ချစ်ရသူတစ်ဦး ယေဟောဝါကို ကျောခိုင်းသွား သောအခါ
ချစ်ရသူတစ်ဦး ယေဟောဝါကို ကျောခိုင်းသွား သောအခါ
မာ့ခ်နှင့် လူဝိစ္စတို့သည် ယေဟောဝါသက်သေများဖြစ်ကြသည်။ * ခရစ်ယာန်မိဘများပြုလုပ်ဖို့ သမ္မာကျမ်းစာတိုက်တွန်းထားသည့်အတိုင်း သူတို့၏သားသမီးများအား မေတ္တာရှိရှိ၊ ဂရုတစိုက်နှင့် ကျမ်းစာသင်ပေးခဲ့ကြသည်။ (သု. ၂၂:၆; ၂ တိမောသေ ၃:၁၅) ဝမ်းနည်းစရာမှာ၊ အရွယ်ရောက်လာကြသည်နှင့်အမျှ သူတို့၏သားသမီးတချို့သည် ယေဟောဝါကို ဆက်မကိုးကွယ်ကြတော့ချေ။ “ဝိညာဉ်ရေးကနေ လမ်းလွဲသွားကြတဲ့ကလေးတွေအတွက် ကျွန်မတော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ နေ့စဉ် စိတ်ထဲမှာ နာကျင်မှုခံစားနေရတာကို ဘယ်လိုလို့ ဟန်ဆောင်နိုင်မှာလဲ။ တခြားသူတွေ သူတို့သားတွေအကြောင်းပြောတဲ့အခါ ကျွန်မရင်ထဲမှာဆို့နင့်လာပြီး မျက်ရည်တွေကို မနည်းထိန်းရတယ်” ဟုလူဝိစ္စပြောပြသည်။
မှန်ပါသည်၊ လူတစ်ယောက်သည် ယေဟောဝါနှင့် သမ္မာကျမ်းစာတွင် ဖော်ပြထားသည့်အသက်တာလမ်းစဉ်ကို ကျောခိုင်းသွားသောအခါ တည်ကြည်သောမိသားစုဝင်များ အလွန်စိတ်ထိခိုက်မှုခံစားရသည်မှာ ဖြစ်ရိုးဖြစ်စဉ်ပင်။ “ညီမလေးကို ကျွန်မအရမ်းချစ်တယ်။ ယေဟောဝါဆီ သူပြန်လာဖို့အတွက်ဆိုရင် ကျွန်မဘာမဆိုလုပ်မယ်” ဟုအိုင်ရင်းပြောသည်။ မောင်လေးဖြစ်သူသည် ကိုယ်ကျင့်တရားဖောက်ပြန်သည့်လမ်းစဉ်လိုက်ကာ ယေဟောဝါကို ကျောခိုင်းသွားသောအခါ အစ်မဖြစ်သူ မာရီးယာက ဤသို့ပြောပြသည်– “ဒီလိုဖြစ်သွားတာ ကျွန်မအတွက် တော်တော်လေးခံရခက်တယ်၊ ဘာလို့လဲဆိုတော့ သူဟာ တခြားအရာတွေနဲ့ပတ်သက်ရင် ကျွန်မအတွက် တကယ်ကောင်းတဲ့မောင်လေးတစ်ယောက်ဖြစ်တယ်။ မိသားစုမိတ်ဆုံစားပွဲတွေ လုပ်တဲ့အချိန်မှာ အထူးသဖြင့် သူ့ကိုသတိရတယ်။”
အဘယ်ကြောင့် အလွန်ခံရခက်သနည်း
ကလေးတစ်ဦး သို့မဟုတ် ချစ်ရသူတစ်ဦး ဝိညာဉ်ရေးတွင်ပျောက်ဆုံးသွားခြင်းက အဘယ်ကြောင့် ခရစ်ယာန်ဆွေမျိုးများကို ထိုသို့သောစိတ်ဆင်းရဲမှု ဖြစ်စေသနည်း။ အကြောင်းမှာ ယေဟောဝါအပေါ် ဆက်၍တည်ကြည်သူတို့သာ မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ရမည်ဟု သမ္မာကျမ်းစာက ကတိပေးထားကြောင်း သူတို့သိထားသောကြောင့် ဖြစ်သည်။ (ဆာလံ ၃၇:၂၉; ၂ ပေတရု ၃:၁၃; ဗျာ. ၂၁:၃-၅) သူတို့သည် ထိုကောင်းချီးများကို သူတို့၏အိမ်ထောင်ဖက်၊ သားသမီး၊ မိဘ၊ မောင်နှမများနှင့် မြေးများကိုလည်း မျှဝေခံစားစေလိုကြသည်။ ယေဟောဝါကို စွန့်ခွာသွားကြသော မိမိတို့ချစ်မြတ်နိုးသူတို့သည် ထိုကောင်းချီးများ ခံစားရတော့မည်မဟုတ်ကြောင်း