မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချစ်ရသူတို့၏ တည်ကြည်မှုမှ အကျိုးခံစားခြင်း

ချစ်ရသူတို့၏ တည်ကြည်မှုမှ အကျိုးခံစားခြင်း

ဘဝ​အတ္ထုပ္ပတ္တိ

ချစ်ရသူ​တို့၏ တည်ကြည်မှု​မှ အကျိုး​ခံစားခြင်း

က​က်သ်​လင်း ကွတ်​ခ် ပြောပြ​သည်

ကျွန်မ​အဘွား မာ​ရီ​အဲ​လ​န် တော်​မ်​ဆင်​ဟာ ၁၉၁၁ ခုနှစ်​မှာ စကော့တလန်၊ ဂ​လက်​စ်​ဂို​မြို့မှာ​ရှိတဲ့ ဆွေမျိုး​တွေ​ဆီ အလည်သွား​တုန်း​က ယေဟောဝါသက်သေ​များ​လို့​နောက်ပိုင်း​သိလာတဲ့ ကျမ်းစာ​ကျောင်းသား​တွေ​ထဲ​က ထင်ရှား​တဲ့​ပုဂ္ဂိုလ် ချားလ်စ် တေ့ဇ် ရပ်စယ်လ်​ရဲ့ ဟောပြောချက်​တစ်ခု​ကို သွား​နားထောင်​ခဲ့​တယ်။ အဘွား​ဟာ သူ​ကြား​တဲ့​အရာ​ကို အလွန်​နှစ်သက်ခဲ့​တယ်။ တောင်​အာဖရိက​ကို ပြန်​လာတော့​ဒေသခံ​ကျမ်းစာ​ကျောင်းသား​တွေ​နဲ့ ဆက်သွယ်​ခဲ့​တယ်။ ၁၉၁၄ ခုနှစ်၊ ဧပြီလ​မှာ ကျမ်းစာ​ကျောင်းသား​တွေ​ဟာ တောင်​အာဖရိက​မှာ ပထမဦးဆုံး​စည်းဝေးကြီး​ကို ကျင်းပ​ခဲ့​ကြ​ပြီး အဲဒီမှာ​နှစ်ခြင်း​ခံ​သူ ၁၆ ယောက်​ထဲမှာ အဘွား​လည်း​တစ်ဦး​အပါအဝင်​ဖြစ်​ခဲ့​တယ်။ ကျွန်မ​အမေ​ဖြစ်​လာမယ့် အဘွား​ရဲ့​သမီး အီး​ဒစ်သ်​ဟာ အဲဒီ​အချိန်တုန်းက ခြောက်​နှစ်ပဲ​ရှိသေးတယ်။

၁၉၁၆ ခုနှစ်​မှာ ညီအစ်ကို ရပ်စယ်လ်​သေဆုံး​ပြီး​နောက် ကမ္ဘာ​တစ်ဝန်း​မှာ ကျမ်းစာ​ကျောင်းသား​တွေ​ကြား သဘော​ကွဲလွဲ​မှု​တွေ​ရှိလာ​ခဲ့​တယ်။ ဒါ​ဗင်​မြို့မှာ သစ္စာ​ရှိသူတွေရဲ့​အရေအတွက်ဟာ ၆၀ ကနေ ၁၂ ယောက်​အထိ ကျဆင်း​သွားခဲ့တယ်။ ကျွန်မ​ရဲ့ အဖေ​ဘက်က​အဘွား အင်​ဂျ်​ဘော့​ဂ် မား​ရ်​ဒါ​လ်​နဲ့ မကြာသေး​ခင်​ကမှ နှစ်ခြင်း​ခံ​ခဲ့​တဲ့ အဘွား​ရဲ့​သား ဆယ်ကျော်သက်​ရွယ် ဟင်နရီ​တို့​ဟာ သစ္စာရှိ​သူတို့​ဘက်မှာ ရပ်တည်ခဲ့​ကြတယ်။ ၁၉၂၄ ခုနှစ်​မှာ ဟင်နရီ​ဟာ အဲဒီ​အချိန်တုန်းက ကော်လ်ပေါ်တာ​လို့​ခေါ်​တဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့ အချိန်ပြည့်​အမှုဆောင်​တစ်ယောက် ဖြစ်လာ​ခဲ့​တယ်။ သူဟာ နောက်​ငါး​နှစ်​ကြာ​တဲ့​အထိ တောင်ပိုင်း​အာဖရိက​ဒေသ အတော်များများမှာ ဟောပြောခဲ့တယ်။ ၁၉၃၀ ပြည့်နှစ်​မှာ ဟင်နရီ​နဲ့ အီး​ဒစ်သ်​တို့ လက်ထပ်​ကြ​ပြီး သုံးနှစ်​အကြာမှာ ကျွန်မ​မွေးလာတယ်။

ဆွေမျိုးရင်းချာ​မိသားစု​တစ်စု

မိုဇမ်ဘစ်​နိုင်ငံ​မှာ ကျွန်မ​တို့​ခဏ​နေထိုင်ကြ​ပြီး​နောက် ၁၉၃၉ ခုနှစ်​မှာ ဂျိုဟန်နက်စ်ဘာ့ဂ်​မြို့မှာ​ရှိတဲ့ အဘွား​တော်​မ်​ဆင်​တို့​အိမ်ကို ပြောင်းရွှေ့​ခဲ့​ကြတယ်။ အဘိုး​ဟာ ကျမ်းစာ​သမ္မာတရား​ကို စိတ်ဝင်စားမှု​မရှိတဲ့​အပြင် တစ်ခါ​တ​လေ အဘွား​ကို အတိုက်အခံလုပ်​တတ်​ပေမဲ့လည်း သူဟာ တကယ့်​ဧည့်ဝတ်​ကျေပွန်​တဲ့​လူတစ်ယောက်​ပါ။ ကျွန်မ​ရဲ့​ညီမလေး​သဲ​လ်​မာ​ဟာ ၁၉၄၀ ပြည့်နှစ်​မှာ မွေးဖွား​ခဲ့​ပြီး သူနဲ့​ကျွန်မ​က အသက်ကြီးသူ​တွေ​လိုအပ်ရာ​တွေ​ကို ကြည့်ရှု​စောင့်ရှောက်​တတ်​ဖို့ သင်ယူ​ခဲ့​ကြတယ်။ ကျွန်မ​တို့​မိသားစု ညနေ​ထမင်း​စားချိန်​မှာ တစ်နေ့တာ​ရဲ့​အဖြစ်အပျက်​တွေ ဒါမှ​မဟုတ် အတိတ်​က​အကြောင်း​တွေ​ကို ပြန်​ပြော​ကြ​တဲ့​အတွက် ထမင်း​စားချိန်​ဟာ အတော်လေး​အချိန်​ကြာ​တတ်တယ်။

