ယောဘ—ခံနိုင်ရည်ရှိပြီးသမာဓိစောင့်ထိန်းသူ
ယောဘ—ခံနိုင်ရည်ရှိပြီးသမာဓိစောင့်ထိန်းသူ
“ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကိုရှောင်သောသူဖြစ်သည်။”—ယောဘ ၁:၈။
၁၊ ၂။ (က) မျှော်လင့်မထားသော အဘယ်ကြောက်မက်ဖွယ်ဘေးဆိုးများကို ယောဘ ကြုံတွေ့ခဲ့ရသနည်း။ (ခ) ယင်းဘေးဆိုးများမကျရောက်မီ ယောဘ၏အသက်တာ မည်သို့ရှိသနည်း။
စည်းစိမ်ဥစ္စာ၊ ဂုဏ်သိက္ခာ၊ ကျန်းမာရေးကောင်းခြင်း၊ ပျော်ရွှင်သောမိသားစုဘဝရှိခြင်းစသည့် အရာအားလုံးပြည့်စုံပုံရသည့် လူ့တစ်ဦးရှိခဲ့သည်။ ရုတ်တရက် ကြောက်မက်ဖွယ်ဘေးဆိုးသုံးခု သူ့အပေါ် ဆက်တိုက်ကျရောက်ခဲ့သည်။ သူ၏ပစ္စည်းဥစ္စာများ ညတွင်းချင်း ဆုံးရှုံးသွားသည်။ မုန်တိုင်းကြီးတစ်ခုက သားသမီးများ၏အသက်ကို ခြွေယူသွားသည်။ အားယုတ်စေသောရောဂါဆိုးဖြစ်သည့် အနာစိမ်းများ တစ်ကိုယ်လုံးပေါက်လာသည်။ ထိုသူမှာ ယောဘဖြစ်ပြီး သူ၏အမည်ပေးထားသောကျမ်းစောင်တွင် အဓိကဇာတ်ကောင်တစ်ဦးဖြစ်သည်။—ယောဘ အခန်းကြီး ၁ နှင့် ၂။
၂ “ငါသည် လွန်လေပြီးသောနှစ်၊ လ . . . ၌ ဖြစ်သကဲ့သို့ တစ်ဖန်ဖြစ်ပါစေ” ဟုသူညည်းတွားခဲ့သည်။ (ယောဘ ၃:၃; ၂၉:၂) ဘေးဆိုးများကြုံရသောအခါ အတိတ်ကို ပြန်လည်မတမ်းတသူ မည်သူရှိပါမည်နည်း။ ယောဘသည် ဖြောင့်မတ်သူတစ်ဦးဖြစ်ပြီး ဘေးဆိုးများကြုံတွေ့ခဲ့ပုံမပေါ်ချေ။ လူကြီးလူကောင်းများက သူ့ကိုလေးစားပြီး သူ၏အကြံဉာဏ်ကို တောင်းခံကြသည်။ (ယောဘ ၂၉:၅-၁၁) သူသည် ချမ်းသာကြွယ်ဝသော်လည်း စည်းစိမ်ဥစ္စာနှင့်ပတ်သက်၍ မျှတသောအမြင်ရှိသည်။ (ယောဘ ၃၁:၂၄၊ ၂၅၊ ၂၈) မုဆိုးမများ၊ မိဘမဲ့ကလေးများကို ကူညီတတ်သည်။ (ယောဘ ၂၉:၁၂-၁၆) ဇနီးပေါ်တွင်လည်း သစ္စာရှိသူဖြစ်သည်။—ယောဘ ၃၁:၁၊ ၉၊ ၁၁။
၃။ ယေဟောဝါသည် ယောဘကို မည်သို့ရှုမြင်ခဲ့သနည်း။
၃ ယောဘသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူတစ်ဦးဖြစ်ပြီး စုံလင်ဖြောင့်မတ်သည်။ “မြေကြီးပေါ်မှာ သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်” ဟု ယေဟောဝါမိန့်တော်မူခဲ့သည်။ (ယောဘ ၁:၁၊ ၈) ယောဘသည် ကိုယ်ကျင့်တရား တည်ကြည်ဖြောင့်မတ်သော်လည်း ဘေးဆိုးများက သူ၏ငြိမ်းချမ်းသာယာသောဘဝကို တစ်စစီချေမွပစ်လိုက်သည်။ သူလုပ်ခဲ့သမျှအရာအားလုံး ဆုံးရှုံးသွားပြီး ရောဂါဆိုးနှင့် စိတ်ဆင်းရဲမှုဒဏ်ကြောင့် နဂိုစိတ်ရင်း ပျောက်လုမတတ်ဖြစ်ခဲ့ရသည်။
၄။ ယောဘခံခဲ့ရသောစမ်းသပ်မှုများကို သုံးသပ်ခြင်းက အဘယ်ကြောင့် အကျိုးရှိမည်နည်း။