စဉ်းစားလိုက်သောအခါ မည်မျှစိတ်နာကြည်းစရာကောင်းမည်ဖြစ်ခြင်း! မိမိတို့၏လက်ရှိအသက်တာနှင့်ပတ်သက်၍ စဉ်းစားလျှင်ပင် ယေဟောဝါ၏ပညတ်များနှင့် မူများသည် မိမိတို့အကျိုးအတွက်ဖြစ်ကြောင်း ခရစ်ယာန်များ သိထားကြသည်။ ထို့ကြောင့် ခရစ်ယာန်များသည် မိမိတို့ချစ်ရသူတို့က ထိုသို့သောလမ်းစဉ်ကို လိုက်သွားသည့်အတွက် ခါးသီးသောအကျိုးဆက်များ ရိတ်သိမ်းရမည်ကို သိသော ကြောင့် ဝမ်းနည်းကြသည်။—ဟေရှာယ ၄၈:၁၇၊ ၁၈; ဂလာတိ ၆:၇၊ ၈။
ထိုသို့သောအဖြစ်မျိုး မည်သည့်အခါမျှ မကြုံဖူးသော အချို့သူတို့အတွက် ယင်းသို့ယူကျုံးမရဖြစ်စေသည်ကို နားလည်ရန် ခက်ပေမည်။ ယင်းခံစားချက်က ဘဝကဏ္ဍတိုင်းနီးပါးအပေါ် သက်ရောက်မှုရှိနိုင်သည်။ “ခရစ်ယာန်အစည်းအဝေးတွေ တက်တာ၊ မိဘတွေ သူတို့သားသမီးတွေနဲ့ရယ်မောစကားပြော နေကြတာကို မြင်ရတဲ့အခါ ပိုပြီးစိတ်မကောင်းဖြစ်လာတယ်။ ပျော်ရွှင်စရာကောင်းတဲ့အချိန်အခါတွေမှာ ချစ်ရသူတစ်ယောက်မရှိတဲ့အတွက် စိတ်ညှိုးငယ်ခဲ့ရတယ်” ဟုလူဝိစ္စက ပြောသည်။ ခရစ်ယာန်အကြီးအကဲတစ်ဦးသည် သူ၏မယားပါသမီးက သူတို့နှင့်အဆက်အသွယ်မလုပ်တော့သည့် လေးနှစ်တာကာလကို ပြန်ပြောင်းအောက်မေ့သည်။ သူ ဤသို့ပြောပြ၏– “‘ပျော်ရွှင်ဖွယ်အချိန်လေးတွေ’ မှာတောင် ဝမ်းနည်းစရာ ဖြစ်သွားတတ်တယ်။ ကျွန်တော့်ဇနီးကို လက်ဆောင်တစ်ခုခုပေးခဲ့ရင် ဒါမှမဟုတ် စနေတနင်္ဂနွေလိုရက်တွေမှာ သူ့ကို ပျော်စရာကောင်းတဲ့တစ်နေရာရာကို ခေါ်သွားခဲ့ရင်လည်း ကျွန်တော်တို့ဒီလိုပျော်နေချိန်မှာ သူ့သမီးမပါတာကို စဉ်းစားပြီး ငိုနေတော့တာပဲ။”
ထိုသို့သောခရစ်ယာန်များသည် အမူပိုလွန်းနေခြင်းလော။ ထိုသို့ယူမှတ်စရာမလိုပါ။ အမှန်သော်၊ လူသည် ဘုရားသခင့်ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရသောကြောင့် သူတို့သည် ယေဟောဝါ၏အရည်အချင်းများကို အတိုင်းအတာတစ်ခုထိ ထင်ဟပ်ပြနေခြင်းဖြစ်ပေမည်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇) ယင်းက အဘယ်အရာကို ဆိုလိုသနည်း။ စဉ်းစားကြည့်ပါ၊ မိမိလူမျိုးတော်ဣသရေလလူတို့သည် ယေဟောဝါကို ပုန်ကန်သောအခါ ကိုယ်တော်မည်သို့ခံစားခဲ့သနည်း။ ဆာလံ ၇၈:၃၈-၄၁ အရ ယေဟောဝါစိတ်တော်နာသည်ကို ကျွန်ုပ်တို့သိရသည်။ သို့တိုင် ကိုယ်တော်သည် သူတို့ကို စိတ်ရှည်စွာ သတိပေးဆုံးမခဲ့ပြီး နောင်တရကြောင်း တင်ပြလာသောအခါ ကြိမ်ဖန်များစွာ ခွင့်လွှတ်ခဲ့သည်။ ယေဟောဝါသည် ‘ကိုယ်တိုင်ဖန်ဆင်းတော်မူသောအရာ’ ကို သနားခြင်းစိတ်ရှိတော်မူပြီး သူတို့ကို အလွယ်တကူ လျစ်လျူမရှုခဲ့ပါ။ (ယောဘ ၁၄:၁၅; ယောန ၄:၁၀၊ ၁၁) ကိုယ်တော်သည် လူသား တို့တွင် ထိုသို့သောသံယောဇဉ်တွယ်မိနိုင်သည့် အစွမ်းအစကို ထည့်သွင်းတော်မူပြီး မိသားစုဝင်များ၏မေတ္တာနှောင်ကြိုးသည် ပို၍ခိုင်မြဲနေနိုင်သည်။ ထို့ကြောင့် လူသည် မိမိတို့ချစ်မြတ်နိုးရသောဆွေမျိုးတစ်ယောက် ဝိညာဉ်ရေးတွင် ပျောက်ဆုံးသွားသည့်အခါ ဝမ်းနည်းကြေကွဲကြမည်မှာ အံ့ဩစရာမဟုတ်ပါလေ။
စင်စစ်၊ ချစ်ရသူတစ်ဦး ဝိညာဉ်ရေးတွင် ပျောက်ဆုံးသွားခြင်းသည် စစ်မှန်သောကိုးကွယ်သူတို့အပေါ် ကျရောက်လာသည့် အခက်ခဲဆုံးစမ်းသပ်မှုများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ (တမန်တော် ၁၄:၂၂) ယေရှုက မိမိ၏သတင်းတရားကို လက်ခံခြင်းသည် အချို့သောမိသားစုအတွင်း ပြိုကွဲမှုဖြစ်လာနိုင်ကြောင်း ပြောခဲ့သည်။ (မဿဲ ၁၀:၃၄-၃၈) ယင်းသည် သမ္မာကျမ်းစာသတင်းတရားကိုယ်နှိုက်ကြောင့် မိသားစုပြိုကွဲရခြင်းမဟုတ်ပါ။ ယင်းအစား၊ မယုံကြည်သူ သို့မဟုတ် တည်ကြည်မှုမရှိသောမိသားစုဝင်များက ခရစ်ယာန်လမ်းစဉ်ကို ငြင်းပယ်၊ စွန့်လွှတ် သို့မဟုတ် ဆန့်ကျင်ခြင်းပင်ဖြစ်သောကြောင့် ယင်းသို့ပြိုကွဲသွားခြင်းဖြစ်သည်။ သို့သော်၊ ယေဟောဝါသည် မိမိအပေါ်တည်ကြည်သူတို့ရင်ဆိုင်ရသည့် စမ်းသပ်မှုများကို မဖြေရှင်းဘဲ စွန့်ပစ်ထားမည်မဟုတ်သောကြောင့် ကျွန်ုပ်တို့ဝမ်းသာနိုင်ကြသည်။ ယခုပင် သင်သည် မိမိချစ်ရသူတစ်ဦးကို ဝိညာဉ်ရေးအရ ဆုံးရှုံးသွားသောကြောင့် ဝမ်းနည်းကြေကွဲနေမည်ဆိုလျှင် ထိုကြေကွဲမှုကို ခံနိုင်ရန်နှင့် ပျော်ရွှင်ပြီး ကျေနပ်ရောင့်ရဲမှုကို ရှာတွေ့နိုင်ရန် အဘယ်သမ္မာကျမ်းစာမူများက သင့်အား ကူညီပေးနိုင်သနည်း။
ဖြေရှင်းနည်း
“ကိုယ်ကိုဆောက်တည်လျက် . . . ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုစောင့်ရှောက်၍နေကြလော့။” (ယုဒ ၂၀၊ ၂၁၊ သမ္မာ) တစ်စုံတစ်ရာသောအခြေအနေပေါ်မူတည်ပြီး ယေဟောဝါ၏အမှုတော်ထမ်းဆောင်ခြင်းမှ ရပ်တန့်သွားသောမိသားစုဝင်တစ်ဦးကို ကူညီပေးရန် ဤအချိန်တွင် အဘယ်အရာမျှ လုပ်ပေး၍မရ ဖြစ်နိုင်သည်။ သို့သော် ဆက်၍တည်ကြည်နေသော အခြားမိသားစုဝင်များအပြင် ကိုယ့်ကိုယ်ကိုပါ တည်ဆောက်နိုင်ပြီး တည်လည်းတည်ဆောက်သင့်သည်။ မိမိသားသုံးယောက်အနက် နှစ်ယောက်က အမှန်တရားကို စွန့်ခွာသွားသည့်အဖြစ်နှင့် ကြုံတွေ့ရသူ ဗရော့နီကာက ဤသို့ပြောသည်– “ကျွန်မတို့ရဲ့ဝိညာဉ်ရေးအခြေအနေ ဆက်ပြီးခိုင်မြဲနေစေမယ်ဆိုရင် ဒါဟာ သားနှစ်ယောက် အသိတရားပြန်ရလာတဲ့အခါ သူတို့ကို ပြန်ကြိုဆိုနိုင်ဖို့ အကောင်းဆုံးအခြေအနေမှာ ရှိနေတာဖြစ်လိမ့်မယ်။ ဖြုန်းတီးတဲ့သားရဲ့ဖခင်ဟာ သူ့သားကို ပြန်လက်ခံနိုင်တဲ့ အခြေအနေတစ်ခုမှာ မရှိခဲ့ဘူးဆိုရင် သားဖြစ်သူဟာ ဘယ်ရောက် နေမလဲဆိုတဲ့ ကြင်နာမှုရှိတဲ့အကြံပေးချက်ကို ကျွန်မနဲ့ ကျွန်မခင်ပွန်း ရရှိခဲ့ပါတယ်။”
