မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ဆုတောင်းသံကို နားညောင်းတော်မူသောအရှင်’ ထံ ချဉ်းကပ်နိုင်ပုံ

‘ဆုတောင်းသံကို နားညောင်းတော်မူသောအရှင်’ ထံ ချဉ်းကပ်နိုင်ပုံ

‘ဆုတောင်းသံ​ကို နားညောင်း​တော်​မူ​သော​အရှင်’ ထံ ချဉ်းကပ်​နိုင်​ပုံ

‘ဆုတောင်းသံ​ကို နားညောင်း​တော်​မူ​သော​အရှင် ကိုယ်တော့်​ထံ​သို့ လူအပေါင်း​တို့သည် ချဉ်းကပ်​ရ​ကြ​ပါ​လိမ့်​မည်။’—ဆာလံ ၆၅:၂၊ သမ္မာ။

၁။ လူသား​သည် မြေကြီးပေါ်​ရှိ အခြား​သတ္တဝါ​တို့​နှင့်​မတူဘဲ အဘယ်အရာ​တွင် ထူးခြား​သနည်း။ ယင်းက အဘယ်​အခွင့်အရေး​ရ​ရန် လမ်းပွင့်​သွား​သနည်း။

မြေကြီးပေါ်​ရှိ ထောင်သောင်း​ချီ​သော ဖန်ဆင်း​ခံ​သတ္တဝါ​အားလုံး​ထဲ​မှ လူသားများ​သာ ဖန်ဆင်း​ရှင်​ကို ဝတ်ပြု​နိုင်​သည့်​စွမ်းရည်​ရှိသည်။ လူသားများ​သာ ဘုရားသခင်​အား ဝတ်ပြု​ကိုးကွယ်​ရန်လို​ကြောင်း သိ​ရှိကြ​ပြီး ယင်း​လိုအပ်မှု​ကို ဖြည့်ဆည်း​လို​သည့် ဆန္ဒရှိ​ကြသည်။ ယင်းက အလွန်​ထူးမြတ်​သော အခွင့်အရေး​ဖြစ်သည့် ကောင်းကင်​ခမည်းတော်​နှင့် ကျွန်ုပ်​တို့​နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ရှိ​ရန် လမ်းပွင့်​သွား​စေ​သည်။

၂။ အပြစ်တရားက လူသား​နှင့် ဖန်ဆင်း​ရှင်​၏ ဆက်ဆံ​ရေး​အပေါ် အဘယ်​ဆိုးကျိုး​ဖြစ်စေ​ခဲ့​သနည်း။

ဘုရားသခင်​သည် လူကို မိမိ၏​ဖန်ဆင်း​ရှင်​ထံ ချဉ်းကပ်​နိုင်​သည့်​စွမ်းရည်​ဖြင့် ဖန်ဆင်း​ခဲ့​သည်။ အာဒံ​နှင့်​ဧဝ​သည် အပြစ်​မပါဘဲ ဖန်ဆင်း​ခံ​ခဲ့​ရသည်။ သို့​ဖြစ်သော​ကြောင့် ကလေးငယ်​တစ်ဦး​သည် သူ၏​ဖခင်​ထံ လွတ်လွတ်လပ်လပ်​ချဉ်းကပ်​သကဲ့သို့ သူတို့သည် ဘုရားသခင်​ထံ ချဉ်းကပ်​နိုင်​ခဲ့​ကြသည်။ သို့သော် အပြစ်​ကြောင့် ယင်း​အခွင့်ထူး ဆုံးရှုံး​ခဲ့​ရသည်။ အာဒံ​နှင့်​ဧဝ​သည် ဘုရားသခင်​အား မနာခံ​ခဲ့​၍ ကိုယ်တော်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး ဆုံးရှုံး​ခဲ့​ကြသည်။ (ကမ္ဘာဦး ၃:၈-၁၃၊ ၁၇-၂၄) ယင်းက အာဒံ​၏ မစုံလင်​သော​သားမြေး​များသည် ဘုရားသခင်​နှင့်​ဆက်ဆံ​ရေး ဘယ်တော့​မျှ​မရနိုင်​တော့​ဟု ဆိုလို​ပါသလော။ မဆိုလို​ပါ၊ သူတို့သည် လိုအပ်ချက်​အချို့​ကို ပြည့်မီ​မည်​ဆိုလျှင် ယေဟောဝါ​ထံ​ချဉ်းကပ်​ရန် ကိုယ်တော်​ဆက်၍ ခွင့်ပြု​တော်​မူ​သည်။ ယင်း​လိုအပ်ချက်​များ​ကား အဘယ်နည်း။

ဘုရားသခင်​ထံ​ချဉ်းကပ်​ရန် လိုအပ်ချက်​များ

၃။ အပြစ်သား​ဖြစ်သော​လူသား​တို့သည် ဘုရားသခင်​ထံ မည်သို့​ချဉ်းကပ်​သင့်​သနည်း။ ယင်းကို အဘယ်​ပုံ​ဥပမာ​က ဖော်ပြ​သနည်း။

