လှပသောကျွန်းပေါ်မှ အားတက်ဖွယ်တိုးပွားမှု
လှပသောကျွန်းပေါ်မှ အားတက်ဖွယ်တိုးပွားမှု
အပူပိုင်းဒေသ ပေါက်ပင်များဖြင့် စိမ်းလန်းစိုပြည်ဝေဆာနေသော တရုတ်(တိုင်ပေ)ကျွန်းသို့လာရောက်လည်ပတ်သူများသည် အလွန်နှစ်သက်သဘောကျကြသည်။ လှပသော မြစိမ်းရောင်စပါးခင်းများက ရိတ်သိမ်းချိန်တွင် ရွှေရောင်ဝင်းနေကြပြီ။ တောင်စောင်းများတစ်လျှောက် ထူထပ်သောသစ်တောများ ဖုံးလွှမ်းထား၏။ လူနေထူထပ်သည့် မြို့များနှင့်မတူဘဲ စိမ်းညှို့သန်စွမ်းသော လယ်ကွင်းပြင်များ၊ တောင်တန်းများက အမှန်ပင် ကြည်နူးလန်းဆန်းစေသည်။ ထို့ကြောင့်လည်း ဤကျွန်းသို့ ဦးဆုံးရောက်ရှိခဲ့သူ အနောက်တိုင်းသားတစ်ဦးက (Ilha Formosa) “လှပသောကျွန်း” ဟုအမည်ပေးခဲ့သည်။
မှန်ပါသည်၊ တရုတ် (တိုင်ပေ)သည် လှပသောကျွန်းကလေးဖြစ်ပြီး မိုင် ၂၄၀ ရှည်လျားကာ မိုင် ၁၀၀ ခန့်ကျယ်သည်။ ကျွန်းပေါ်တွင် မြင့်မားသောတောင်တန်းကြီးများစွာရှိ၏။ ယူရှန်တောင် (မောရစ်ဆန်တောင်) သည် ဂျပန်နိုင်ငံရှိ ဖူဂျီတောင်၊ နယူးဇီလန်ရှိ ကွတ်ခ်တောင်တို့ထက် ပိုမြင့်မားသည်။ ကျွန်း၏အလယ်ဗဟိုရှိ တောင်တန်းများပတ်လည်တွင် ပင်လယ်ဘက်သို့ နိမ့်ဆင်းသွားသော ကျဉ်းမြောင်းသည့် ကမ်းရိုးတန်းလွင်ပြင်များရှိသည်။ ယခု ထိုတွင်နေထိုင်သူဦးရေ ၂၂ သန်းကျော် တိုးပွားနေပြီဖြစ်၏။
နောက်ထပ်တိုးပွားမှုတစ်မျိုး
သို့သော် တရုတ် (တိုင်ပေ)တွင် နောက်ထပ်တိုးပွားမှုတစ်မျိုးဖြစ်သော ဝိညာဉ်ရေးတိုးပွားမှုသည် တိုး၍ထင်ရှားလာနေ၏။ စစ်မှန်သောဘုရားသခင် ယေဟောဝါကို သိလာကြသော လူကြီးလူငယ်အားလုံး၏ ဇွဲထက်သန်မှုကြောင့် ယင်းသို့တိုးပွားလာခြင်းဖြစ်သည်။ ယေဟောဝါနှင့် ကိုယ်တော့်ရည်ရွယ်ချက်များအကြောင်း အခြားသူများသိရှိလာစေရန် ဇွဲရှိရှိလုပ်ဆောင်နေသူတို့၏ အရေအတွက် တိုးပွားလာခြင်းသည် အလွန်နှစ်ထောင်းအားရဖွယ်ပင်။