သင့်ကိုသင် ခိုင်မြဲသောအခြေအနေ၌ရှိနေစေဖို့ ဝိညာဉ်ရေးလှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ပါလေ။ ယင်းတွင် လေးနက်သောကျမ်းစာလေ့လာမှု အစီအစဉ်တစ်ခုထားရှိခြင်းနှင့် ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။ အခြေအနေခွင့်ပြုသရွေ့ အသင်းတော်ရှိအခြားသူတို့ကို ကူညီပေးနိုင်ရန် ကိုယ့်ကိုယ်ကို အသုံးတော်ခံပါလေ။ အစပိုင်းတွင် ထိုသို့သောလုပ်ဆောင်မှုများသည် ခက်ခဲမည်မှာမှန်၏။ ဗရော့နီကာ ဤသို့ပြန်ပြောသည်– “ကျွန်မစိတ်ထဲမှာ ဦးဆုံးပေါ်လာတာက ဒဏ်ရာရထားတဲ့တိရစ္ဆာန်တစ်ကောင်လိုပဲ တစ်ယောက်တည်း သီးခြားနေချင်တယ်။ ဒါပေမဲ့ ကျွန်မခင်ပွန်းက ကျွန်မတို့ရဲ့ကောင်းတဲ့ဝိညာဉ်ရေးလုပ်ရိုးလုပ်စဉ်ကို ဆက်လုပ်ဖို့ အလေးအနက်ပြောတယ်။ အစည်းအဝေးတွေသွားဖြစ်အောင် သူအသေအချာစီစဉ်တယ်။ စည်းဝေးကြီးတက်ဖို့ အချိန်ရောက်လာတဲ့အခါ အဲဒီစည်းဝေးကြီးကိုသွားပြီး လူတွေနဲ့တွေ့ဆုံဖို့ ခွန်အားအများကြီး လိုအပ်ခဲ့တယ်။ ဒါပေမဲ့လည်း အစီအစဉ်က ကျွန်မတို့ကို ယေဟောဝါထံ ပိုပြီးချဉ်းကပ်စေခဲ့တယ်။ ဆက်တည်ကြည်နေတဲ့ ကျွန်မတို့ရဲ့သားလည်း အဲဒီစည်းဝေးကြီးကနေ အထူးသဖြင့် တည်ဆောက်မှုရရှိခဲ့တယ်။”
အစောပိုင်းတွင် ဖော်ပြထားသော မာရီးယာက လယ်ကွင်းဓမ္မအမှုတွင် အလုပ်များနေခြင်းသည် အထူးသဖြင့် အကူအညီဖြစ်စေခဲ့ကြောင်းတွေ့ရှိပြီး လောလောဆယ်တွင် သူသည် သမ္မာကျမ်းစာအကြောင်း သင်ယူရန် လူလေးယောက်ကို ကူညီပေးလျက်ရှိသည်။ ထပ်တူပင် လော်ရာ ဤသို့ပြောသည်– “ကနေ့ထိ ကျွန်မနေ့တိုင်းငိုနေပေမဲ့၊ ကလေးတွေကိုပြုစုပျိုးထောင်ရာမှာ အောင်မြင်မှုရရှိကြတဲ့ တချို့မိဘတွေရဲ့အဖြစ်မျိုး ကျွန်မမှာမရှိပေမဲ့ ဒီနောက်ဆုံးနေ့ရက်တွေမှာ မိသားစုတွေကို ကူညီပေးနိုင်တဲ့ သမ္မာကျမ်းစာရဲ့ပြည့်ဝစုံလင်တဲ့သတင်းတရား ကျွန်မမှာအမှန်ရှိနေတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်တယ်။” အသင်းတော်ကိုစွန့်ခွာသွားကြသော အရွယ်ရောက်သားသမီးများ၏ မိဘဖြစ်သူ ကဲန်နှင့် အယ်လင်နာတို့သည် ဘုရား