ဘုရားသခင်​ထံ​ချဉ်းကပ်​လို​သော မစုံလင်သူ​လူသား​တစ်ဦးထံ​မှ ကိုယ်တော် အဘယ်အရာ​တောင်းဆို​ကြောင်း သိရှိ​ရန် အာဒံ​၏​သား​နှစ်ဦး​ပါဝင်သော အဖြစ်အပျက်​တစ်ခု​က အထောက်အကူ​ပြု​သည်။ ကာဣန​နှင့် အာဗေလ​တို့သည် ဘုရားသခင်​ထံ ပူဇော်ရာ​ယဇ်များ​ဆက်သခြင်း​ဖြင့် ကိုယ်တော်​ထံ​ချဉ်းကပ်​ဖို့ အားထုတ်​ခဲ့​ကြသည်။ ဘုရားသခင်​သည် အာဗေလ​၏​ပူဇော်​သော​ယဇ်ကို လက်ခံခဲ့​သော်လည်း ကာဣန​၏​ပူဇော်​သော​ယဇ်ကို​ကား ငြင်းပယ်​ခဲ့​၏။ (ကမ္ဘာဦး ၄:၃-၅) အဘယ်ကြောင့် ထိုသို့​ဖြစ်​ခဲ့​သနည်း။ ဟေဗြဲ ၁၁:၄ တွင်​ဤသို့​ဆို​သည်– “အာဗေလ​သည် ကာဣန​ပူဇော်​သော​ယဇ်​ထက် သာ၍​မြတ်သော​ယဇ်ကို ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​အား​ပူဇော်​၏။ ထိုသို့​သော​ယဇ်ကို​ပူဇော်​၍ မိမိ​ဖြောင့်မတ်​သည်​ဟု သက်သေခံ​တော်​မူ​ခြင်း​ကို​ရလေ​၏။” မှန်ပါသည်၊ ဘုရားသခင်​ထံ​ချဉ်းကပ်​ရာ​တွင် ယုံကြည်ခြင်း​သည် လိုအပ်ချက်​တစ်ခု​ဖြစ်သည်။ ကာဣန​အား ယေဟောဝါ​မိန့်တော်မူ​သည့်​စကား​တွင် နောက်ထပ်​လိုအပ်ချက်​တစ်ခု​ကို တွေ့ရ​သည်– “သင်သည် ကောင်းမွန်​စွာ​ပြု​လျှင် အခွင့်​မရ​လော။” မှန်​၏၊ ကာဣန​သည် ကောင်းသော​အရာ​ကို လုပ်ဆောင်ခဲ့​မည်​ဆိုလျှင် ဘုရားသခင်​ထံ သူ၏​ချဉ်းကပ်​မှု​ကို ကိုယ်တော်​လက်ခံခဲ့​ပေမည်။ သို့သော် ကာဣန​သည် ဘုရားသခင်​၏ ဆုံးမ​စကား​ကို ငြင်းပယ်​ကာ အာဗေလ​ကို​သတ်ခဲ့​သောကြောင့် နှင်ထုတ်​ခံ​ခဲ့​ရသည်။ (ကမ္ဘာဦး ၄:၇-၁၂) ထို့​ကြောင့် လူ့​သမိုင်းအစ​ပိုင်း​မှ ယင်း​အဖြစ်အပျက်က ကောင်းသော​အရာ​ကို​လုပ်ဆောင်​ပြီး ယုံကြည်ခြင်းဖြင့် ဘုရားသခင်​ထံ​ချဉ်းကပ်​ရန် အရေးကြီးကြောင်း အထူး​ပေါ်လွင်​သည်။

၄။ ဘုရားသခင်​ထံ ချဉ်းကပ်​ရာ​တွင် အဘယ်အရာကို ကျွန်ုပ်​တို့ အသိအမှတ်ပြု​သင့်​သနည်း။

ကျွန်ုပ်​တို့သည် ဘုရားသခင်​ထံ​ချဉ်းကပ်​လိုလျှင် မိမိ၏​အပြစ်ရှိ​သော အခြေအနေ​ကို မဖြစ်​မနေ​အသိအမှတ်ပြု​ဖို့​လို​သည်။ လူသား​အားလုံး​သည် အပြစ်သား​များ​ဖြစ်​ပြီး ယင်း​အပြစ်​က ဘုရားသခင်​ထံ​ချဉ်းကပ်​ရန် အတားအဆီး​တစ်ခု​ဖြစ်သည်။ ပရောဖက်​ယေရမိ​က ဣသရေလ​လူမျိုး​နှင့်​ပတ်သက်​၍ ဤသို့​ရေးခဲ့​၏– ‘အကျွန်ုပ်​တို့သည် ပြစ်မှား​ပါ​ပြီ။ အကျွန်ုပ်​တို့​ဆုတောင်းချက်​သည် အထံတော်​သို့​မ​ပေါက်​နိုင်အောင် မိုးတိမ်​ဖြင့် ကိုယ်ကို​ကွယ်ကာ​တော်​မူ​၏။’ (မြည်တမ်းစကား ၃:၄၂၊ ၄၄) သို့​ဖြစ်သည့်​တိုင် လူ့​သမိုင်း​တစ်လျှောက်​တွင် ဘုရားသခင်​ကို​ယုံကြည်ပြီး ကိုယ်တော်​၏​ပညတ်တော်​များ​ကို စောင့်ရှောက်​ကြ​သည့် စိတ်သဘောထား​မှန်​ရှိသူတို့​၏ ဆုတောင်း​ချဉ်းကပ်​မှုများ​ကို ကိုယ်တော် လိုလိုလားလား​လက်ခံ​ကြောင်း ဖော်ပြ​ခဲ့​သည်။ (ဆာလံ ၁၁၉:၁၄၅) ထိုသို့​ဆုတောင်း​ချဉ်းကပ်​သူများ​ထဲ​တွင် မည်သူ​တို့​ပါဝင်​ကြ​သနည်း။ သူတို့၏​ဆုတောင်းချက်​များ​မှ ကျွန်ုပ်​တို့​အဘယ်အရာ သင်ယူ​နိုင်​သနည်း။

၅၊ ၆။ ဘုရားသခင်​ထံ အာဗြဟံ​၏​ချဉ်းကပ်​ပုံ​မှ ကျွန်ုပ်​တို့​အဘယ်အရာ သင်ယူ​နိုင်​သနည်း။