ထိုသို့တိုးပွားလာခြင်းကြောင့် တိုးချဲ့ရန် လိုအပ်လာ၏။ ၁၉၉၀၊ ဒီဇင်ဘာလတွင် ယေဟောဝါသက်သေများ၏ဌာနခွဲရုံးကို တိုးချဲ့ရန် မြေနေရာဝယ်ယူခဲ့သည်။ ထိုအချိန်တွင် ကြေညာသူ ၁,၇၇၇ ဦး၏လုပ်ငန်းကို ကြီးကြပ်နိုင်ရန် တိုင်ပေရှိ ယခင်အဆောက်အအုံသည် သေးငယ်လှသည်။ နိုင်ငံတကာနှင့် ပြည်တွင်းမှ အသက်အရွယ်အမျိုးမျိုးရှိသော စေတနာ့ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုကြောင့် ၁၉၉၄၊ ဩဂုတ်လတွင် ဆင်းဝူရှိ အဆောက်အအုံအသစ်ကို စတင်အသုံးပြုနိုင်ခဲ့သည်။ ထိုအချိန်တွင် သမ္မာကျမ်းစာပါ သတင်းကောင်းဟောပြောသူ ၂,၅၁၅ ဦးရှိသည်။ ဆယ်နှစ်ကျော်ကြာပြီးနောက် ယခုအချိန်တွင် ထိုအရေအတွက်၏ နှစ်ဆဖြစ်သော ကြေညာသူ ၅,၅၀၀ ကျော်ရှိလာပြီ။ ၎င်း၏လေးပုံတစ်ပုံခန့်သည် လစဉ် အချိန်ပြည့်လုပ်ငန်းတွင် ပါဝင်နေသည်။ ထူးခြားချက်တစ်ခုမှာ လန်းဆန်းစေသော နံနက်ခင်း “ဆီးနှင်း” နှင့်တူသည့် လူငယ်မောင်မယ်များဖြစ်သည်။—ဆာလံ ၁၁၀:၃။
လူငယ်များကြား ဝိညာဉ်ရေးတိုးပွားမှု
ထက်သန်သော ကြေညာသူအများစုမှာ လူငယ်လေးများဖြစ်ကြသည်။ အချို့မှာ အခြေခံပညာအဆင့် ကျောင်းသားများဖြစ်သည်။ ဥပမာ၊ တရုတ် (တိုင်ပေ)မြောက်ပိုင်း မြို့ငယ်လေးတစ်မြို့မှ မောင်နှံစုံတစ်စုံသည် ယေဟောဝါသက်သေများ၏ သီအိုကရက်တစ်ဓမ္မအမှုကျောင်းကို ဦးဆုံးအကြိမ် တက်ရောက်ခဲ့သည်။ ဤကျောင်းက အခြားသူများအား သမ္မာကျမ်းစာအမှန်တရားများ မည်သို့သွန်သင်ပေးရမည်ကို သင်ပေးသည်။ လူငယ်လေးဝေဂျူန်သည် စင်မြင့်ပေါ်မှ ကျမ်းစာဖတ်ပြသည့်အခါ အချို့လူကြီးများထက် ပိုကျွမ်းကျင်သည်ကို ထိုမောင်နှံစုံ အံ့သြခဲ့ကြ၏။ အခြားအစည်းအဝေးများတွင်လည်း ကျောင်းမနေသေးသည့်အရွယ် ကလေးများပင် ကောင်းစွာမှတ်ချက်ပေးကြသည်ကို တွေ့ရ၍ အလွန်သဘောကျသွားသည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် လူငယ်ကလေးများ၏ လိမ္မာယဉ်ကျေးပုံကို ထိုမောင်နှံချီးမွမ်းခဲ့သည်။
ဗုဒ္ဓဘာသာနှင့် တာအိုဘာသာ လွှမ်းမိုးသောနိုင်ငံရှိ ထိုလူငယ်များသည် ကျမ်းစာအသိပညာဘက်တွင် အဘယ်ကြောင့် ဤမျှထက်သန်ကြသနည်း။ အကြောင်းမှာ သူတို့၏ခရစ်ယာန်မိဘများက ကျမ်းစာမူများကို ကျင့်သုံးပြီး ယေဟောဝါနှင့်ဆက်ဆံရေးကို အဓိကထားသည့် ပျော်ရွှင်သောမိသားစုဘဝ တည်ဆောက်ထားသောကြောင့်ဖြစ်သည်။ မိသားစုကျမ်းစာလေ့လာမှုနှင့် လယ်ကွင်းဓမ္မအမှုလုပ်ငန်းတွင် ပျော်မွေ့စေရန် ဝေဂျူန်၏မိဘများ အားထုတ်လုပ်ဆောင်ကြသောကြောင့် သူ၏အစ်ကိုနှင့်အစ်မတို့သည် နှစ်ခြင်းခံပြီးသားသက်သေခံများ ဖြစ်နေကြပြီ။ လူထုရှေ့ဟောပြောခြင်းတွင်ပါဝင်ရန် ဝေဂျူန်ကို မကြာသေးခင်က ပြောသောအခါ သူသည် ထိုလတွင် အိမ်သားအားလုံးထက် မဂ္ဂဇင်းပိုဝေငှခဲ့ကြောင်း သူ့မိခင်က ပြောပြခဲ့၏။ အမှန်တရားအကြောင်း ပြောဆိုခြင်း၊ အစည်းအဝေးများတွင် မှတ်ချက်ပေးခြင်းနှင့် အခြားသူများကို မိမိသင်ယူထားရာများ ပြောပြခြင်းတို့ကို သူအလွန်နှစ်သက်သည်။
သူတို့ကြီးပြင်းလာကြသောအခါ
၎င်းလူငယ်လေးများ ကြီးပြင်းလာသည့်အခါတွင်ကော မည်သို့နည်း။ အများစုသည် ယေဟောဝါကိုချစ်သည့်စိတ်နှင့် ဓမ္မအမှုလုပ်ငန်းကိုမြတ်နိုးစိတ် ဆက်တင်ပြခဲ့ကြသည်။ ဥပမာ၊ ဟွေပင်းသည် ကျောင်းသူတစ်ဦးဖြစ်သည်။ တစ်နေ့တွင် ဆရာက သွေးကိုလက်မခံသည့် ဘာသာရေးအဖွဲ့တစ်ဖွဲ့ရှိသော်လည်း သူတို့ကို သူမသိကြောင်း ပြောပြသည်။ အတန်းပြီးသွားသည့်အခါ ဤညီအစ်မငယ်က သွေးမသွင်းသူတို့သည် ယေဟောဝါသက်သေများဖြစ်ကြောင်းနှင့် အဘယ်ကြောင့် သွေးကိုလက်မခံကြကြောင်း ဆရာဖြစ်သူကို ရှင်းပြခဲ့၏။
နောက်နည်းပြတစ်ဦးက လိင်ဆိုင်ရာကူးစက်ရောဂါများအကြောင်း ဗီဒီယိုပြခဲ့သည်။ ဗီဒီယိုတွင် ၁ ကောရိန္သု ၆:၉ ကိုဖော်ပြထားသော်လည်း လိင်တူဆက်ဆံခြင်းကို ကျမ်းစာမတားမြစ်ထားဟူ၍ နည်းပြက ပြောခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း ဟွေပင်းသည် လိင်တူဆက်ဆံခြင်းနှင့်ပတ်သက်သော ဘုရားသခင့်ရှုမြင်ပုံကို နည်းပြအား ရှင်းပြခဲ့သည်။
ဟွေပင်း၏အတန်းဖော် ရှူရှာသည် အိမ်တွင်းအကြမ်းဖက်မှုအကြောင်း စာတမ်းရေးသားရန် ပြင်ဆင်ခဲ့သည်။ ဟွေပင်းက “ရိုက်နှက်ခံနေရသည့် အမျိုးသမီးများအတွက် အကူအညီ” ဟူသောခေါင်းစဉ်ရှိ ၂၀၀၂၊ အောက်တိုဘာလ ၈ ရက်ထုတ် နိုးလော့! ကိုပေးပြီး ယင်းတွင် အိမ်တွင်းအကြမ်းဖက်မှုနှင့်ပတ်သက်သော ကျမ်းစာအခြေပြုအချက်အလက်များစွာ ပါဝင်ကြောင်း ရှင်းပြခဲ့သည်။ နောက်ဆုံး ရှူရှာသည် နှစ်ခြင်းမခံရသေးသော ကြေညာသူတစ်ဦးဖြစ်လာ၏။ ယခု သူနှင့် ဟွေပင်းသည် အခြားသူများကို သတင်းကောင်းဟောပြောနေကြသည်။
