“ယောဘသည် ခံနိုင်ရည်ရှိကြောင်းကို သင်တို့ကြားရပြီ”
“ယောဘသည် ခံနိုင်ရည်ရှိကြောင်းကို သင်တို့ကြားရပြီ”
“ယောဘသည် ခံနိုင်ရည်ရှိကြောင်းကို သင်တို့ကြားရပြီ။ ယေဟောဝါသည် မိမိအမှုကိုလက်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ။”—ယာကုပ် ၅:၁၁၊ ကဘ။
၁၊ ၂။ ပိုလန်နိုင်ငံမှ မောင်နှံတစ်စုံသည် အဘယ်စမ်းသပ်မှုကို ရင်ဆိုင်ခဲ့ရသနည်း။
ပိုလန်နိုင်ငံမြောက်ပိုင်း၊ ဒန်ဇစ်မြို့ (ယခု ဒန့်စ်က်) ကို ဟစ်တလာ၏တပ်များ သိမ်းပိုက်ချိန်တွင် ဟယ်ရယ်လ်အပ်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်သည်မှာ တစ်နှစ်ပင်မရှိသေးပေ။ ထိုဒေသရှိ ခရစ်ယာန်စစ်များ၏ အခြေအနေမှာ ပိုခက်ခဲကာ အန္တရာယ်ရှိလာသည်။ ဟယ်ရယ်လ်သည် မိမိယုံကြည်ခြင်းကို စွန့်လွှတ်ကြောင်း လက်မှတ်ထိုးရန် ဂက်စတာပိုများက တွန်းအားပေးကြသော်လည်း ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ထောင်တွင် အပတ်အနည်းငယ်နေရပြီးနောက် ဇာခ်စင်ဟောင်ဇင်ချွေးတပ်စခန်းသို့ ပို့ခံရကာ ထိုတွင် အကြိမ်ကြိမ် ခြိမ်းခြောက်ရိုက်နှက်ခံခဲ့ရသည်။ အရာရှိတစ်ဦးက မီးသင်္ဂြိုဟ်စက်၏ မီးခိုးခေါင်းတိုင်ကိုညွှန်ပြပြီး “မင်းရဲ့ယုံကြည်ချက်ကို ဒီလိုသာစွဲကိုင်ထားမယ်ဆိုရင် နောက် ၁၄ ရက်အတွင်း မင်းရဲ့ယေဟောဝါဆီကို အဲဒီကနေတက်သွားရလိမ့်မယ်” ဟုဟယ်ရယ်လ်ကို ပြောသည်။
၂ ဟယ်ရယ်လ်အဖမ်းခံရချိန်တွင် သူ၏ဇနီးအဲလ်ဆာမှာ ဆယ်လအရွယ်သမီးလေးကို နို့မဖြတ်သေးပေ။ သို့သော် ဂက်စတာပိုများသည် အဲလ်ဆာကိုလည်း ချမ်းသာမပေးခဲ့ကြချေ။ မကြာမီ သူတို့သားအမိကိုခွဲထားလိုက်ပြီး သူ့ကို အော့ဇ်ဝစ်မရဏစခန်းသို့ ပို့လိုက်သည်။ သို့သော် ဟယ်ရယ်လ်ကဲ့သို့ပင် သူလည်း နှစ်ပေါင်းများစွာ ခံရပ်နိုင်ခဲ့သည်။ သူတို့ မည်သို့ခံရပ်ခဲ့ကြောင်း ပိုမိုသိရှိရန် ၁၉၈၀၊ ဧပြီ ၁၅ ရက်ထုတ်ကင်းမျှော်စင် [လိပ်] တွင် ဖတ်ရှုကြည့်နိုင်သည်။ ဟယ်ရယ်လ် ဤသို့ရေးခဲ့သည်– “ဘုရားသခင်အပေါ် ကျွန်တော့်ရဲ့ယုံကြည်ချက်ကြောင့် ချွေးတပ်စခန်းနဲ့ထောင်ထဲမှာ ၁၄ နှစ်နေခဲ့ရတယ်။ ‘ဒါတွေအားလုံးကို ခံရပ်နိုင်ဖို့ ခင်ဗျားမိန်းမက ထောက်ကူပေးရဲ့လား’ လို့ ကျွန်တော့်ကိုမေးကြတယ်။ တကယ်ပဲ ထောက်ကူပေးတာပေါ့။ သူရဲ့ယုံကြည်ခြင်းကို ဘယ်တော့မှ မစွန့်လွှတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ အဲဒီလိုသိထားလို့လည်း ကျွန်တော်ခံရပ်နိုင်ခဲ့တာ။ ကျွန်တော် အလျှော့ပေးလိုက်လို့လွတ်လာတာထက် သစ္စာရှိရှိသေဆုံးသွားတာကိုပဲ သူမြင်ချင်တယ်ဆိုတာ ကျွန်တော်သိတယ်။ . . . သူ့ခမျာ ဂျာမန်ချွေးတပ်စခန်းတွေမှာ ခက်ခဲမှုမျိုးစုံကို ကြံ့ကြံ့ခံခဲ့တယ်။”
၃၊ ၄။ (က) မည်သူတို့၏ပုံသက်သေက ခရစ်ယာန်များကို ခံနိုင်ရည်ရှိရန် အားပေးနိုင်သနည်း။ (ခ) ယောဘ၏အဖြစ်အပျက်ကိုဆန်းစစ်ရန် သမ္မာကျမ်းစာက အဘယ်ကြောင့်တိုက်တွန်းသနည်း။
