မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆာလံကျမ်းအပိုင်းငါးမှ ပေါ်လွင်ချက်များ

ဆာလံကျမ်းအပိုင်းငါးမှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏ နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏

ဆာလံကျမ်း​အပိုင်း​ငါး​မှ ပေါ်လွင်​ချက်​များ

သူဌေး​သူကြွယ်​များ​က ဤသို့​ပြော​ပေမည်– “ကျွန်တော်​မျိုး​တို့၏​သားများ​သည် အသက်​ပျို​ရွယ်​ချိန်​၌ သန်မာ​ကြီးထွား​လာသော အပင်ငယ်​များ​ကဲ့သို့ ဖြစ်ပါစေ​သော။ ကျွန်တော်​မျိုး​တို့၏​သမီး​များသည် နန်းတော်​ထောင့်​များ​တွင် အလှ​စိုက်ထူ​ထားသော ခန့်ညား​သည့်​ကျောက်တိုင်​များ​ကဲ့သို့ ဖြစ်ပါစေ​သော။ ကျွန်တော်​မျိုး​တို့၏ ကျီ​များသည် . . . ပြည့်လျက်​ရှိပါစေ​သော။ ကွင်းပြင်​များ​ရှိ​သိုးများ​သည် ထောင်ပေါင်း​များစွာသော​သိုး​ငယ်​တို့ကို မွေးဖွား​ကြ​ပါစေ​သော။” ထို့​ပြင် ‘ဤသို့​သော​အခြေအနေ​၌​ရှိသူ​သည် မင်္ဂလာ​ရှိပါ၏’ ဟု​လည်း​ဆို​ကြ​ပေမည်။ သို့သော် ယင်း​နှင့်​ဆန့်ကျင်​ကာ ဆာလံဆရာ​က ‘ထာဝရ​ဘုရား​ကို ဘုရားသခင်​အဖြစ်​ကိုးကွယ်​သော​လူမျိုး​သည် မင်္ဂလာ​ရှိပါ၏’ ဟု​ဆို​ထား​သည်။ (ဆာလံ ၁၄၄:၁၂-၁၅ခ​မ) ယင်း​အချက်​မှ​လွဲ​၍ တခြား​မရှိ​နိုင်​ပါ။ ယေဟောဝါ​သည် ပျော်ရွှင်သော​ဘုရားသခင်​ဖြစ်​တော်​မူ​ပြီး ပျော်ရွှင်မှု​သည် ကိုယ်တော်​ကို ဝတ်ပြု​ကိုးကွယ်​သူတို့၏​ပိုင်ဆိုင်ရာ​ဖြစ်သည်။ (၁ တိမောသေ ၁:၁၁က​ဘ) ဤ​အမှန်တရားကို ဘုရားသခင့်​ဝိညာဉ်တော်ဖြင့် မှုတ်သွင်းခံ​ရသည့်​သီချင်းများ​တွင် နောက်ဆုံး​အပိုင်း​ဖြစ်သော ဆာလံ ၁၀၇ မှ ၁၅၀ တွင် အထင်အရှား​တွေ့ရ​သည်။

ဆာလံကျမ်း​အပိုင်း​ငါး​တွင်​လည်း ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​မှု၊ စစ်မှန်​မှု​နှင့် ကောင်းမြတ်​မှု​တို့​အပါအဝင် ကိုယ်တော်​၏​သာလွန်​ထူးကဲ​သော အရည်အသွေးများ ပေါ်လွင်​သည်။ ဘုရားသခင်​၏​ကိုယ်​ရည်​ကိုယ်​သွေး​များ​ကို ပို​၍​ထိုးထွင်း​သိမြင်​လာ​လေ​လေ ကိုယ်တော်​ကို ပို​၍​ချစ်​မြတ်နိုး၊ ပို​၍​ကြောက်ရွံ့​လာ​လေ​လေ​ဖြစ်သည်။ ယင်းက ကျွန်ုပ်​တို့ကို ပျော်ရွှင်​စေ​သည်။ ဤ​သည်​မှာ ဆာလံကျမ်း​အပိုင်း​ငါး​တွင်​တွေ့ရ​သည့် အလွန်​အဖိုးတန်​သော အကြောင်းအရာများ​ဖြစ်သည်!—ဟေဗြဲ ၄:၁၂

ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​မှု​ကြောင့် ပျော်ရွှင်

(ဆာလံ ၁၀၇:၁–၁၁၉:၁၇၆)