ကျမ်းစာမူများအတိုင်း အသက်ရှင်သူများအဖြစ် ကျောင်းတွင် အသိအမှတ်ပြုခံရခြင်းသည် မလွယ်ကူကြောင်း ခရစ်ယာန်များစွာ တွေ့ရှိခဲ့ကြပြီ။ အထူးသဖြင့် ကျေးလက်ဒေသများတွင်ဖြစ်၏။ ဇီဟောင်းသည် သူ၏ယုံကြည်ချက်နှင့် ဟောပြောခြင်းလုပ်ငန်းကြောင့် ရွယ်တူချင်းဖိအားကို ခံခဲ့ရသည်။ သူဤသို့ပြောပြ၏– “အမှုဆောင်ထွက်တဲ့အခါ အတန်းဖော်တွေနဲ့တွေ့မှာ စိုးရိမ်ပြီး အရမ်းစိတ်ပျက်မိတယ်။ တစ်ခါတလေ ကျွန်တော့်ကို ကဲ့ရဲ့လှောင်ပြောင်တဲ့သူ ဆယ်ယောက်တောင်ရှိတယ်။” တစ်နေ့တွင် သူ၏ဘာသာအကြောင်း ဆရာက အတန်းရှေ့တွင် ပြောပြခိုင်းသည်။ “ကမ္ဘာဦးကျမ်း ကမ္ဘာဦး အခန်းကြီး ၁ ကနေ စပြောပြတယ်။ အဲဒီနောက် ကမ္ဘာနဲ့တခြားအရာတွေကို ဘယ်သူဖန်ဆင်းသလဲ။ လူဘယ်လိုဖြစ်လာသလဲဆိုတဲ့ အကြောင်းတွေကို ဆွေးနွေးခဲ့တယ်။ ကျမ်းစာဖွင့်ဖတ်တာနဲ့ တချို့က လှောင်ပြောင်ပြီး သိပ်အယူသီးတာပဲလို့ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော် အဆုံးအထိ ဆက်ပြောပြခဲ့တယ်။ နောက်ပိုင်းမှာ အတန်းဖော်တချို့ကို ကျွန်တော်တို့ရဲ့လုပ်ငန်းနဲ့ ယုံကြည်ချက်အကြောင်း ပြောပြခွင့်ရခဲ့တယ်။ အခု အမှုဆောင်ထွက်တဲ့အခါ သူတို့နဲ့တွေ့ရင် ကျွန်တော့်ကို မလှောင်ကြတော့ဘူး။”
ဇီဟောင်း ဤသို့ဆက်ပြောပြ၏– “ကျွန်တော့်မိဘတွေက သက်သေခံဖြစ်တဲ့အတွက် မနက်တိုင်း နေ့စဉ်ကျမ်းချက်ဆွေးနွေးကြတယ်။ ကျမ်းစာကိုလည်း အတူတကွလေ့လာကြပြီး အစည်းအဝေးတွေ မှန်မှန်တက်ကြတယ်။ ဒါကြောင့်လည်း ကျမ်းစာအမှန်တရား ဝေမျှတဲ့အခါ ဘယ်သူတွေကဲ့ရဲ့ပါစေ ကျွန်တော် ကောင်းကောင်းရင်ဆိုင်နိုင်ခဲ့တယ်။”
တင်းမေသည် နည်းပညာအမျိုးသမီးကျောင်းမှ ကျောင်းသူဖြစ်သည်။ အတန်းဖော်အချို့က အမျိုးသားကျောင်းမှ ကောင်လေးများနှင့်အတူ ပျော်ပွဲစားထွက်ဖို့ သူ့ကိုခေါ်ကြသည်။ ယင်းသည် အကျင့်ပျက်စေနိုင်သည့် အန္တရာယ်ရှိကြောင်း သူသိရှိထားရာ ငြင်းဆိုခဲ့၏။ လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်ဖြင့် အတန်းဖော်များကို