ထို​သူတို့​ထဲ​မှ​တစ်ဦး​မှာ အာဗြဟံ​ဖြစ်သည်။ ဘုရားသခင်​သည် အာဗြဟံ​၏​ချဉ်းကပ်​မှု​ကို လက်ခံခဲ့​ပြီး ကိုယ်တော်​က အာဗြဟံ​ကို “ငါ့​အဆွေ” ဟု​ခေါ်​ခဲ့​သည်။ (ဟေရှာယ ၄၁:၈) ဘုရားသခင်​ထံ အာဗြဟံ​၏​ချဉ်းကပ်​ပုံ​မှ ကျွန်ုပ်​တို့ အဘယ်အရာ သင်ယူ​နိုင်​သနည်း။ ဤ​တည်ကြည်သော​ဘိုးဘေး​သည် အမွေခံ​အကြောင်း​နှင့်​ပတ်သက်​၍ ယေဟောဝါ​အား ဤသို့​မေးခဲ့သည်– “အကျွန်ုပ်သည် သား​မရှိဘဲ​သွား​ရ​ပါ​၏။ . . . သို့​ဖြစ်၍ အဘယ်​ကျေးဇူး​ကို ပြု​တော်​မူ​ပါ​မည်​နည်း​ဟု လျှောက်ဆို​၏။” (ကမ္ဘာဦး ၁၅:၂၊ ၃; ၁၇:၁၈) နောက်​တစ်ကြိမ်​တွင် ဆိုးသွမ်း​သော သောဒုံ​နှင့်​ဂေါမောရ​မြို့ကို ဘုရားသခင်​ဖျက်ဆီး​ချိန်​တွင် မည်သူ​ကယ်​လွတ်​ခံရ​မည်​နှင့်​ပတ်သက်​၍ သူ၏​စိုးရိမ်​ပူပန်မှု​ကို ဖော်ပြ​ခဲ့​သည်။ (ကမ္ဘာဦး ၁၈:၂၃-၃၃) အာဗြဟံ​သည် အခြားသူ​တို့အတွက်​ပင် တိုးလျှိုး​အသနားခံ​ခဲ့​သည်။ (ကမ္ဘာဦး ၂၀:၇၊ ၁၇) ထို့​ပြင်၊ အာဗေလ​၏ အဖြစ်အပျက်​တွင်​ကဲ့သို့​ပင် အာဗြဟံ​သည် တစ်ခါတစ်ရံ ယေဟောဝါ​ထံ ယဇ်​ပူဇော်​ခြင်း​ဖြင့် ဘုရားသခင်​ထံ​ချဉ်းကပ်​ခဲ့​သည်။—ကမ္ဘာဦး ၂၂:၉-၁၄

ထို​အဖြစ်အပျက်​အားလုံး​တွင် အာဗြဟံ​သည် ယေဟောဝါ​နှင့် လွတ်လွတ်လပ်လပ် ပြောဆို​ခဲ့​သည်။ သို့သော် သူ၏​လွတ်လပ်​စွာ​ပြောဆိုခြင်း​တွင် ဖန်ဆင်း​ရှင်​ရှေ့ သူ၏​အနေအထား​ကို နှိမ့်ချစွာ​ရှုမြင်ခြင်း​နှင့် ဒွန်တွဲ​ခဲ့​သည်။ ကမ္ဘာဦး ၁၈:၂၇ တွင်​တွေ့ရ​သော ရိုသေ​လေးမြတ်မှု​ပါ​သည့် သူ၏​စကား​များ​ကို သတိပြု​ကြည့်​ပါ– ‘အကျွန်ုပ်သည် မြေမှုန့်​နှင့်​ပြာ​သက်​သက်​ဖြစ်သော်လည်း ဘုရားသခင်​ကို ယခု​လျှောက်​မည်​ဟု အားထုတ်ပါ​၏။’ တုပ​ရန် အလွန်​ကောင်းသော​သဘောထား​ပင်!

၇။ ဘိုးဘေး​များသည် ယေဟောဝါ​ထံ အဘယ်အရာ​များ ထည့်​တောင်း​ခဲ့​ကြ​သနည်း။

ဘိုးဘေး​များသည် ကိစ္စရပ်​အမျိုးမျိုးနှင့်​ပတ်သက်​၍ ဆုတောင်း​ခဲ့​ကြ​ပြီး သူတို့၏ ဆုတောင်းချက်​များ​ကိုလည်း ယေဟောဝါ​နားညောင်း​ခဲ့​သည်။ ယာကုပ်​သည် ကတိပြု​သည့်​ပုံစံ​ဖြင့် ဆုတောင်း​ခဲ့​သည်။ ဘုရားသခင်​၏​အကူအညီကို တောင်းလျှောက်​ပြီး​နောက် သူ​ဤသို့ အလေးအနက်​ကတိပြု​ခဲ့​သည်– “ပေးသနား​တော်​မူသမျှ​တို့ကို ဆယ်ဖို့တစ်ဖို့ ပူဇော်​ပါ​မည်။” (ကမ္ဘာဦး ၂၈:၂၀-၂၂) နောက်ပိုင်း ယာကုပ်​သည် သူ၏​အစ်ကို​နှင့် ဆုံတွေ့​ခါနီး​တွင် မိမိ​အား​ကာကွယ်​ပေး​ပါ​ရန် ယေဟောဝါ​ထံ ဤသို့​တိုးလျှိုး​အသနားခံ​ခဲ့​သည်– ‘အကျွန်ုပ်​ကို အစ်ကို​ဧသော​လက်​မှ ကယ်လွှတ်​တော်​မူ​မည်​အကြောင်း ဆုတောင်း​ပါ​၏။ အကျွန်ုပ် အလွန်​စိုးရိမ်​ပါ​၏။’ (ကမ္ဘာဦး ၃၂:၉-၁၂) ဘိုးဘေး​ယောဘသည် သူ၏​မိသားစု​အတွက် ပူဇော်ရာ​ယဇ်များ​ဆက်သ​ကာ ယေဟောဝါ​ထံ ချဉ်းကပ်​ခဲ့​သည်။ ယောဘ​၏ မိတ်ဆွေ​သုံးဦးသည် စကား​အားဖြင့် ပြစ်မှား​မိ​သောအခါ ယောဘသည် သူတို့​အတွက် ဆုတောင်းပေး​ခဲ့​ပြီး ‘ထာဝရ​ဘုရားသခင်​သည်လည်း ယောဘ​၏​မျက်နှာကို ထောက်’ ၍​လက်ခံ​တော်​မူ​ခဲ့​သည်။ (ယောဘ ၁:၅; ၄၂:၇-၉) ယင်း​မှတ်တမ်းများ​က ယေဟောဝါ​ထံ ကျွန်ုပ်​တို့​ဆုတောင်းရာ​တွင် အဘယ်အရာ ထည့်​တောင်း​နိုင်​ကြောင်း​သိရှိ​ရန် အထောက်အကူ​ပြု​သည်။ ထို့​ပြင် ယေဟောဝါ​ထံ တော်လျော်​သည့်​သဘောထား​ဖြင့် ချဉ်းကပ်​သူတို့၏ ဆုတောင်းချက်​များ​ကို ကိုယ်တော်​နားညောင်း​တော်​မူ​ကြောင်းကို​လည်း တွေ့ရှိ​ရသည်။