၃ ဆင်းရဲခက်ခဲမှုများကို ခံစားရသည်မှာ လုံးဝမလွယ်ကူကြောင်း သက်သေခံများစွာ ပြောပြနိုင်ကြသည်။ ထိုအကြောင်းကြောင့်လည်း သမ္မာကျမ်းစာက ‘ထာဝရဘုရားသခင်၏ နာမတော်ကိုအမှီပြု၍ ဟောပြောသောပရောဖက်တို့သည် ဆင်းရဲခြင်း၊ သည်းခံခြင်း၏ပုံသက်သေကို ပြကြပြီဟုမှတ်ကြလော့’ ဟူ၍ ခရစ်ယာန်များကို တိုက်တွန်းခဲ့သည်။ (ယာကုပ် ၅:၁၀) ရာစုနှစ်များတစ်လျှောက် ဘုရားသခင်၏ကျေးကျွန်များစွာသည် အကြောင်းမဲ့နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်။ “ဤမျှလောက်များစွာသော သက်သေအပေါင်းတို့” ၏ပုံသက်သေများသည် ကျွန်ုပ်တို့၏ခရစ်ယာန်ပြေးပွဲတွင် ဆက်ပြေးနိုင်ရန် ခံနိုင်ရည်ရှိစေသည်။—ဟေဗြဲ ၁၁:၃၂-၃၈; ၁၂:၁။
၄ သမ္မာကျမ်းစာမှတ်တမ်းတွင် ယောဘသည် ခံနိုင်ရည်နှင့်ပတ်သက်၍ ထူးခြားသောစံနမူနာရှင်ဖြစ်သည်။ “ခံနိုင်ရည်ရှိသောသူတို့သည် ပျော်ရွှင်သည်ဟူ၍ ငါတို့သည်ခေါ်ကြ၏။ ယောဘသည် ခံနိုင်ရည်ရှိကြောင်းကို သင်တို့ကြားရပြီ။ ယေဟောဝါသည် မိမိအမှုကိုလက်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ” ဟု ယာကုပ်ရေးသားခဲ့သည်။ (ယာကုပ် ၅:၁၁၊ ကဘ) သစ္စာရှိသူများရရှိမည့် ယေဟောဝါ၏ကောင်းချီးများကို ယောဘအဖြစ်အပျက်က အရိပ်အမြွက်ဖော်ပြသည်။ ပို၍အရေးကြီးသည်မှာ ဘေးဆိုးများကြုံတွေ့ရချိန်တွင် ကျွန်ုပ်တို့ကိုအကျိုးပြုမည့် အမှန်တရားများကိုလည်း ဖော်ပြသည်။ ယောဘကျမ်းသည် ဤမေးခွန်းများကို ဖြေဆိုနိုင်ရန် ကူညီပေးသည်– စမ်းသပ်မှုရင်ဆိုင်ရချိန်တွင် အဓိကအရေးကိစ္စများကို အဘယ်ကြောင့် နားလည်ထားရမည်နည်း။ အဘယ်အရည်အသွေးများနှင့် သဘောထားများက ကျွန်ုပ်တို့ကိုခံနိုင်ရည်ရှိစေသနည်း။ ဆင်းရဲဝေဒနာများခံစားနေရသော ခရစ်ယာန်ချင်းများကို ကျွန်ုပ်တို့ မည်သို့အားပေးနိုင်သနည်း။
ကိစ္စရပ်အားလုံးကို နားလည်သဘောပေါက်ခြင်း
၅။ စမ်းသပ်မှုများနှင့်သွေးဆောင်မှုများ ရင်ဆိုင်ရသောအခါ အဘယ်အဓိကအရေးကိစ္စကို စိတ်စွဲမှတ်ထားရမည်နည်း။
၅ ဆင်းရဲခက်ခဲမှုရင်ဆိုင်ရချိန်တွင် ဝိညာဉ်ရေးဟန်ချက်ဆက်ထိန်းနိုင်ရန် ကိစ္စရပ်အားလုံးကို သဘောပေါက်ဖို့လိုသည်။ သို့မဟုတ်ပါက ကိုယ်ရေးကိုယ်တာပြဿနာများသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးအမြင်ကို ဝေဝါးသွားစေပေမည်။ အဓိကအရေးကိစ္စမှာ ဘုရားသခင်ကို သစ္စာတည်ကြည်ခြင်းဖြစ်သည်။ ကောင်းကင်ခမည်းတော်၏ ဤတောင်းဆိုချက်ကို ကျွန်ုပ်တို့တစ်ဦးစီ စိတ်စွဲမှတ်နိုင်သည်– “ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကိုရွှင်လန်းစေလော့။” (သု. ၂၇:၁၁) ယင်းသည် အခွင့်ထူးလိုက်လေခြင်း! ကျွန်ုပ်တို့၏အားနည်းချက်များနှင့် မစုံလင်မှုများကြားမှ ဖန်ဆင်းရှင်၏စိတ်ကို ရွှင်လန်းစေနိုင်သည်။ ယေဟောဝါအားချစ်သည့်မေတ္တာကြောင့် စမ်းသပ်မှုများနှင့် သွေးဆောင်မှုများကို ကျွန်ုပ်တို့ခံရပ်ကြသည့်အခါ ကိုယ်တော်အား ရွှင်လန်းစေကြသည်။ စစ်မှန်သောခရစ်ယာန်မေတ္တာသည် အရာခပ်သိမ်းကို သည်းခံတတ်ပြီး ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်သည်။—၁ ကောရိန္သု ၁၃:၇၊ ၈။