သူရှင်းပြသည့်တိုင် အကြိမ်ကြိမ်ခေါ်ကြသည်။ * သူ့ကို ခေတ်နောက်ကျသည်ဟုဆိုကာ ကဲ့ရဲ့ကြသည်။ သို့သော် မကြာမီ သူတို့ထဲမှတစ်ဦးသည် ကိုယ်ဝန်ရလာကာ ကလေးဖျက်ချလိုက်ရသည်။ ထို့ကြောင့် ကျမ်းစာမူများလိုက်လျှောက်ခြင်းသည် အလွန်ပညာရှိကြောင်း ထင်ရှားခဲ့၏။ “ယေဟောဝါပြောတဲ့အတိုင်း လုပ်တဲ့အတွက် ကိုယ်ကိုကိုယ်သိစိတ် ကြည်လင်တယ်။ အရမ်းကျေနပ်ပျော်ရွှင်တယ်” ဟူ၍ တင်းမေ ပြောပြသည်။
တိုးပွားမှု၏ အဟန့်အတားများကိုအောင်မြင်ကျော်လွှားခြင်း
ရေဝမ်သည် တင်းမေ၏သူငယ်ချင်းတစ်ဦးဖြစ်၏။ သူငယ်စဉ်က ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်း၊ လယ်ကွင်းလုပ်ငန်းတွင် ပါဝင်ခြင်းတို့ကို အလွန်ပင်ငြီးငွေ့ခဲ့သည်။ သို့သော် အသင်းတော်ရှိသူများ၏ စစ်မှန်သောမေတ္တာနှင့် အတန်းဖော်များ၏ ဟန်ဆောင်မေတ္တာတို့ကို သူမြင်တွေ့လာရာ ဘဝတွင် ပြောင်းလဲဖို့လိုကြောင်း သိလာသည်။ ရေဝမ်သည် ကျောင်းနေဖက်များကို စတင်ဟောပြောခဲ့ရာ မကြာမီ သူဘာလုပ်သင့်ကြောင်း ပိုသိလာ၏။ ထို့ကြောင့် အရန်ရှေ့ဆောင်စလုပ်ပြီး တစ်လလျှင် နာရီ ၅၀ မှတ်တမ်းသွင်းခဲ့သည်။ ထို့နောက် မှန်မှန်ရှေ့ဆောင်ဆက်လုပ်ပြီး တစ်လလျှင် နာရီ ၇၀ မှတ်တမ်းသွင်းခဲ့သည်။ ရေဝမ်ဤသို့ပြော၏– “ယေဟောဝါကို ပြောမပြနိုင်လောက်အောင် ကျေးဇူးတင်တယ်။ ကျွန်မကို ကိုယ်တော် တစ်ခါမှ စိတ်မပျက်ခဲ့ဘူး။ ကိုယ်တော် စိတ်မကောင်းအောင် ခဏခဏလုပ်ခဲ့ပေမဲ့လည်း ကျွန်မကို ချစ်နေတုန်းပဲ။ အမေနဲ့ အသင်းတော်မှာရှိတဲ့သူတွေလည်း ကျွန်မကို ချစ်ကြတယ်။ အခု ကျွန်မမှာ ကျမ်းစာသင်အံမှုငါးခုရှိနေပြီ။ ဒါက ပျော်စရာအကောင်းဆုံး အလုပ်ပါပဲ။”
ကျေးလက်အထက်တန်းကျောင်းတစ်ကျောင်းတွင် သက်သေခံလူငယ်လေးနှစ်ဦးကို ရိုးရာအကပြိုင်ပွဲတွင် ပါဝင်ရန် တာဝန်ပေးခဲ့၏။ ထိုအကပြိုင်ပွဲအကြောင်း သိလာသောအခါ ယင်းတွင်ပါဝင်ခြင်းသည် ခရစ်ယာန်တစ်ဦး၏ ကိုယ်ကိုကိုယ်သိစိတ်ကို ထိခိုက်စေမည်ဟု သူတို့ယူဆခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ယုံကြည်ချက်ကို ရှင်းပြပြီး မပါဝင်နိုင်ကြောင်း ပြောပြသည့်အခါ လက်မခံခဲ့ပေ။ ယင်းအစား ဆရာများက တာဝန်ပေးသည့်အတိုင်း လုပ်ကိုလုပ်ရမည်ဟု ပြောခဲ့ကြသည်။ သို့တိုင် သူတို့အလျှော့မပေးခဲ့ကြချေ။ ပညာရေးဌာန၏ဝက်ဘ်ဆိုက်ကိုဖွင့်ပြီး သူတို့၏ပြဿနာနှင့်ပတ်သက်၍ စာတစ်စောင်ရေးပို့ခဲ့သည်။ သီးသန့်ပြန်စာမရရှိသော်လည်း ဤကိစ္စတွင် မည်သူ့ကိုမျှ အတင်းအကျပ်မခိုင်းဖို့ ကျောင်းကို ညွှန်ကြားခဲ့သည်။ ဤလူငယ်လေးနှစ်ဦးရရှိခဲ့သော ကျမ်းစာဆိုင်ရာလေ့ကျင့်မှုက သူတို့၏ကိုယ်ကိုကိုယ်သိစိတ်ကို ပုံသွင်းပေးသည့်အပြင် မှန်ရာကိုလုပ်ဆောင်ရန် ခွန်အားပေးသောကြောင့် သူတို့ အလွန်ပျော်ရွှင်ခဲ့လေသည်။
ကာယရေးတွင် ကန့်သတ်ချက်များရှိသူတို့ပင် အခြားသူများကို ကျမ်းစာမျှော်လင့်ချက်ဝေမျှရာတွင် ပျော်ရွှင်နေကြ၏။ မင်းယုသည် မွေးရာပါ ပိုလီယိုအကြောသေရောဂါသည်ဖြစ်သည်။ လက်များအကြောသေနေရာ လျှာဖြင့် စာရွက်များလှန်၍ ကျမ်းချက်ဖွင့်ရသည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် တာဝန်ကျသည့်အခါ သူသည် ခုံရှည်နိမ့်နိမ့်ပေါ်တွင် လှဲနေရပြီး အိမ်ရှင်ဖြစ်သူညီအစ်မက ခွေးခြေခုံပေါ်ထိုင်ကာ မိုက်ခွက်ကိုင်ပေးရသည်။ မင်းယု၏ကြိုးစားလုပ်ဆောင်မှုကို မြင်ရခြင်းသည် ပီတိဖြစ်စရာကောင်းလှ၏။
မင်းယု ကြေညာသူဖြစ်လာသောအခါ အသင်းတော်ရှိညီအစ်မအချို့က တယ်လီဖုန်းဖြင့်သက်သေခံနည်းကို သင်ပေးကြသည်။ သူက ဖုန်းနံပါတ်များကို လျှာဖြင့်နှိပ်ပြီး ညီအစ်မများက သူဟောပြောသည့် မှတ်တမ်းများကို ရေးမှတ်ပေးကြသည်။ ဤသို့လုပ်ရသည်ကို သူအလွန်ပျော်မွေ့လာရာ အရန်ရှေ့ဆောင်လုပ်ခဲ့ပြီး တစ်လလျှင် နာရီ ၅၀ နှင့် ၆၀ ကြား ဖုန်းဖြင့်ဟောပြောခဲ့သည်။ ကျမ်းစာစာပေလက်ခံသူများကို နောက်တစ်ကြိမ် ဖုန်းနှင့်ပြန်ဆက်သွယ်သည်။ ဤနည်းဖြင့် ယခု ကျမ်းစာသင်အံမှုသုံးခု ပြုလုပ်နေပါသည်။