ဗာဗုလုန်​သုံ့ပန်း​ဘဝ​မှ ပြန်လာ​ကြသော နယ်နှင်ခံ​ဂျူး​များ​က ‘လူသား​တို့​၌​ပြု​တော်​မူ​သော ချစ်ခင်​ကြင်နာ​မှု​နှင့် အံ့ဖွယ်သော​အမှုတော်​တို့ကို​ထောက်၍ ထာဝရ​ဘုရားသခင်​၏​ဂုဏ်​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​စေ’ ဟု​သီဆို​ခဲ့​ကြသည်။ (ဆာလံ ၁၀၇:၈၊ ၁၅၊ ၂၁၊ ၃၁) ယေဟောဝါ​အား​ချီးမွမ်း​ရာ​တွင် ဒါဝိဒ်က ‘ကိုယ်တော်​၏​စစ်မှန်​မှု​သည် မိုးတိမ်​သို့​မီ​ပါ​၏’ ဟု​သီဆို​ခဲ့​သည်။ (ဆာလံ ၁၀၈:၄) တစ်ဆက်​တည်း​ပါရှိ​သော သီချင်း​စာပိုဒ်​တွင် သူ​ဤသို့​ဆုတောင်း​ဖော်ပြ​၏– ‘အကျွန်ုပ်၏​ဘုရားသခင်​ထာဝရ​ဘုရား အကျွန်ုပ်​ကို​မစ​တော်​မူ​ပါ။ ချစ်ခင်​ကြင်နာ​မှု​ရှိသည်​အတိုင်း ကယ်တင်​တော်​မူ​ပါ။’ (ဆာလံ ၁၀၉:၁၈၊ ၁၉၊ ၂၆) ဆာလံ ၁၁၀ သည် မေရှိယ​အုပ်ချုပ်မှု​နှင့်​ဆိုင်သော ပရောဖက်ပြုချက်​ဖြစ်သည်။ ‘ထာဝရ​ဘုရားသခင်​ကို ကြောက်ရွံ့​သော​သဘော​သည် ပညာ​၏​အချုပ်အခြာ​ဖြစ်၏’ ဟု ဆာလံ ၁၁၁:၁၀ တွင်​ဖော်ပြ​ထား​သည်။ ဆာလံ ၁၁၂ အရ ‘ထာဝရ​ဘုရားသခင်​ကို​ကြောက်ရွံ့ . . . သော​သူသည် မင်္ဂလာ​ရှိ၏။’—ဆာလံ ၁၁၂:၁

ဆာလံ ၁၁၃ မှ ၁၁၈ ကို ဟာ​လဲ​ဆာလံ​သီချင်း​ဟု ခေါ်​ကြသည်။ အကြောင်း​မှာ “ဟာ​လေ​လု​ယ” သို့​မဟုတ် “ဂျား​ကို​ချီးမွမ်း​လော့” စကားလုံး​ကို အကြိမ်ကြိမ်​အသုံးပြု​ထားသော​ကြောင့်​ဖြစ်၏။ အစောပိုင်း​နှုတ်​တိုက်​ထုံးတမ်း​စဉ်​လာ​များ​ကို တတိယ​ရာစု​တွင် မှတ်တမ်းတင်​ရေးသားခဲ့​သည့် မစ်ရှ်နာ​ကျမ်း​အရ ယင်း​ဟာ​လဲ​သီချင်းကို ပသခါပွဲ​နှင့် ဂျူး​တို့​နှစ်စဉ်​ကျင်းပ​သော ပွဲတော်​သုံးခု​တွင် သီဆို​ခဲ့​ကြသည်။ ဆာလံကျမ်း​ထဲ​တွင် အရှည်ဆုံး​ကျမ်း​ဖြစ်သော ဆာလံ ၁၁၉ ၌ ယေဟောဝါ​ထုတ်ဆင့်​တော်​မူ​သော မိန့်မြွက်ချက် သို့​မဟုတ် သတင်းစကားကို ချီးမွမ်း​သီကျူး​ထား​သည်။

ကျမ်းစာ​မေးခွန်းများ​အဖြေ–

၁၀၉:၂၃၊ [က​ဘ]—“ကျွန်ုပ်​သည် နေကျ​ချိန်​အရိပ်​ကဲ့သို့ အဝေး​သို့​သွား​ရတော့မည်” ဟု​ဒါဝိဒ်​ဆို​ရာ​တွင် အဘယ်အရာကို ဆိုလို​သနည်း။ ဒါဝိဒ်က သူ​သေဆုံး​မည့်​အချိန် အလွန်​နီးပြီ​ဖြစ်​ကြောင်း သူ၏​ခံစားချက်​ကို ကဗျာ​ဆန်​ဆန် ဖွဲ့နွဲ့​ခဲ့​ခြင်း​ဖြစ်သည်။—ဆာလံ ၁၀၂:၁၁

၁၁၀:၁၊ ၂—“[ဒါဝိဒ်​၏] သခင်” ယေရှု​ခရစ်​သည် ဘုရားသခင်​၏ လယ်ယာ​ဘက်၌​ထိုင်​နေစဉ် အဘယ်အရာ လုပ်ဆောင်ခဲ့​သနည်း။ ယေရှု​ရှင်ပြန်ထမြောက်​ကာ ကောင်းကင်​သို့​တက်ကြွ​သွားပြီး ဘုရင်​အဖြစ်​စတင်​အုပ်ချုပ်​သည့် ၁၉၁၄ ခုနှစ်​ရောက်​သည်​အထိ ဘုရားသခင်​၏​လက်ယာဘက်​တွင် စောင့်ဆိုင်း​နေခဲ့ရ​သည်။ ထို​အချိန်အတွင်း ယေရှုသည် ဝိညာဉ်​တော်​ဖွား​များ​၏​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​ကို ညွှန်ကြား​ပေးခြင်း​အပြင် နိုင်ငံတော်​တွင် မိမိ​နှင့်အတူ​အုပ်ချုပ်​ရန် သူတို့ကို​ပြင်ဆင်ခြင်း​ဖြင့် သူတို့ကို​အုပ်ချုပ်​ခဲ့​သည်။—မဿဲ ၂၄:၁၄; ၂၈:၁၈-၂၀; လုကာ ၂၂:၂၈-၃၀

၁၁၀:၄—ယေဟောဝါ​သည် “နောက်​တစ်ဖန် စိတ်ပြောင်း​လဲ​ခြင်း​ရှိ​တော်​မ​မူ” ဘဲ အဘယ်​အတွက် “ကျိန်ဆို” တော်​မူ​သနည်း။ ဤ​ကျိန်ဆို​ချက်​မှာ ဘုရင်​နှင့်​ယဇ်ပုရောဟိတ်​မင်းကြီး​အဖြစ် ထမ်းဆောင်​မည့် ယေရှု​ခရစ်​နှင့် ယေဟောဝါ​ဖွဲ့​သော ပဋိညာဉ်​ဖြစ်သည်။—လုကာ ၂၂:၂၉၊ ၃၀

