကျမ်းစာလေ့လာ၍အဖြေရှာခဲ့သည်။ “ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ဖျက်ဆီးနိုင်သောသူကို သာ၍ကြောက်ကြလော့” ဟုဆိုထားသော မဿဲ ၁၀:၂၈ ကို သူသုံးသပ်သည်။ စိုးလ်သည် ဖျက်ဆီးခံရနိုင်သည်။ ထို့ပြင် “ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်” ဟုဆိုသော ယေဇကျေလ ၁၈:၄ ကိုလည်း ဆင်ခြင်သည်။ ကျမ်းစာတစ်အုပ်လုံးကို ခြုံငုံသုံးသပ်သည့်အခါ အဖိုးထိုက်သောကျမ်းစာအမှန်တရား ပေါ်ထွက်လာသည်။ “ဤအကြောင်းနှင့်ပတ်သက်သော ကျွန်ုပ်၏ရှုမြင်ပုံမှန်ပါက အများလက်ခံထားသည့် ထိုယုံကြည်ချက်နှင့်စပ်လျဉ်း၍ မရှင်းမလင်းဖြစ်နေသောကျမ်းချက်များ ပိုရှင်းလင်းလာမည်၊ နှစ်သက်လက်ခံစရာဖြစ်မည်၊ အဓိပ္ပာယ်ပြည့်ဝပြီး ပိုထိရောက်လာမည်” ဟုစတောစ်ရေးသားခဲ့သည်။
ယုဒ ၇ ကဲ့သို့သော ကျမ်းချက်နှင့်ပတ်သက်၍ကော။ ယင်းတွင်ဤသို့ဆို၏– “ထိုနည်းတူ သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ရှိသောမြို့တို့သည် အထက်ကဆိုခဲ့ပြီးသောလူဆိုးကဲ့သို့ မတရားသောမေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သောသူတို့နှင့် မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့် ထာဝရမီးနှင့်ကျွမ်းလောင်ခြင်းဒဏ်ကိုခံရ၍ ပုံသက်သေထင်ရှားလျက်ရှိကြ၏။” ယင်းကိုဖတ်ရှုပြီးနောက် သောဒုံနှင့်ဂေါမောရမြို့မှ ဖျက်ဆီးခံရသူတို့သည် မီးထဲတွင် ထာဝရညှဉ်းဆဲခံနေရသည်ဟု အချို့ယူဆပေမည်။ “ကျမ်းချက်ချင်း နှိုင်းယှဉ်လေ့လာကြပါစို့” ဟူ၍ စတောစ်ရေးသားခဲ့၏။ ‘ရှေးလောကဓာတ်ကိုလည်း နှမြောတော်မမူ။ နောဧကိုစောင့်မတော်မူ၍ ဘုရားသခင်ကိုမကိုးကွယ်သော လောကသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။ သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကို မီးရှို့၍ဖျက်ဆီးရာ ဒဏ်စီရင်တော်မူသဖြင့် နောင်၌ မတရားသောအကျင့်ကို ကျင့်အံ့သောသူတို့အား ပုံသက်သေကိုထားတော်မူ၏’ ဟုဆိုထားသော ၂ ပေတရု ၂:၅၊ ၆ ကို သူကိုးကားခဲ့သည်။ သောဒုံနှင့်ဂေါမောရမြို့သည် ပြာပုံအတိဖြစ်သွားပြီး ထိုမြို့သားများလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