မှန်ပါသည်၊ တရုတ် (တိုင်ပေ)ရှိ ယေဟောဝါသက်သေများ၏ အသင်းတော်ပေါင်း ၇၈ ခုမှ လန်းဆန်းစေသော ဆီးနှင်းပေါက်များနှင့်တူသည့် လူငယ်မောင်မယ်တို့သည် တလိုတလား၊ ဇွဲထက်သန်စွာဖြင့် လူဦးရေထူထပ်သော ဤကျွန်းကလေးရှိ လူများထံ အသက်ပေးသတင်းကောင်း သယ်ဆောင်နေကြသည်။ ယင်းက ဤကျမ်းစာပရောဖက်ပြုချက်၏ ကမ္ဘာချီပြည့်စုံမှု တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်– “တန်ခိုးတော်ပြသောနေ့ရက်ကာလ၌ ကိုယ်တော်၏လူတို့သည် သန့်ရှင်းသောတန်ဆာကိုဆင်လျက် ကြည်ညိုသောစေတနာစိတ်ရှိ၍ လူပျိုတော်တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ဖြစ်ကြပါလိမ့်မည်။” (ဆာလံ ၁၁၀:၃) ဤလူငယ်မောင်မယ်များသည် အသင်းတော်ရှိ သက်ကြီးရွယ်အိုများအတွက် အားပေးမှုရင်းမြစ်တစ်ခုပင်။ ထို့ထက်ကား သူတို့၏ ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်ကို အမှန်ပင် စိတ်ရွှင်လန်းစေသည်တကား။—သု. ၂၇:၁၁။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 16 ယေဟောဝါသက်သေများထုတ်ဝေသည်။
[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ဘုရားသခင့်နိုင်ငံတော်ခန်းမများ ပိုလိုအပ်လာ
တရုတ်(တိုင်ပေ)တွင် ကြေညာသူဦးရေတိုးပွားလာသည်နှင့်အမျှ ဘုရားသခင့်နိုင်ငံတော်ခန်းမများလည်း ပိုလိုအပ်လာသည်။ သို့သော် ယင်းသည် သူတို့အတွက် စိန်ခေါ်ချက်ဖြစ်၏။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျေးလက်ဒေသအနည်းငယ်မှလွဲ၍ ကျန်ဒေသများစွာတွင် ခန်းမများဆောက်ရန် သင့်တော်သောမြေနေရာ မရှိပေ။ မြေဈေးကြီးသည့်အပြင် နယ်မြေဥပဒေများကလည်း အကန့်အသတ်ရှိ၏။ မြို့ကြီးများတွင် ရုံးအဆောက်အဦများကို ဝယ်ယူကာ ခန်းမများအဖြစ် ပြောင်းလဲအသုံးပြုခြင်းက တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ သို့တိုင် ရုံးအဆောက်အဦများသည် မျက်နှာကြက်နိမ့်ပြီး ပြုပြင်ထိန်းသိမ်းမှုစရိတ်ကြီးသည်။ ထို့အပြင် အဆင့်မြင့်လုံခြုံရေးအဆောက်အအုံများဖြစ်သောကြောင့် အဝင်အထွက်ခက်ခဲပြီး အခြားအဆင်မပြေမှုများလည်းရှိသည်။
သို့သော် မကြာသေးမီနှစ်များက တရုတ်(တိုင်ပေ) ရှိ ယေဟောဝါသက်သေများသည် ခန်းမအသစ်များ ရရှိနိုင်ခဲ့ကြ၏။ သက်သေခံများ၏ တလိုတလား ငွေကြေးလှူဒါန်းမှုနှင့် ဆောက်လုပ်ရေးနည်းပညာ ပိုတိုးတက်လာမှုတို့ကြောင့် မြေနေရာအသစ်များ ဆက်လက်ရှာဖွေလျက်ရှိသည်။