ပညတ်ပဋိညာဉ်​အောက်တွင်

၈။ ပညတ်ပဋိညာဉ်​အောက်တွင် လူများ​ကိုယ်စား ကိစ္စရပ်​များ​ကို ဘုရားသခင်​ထံ မည်သို့​တင်ပြ​ခဲ့​ကြ​သနည်း။

ယေဟောဝါ​သည် ဣသရေလ​လူမျိုး​ကို အီဂျစ်​ပြည်​မှ ကယ်နုတ်​ခဲ့​ပြီး​နောက် ကိုယ်တော်​သည် သူတို့ကို ပညတ်ပဋိညာဉ်​ပေး​ခဲ့​သည်။ ခန့်အပ်​ခံ​ယဇ်ပုရောဟိတ်​များ​မှ​တစ်ဆင့် ဘုရားသခင်​ထံ​ချဉ်းကပ်​သည့်​အစီအစဉ်ကို ပညတ်တရား​တွင် ဖော်ပြ​ခဲ့​သည်။ လူများ​ကိုယ်စားအမှုဆောင်ရန် လေဝိ​သား​အချို့​ကို ယဇ်ပုရောဟိတ်​များ​အဖြစ် ခန့်အပ်​ခဲ့​သည်။ နိုင်ငံ​အတွင်း အရေးကြီး​ကိစ္စ​များ ပေါ်ပေါက်​လာ​သည့်​အခါ ဘုရင်​တစ်ပါး၊ သို့​မဟုတ် ပရောဖက်​တစ်ပါး​ဖြစ်သော လူမျိုးတော်​၏​ကိုယ်စားလှယ်​သည် ဘုရားသခင်​ထံ ဆုတောင်း​ကာ ကိစ္စရပ်​ကို တင်ပြ​ခဲ့​ကြသည်။ (၁ ဓမ္မ​ရာဇဝင် ၈:၂၁၊ ၂၂; ၁၄:၃၆-၄၁; ယေရမိ ၄၂:၁-၃) ဥပမာ၊ ဝတ်ပြုရာ​အိမ်တော်​အပ်နှံ​ပွဲ​တွင် ဘုရင်​ရှောလမုန်​သည် ယေဟောဝါ​ထံ လှိုက်လှိုက်လှဲလှဲ ဆုတောင်း​ချဉ်းကပ်​ခဲ့​သည်။ ယေဟောဝါ​သည် ဝတ်ပြုရာ​အိမ်တော်ကို ကိုယ်တော်​၏​ဘုန်းတော်​နှင့်​ပြည့်စေ​သည့်​အပြင် “ဤ​အရပ်ဌာန​၌​ဆုတောင်း​သော​စကား​ကို ငါ​နားထောင်​မည်” ဟု​မိန့်တော်မူ​ခြင်း​ဖြင့် ရှောလမုန်​၏ ဆုတောင်းချက်​ကို နားညောင်း​ကြောင်း ဖော်ပြ​ခဲ့​သည်။—၂ ရာဇဝင်ချုပ် ၆:၁၂–၇:၃၊ ၁၅

၉။ သန့်ရှင်း​ရာ​ဌာနတော်​၌ ယေဟောဝါ​ထံ သင့်လျော်​သော​ချဉ်းကပ်​မှု​ဖြစ်​ရန် အဘယ်အရာ​လုပ်ဆောင်ဖို့ လို​သနည်း။

သန့်ရှင်း​ရာ​ဌာနတော်​၌​ယေဟောဝါ​ထံ​ချဉ်းကပ်​ရာ​တွင် နှစ်သက်​လက်ခံဖွယ်​ဖြစ်​ရန် လိုအပ်ချက်​တစ်ခု​ကို ဣသရေလ​လူမျိုး​အားပေးခဲ့​သော ပညတ်တရား​တွင် ထည့်သွင်း​ဖော်ပြ​ခဲ့​သည်။ ယင်း​ကား​အဘယ်နည်း။ တိရစ္ဆာန်​ပူဇော်ရာ​ယဇ်များ ပူဇော်​ခြင်း​အပြင် နံနက်​နှင့် ညနေ​တိုင်း​တွင် ယဇ်ပုရောဟိတ်မင်း​သည် ယေဟောဝါ​ရှေ့တော်မှောက်​၌ နံ့သာပေါင်း​ပူဇော်​ရန် တောင်းဆို​ခံရ​သည်။ နောက်ပိုင်း​တွင် လက်ထောက်​ယဇ်ပုရောဟိတ်​များလည်း အပြစ်ဖြေရာ​နေ့​မှ​လွဲ​၍ အခြား​နေ့​များ​တွင် ယင်း​တာဝန်​ကို ဆောင်ရွက်​ခဲ့​ကြသည်။ ယဇ်ပုရောဟိတ်​များသည် ယင်း​တာဝန်​ကို မ​ဆောင်ရွက်​ပါ​က သူတို့၏​လုပ်ဆောင်မှုများ​ကို ယေဟောဝါ​နှစ်သက်​မည်​မဟုတ်ပါ။—ထွက်မြောက်ရာ ၃၀:၇၊ ၈; ၂ ရာဇဝင်ချုပ် ၁၃:၁၁

၁၀၊ ၁၁။ ယေဟောဝါ​သည် တစ်ဦးချင်း​စီ​၏​ဆုတောင်းချက်​များ​ကို နားညောင်း​ကြောင်း အဘယ်​အထောက်အထား​ရှိ​သနည်း။