၄ ဘုရားသခင့်ကျေးကျွန်များတွင် ယောဘတစ်ဦးတည်းသာ စမ်းသပ်မှုများရင်ဆိုင်ရသည်မဟုတ်ပေ။ ယနေ့ ခရစ်ယာန်များစွာလည်း ယောဘနည်းတူ ရင်ဆိုင်ကြုံတွေ့နေကြရသည်။ ထို့ကြောင့် ဤမေးခွန်းနှစ်ခုကို သုံးသပ်သင့်သည်– ယောဘခံခဲ့ရသောစမ်းသပ်မှုများအကြောင်း ဆန်းစစ်လေ့လာခြင်းက ဘေးဆိုးများကြုံရချိန်တွင် ကျွန်ုပ်တို့ကို မည်သို့အကူအညီပေးနိုင်သနည်း။ ယင်းက ဆင်းရဲဝေဒနာခံစားနေရသူများကို ထောက်ထားစာနာမှုပြရန် ကျွန်ုပ်တို့ကို မည်သို့သင်ပေးနိုင်သနည်း။
သစ္စာစောင့်သိမှုဆိုင်ရာ အရေးကိစ္စနှင့်သမာဓိစမ်းသပ်မှု
၅။ ယေဟောဝါကို ယောဘ အဘယ်ကြောင့် ဝတ်ပြုနေခြင်းဖြစ်သည်ဟု စာတန်စွပ်စွဲခဲ့သနည်း။
၅ ယောဘအဖြစ်အပျက်မှာ ထူးခြားလှသည်။ ဘုရားသခင်ကို ယောဘ ဝတ်ပြုရသည့်အကြောင်းရင်းနှင့်ပတ်သက်၍ စာတန် မေးခွန်းထုတ်ခဲ့သည်ကို သူမသိပေ။ ကောင်းကင်ညီလာခံတွင် ယောဘ၏အရည်အသွေးကောင်းများကို ယေဟောဝါ ပြောပြချိန်၌ စာတန်က “ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှပတ်လည်၌ စောင်ရန်းကာတော်မူသည်မဟုတ်လော” ဟုခွန်းတုံ့ပြန်ခဲ့သည်။ ထို့ကြောင့် ယောဘသည် ကိုယ်ကျိုးအတွက်သာ ဘုရားသခင်ကိုဝတ်ပြုခြင်းဖြစ်သည်ဟု စွပ်စွဲပြီး ဘုရားသခင့်ကျေးကျွန်အားလုံးလည်း ထိုနည်းတူပင်ဖြစ်သည်ဟု ဆိုခဲ့သည်။ “လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကိုထိခိုက်တော်မူလျှင် သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကိုစွန့်ပယ်ပါလိမ့်မည်” ဟု ယေဟောဝါကို ပြန်ပြောလေသည်။—ယောဘ ၁:၈-၁၁။
၆။ အဘယ်အဓိကအရေးကိစ္စကို စာတန်ပေါ်ပေါက်စေခဲ့သနည်း။
၆ အရေးကြီးသောကိစ္စပင်ဖြစ်သည်။ ယေဟောဝါ၏ ပိုင်သအုပ်စိုးခွင့်အာဏာကျင့်သုံးပုံကို စာတန်စိန်ခေါ်ထားသည်။ ယင်းကြောင့် ‘ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးကို မေတ္တာဖြင့်အုပ်ချုပ်နိုင်ပါမည်လော၊ စာတန်စွပ်စွဲသကဲ့သို့ လူတို့သည် နောက်ဆုံး ကိုယ်ကျိုးအတွက်သာ ဝတ်ပြုကြခြင်းဖြစ်မည်လော’ ဟူသောမေးခွန်းပေါ်လာသည်။ အဖြေရရန် ယေဟောဝါသည် ယောဘ၏သမာဓိနှင့်သစ္စာတည်ကြည်မှုတို့ကို ယုံကြည်စိတ်ချလျက် သူ့အားစမ်းသပ်ရန် စာတန်ကိုခွင့်ပြုလိုက်သည်။ ထို့ကြောင့် စာတန်သည် ယောဘအပေါ် ဘေးဆိုးတစ်ခုပြီးတစ်ခု ဆက်တိုက်ကျရောက်စေခဲ့သည်။ ယင်းတို့ မအောင်မြင်သောအခါ ယောဘကို ရောဂါဆိုးတစ်ခုနှင့် ထိုးနှက်လေတော့သည်။ “အရေဖို့အရေဟုဆိုသကဲ့သို့ လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်” ဟုသူစွပ်စွဲလေသည်။—ယောဘ ၂:၄။
၇။ ယနေ့ ဘုရားသခင့်ကျေးကျွန်များသည် ယောဘနည်းတူ အဘယ်စမ်းသပ်မှုများကို ရင်ဆိုင်နေကြရသနည်း။