သခင့်နိုင်ငံတော်ကြေညာသူများ ပို၍လိုအပ်သည့်နေရာသို့ ပြောင်းရွှေ့ရန် မိမိတို့၏အခြေအနေများကို စီစဉ်ခဲ့ကြပြီး အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်ခဲ့ကြသည်။ ယင်းက ကိစ္စရပ်များကို အရှိအတိုင်း ရှုမြင်တတ်ရန်နှင့် ဝမ်းနည်းခြင်း၏ဝါးမျိုမှုကိုမခံရရန် သူတို့ကို အကူအညီဖြစ်စေခဲ့သည်။မျှော်လင့်ချက်ကို မစွန့်လွှတ်နှင့်။ မေတ္တာသည် “ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။” (၁ ကောရိန္သု ၁၃:၇) အထက်တွင် ဖော်ပြထားသော ကန်က ဤသို့ပြောသည်– “ကျွန်တော်တို့ရဲ့ကလေးတွေ သမ္မာတရားလမ်းစဉ်ကို စွန့်ခွာသွားကြတဲ့အခါ ဒါဟာ သူတို့သေသွားပြီလို့ ကျွန်တော်ခံစားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ညီမသေပြီးတဲ့နောက်မှာတော့ ကျွန်တော့်အမြင်ပြောင်းသွားခဲ့တယ်။ ကျွန်တော့်ကလေးတွေဟာ ပကတိသေသွားတာမဟုတ်ဘဲ ယေဟောဝါဆီ သူတို့ပြန်လာဖို့ ကိုယ်တော်လမ်းဖွင့်ထားဆဲဖြစ်တဲ့အတွက် ကျွန်တော်ကျေးဇူးတင်တယ်။” အမှန်ပင်၊ သမ္မာတရားကို ကျောခိုင်းသွားသူများစွာတို့သည် နောက်ဆုံးတွင် အမှန်တကယ်ပြန်လာကြကြောင်း တွေ့ကြုံမှုများက ဖော်ပြသည်။—လုကာ ၁၅:၁၁-၂၄။
ကိုယ့်ကိုယ်ကိုအပြစ်တင်ခြင်းကို တွန်းလှန်ပါ။ အထူးသဖြင့် အတိတ်ကို ပြန်လှန်လှောတတ်သော မိဘများသည် အချို့သောအခြေအနေများကို တစ်မျိုးတစ်မည်မကိုင်တွယ်ခဲ့မိ၍ နောင်တရခဲ့ကြသည်။ သို့ရာတွင် ယေဇကျေလ ၁၈:၂၀ ၌ အဓိကပေါ်လွင်သောအချက်မှာ ယေဟောဝါသည် မိဘကိုမဟုတ်ဘဲ မိမိ၏မှားယွင်းသောရွေးချယ်မှုအတွက် တာဝန်ရှိသောပြစ်မှားသူကို ပြောနေခြင်းဖြစ်သည်။ မိမိတို့သားသမီးများကို နည်းလမ်းမှန်ဖြင့် ပြုစုပျိုးထောင်ရန် မိဘတို့တာဝန်နှင့်ပတ်သက်သည့် အချက်အလက်များစွာကို နယပုံပြင်ကျမ်းတွင် ဖော်ပြထားသော်လည်း မိဘစကားနားထောင်ရန်နှင့် သူတို့ကိုနာခံရန်ဟူသော လူငယ်များကိုပေးသော ဆုံးမစကားသည် မိဘများကို ပေးသောအကြံပေးချက်ထက် လေးဆကျော်ပါဝင်ခြင်းမှာ စိတ်ဝင်စားစရာပင်။ မှန်ပါသည်၊ မိမိတို့၏မစုံလင်သောမိဘများ၏ သမ္မာကျမ်းစာပေါ် အခြေခံသည့်လေ့ကျင့်ပေးမှုကို တုံ့ပြန်ရန် သားသမီးများတွင် တာဝန်ရှိသည်။ ထိုအချိန်က သင်တို့တတ်နိုင်သမျှကို လုပ်ဆောင်ခဲ့ကြပေမည်။ သို့တိုင်၊ အမှားတစ်ခုခုလုပ်မိပြီး ယင်းတို့သည် တကယ်ပင် သင်တို့၏အပြစ်ဖြစ်သည်ဟု ခံစားရလျှင်ပင် သင်၏အမှားများကြောင့် သင်ချစ်ရသူတစ်ဦး သမ္မာတရားမှ ထွက်သွားသည်ဟု ယူမှတ်စရာမလိုပါ။ မည်သို့ပင်ဖြစ်ပါစေ၊ “တကယ်လို့သာ” ဟုပြန်ပြောနေခြင်းဖြင့် အဘယ်အကျိုးမျှမရရှိနိုင်ပေ။ သင်တို့အမှားများမှ သင်ခန်းစာယူပြီး ယင်းတို့ကိုထပ်မလုပ်မိရန် စိတ်ဆုံးဖြတ်ကာ ခွင့်လွှတ်မှုအတွက် ယေဟောဝါထံဆုတောင်းပါ။ (ဆာလံ ၁၀၃:၈-၁၄; ဟေရှာယ ၅၅:၇) ယင်းနောက် အတိတ်ကိုမဟုတ်၊ အနာဂတ်ကို မျှော်ကြည့်ပါ။