စတောစ်ဤသို့ရှင်းပြ၏– “ပေတရုသည် ယုဒကျမ်းကို အလင်းဖြာပေးသည်။ ထိုကျမ်းနှစ်ချက်က အပြစ်ကျူးလွန်သူတို့အား ဘုရားသခင်ဒဏ်စီရင်ပုံကို အတိအလင်းဖော်ပြနေသည်။ . . . ရှေးလောကဓာတ်ဖြစ်သော သောဒုံနှင့်ဂေါမောရမြို့ကို ပြစ်ဒဏ်စီရင်ခြင်းသည် ‘ထာဝရ’ ဖြစ်ပြီး လောကဆုံးခန်းတွင် အသက်ရှင်သူအားလုံးအတွက် သတိပေး ‘ပုံနမူနာ’ ဖြစ်သည်။” ထို့ကြောင့် သောဒုံနှင့်ဂေါမောရမြို့ကို မီးဖြင့်ဖျက်ဆီးခြင်းမှာ ထာဝရဖျက်ဆီးခြင်းဖြစ်ကြောင်း ယုဒရည်ညွှန်းနေသည်။ ယင်းက ဝိညာဉ်စိုးလ်သေနိုင်သည်ဟူသော အမှန်တရားကို မပြောင်းလဲစေပါ။
စတောစ်သည် မိမိ၏ယူဆချက်ကိုထောက်ခံသော ကျမ်းချက်များကိုသာ ရွေးပြောခြင်းမဟုတ်ပါ။ ကျမ်းချက်တိုင်း၏ရှေ့နောက်စကားကိုသာမက တစ်ကျမ်းလုံး၏ဆိုလိုရင်းကိုပါ သုံးသပ်ခဲ့သည်။ ကျမ်းချက်တစ်ချက်သည် အခြားကျမ်းချက်များနှင့် ဆန့်ကျင်နေပုံပေါက်ပါက ယုတ္တိရှိရှိရှင်းပြနိုင်ရန် အခြားကျမ်းချက်များကိုပါ လေ့လာသည်။
ရပ်စယ်လ်၏ကျမ်းစာလေ့လာမှုများ
ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ပစ္စဘတ်မြို့ရှိ ကျမ်းစာလေ့လာသောအုပ်စုကို ဖွဲ့စည်းနေသည့် လူငယ်တစ်ဦးသည် ဂျော့ခ်ျစတောစ်နှင့်ပေါင်းသင်းခဲ့၏။ သူ့အမည်မှာ ချားလ်စ်တေ့ဇ်ရပ်စယ်လ် ဖြစ်သည်။ သူ၏ဦးဆုံးကျမ်းစာဆောင်းပါးသည် ၁၈၇၆ ခုနှစ်၌ စတောစ်တည်းဖြတ်သော ကျမ်းစာဆန်းစစ်လေ့လာသူမဂ္ဂဇင်းတွင် ပါလာသည်။ အစောပိုင်းကျမ်းစာကျောင်းသားများသည် သူ့အပေါ် အတော်သြဇာညောင်းကြောင်း ရပ်စယ်လ်အသိအမှတ်ပြုသည်။ သူသည် ဇိအုန်ကင်းမျှော်စင်၏အယ်ဒီတာတစ်ဦးဖြစ်ပြီး သူ့အား အပြောဖြင့်ရော စာဖြင့်ပါ များစွာကူညီပေးသူ စတောစ်ကိုကျေးဇူးတင်သည်။
စီ.တီ.ရပ်စယ်လ် အသက် ၁၈ နှစ်အရွယ်တွင် ကျမ်းစာကျောင်းသားအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး ကျမ်းစာလေ့လာမှုအတွက် ပုံစံတစ်ခုချမှတ်ခဲ့သည်။ ရပ်စယ်လ်နှင့်ပေါင်းသင်းသူ ကျမ်းစာကျောင်းသား အေ.အိတ်ခ်ျ.မက္ခမီလန်သည် ဤနည်းလမ်းကိုဖော်ပြ၏– “တစ်ယောက်ယောက်က မေးခွန်းထုတ်မယ်။ အဲဒါကို အားလုံးဝိုင်းဆွေးနွေးကြမယ်။ ဆက်စပ်နေတဲ့ကျမ်းချက်တွေကို ရှာမယ်။ ရှေ့နောက်ညီပြီဆိုရင် နောက်ဆုံး ဆုံးဖြတ်ချက်ချပြီး မှတ်တမ်းလုပ်ထားမယ်။”
ကျမ်းစာတစ်အုပ်လုံးကိုသုံးသပ်သောအခါ ကျမ်းစာပါအကြောင်းအရာသည် ရှေ့နောက်ညီညွတ်ပြီး အာဘော်ရှင်ဘုရားသခင်၏ အရည်အသွေးများနှင့်ကိုက်ညီသည်ဟု ရပ်စယ်လ်ယုံကြည်သည်။ ကျမ်းတစ်ချက်သည် နားလည်ရခက်ခဲဟန်ရှိသည့်တိုင် အခြားကျမ်းချက်များနှင့်နှိုင်းယှဉ်ကာ အဓိပ္ပာယ်ရှင်းလင်းအောင်လုပ်သင့်သည်ဟု သူယူမှတ်သည်။
ကျမ်းစာပါအစဉ်အလာ
ကျမ်းစာကိုယ်နှိုက်က ၎င်း၏အနက်အဓိပ္ပာယ်ကို ဖော်ပြစေခဲ့သူများတွင် ရပ်စယ်လ်၊ စတောစ်၊ ဂရူးတို့သည် ဦးဆုံးပုဂ္ဂိုလ်များမဟုတ်ကြပါ။ ယင်းသည် ခရစ်ယာန်ဘာသာကိုစတင်တည်ထောင်သူ ယေရှုခရစ်ထံမှ အရင်းခံသောအစဉ်အလာဖြစ်၏။ ကိုယ်တော်သည် ကျမ်းတစ်ချက်၏ဆိုလိုရင်းကို ရှင်းလင်းစေရန် ကျမ်းချက်များစွာအသုံးပြုခဲ့သည်။ ဥပမာ၊ ဥပုသ်နေ့တွင် ယေရှုနောက်လိုက်များ စပါးနှံဆွတ်စားသည်ကို ဖာရှိရှဲတို့ကဲ့ရဲ့ပြစ်တင်ကြသောအခါ ယေရှုက ဥပုသ်ပညတ်ကို မည်သို့လိုက်လျှောက်သင့်ကြောင်းဖော်ပြရန် ၁ ဓမ္မရာဇဝင် ၂၁:၆ ပါမှတ်တမ်းကို ကိုးကားခဲ့သည်။ ဒါဝိဒ်နှင့်သူ့လူတို့သည် ရှေ့တော်မုန့်ယူစားသည့်အကြောင်းကို ဘာသာရေးခေါင်းဆောင်များ ကောင်းစွာသိရှိကြသည်။ ထို့နောက် ရှေ့တော်မုန့်ကို အာရုန်အနွယ်သာ စားခွင့်ရှိသောပညတ်အကြောင်း ယေရှုကိုးကားသည်။ (ထွက်မြောက်ရာ ၂၉:၃၂၊ ၃၃; ဝတ်ပြုရာ ၂၄:၉) သို့သော် ရှေ့တော်မုန့်ကို ဒါဝိဒ်စားခွင့်ရခဲ့သည်။ ထို့နောက် ယေရှုသည် ဟောရှေကျမ်းကိုကိုးကား၍ “ ‘ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏’ ဟူသောကျမ်းစကားကို သင်တို့သည်နားလည်လျှင် အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြ” ဟုအချက်ကျကျမိန့်ဆိုခဲ့၏။ (မဿဲ ၁၂:၁-၈) တိကျမှန်ကန်စွာသိနားလည်နိုင်ရန် ကျမ်းချက်ချင်းနှိုင်းယှဉ်သည့် နမူနာကောင်းပါတကား။