၁၁၃:၃—ယေဟောဝါ​၏​နာမတော်​ကို “နေ​ထွက်​ရာ​မှ​သည် နေဝင်​ရာ​တိုင်အောင်” အဘယ်​နည်းဖြင့် ချီးမွမ်း​ကြ​သနည်း။ ဤ​တွင် ဘုရားသခင်​အား နေ့စဉ်​ဝတ်ပြု​ကိုးကွယ်​နေသည့် လူအုပ်စု​တစ်ခု​ထက်မက ပို​၍​ပါဝင်​ပတ်သက်​သည်။ နေ​ထွက်​ရာ​အရှေ့​အရပ်မှ နေဝင်​ရာ​အနောက်​အရပ်​ထိ​တိုင် နေ​၏​အလင်းရောင်​သည် ကမ္ဘာ​တစ်ခုလုံး​ကို ထွန်းလင်း​စေ​သည်။ အလားတူ​ပင် ယေဟောဝါ​ကို ကမ္ဘာ​တစ်ဝန်းလုံး​တွင် ချီးမွမ်း​ရန်ဖြစ်​သည်။ စနစ်တကျ ဖွဲ့စည်းထားခြင်း​မရှိပါ​က ထိုသို့​ဖြစ်မြောက်​နိုင်​မည်​မဟုတ်ပါ။ ယေဟောဝါသက်သေ​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ဘုရားသခင်​ကို ချီးမွမ်း​ရန်​နှင့် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို ထက်သန်​စွာ​ကြေညာ​ရန်ဖြစ်​သော နှစ်သက်​မြတ်နိုးဖွယ်​အခွင့်အရေး ရရှိ​ထား​ကြသည်။

၁၁၆:၁၅—‘ထာဝရ​ဘုရားသခင်​ရှေ့တော်၌ မိမိ​သန့်ရှင်းသူ​တို့၏​သေခြင်း​အရာ​သည်’ မည်မျှ “အဖိုး​ကြီး” သနည်း။ ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သူများ​သည် ကိုယ်တော့်​အဖို့ အလွန်​တန်ဖိုး​ကြီး​လှ​သောကြောင့် သူတို့​တစ်ဖွဲ့​လုံး​သေခြင်းကို ဘုရားသခင်​ခွင့်ပြု​မည်​မဟုတ်။ ယေဟောဝါ​ခွင့်ပြု​မည်​ဆိုပါ​က ကိုယ်တော်​၏​ရန်သူများ​သည် ကိုယ်တော်​ထက် ပို​၍​တန်ခိုး​ကြီး​သ​ယောင် ဖြစ်သွား​စေမည်။ ထို့​ပြင် ကမ္ဘာသစ်​အုတ်မြစ်​အဖြစ် မြေကြီးပေါ် မည်သူ​တစ်ဦး​တစ်ယောက်မျှ ရှိတော့မည်​မဟုတ်​ချေ။

၁၁၉:၇၁—ဆင်းရဲခံ​ရသော​ကျေးဇူး​သည် မည်သို့​အားဖြင့် အကျိုး​ကြီး​နိုင်​ပါ​သနည်း။ ဆင်းရဲ​ခက်ခဲ​မှု​က ယေဟောဝါ​အပေါ် ပို​၍​အပြည့်အဝ​ကိုးစား​ရန်၊ ကိုယ်တော့်​ထံ စိတ်အား​ထက်သန်​စွာ ဆုတောင်း​ရန်၊ သမ္မာကျမ်းစာ​ကို ပို​၍​လုံ့လ​ဝီရိယ​ရှိ​ရှိ​လေ့လာ​ပြီး လက်တွေ့​ကျင့်သုံး​ရန် သင်ယူ​စေနိုင်​သည်။ ထို့​ပြင် ဆင်းရဲခံ​ရသောအခါ ကျွန်ုပ်​တို့၏​တုံ့ပြန်​ပုံ​မှ ပြုပြင်​ရန်လို​သည့် ချွတ်ယွင်းချက်​များ​ကို တွေ့မြင်​စေနိုင်​သည်။ ဆင်းရဲ​ခက်ခဲ​မှု​ကို ကျွန်ုပ်​တို့အား ပြုပြင်ပေး​သည့်​အရာ​အဖြစ် သဘောထား​မည်​ဆိုပါ​က ယင်းသည် အကျိုးယုတ်​စေသည့်​အရာ ဖြစ်​မည်​မဟုတ်ပါ။

၁၁၉:၉၆—“ခပ်သိမ်း​သော​စုံလင်ခြင်း​၏​အဆုံး” ဟူသည် အဘယ်အရာကို ဆိုလို​သနည်း။ ဆာလံဆရာ​က စုံလင်ခြင်း​အကြောင်းကို လူ့​ရှုထောင့်​မှ ပြောနေခြင်း​ဖြစ်သည်။ စုံလင်ခြင်း​နှင့်​ပတ်သက်သော လူ့​ရှုမြင်ချက်​သည် အကန့်အသတ်​သာ​ဖြစ်​ကြောင်း သူ​စိတ်စွဲ​ခဲ့​ပုံ​ရသည်။ ယင်း​နှင့်​ဆန့်ကျင်​ကာ ဘုရားသခင့်​ပညတ်​မှာ​မူ ထိုသို့​အကန့်အသတ်​မရှိပါ။ ကိုယ်တော့်​လမ်းညွှန်ချက်များ​သည် ဘဝ​အသက်တာ​ကဏ္ဍ​အားလုံး​နှင့် သက်ဆိုင်​သည်။ သို့​ဖြစ်၍ “ခပ်သိမ်း​သော​စုံလင်ခြင်း​တွင်​အကန့်အသတ်​ရှိ​မှု​ကို အကျွန်ုပ်​မြင်​ပါ​၏။ ကိုယ်တော်​၏​ပညတ်တော်​များ​မူ​ကား အကန့်အသတ်မဲ့​ပါ​၏” ဟု​အပြည်ပြည်ဆိုင်ရာ​ကျမ်း​သစ် [လိပ်] တွင် ဖတ်​ရသည်။