၁၀ ရှေး​ဣသရေလ​နိုင်ငံ​တွင် ခန့်အပ်​ခံ​ကိုယ်စားလှယ်​များ​မှ​တစ်ဆင့်​သာ ဘုရားသခင်​ထံ ချဉ်းကပ်​ခဲ့​ကြ​ခြင်း​လော။ မဟုတ်ပါ၊ ယေဟောဝါ​သည် တစ်ဦးချင်း​စီ​၏ ဆုတောင်းချက်​များ​ကိုလည်း နားညောင်း​ကြောင်း ကျမ်းစာ​က​ဖော်ပြ​သည်။ ဝတ်ပြုရာ​အိမ်တော်​အပ်နှံ​ပွဲ​၌ ရှောလမုန်​၏​ဆုတောင်းချက်​တွင် ဤသို့​အသနားခံ တောင်းလျှောက်​ခဲ့​သည်– ‘ကိုယ်တော်​၏​လူ ဣသရေလ​အမျိုးသား​အပေါင်း​ဖြစ်စေ၊ လူတစ်ဦး​တစ်ယောက်​ဖြစ်စေ မည်သူ​မဆို ဤ​အိမ်တော်​သို့ မိမိတို့​လက်ဝါး​ကို​ဖြန့်​၍ မည်သည့်​အသနားခံခြင်း​အားဖြင့် ဆု​တောင်းလျှင်၊ ကျိန်းဝပ်​တော်​မူ​ရာ​ကောင်းကင်ဘုံ​၌ နားညောင်း​တော်​မူ​ပါ။’ (၂ ရာဇဝင်ချုပ် ၆:၂၉၊ ၃၀သမ္မာ) နှစ်ခြင်း​ဆရာ​ယောဟန်​၏​ဖခင် ဇာခရိ​သည် သန့်ရှင်း​ရာ​ဌာနတော်​၌ နံ့သာပေါင်း​ကို ပူဇော်​နေချိန်​တွင် ယဇ်ပုရောဟိတ်​မဟုတ်သော ယေဟောဝါ​အား​ဝတ်ပြု​ကိုးကွယ်​သူ လူများ​အပေါင်းတို့သည် “ပြင်​၌​ဆုတောင်း​လျက်​နေကြ၏” ဟု လုကာ​မှတ်တမ်း​၌ ဖော်ပြ​ထား​သည်။ ရွှေ​ယဇ်​ပလ္လင်​ပေါ် ယေဟောဝါ​ထံ နံ့သာပေါင်း​မီးရှို့​ပူဇော်​နေချိန်​တွင် လူတို့သည် သန့်ရှင်း​ရာ​ဌာန​အပြင်​တွင် စုရုံး​ကာ ဆုတောင်း​သည့်​ထုံးစံ​ရှိလာ​ခဲ့​ပုံ​ရသည်။—လုကာ ၁:၈-၁၀

၁၁ ယေဟောဝါ​ထံ တော်လျော်​သည့်​သဘောထား​ဖြင့် ချဉ်းကပ်​သည့်​အခါ ကိုယ်တော်​သည် လူမျိုးတစ်မျိုး​လုံး​ကိုယ်စား တောင်းလျှောက်​ပေး​သူများ​ထံ​မှ​နှင့် တစ်ဦးချင်း​စီ​သီးသန့်​တောင်းလျှောက်​သူ မည်သူ​မဆို​ထံ​မှ အသနားခံချက်များ​ကို နားညောင်း​ရန် လိုလိုလားလား​ရှိ​တော်​မူ​သည်။ ယနေ့ ကျွန်ုပ်​တို့သည် ပညတ်ပဋိညာဉ်​အောက်တွင် မရှိတော့​ပါ။ သို့သော် ရှေး​ဣသရေလ​လူမျိုး ဘုရားသခင်​ထံ​ချဉ်းကပ်​ခဲ့​သည့် နည်းလမ်းများ​မှ ဆုတောင်းခြင်း​နှင့်​ပတ်သက်​၍ အရေးကြီး​သည့် သင်ခန်းစာ​တချို့​ကို သင်ယူ​နိုင်​ပါ​သည်။

ခရစ်ယာန်​အစီအစဉ်​အောက် ဘုရားသခင်​ထံ​ချဉ်းကပ်​နည်း

၁၂။ ယေဟောဝါ​ထံ​ချဉ်းကပ်​ရန် ခရစ်ယာန်​များ​အတွက် အဘယ်​အစားထိုး​အစီအစဉ်​ရှိ​သနည်း။

၁၂ ယခု ကျွန်ုပ်​တို့သည် ခရစ်ယာန်​အစီအစဉ်​အောက်တွင် ရှိကြသည်။ ဘုရားသခင့်​လူမျိုး​အားလုံး​အတွက် ကိုယ်စား​ပြု​ဆောင်ရွက်​ပေး​သော ယဇ်ပုရောဟိတ်​များ​ရှိသည့် သို့​မဟုတ် ဘုရားသခင်​ထံ​ဆုတောင်း​ရန် ကျွန်ုပ်​တို့​သွားရောက်​နိုင်​သည့် ပကတိ​ဝတ်ပြုရာ​အိမ်တော်​မရှိတော့​ပါ။ သို့​တိုင် ယေဟောဝါ​သည် ကျွန်ုပ်​တို့ ကိုယ်တော်​ထံ​ချဉ်းကပ်​ရန် အစီအစဉ်​ပြုလုပ်​ထား​တော်​မူ​၏။ ယင်း​ကား​အဘယ်နည်း။ ခရစ်တော်​ကို ဘိသိက်ပေး​ပြီး ယဇ်ပုရောဟိတ်​မင်းကြီး​အဖြစ် ခန့်အပ်​ချိန် အေဒီ ၂၉ တွင် ဝိညာဉ်​ရေး​ဝတ်ပြုရာ​အိမ်တော် စ​တည်ရှိ​လာ​ခဲ့​သည်။ * ဤ​ဝိညာဉ်​ရေး​ဝတ်ပြုရာ​အိမ်တော်​သည် အပြစ်​ဖြေပေး​သော ယေရှု​ခရစ်​၏​ပူဇော်ရာ​ယဇ်​ပေါ် အခြေခံ​၍ ယေဟောဝါ​ထံ​ကိုးကွယ်​ချဉ်းကပ်​နိုင်​သည့် အစီအစဉ်​အသစ်​ဖြစ်သည်။—ဟေဗြဲ ၉:၁၁၊ ၁၂

၁၃။ ဆုတောင်းခြင်း​နှင့်​ပတ်သက်​၍ ယေရုရှလင်​ရှိ​ဝတ်ပြုရာ​အိမ်တော်​နှင့် ဝိညာဉ်​ရေး​ဝတ်ပြုရာ​အိမ်တော်​၏ ဆင်တူချက်​တစ်ခု​ကို ဖော်ပြ​ပါ။

