“ကိုးနှစ်သားလေး ကြောင့်”
“ကိုးနှစ်သားလေး ကြောင့်”
ဗက်စ်ဝါဗာသည် ပိုလန်နိုင်ငံတောင်ပိုင်းတွင် နေထိုင်သူဖြစ်ပြီး ယေဟောဝါသက်သေများ သူ၏အိမ်တံခါးဝသို့ရောက်လာတိုင်း ယဉ်ယဉ်ကျေးကျေးပင် ငြင်းဆိုခဲ့သူဖြစ်သည်။ တစ်နေ့တွင် ကိုးနှစ်အရွယ် ဆယ်မြူအယ်လ်သည် မိခင်နှင့်အတူ သူ၏အိမ်တံခါးဝသို့ ရောက်လာသည်။ ဤအကြိမ်တွင် ဗက်စ်ဝါဗာသည် နားထောင်ရန်ဆုံးဖြတ်လိုက်ပြီး မြေကြီးပရဒိသုအကြောင်းပါသည့် မဂ္ဂဇင်းတစ်စောင်ကို လက်ခံခဲ့သည်။
ယေရှုခရစ်၏သေခြင်း အောက်မေ့ရာနေ့နီးလာပြီဖြစ်သောကြောင့် ဆယ်မြူအယ်လ်က ထိုအထူးနေ့ကိုတက်ရောက်ရန် ဗက်စ်ဝါဗာကို ဖိတ်ခေါ်လိုခဲ့သည်။ သို့နှင့် ဖိတ်စာယူဆောင်သွားကာ ဗက်စ်ဝါဗာထံသို့ မိခင်နှင့်အတူ တစ်ခါပြန်လည်ပတ်ခဲ့သည်။ ဆယ်မြူအယ်လ်မှာ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည်ကို တွေ့ရသောကြောင့် ဗက်စ်ဝါဗာသည် ခေတ္တခွင့်တောင်းကာ ပိုသင့်လျော်မည့်အဝတ် ဝတ်ဆင်ရန် အိမ်ထဲဝင်သွားသည်။ ပြီးနောက် ပြန်လာကာ ဆယ်မြူအယ်လ်၏စကားကိုနားထောင်ပြီး သူ၏ဖိတ်ခေါ်ချက်ကို လက်ခံခဲ့သည်။ “တစ်ယောက်ထဲလာရမှာလား၊ ဒါမှမဟုတ် အမျိုးသားကိုပါ ခေါ်လာရမလား” ဟုမေးသည်။ “တကယ်လို့ အမျိုးသားက မလာနိုင်ဘူးဆိုရင် တို့လာခဲ့ပါ့မယ်။ ဆက်ဆက်လာခဲ့ပါ့မယ်” ဟုဆယ်မြူအယ်လ်ကို ဝမ်းသာစေလို၍ ကတိပေးခဲ့သည်။
အောက်မေ့ရာနေ့ဟောပြောချက်ပေးနေစဉ် ဆယ်မြူအယ်လ်သည် ဗက်စ်ဝါဗာ၏ဘေးတွင်ထိုင်ကာ ဆွေးနွေးနေသည့်ကျမ်းချက်များကို ပြပေးခဲ့သည်။ ဗက်စ်ဝါဗာသည် ယင်းကို စိတ်စွဲမှတ်သွားသည်။ သူသည် အောက်မေ့ရာနေ့အစီအစဉ်ကို နှစ်သက်သဘောကျပြီး လေးနက်သည့်အကြောင်းအရာကို ရိုးရှင်းသည့်အသုံးအနှုန်းဖြင့် ရှင်းပြသွားသည်ကို ကျေးဇူးတင်လေးမြတ်ခဲ့သည်။ အသင်းတော်မှပြသသည့် နွေးထွေးသည့်ကြိုဆိုမှုနှင့် ကြင်နာမှုကြောင့်လည်း စိတ်လှုပ်ရှားခဲ့ရသည်။ ထိုအချိန်မှစ၍ ဗက်စ်ဝါဗာသည် ဝိညာဉ်ရေးရာများကို ပို၍စိတ်ဝင်စားလာပြီး ယေဟောဝါသက်သေများနှင့် စတင်ပြီးမှန်မှန်ပူးပေါင်းလာခဲ့သည်။ မကြာသေးမီက သူဤသို့ပြောပြခဲ့၏– “အရင်တုန်းက သက်သေခံတွေ ကျွန်မရဲ့အိမ်တံခါးဝ ရောက်လာရင် နားမထောင်မိခဲ့တာကို ရှက်မိတယ်။ ကိုးနှစ်သားလေး၊ ဒီဆယ်မြူအယ်လ်လေးကြောင့် ကျွန်မနားထောင်ခဲ့တာလို့ ပြောလို့ရတယ်။”
ပိုလန်နိုင်ငံတွင် ဆယ်မြူအယ်လ်ကဲ့သို့သော ယေဟောဝါသက်သေလူငယ်များစွာသည်လည်း နှုတ်အားဖြင့်၊ အသွင်အပြင်အားဖြင့်နှင့် အမူအကျင့်ကောင်းများအားဖြင့် ဘုရားသခင်ကို ချီးမွမ်းနေကြသည်။ သင်သည် လူငယ်တစ်ဦးဖြစ်မည်ဆိုလျှင် စိတ်ရိုးဖြောင့်သောသူများအား ကြံ့ခိုင်သောဝိညာဉ်ရေးစံနှုန်းများကို တန်ဖိုးထားလာစေရန် သင်လည်း အကူအညီပေးနိုင်ပါသည်။