၇ ယနေ့ ခရစ်ယာန်အများစုသည် ယောဘခံရသည့်အထိ မခံစားရသော်လည်း ပြဿနာအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသည်။ အများစုမှာ နှိပ်စက်ညှဉ်းပန်းမှု သို့မဟုတ် မိသားစုပြဿနာများ ရင်ဆိုင်နေကြရသည်။ စီးပွားရေးခက်ခဲခြင်း သို့မဟုတ် ကျန်းမာရေးချို့တဲ့ခြင်းတို့လည်း မခံနိုင်လောက်အောင် ဆိုးရွားနိုင်သည်။ အချို့သည် ယုံကြည်ခြင်းအတွက် အသက်ပင်စွန့်ခဲ့ကြသည်။ သို့သော် ကျွန်ုပ်တို့ခံစားနေရသော ဆင်းရဲခက်ခဲမှုတိုင်းကို စာတန်ဖြစ်ပေါ်စေသည်မဟုတ်ပါ။ ပြဿနာအချို့သည် ကျွန်ုပ်တို့ကိုယ်တိုင်၏အမှားကြောင့် သို့မဟုတ် မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်နိုင်သည်။ (ဂလာတိ ၆:၇) ကျွန်ုပ်တို့အားလုံးသည် ဇရာထောင်းခြင်းနှင့် သဘာဝဘေးအန္တရာယ်များမှ မလွတ်ကင်းနိုင်ကြချေ။ လက်ရှိအချိန်တွင် ထိုပြဿနာများမှ အံ့ဖွယ်နည်းဖြင့် ယေဟောဝါကာကွယ်ပေးမည်ဟု သမ္မာကျမ်းစာက မဖော်ပြထားပါ။—ဒေ. ၉:၁၁။
၈။ စာတန်သည် ကျွန်ုပ်တို့ခံစားရသော ဆင်းရဲခက်ခဲမှုများကို မည်သို့အသုံးချနိုင်သနည်း။
၈ စာတန်သည် ထိုဆင်းရဲခက်ခဲမှုများကို အသုံးချပြီး ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စမ်းသပ်ပေမည်။ တမန်တော်ပေါလုက သူ့ကို “ဒဏ်ခတ်” သို့မဟုတ် ထိုးနှက်သည့် “စာတန်၏တမန်တည်းဟူသော . . . ကိုယ်၌စူးသောဆူးကို” ခံစားနေရကြောင်း ဖော်ပြခဲ့သည်။ (၂ ကောရိန္သု ၁၂:၇) ယင်းသည် မျက်စိမှုန်ခြင်း သို့မဟုတ် အခြားပြဿနာတစ်ခုခုဖြစ်နိုင်သည်။ မည်သည့်အရာပင်ဖြစ်ပါစေ စာတန်သည် ထိုပြဿနာနှင့် ယင်းကြောင့်စိတ်ဓာတ်ကျမှုကို အသုံးချလျက် မိမိ၏ပျော်ရွှင်မှုနှင့်သမာဓိကို ပျောက်ဆုံးသွားစေနိုင်ကြောင်း ပေါလုနားလည်ခဲ့သည်။ (သု. ၂၄:၁၀) ယနေ့ စာတန်သည် မိသားစုဝင်များ၊ ကျောင်းနေဖက်များ သို့မဟုတ် အစိုးရအာဏာပိုင်များကိုပင် အသုံးပြု၍ ဘုရားသခင့်ကျေးကျွန်များကို တစ်နည်းနည်းဖြင့် နှိပ်စက်ညှဉ်းပန်းပေမည်။
၉။ ဆင်းရဲခြင်း သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောအခါ ကျွန်ုပ်တို့ အဘယ်ကြောင့် အလွန်အမင်း မအံ့သြသင့်သနည်း။