၁၃ ယေရုရှလင်​မြို့ရှိ ဝတ်ပြုရာ​အိမ်တော်၌ ဆုတောင်းခြင်း​ကိစ္စ​အပါအဝင် ယင်း​အိမ်တော်​၏ ကြန်အင်​လက္ခဏာများ​သည် ဝိညာဉ်​ရေး​ဝတ်ပြုရာ​အိမ်တော်​၏ အစီအစဉ်များ​ကို သင့်လျော်​စွာ​ပုံ​တင်ပြ​သည်။ (ဟေဗြဲ ၉:၁-၁၀) ဥပမာ၊ ဝတ်ပြုရာ​အိမ်တော် သန့်ရှင်းသော​အခန်း​ရှိ ယဇ်​ပလ္လင်​ပေါ်​တွင် နံနက်​နှင့် ညနေ​တိုင်း​ပူဇော်​သော နံ့သာပေါင်း​သည် အဘယ်အရာကို ကိုယ်စား​ပြု​သနည်း။ သမ္မာကျမ်းစာ​နောက်ဆုံး​ကျမ်း​တွင် ‘သန့်ရှင်းသူ​တို့၏ ဆုတောင်းချက်​တည်း​ဟူသော မီးရှို့​ရာ​နံ့သာပေါင်း’ ဟု​ဖော်ပြ​ထား​သည်။ (ဗျာ. ၅:၈; ၈:၃၊ ၄) ဒါဝိဒ်​သည် ဘုရားသခင့်​ဝိညာဉ်​တော်​မှုတ်သွင်းခံ​ရ​ကာ ‘အကျွန်ုပ်၏​ဆုတောင်းချက်​သည် မီးရှို့​သော​နံ့သာပေါင်း​ကဲ့သို့ ပြင်ဆင်​လျက်​ရှိပါစေ​သော’ ဟု​ရေးသားခဲ့​သည်။ (ဆာလံ ၁၄၁:၂) သို့​ဖြစ်၍ ခရစ်ယာန်​အစီအစဉ်​တွင် မွှေး​ကြို​င်​သော​နံ့သာပေါင်း​သည် နှစ်သက်ဖွယ်သော​ဆုတောင်းချက်​များနှင့် ယေဟောဝါ​အား ချီးမွမ်း​သည့်​စကား​များ​ကို သင့်လျော်​စွာ​ပုံဆောင်​သည်။—၁ သက်သာလောနိတ် ၃:၁၀

၁၄၊ ၁၅။ (က) ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ၊ (ခ) “အခြားသိုး” များ ယေဟောဝါ​ထံ ချဉ်းကပ်​မှု​နှင့်​ပတ်သက်​၍ မည်သို့​ပြော​နိုင်​သနည်း။

၁၄ ဤ​ဝိညာဉ်​ရေး​ဝတ်ပြုရာ​အိမ်တော်တွင်​မည်သူ​တို့သည် ဘုရားသခင်​ထံ ချဉ်းကပ်​နိုင်​ကြ​သနည်း။ ပကတိ​ဝတ်ပြုရာ​အိမ်တော်တွင် ယဇ်ပုရောဟိတ်​များနှင့် လေဝိ​သားတို့​သည် အတွင်း​ရင်ပြင်​တွင် အမှုထမ်းဆောင်​ခွင့် ရရှိခဲ့ကြ​သော်လည်း ယဇ်ပုရောဟိတ်​များ​သာ သန့်ရှင်း​ရာ​အခန်း​သို့ ဝင်ခွင့်​ရ​ကြသည်။ ကောင်းကင်​မျှော်လင့်ချက်​ရှိသော ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် အတွင်း​ရင်ပြင်​နှင့် သန့်ရှင်း​ရာ​အခန်း​တို့​ဖြင့် ပုံ​တင်ပြ​နိုင်သော အထူး​ဝိညာဉ်​ရေး​အခြေအနေ​တွင် ပျော်မွေ့​နေကြ​ပြီး ယင်း​အခြေအနေ​မှ ဘုရားသခင်​ထံ ဆုတောင်း၊ ချီးမွမ်း​နိုင်​ကြသည်။

၁၅ မြေကြီး​မျှော်လင့်ချက်​ရှိသူ “အခြားသိုး” များ​ကော အသို့နည်း။ (ယောဟန် ၁၀:၁၆) ပရောဖက်​ဟေရှာယ​က “နောက်ဆုံးသော​ကာလ​၌” ခပ်သိမ်း​သော​လူမျိုး​တို့သည် ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​လာ​ကြလိမ့်မည်​ဟု ဖော်ပြ​ခဲ့​သည်။ (ဟေရှာယ ၂:၂၊ ၃) “တစ်ပါး​အမျိုးသား​တို့” သည်လည်း ယေဟောဝါ​ထံ​တော်​သို့​လာ​ကြ​မည်​ဟု ဖော်ပြ​၏။ ‘ငါ​၏​ဆုတောင်းရာ​အိမ်​၌ ဝမ်းမြောက်​စေမည်’ ဟု​မိန့်ဆိုခြင်းဖြင့် သူတို့၏​ချဉ်းကပ်​မှု​ကို ဘုရားသခင် လိုလိုလားလား​လက်ခံ​တော်​မူ​ကြောင်း ဖော်ပြ​ခဲ့​သည်။ (ဟေရှာယ ၅၆:၆၊ ၇) “လူ​အမျိုးအနွယ်​ခပ်သိမ်း” တို့​အထဲ​မှ​ထွက်​လာ​သည့် ‘လူအုပ်ကြီး’ သည် ဝိညာဉ်​ရေး​ဝတ်ပြုရာ​အိမ်တော်​၏ အပြင်​ရင်ပြင်​တွင်​ရပ်​ကာ ဘုရားသခင်​အား “နေ့​ည​မပြတ်” ဝတ်ပြု​ဆုတောင်း​ရန် စုဝေး​နေကြ​ကြောင်း ထပ်ဆင့်​အသေးစိတ်​အချက်များ​ကို ဗျာ. ၇:၉-၁၅ တွင်​ဖော်ပြ​ထား​သည်။ ယနေ့ ဘုရားသခင်​၏​ကျေးကျွန်​အားလုံး​သည် ယုံကြည်​စိတ်ချမှု​အပြည့်​ဖြင့် ဘုရားသခင်​ထံ လွတ်လွတ်လပ်လပ်​ချဉ်းကပ်​နိုင်​ပြီး ယင်း​တို့ကို ကိုယ်တော်​နားညောင်း​တော်​မူ​သည် ဟူ​သည့်​အသိစိတ်​က အလွန်​စိတ်သက်သာ​မှု​ဖြစ်စေ​သည်!