၆။ စာတန်သည် ယေဟောဝါကို မည်သို့ပြစ်တင်ကဲ့ရဲ့သနည်း။ အဘယ်အတိုင်းအတာအထိ ထိုသို့ကဲ့ရဲ့သနည်း။
၆ ယောဘကျမ်းက စာတန်ကို ယေဟောဝါအား ကဲ့ရဲ့ရှုတ်ချသူအဖြစ် အထင်အရှားဖော်ပြသည်။ ထိုမျက်မြင်မရသောရန်သူ၏ စိတ်ယုတ်စိတ်ညံ့အပြင် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ဖျက်ဆီးလိုသည့်ဆန္ဒကိုလည်း ဖော်ပြထားသည်။ ယောဘဖြစ်ရပ်တွင် တွေ့ရသည့်အတိုင်း ယေဟောဝါ၏ကျေးကျွန်အားလုံးသည် ကိုယ်ကျိုးအတွက်သာ ဝတ်ပြုနေကြခြင်းဖြစ်သည်ဟု စာတန်စွပ်စွဲခဲ့ပြီး ဘုရားသခင်အပေါ်ထားရှိသော သူတို့၏မေတ္တာအေးစက်သွားနိုင်သည်ကို သူသက်သေပြလိုသည်။ ဘုရားသခင်ကို စာတန်ကဲ့ရဲ့ခဲ့သည်မှာ နှစ်ပေါင်းထောင်ချီရှိလေပြီ။ စာတန်ကို ကောင်းကင်မှနှင်ချလိုက်သည့်အခါ ကောင်းကင်မှအသံက “ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညမပြတ်အပြစ်တင်သောရန်သူ” ဟုသူ့ကိုခေါ်ထားသည်။ (ဗျာ. ၁၂:၁၀) ကျွန်ုပ်တို့ သစ္စာရှိရှိခံရပ်ခြင်းဖြင့် စာတန်၏စွပ်စွဲချက်များမှားကြောင်း တင်ပြနိုင်ကြသည်။
၇။ ကာယရေးအားနည်းမှုများကို မည်သို့ ကောင်းစွာတိုက်လှန်နိုင်သနည်း။
၇ ကျွန်ုပ်တို့ရင်ဆိုင်ရသည့် မည်သည့်ပြဿနာကိုမဆို အသုံးချပြီး ယေဟောဝါနှင့်ဝေးကွာသွားအောင် စာတန်ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း သတိရသင့်သည်။ ယေရှုကို မည်သည့်အချိန်တွင် သူသွေးဆောင်ခဲ့သနည်း။ ရက်ပေါင်းများစွာ အစာရှောင်ပြီးနောက် ဆာလောင်နေချိန်တွင်ဖြစ်သည်။ (လုကာ ၄:၁-၃) သို့သော် ယေရှု၏ဝိညာဉ်ရေးခွန်အားကြောင့် စာတန်၏သွေးဆောင်မှုကို အခိုင်အမာတွန်းလှန်နိုင်ခဲ့သည်။ ရောဂါ သို့မဟုတ် အသက်အရွယ်ကြီးရင့်မှုကြောင့် ဖြစ်ပေါ်လာသော ကာယရေးအားနည်းမှုများကို ဝိညာဉ်ရေးခွန်အားနှင့် တိုက်လှန်ဖို့ အရေးကြီးလှသည်တကား။ ကျွန်ုပ်တို့၏ “ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်သော်လည်း အတွင်းလူမူကား တစ်နေ့ထက်တစ်နေ့ ပြုပြင်ခြင်းကိုခံရ” သည့်အတွက် မည်သည့်အခါမျှ လက်မလျှော့သင့်ပေ။—၂ ကောရိန္သု ၄:၁၆။
၈။ (က) အပျက်သဘောထားများက အဘယ်ဆိုးကျိုး သက်ရောက်စေသနည်း။ (ခ) ယေရှုတွင် အဘယ်စိတ်သဘောရှိသနည်း။