ယေရှုနောက်လိုက်များလည်း ထိုနည်းအတိုင်း ကျမ်းတစ်ချက်ကိုနားလည်ရန် အခြားကျမ်းချက်များကိုညွှန်းခဲ့သည်။ တမန်တော်ပေါလုသည် သက်သာလောနိတ်မြို့သားများကို သွန်သင်ရာတွင် “ကျမ်းစာကိုအမှီပြု၍ ထိုသူတို့နှင့်ဆွေးနွေးနှီးနှောသဖြင့် ခရစ်တော်သည် အသေခံရမည်။ သေခြင်းမှထမြောက်ရမည် . . . ဟူသောအကြောင်းအရာတို့ကို [“ကျမ်းချက်အထောက်အထားများနှင့်တကွ၊” ခမ] ရှင်းလင်းစွာဖွင့်ပြလေ၏။” (တမန်တော် ၁၇:၂၊ ၃) ပေါလုသည် သူ၏ မှုတ်သွင်းခံကျမ်းစောင်များတွင်လည်း ကျမ်းချက်ချင်း နှိုင်းယှဉ်ကိုးကားခဲ့သည်။ ဥပမာ၊ ဟေဗြဲမြို့ သားများထံစာရေးရာတွင် ပညတ်တရားသည် နောက်ဖြစ်လတ္တံ့သော ကောင်းကျိုးချမ်းသာတို့၏အရိပ်ဖြစ်ကြောင်း ကျမ်းချက်တစ်ချက်ချင်းစီ ကိုးကားဖော်ပြခဲ့၏။—ဟေဗြဲ ၁၀:၁-၁၈။
၁၉ ရာစုနှင့် ၂၀ ရာစုအစောပိုင်းမှ ကျမ်းစာကျောင်းသားများသည် ထိုခရစ်ယာန်များနည်းတူ လုပ်ဆောင်ခဲ့သည်။ ကင်းမျှော်စင်မဂ္ဂဇင်းကလည်း ကျမ်းချက်ချင်းနှိုင်းယှဉ်သည့်အစဉ်အလာကို လိုက်ခဲ့သည်။ (၂ သက်သာလောနိတ် ၂:၁၅) ယေဟောဝါသက်သေများသည် ကျမ်းစာလေ့လာဆန်းစစ်ရာတွင် ထိုသဘောတရားကို လိုက်နာကြသည်။
ရှေ့နောက်စကားကို ဆန်းစစ်ခြင်း
ကျမ်းစာဖတ်ရှုသည့်အခါ ယေရှုနှင့်ကိုယ်တော်၏သစ္စာရှိနောက်လိုက်များကို မည်သို့တုပနိုင်သနည်း။ ဆွေးနွေးနေသော ကျမ်းချက်၏ရှေ့နောက်စကားကို သုံးသပ်နိုင်သည်။ ရှေ့နောက်စကားက ဆိုလိုရင်းကို မည်သို့နားလည်စေနိုင်သနည်း။ ဥပမာ၊ မဿဲ ၁၆:၂၈ ကို သုံးသပ်ကြစို့– “ငါအမှန်ဆိုသည်ကား လူသားသည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသည်ကို ဤအရပ်၌ရှိသောသူအချို့တို့သည် မမြင်မီ သေခြင်းသို့မရောက်ရကြဟု တပည့်တော်တို့အား မိန့်တော်မူ၏။” ထိုသို့မိန့်ဆိုချိန်တွင် သက်ရှိထင်ရှားရှိခဲ့သောတပည့်များသည် ကောင်းကင်တွင် ဘုရားသခင့်နိုင်ငံတော်မတည်ထောင်မီ သေဆုံးသွားခဲ့ကြရာ ထိုကျမ်းစကားမပြည့်စုံဟု အချို့ယူဆပေမည်။ ကျမ်းစာရှင်းလင်းချက်စာအုပ် က ထိုကျမ်းချက်အကြောင်း ဤသို့ပင်ဆိုခဲ့၏– “ကြိုဟောချက်သည် မပြည့်စုံခဲ့။ ယင်းသည် ပုံဆောင်သဘောပြောနေခြင်းဖြစ်ကြောင်း နောက်ပိုင်း ခရစ်ယာန်များ သိမြင်ခဲ့ကြသည်။”