ကျွန်မ​တို့​မိသားစုဟာ အလည်အပတ်​ရောက်ရှိ​လာ​ကြ​တဲ့ သက်သေခံတွေ​နဲ့​အတူ​ပေါင်းသင်း​ပြီး ပျော်ရွှင်​ခဲ့​ကြတယ်၊ အထူးသဖြင့် အချိန်ပြည့်​ဓမ္မ​အမှုဆောင်​တွေ​နဲ့​ပေါ့။ သူတို့လည်း ကျွန်မ​တို့​ရဲ့​ညစာ​စားချိန်​မှာ တစ်နေ့တာ​အတွေ့အကြုံ​တွေ​ကို ဝေမျှ​ပြောပြ​ကြ​ပြီး သူတို့ရဲ့​ပြောပြချက်​တွေ​က ဝိညာဉ်​ရေး​အမွေအနှစ်​အပေါ် ကျွန်မ​တို့​ရဲ့​လေးမြတ်​တန်ဖိုး​ထား​တဲ့​စိတ်​ကို ပို​ပြီး​တိုးပွား​စေ​ခဲ့​တယ်။ အဲဒါ​က သူတို့​လို​ပဲ သဲ​လ်​မာ​နဲ့​ကျွန်မ​ရဲ့ ရှေ့ဆောင်​ဖြစ်ချင်​တဲ့​ဆန္ဒ​ကို တွန်းအား​ဖြစ်စေ​ခဲ့​တယ်။

ကျွန်မ​ဟာ ငယ်ရွယ်စဉ်​ကတည်းက စာဖတ်​ချင်​တဲ့​စိတ်​ရှိ​လာအောင် လေ့ကျင့်​ခံ​ခဲ့​ရတယ်။ အမေ၊ အဖေနဲ့ အဘွား​တို့​က ကျွန်မ​တို့ကို ကောင်း​တဲ့​ပုံပြင်​စာအုပ်​တွေ ဒါမှ​မဟုတ် ကျမ်းစာ​ထဲ​က​အကြောင်း​တွေ​ကို တိုက်ရိုက်​ဖတ်ပြ​လေ့​ရှိတယ်။ ခရစ်ယာန်​အစည်းအဝေးတွေနဲ့ အမှုဆောင်​လုပ်ငန်း​တွေ​ဟာ ကျွန်မ​တို့​ဘဝမှာ အသက်ရှူခြင်း​တ​မျှ အရေးကြီးတယ်။ အဖေဟာ ဂျိုဟန်နက်စ်ဘာ့ဂ်​အသင်းတော်ရဲ့ ကုမ္ပဏီ​အမှုထမ်း (ယခု​အခေါ် ဦးစီး​ကြီးကြပ်မှူး) ဖြစ်​တဲ့​အတွက် အစည်းအဝေးတွေကို ကျွန်မ​တို့အားလုံး စောစောစီးစီး​ရောက်​တတ်ကြ​တယ်။ ကျွန်မ​တို့​မြို့မှာ စည်းဝေးကြီး​တစ်ခု​ရှိပြီ​ဆိုရင် အဖေက စည်းဝေးကြီး​စီမံခန့်ခွဲ​ခြင်း​မှာ အလုပ်​များနေ​ပြီး အမေကတော့ ကိုယ်စားလှယ်​တွေ​တည်းခို​ဖို့ အခန်း​တွေ ပြင်ဆင်​တဲ့​နေရာမှာ အကူအညီ​ပေး​ခဲ့​တယ်။

ကျွန်မတို့​အတွက် အထူး​စည်းဝေးကြီး

၁၉၄၈ ခုနှစ်၊ ဂျိုဟန်နက်စ်ဘာ့ဂ်​မြို့မှာ ကျင်းပ​တဲ့ စည်းဝေးကြီး​ဟာ ထူးခြားတယ်။ နယူးယောက်၊ ဘ​ရွတ်​က​လင်​မှာ​ရှိတဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့ ဌာနချုပ်​က​ဝန်ထမ်း​တွေ​ဟာ ပထမဦးဆုံး​အကြိမ်​အဖြစ် လာရောက်​တက်​ခဲ့​ကြတယ်။ အဖေဟာ နေသန် နောရ်​နဲ့ မီလ်တန် ဟဲန်​ရှယ်​လ်​တို့ ဒီမှာ​ရှိနေတုန်း သူတို့​အတွက် ကား​မောင်းပေး​ဖို့ တာဝန်​ရထားတယ်။ အဲဒီ​စည်းဝေးကြီး​မှာ ကျွန်မ​နှစ်ခြင်း​ခံ​ခဲ့​တယ်။

အဲဒီနောက်​မကြာခင်​မှာ အဖေ​ဘက်က​အဘိုး​ဟာ ညီအစ်ကို ရပ်စယ်လ်​သေဆုံး​ပြီး​နောက် ကျမ်းစာ​ကျောင်းသား​တွေ​ကို စွန့်ခွာ​ခဲ့​တဲ့​သူတွေရဲ့​သြဇာလွှမ်း​မိုး​မှု​ခံ​ဖို့ သူ့ကိုယ်သူ​ခွင့်ပြု​မိ​တဲ့​အတွက် အကြီးအကျယ်​နောင်တ​ရ​မိတယ်​လို့ အဖေ့ကို ပြောပြ​တဲ့​အခါ အဖေ​အရမ်း​အံ့သြ​သွားတယ်။ နောက်ပိုင်း လအနည်းငယ်​အကြာမှာ သူ​သေဆုံး​သွားတယ်။ ဒါပေမဲ့ အဘွား​မား​ရ်​ဒါ​လ်​က​တော့ သူ့ရဲ့​မြေကြီး​အသက်တာ​ကုန်ဆုံး​တဲ့ ၁၉၅၅ ခုနှစ်​အထိ​တည်ကြည်​ခဲ့​တယ်။