အခြားသူများအပေါ် သည်းခံတတ်ပါ။ အချို့သူတို့သည် ထိုသို့သောအတွေ့အကြုံမရှိဖူးပါက သင်တို့ကိုမည်သို့အားပေးရမည်၊ နှစ်သိမ့်ရမည်ကို အတိအကျသိဖို့ ခက်ခဲပေမည်။ ၎င်းအပြင်၊ အားပေးခြင်းနှင့် နှစ်သိမ့်ပေးခြင်းအပေါ် လူတို့၏အမြင်ချင်းလည်း ခြားနားကြသည်။ ယင်းကြောင့် အချို့သူတို့သည် သင်တို့ကို ဝမ်းနည်းစေသောအရာများပြောမိပါက ကောလောသဲ ၃:၁၃ တွင်တွေ့ရသော တမန်တော်ပေါလု၏ အကြံပေးချက်ကို လက်တွေ့ကျင့်သုံးပါ။ ယင်းကျမ်းချက်တွင် ဤသို့ဆိုထားသည်– “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။”
ဆုံးမပဲ့ပြင်မှုအတွက် ယေဟောဝါ၏အစီအစဉ်ကို လေးစားပါ။ သင့်ဆွေမျိုးသည် အသင်းတော်ထံမှ ဆုံးမပဲ့ပြင်မှုခံခဲ့ရသည်ရှိသော် ယင်းသည် ယေဟောဝါ၏အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းနှင့် အမှားပြုသူအပါအဝင် ကျွန်ုပ်တို့အားလုံးကို ကိုယ်တော်အလွန်စိတ်ဝင်စားခြင်းဖြစ်ကြောင်း သတိရပါ။ (ဟေဗြဲ ၁၂:၁၁) ထို့ကြောင့် ပါဝင်ပတ်သက်သောအကြီးအကဲများ သို့မဟုတ် သူတို့ချခဲ့သောဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ အပြစ်ရှာခြင်းကို တွန်းလှန်ပါ။ ယေဟောဝါ၏အစီအစဉ်များကို ဆန့်ကျင်ခြင်းသည် ဝမ်းနည်းခြင်းကိုသာ ထပ်ဖြစ်စေနိုင်သောကြောင့် အရာရာကို ယေဟောဝါ၏နည်းလမ်းအတိုင်း လုပ်ဆောင်ခြင်းမှ အကောင်းဆုံးအကျိုးရလဒ်များ ထွက်ပေါ်လာသည်ကို သတိရပါ။
အီဂျစ်ပြည်မှ ဣသရေလလူတို့လွတ်မြောက်လာပြီးနောက် မောရှေသည် တရားသူကြီးအဖြစ် အမြဲအမှုထမ်းဆောင်ခဲ့သည်။ (ထွက်မြောက်ရာ ၁၈:၁၃-၁၆) တစ်ယောက်ယောက်အတွက် ဆုံးဖြတ်လိုက်သော တရားစီရင်မှုတစ်ခုသည် တစ်ဖက်လူကို ထိခိုက်စေလေ့ရှိသောကြောင့် မောရှေ၏ဆုံးဖြတ်ချက်များအပေါ် အချို့လူတို့ မကျေနပ်ကြသည်ကို စဉ်းစားရန် မခက်ခဲလှပါ။ မောရှေ၏တရားစီရင်မှုများ မှားသည်ဟုဆိုခြင်းက သူ၏ဦးဆောင်မှုကို ဆန့်ကျင်ပုန်ကန်ရန် အချို့သူတို့ကို ဖြစ်စေနိုင်သည်။ သို့သော် မိမိလူမျိုးတော်ကို ဦးဆောင်လမ်းပြရန် မောရှေကို ယေဟောဝါအသုံးပြုသည်၊ မောရှေကိုမဟုတ်ဘဲ၊ ဆန့်ကျင်ပုန်ကန်သူတို့နှင့် သူတို့ကို ထောက်ခံအားပေးခဲ့သူတို့ကို ကိုယ်တော်ဒဏ်ပေးခဲ့သည်။ (တောလည်ရာ ၁၆:၃၁-၃၅) ယနေ့အချိန်တွင် သီအိုကရက်တစ်အခွင့်အာဏာနှင့်အညီ လုပ်ဆောင်သူတို့ ၏ဆုံးဖြတ်ချက်များကို ရိုသေလေးစားပြီး ယင်းနှင့်အညီပူးပေါင်းလုပ်ဆောင်ရန် ကြိုးစားခြင်းအားဖြင့် ကျွန်ုပ်တို့သင်ခန်းစာယူနိုင်သည်။