သို့သော် ထိုကျမ်းချက်၏ရှေ့နောက်စကားအပြင် မာကုနှင့်လုကာတို့၏ ကျမ်းပြိုင်မှတ်တမ်းများကလည်း ယင်း၏ဆိုလိုရင်းအမှန်ကို နားလည်စေသည်။ အထက်ပါစကားများဖော်ပြပြီးနောက် မဿဲ အဘယ်အရာဆက်ရေးခဲ့သနည်း။ “ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်တို့ကိုခေါ်၍ မြင့်လှစွာသောတောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့ရှေ့၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံလျက်ရှိ၏။” (မဿဲ ၁၇:၁၊ ၂) မာကုနှင့်လုကာတို့လည်း ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှုမိန့်ဆိုခဲ့ရာနှင့် ကိုယ်ယောင်ပြောင်းလဲခြင်းအကြောင်းတို့ကို ဆက်စပ်ဖော်ပြခဲ့၏။ (မာကု ၉:၁-၈; လုကာ ၉:၂၇-၃၆) တမန်တော်သုံးဦးရှေ့မှောက် ဘုန်းထွန်းတောက်ကာ ကိုယ်ယောင်ပြောင်းလဲခြင်းက ဘုရားသခင့်နိုင်ငံတော်အာဏာနှင့်တကွ ယေရှုရောက်ရှိခြင်းကို သရုပ်ဖော်သည်။ ယေရှု၏ကိုယ်ယောင်ပြောင်းလဲခြင်းကို မျက်မြင်ကိုယ်တွေ့ဖြစ်သော ပေတရုက “ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်ကိုလည်းကောင်း၊ ကြွလာတော်မူခြင်း” အကြောင်းကိုလည်းကောင်း ပြောဆိုခြင်းဖြင့် ယင်းအချက်မှန်ကန်ကြောင်း ထောက်ခံသည်။—၂ ပေတရု ၁:၁၆-၁၈။
ကျမ်းစာကိုယ်နှိုက်က ၎င်း၏အနက်အဓိပ္ပာယ်ကိုဖော်ပြရန် သင်ခွင့်ပြုသလော
ကျမ်းတစ်ချက်၏ရှေ့နောက်စကားကို သုံးသပ်ပြီးသည့်တိုင် နားမလည်နိုင်ဘဲဖြစ်နေလျှင်ကော။ ကျမ်းစာတစ်အုပ်လုံး၏ဆိုလိုရင်းကို စိတ်ထဲထား၍ အခြားကျမ်းချက်များနှင့် နှိုင်းယှဉ်လေ့လာခြင်းမှ အကျိုးခံစားနိုင်ပါသည်။ ယင်းသို့ပြုရန် အကောင်းဆုံးအကူအညီကို ကမ္ဘာသစ်ဘာသာပြန်သမ္မာကျမ်းစာတွင်ရနိုင်သည်။ ထိုကျမ်းကို တစ်အုပ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းလိုက်ဖြစ်စေ ဘာသာစကား ၅၇ မျိုးဖြင့် ရရှိနိုင်ပြီဖြစ်၏။ ယင်းအကူအညီမှာ စာမျက်နှာတိုင်း၏အလယ်ကော်လံမှ အပြန်အလှန်အညွှန်းများပင်ဖြစ်သည်။ ကမ္ဘာသစ်ဘာသာပြန်သမ္မာကျမ်းစာ—ရည်ညွှန်းကျမ်းတွင် ရည်ညွှန်းချက်ပေါင်း ၁၂၅,၀၀၀ ကျော် တွေ့ရှိနိုင်သည်။ “ကျမ်းဦးစကား” တွင် ဤသို့ရှင်းပြ၏– “အပြန်အလှန်အညွှန်းများကို တိုက်ကြည့်ခြင်း၊ သက်ဆိုင်သည့်အောက်ခြေမှတ်ချက်ကို စစ်ဆေးခြင်းတို့က ကျမ်း ၆၆ စောင်၏အပြန်အလှန်ချိတ်ဆက်မှုကို ဖော်ပြပေးကာ ဘုရားသခင်မှုတ်သွင်းသည့် ကျမ်းစောင်အဝင်ဖြစ်ကြောင်း သက်သေထူသည်။”
ကျမ်းတစ်ချက်ကိုနားလည်နိုင်ရန် အပြန်အလှန်အညွှန်းများအသုံးပြုပုံကို သုံးသပ်ကြစို့။ ဥပမာ၊ အာဗြံ သို့မဟုတ် အာဗြဟံ၏ဖြစ်ရပ်နှင့်ပတ်သက်၍ ဤမေးခွန်းကိုသုံးသပ်ကြည့်ပါ– အာဗြံနှင့်သူ့မိသားစု ဥရမြို့မှထွက်ခွာရာတွင် မည်သူဦးဆောင်ခဲ့သနည်း။ ကမ္ဘာဦး ၁၁:၃၁ တွင် ဤသို့ဖတ်ရ၏– “တေရသည် သားအာဗြံကိုလည်းကောင်း၊ . . . မြေးလောတကိုလည်းကောင်း၊ . . . ချွေးမစာရဲကိုလည်းကောင်းခေါ်၍ သူတို့သည် ခါနာန်ပြည်သို့သွားခြင်းငှာ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှထွက်သဖြင့် ခါရန်မြို့သို့ရောက်၍နေကြ၏။” ထိုကျမ်းချက်တစ်ချက်တည်းကိုဖတ်ရှုပါက အာဗြံ၏ဖခင်တေရသည် ဦးဆောင်သူဖြစ်သည်ဟု ယူဆပေမည်။ သို့သော် ကမ္ဘာသစ်ဘာသာပြန်ကျမ်းစာတွင် ထိုကျမ်းချက်အတွက် အပြန်အလှန်အညွှန်း ၁၁ ခုပါရှိသည်။ နောက်ဆုံးအညွှန်းတွင် တမန်တော် ၇:၂ ကိုညွှန်းထားပြီး ပထမရာစုဂျူးများထံ သတေဖန်၏တိုက်တွန်းချက်ကို ဤသို့ဖတ်ရသည်– “ငါတို့အဘအာဗြဟံသည် ခါရန်မြို့၌မနေမီ မေသောပေါတာမိတိုင်း၌ရှိစဉ်အခါ ဘုန်းကြီးတော်မူသော ဘုရားသခင်သည် ထင်ရှားတော်မူ၍ ‘သင်နေသောပြည်နှင့်တကွ အမျိုးသားချင်းများထဲကထွက်ပြီးလျှင် ငါပြလတ္တံ့သောပြည်သို့သွားလော့’ ဟု အာဗြဟံအားမိန့်တော်မူ၏။” (တမန်တော် ၇:၂၊ ၃) သတေဖန်သည် ခါရန်မြို့မှ အာဗြံထွက်ခွာသည့်အကြောင်းနှင့် ရောထွေးနေခြင်းလော။ လုံးဝမဖြစ်နိုင်ပေ၊ အကြောင်းမှာ ယင်းသည် ဘုရားသခင့်မှုတ်သွင်းခံကျမ်းစကားဖြစ်နေသောကြောင့်တည်း။—ကမ္ဘာဦး ၁၂:၁-၃။