၁၁၉:၁၆၄—ဘုရားသခင်​အား “တစ်ရက်​လျှင် ခု​နစ်​ကြိမ်” ချီးမွမ်း​ခြင်း​သည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ ခု​နစ်​ဂဏန်း​ကို များသောအားဖြင့် ပြည့်စုံခြင်း​အနေ​နှင့် ဖော်ပြ​ကြသည်။ သို့​ဖြစ်၍ ဆာလံဆရာ​က ယေဟောဝါ​သည် ချီးမွမ်းမှု​အားလုံး ခံထိုက်သော​အရှင်ဖြစ်​ကြောင်း ဖော်ပြခြင်း​ဖြစ်သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ–

၁၀၇:၂၇-၃၁အာမဂေဒုန်​ကျရောက်​လာသော​အခါ လောက​ဉာဏ်ပညာ​သည် “တိမ်​မြုပ်” သွား​မည်။ (ဗျာ. ၁၆:၁၄၊ ၁၆) ယင်း​ပညာ​သည် မည်​သူ့ကို​မျှ ဖျက်ဆီးခြင်း​ဘေး​မှ မ​ကယ်​လွတ်​နိုင်​ပါ။ ကယ်တင်ခြင်း​ရ​ရန် ယေဟောဝါ​အား မျှော်ကိုး​သူတို့သာလျှင် ‘လူသား​တို့​၌​ပြု​တော်​မူ​သော ချစ်ခင်​ကြင်နာ​မှု​ကို​ထောက်၍ ထာဝရ​ဘုရားသခင်​၏ ဂုဏ်​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ’ ရန်​အသက်ရှင်​လိမ့်​မည်။

၁၀၉:၃၀၊ ၃၁; ၁၁၀:၅စစ်သား​တစ်ဦး​သည် ဒိုင်းလွှား​ကို ဘယ်​လက်​ဖြင့်​ကိုင်​သောကြောင့် ဓားကို​အသုံးပြု​သော ညာလက်​သည် ဒိုင်းလွှား​၏​အကာအကွယ်​မှ လွတ်​နေတတ်​သည်။ ယေဟောဝါ​သည် ကိုယ်တော့်​ကျေးကျွန်​များ​အတွက် တိုက်ခိုက်​ပေး​ရန် ပုံဆောင်​သဘောဖြင့် “လက်ယာ​ဘက်မှာ” ရှိ​တော်​မူ​၏။ သို့​ဖြစ်၍ အကာအကွယ်​နှင့် အကူအညီ​ပေး​မှု​အတွက် ‘ထာဝရ​ဘုရားသခင်​၏​ဂုဏ်​ကျေးဇူးတော်​ကို အလွန်​ချီးမွမ်း’ ရန် အလွန်​ကောင်းသော​အကြောင်းရင်း​ပင်!

၁၁၃:၄-၉ယေဟောဝါ​သည် အလွန်​မြင့်မြတ်​တော်​မူ​သောကြောင့် ‘ကောင်းကင်​အရာ​တို့ကို ကြည့်ရှု​တော်​မူ’ ရန်​အတွက်​ပင် ကိုယ်ကို​နှိမ့်ချ​ရ​တော်​မူ​၏။ သို့​တိုင် ကိုယ်တော်​သည် နိမ့်ကျသော​သူ၊ ဆင်းရဲသော​သူနှင့် မြုံ​သော​မိန်းမတို့ကို သနား​ကြင်နာ​တော်​မူ​၏။ ပိုင်သ​အုပ်စိုးရှင်​ယေဟောဝါ​သည် နှိမ့်ချသော​စိတ်​ရှိ​တော်​မူ​ပြီး ကိုယ်တော့်​အား​ဝတ်ပြု​ကိုးကွယ်​သူများကို​လည်း ထို​စိတ်သဘောထား ရှိစေ​လို​တော်​မူ​၏။—ယာကုပ် ၄:၆

၁၁၄:၃-၇ယေဟောဝါ​သည် မိမိ၏​လူမျိုး​အတွက် ပင်လယ်နီ​တွင်၊ ယော်ဒန်​မြစ်​တွင်​နှင့် သိနာ​တောင်​တွင် ပြုလုပ်​တော်​မူ​ခဲ့​သော အံဖွယ်​အမှု​များ​ကို သိရှိ​လာ​ရခြင်း​မှ ကျွန်ုပ်​တို့​အပေါ် နက်နက်ရှိုင်းရှိုင်း အကျိုး​သက်ရောက်​သင့်​သည်။ “မြေကြီး” နှင့်​ခိုင်းနှိုင်း​ခံရ​သော လူသား​တို့သည် အရှင်​၏​မျက်နှာတော်​ရှေ့တွင် ခန့်ညား​ကြောက်ရွံ့၊ ပုံဆောင်​စကား​အနေ​နှင့် “တုန်လှုပ်​လျက်​နေ” သင့်​သည်။