ယင်းအချက်နှင့်ပတ်သက်၍ ဒီလိုရက်စ်သည် သူ့သမီးကို အသင်းတော်မှဆုံးမပဲ့ပြင်သောအခါ မျှတသောအမြင်ထိန်းသိမ်းရန် သူ့အတွက်ခက်ခဲကြောင်း ပြန်ပြောသည်– “ကျွန်မကို ကူညီပေးခဲ့တာက ယေဟောဝါရဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီး အကျိုးသင့်အကြောင်းသင့်ရှိခြင်းကို သုံးသပ်ထားတဲ့ဆောင်းပါးတွေကို အထပ်ထပ်အခါခါပြန်ဖတ်ခြင်းပဲ ဖြစ်တယ်။ ကျွန်မကို ခံနိုင်ရည်ရှိစေဖို့နဲ့ ယေဟောဝါအမှုတော်ကို ဆက်ထမ်းဆောင်စေနိုင်ဖို့ အကူအညီပေးတဲ့ ဟောပြောချက်တွေ၊ ဆောင်းပါးတွေကနေ အကြောင်းအရာတွေကို အထူးမှတ်စုစာအုပ်တစ်အုပ်ထဲမှာ ကျွန်မရေးမှတ်ထားတယ်။” ယင်းက နောက်ထပ်အရေးကြီးသောဖြေရှင်းခြင်းသို့ ကူးပြောင်းစေသည်။
သင့်ခံစားချက်များကို ရင်ဖွင့်ပါ။ သင်ယုံကြည်စိတ်ချသော မိတ်ဆွေတစ်ဦး သို့မဟုတ် နှစ်ဦးထံ ရင်ဖွင့်ပြောဆိုခြင်းသည်လည်း အကူအညီဖြစ်စေနိုင်ကြောင်း တွေ့ရှိပေမည်။ ထိုသို့ရင်ဖွင့်ရာတွင် အပြုသဘောထားဆက်ရှိနိုင်ရန် သင့်ကို ကူညီပေးမည့်မိတ်ဆွေများကို ရွေးချယ်ပါ။ ဆုတောင်းခြင်းဖြင့် ယေဟောဝါထံ “စိတ်နှလုံးကိုဖွင့်ပြ” ခြင်းသည် အထိရောက်ဆုံးဖြစ်မည်မှာ သေချာသည်။ * (ဆာလံ ၆၂:၇၊ ၈) အဘယ်ကြောင့်နည်း။ ကိုယ်တော်သည် သင့်ခံစားချက်၏အတိမ်အနက်ကို အပြည့်အဝနားလည်ထားသောကြောင့် ဖြစ်သည်။ ဥပမာ၊ ထိုသို့သောနာကြည်းဖွယ်စိတ်ခံစားမှုကို တွေ့ကြုံရသည်မှာ မတရားဟု ခံစားမိပေမည်။ မည်သို့ပင်ဖြစ်စေ၊ ယေဟောဝါကို သင် ကျောခိုင်းနေခြင်းမဟုတ်။ သင့်ခံစားချက်များကို ယေဟောဝါထံ ရင်ဖွင့်ကာ အခြေအနေကို စိတ်နာကြည်းစရာအဖြစ် မရှုမြင်ရန် ကူညီပေးဖို့ ဆုတောင်းပါ။—ဆာလံ ၃၇:၅။
အချိန်ကုန်လွန်လာသည်နှင့်အမျှ၊ သင့်ခံစားချက်များကို ပို၍ထိန်းချုပ်တတ်လာလိမ့်မည်။ ထိုအတောအတွင်း ကောင်းကင်ခမည်းတော်ထံမှ ကောင်းချီးရရန် သင့်ကြိုးစားအားထုတ်မှုကို လက်လျှော့အရှုံးမပေးနှင့်၊ ထိုအားထုတ်မှုများသည် အချည်းနှီးဖြစ်သည်ဟု မည်သည့်အခါမျှ မခံစားပါနှင့်။ (ဂလာတိ ၆:၉) ယေဟောဝါကို ကျွန်ုပ်တို့ကျောခိုင်းသွားသည့်တိုင် ပြဿနာများရှိနေဆဲ ဖြစ်သည်ကို သတိရပါ။ တစ်ဖက်တွင်မူ ကိုယ်တော့်အပေါ် ကျွန်ုပ်တို့ဆက်၍တည်ကြည်ပါက ကျွန်ုပ်တို့ရင်ဆိုင်ရသော စုံစမ်းမှုများဖြေရှင်းရန်ကိုယ်တော့်အကူအညီကို ရရှိနိုင်သည်။ ထို့ကြောင့် ယေဟောဝါသည် သင့်အခြေအနေမှန်ကို နားလည်ပေးပြီး အချိန်တန်လိုအပ်သောခွန်အားကို သင့်အား ဆက်၍ပေးတော်မူလိမ့်မည်။—၂ ကောရိန္သု ၄:၇; ဖိလိပ္ပိ ၄:၁၃; ဟေဗြဲ ၄:၁၆။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 2 အမည်အချို့ ပြောင်းထားသည်။