ကျွန်မ​ဘဝကို ပုံသွင်း​ပေး​တဲ့ ဖြစ်ရပ်​များ

၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီ​လမှာ မှန်မှန်ရှေ့ဆောင်​တစ်ဦး​အဖြစ် စပြီး အမှုဆောင်ခဲ့တယ်။ နောက်​နှစ် နယူးယောက်​မြို့မှာ အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး ကျင်းပ​မယ်​လို့ ကြေညာ​လိုက်တဲ့အခါ စိတ်​လှုပ်ရှား​ခဲ့​တယ်။ ကျွန်မ​တို့​သွား​ချင်​ကြ​ပေမဲ့ ငွေကြေး​အခက်အခဲ​ရှိနေတယ်။ အဲဒီနောက် ၁၉၅၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ​လမှာ အဘိုး​တော်​မ်​ဆင် သေဆုံး​သွားခဲ့တယ်၊ အဘွား​က သူ​ရ​လိုက်တဲ့​ငွေ​တွေ​ကို ကျွန်မ​တို့​ငါး​ယောက်​အတွက် ခရီး​စရိတ်​အဖြစ် အသုံးပြု​လိုက်တယ်။

ကျွန်မ​တို့​မ​ထွက်ခွာ​ခင်​အပတ်​အနည်းငယ်​အလိုမှာ နယူးယောက်၊ ဘ​ရွတ်​က​လင်၊ ယေဟောဝါသက်သေ​တွေ​ရဲ့ ကမ္ဘာ့​ဌာနချုပ်​ကနေ စာ​တစ်စောင်​ရောက်​လာတယ်။ ၁၆ ကြိမ်​မြောက် ဂိလဒ်​သာသနာပြု​ကျောင်းတက်​ဖို့ ကျွန်မ​ကို ဖိတ်ခေါ်​တဲ့​စာ​ဖြစ်နေ​တယ်။ ၁၇ နှစ်​တောင်​မပြည့်​သေး​တဲ့ ကျွန်မ​အတွက် စိတ်​လှုပ်ရှား​စ​ရာ​ပါ​ပဲ! ကျောင်း​စတက်​တော့ ကျွန်မ​ဟာ တောင်​အာဖရိက​နိုင်ငံ​ကနေ တက်ရောက်​လာတဲ့ ကျောင်းသား​ဆယ်ယောက်​ထဲ​က တစ်ယောက်​အပါအဝင်​ဖြစ်​ပြီး အဲဒီ​ကြီးမား​တဲ့​အခွင့်ထူး​ရတဲ့​အတွက် ပျော်​လိုက်တာ။

၁၉၅၁ ခုနှစ်၊ ဖေဖော်ဝါရီ​လမှာ ကျွန်မ​တို့​ကျောင်းဆင်း​ပြီး​နောက် ကျွန်မ​အပါအဝင် ရှစ်ယောက်​ဟာ ခရစ်ယာန်​သာသနာပြုတွေ​အဖြစ် အမှုထမ်း​ဖို့ တောင်​အာဖရိက​နိုင်ငံ​ကို ပြန်လာ​ခဲ့​ကြတယ်။ နောက်​နှစ်​အနည်းငယ်​ကြာ​တဲ့​အထိ ကျွန်မ​နဲ့ ကျွန်မ​ရဲ့​အဖော်​တွေ​ဟာ အာဖရိက​စကားပြော​မြို့ငယ်​လေး​တွေ​မှာပဲ အများဆုံး​ဟောပြောခဲ့​ကြတယ်။ အစ​မှာ အဲဒီ​ဘာသာ​စကား​ကို ကျွန်မ​ကောင်းကောင်း​မပြောတတ်ဘူး။ ခရစ်ယာန်​ဓမ္မ​အမှုမှာ ထိထိရောက်ရောက်​မလုပ်ဆောင်​နိုင်​တဲ့​အတွက် တစ်နေ့ စက်ဘီး​စီး​အိမ်ပြန်လာ​ရင်း ငို​ခဲ့​ဖူး​တာ​ကို ပြန်​အမှတ်ရမိ​သေး​တယ်။ ဒါပေမဲ့ အချိန်​ကြာ​လာတော့ တိုးတက်လာ​ပြီး ယေဟောဝါ​က​လည်း ကျွန်မ​ရဲ့​ကြိုးစား​အားထုတ်မှု​တွေ​ကို ကောင်းချီး​ပေး​ခဲ့​တယ်။

အိမ်ထောင်​ကျ​ပြီး​နောက် နယ်လှည့်​လုပ်ငန်း

၁၉၅၅ ခုနှစ်​မှာ ဂျွန်​ကွတ်​ခ်​နဲ့ ကျွန်မ​ခင်မင်​ရင်းနှီး​လာ​ခဲ့​ကြတယ်။ သူဟာ ဒုတိယ​ကမ္ဘာ​စစ်​မတိုင်မီ​နဲ့ ပြီး​တဲ့​နောက်ပိုင်း​တွေ​မှာ အာဖရိက၊ ပေါ်တူဂီ​နဲ့ စပိန်​နိုင်ငံ​တွေ​မှာ ဟောပြောခြင်း​လုပ်ငန်း​အတွက် လမ်းပွင့်​လာအောင် ကူညီ​ပေး​ခဲ့​ပြီး ကျွန်မ​သူ့ကို တွေ့​တဲ့​နှစ်မှာ​ပဲ သူဟာ အာဖရိက​မှာ သာသနာပြု​တစ်ဦး​ဖြစ်လာ​ခဲ့​တယ်။ အဲဒီ​နောက်ပိုင်း​မှာ သူ​ဒီလို​ရေးခဲ့တယ်– “တစ်ပတ်​အတွင်းမှာ ကျွန်တော် အံ့ဩစရာ​သုံးခု ကြုံတွေ့​ခဲ့​ရတယ်။ . . . တကယ့်ကို​ရက်ရောတဲ့​ညီအစ်ကို​တစ်ယောက်​က ကျွန်တော့်​ကို ကား​တစ်စီး​လက်​ဆောင်ပေး​ခဲ့​တယ်၊ ခရိုင်​အမှုထမ်း​အဖြစ် တာဝန်​ခန့်အပ်​ခံရ​တယ်၊ ပြီး​တော့ ကျွန်တော် ညီအစ်မ​တစ်ယောက်ကို​လည်း ချစ်​ခဲ့​တယ်။” * ၁၉၅၇ ခုနှစ်၊ ဒီဇင်ဘာ​လမှာ ကျွန်မ​တို့ လက်ထပ်ခဲ့​ကြတယ်။