၉ ကျွန်ုပ်တို့သည် ယင်းပြဿနာများကို မည်သို့ အောင်မြင်စွာရင်ဆိုင်နိုင်သနည်း။ ယေဟောဝါကိုချစ်သောမေတ္တာနှင့် ကိုယ်တော့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို လက်အောက်ခံခြင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ကြောင်း တင်ပြနိုင်သည့်အခွင့်အရေးအဖြစ် ယင်းတို့ကို ရှုမြင်ခြင်းအားဖြင့်ဖြစ်သည်။ (ယာကုပ် ၁:၂-၄) မည်သည့်အကြောင်းကြောင့်ပင် ဆင်းရဲခံရပါစေ ဘုရားသခင်အပေါ် သစ္စာတည်ကြည်ရန် အရေးကြီးကြောင်း သိနားလည်ပါက ကျွန်ုပ်တို့၏ဝိညာဉ်ရေးဟန်ချက်ကို ဆက်ထိန်းထားနိုင်မည်။ တမန်တော်ပေတရု ဤသို့ရေးခဲ့သည်– “ချစ်သူတို့၊ သင်တို့ကိုစုံစမ်းစရာဖို့ ယခုခံရသောမီးစစ်ခြင်းအရာကိုကား သင်တို့၌ အံ့သြဖွယ်သောအရာဖြစ်သည်ဟုထင်မှတ်၍ အံ့သြခြင်းမရှိကြနှင့်။” (၁ ပေတရု ၄:၁၂) ပေါလုရှင်းပြသည့်အတိုင်း ‘ယေရှုခရစ်၏တရားတော်နှင့်အညီ ဘုရားသခင်ဝတ်၌ မွေ့လျော်၍နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်။’ (၂ တိမောသေ ၃:၁၂) စာတန်သည် ယောဘကိစ္စတွင်ပြုခဲ့သကဲ့သို့ ယေဟောဝါသက်သေများ၏ သမာဓိစောင့်ထိန်းမှုကို စိန်ခေါ်နေဆဲဖြစ်သည်။ အမှန်မှာ စာတန်သည် ဤနောက်ဆုံးကာလအတွင်း ဘုရားသခင့်လူမျိုးကို အစွမ်းကုန်တိုက်ခိုက်မည်ဖြစ်ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။—ဗျာ. ၁၂:၉၊ ၁၇။
နားလည်မှုလွဲခြင်းနှင့် အထင်မှားခြင်း
၁၀။ အဘယ်အရာကို ယောဘ မသိရှိခဲ့သနည်း။
၁၀ ကျွန်ုပ်တို့နှင့်ကွာခြားသည်မှာ ထိုဘေးဆိုးများ အဘယ်ကြောင့်ကြုံရကြောင်း ယောဘ မသိရှိခဲ့ခြင်းဖြစ်သည်။ ‘ထာဝရဘုရားသခင်ပေးတော်မူ၏။ ထာဝရဘုရားသခင်လည်း ရုပ်သိမ်းတော်မူ၏’ ဟုပင် လွဲမှားစွာ ကောက်ချက်ချခဲ့သည်။ (ယောဘ ၁:၂၁) ဘုရားသခင်ကြောင့် ဆင်းရဲခက်ခဲမှုများခံစားရသည်ဟု ယောဘယူမှတ်သွားစေရန် စာတန် တမင်ပြုလုပ်ခြင်းဖြစ်နိုင်သည်။
၁၁။ ဘေးဆိုးများနှင့်ရင်ဆိုင်ရသောအခါ ယောဘ မည်သို့တုံ့ပြန်ခဲ့သနည်း။
၁၁ ယောဘ၏ဇနီးက ဘုရားသခင်ကိုစွန့်ပယ်ရန် တိုက်တွန်းသည့်တိုင် ထိုသို့သူမပြုလုပ်ခဲ့ပေ။ သို့သော် သူအလွန်အမင်းစိတ်ဓာတ်ကျခဲ့သည်။ (ယောဘ ၂:၉၊ ၁၀) ‘လူဆိုးတို့သည် မိမိထက် သာ၍ကောင်းစားနေပုံရသည်’ ဟုသူဆိုသည်။ (ယောဘ ၂၁:၇-၉) ထို့ပြင် ‘ဘုရားသခင် ငါ့ကိုဘာကြောင့်အပြစ်ပေးတာလဲ’ ဟူ၍တွေးမိပေမည်။ သေလိုသည့်အချိန်များပင် ရှိခဲ့သည်။ “ကိုယ်တော်သည် အကျွန်ုပ်ကိုသင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မီတိုင်အောင် ကွယ်ကာတော်မူပါစေ” ဟုသူတောင်းဆိုခဲ့သည်။—ယောဘ ၁၄:၁၃။
၁၂၊ ၁၃။ မိတ်ဆွေသုံးဦး၏ စကားများက ယောဘကို မည်သို့ထိခိုက်စေသနည်း။