သို့ဆိုလျှင် ကမ္ဘာဦး ၁၁:၃၁ တွင် တေရသည် သားအာဗြံနှင့် အခြားမိသားစုဝင်များကိုခေါ်၍ ဥရမြို့မှထွက်ခွာသွားသည်ဟု အဘယ်ကြောင့်ဖော်ပြသနည်း။ တေရသည် အိမ်ထောင်ဦးစီးအနေအထား၌ ရှိနေဆဲဖြစ်ပြီး အာဗြံနှင့်လိုက်သွားရန် သဘောတူသောကြောင့် ခါရန်သို့ပြောင်းရွှေ့ရာတွင် ဦးဆောင်သူအဖြစ် ဂုဏ်တင်ခံခဲ့ရခြင်းဖြစ်သည်။ ဤကျမ်းနှစ်ချက်ကို နှိုင်းယှဉ်လေ့လာသောအခါ အခြေအနေကိုအတိအကျနားလည်သွားသည်။ အာဗြံသည် ဘုရားသခင့်မိန့်မှာချက်အတိုင်း ဥရမြို့မှထွက်ခွာရန် ဖခင်ကို တလေးတစားတိုက်တွန်းပြောဆိုခဲ့သည်။
ထို့ကြောင့် ကျမ်းစာဖတ်ရှုရာတွင် ယင်း၏ရှေ့နောက်စကားနှင့် ကျမ်းစာတစ်ကျမ်းလုံး၏ဆိုလိုရင်းကို ထည့်သွင်းသုံးသပ်သင့်သည်။ ခရစ်ယာန်များ ဤသို့တိုက်တွန်းခံရသည်– ‘ငါတို့သည် လောကဝိညာဉ်ကို မခံရကြ။ ဘုရားသခင်ပေးတော်မူသောအရာတို့ကို သိခြင်းအလိုငှာ ဘုရားသခင့်ထံမှကြွလာသော ဝိညာဉ်ကို ခံရကြပြီ။ ဘုရားသခင်ပေးတော်မူသောအရာတို့ကို ငါတို့သည် လူပညာကိုအမှီပြု၍ နားလည်သောစကားနှင့်မဟော။ သန့်ရှင်းသောဝိညာဉ်တော်သည် ဝိညာဉ်နှင့်စပ်ဆိုင်သောအရာကို ဝိညာဉ်စကားအားဖြင့် ဖွင့်ပြ၍ ပဲ့ပြင်တော်မူသောစကားနှင့် ငါတို့သည် ဟောကြ၏။’ (၁ ကောရိန္သု ၂:၁၁-၁၃) ကျမ်းစာကိုနားလည်ရန် ယေဟောဝါထံ အကူအညီတောင်းရမည်။ ကျမ်းချက်၏ရှေ့နောက်စကား၊ ယင်းနှင့်ဆက်နွှယ်နေသည့် ကျမ်းချက်များကို ရှာဖွေလေ့လာခြင်းအားဖြင့် “ဝိညာဉ်နှင့်စပ်ဆိုင်သောအရာကို ဝိညာဉ်စကားအားဖြင့် ဖွင့်ပြ” နိုင်ရန် ကြိုးစားရမည်။ သမ္မာကျမ်းစာကို လေ့လာခြင်းအားဖြင့် အဖိုးထိုက်ကျောက်မျက်များနှင့်တူသော အမှန်တရားကို ရှာတွေ့နိုင်ကြပါစေ။
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
၁၉ ရာစုတွင် ကျမ်းချက်ချင်း နှိုင်းယှဉ်လေ့လာခဲ့ကြသော ကျမ်းစာကျောင်းသားများ– ဂျော့ခ်ျ စတောစ်၊ ဟင်နရီဂရူး၊ ချားလ်စ်တေ့ဇ်ရပ်စယ်လ်၊ အေ.အိတ်ခ်ျ.မက္ခမီလန်
[Credit Lines]
Top: SIX SERMONS, by George Storrs (1855); second from top: Collection of The New-York Historical Society/69288
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
တမန်တော်ပေါလုသည် မိမိ၏သွန်သင်ချက်များမှန်ကြောင်း သက်သေထူရန် ကျမ်းချက်များကို ကိုးကားခဲ့