ဂျွန်​က သူနဲ့အတူ​နေရ​မယ့်​ဘဝဟာ အမြဲ​စိတ်​လှုပ်ရှား​စ​ရာ​ကောင်း​မှာ​မဟုတ်ဘူး​ဆိုပြီး ပိုးပန်း​ခဲ့​ချိန်​တုန်း​က သူ ကျွန်မ​ကို သေသေချာချာ​ပြော​ခဲ့​ဖူး​တယ်၊ သူ​ပြော​တဲ့​အတိုင်း တကယ်လည်း​မှန်​ခဲ့​တယ်။ တောင်​အာဖရိက​နိုင်ငံ​တစ်လျှောက် လူ​မဲ​အများစု​နေတဲ့​နေရာတွေမှာ​ရှိတဲ့ အသင်းတော်တွေကို ကျွန်မ​တို့ လည်ပတ်​ခဲ့​ကြတယ်။ အဲဒီ​ဒေသ​တွေ​မှာ ညအိပ်​ဖို့​မပြော​နဲ့ ဝင်ခွင့်​အတွက် ခွင့်ပြု​ချက်​ရဖို့​တောင် အခက်အခဲ​တွေ အပတ်​တိုင်း​ကြုံ​ခဲ့​ရတယ်။ တစ်ခါ​တ​လေ လူတွေ​သတိ​မထား​မိအောင် လူဖြူ​တွေ​နေတဲ့​ရပ်ကွက်​နားက လွတ်​နေတဲ့​ဆိုင်​ကြမ်းပြင်​ပေါ်မှာ အိပ်ခဲ့​ရတယ်။ အများအားဖြင့်​တော့ မိုင်​တော်​တော်​ဝေး​တဲ့​နေရာမှာ နေထိုင်ကြ​တဲ့ အနီးဆုံး​လူဖြူ​သက်သေခံတွေရဲ့​အိမ်တွေမှာ​ပဲ ကျွန်မ​တို့​တည်း​လေ့​ရှိတယ်။

တောရိုင်း​မြေမှာ​ဆောက်​ထား​တဲ့ ရိုးရှင်းတဲ့​စည်းဝေးပွဲ​ခန်းမ​တွေ​နဲ့​ပတ်သက်​တဲ့ အခက်အခဲတွေကို​လည်း ကျွန်မ​တို့​ရင်ဆိုင်ခဲ့​ကြရတယ်။ ယေဟောဝါသက်သေ​တွေ​ထုတ်​တဲ့ ရုပ်ရှင်​ကို​ပြ​တဲ့​အခါ အဲဒါ​က ကျွန်မ​တို့​ကမ္ဘာချီ​ညီအစ်ကို​အသင်းအပင်း​အပေါ် လူတွေရဲ့​လေးမြတ်​တန်ဖိုး​ထား​စိတ်​ကို ဖြစ်ပေါ်​စေ​ခဲ့​တယ်။ အဲဒီ​ဒေသ​တွေ​မှာ အများအားဖြင့် လျှပ်စစ်မီး​မရှိတဲ့​အတွက် ကိုယ်ပိုင်​မီးစက်​ကို ကျွန်မ​တို့ ယူသွား​ရတယ်။ ဇူ​လူ​ဘာသာ​စကား​ကို သင်ယူ​ရတဲ့​အခက်အခဲ​အပြင် ဗြိတိသျှ​လက်အောက်​မှာ ကျွန်မ​တို့​စာပေ​တွေ​ကို ထုတ်ဝေ​ခွင့်​မပေးတဲ့ အခက်အခဲတွေကို​လည်း ဖြေရှင်း​ခဲ့​ရတယ်။ ဒါပေမဲ့ ညီအစ်ကို​တွေ​အတွက် လုပ်ဆောင်ခွင့်​ရတာကို ကျွန်မ​တို့​ပျော်ရွှင်​ခဲ့​ကြတယ်။

၁၉၆၁ ခုနှစ်​မှာ ဂျွန်​ဟာ အသင်းတော်​ကြီးကြပ်မှူး​တွေ​ကို ကူညီ​ဖို့​ရည်ရွယ်ချက်​နဲ့ တောင်​အာဖရိက​မှာ​ကျင်းပ​တဲ့ လေး​ပတ်​ကြာ​နိုင်ငံတော်​ဓမ္မ​အမှု​ကျောင်း​သင်တန်း​မှာ ပထမဦးဆုံး သင်တန်းပို့ချ​သူ​ဖြစ်လာ​ခဲ့​တယ်။ သူဟာ သွန်သင်ခြင်း​စွမ်းရည်​ရှိသူ​တစ်ယောက်​ဖြစ်​ပြီး သူရဲ့​ရိုးရှင်းတဲ့​ဆင်ခြင်ပေး​ပုံ​နဲ့ မြင်သာ​စေနိုင်​တဲ့​ပုံ​ဥပမာ​လေး​တွေ​က နှလုံးကို ထိမိ​စေ​တတ်​ပါ​တယ်။ အင်္ဂလိပ်​ဘာသာ​စကား​နဲ့​ပို့ချ​တဲ့​သင်တန်း တစ်ခု​ပြီး​တစ်ခု​လုပ်ဆောင်​ရတဲ့​အတွက် တစ်နှစ်​ခွဲ​နီးပါး​လောက် တစ်​နေရာ​ပြီး​တစ်​နေရာ ကျွန်မ​တို့​ခရီး​သွားခဲ့​ကြတယ်။ ဂျွန် သင်တန်း​ပေး​တဲ့​အချိန်​မှာ ကျွန်မ​ဟာ ဒေသခံ​သက်သေခံတွေ​နဲ့​အတူ လယ်ကွင်း​ဓမ္မ​အမှုမှာ ပါဝင်​ခဲ့​တယ်။ အဲဒီနောက်၊ ၁၉၆၄ ခုနှစ်၊ ဇူလိုင် ၁ ရက်​ကနေ​စပြီး ဂျိုဟန်နက်စ်ဘာ့ဂ်​မြို့အနီး​မှာ​ရှိတဲ့ တောင်​အာဖရိက​ဌာနခွဲရုံး​မှာ အမှုထမ်းဆောင်​ဖို့​ဖိတ်ခေါ်​စာ ရ​လိုက်တဲ့​အချိန်​မှာ ကျွန်မ​တို့​အံ့သြ​ခဲ့​ကြတယ်။