၁၂ “ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြင်းငှာ” မိတ်ဆွေသုံးဦးရောက်လာသည်။ (ယောဘ ၂:၁၁) သူတို့သည် “နှစ်သိမ့်စေခြင်းငှာပြုသော်လည်း ပင်ပန်းစေသောသူ” များသာဖြစ်ခဲ့ကြသည်။ (ယောဘ ၁၆:၂) ယောဘသည် မိမိ၏ပြဿနာများကို ရင်ဖွင့်နိုင်သည့် မိတ်ဆွေများထံမှ အကူအညီရသင့်သော်လည်း သူတို့သည် ယောဘ၏စိတ်ရှုပ်ထွေးမှုနှင့် စိတ်ဓာတ်ကျမှုကို ပိုဆိုးစေခဲ့သည်။—ယောဘ ၁၉:၂; ၂၆:၂။
၁၃ ယောဘအနေဖြင့် ‘ငါ့ကျမှ ဘာကြောင့်ဖြစ်ရတာလဲ။ ငါဘာများ မကောင်းတာလုပ်ခဲ့လို့လဲ’ ဟု သူ့ကိုယ်သူမေးခဲ့ပေမည်။ သူ၏မိတ်ဆွေများသည် လုံးဝလွဲမှားစွာရှင်းပြခဲ့ကြသည်။ သူတို့က ယောဘသည် ကြီးလေးသောအပြစ်ပြုထား၍ ထိုသို့ခံစားနေရခြင်းဖြစ်သည်ဟု စွပ်စွဲလေ၏။ ဧလိဖတ်က “အပြစ်နှင့်ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့ အဘယ်သူရောက်သနည်း” ဟုမေးကာ ‘ငါသိမြင်သည်အတိုင်း မတရားသောလယ်ထွန်ခြင်းကိုပြုသောသူနှင့် ဆိုးသွမ်းသောမျိုးစေ့ကိုကြဲသောသူတို့သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏’ ဟုပြောခဲ့သည်။—ယောဘ ၄:၇၊ ၈။
၁၄။ မှားယွင်းသောအပြုအမူကြောင့် ဆင်းရဲဝေဒနာများခံစားရသည်ဟု အဘယ်ကြောင့် အလွယ်တကူ ကောက်ချက်မချသင့်သနည်း။
၁၄ ဝိညာဉ်ပကတိအစား ဇာတိပကတိအတိုင်း မျိုးစေ့ကြဲပါက ပြဿနာများပေါ်ပေါက်နိုင်သည်မှာ မှန်ပါသည်။ (ဂလာတိ ၆:၇၊ ၈) သို့သော် ဤအစီအစဉ်စနစ်တွင် ကျွန်ုပ်တို့ မည်သို့ပင်ပြုမူပါစေ ပြဿနာများပေါ်ပေါက်လာနိုင်သည်။ ထို့ပြင် အပြစ်မဲ့သူများသည် အဘယ်ဘေးဆိုးမျှမကြုံရဟူ၍ လုံးဝမပြောနိုင်ပေ။ “သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့်ကင်းလွတ်” သော ယေရှုခရစ်ပင် ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် နာကျင်စွာသေဆုံးခဲ့ရသည်။ တမန်တော်ယာကုပ်လည်း ယုံကြည်ခြင်းအတွက် အသက်စွန့်ခဲ့ရသည်။ (ဟေဗြဲ ၇:၂၆; တမန်တော် ၁၂:၁၊ ၂) ဧလိဖတ်နှင့်အဖော်နှစ်ဦး၏ မှားယွင်းသောအတွေးအခေါ်ကြောင့် ယောဘသည် မိမိ၏နာမည်ကောင်းနှင့် အပြစ်ကင်းမှုကို ခုခံပြောဆိုခဲ့သည်။ သို့သော် သူတို့က ယောဘဆင်းရဲခံထိုက်သည်ဟု ဇွတ်တရွတ် စွပ်စွဲသောကြောင့် ဘုရားသခင်၏တရားမျှတမှုကိုပင် သူသံသယဝင်ခဲ့သည်။—ယောဘ ၃၄:၅; ၃၅:၂။
ဘေးဆိုးများနှင့်ရင်ဆိုင်ရသောအခါ အကူအညီရှာခြင်း
၁၅။ ဆင်းရဲဝေဒနာများခံစားရသောအခါ မည်သို့တွေးတောဆင်ခြင်ခြင်းက အကူအညီဖြစ်စေသနည်း။