၁၁၉:၉၇-၁၀၁၊ [က​ဘ]။ ဘုရားသခင့်​နှုတ်မြွက်တော်​မှ ဉာဏ်ပညာ​ကို​ရရှိ​ပြီး ထိုးထွင်း​သိမြင်၊ နားလည်​သဘောပေါက်ခြင်း​ဖြင့် ဝိညာဉ်​ရေး​အန္တရာယ်များ​မှ အကာအကွယ်​ရစေသည်။

၁၁၉:၁၀၅ဘုရားသခင့်​နှုတ်မြွက်တော်​သည် ကျွန်ုပ်​တို့​ခြေရှေ့​တွင် မီးခွက်​ဖြစ်သော​ကြောင့် လောလောဆယ်​ပြဿနာ​များ​ကို ကိုင်တွယ်​ဖြေရှင်းရန် အထောက်အကူ​ပြု​နိုင်​သည်။ ထို့​ပြင် အနာဂတ်နှင့်​ပတ်သက်သော ဘုရားသခင့်​ရည်ရွယ်ချက်ကို ကြို​ဖော်ပြ​ထားသော​ကြောင့် ကျွန်ုပ်​တို့​လမ်းခရီး​အတွက် ပုံဆောင်​အလင်း​လည်း​ဖြစ်သည်။

အခက်အခဲ​များ​ကြား ပျော်ရွှင်

(ဆာလံ ၁၂၀:၁–၁၄၅:၂၁)

ဆင်းရဲ​ခက်ခဲ​သော​အခြေအနေ​များ​ကို ကျွန်ုပ်​တို့ မည်သို့​ရင်ဆိုင်​နိုင်​ပြီး ယင်း​တို့ကို မည်သို့​ကျော်လွှား​နိုင်​သနည်း။ ဤ​မေးခွန်း​အတွက် ဆာလံ ၁၂၀ မှ ၁၃၄ တွင် ရှင်းလင်း​သည့်​အဖြေ ပါရှိ​သည်။ အကူအညီ​အတွက် ယေဟောဝါ​ကို​မျှော်ကိုးခြင်း​ဖြင့် ကျွန်ုပ်​တို့သည် အခက်အခဲ​ကို ကျော်လွှား​ကြ​ပြီး ကျွန်ုပ်​တို့၏​ရွှင်လန်းမှု​ကို ထိန်းသိမ်း​ထား​ကြသည်။ ဤ​ဆာလံကျမ်း​အပိုင်း​ကို အတက်​သီချင်း​ဟု​ခေါ်​သည်။ ယင်းကို နှစ်ပတ်လည်​ပွဲတော်​အတွက် ယေရုရှလင်​မြို့​သို့​တက်​သွား​ကြသော ဣသရေလ​လူမျိုး​တို့ သီဆို​ခဲ့​ကြ​ဟန်​တူ​သည်။

ဆာလံ ၁၃၅ နှင့် ၁၃၆ တွင် ယေဟောဝါ​အား ကိုယ်တော်​နှစ်သက်ရာ အဘယ်အရာကို​မဆို လုပ်ဆောင်​သော အရှင်​အဖြစ် သရုပ်ဖော်​ထား​သည်။ ယင်းက စွမ်းဆောင်​နိုင်စွမ်း​မရှိသော ရုပ်ပုံများ​နှင့် အလွန်​ကွာခြား​သည်။ ဆာလံ ၁၃၆ ကို ထပ်ကျော့​သီဆို​သည့်​သီချင်း​အဖြစ် စပ်ဆို​ထား​သည်။ အခန်းငယ်​၏ အပိုင်း​တစ်ပိုင်း​ကို နောက်​အခန်းငယ်​တွင် ထပ်ကျော့​သီဆိုခြင်း​ဖြစ်သည်။ ဆာလံ ၁၃၇ သည် ဇိအုန်​မြို့တွင် ယေဟောဝါ​အား​ဝတ်ပြုလို​ကြသော ဗာဗုလုန်​ရောက် ဂျူး​တို့၏ ဝမ်းနည်းမှု​အခြေအနေ​ကို ဖော်ပြ​သည်။ ဆာလံ ၁၃၈ မှ ၁၄၅ ကို​ဒါဝိဒ်​စပ်ဆို​ခဲ့​ခြင်း​ဖြစ်သည်။ သူသည် ‘ယေဟောဝါ​ကို စိတ်နှလုံး​အကြွင်းမဲ့ ချီးမွမ်း’ လို​ခဲ့​သည်။ အဘယ်ကြောင့်​နည်း။ “အကျွန်ုပ်သည် ကြောက်မက်​ဖွယ်​သော​လက္ခဏာ၊ ထူးဆန်းသော​လက္ခဏာ​တို့​နှင့်​ပြည့်စုံ” သောကြောင့်​ဖြစ်သည်။ (ဆာလံ ၁၃၈:၁; ၁၃၉:၁၄) ဆာလံ ၁၄၀ မှ ၁၄၄ သည် လူဆိုးများ​လက်​မှ ကာကွယ်​ပေး​ရန်၊ ဖြောင့်မတ်​စွာ​ဆုံးမ​ပဲ့ပြင်​ရန်၊ နှိပ်စက်​ညှဉ်းပန်း​သူများ​လက်​မှ ကယ်နုတ်​ရန်​နှင့် အမူအကျင့်​တို့​တွင် လမ်းညွှန်​ပေး​ရန် ဒါဝိဒ်​၏​ဆုတောင်းချက်​များ​ဖြစ်သည်။ ယေဟောဝါ​လူမျိုးတော်​၏ ပျော်ရွှင်မှု​ကို ပေါ်လွင်​အောင်​ဖော်ပြ​ထား​သည်။ (ဆာလံ ၁၄၄:၁၅) ဘုရားသခင်​၏ ကြီးမြတ်မှု၊ ကောင်းမြတ်​မှု​ကို ပြန်​သုံးသပ်​ပြီး​နောက် ဒါဝိဒ်​ဤသို့​ကြွေးကြော်​၏– ‘ထာဝရ​ဘုရားသခင်​ကို​ချီးမွမ်း​လျက် ငါ​မြွက်ဆို​မည်။ ခပ်သိမ်း​သော​လူတို့သည် သန့်ရှင်းသော​နာမတော်​ကို ကမ္ဘာ​အဆက်ဆက်​ကောင်းချီး​ပေး​ကြ​စေ။’—ဆာလံ ၁၄၅:၂၁