ဒါပေမဲ့ အဲဒီအချိန်မှာ ဂျွန်​ရဲ့​ကျန်းမာ​ရေး​က ကျွန်မ​တို့ကို ဒုက္ခ​ပေး​လာတော့​တယ်။ ၁၉၄၈ ခုနှစ်​မှာ တီဘီ​ရောဂါ​ဖြစ်လာ​ပြီး အဲဒီ​နောက်ပိုင်း​မှာ​တော့ အင်အား​ဆုတ်ယုတ်​လာလေ့​ရှိတယ်။ တုပ်ကွေး​ရောဂါ​နဲ့​တူ​တဲ့ ရောဂါ​လက္ခဏာတွေ ခံစား​လာ​ရပြီး ဘာမှ​မ​လုပ်နိုင်၊ ဘယ်သူ့ကိုမှ​မ​တွေ့ချင်​လောက်​တဲ့​အထိ အိပ်ရာပေါ်​မှာပဲ နေ့ရက်​များစွာ လဲလျောင်း​နေခဲ့တယ်။ ဌာနခွဲ​ကို ဖိတ်ခေါ်​မခံရ​ခင် ကျွန်မ​တို့​သွား​တိုင်ပင်​ခဲ့​တဲ့ ဆရာဝန်​တစ်ဦး​က ဂျွန်​ရဲ့​ရောဂါ​ဟာ စိတ်ကျ​ဝေဒနာ​လို့ ပြော​တယ်။

ဆရာဝန်​အကြံပေး​သလို ကျွန်မ​တို့​ရဲ့​အမှုဆောင်ခြင်း​လုပ်ငန်း​ကို ဒီထက်​လျှော့​ပြီး လုပ်ဖို့​ဆိုတာ စဉ်းတောင်​မစဉ်း​စား​ခဲ့​ဘူး။ ဌာနခွဲ​မှာ ဂျွန်​ဟာ လုပ်ငန်းတော်​ဌာန​မှာ အလုပ်လုပ်​ရပြီး ကျွန်မ​က​တော့ စာ​ပြင်​သူ​အဖြစ်​လုပ်​ရ​ပါ​တယ်။ ကျွန်​မတို့​ကိုယ်ပိုင်​အခန်း​နဲ့​နေရ​တာ ကောင်းချီး​တစ်ခု​ပါ​ပဲ! ကျွန်မ​တို့​လက်မထပ်ခင်​တုန်း​က ဂျွန်​ဟာ ပေါ်တူဂီ​စကားပြော​ရပ်ကွက်တွေမှာ အမှုဆောင်ခဲ့​ဖူး​တဲ့​အတွက် ၁၉၆၇ ခုနှစ်​မှာ ဂျိုဟန်နက်စ်ဘာ့ဂ်​မြို့တွင်း​နဲ့​အနီးအနား​က ပေါ်တူဂီ​စကားပြော​ရပ်ကွက်တွေမှာ ဟောပြော​နိုင်အောင် ဒေသခံ​ပေါ်တူဂီ​သက်သေခံ​မိသားစု​တစ်စု​ကို ကူညီ​ပေး​ဖို့ ကျွန်မ​တို့​တောင်းဆို​ခံ​ခဲ့​ကြတယ်။ အဲဒါ​က ကျွန်မ​ကို နောက်ထပ်​ဘာသာ​စကား​တစ်ခု တတ်မြောက်​စေ​ခဲ့​တယ်။

ပေါ်တူဂီ​ဘာသာ​စကားပြော​သူတွေဟာ ကျယ်ပြန့်​တဲ့​ဒေသ​တစ်လျှောက် ပြန့်နှံ့​နေတဲ့​အတွက် အတော်များများ​ခရီးထွက်​ခဲ့​ရတယ်၊ တစ်ခါ​တ​လေ ထိုက်တန်​တဲ့​သူတွေဆီ​ရောက်​ဖို့ မိုင် ၂၀၀ လောက်​သွားရတယ်။ အဲဒီအချိန်မှာ မိုဇမ်ဘစ်​နိုင်ငံ​က​လာတဲ့ ပေါ်တူဂီ​စကားပြော​သက်သေခံတွေဟာ စည်းဝေးပွဲ​အချိန်တွေမှာ ကျွန်မ​တို့​ဆီ​ကို လာလည်ကြ​တဲ့​အတွက်​အဲဒါ​က လူသစ်တွေကို အများကြီး​အကူအညီ​ဖြစ်စေ​ခဲ့​တယ်။ ပေါ်တူဂီ​စကားပြော​တဲ့​ရပ်ကွက်မှာ ကျွန်မ​တို့​အမှုဆောင်တဲ့ ၁၁ နှစ်​တာ​အတွင်း အသင်းသား ၃၀ လောက်​ရှိတဲ့ အုပ်စု​ကလေး​ကနေ အသင်းတော်​လေးခု​အဖြစ် တိုးပွား​လာတာကို မြင်တွေ့ခွင့်​ရခဲ့ကြတယ်။