၁၅ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ ဘေးဆိုးများ၊ ဖျားနာမှု သို့မဟုတ် ညှဉ်းပန်းနှိပ်စက်မှုများသည် အလွန်မမျှတပုံရပေမည်။ အခြားသူများမူ ထိုသို့သောပြဿနာများ ကြုံရပုံမပေါ်ချေ။ (ဆာလံ ၇၃:၃-၁၂) တစ်ခါတစ်ရံ ကျွန်ုပ်တို့ကိုယ်ကို ဤအခြေခံကျသောမေးခွန်းများ မေးရန်လိုအပ်ပေမည်– ‘ဘာပဲကြုံရပါစေ ဘုရားသခင်ကို ဆက်ဝတ်ပြုသွားနိုင်တဲ့မေတ္တာ ငါ့မှာရှိရဲ့လား။ ကဲ့ရဲ့သူစာတန်ရဲ့စကားကို ယေဟောဝါ ချေပနိုင်တာမျိုး ငါဖြစ်စေချင်သလား။’ (သု. ၂၇:၁၁; မဿဲ ၂၂:၃၇) အခြားသူများ၏ အဆင်အခြင်မဲ့စကားများကြောင့် ကောင်းကင်ခမည်းတော်ကို မည်သည့်အခါမျှ သံသယမဖြစ်ကြစို့နှင့်။ နှစ်ပေါင်းများစွာ နာတာရှည်ရောဂါခံစားရသူ သစ္စာရှိခရစ်ယာန်တစ်ဦးက “ယေဟောဝါ ဘာပဲခွင့်ပြုပါစေ အဲဒါကိုခံနိုင်လိမ့်မယ်ဆိုတာ ကျွန်မသိတယ်။ လိုအပ်တဲ့ခွန်အားကို ကိုယ်တော်ပေးမယ်ဆိုတာလည်း ကျွန်မသိတယ်။ အဲဒီလိုလည်း ကိုယ်တော် အမြဲပေးခဲ့တယ်” ဟုဆိုသည်။
၁၆။ ခက်ခဲမှုများရင်ဆိုင်ရသူတို့ကို သမ္မာကျမ်းစာက မည်သို့အကူအညီပေးသနည်း။
၁၆ စာတန်၏နည်းပရိယာယ်များ သို့မဟုတ် “အကြံအစည်များ” အကြောင်း ယောဘ မသိရှိခဲ့ရာကို ကျွန်ုပ်တို့သိကြ၏။ (၂ ကောရိန္သု ၂:၁၁) ထို့ပြင် ကျွန်ုပ်တို့တွင် လက်တွေ့ကျအကြံဉာဏ် အလျှံပယ်ရှိနေသည်။ ခက်ခဲမှုပုံစံအမျိုးမျိုးကို ခံရပ်ခဲ့သော သစ္စာရှိအမျိုးသား၊ အမျိုးသမီးများအကြောင်း သမ္မာကျမ်းစာတွင်ပါရှိသည်။ ခရစ်ယာန်များစွာထက် ပိုဆင်းရဲခံခဲ့ရသော တမန်တော်ပေါလု ဤသို့ရေးသည်– ‘ငါတို့သည် ကျမ်းစာ၌ပါသော သည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကိုအမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမသွန်သင်၍ ရေးထားသတည်း။’ (ရောမ ၁၅:၄) ဒုတိယကမ္ဘာစစ်အတွင်း၌ ယုံကြည်ခြင်းကြောင့် အကျဉ်းချခံခဲ့ရသော ဥရောပမှ သက်သေခံတစ်ဦးသည် သမ္မာကျမ်းစာကိုရရန် မိမိ၏သုံးရက်စာရိက္ခာနှင့်လဲယူခဲ့သည်။ “အဲဒီလိုလဲလိုက်တာ အကျိုးအများကြီးရှိခဲ့တယ်။ ကျွန်တော်ဆာလောင်ပေမဲ့ အဲဒီခက်ခဲတဲ့အချိန်တစ်လျှောက်မှာ ကျွန်တော်နဲ့တခြားသူတွေကို ခံရပ်နိုင်စေတဲ့ ဝိညာဉ်အစာ ရရှိခဲ့တယ်။ အဲဒီကျမ်းစာကို ဒီနေ့အထိ ကျွန်တော်သိမ်းထားတယ်” ဟုသူပြောပြသည်။
၁၇။ ကျွန်ုပ်တို့ခံရပ်နိုင်ရန် အဘယ်အကူအညီများကို ဘုရားသခင်ပြင်ဆင်ပေးထားသနည်း။
၁၇ သမ္မာကျမ်းစာပါ နှစ်သိမ့်မှုများအပြင် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် လမ်းညွှန်ချက်ကောင်းများပေးထားသည့် ကျမ်းစာအထောက်အကူပြုစာပေများစွာလည်း ကျွန်ုပ်တို့တွင်ရှိသည်။ ကင်းမျှော်စင်စာပေများအညွှန်းတွင် ရှာကြည့်လျှင် သင်ရင်ဆိုင်နေရသည့် အခက်အခဲများကို ကြုံတွေ့ခဲ့သည့် ခရစ်ယာန်ချင်းတစ်ဦးအကြောင်း တွေ့ရှိပေမည်။ (၁ ပေတရု ၅:၉) နားလည်မှုရှိသောအကြီးအကဲ သို့မဟုတ် ရင့်ကျက်သောခရစ်ယာန်များနှင့် သင့်အခြေအနေကို ဆွေးနွေးခြင်းကလည်း အထောက်အကူပြုပေမည်။ ထို့ထက်ကား ဆုတောင်းခြင်းဖြင့် ယေဟောဝါနှင့် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို မှီခိုအားထားနိုင်သည်။ စာတန်၏ ‘ထိုးနှက်မှု’ ကို ပေါလု မည်သို့ခံရပ်ခဲ့သနည်း။ ဘုရားသခင်၏တန်ခိုးကို မှီခိုအားထားခြင်းဖြင့်ဖြစ်သည်။ (၂ ကောရိန္သု ၁၂:၉၊ ၁၀) “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏” ဟုသူရေးသားခဲ့သည်။—ဖိလိပ္ပိ ၄:၁၃။
၁၈။ ခရစ်ယာန်ချင်းများသည် တန်ဖိုးဖြတ်မရသောအားပေးမှု မည်သို့ပေးနိုင်သနည်း။
၁၈ ထိုအဆင်သင့်ရရှိနိုင်သော အကူအညီများကိုရှာယူရန် ကျွန်ုပ်တို့ မနှောင့်နှေးသင့်ပေ။ “သင်သည်အမှုရောက်သောကာလ၌ စိတ်ပျက်လျှင် အားနည်း၏” ဟု နယပုံပြင်ကျမ်းက ဖော်ပြသည်။ (သု. ၂၄:၁၀) ခြများသည် တစ်အိမ်လုံးပြိုကျသွားအောင် စားပစ်နိုင်သည့်နည်းတူ စိတ်ဓာတ်ကျခြင်းကလည်း ခရစ်ယာန်တစ်ဦး၏သမာဓိကို ဖျက်ဆီးပစ်နိုင်သည်။ ထိုအန္တရာယ်မကျရောက်စေရန် ကျွန်ုပ်တို့၏ ယုံကြည်မှုတူသူချင်းများမှတစ်ဆင့် ယေဟောဝါထောက်မပေးသည်။ ယေရှုအဖမ်းခံရသောညတွင် ကောင်းကင်တမန်တစ်ပါး ကိုယ်တော်ရှေ့ပေါ်လာပြီး အားပေးခဲ့သည်။ (လုကာ ၂၂:၄၃) အကျဉ်းသားတစ်ဦးအနေနှင့် ရောမမြို့သို့ ပေါလုသွားစဉ် အပ္ပိဈေးနှင့်သုံးဇရပ်တို့၌ ညီအစ်ကိုများကိုတွေ့မြင်ခဲ့သောကြောင့် “ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ စိတ်သက်သာခြင်းသို့ရောက်” ခဲ့သည်။ (တမန်တော် ၂၈:၁၅) ဆယ်ကျော်သက်အရွယ်တွင် ရာဗန်စ်ဘရုခ်ချွေးတပ်စခန်းသို့ ရောက်သွားသော ဂျာမန်သက်သေခံတစ်ဦးသည် သူရရှိခဲ့သောအကူအညီကို ယနေ့တိုင် အမှတ်ရလျက်ရှိသည်။ သူဤသို့ပြန်ပြောပြ၏– “ခရစ်ယာန်ချင်းတစ်ယောက်က ကျွန်မကိုတွေ့သွားပြီး ဖက်လဲတကင်းကြိုဆိုခဲ့တယ်။ နောက်သစ္စာရှိညီအစ်မတစ်ယောက်ကျတော့ ဝိညာဉ်ရေးမိခင်တစ်ယောက်လိုပဲ ကျွန်မကို အမြဲကာကွယ်ပေးတယ်” ဟု ပြန်ပြောပြသည်။
“သစ္စာစောင့်လော့”
၁၉။ စာတန်၏ကြိုးပမ်းမှုများကို တွန်းလှန်ရန် အဘယ်အရာက ယောဘကို ကူညီပေးခဲ့သနည်း။
၁၉ ယောဘသည် “ဖြောင့်မတ်သောသဘောကိုစွဲလမ်းလျက်နေ” သူဖြစ်သည်ဟု ယေဟောဝါဖော်ပြခဲ့သည်။ (ယောဘ ၂:၃) သူသည် စိတ်ဓာတ်ကျပြီး ဆင်းရဲခံရသည့်အကြောင်းရင်းကို မသိသော်လည်း သစ္စာစောင့်သိမှုဆိုင်ရာ အဓိကအရေးကိစ္စကိုသာ အာရုံစိုက်ခဲ့သည်။ သူ၏သမာဓိစောင့်သိသောလမ်းစဉ်ကို မစွန့်လွှတ်ခဲ့ပေ။ “ငါသည် သေသည့်တိုင်အောင် ငါ့သမာဓိကိုမစွန့်လွှတ်” ဟုသူအခိုင်အမာဆိုခဲ့သည်။—ယောဘ ၂၇:၅၊ ကဘ။