အဘယ်​ဆုတောင်းချက်​များ​ကို နားညောင်း​တော်​မူ​သနည်း

၁၆။ အစောပိုင်း​ခရစ်ယာန်​များ​ထံ​မှ ဆုတောင်းခြင်း​နှင့်​ပတ်သက်​၍ အဘယ်အရာ သင်ယူ​နိုင်​သနည်း။

၁၆ အစောပိုင်း​ခရစ်ယာန်​များသည် ဆုတောင်းခြင်း​တွင် ထက်သန်​သူများ​ဖြစ်​ကြသည်။ သူတို့ အဘယ်အရာ​များ တောင်းလျှောက်​ခဲ့​ကြ​သနည်း။ အဖွဲ့အစည်း​တာဝန်​များ​ဆောင်ရွက်ဖို့ အမျိုးသားများ​ကို​ရွေးချယ်ရာ​တွင် လမ်းညွှန်​ပေး​ပါ​ရန် ခရစ်ယာန်​အကြီးအကဲ​များ ဆုတောင်း​ခဲ့​ကြသည်။ (တမန်​တော် ၁:၂၄၊ ၂၅; ၆:၅၊ ၆) ဧပဖြ​သည် ယုံကြည်သူချင်း​များ​အတွက် ဆုတောင်းပေး​ခဲ့​၏။ (ကောလောသဲ ၄:၁၂) ယေရုရှလင်​မြို့ရှိ​အသင်းသားများ​သည် ပေတရု​ထောင်ကျ​နေစဉ် သူ့​အတွက် ဆုတောင်းပေး​ခဲ့​ကြသည်။ (တမန်​တော် ၁၂:၅) အစောပိုင်း​ခရစ်ယာန်​များသည် ဆန့်ကျင်မှု​ကို ရဲရဲဝံ့ဝံ့​ရင်ဆိုင်​နိုင်​ရန် ဘုရားသခင်​ထံ ဤသို့​တောင်းလျှောက်​ခဲ့​၏– ‘အို​ထာဝရ​ဘုရားသခင်၊ ယခု​အခါ ထို​သူတို့၏​ခြိမ်းခြောက်​ခြင်း​ကို မှတ်တော်မူ​ပါ။ ကိုယ်တော်​၏​ကျွန်​တို့သည် နှုတ်မြွက်တော်​ကို ရဲရင့်စွာ​ဟောပြောပါ​မည်​အကြောင်း ကယ်မ​သနားတော်မူ​ပါ။’ (တမန်​တော် ၄:၂၃-၃၀) တပည့်​ဖြစ်သူ​ယာကုပ်​က ခရစ်ယာန်​များ စုံစမ်း​နှောင့်ယှက်မှု​ခံရ​ချိန်​တွင် ဘုရားသခင်​ထံ​မှ ဉာဏ်ပညာ​တောင်း​ရန် အားပေးခဲ့​သည်။ (ယာကုပ် ၁:၅) ယေဟောဝါ​ထံ သင်​အသနားခံ​ရာ​တွင် ယင်း​အချက်များ​ကို ထည့်သွင်း​တောင်းလျှောက်​ပါသလော။

၁၇။ မည်သူ​တို့၏ ဆုတောင်းချက်​များ​ကို ယေဟောဝါ​လက်ခံ​တော်​မူ​သနည်း။

၁၇ ဘုရားသခင်​သည် ဆုတောင်းချက်​အားလုံး​ကို နားညောင်း​တော်​မ​မူ​ပါ။ သို့​ဖြစ်​လျှင် ကျွန်ုပ်​တို့၏ ဆုတောင်းချက်​သည် နားညောင်းခံ​ရ​လိမ့်​မည်​ဟူ​သည့် ယုံကြည်​စိတ်ချမှု​ဖြင့် မည်သို့​ဆုတောင်း​နိုင်​သနည်း။ ရှေး​အချိန်​က ဘုရားသခင်​အား​တည်ကြည်သူ​တို့ စိတ်ရင်းမှန်၊ သဘောထား​မှန်​ဖြင့်​ချဉ်းကပ်​သည်ကို ကိုယ်တော်​နားညောင်း​ခဲ့​သည်။ ထို​သူတို့သည် ယုံကြည်ခြင်း​ရှိ​သူများ​ဖြစ်​ကြ​ပြီး ယင်း​ယုံကြည်ခြင်းကို အလုပ်​ဖြင့်​တင်ပြ​ခဲ့​ကြသည်။ ယနေ့ ထို​နည်း​အတိုင်း ယေဟောဝါ​ထံ​ချဉ်းကပ်​သူတို့ကို ကိုယ်တော်​နားညောင်း​တော်​မူ​မည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့ ယုံကြည်​စိတ်ချ​နိုင်​သည်။

၁၈။ မိမိတို့၏​ဆုတောင်းချက်​များ​ကို နားညောင်း​တော်​မူ​ရန် ခရစ်ယာန်​များ အဘယ်​လိုအပ်ချက်​ကို ပြည့်မီ​ရမည်​နည်း။

၁၈ ထပ်ဆင့်​လိုအပ်ချက်​တစ်ခု ရှိသေး​သည်။ ယင်းကို တမန်​တော်​ပေါလု​က ဤသို့​ရှင်းပြ​ခဲ့​၏– ‘ခရစ်တော်​အားဖြင့် ငါ​တို့သည် ခမည်းတော်​ထံ​သို့ တိုးဝင်​ရမည်​အခွင့်​ကို​ရ​ကြပြီ။’ (ဧဖက် ၂:၁၃၊ ၁၈) မှန်ပါသည်၊ ကျွန်ုပ်​တို့သည် ယေရှု​တစ်ပါး​တည်း​မှ​တစ်ဆင့် ခမည်းတော်​ထံ လွတ်လွတ်လပ်လပ်​ချဉ်းကပ်​နိုင်​ကြသည်။—ယောဟန် ၁၄:၆; ၁၅:၁၆; ၁၆:၂၃၊ ၂၄