အိမ်မှာ​ပြောင်းလဲမှု​များ

အဲဒီ​အချိန်​အတောအတွင်း ကျွန်မ​မိဘတွေရဲ့​အိမ်မှာ အပြောင်းအလဲ​တွေ​ရှိခဲ့တယ်။ ၁၉၆၀ ပြည့်နှစ်​မှာ ကျွန်မ​ရဲ့​ညီမ သဲ​လ်​မာ​ဟာ အမေရိကန်​ပြည်ထောင်စု​က ရှေ့ဆောင်​တစ်ယောက်​ဖြစ်​တဲ့ ဂျွန်​အာ​ဘ​န်​နဲ့ လက်ထပ်ခဲ့​တယ်။ သူတို့ဟာ ၁၉၆၅ ခုနှစ်​မှာ အကြိမ် ၄၀ မြောက် ဂိလဒ်​သင်တန်းတက်​ရောက်​ခဲ့​ကြ​ပြီး ဘရာဇီး​နိုင်ငံ​မှာ ခရစ်ယာန်​သာသနာပြုတွေ​အဖြစ် ၂၅ နှစ်​ကြာ တည်ကြည်​စွာ​အမှုဆောင်ခဲ့ကြတယ်။ ၁၉၉၀ ပြည့်နှစ်​မှာ ဂျွန်​ရဲ့​မိဘတွေ ကျန်းမာ​ရေး​မကောင်းတဲ့​အတွက် ပြုစု​စောင့်ရှောက်​ဖို့ အိုဟိုင်အို​ကို ပြန်လာ​ခဲ့​ကြတယ်။ ပြုစု​စောင့်ရှောက်​ရာ​မှာ အခက်အခဲ​တွေ​ရှိပေမဲ့​လည်း သူတို့ဟာ က​နေ့​အထိ အချိန်ပြည့်​လုပ်ငန်းမှာ ဆက်​ပါဝင်​ခဲ့​ကြတယ်။

၁၉၆၅ ခုနှစ်​မှာ အသက် ၉၈ နှစ်​ရှိပြီ​ဖြစ်​တဲ့ အဘွား​တော်​မ်​ဆင်​ဟာ တည်ကြည်​စွာ​နဲ့​ပဲ သူ့ရဲ့​မြေကြီး​အသက်တာ ကုန်ဆုံး​သွားခဲ့တယ်။ အဖေဟာ အဲဒီ​နှစ်မှာ​ပဲ သူ့ရဲ့​လောက​အလုပ်​ကနေ အငြိမ်းစား​ယူ​လိုက်တယ်။ ဒါ​ကြောင့် ကျွန်မ​နဲ့​ဂျွန်​ဟာ ဒေသခံ​ပေါ်တူဂီ​စကားပြော​လယ်ကွင်း​မှာ အကူအညီ​ပေး​ဖို့ တောင်းဆို​ခံရတဲ့​အခါ အဖေနဲ့​အမေ​လည်း ကျွန်မ​တို့​နဲ့​လာ​ပူးပေါင်း​ကူညီ​ခဲ့​ကြတယ်။ သူတို့ဟာ ပေါ်တူဂီ​စကားပြော​အုပ်စု​အပေါ်မှာ ကောင်း​တဲ့​သြဇာ​သက်ရောက်​စေနိုင်​ခဲ့​တဲ့​အတွက် နောက်​လအနည်းငယ်​ကြာ​လာတော့ ပထမဦးဆုံး​အသင်းတော်ကို တည်ထောင်​နိုင်​ခဲ့​တယ်။ နောက်​သိပ်​မကြာခင်​မှာပဲ အမေ​ဟာ ကင်ဆာ​ရောဂါ​စ​ခံစား​လာ​ရပြီး ၁၉၇၁ ခုနှစ်​မှာ အဲဒီ​ရောဂါ​က​ပဲ သူ့​အသက်ကို ခြွေယူ​သွားခဲ့တယ်။ ခု​နစ်,နှစ်​ကြာပြီးနောက် အဖေ​သေဆုံး​သွားတယ်။

ဂျွန်​၏​ဖျားနာ​မှု​ကို ကိုင်တွယ်​ဖြေရှင်းခြင်း

၁၉၇၀ ပြည့်လွန်​နှစ်တွေ​မှာ ဂျွန်​ရဲ့​ကျန်းမာ​ရေး​ဟာ ပြန်​မကောင်း​လာနိုင်​တော့​ဘူးဆို​တာ ထင်ရှား​လာတယ်။ တဖြည်းဖြည်း​အခြေအနေ​ဆိုး​လာတဲ့​အတွက် ဌာနခွဲ​မိသားစုရဲ့ ပတ်စဉ်​ကင်းမျှော်စင်သင်တန်း​နဲ့ မနက်ပိုင်း​နေ့စဉ်​ကျမ်းချက်​ဖတ်​ရာ​မှာ ဦးဆောင်​ရတဲ့​တာဝန်​အပါအဝင် သူ​မြတ်နိုးတဲ့​လုပ်ငန်းတော်​အခွင့်အရေး​တချို့​ကို စွန့်လွှတ်​ရတော့တယ်။ သူ့ကို လုပ်ငန်းတော်​ဌာန​ကနေ စာပို့​ဌာန​မှာ ပြောင်းရွှေ့​တာဝန်​ထမ်းဆောင်​စေပြီး အဲဒီ​ကနေ​ဥယျာဉ်​ထဲမှာ အလုပ်လုပ်ဖို့​တာဝန်​ပေး​ခဲ့​တယ်။

ဂျွန်​ရဲ့​ထက်သန်​တဲ့​စိတ်ဓာတ်​က အပြောင်းအလဲ​တွေ​လုပ်ဖို့ သူ့​အတွက် ခက်ခဲ​စေတယ်။ အလုပ်တွေ လျှော့​လုပ်ဖို့ ကျွန်မ,မပြတ်​ပြောပေး​တဲ့​အခါ သူက ကျွန်မ​ကို ကြင်နာ​စွာ​ပွေ့ဖက်​ပြီး နောက်​ပြောင်​တဲ့​အနေ​နဲ့ သူ့ရဲ့​အထိန်း​တော်​လို့​ခေါ်​တယ်။ နောက်ဆုံး​မှာ​တော့ ပေါ်တူဂီ​စကားပြော​လယ်ကွင်း​ကို စွန့်လွှတ်​ပြီး ဌာနခွဲ​မှာ​ရှိတဲ့ နိုင်ငံတော်​ခန်းမ​မှာ​စုဝေး​ကြ​တဲ့ အသင်းတော်​နဲ့​ပူးပေါင်း​အမှုဆောင်တာ သင့်တော်မယ်​လို့ ကျွန်မ​တို့​ယူဆ​ခဲ့​ကြတယ်။