^ အပိုဒ်၊ 19 နှင်ထုတ်ခံရသောဆွေမျိုးတစ်ဦးအတွက် ဆုတောင်းပေးခြင်းနှင့်ပတ်သက်၍ ၂၀၀၁၊ ဒီဇင်ဘာ ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၀-၁ ကို ကြည့်ပါ။
[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]
မည်သို့ဖြေရှင်းနိုင်ပုံ
◆ “ကိုယ်ကိုဆောက်တည်လျက် . . . ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုစောင့်ရှောက်၍နေကြလော့။” —ယုဒ ၂၀၊ ၂၁။
◆ မျှော်လင့်ချက်ကို မစွန့်လွှတ်နှင့်။—၁ ကောရိန္သု ၁၃:၇။
◆ ကိုယ့်ကိုယ်ကိုအပြစ်တင်ခြင်းကို တွန်းလှန်ပါ။—ယေဇကျေလ ၁၈:၂၀။
◆ အခြားသူများအပေါ် သည်းခံတတ်ပါ။ —ကောလောသဲ ၃:၁၃။
◆ ဆုံးမပဲ့ပြင်မှုအတွက် ယေဟောဝါ၏အစီအစဉ်ကို လေးစားပါ။—ဟေဗြဲ ၁၂:၁၁။
◆ သင့်ခံစားချက်များကို ရင်ဖွင့်ပါ။—ဆာလံ ၆၂:၇၊ ၈။
[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ယေဟောဝါကို သင် ကျောခိုင်းခဲ့ သလော
မည်သည့်အကြောင်းကြောင့်ပင်ဖြစ်ပါစေ ထိုသို့ကျောခိုင်းခဲ့ပါက ယေဟောဝါနှင့် သင့်ဆက်ဆံရေး၊ သင့်ထာဝရမျှော်လင့်ချက်များသည် အန္တရာယ်ရှိနေသည်။ ယေဟောဝါထံ ပြန်လာရန် ကြံရွယ်ပေမည်။ ယင်းအတိုင်း ယခု ကြိုးစားအားထုတ်နေပါသလော။ သို့မဟုတ် “အချိန်တန်” မှ ဟုဆိုကာ ယင်းကို ရွှေ့ဆိုင်းလိုက်သလော။ အာမဂေဒုန်၏မိုးသက်မုန်တိုင်းတိမ်တိုက်ကြီးသည် အလျင်အမြန်ချဉ်းကပ်၍ လာနေသည်ကို သတိရပါ။ ထို့အပြင် ဤအစီအစဉ်စနစ်အောက်ရှိ ဘဝအသက်တာသည် တိုတောင်းပြီး မသေချာမရေရာဖြစ်နေသည်။ မနက်ဖြန်အထိ အသက်ရှင်မည်၊ မရှင်မည်ကို မသိနိုင်။ (ဆာလံ ၁၀၂:၃; ယာကုပ် ၄:၁၃၊ ၁၄) ရောဂါကျွမ်းနေပြီဟု သိလိုက်ရသည့် လူတစ်ယောက်က ဤသို့ပြောခဲ့သည်– “အချိန်ပြည့်အဖြစ် ယေဟောဝါအမှုတော် ထမ်းဆောင်နေတဲ့အချိန်မှာ ဒီရောဂါကို ကျွန်တော်ရခဲ့တဲ့အတွက် ရှက်ကြောက်ဖုံးကွယ်စရာမလိုဘူး။ တကယ်နှစ်သိမ့်မှု ခံစားရပါတယ်။” အကယ်၍ “ယေဟောဝါဆီ တစ်နေ့ပြန်လာမယ်” ဟုပြောနေစဉ်တွင် ထိုရောဂါရခဲ့ပါက သူမည်သို့ခံစားရမည်ကို စဉ်းစားကြည့်ပါလေ။ သင်သည် ယေဟောဝါကို ကျောခိုင်းခဲ့သူဖြစ်ပါက ကိုယ်တော့်ထံပြန်လှည့်လာရန် ယခုအချိန်သည် အကောင်းဆုံးဖြစ်သည်။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံများ]
ဝိညာဉ်ရေးလှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်းက မှန်ကန်သောရှုမြင်ပုံ ဆက်ထိန်းသိမ်းနိုင်ရန် ကူညီပေးနိုင်