ကျမ်းစာ​မေးခွန်းများ​အဖြေ–

၁၂၂:၃—ယေရုရှလင်​မြို့​သည် မည်သို့ “စေ့စပ်​သော​မြို့​ကဲ့သို့​တည်” ရှိခဲ့​သနည်း။ ရှေးခေတ်​မြို့များ​ကဲ့သို့​ပင် ယေရုရှလင်​မြို့ရှိ​အိမ်များ​ကို ဆက်စပ်​ကာ​တည်ဆောက်​ခဲ့​ကြသည်။ စေ့စပ်​ဖွဲ့စည်းထား​သော​မြို့​ဖြစ်သော​ကြောင့် ခုခံ​ကာကွယ်​ဖို့ လွယ်ကူ​သည်။ ထို့​ပြင် အိမ်များ​ဆက်စပ်​တည်ရှိ​နေခြင်း​ကြောင့် မြို့​နေ​လူထု​သည် အကူအညီ​နှင့် ကာကွယ်​မှု​အတွက် တစ်ဦး​ကိုတစ်​ဦး မှီခို​နိုင်​ကြသည်။ ယင်းက ဣသရေလ ၁၂ နွယ်​တို့ ဝတ်ပြု​ရန်​အတွက် အတူတကွ​သွား​ကြ​ချိန်​တွင် သူတို့၏​ဝိညာဉ်​ရေး​စည်းလုံးမှု​ကို ပုံ​တင်ပြ​သည်။

၁၂၃:၂—ကျွန်​တို့ မျှော်ကြည့်​သည်​ဟူ​သည့် ပုံ​ဥပမာ​က အဘယ်အရာကို ဖော်ပြ​သနည်း။ ကျွန်​နှင့် ကျွန်မ​တို့သည် သခင် သို့​မဟုတ် သခင်မ​၏​လက်ကို မျှော်ကြည့်​ရသည့် အကြောင်းရင်း​နှစ်ခု​ရှိ​ရသည်– သူတို့​အဘယ်​ဆန္ဒရှိ​ကြောင်း​သိ​ရန်​နှင့် ကာကွယ်​မှု၊ ဘဝ​လိုအပ်ရာ​များ​ရရှိရန်​တို့​ကြောင့်​ဖြစ်သည်။ အလားတူ​ပင် ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​အလိုတော်ကို သိရှိ​ရန်​နှင့် ကိုယ်တော်​၏​မျက်နှာသာ​ရရှိရန် ကိုယ်တော်​ကို​မျှော်ကိုး​ကြသည်။

၁၃၁:၁-၃—ဒါဝိဒ်​သည် မည်သို့​အားဖြင့် “အမိ​နို့​နှင့်​ကွာ​သော​သူငယ်​ကဲ့သို့ ကိုယ်​စိတ်​ကို​ဖြေ​၍ ငြိမ်း​စေ” ခဲ့​သနည်း။ နို့​ကွာ​သော​သူငယ်​သည် မိခင်၏​ရင်ခွင်တွင် နှစ်သိမ့်မှု​နှင့် စိတ်​ကျေနပ်မှု​တွေ့​ရန် သင်ယူ​သကဲ့သို့ ဒါဝိဒ်​သည် “အမိ​နို့​နှင့်​ကွာ​သော​သူငယ်​ကဲ့သို့” စိတ်​ကို​ဖြေ​၍​ငြိမ်သက်မှု​ရစေ​ရန် သင်ယူ​သိရှိ​ခဲ့​သည်။ မည်သို့​အားဖြင့်​နည်း။ စိတ်​နေ​မ​မြင့်​ခြင်း၊ မျက်နှာ​မ​မော်​ခြင်း၊ ကိုယ်​နှင့်​မတန်​သော​အမှု၌ မ​ကျင်လည်​ခြင်း​အားဖြင့်​ဖြစ်သည်။ ထင်ပေါ်​ကျော်ကြား​ရန် ကြိုးစား​မည့်​အစား ဒါဝိဒ်​သည် မိမိ၏​အကန့်အသတ်​ဖြစ်မှု​ကို အမြဲ​အသိအမှတ်ပြု​ခဲ့​ပြီး နှိမ့်ချမှုကို တင်ပြ​ခဲ့​သည်။ ကျွန်ုပ်​တို့သည် အထူးသဖြင့် အသင်းတော်​အခွင့်အရေး​များ​ကို လက်လှမ်း​ယူ​နေချိန်​တွင် သူ၏​သဘောထားကို အတုယူ​ခြင်း​သည် ပညာရှိရာ​ရောက်​သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ–