ဂျွန်​ရဲ့​ကျန်းမာ​ရေး​အခြေအနေ ဆိုးရွား​လာ​ခဲ့​ပေမဲ့ ယေဟောဝါ​နဲ့​သူရဲ့​ရင်းနှီးတဲ့​ဆက်ဆံ​ရေး​ကို စဉ်းစားမိ​တဲ့​အခါ ကြည်နူး​အားရစရာ​ကောင်း​ပါ​တယ်။ ည​သန်းခေါင်ယံ​မှာ ဂျွန်​လန့်နိုး​လာတဲ့အခါ အလွန်အမင်း​စိတ်ဓာတ်​ကျနေ​တဲ့​အတွက် ယေဟောဝါ​ရဲ့​အကူအညီ​ရအောင် ဆုတောင်း​နိုင်​ဖို့ သူ​စိတ်​တည်ငြိမ်​လာတဲ့​အထိ ကျွန်မ​တို့​အတူတူ စကားပြော​ကြတယ်။ နောက်ဆုံး​မှာ​တော့ သူဟာ ဖိလိပ္ပိ ၄:၆၊ ၇ မှာပါတဲ့ “အဘယ်​အမှုကို​မျှ စိုးရိမ်ခြင်း​မရှိဘဲ . . .” ဆို​တဲ့​ကျမ်းပိုဒ်​ကို တဖြည်းဖြည်း ထပ်ခါထပ်ခါ​ကြိုးစား​ရွတ်ဆို​ပြီး အဲဒီ​အခြေအနေ​ဆိုး​တွေ​ကို မိမိ​ဘာသာ ဖြေရှင်း​နိုင်​ခဲ့​တယ်။ အဲ့ဒီ​နောက် ဆုတောင်း​ဖို့ သူ​စိတ်​တည်ငြိမ်​လာခဲ့တယ်။ ကျွန်မ​ဟာ​နိုး​နေလေ့​ရှိပြီး ယေဟောဝါ​ဆီ စိတ်အား​ထက်သန်​စွာ ဆုတောင်း​နေတဲ့ ဂျွန်​ရဲ့​လှုပ်​နေတဲ့​နှုတ်ခမ်း​လေး​ကို တိတ်​တိတ်​ကလေး ကြည့်​နေ​မိတယ်။

ကျွန်မ​တို့​ရဲ့​ဌာနခွဲ​အဆောက်အအုံ​နေရာ ကျဉ်း​လာတဲ့​အတွက် ဂျိုဟန်နက်စ်ဘာ့ဂ်​မြို့​အပြင်မှာ ဌာနခွဲ​အဆောက်အအုံ​ကြီး​တစ်ခု​ကို စပြီး​ဆောက်လုပ်​ခဲ့​ကြတယ်။ မြို့ရဲ့​ဆူညံသံ​နဲ့ ညစ်ညမ်းမှု​ကနေ​ဝေး​တဲ့ အဲဒီ​ငြိမ်းချမ်း​တဲ့​နေရာကို ဂျွန်​နဲ့​ကျွန်မ မကြာခဏ​သွားလေ့​ရှိတယ်။ ဌာနခွဲသစ်​ဆောက်​လို့​မပြီးမချင်း အဲဒီမှာ​ရှိတဲ့ ယာယီ​တည်းခိုခန်း​တွေ​မှာ ကျွန်မ​တို့ ပြောင်းရွှေ့​ခွင့်​ရတော့ ဂျွန်​အတွက်​လည်း အများကြီး​အထောက်အကူ​ဖြစ်​ခဲ့​တယ်။

စိန်ခေါ်ချက်​သစ်​များ

ဂျွန်​ရဲ့​စဉ်းစား​ဆင်ခြင်​နိုင်စွမ်း ပို​ပြီး​ယုတ်လျော့​လာတဲ့​အတွက် သူ့ရဲ့​အလုပ်​တာဝန်​တွေ ကျေပွန်​ဖို့ ပို​ခက်ခဲ​လာတယ်။ အခြားသူ​တွေ​က ဂျွန်​ရဲ့​ကြိုးစား​အားထုတ်မှု​တွေ​အပေါ် ကူညီ​ပေး​ကြ​တဲ့​အတွက် ကျွန်မ​အရမ်း​နှလုံး​ထိမိ​ခဲ့​တယ်။ ဥပမာ၊ ညီအစ်ကို​တစ်ယောက်​က သုတေသန​လုပ်ဖို့ ပြည်​သူ့​စာကြည့်တိုက်​ကို သွားတဲ့အခါ ဂျွန်​ကိုလည်း ခေါ်​သွားလေ့​ရှိတယ်။ အဲဒီ​နေ့မှာ ဂျွန်​ရဲ့​အိတ်ကပ်​တွေ​ဟာ ဝေငှ​ဖို့ ဝေစာတွေ၊ မဂ္ဂဇင်း​တွေ​နဲ့ ပြည့်​နေတယ်။ အဲဒါ​က ဂျွန်​ကို တာဝန်​ထမ်းဆောင်​နိုင်​ဆဲ၊ အသုံးကျ​နေဆဲ​ဆို​တဲ့ အသိစိတ်​ဆက်​ရှိအောင် အထောက်အကူ​ပြု​ခဲ့​တယ်။

နောက်ဆုံး​မှာ​တော့ အယ်​လ်ဇိုင်း​မား​ရောဂါ​ကြောင့် ဂျွန်​စာ​မဖတ်​နိုင်​တော့​ဘူး။ သမ္မာကျမ်းစာ,စာပေ​နဲ့ ဘုရားသခင်​နိုင်ငံတော်​သီချင်းတွေကို အခွေ​တွေ​နဲ့​နားထောင်​နိုင်​တဲ့​အတွက် ကျွန်မ​တို့​ကျေးဇူး​တင်​လိုက်တာ။ အဲဒီ​အခွေ​တွေ​ကို ထပ်ခါထပ်ခါ ကျွန်မ​တို့​နားထောင်​ကြတယ်။ ဂျွန်​အနားမှာ​ထိုင်ပြီး သူနဲ့အတူ​နားမထောင်တဲ့​အခါ သူ​စိတ်အား​ငယ်​လေ့​ရှိတဲ့​အတွက် သူနဲ့အတူ​ထိုင်​နားထောင်​ရတဲ့ နာရီ​ပေါင်း​များစွာကို ဇာ​ထိုး​ပန်းထိုး​အလုပ်နဲ့​ပဲ ကုန်လွန်​စေ​ခဲ့​တယ်။ ဘယ်လောက်ထိ အချိန်ပေး​ခဲ့​ရသလဲ​ဆိုတော့ ကျွန်မ​တို့​ဆီ​မှာ ဆွယ်​တာ​တွေ၊ စောင်​တွေ အများကြီး​ရှိလာတဲ့​အထိ​ပေါ့!