၈ ထို့ပြင် အပျက်သဘောထားများသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို အားနည်းပျက်စီးစေနိုင်သည်။ ‘ဒီအခြေအနေကို ယေဟောဝါ ဘာကြောင့်ခွင့်ပြုရတာလဲ’ ဟုလူတစ်ဦးတွေးမိပေမည်။ မကြင်မနာဆက်ဆံခံရသူတစ်ဦးမှာမူ ‘ညီအစ်ကိုတစ်ယောက်က ဘာကြောင့် ငါ့ကိုဒီလိုဆက်ဆံရတာလဲ’ ဟု မေးကောင်းမေးပေမည်။ ထိုသို့သောခံစားချက်များက အဓိကအရေးကိစ္စများကို အာရုံမစိုက်နိုင်တော့ဘဲ ကိုယ့်အခြေအနေကိုသာ လုံးလုံးအာရုံရောက်စေသည်။ ယောဘသည် ရောဂါဆိုးကြောင့် ကာယပိုင်းနာကျင်မှုခံစားရသည့်နည်းတူ ပညာမဲ့သောမိတ်ဆွေသုံးဦးကြောင့် စိတ်ပိုင်းပျက်စီးခဲ့ပုံရသည်။ (ယောဘ ၁၆:၂၀; ၁၉:၂) ထိုနည်းတူ အမျက်သိုထားခြင်းဖြင့် ‘စာတန်ကိုအခွင့်ပေး’ မိနိုင်ကြောင်း တမန်တော်ပေါလု ဖော်ပြခဲ့သည်။ (ဧဖက် ၄:၂၆၊ ၂၇) တစ်ဦးတစ်ယောက်ကို မကျေမချမ်းဖြစ်ခြင်း သို့မဟုတ် အမျက်ထွက်ခြင်း၊ မမျှတသောအခြေအနေတစ်ခုကို အလွန်အမင်းအာရုံစိုက်ခြင်းတို့ ပြုနေမည့်အစား “တရားသဖြင့်စီရင်တော်မူသောသူ” ယေဟောဝါ၌ “ကိုယ်ကိုကိုယ်အပ်နှံတော်မူ” သော ယေရှုကိုတုပလျှင် ပို၍အကျိုးရှိပေမည်။ (၁ ပေတရု ၂:၂၁-၂၃) ယေရှု၏စိတ် “သဘော” ရှိခြင်းဖြင့် စာတန်၏တိုက်ခိုက်မှုများကို ထိရောက်စွာခုခံကာကွယ်နိုင်သည်။—၁ ပေတရု ၄:၁။
၉။ ကျွန်ုပ်တို့ထမ်းရွက်ရသောဝန်များ၊ သွေးဆောင်မှုများနှင့်ပတ်သက်၍ ဘုရားသခင် မည်သို့အာမခံထားသနည်း။
၉ ကျွန်ုပ်တို့ ပြဿနာများရင်ဆိုင်ရသောအခါ ဘုရားသခင့်မျက်နှာသာမရ၍ဖြစ်သည်ဟု မခံစားသင့်ပေ။ ဟန်ဆောင်နှစ်သိမ့်ပေးသူများသည် အခံရခက်စေသောစကားများနှင့် စွပ်စွဲသောအခါ ယောဘထိုသို့ခံစားခဲ့ရ၍ စိတ်ထိခိုက်ခဲ့သည်။ (ယောဘ ၁၉:၂၁၊ ၂၂) သမ္မာကျမ်းစာက ဤသို့အာမခံသည်– “မကောင်းသောအရာသည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့သွေးဆောင်တော်မမူ။” (ယာကုပ် ၁:၁၃) ယင်းအစား ယေဟောဝါသည် ကျွန်ုပ်တို့ထမ်းရွက်ရသောဝန်များကို ခံရပ်နိုင်ရန် ကူညီပေးပြီး သွေးဆောင်မှုများမှ ထွက်မြောက်သောလမ်းကို ပြင်ဆင်ပေးမည်ဟု အာမခံထားသည်။ (ဆာလံ ၅၅:၂၂; ၁ ကောရိန္သု ၁၀:၁၃) စိတ်သောကရောက်နေချိန်တွင် ဘုရားသခင်ထံချဉ်းကပ်ခြင်းဖြင့် ကိစ္စရပ်များကို အရှိအတိုင်းရှုမြင်နိုင်မည်ဖြစ်ပြီး စာတန်ကို အောင်မြင်စွာဆီးတားနိုင်မည်ဖြစ်သည်။—ယာကုပ် ၄:၇၊ ၈။
ခံနိုင်ရည်ရှိစေသည့် အထောက်အကူများ
၁၀၊ ၁၁။ (က) အဘယ်အရာက ယောဘကို ခံနိုင်ရည်ရှိစေသနည်း။ (ခ) ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်ခြင်းက ယောဘကို မည်သို့ကူညီပေးခဲ့သနည်း။