၁၂၀:၁၊ ၂၊ ၆၊ ၇။ အသရေ​ရှုတ်ချ​သော၊ ထိခိုက်​နာကြည်း​စေသော​စကား​သည် အခြား​သူများကို မခံမရပ်​ဖြစ်စေ​နိုင်​သည်။ ကျွန်ုပ်​တို့၏​လျှာ​ကို ချုပ်တည်း​ခြင်း​က “ငြိမ်သက်ခြင်း​ဘက်မှာ​နေ” ကြောင်း တင်ပြ​နိုင်​သည့်​နည်း​ဖြစ်သည်။

၁၂၀:၃၊ ၄။ ကျွန်ုပ်​တို့သည် တစ်စုံ​တစ်ဦး၏ “လှည့်စား​တတ်သော​လျှာ” ကို​သည်းခံနေ​ရသည်​ဆိုပါ​က ယေဟောဝါ​သည် အချိန်တန်လျှင် ကိစ္စရပ်​များ​ကို ဖြေရှင်း​ပေး​မည်​ဖြစ်​ကြောင်း သိရ​ခြင်း​မှ နှစ်သိမ့်မှု​ရရှိနိုင်​ပါ​သည်။ အသရေ​ရှုတ်ချသူ​များသည် “အား​ကြီးသော​သူ” ၏​လက်တော်​ဖြင့် ဒဏ်ခတ်​ခံရ​မည်။ ထို​သူတို့သည် “ရ​သမ်​သစ်သား​မီးခဲ” ဖြင့်​တင်စား​ထားသော ယေဟောဝါ​၏ မီးလျှံ​နှင့်​တရား​စီရင်ခြင်း​ကို ဧကန်​မုချ​ခံရ​ကြ​မည်။

၁၂၇:၁၊ ၂။ ကျွန်ုပ်​တို့၏ ကြိုးစား​အားထုတ်မှု​မှန်သမျှ​တွင် ယေဟောဝါ​၏ လမ်းညွှန်မှုကို မျှော်ကိုး​သင့်​သည်။

၁၃၃:၁-၃ယေဟောဝါ​လူမျိုး၏ စည်းလုံးမှု​သည် ငြိမ်သက်​အေးချမ်း၊ အကျိုး​ဖြစ်ထွန်း၊ လန်းဆန်းမှု​ဖြစ်စေ​သည်။ ယင်းကို ကျွန်ုပ်​တို့၏ အပြစ်ရှာ​ခြင်း၊ ရန်​တွေ့​ခြင်း၊ ညည်းညူ​ခြင်း​တို့​ဖြင့် မဖျက်ဆီး​သင့်​ပါ။

၁၃၇:၁၊ ၅၊ ၆။ ယေဟောဝါ​အား​ဝတ်ပြု​ကိုးကွယ်​ကြသော နယ်နှင်ခံ​ရသူ​တို့သည် ထို​အချိန်​က မြေကြီးပေါ်​ရှိ ဘုရားသခင့်​အဖွဲ့အစည်း​တည်ရှိရာ ဇိအုန်​မြို့ကို စွဲလမ်း​တမ်းတ​ခဲ့​ကြသည်။ ကျွန်ုပ်​တို့​ကော မည်သို့​နည်း။ ယနေ့ ယေဟောဝါ​အသုံးပြု​နေသော အဖွဲ့အစည်း​ကို တည်ကြည်မှု​ရှိ​ရှိ တွယ်ကပ်​နေပါသလော။

၁၃၈:၂ [သမ္မာ]။ ယေဟောဝါ​၏​နာမတော်​ဖြင့် ကတိပြု​ရာ​အားလုံး ပြည့်စုံခြင်း​သည် ကျွန်ုပ်​တို့​မျှော်လင့်သည့် အဘယ်အရာ​ထက်​မဆို သာလွန်​မြင့်မြတ်​သောကြောင့် ကိုယ်တော်​သည် ‘နာမတော်​ကို အရာခပ်သိမ်း​ထက် ချီးမြှောက်​တော်​မူ’ သည်။ ကျွန်ုပ်​တို့​ရှေ့တွင် အလွန်​ထူးမြတ်​သော အလားအလာ​ရှိသည်။

၁၃၉:၁-၆၊ ၁၅၊ ၁၆ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​လုပ်ဆောင်မှုများ၊ စဉ်းစား​ရာ​များ၊ ကျွန်ုပ်​တို့​ပြော​မည့်​စကား​များ​ကို​ပင် သိတော်မူ​သည်။ ကိုယ်​အင်္ဂါ​အစိတ်အပိုင်း​များ သီးခြား​မဖြစ်​ပေါ်​မီ ပဋိသန္ဓေ​တည်​စ​အချိန်​ကတည်းက ကျွန်ုပ်​တို့ကို ကိုယ်တော်​သိတော်မူ၏။ ကျွန်ုပ်​တို့ တစ်ဦးချင်း​စီ​ကို​သိ​ရှိတော်မူသော ကိုယ်တော်​၏​ဉာဏ်တော်​သည် ကျွန်ုပ်​တို့​နားမလည်​နိုင်​လောက်​အောင် “အံ့သြဖွယ်” ဖြစ်သည်။ ယေဟောဝါ​သည် ကျွန်ုပ်​တို့​ရင်ဆိုင်​ကောင်း​ရင်ဆိုင်​နိုင်​ဖွယ်​ရှိသည့် ဆင်းရဲ​ခက်ခဲ​သော​အခြေအနေ​ကို သိ​သည်​သာမက ယင်းသည် ကျွန်ုပ်​တို့ကို မည်သို့​ထိခိုက်​ကြောင်းကို​ပါ သိတော်မူ​ကြောင်း​သိရခြင်းက အလွန်​နှစ်သိမ့်​ဖွယ်​ပင်!