ဂျွန်​ရဲ့​အခြေအနေ​က သူ့ကို ပို​ပြီး​ဂရုစိုက်​ကြည့်ရှု​ဖို့ လို​လာတယ်။ စာဖတ်​ဖို့၊ လေ့လာ​ဖို့ မ​လုပ်နိုင်​လောက်​အောင် ကျွန်မ​အရမ်း​ပင်ပန်း​လေ့​ရှိပေမဲ့​လည်း သူ့ကို အဆုံး​ထိ​စောင့်ရှောက်ခွင့်​ရတာ အခွင့်အရေး​တစ်ခု​ပါ​ပဲ။ သူ အသက် ၈၅ နှစ်​ပြည့်​ပြီး​မကြာခင်​ဖြစ်​တဲ့ ၁၉၉၈ ခုနှစ်​မှာ ကျွန်မ​လက်ထဲမှာ​ပဲ အေးအေးဆေးဆေး​နဲ့​သေသွား​ခဲ့​တယ်၊ မယိမ်းမယိုင်​ဘဲ အဆုံး​ထိ​တည်ကြည်​ခဲ့​တယ်။ ရှင်ပြန်ထမြောက်​လာတဲ့​အချိန်​မှာ ကိုယ်​စိတ်​နှစ်​ဖြာ​ကျန်းမာ​လာပြီ​ဖြစ်​တဲ့ သူ့ကို ကျွန်မ​မြင်တွေ့​ဖို့ စောင့်မျှော်​နေတယ်!

ပြန်လည်​လန်းဆန်း​လာ​ခဲ့

ဂျွန်​ကွယ်လွန်​ပြီး​တဲ့​နောက် ကျွန်မ​တစ်ယောက်တည်း​နေရ​တာ မလွယ်​ပါ​ဘူး။ ဒါ​ကြောင့် ၁၉၉၉ ခုနှစ်၊ မေလ​မှာ အမေရိကန်မှာ​ရှိတဲ့ ကျွန်မ​ရဲ့​ညီမ သဲ​လ်​မာ​နဲ့ သူ့​အမျိုးသား​ဆီ​ကို သွားလည်​ခဲ့​တယ်။ သစ္စာ​ရှိပြီး ချစ်ခင်​စ​ရာ​ကောင်း​တဲ့​မိတ်ဆွေတွေနဲ့ ပြန်လည်​တွေ့ဆုံ​ရတာ ပျော်စရာ​ကောင်းပြီး လန်းဆန်း​စ​ရာ​ပါ​ပဲ၊ အထူးသဖြင့် နယူးယောက်​မှာ​ရှိတဲ့ ယေဟောဝါ​သက်သေခံတွေရဲ့ ကမ္ဘာ့​ဌာနချုပ်​ကို ကျွန်မ​တို့​သွား​လည်ပတ်​တဲ့​အချိန်​မှာ​ပေါ့! ဒါဟာ ကျွန်မ​တကယ်​လိုအပ်​တဲ့ ဝိညာဉ်​ရေး​အားပေးမှု​ပါ​ပဲ။

ကျွန်မ​ချစ်​ရတဲ့​တည်ကြည်သူ​တွေ​ရဲ့​ဘဝ​အကြောင်း ပြန်တွေး​တဲ့​အခါ အကျိုး​ဖြစ်စေ​တဲ့​အရာ​အတော်များများကို ပြန်​အမှတ်​ရစေ​ခဲ့​တယ်။ သူတို့ရဲ့​ညွှန်ကြားချက်၊ ပုံသက်သေ​နဲ့ အကူအညီ​တွေ​ကြောင့် တခြား​နိုင်ငံသား​နဲ့ လူမျိုးခြား​တွေ​အပေါ် ကျွန်မ​ရဲ့​မေတ္တာ​ကျယ်ဝန်း​လာစေဖို့ တတ်သိလာ​ခဲ့​တယ်။ ကျွန်မ စိတ်ရှည်၊ သည်းခံ၊ အလိုက်သင့်​နေတတ်​လာခဲ့တယ်။ အဓိက​အနေ​နဲ့ ဆုတောင်းချက်​ကို နားညောင်း​တော်​မူ​သော​အရှင် ယေဟောဝါ​ရဲ့ သနား​ကြင်နာ​မှု​ကို ကျွန်မ​တွေ့ကြုံ​ခံစား​ခဲ့​ရတယ်။ ဆာလံဆရာ​လို ကျွန်မ​လည်း​ထပ်တူ​ခံစား​ရတယ်– “တံတိုင်း​တော်​အတွင်း​၌​နေ၍ အထံတော်​သို့​ချဉ်းကပ်​စေခြင်း​ငှာ ကိုယ်တော်​ရွေးကောက်​တော်​မူ​သော​သူသည် မင်္ဂလာ​ရှိပါ၏။ . . . အိမ်တော်၌ ကောင်းသော​အရာ​တို့​နှင့် အကျွန်ုပ်​တို့သည် ဝ​ပြော​ကြ​ပါစေ​သော။”—ဆာလံ ၆၅:၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 ၁၉၅၉၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၄၆၈-၇၂ [လိပ်] ကို ကြည့်​ပါ။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

အဘွား​နှင့် သူ၏​သမီး​များ

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ကျွန်မ​နှစ်ခြင်း​ခံသည့် ၁၉၄၈ ခုနှစ်​က မိဘတွေ​နှင့်အတူ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဂိလဒ်​ကျောင်း​၏​မော်ကွန်းထိန်း အဲလ်ဘတ် ရှ​ရိုး​ဒါ​နှင့် တောင်​အာဖရိက​မှ အခြား​ကျောင်းသား ကိုး​ဦး​တို့​နှင့်အတူ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

၁၉၈၄ ခုနှစ်​တွင် ဂျွန်​နှင့်အတူ