၁၀ ယောဘ၏အခြေအနေမှာ ဆိုးရွားလှသည်။ “နှစ်သိမ့်ပေးသူများ” က စော်ကားပြောဆိုကြသည့်အပြင် သူကိုယ်တိုင်လည်း ဆင်းရဲဝေဒနာခံစားရသည့် အကြောင်းရင်းမှန်ကို မသိရှိသောကြောင့် စိတ်ရှုပ်ထွေးနေခဲ့သည်။ သို့တိုင် ယောဘ သမာဓိစောင့်ထိန်းခဲ့သည်။ သူ၏ခံနိုင်ရည်မှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ သူခံနိုင်ရည်ရှိခဲ့သည့် အဓိကအကြောင်းရင်းမှာ ယေဟောဝါအပေါ် သစ္စာတည်ကြည်မှုကြောင့်ဖြစ်သည်။ သူသည် “ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။” (ယောဘ ၁:၁) ယင်းသည် သူ၏ဘဝလမ်းစဉ်ဖြစ်သည်။ အဘယ်ကြောင့် ရုတ်တရက် ဆင်းရဲဝေဒနာခံရကြောင်း နားမလည်သည့်တိုင် ယေဟောဝါကို ကျောမခိုင်းခဲ့ပေ။ မည်သည့်အခြေအနေမျိုးတွင်မဆို ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သင့်သည်ဟု သူယုံကြည်သည်။—ယောဘ ၁:၂၁; ၂:၁၀။
၁၁ ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်ခြင်းကလည်း ယောဘကို နှစ်သိမ့်ပေးခဲ့သည်။ သူသေဆုံးတော့မည်ဟု ထင်သည့်အချိန်တွင်ပင် သူသည် အခြားသူများကို အတတ်နိုင်ဆုံးကူညီပေးခဲ့ကြောင်း၊ ယေဟောဝါ၏ဖြောင့်မတ်သောစံနှုန်းများနှင့်အညီ အသက်ရှင်ပြီး မှားယွင်းသောဝတ်ပြုမှုပုံစံမှန်သမျှကို ရှောင်ခဲ့ကြောင်း သိရှိခြင်းမှ နှစ်သိမ့်မှုရခဲ့သည်။—ယောဘ ၃၁:၄-၁၁။
၁၂။ ဧလိဟု၏အကူအညီကို ယောဘမည်သို့တုံ့ပြန်ခဲ့သနည်း။
၁၂ အချို့ကဏ္ဍများတွင် ယောဘ၏အတွေးအခေါ်ကို ပြုပြင်တည့်မတ်ရန် အကူအညီလိုအပ်ခဲ့သည်မှာ မှန်ပါသည်။ ထိုအကူအညီကို နှိမ့်ချစွာ သူလက်ခံခဲ့သည်။ ယင်းက သူအောင်မြင်စွာခံရပ်နိုင်ခဲ့ခြင်း၏ နောက်အကြောင်းရင်းတစ်ခုဖြစ်သည်။ ဧလိဟု၏ပညာရှိအကြံဉာဏ်ကို လေးစားစွာနားထောင်ပြီး ယေဟောဝါ၏တည့်မတ်ပေးမှုကို လက်ခံခဲ့သည်။ “အကျွန်ုပ်သည် နားမလည်သောအရာတို့ကို . . . ပြောမိပါပြီ” ဟုဝန်ခံကာ “အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏” ဟုဆိုခဲ့သည်။ (ယောဘ ၄၂:၃၊ ၆) ထိုသို့ သူ၏အတွေးအခေါ်ကို ပြောင်းလဲလိုက်ခြင်းက ဘုရားသခင်နှင့်ပိုရင်းနှီးစေသောကြောင့် ရောဂါဆိုးခံစားရသည့်ကြားမှ သူပျော်ရွှင်ခဲ့သည်။ “ကိုယ်တော် [ယေဟောဝါ] သည် အလုံးစုံတို့ကို တတ်နိုင်တော်မူကြောင်းကို . . . အကျွန်ုပ်သိပါ၏” ဟုယောဘပြောခဲ့သည်။ (ယောဘ ၄၂:၂) ယေဟောဝါသည် မိမိ၏ကြီးမြတ်မှုကိုဖော်ပြခဲ့ရာ ဖန်ဆင်းရှင်နှင့်နှိုင်းယှဉ်လျှင် သူ၏အနေအထားကို ယောဘ ပို၍ရှင်းလင်းစွာ သိနားလည်လာသည်။
၁၃။ ကရုဏာပြခြင်းကြောင့် ယောဘ မည်သို့အကျိုးရရှိခဲ့သနည်း။
၁၃ ယောဘသည် ကရုဏာပြခြင်းနှင့်ပတ်သက်၍ ထူးခြားသောစံနမူနာရှင်ဖြစ်သည်။ ဟန်ဆောင်နှစ်သိမ့်ပေးသူများသည် သူ့ကို ပြင်းပြင်းထန်ထန်ထိုးနှက်ခဲ့သော်လည်း ယေဟောဝါက သူတို့အတွက် ဆုတောင်းပေးရန်ပြောသောအခါ ထိုအတိုင်း သူပြုလုပ်ခဲ့သည်။ ထို့နောက် သူ၏ကျန်းမာရေး ပြန်ကောင်းအောင် ယေဟောဝါပြုလုပ်ပေးခဲ့သည်။ (ယောဘ ၄၂:၈၊ ၁၀) ရှင်းနေသည်မှာ စိတ်နာကျည်းမှုက ကျွန်ုပ်တို့ကိုခံနိုင်ရည်ရှိစေသည်မဟုတ်ဘဲ မေတ္တာနှင့်ကရုဏာကသာ ခံနိုင်ရည်ရှိစေသည်။ ကျွန်ုပ်တို့ အငြိုးအတေးမထားပါက ဝိညာဉ်ရေးအရ လန်းဆန်းပြီး ယေဟောဝါ၏ကောင်းချီးများ ခံစားရမည်ဖြစ်သည်။—မာကု ၁၁:၂၅။