၁၃၉:၇-၁၂ကျွန်ုပ်​တို့သည် အဘယ်​အရပ်သို့​ပင်​သွားပါစေ ဘုရားသခင် ခွန်အား​မပေးနိုင်​လောက်​အောင် ဝေးလွန်း​လှ​သည့်​နေရာ​မရှိပါ။

၁၃၉:၁၇၊ ၁၈ယေဟောဝါ​နှင့်​ပတ်သက်သော အသိပညာ​ရှိ​ခြင်း​က ကျွန်ုပ်​တို့ကို ပျော်မွေ့​စေပါ​သလော။ (သု. ၂:၁၀) သို့​ဖြစ်​လျှင် ကျွန်ုပ်​တို့သည် မကုန်မဆုံး​နိုင်သော ပျော်ရွှင်မှု​၏​ရင်းမြစ်ကို ရှာတွေ့​ပြီ​ဖြစ်သည်။ ယေဟောဝါ​၏ အကြံအစည်​တော်​တို့သည် “သဲလုံး​နှင့်​အမျှ​မ​က သာ၍​များ​ကြ​ပါ​၏။” ကိုယ်တော်​အကြောင်း​သင်ယူစရာ အစဉ်အမြဲ​ရှိ​မည်​ဖြစ်သည်။

၁၃၉:၂၃၊ ၂၄ကျွန်ုပ်​တို့၏ အတွင်းလူ​ကို ယေဟောဝါ​စစ်ဆေး​တော်​မူ​ရန် အလိုရှိ​သင့်​သည်။ မတော်လျော်​သော​အတွေး​များ၊ ဆန္ဒ​များ၊ သဘောထားများ​ဖြစ်သည့် “ဆိုးသော​လမ်း” ၌​ရှိမရှိ​သိ​ရန်​နှင့် ယင်း​တို့ကို အမြစ်ပါ​မကျန် နုတ်​ပစ်​ရာ​တွင် အကူအညီ​ရ​ရန်​အတွက် ဖြစ်သည်။

၁၄၃:၄-၇ကြီးမား​သည့်​အခက်အခဲ​များ ရင်ဆိုင်​ရ​လျှင်​ပင် မည်သို့​ခံရပ်​နိုင်​သနည်း။ ဆာလံဆရာ​က သော့ချက်​ကို ဖော်ပြ​၏– ယေဟောဝါ​၏​လုပ်ရပ်များ​ကို စဉ်းစား​တွေးတောပါ၊ ကိုယ်တော်​လုပ်ဆောင်မှုများ​ကို ဆင်ခြင်​ပါ၊ အကူအညီ​အတွက် ဆုတောင်း​ပါ။

“ဟာ​လေ​လု​ယ”

ဖော်ပြ​ခဲ့​ပြီး​ဖြစ်သော ဆာလံကျမ်း​အပိုင်း​လေးခု​စ​လုံး​ကို ယေဟောဝါ​အား ချီးမွမ်း​သည့် အသုံးအနှုန်း​ဖြင့် နိဂုံး​ချုပ်​ဖော်ပြ​သည်။ (ဆာလံ ၄၁:၁၃; ၇၂:၁၉၊ ၂၀; ၈၉:၅၂; ၁၀၆:၄၈) နိဂုံး​ချုပ်​အပိုင်း​သည်လည်း အလားတူ​ပင်​ဖြစ်သည်။ ဆာလံ ၁၅၀:၆ တွင် ‘အသက်​ရှိသောသူ​အပေါင်းတို့သည် ထာဝရ​ဘုရားသခင်​ကို ချီးမွမ်း​ကြ​စေ။ ဟာ​လေ​လု​ယ’ ဟု​ဖော်ပြ​ထား​၏။ ဘုရားသခင့်​ကမ္ဘာသစ်​တွင် ယင်း​သို့​အမှန်ပင် ဖြစ်လာ​မည်။

ကျွန်ုပ်​တို့သည် ကောင်းချီး​ခံစားရ​မည့် ထို​အချိန်ကို မျှော်လင့်​နေရင်း စစ်မှန်သော​ဘုရားသခင် ဘုန်းထင်ရှား​စေရန်၊ ကိုယ်တော်​၏​နာမတော်​ကို ချီးမွမ်း​ရန် အကြောင်းကောင်း​များစွာ​ရှိသည်။ ကျွန်ုပ်​တို့သည် ယေဟောဝါ​ကို​သိ​ကြ​ပြီး ကိုယ်တော်​နှင့် ဆက်ဆံ​ရေး​ကောင်း​ရှိကြ​သောကြောင့် ကျွန်ုပ်​တို့​ခံစားရ​မည့် ပျော်ရွှင်မှု​ကို စဉ်းစား​ကြည့်​သည့်​အခါ ကျေးဇူး​တင်​လေးမြတ်မှု​ဖြင့် ကိုယ်တော်​အား​ချီးမွမ်း​ရန် လှုံ့ဆော်​ခံရ​သည်မဟုတ်​ပေ​လော။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေဟောဝါ​၏ အံ့ဖွယ်​လက်ရာများ​သည် အံ့မခန်းဖွယ်​ဖြစ်၏

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယေဟောဝါ​၏ အကြံအစည်​တော်​တို့သည် “သဲလုံး​နှင့်​အမျှ​မ​က သာ၍​များ​ကြ​ပါ​၏”