၂၀။ ခံနိုင်ရည်ရှိခြင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း။
၂၀ ထပ်တူစိတ်ပိုင်းဖြတ်ချက်က သွေးဆောင်မှုများ၊ ဆန့်ကျင်မှု သို့မဟုတ် ဘေးဆိုးများရင်ဆိုင်ရသော မည်သည့်အခြေအနေမျိုးတွင်မဆို ကျွန်ုပ်တို့၏သမာဓိကို စောင့်ထိန်းနေနိုင်ရန် ကူညီပေးလိမ့်မည်။ ‘သင်သည် ခံရမည့်အရာတစ်စုံတစ်ခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်း [ဆင်းရဲခြင်း၊ စိတ်ဓာတ်ကျခြင်း သို့မဟုတ် ဖိနှိပ်ခြင်း] ကိုခံရမည်အကြောင်း စာတန်သည် သင်တို့တွင် အချို့ကိုထောင်ထဲ၌လှောင်ထား၍ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲခြင်းခံရကြလိမ့်မည်။ သေသည်တိုင်အောင်သစ္စာစောင့်လော့။ သို့ဖြစ်လျှင် အသက်သရဖူကိုငါပေးမည်’ ဟု စမုရနအသင်းတော်ကို ယေရှုမိန့်ဆိုခဲ့သည်။—ဗျာ. ၂:၁၀။
၂၁၊ ၂၂။ ဆင်းရဲခက်ခဲမှုများကိုခံရပ်ရာတွင် အဘယ်အရာကိုသိထားခြင်းက နှစ်သိမ့်မှုပေးသနည်း။
၂၁ စာတန်အုပ်စိုးနေသော ဤအစီအစဉ်စနစ်တွင် ကျွန်ုပ်တို့၏ခံနိုင်ရည်နှင့်သမာဓိ စမ်းသပ်ခံရမည်သာဖြစ်သည်။ သို့သော် အနာဂတ်ကိုစောင့်မျှော်စဉ် ကျွန်ုပ်တို့ကြောက်ရွံ့ဖို့ မလိုကြောင်း ယေရှုအာမခံခဲ့သည်။ အရေးကြီးသည့်အချက်မှာ သစ္စာရှိကြောင်းတင်ပြရန်သာ ဖြစ်သည်။ ဆင်းရဲခြင်းသည် ခဏသာခံရသောအရာဖြစ်၍ ယေဟောဝါပေးမည့် “ဘုန်းအသရေ” သို့မဟုတ် ဆုကျေးဇူးမှာမူ ‘အတိုင်းထက်အလွန်ကြီးမြတ်လေးလံပြီး ထာဝရ’ ဖြစ်သည်ဟု ပေါလုပြောခဲ့သည်။ (၂ ကောရိန္သု ၄:၁၇၊ ၁၈) ယောဘခံခဲ့ရသောဆင်းရဲခြင်းကို သူဆင်းရဲမခံရမီနှင့် ခံရပြီးနောက် ပျော်ရွှင်ဖွယ်နှစ်များနှင့်ယှဉ်လျှင် ခဏသာဖြစ်သည်။—ယောဘ ၄၂:၁၆။
၂၂ သို့တိုင် ကျွန်ုပ်တို့ခံရသောစမ်းသပ်မှုများသည် မပြီးဆုံးနိုင်မည့်ပုံ၊ မခံရပ်နိုင်မည့်ပုံ ရှိပေမည်။ ယောဘ၏အဖြစ်အပျက်မှ ခံနိုင်ရည်နှင့်ပတ်သက်သော ထပ်ဆင့်သင်ခန်းစာများအပြင် ဆင်းရဲခက်ခဲမှုရင်ဆိုင်နေရသူများကို အားပေးနိုင်သည့်နည်းလမ်းများကိုလည်း နောက်ဆောင်းပါးတွင် ဆွေးနွေးပါမည်။
သင်မည်သို့ဖြေဆိုမည်နည်း
• ယောဘ၏သမာဓိနှင့်ပတ်သက်၍ အဘယ်အဓိကအရေးကိစ္စကို စာတန်ပေါ်ပေါက်စေခဲ့သနည်း။
• ဘေးဆိုးများရင်ဆိုင်ရသောအခါ အဘယ်ကြောင့် အလွန်အမင်း မအံ့သြသင့်သနည်း။
• ကျွန်ုပ်တို့ခံရပ်နိုင်ရန် ယေဟောဝါ မည်သို့ကူညီပေးသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
သုတေသနပြုခြင်း၊ ရင့်ကျက်သော ခရစ်ယာန်များနှင့် စကားပြောဆိုခြင်း၊ ရင်ဖွင့်ဆုတောင်းခြင်းတို့က ခံနိုင်ရည်ရှိစေ