ဉာဏ်ပညာရှိ အကြံပေးသူများကြောင့် ခံနိုင်ရည်ရှိ
၁၄၊ ၁၅။ (က) အခြားသူများကို ကုစားပေးနိုင်ရန် အကြံဉာဏ်ပေးသူတစ်ဦးတွင် အဘယ်အရည်အချင်းများ လိုအပ်သနည်း။ (ခ) ဧလိဟုသည် ယောဘကို အဘယ်ကြောင့် အောင်မြင်စွာကူညီပေးနိုင်ခဲ့ကြောင်း ရှင်းပြပါ။
၁၄ ယောဘမှတ်တမ်းမှ သင်ယူနိုင်သည့် နောက်သင်ခန်းစာတစ်ခုမှာ ဉာဏ်ပညာရှိ အကြံပေးသူများ၏ တန်ဖိုးပင်ဖြစ်သည်။ ထိုသူတို့သည် ဆင်းရဲခြင်းကာလအဖို့ မွေးဖွားလျက်ရှိသူများဖြစ်သည်။ (သု. ၁၇:၁၇) သို့သော် ယောဘအဖြစ်အပျက်က ဖော်ပြသည့်အတိုင်း အကြံဉာဏ်ပေးသူအချို့သည် ကုစားပေးမည့်အစား ထိခိုက်နစ်နာစေခဲ့ကြသည်။ ဉာဏ်ပညာရှိ အကြံပေးသူတစ်ဦးသည် ဧလိဟုကဲ့သို့ ကိုယ်ချင်းစာနာမှု၊ လေးစားမှုနှင့် ကြင်နာမှု တင်ပြရန်လိုအပ်သည်။ အကြီးအကဲများနှင့် အခြားရင့်ကျက်သောခရစ်ယာန်များသည် ပြဿနာများနှင့်ဝန်ပိနေသော ညီအစ်ကိုများ၏ အတွေးအခေါ်ကို ပြုပြင်တည့်မတ်ပေးရပေမည်။ ထိုသို့လုပ်ဆောင်ရာတွင် ယောဘကျမ်းမှ များစွာသင်ယူနိုင်သည်။—ဂလာတိ ၆:၁; ဟေဗြဲ ၁၂:၁၂၊ ၁၃။
၁၅ ကိစ္စရပ်များကို ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ဧလိဟုထံမှ များစွာသင်ယူနိုင်သည်။ ယောဘမိတ်ဆွေသုံးဦး၏ မှားယွင်းသောစွဲချက်များကို မတုံ့ပြန်မီ သူစိတ်ရှည်စွာနားထောင်သည်။ (ယောဘ ၃၂:၁၁; သု. ၁၈:၁၃) ဧဟိလုသည် ယောဘကို မိတ်ဆွေတစ်ဦးကဲ့သို့ ရင်းရင်းနှီးနှီးပြောဆိုသည်။ (ယောဘ ၃၃:၁) ဟန်ဆောင်နှစ်သိမ့်ပေးသူသုံးဦးနှင့်မတူဘဲ မိမိကိုယ်ကို ယောဘထက် မြင့်မြတ်သည်ဟု မထင်ခဲ့ပေ။ “ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏” ဟုဆိုလေသည်။ မိမိ၏အဆင်အခြင်မဲ့စကားများဖြင့် ယောဘ၏ဆင်းရဲဝေဒနာကို ထပ်မဆိုးရွားစေလိုပါ။ (ယောဘ ၃၃:၆၊ ၇; သု. ၁၂:၁၈) ဧလိဟုသည် ယောဘ၏ယခင်လုပ်ရပ်များကို ပြစ်တင်ဝေဖန်နေမည့်အစား သူ၏ဖြောင့်မတ်မှုအတွက် ချီးမွမ်းခဲ့သည်။ (ယောဘ ၃၃:၃၂) ထို့ထက်ကား ဧလိဟုသည် ကိစ္စရပ်များကို ယေဟောဝါ၏ရှုထောင့်မှရှုမြင်ပြီး ကိုယ်တော်သည် မည်သည့်အခါမျှ မတရားသဖြင့် ပြုတော်မူမည်မဟုတ်ကြောင်း ယောဘအာရုံစိုက်နိုင်ရန် ကူညီပေးခဲ့သည်။ (ယောဘ ၃၄:၁၀-၁၂) မိမိဖြောင့်မတ်ကြောင်းတင်ပြရန် ကြိုးစားမည့်အစား ယေဟောဝါအား စောင့်မျှော်ရန် ယောဘကို အားပေးခဲ့သည်။ (ယောဘ ၃၅:၂; ၃၇:၁၄၊ ၂၃) ခရစ်ယာန်အကြီးအကဲများနှင့် အခြားသူများသည် ထိုသင်ခန်းစာများမှ အမှန်ပင်အကျိုးရယူနိုင်သည်။
၁၆။ ဟန်ဆောင်နှစ်သိမ့်ပေးသူ မိတ်ဆွေသုံးဦးသည် စာတန်၏အသုံးတော်ခံများ မည်သို့ဖြစ်ခဲ့ကြသနည်း။
