မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်နှိမ့်ချသောသူတို့သည်မြေကြီးကို အမွေခံရကြမည်

စိတ်နှိမ့်ချသောသူတို့သည်မြေကြီးကို အမွေခံရကြမည်

စိတ်​နှိမ့်ချသော​သူတို့သည်​မြေကြီးကို အမွေခံ​ရ​ကြ​မည်

“သဘာဝ​ပတ်ဝန်းကျင်​တစ်ခုလုံး ပြောင်းလဲ​သွားပြီး အရာအားလုံး ပြန်​သင့်မြတ်​လာလိမ့်မယ်​လို့ ကျွန်တော်​ထင်​တယ်။ . . . ဒါပေမဲ့ ချက်ချင်း​တော့​မဟုတ်ဘူး၊ ကောင်းကင်သစ်​နဲ့​မြေကြီး​သစ် တည်ထောင်​မယ့် အလှမ်းဝေး​တဲ့​အနာဂတ်​မှာ ဖြစ်လာ​လိမ့်မယ်။”—ဇဲန်​မာ​ရီ​ပဲ​လ်တ်၊ ပြင်သစ်​လူမျိုး၊ ဝန်းကျင်​ဆိုင်ရာ​အထူး​ကျွမ်းကျင်​သူ။

ကမ္ဘာ့​ပတ်ဝန်းကျင်​နှင့် လူမှုရေး​အခြေအနေ​များ​ကြောင့် လူအများ ပူ​ပင်​သောကရောက်​နေကြ​ရာ ဤ​ကမ္ဘာ​ဂြိုဟ်​ကြီး ပရဒိသု​အဖြစ်​ပြောင်းလဲ​သွားဖို့ မျှော်လင့်​ကြ​ပေမည်။ သို့သော် ထို​မျှော်လင့်ချက်​သည် ၂၁ ရာစု​၏ အိပ်မက်မျှသာ​မဟုတ်ပါ။ မြေကြီး​ပရဒိသု ပြန်လည်​တည်ထောင်​မည်​ဟု ကြာမြင့်စွာ​ကတည်းက သမ္မာကျမ်းစာ​တွင် ကတိပြု​ထား​သည်။ ယေရှု ဤသို့​မိန့်တော်မူ၏– “စိတ်​နူးညံ့​သိမ်မွေ့ [စိတ်​နှိမ့်ချ] သော​သူတို့သည် . . . ပြည်တော် [မြေကြီး] ကို အမွေခံ​ရ​ကြ​လတ္တံ့။” “အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ ပြည့်စုံ​ပါစေ​သော။” ထိုစကား​များသည် သမ္မာကျမ်းစာ​ထဲ​မှ လူသိ​များသော​ကျမ်းပိုဒ်​များ​ဖြစ်သည်။ (မဿဲ ၅:၅; ၆:၁၀) သို့သော် ယနေ့ လူများစွာက စိတ်​နှိမ့်ချ​သူများ​အမွေခံ​ရမည့် မြေကြီး​ပရဒိသု​ကို မယုံကြည်​ကြ​တော့​ပေ။ ခရစ်ယာန်​အမည်ခံ​သူ​အများစု​အတွက် ပရဒိသု​မျှော်လင့်ချက် ပျောက်ဆုံး​သွား​လေ​ပြီ။

ပြင်သစ်​ပတ်စဉ်​မဂ္ဂဇင်း​တစ်စောင် (La Vie) က မြေကြီးပေါ်​ဖြစ်စေ၊ ကောင်းကင်ပေါ်​ဖြစ်စေ ပရဒိသု​တည်ထောင်​မည်​ဟူသော မျှော်လင့်ချက်​သည် ချာ့ခ်ျ​တွင်​ပင် ပျောက်ဆုံး​သွား​ရသည့် အကြောင်းရင်းကို ဤသို့​ရှင်းပြ​၏– “ချာ့ခ်ျ​သွန်သင်ချက်​များ နှစ်ပေါင်း ၁၉၀၀ ကြာ လွှမ်းမိုး​ခဲ့​ပြီး​နောက် ပရဒိသု​ယုံကြည်ချက်​သည် တရား​ထိုင်​ဆုတောင်းမှု​များ၊ တနင်္ဂနွေ​နေ့​တရားဟော​ပွဲ​များ၊ ဘာသာရေး​သင်တန်း​များနှင့် မေးဖြေ​ဆွေးနွေးခန်း​များ​မှ ကွယ်ပျောက်​သွားခဲ့ပြီ။” ‘ပရဒိသု’ ဟူသော​စကားလုံး​က​ပင် “ပဟေဠိဆန်​ဆန် ရှုပ်ထွေးမှု​များ​ဖြင့် လွှမ်း​နေသည်။” ခရစ်ယာန်​ဓမ္မ​ဆရာ​အချို့​က ဤ​စကားလုံး​ကို လုံးလုံး​ဖယ်ထုတ်​နေကြ၏။ အကြောင်း​မှာ ယင်းသည် “မြေကြီးပေါ်​ရရှိ​မည့် ပျော်ရွှင်မှု​အကြောင်း​များ​ကို​သာ ပေါ်လွင်​စေ” သောကြောင့်​ဖြစ်သည်။

ဘာသာရေး​ကို အထူး​လေ့လာ​လိုက်စားသူ လူမှုဗေဒ​ပညာရှင် ဖရက်ဒရစ်​လဲ​န်​ဝါ​အတွက် ပရဒိသု​သည် “အဓိပ္ပာယ်​မဲ့ပြီး လက်တွေ့​မကျ​သော အယူအဆ” ဖြစ်လာ​သည်။ အလားတူ၊ ပရဒိသု​အကြောင်း စာအုပ်​များစွာ​ရေးသားခဲ့​သူ သမိုင်း​ပညာရှင် ဇန်း​ဒီ​လျူ​မို​က သမ္မာကျမ်းစာ​ကတိတော်​များ ပြည့်စုံခြင်း​သည် ပုံဆောင်ချက်​မျှ​သာ​ဖြစ်သည်ဟု ယူဆ​သည်။ “သို့​ဆိုလျှင် ‘ပရဒိသု​နှင့်​ပတ်သက်ပြီး အဘယ်အရာ​ကျန်​သေး​သနည်း။’ ခရစ်ယာန်​တို့၏ ယုံကြည်ချက်​အရ ကယ်တင်ရှင်​၏ ထမြောက်​တော်​မူ​ခြင်း​ကြောင့် တစ်နေ့​နေ့တွင် ကျွန်ုပ်​တို့အားလုံး သုခ​ချမ်းသာ​ခံစား​ကြ​ရမည်” ဟု​သူ​ရေးသားခဲ့​သည်။

မြေကြီး​ပရဒိသု​အကြောင်း​သည် လက်တွေ့ကျ​ဆဲ​လော။ ကျွန်ုပ်​တို့ ကမ္ဘာ​ဂြိုဟ်​အတွက် အဘယ်​အနာဂတ်​ရှိ​သနည်း။ အနာဂတ်​မြင်ကွင်း​သည် မှု​န်​ဝါး​နေ​သလော သို့​မဟုတ် ကြည်လင်​ပြတ်သား​နေ​သလော။ ဤ​မေးခွန်းများကို နောက်​ဆောင်းပါး​က အဖြေပေး​ပါ​လိမ့်​မည်။

[Picture Credit Line on page 2]

COVER: Emma Lee/​Life File/​Getty Images