မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

အနှစ်​တစ်ထောင်​အကုန် နောက်ဆုံး​စမ်းသပ်မှု​ပြီး​နောက်​တွင် လူတို့သည် အပြစ်ပြု​ပြီး သေကြ​ဦး​မည်​လော။

ယင်း​အတွက် အထောက်အကူ​ပြု​မည့် ကျမ်းချက်​နှစ်ချက်​ကို သမ္မာကျမ်းစာ​တွင် တွေ့ရ​သည်– “ထို​အခါ မရ​ဏာ​နှင့်​မရ​ဏာ​နိုင်ငံ [သေခြင်းနှင့်​သင်္ချိုင်း] ကို မီး​အိုင်​ထဲ​သို့​ချပစ်​လေ​၏။ ထို​သေခြင်း​ကား ဒုတိယ​သေခြင်း​ဖြစ်​သတည်း။” (ဗျာ. ၂၀:၁၄) “ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌ မျက်ရည်​ရှိသမျှ​တို့ကို သုတ်တော်မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ။”—ဗျာ. ၂၁:၄

ထို​ကျမ်းချက်​များ​တွင် ပါဝင်​ပတ်သက်​သည့်​အချိန်ကို သတိပြုပါ။ အာမဂေဒုန်​ကို​ကပ်ကျော်​သူများ၊ သေခြင်း​မှ​ရှင်ပြန်ထမြောက်​သူများ​နှင့် အာမဂေဒုန်​ပြီး​နောက် မွေးဖွား​လာ​သူ​မှန်သမျှ​သည် “စာစောင်​တို့​၌​ရေးထား​ချက်​များ” သို့​မဟုတ် အနှစ်​တစ်ထောင်​အတွင်း လူသား​တို့​ထံ​မှ ယေဟောဝါ​၏​တောင်းဆိုချက်​များနှင့်​အညီ တရား​စီရင်ခံ​ရပြီး​နောက်​မှ “မရ​ဏာ​နှင့်​မရ​ဏာ​နိုင်ငံ” တစ်နည်း​အားဖြင့် သေခြင်းနှင့်​သင်္ချိုင်း​ကို မီး​အိုင်​ထဲ ချပစ်​မည်​ဖြစ်သည်။ (ဗျာ. ၂၀:၁၂၊ ၁၃) တမန်​တော်​ယောဟန်​သည် ဗျာ. အခန်းကြီး ဗျာဒိတ် ၂၁ တွင် ခရစ်တော်​ယေရှု၏ အနှစ်​တစ်ထောင်​အုပ်ချုပ်မှု​အတွင်း ပြည့်စုံ​လာ​မည့် စိတ်အာရုံ​တစ်ခု​ကို မှတ်တမ်းတင်​ခဲ့​သည်။ ယင်း​စိတ်အာရုံ​၏ အပြီးသတ်​ပြည့်စုံမှု​ကား အနှစ်​တစ်ထောင်​တရား​စီရင်​ရာ​နေ့ ကုန်ဆုံး​ချိန်​တွင် ဖြစ်​ပေမည်။ ထို​အချိန်တွင် ယေရှုသည် နိုင်ငံတော်​ကို ခမည်းတော်​ထံ​ပြန်လည်​ပေးအပ်​ပြီး​နောက် ယေဟောဝါ​သည် ကြားဝင်​ဖျန်ဖြေ​စေ့စပ်​သူ​တစ်ဦးမျှ​မလို​ဘဲ အပြည့်ဝ​ဆုံး​သဘောဖြင့် လူသား​တို့​နှင့်အတူ​နေ​တော်​မူ​မည်။ ယေဟောဝါ​သည် ဝိညာဉ်​ရေး​သဘော​အရ မိမိ​လူမျိုး​ကို တိုက်ရိုက်​ဆက်သွယ်​၍ သူတို့နှင့်​အတူ ထာဝစဉ်​နေ​တော်​မူ​မည်။ ခရစ်တော်​ရွေးနုတ်ဖိုး​၏​အကျိုးကျေးဇူး​ကို အပြည့်အဝ​ခံစား​ရခြင်း​ကြောင့် လူ​တို့​စုံလင်​လာ​သည့်​အခါ နောက်​တစ်ဖန် သေ​ဘေး လုံးဝ​ရှိတော့မည်​မဟုတ်​ချေ။—ဗျာ. ၂၁:၃၊ ၄