၁၆ ဧလိဟု၏ပညာရှိအကြံဉာဏ်သည် ဧလိဖတ်၊ ဗိလဒဒ်နှင့် ဇောဖာတို့၏ ထိခိုက်နစ်နာစေသောစကားများနှင့် ဆန့်ကျင်ဘက်ပင်။ ‘ငါ့အကြောင်းအရာတို့ကို သင်တို့သည် ဟုတ်မှန်စွာမပြော’ ဟုသူတို့ကို ယေဟောဝါမိန့်ဆိုလေသည်။ (ယောဘ ၄၂:၇) မိမိတို့တွင် ရည်ရွယ်ချက်ကောင်းများရှိသည်ဟု ပြောကြသော်လည်း သူတို့သည် သစ္စာရှိမိတ်ဆွေများဖြစ်မည့်အစား စာတန်၏အသုံးတော်ခံများဖြစ်ခဲ့ကြသည်။ ယောဘသည် သူ၏လုပ်ရပ်ကြောင့် ဘေးဆိုးများခံစားရခြင်းဖြစ်သည်ဟု အစကတည်းကပင် ထိုသုံးဦးစလုံး စွပ်စွဲခဲ့ကြသည်။ (ယောဘ ၄:၇၊ ၈; ၈:၆; ၂၀:၂၂၊ ၂၉) ဘုရားသခင်သည် မိမိ၏ကျေးကျွန်များကို ယုံကြည်စိတ်ချမှုမရှိ၊ သူတို့ဖြောင့်မတ်သည်ဖြစ်စေ၊ မဖြောင့်မတ်သည်ဖြစ်စေ ကိုယ်တော်စိတ်မဝင်စားဟု ဧလိဖတ်ဆိုလေသည်။ (ယောဘ ၁၅:၁၅; ၂၂:၂၊ ၃) ယောဘ အမှားမပြုသော်လည်း ပြုသည်ဟုပင် ဧလိဖတ်စွပ်စွဲသည်။ (ယောဘ ၂၂:၅၊ ၉) ဧလိဟုမှာမူ ယောဘကို ဝိညာဉ်ရေးအရ ကူညီပေးခဲ့သည်။ ယင်းသည် မေတ္တာရှိသော အကြံဉာဏ်ပေးသူ၏ ဦးတည်ချက်ပင်ဖြစ်သည်။
၁၇။ စမ်းသပ်ခံရချိန်တွင် အဘယ်အရာကို စိတ်စွဲမှတ်ထားသင့်သနည်း။
၁၇ ခံနိုင်ရည်နှင့်ပတ်သက်၍ ယောဘကျမ်းမှ နောက်သင်ခန်းစာတစ်ခုရရှိနိုင်သည်။ မေတ္တာရှင်ဘုရားသခင်သည် ကျွန်ုပ်တို့၏အခြေအနေကိုသိမြင်ပြီး နည်းလမ်းမျိုးစုံဖြင့် ကူညီပေးနိုင်ကာ ကူညီပေးလိုသည့်ဆန္ဒလည်းရှိသည်။ ဤဆောင်းပါးအစပိုင်းတွင် ဖော်ပြသော အဲလ်ဆာအပ်၏တွေ့ကြုံမှုကို ကျွန်ုပ်တို့သိခဲ့ပြီးဖြစ်သည်။ သူဤသို့ကောက်ချက်ချသည်– “ကျွန်မ အဖမ်းမခံရခင်တုန်းက ညီအစ်မတစ်ယောက်ဆီက စာတစ်စောင်ရခဲ့တယ်။ အပြင်းအထန်စမ်းသပ်ခံရချိန်မှာ ယေဟောဝါရဲ့ဝိညာဉ်တော်ကြောင့် စိတ်ငြိမ်သက်မှုရတဲ့အကြောင်း ရေးထားတယ်။ သူ နည်းနည်းတော့ချဲ့ကားပြောတာလို့ ထင်ခဲ့တယ်။ ကိုယ်တိုင်ခံစားရတော့မှ သူပြောတာမှန်ပါလားဆိုတာ သိလိုက်ရတယ်။ သူပြောသလို တကယ်ဖြစ်ခဲ့တယ်။ အဲဒါကို ကိုယ်တိုင်မကြုံတွေ့မချင်း တွေးကြည့်ဖို့ခက်တယ်။ ဒါပေမဲ့ ယေဟောဝါ ကျွန်မကို တကယ်ကူညီပေးခဲ့တယ်။” အဲလ်ဆာသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ယောဘလက်ထက်တွင် ယေဟောဝါပြုလုပ်ပေးနိုင်ရာ သို့မဟုတ် ပြုလုပ်ပေးခဲ့ရာကို ပြောနေခြင်းမဟုတ်ပေ။ ကျွန်ုပ်တို့အချိန်ကို သူပြောနေခြင်းဖြစ်၏။ မှန်ပါသည်၊ ယေဟောဝါ ကူညီပေးနေသည်။
ခံနိုင်ရည်ရှိသောသူသည် ပျော်ရွှင်၏
၁၈။ ခံနိုင်ရည်ရှိခြင်းဖြင့် အဘယ်အကျိုးကျေးဇူးများကို ယောဘရရှိခဲ့သနည်း။
၁၈ ယောဘခံစားခဲ့ရသော ဘေးဆိုးများတမျှ ပြင်းထန်သောအရာများကို ကျွန်ုပ်တို့ထဲမှ အချို့သူတို့သာ ခံစားရပေမည်။ သို့သော် ဤအစီအစဉ်စနစ်တွင် မည်သည့်စမ်းသပ်မှုများပင်ရင်ဆိုင်ရပါစေ ယောဘကဲ့သို့ သမာဓိစောင့်ထိန်းသင့်သည့် အကြောင်းကောင်းများစွာရှိသည်။ အမှန်မှာ ခံနိုင်ရည်က ယောဘ၏အသက်တာကို အလွန်ကြွယ်ဝစေခဲ့သည်။ ယင်းက သူ့ကိုစုံလင်စေသည်။ (ယာကုပ် ၁:၂-၄) ထို့ပြင် ဘုရားသခင်နှင့်သူ၏ဆက်ဆံရေးကို ခိုင်မာစေခဲ့သည်။ “သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား ကိုယ်တော်ကိုမျက်စိနှင့်မြင်ရပါ၏” ဟု ယောဘအခိုင်အမာပြောခဲ့သည်။ (ယောဘ ၄၂:၅) စာတန်သည် ယောဘ၏ခံနိုင်ရည်ကို မချိုးဖျက်နိုင်သောကြောင့် မုသာကောင်ဖြစ်ကြောင်း ထင်ရှားခဲ့ပြီ။ နှစ်ပေါင်းရာချီကုန်လွန်သွားသည့်တိုင် မိမိကျွန်ယောဘကို ဖြောင့်မတ်ခြင်း၏ပုံသက်သေအဖြစ် ယေဟောဝါ ဖော်ပြဆဲဖြစ်သည်။ (ယေဇကျေလ ၁၄:၁၄) သမာဓိစောင့်ထိန်းခြင်း၊ ခံနိုင်ရည်ရှိခြင်းနှင့်ပတ်သက်သော သူ၏မှတ်တမ်းသည် ယနေ့ထိတိုင် ဘုရားသခင့်လူမျိုးတော်ကို တွန်းအားပေးနေသည်။
၁၉။ ခံနိုင်ရည်ရှိခြင်းက အကျိုးရှိသည်ဟု အဘယ်ကြောင့် သင်ယူမှတ်သနည်း။
၁၉ ပထမရာစုခရစ်ယာန်များထံ ခံနိုင်ရည်အကြောင်း ယာကုပ်ရေးသားစဉ် ယင်းကြောင့်ရရှိသည့် ကျေနပ်ပျော်ရွှင်မှုကို ဖော်ပြခဲ့သည်။ ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်များကို ကြွယ်ဝစွာဆုချတော်မူကြောင်း အမှတ်ရစေရန် ယောဘ၏ပုံနမူနာကို အသုံးပြုခဲ့သည်။ (ယာကုပ် ၅:၁၁) ယောဘ ၄၂:၁၂ တွင် ဤသို့ဖတ်ရသည်– ‘ထာဝရဘုရားသခင်သည် ယောဘ၏ရှေ့ဖြစ်ဟန်ကို ကောင်းချီးပေးတော်မူသည်ထက် နောက်ဖြစ်ဟန်ကို သာ၍ကောင်းချီးပေးတော်မူသည်။’ ယောဘသည် သူဆုံးရှုံးခဲ့ရာများ၏ နှစ်ဆပြန်ရခဲ့ပြီး သက်ရှည်ကျန်းမာပျော်ရွှင်စွာ နေထိုင်ခဲ့လေသည်။ (ယောဘ ၄၂:၁၆၊ ၁၇) ထိုနည်းတူ ဤအစီအစဉ်စနစ်ဆုံးခန်းတွင် ကျွန်ုပ်တို့ရင်ဆိုင်ရဖွယ်ရှိသော နာကျင်မှု၊ ဆင်းရဲမှု၊ ဝမ်းနည်းပူဆွေးမှုမှန်သမျှသည် ဘုရားသခင့်ကမ္ဘာသစ်တွင် ဖယ်ရှားခံရမည်ဖြစ်ပြီး မေ့လျော့ခံရလိမ့်မည်။ (ဟေရှာယ ၆၅:၁၇; ဗျာ. ၂၁:၄) ယောဘ ခံနိုင်ရည်ရှိကြောင်း ကျွန်ုပ်တို့ကြားသိခဲ့ရပြီဖြစ်၍ ယေဟောဝါ၏ထောက်မကူညီမှုဖြင့် ယောဘ၏ပုံသက်သေကို တုပရန် ဆုံးဖြတ်ထားကြသည်။ “စုံစမ်းနှောင့်ယှက်ခြင်းကို ခံနိုင်သောသူသည် ပျော်ရွှင်၏။ အကြောင်းမူကား စစ်ကြောစုံစမ်းခြင်းကိုခံပြီးမှ သခင်ဘုရားကိုချစ်သောသူတို့အား ကတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည်” ဟုသမ္မာကျမ်းစာက ကတိပြုသည်။—ယာကုပ် ၁:၁၂၊ ကဘ။
သင်မည်သို့ဖြေဆိုမည်နည်း
• ယေဟောဝါ၏စိတ်တော်ကို ကျွန်ုပ်တို့ မည်သို့ရွှင်လန်းစေနိုင်သနည်း။
• ပြဿနာများရင်ဆိုင်ရသောအခါ ဘုရားသခင့်မျက်နှာသာမရ၍ဖြစ်သည်ဟု အဘယ်ကြောင့် ကောက်ချက်မချသင့်သနည်း။
• အဘယ်အချက်များက ယောဘကို ခံနိုင်ရည်ရှိစေသနည်း။
• ယုံကြည်မှုတူသူချင်းကို အားပေးရာတွင် ဧလိဟုကို မည်သို့တုပနိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ဉာဏ်ပညာရှိ အကြံပေးသူတစ်ဦးသည် ကိုယ်ချင်းစာနာမှု၊ လေးစားမှုနှင့် ကြင်နာမှု တင်ပြသည်
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
အဲလ်ဆာနှင့် ဟယ်ရယ်လ်အပ်