၁၉။ (က) ဣသရေလ​လူမျိုး ပူဇော်​သော​နံ့သာပေါင်း​သည် အဘယ်​အချိန်တွင် ယေဟောဝါ​အဖို့ ရွံရှာဖွယ်​အနံ့​ဖြစ်​ခဲ့​သနည်း။ (ခ) ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များသည် ယေဟောဝါ​ရှေ့မှောက် မွှေး​ကြို​င်​သော​နံ့သာပေါင်း​ကဲ့သို့​ဖြစ်​ရန် မည်သို့​သေချာ​စေနိုင်​သနည်း။

၁၉ ဖော်ပြ​ခဲ့​ပြီး​ဖြစ်သည့်​အတိုင်း ဣသရေလ​ယဇ်ပုရောဟိတ်​များ​ပူဇော်​သော နံ့သာပေါင်း​သည် ဘုရားသခင့်​တည်ကြည်သော​ကျေးကျွန်​များ​၏ နှစ်သက်​လက်ခံဖွယ် ဆုတောင်းချက်​များ​ကို ပုံဆောင်​သည်။ သို့ရာတွင် တစ်ခါတစ်ရံ ဣသရေလ​လူမျိုး​ပူဇော်​သော နံ့သာပေါင်း​သည် ယေဟောဝါ​အဖို့ ရွံရှာဖွယ်ရာ​ဖြစ်​ခဲ့​သည်။ အကြောင်း​မှာ ဣသရေလ​လူမျိုး​သည် ဝတ်ပြုရာ​အိမ်တော်တွင် နံ့သာပေါင်း​ပူဇော်​နေစဉ် တစ်ချိန်တည်း​တွင် ရုပ်ပုံများ​ကို ဦးချ​နေကြ​သောကြောင့် ဖြစ်သည်။ (ယေဇကျေလ ၈:၁၀၊ ၁၁) ယနေ့၊ ယေဟောဝါ​ကို ဝတ်ပြု​ကိုးကွယ်​ပါ​သည်​ဟု​ဆိုပြီး တစ်ချိန်တည်း​တွင် ကိုယ်တော့်​ပညတ်​များနှင့်​ဆန့်ကျင်​သော လုပ်ရပ်များ​ကို လုပ်ဆောင်နေ​သူတို့၏ ဆုတောင်းချက်​များသည် ဘုရားသခင်​အဖို့ ရွံရှာဖွယ်​အနံ့​ကဲ့သို့​ဖြစ်သည်။ (သု. ၁၅:၈) ထို့​ကြောင့် ကျွန်ုပ်​တို့၏ ဆုတောင်းချက်​များသည် ဘုရားသခင်​ရှေ့မှောက် မွှေး​ကြို​င်​သော​နံ့သာပေါင်း​ကဲ့သို့​ဖြစ်​ရန် ကျွန်ုပ်​တို့၏​အသက်တာ​ကဏ္ဍ​အားလုံး​ကို သန့်ရှင်း​စင်ကြယ်​အောင် ဆက်​ထိန်းသိမ်း​ထား​ကြ​စို့။ ယေဟောဝါ​၏​ဖြောင့်မတ်​သော​လမ်း​တွင် လိုက်လျှောက်​နေသူတို့​၏ ဆုတောင်းချက်​များ​ကို ကိုယ်တော် နှစ်သက်​တော်​မူ​သည်။ (ယောဟန် ၉:၃၁) သို့ရာတွင် မေးခွန်း​အချို့ ကျန်ရှိ​နေဆဲ​ဖြစ်သည်။ ကျွန်ုပ်​တို့ မည်သို့​ဆုတောင်း​သင့်​သနည်း။ အဘယ်အရာ တောင်းလျှောက်​နိုင်​သနည်း။ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို ဘုရားသခင် မည်သို့​ဖြေကြား​တော်​မူ​သနည်း။ ဤ​မေးခွန်းများ​နှင့် အခြား​မေးခွန်းများကို နောက်​ဆောင်းပါး​တွင် သုံးသပ်ကြ​မည်။

[အောက်ခြေမှတ်ချက်]

သင်​ရှင်းပြ​နိုင်​သလော

• မစုံလင်​သော​လူသား​တို့သည် ဘုရားသခင်​နှစ်သက်​လက်ခံဖွယ်​နည်းဖြင့် ကိုယ်တော့်​ထံ မည်သို့​ချဉ်းကပ်​နိုင်​သနည်း။

• ကျွန်ုပ်​တို့​ဆုတောင်းရာ​တွင် ဘိုးဘေး​တို့ကို မည်သို့​တုပ​နိုင်​သနည်း။

• အစောပိုင်း​ခရစ်ယာန်​များ​၏ ဆုတောင်းချက်​များ​မှ ကျွန်ုပ်​တို့ အဘယ်အရာ သင်ယူ​နိုင်​သနည်း။

• အဘယ်​အချိန်တွင် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များသည် ဘုရားသခင့်​ရှေ့မှောက် မွှေး​ကြို​င်​သော​နံ့သာပေါင်း​ကဲ့သို့​ဖြစ်သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဘုရားသခင်​သည် အာဗေလ​၏​ပူဇော်​သော​ယဇ်ကို လက်ခံ​ပြီး ကာဣန​၏​ပူဇော်​သော​ယဇ်ကို ငြင်းပယ်​ခြင်း​မှာ အဘယ်ကြောင့်​နည်း

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

‘အကျွန်ုပ်သည် မြေမှုန့်​နှင့် ပြာ​သက်​သက်​ဖြစ်ပါ​၏’

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

“ပေးသနား​တော်​မူသမျှ​တို့ကို ဆယ်ဖို့တစ်ဖို့ ပူဇော်​ပါ​မည်”

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

သင်၏​ဆုတောင်းချက်​များသည် ယေဟောဝါ​ရှေ့မှောက် မွှေး​ကြို​င်​သော​နံ့သာပေါင်း​ကဲ့သို့ ဖြစ်ပါ​သလော