ထို့​ကြောင့် အထက်ပါ​ကျမ်းချက်​များ​တွင်​ကိုးကား​ထားသော သေခြင်း​သည် အာဒံ​ထံ​မှ​အမွေ​ရသော​သေခြင်း​ဖြစ်​ပြီး ယင်းကို ယေရှု၏​ရွေးနုတ်ဖိုး​က ဖယ်ရှား​မည်​ဖြစ်သည်။ (ရောမ ၅:၁၂-၂၁) အာဒံ​ထံ​မှ​အမွေ​ရသော​သေခြင်း ဖယ်ရှားခံ​ရပြီ​ဖြစ်​ရာ လူသားများ​သည် အာဒံ​ဖန်ဆင်း​ခံရ​စဉ်​က​ကဲ့သို့ ဖြစ်လာ​လိမ့်​မည်။ အာဒံသည် စုံလင်သူ​ဖြစ်သော​ကြောင့် လုံးဝ​မသေနိုင်​ဟူ၍​ကား မဆိုလို​ပါ။ ‘ကောင်း​မကောင်း​သိကျွမ်းရာ​အပင်​၏​အသီးကို မစား​ရ။ စား​သော​နေ့တွင် ဧကန်​အမှန်​သေရ​မည်’ ဟု​အာဒံ​ကို ယေဟောဝါ​မိန့်မှာ​ခဲ့​သည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ယင်းသည် တမင်​အပြစ်ပြု​ခြင်း​ကြောင့် သေရ​ခြင်း​ဖြစ်၏။ အနှစ်​တစ်ထောင်​အကုန် နောက်ဆုံး​စမ်းသပ်မှု​ပြီး​နောက် လူသား​တို့​တွင် လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့်​ရှိ​ဆဲ​ဖြစ်​မည်။ (ဗျာ. ၂၀:၇-၁၀) ယေဟောဝါ​ကို​ဝတ်ပြု​မည်၊ မ​ဝတ်ပြု​မည်​ကို ရွေးချယ်ပိုင်ခွင့်​ရှိနေဆဲ​ဖြစ်၏။ ထို့​ကြောင့် အာဒံ​ကဲ့သို့ ဘုရားသခင်​ကို​ပုန်ကန်​မည့်​သူ​မရှိ​ဟု မဆို​နိုင်​ပါ။

နောက်ဆုံး​စမ်းသပ်မှု​ပြီး​နောက် သေခြင်းနှင့်​သင်္ချိုင်း​မရှိတော့​သည့်​အတွက် ဆန့်ကျင်​ပုန်ကန်​ပါ​က ဘာ​ဖြစ်သွား​မည်​နည်း။ ထို​အချိန်တွင် အာဒံ​အပြစ်​ကြောင့် အမွေခံ​ရသည့်​သေခြင်း မရှိတော့​ပါ။ ထို့​ပြင် ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်​ရှိသော သာမန်​သင်္ချိုင်း​လည်း လုံးဝ​မရှိတော့​ပါ။ သို့​တိုင် ယေဟောဝါ​သည် ပုန်ကန်​သူ​မှန်သမျှကို မီး​အိုင်​ထဲ​ချပစ်​နိုင်​သည်၊ ယင်းသည် ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက် လုံးဝ​မရှိသော ထာဝရ​ဖျက်ဆီးခြင်း​ဖြစ်သည်။ ထို​သေခြင်း​သည် အာဒံ​နှင့်​ဧဝ​တို့၏​သေခြင်း​ကဲ့သို့​ဖြစ်​ပြီး အာဒံ​ထံ​မှ​အမွေခံ​ရသော သေခြင်း​မဟုတ်​ချေ။

သို့သော်  ထိုသို့​ဖြစ်လာ​နိုင်​စ​ရာ  အကြောင်း​မရှိပါ။ နောက်ဆုံး​စမ်းသပ်မှု​ကို ကပ်ကျော်​သူတို့သည် အာဒံ​နှင့်​လုံးဝ​ကွာခြား​သည့်​အချက်​ရှိသည်။ သူတို့သည် အပြည့်အဝ​စမ်းသပ်ခံ​ရ​ကြလိမ့်မည်။ ယေဟောဝါ​သည် လူတို့၏​အပြင်ပန်း​ကို​ရော၊ စိတ်နှလုံး​ကို​ပါ မည်သို့​စမ်းသပ်​စစ်ဆေး​ရမည်ကို သိရှိ​သောကြောင့် နောက်ဆုံး​စမ်းသပ်မှု​သည် လုံးဝ​စေ့စပ်​သေချာ​မည်​ကို ကျွန်ုပ်​တို့​စိတ်ချ​နိုင်​သည်။ နောက်ဆုံး​စမ်းသပ်မှု​ပြီး​နောက် လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့်​ကို တလွဲသုံး​သော​သူတို့ လုံးဝ​ဖယ်ရှားခံ​ရမည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်​သည်။ ထို့​ကြောင့် နောက်ဆုံး​စမ်းသပ်မှု​ကို ကပ်ကျော်​သူတို့သည် ဘုရားသခင်​ကို​ပုန်ကန်​မည်​ဆိုလျှင် ဖျက်ဆီး​ခံရ​နိုင်​သော်လည်း ထိုသို့​မဖြစ်​နိုင်​ဖို့ အကြောင်း​များသည်။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

နောက်ဆုံး​စမ်းသပ်မှု​ပြီး​နောက် လူတို့သည် အဘယ်​သဘောဖြင့် အာဒံ​နှင့်​တူ​ကြ​မည်​နည်း